13 February 2009

AUNG SAN'S LOVE

အာဇာနည်ဗိုလ်ချုပ်၏ ကျေးဇူးတရား

(အတွေးအမြင်၊ အမှတ်(၂၀၃)၊ ဖေဖော်ဝါရီ၊ ၂၀၀၉၊ စာမျက်နှာ (၅-၆)မှ ခေါင်းကြီး)


ဖေဖော်ဝါရီ (၁၂)ရက်- ၆၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ နှင့်

ဖေဖော်ဝါရီ (၁၃)ရက်- ၉၄ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

များအတွက် ဂုဏ်ပြုတင်ဆက်သည် ။

Photos taken from : http://aklatt2008.multiply.com/photos/album/4/

GW's AcTiOn 4 AuNg SaN's BiRtHdAy !!!



တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်မည့်မြန်မာ့သူရဲကောင်း အာဇာနည် သခင်အောင်ဆန်း၏မွေးနေ့ကို ရည်စူး၍ ဂုဏ်ပြုလှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ပါသည်။
ယခုလှုပ်ရှားမှုကို ၂၀၀၈ နိုဝင်ဘာလမှစတင်ပြီး တိတ်တဆိတ်လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာပြည်တွင်းနေ့စဉ်အသုံးပြုနေသော ငွေစက္ကူများပေါ်တွင် သခင်အောင်ဆန်းပုံများကို ရိုက်နှိပ်ပြီး လက်လှမ်းမီသမျှဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။
--
regards
moethway
Generation Wave

WELCOME. UNITY

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)
ညီညွတ်ရေးပန်ကြားချက်အား ကြိုဆိုခြင်း

နေ့စွဲ၊ ၁၁-၂-၀၉

၂၀၀၉ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှတဆင့် ထုတ်လွှင့်ခဲ့သော “အင်္ဂါဝတ်ပြု ဆုတောင်းသူများ”၏ ပန်ကြားချက်အား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) မှ အလေးအနက် ကြိုဆိုအပ်ပါသည်။

ဖေဖေါ်ဝါရီလသည် ပြည်ထောင်စုကြီးတခုလုံးအတွက် ညီညွတ်ရေးကို ဖေါ်ဆောင်ပေးနိုင်ခဲ့သော သမိုင်းဝင် နေ့ရက် နှင့်လည်း တိုက်ဆိုင်နေပေသည်။ ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရလဒ်အရ ပြည်သူ လူထုအကျိုး သယ်ပိုးရန် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အမျိုးသားညွန့်ပေါင်းအစိုးရသည် လူထုကဖြစ်စေလိုသော ညီညွတ်ရေးအား လေးအနက်ထားပါသည်။ ညီညွတ်ရေးအတွက် ရည်ရွယ်ကာ “ညွန့်ပေါင်းအစိုးရ”ဟူ၍ ဖြစ်လာခဲ့ခြင်းလည်းဖြစ်ပါသည်။

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်တွင်ကျင်းပခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ညီလာခံ၌လည်း လွှတ်တော် ကိုယ်စားလှယ်များအတွင်း ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ အကောင်းဆုံး အဖြေရှာခြင်း၊ အားလုံး လက်ခံဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ဆက်လက်၍လည်း ပိုမိုတူညီ၊ ညီညွတ်မည့် လုပ်ငန်းရပ်ကိုပါ သဘောတူခဲ့ကြပါသည်။
လွှတ်တော်ကိုယ်စားလှယ်များအတွင်း၌သာမက ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများအပြင် နိုင်ငံတကာရောက် မြန်မာ့လူမှုအဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းတိုင်ပင်သည့်အစည်းအဝေးကြီးတရပ်ကိုလည်း အောင်မြင်စွာ ကျင်းပခဲ့ပါသေးသည်။ ယင်းအစည်းအဝေးကြီးမှ “ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ” ဟူသည့် (မာလာဟိုက်)ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်၏အချုပ်မှာ “ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရန်ဟူသည့် ဘုံရည်မှန်းချက်များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ်တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။” ဟုဖြစ်ရာ ဖွဲ့စည်းမှုဆိုင်ရာ ညီညွတ်မှုကိုသာမက လုပ်ငန်းဆိုင်ရာတူညီမှုအတွက်ကိုပါ အတူတကွ ဆောင်ရွက်ရန်ဖြစ်ပါသည်။

သို့အတွက် အမျိုးသားညွန့်ပေါင်းအစိုးရအနေဖြင့် ညီညွတ်ရေးအတွက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်တွင်းခေါင်းဆောင်မှုနှင့် လုပ်ဖေါ်ကိုင်ဖက်များအား လေးစားစွာ ကတိပြု ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

Media contact: ဒေါက်တာတင့်ဆွေ၊ +91 981-000-3286

10 February 2009

MYA YEE NANDAR FIRE

မြရည်နန္ဒာမီး
(၁၀၊ ဖေဖော်ဝါရီ၊ ၀၀၉)
မန္တလေးမြို့သစ်၊ မြရည်နန္ဒာရပ်ကွက်တွင် (၉၊ ဖေဖော်ဝါရီ၊ ၀၀၉) ရက်နေ့ ညနေ (၃)နာရီခန့်တွင် စတင် လောင်ကျွမ်းသော မီးမှာ ညနေ (၅)နာရီခန့်တွင် ငြိမ်းသွားကြောင်း သိရသည်။

မြရည်နန္ဒာရပ်ကွက်၊ ၅၅ လမ်းနှင့် ၅၄ လမ်းကြား၊ ခတ္တာလမ်းနှင့် ပိတောက်လမ်းကြားတွင် လောင်ကျွမ်းခြင်းဖြစ်ပြီး အိမ်ခြေ (၃၀၀)ကျော်ခန့်နှင့်အတူ ကားများ၊ ဆိုင်ကယ်များနှင့် အခြား အသုံးအဆောင်ပစ္စည်းများ မီးထဲပါသွားကြောင်း သိရသည်။

ဝပ်ရှော့နှင့် မှောင်ခိုဓာတ်ဆီအရောင်းဆိုင် တွဲထားသော အိမ်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကာ လူအသေအပျောက်များ (၃ ဦးခန့်) ရှိကြောင်းလည်း သိရသည်။
(တစ်ကမ္ဘာလုံး လောင်စာဆီ ဈေးနှုန်းကျဆင်းနေချိန်၌ ကျွန်ုပ်တို့ ဗမာပြည်ကြီးတွင် စစ်အဆိုးရမှ လောင်စာဆီဈေးနှုန်းများ ချမပေးဘဲ ထားရှိသောကြောင့် ယခုကဲ့သို့ မီးဘေးဖိတ်ခေါ် မှောင်ခို လောင်စာဆီအရောင်းဆိုင်များ တစ်နိုင်ငံလုံး မြက်လို ပေါလျက်ပင်ရှိပါသေးရာ ရှေ့ဆက်၍ မီးသတင်းများ ထပ်မံ ကြားကြရဖွယ်ရှိပါသေးသည်။)

လောင်ကျွမ်းချိန်တွင် ထုံးစံအတိုင်း မန္တလေးမြို့ခံ သံဃာတော်များမှ ကားများနှင့် ရောက်ရှိလာပြီး အင်တိုက်အားတိုက် မီးငြှိုမ်းသတ်ခဲ့ကြကြောင်းသိရသည်။ လာရောက် မီးသတ်သော စစ်အဆိုးရမီးသတ်ကားများအနက် အချို့မှာ ရေမပါလာခြင်း၊ ရေတွန်းစက်ပျက်နေခြင်းများရှိခဲ့ကြောင်းလည်း သိရသည်။

မီလောင်သောအချိန်သည် မန္တလေးမြို့ ဗထူးဘောလုံးကွင်းတွင် ပြည်နယ်နှင့် တိုင်း ဘောလုံးပြိုင်ပွဲ- ဗိုလ်လုပွဲ- (မန္တလေးတိုင်းနှင့် မကွေးတိုင်း) ကန်နေချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဘောလုံးပွဲ ကြည့်ဖို့ စစ်အဆိုးရ၏ ဇွတ်အတင်း အခေါ်ခံရသော မြရည်နန္ဒာ ရပ်ကွက်သားအချို့မှာ ဗထူးကွင်းမှ မြို့သစ် မြရည်နန္ဒာသို့ အပြေးပြန်သော်လည်း အိမ်များ မီးထဲ ပါသွားသည်နှင့်သာ ကြုံကြရသည်လည်း ရှိကြောင်း သိရသည်။
(စကားချပ် - ဗိုလ်လုပွဲတွင် အိမ်ရှင် မန္တလေးတိုင်းအသင်းကသာ ဗိုလ်စွဲသွားပါ၏။)
BigBBrown
-----------------------------------------------------------------------------------------------------------------
FIRE PHOTOS slideshow ALBUM

17th SHWE KYIN MEETING

(၁၇) ကြိမ်မြောက် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေးကြီး ကျင်းပ ပြီးစီး

(၈၊ ဖေဖော်ဝါရီ၊ ၀၀၉)


သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေးကြီးကို ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလဆန်း (၁၂-၁၃-၁၄)ရက်များ (၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၆-၇-၈)တွင် မန္တလေးမြို့၊ မန္တလေးတောင်တော် မြောက်ဘက်အဆင်း၊ မတ္တရာကားလမ်းမအနီး `မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး´ တွင် ကျင်းပ ပြီးစီးခဲ့သည်။ ထို မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းက ပထမ ရွှေကျင်ဆရာတော်ကြီးအား ၁၂၂၂-ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဗမာတစ်နိုင်လုံးရှိ ရွှေကျင်ဂိုဏ်းဝင်သံဃာတော်ငါးသောင်းခန့်တို့၏ ကိုယ်စား သာသနာပိုင်၊ ဒုတိယသာသနာပိုင်၊ ရတ္တညူမဟာနာယက၊ ဂိုဏ်းလုံးဝန်ဆောင်နာယက၊ ၀ိနည်းပြန်ဌာနများ၏ ဥက္ကဌ၊ တိုင်းမြို့နယ်သံဃနာယက ဥက္ကဌ စသဖြင့် သံဃာ့ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံတလွားရှိ ပြည်ပသာသနာပြုဆရာတော်များလည်း ကြွရောက်တော်မူကြောင်း သိရသည်။

အစည်းအဝေးကာလအတွင်း ရွှေကျင်ဂိုဏ်းနှင့် စပ်လျဉ်းသော အကြောင်းအရာများကို စာပေပညာရှင် ဆရာတော် (၇) ပါးတို့က စာတမ်း (၇)စောင် ပြုစုတင်သွင်း ဖတ်ကြားတော်မူရန် စီစဉ်ခဲ့ကြောင်းသိရသည်။

၁။ ဆာလင်းကြီးဆရာတော် ဘဒ္ဒန္တအာဒိစ္စ၀ံသ
၂။ ၀ါးချက်၊ ကျစွာဆရာတော် ဘဒ္ဒန္တလက္ခဏ
၃။ မန္တလေး၊ မတ္တရာသူဃေးဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ
၎။ မန္တလေး၊ စည်ရှင် နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဥာနာဘိဝံသ
၅။ ပဲခူး၊ ကြခတ်ဝိုင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျဓမ္မာဘိဝံသ
၆။ အမရပူရ၊ မဟာဂန္ဓာရုံ နာယက စာချဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ
၇။ ဓနုဖြူမြို့၊ စံကင်း အတုလဂုဏ်ရောင်ဆရာတော် ဇယမေဒနီ အရှင်နန္ဒိယ

(ကြားသိရသော သတင်းများအရ အမှတ်စဉ် ၅/- ပဲခူးကြခတ်ဝိုင်းဆရာတော်နှင့် အဖွဲ့ အစည်းအဝေးသို့ လာရောက်ခြင်း မရှိကြောင်း သိရသည်။ အတိအကျ၊ အသေးစိတ် မသိရှိရပါ။)

ညစဉ်တရားပွဲများ ကျင်းပခဲ့ပြီး
ပထမည - ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ
ဒုတိယည - တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ
တတိယည - သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ
တို့က အသီးသီး တရားတော်များ ဟောကြားတော်မူခဲ့ကြသည်။

(မန္တလေးမြို့ကို ၁၂၂၁-ခုနှစ်တွင် တည်ခဲ့သောကြောင့် ၁၃၇၁-ခုနှစ်တွင် မန္တလေးမြို့တည်နန်းတည်နှစ်ပေါင်း (၁၅၀)ပြည့်မည်။ ရွှေကျင်ဂိုဏ်းကြီးမှာလည်း ၁၂၂၂-ခုနှစ်တွင် စတင်ပေါ်ထွန်းခဲ့ရာ လာမည့် ၁၃၇၂-ခုနှစ်တွင် နှစ်ပေါင်း (၁၅၀)ပြည့်မည် ဖြစ်ပါသည်။)

ညိုကြီး

ဓာတ်ပုံများ- BigBBrown

အရေးအသားအားလုံးနီးပါး ချုံ့ကိုးကား -
(၃၊ ၂၊ ၀၀၉)နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာ၊ စာမျက်နှာ-၅ တွင် ဖော်ပြပါရှိသည့် `ဇယမေဒနီ အရှင်နန္ဒိယ (ဓမ္မာစရိယ၊ ဒီဃဘာဏက)´ ၏ `(၁၇) ကြိမ်မြောက် ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီး´ ဆောင်းပါး ။

ဓာတ်ပုံများ ပြခန်း




ရွှေကျင်ဆရာတော်ဘုရားကြီးများ၏ ရုပ်တုများ ပြခန်း

ပထမရွှေကျင်ဆရာတော်ဘုရားကြီးရုပ်ထု

08 February 2009

ACADEMY POEM or SILENT POEM

“အကယ်ဒမီ ကဗျာ”
သို့မဟုတ်
“အသံတိတ် ကဗျာ”
- ညိုကြီး -



ဗမာ
ရိုဟင်ဂျာ
အာဖရိကား
နှင့် အခြားသော
အတိုက်အခိုက်၊ အကျအဆုံး၊ အရှုံးအနိုင်များ ။

ဒုက္ခတွေကို ခေါင်းပေါ်တင်ရွက်ပြီး
ကမ္ဘာ့ရွာထဲ ဈေးလှည့်လည်ရောင်းရတယ်
အသံတွေ နာ
မျက်လုံးတွေ နာ
စိတ်တွေ နာ ။

မျှော်လင့်ချက်
အစွမ်းအစ
ဘဝ
ဝယ်သူမဲ့ ပုပ်သိုးသွားနိုင်တဲ့ အိပ်မက် ။

လိုချင်ရမ္မက်တွေနဲ့
အာသာဆန္ဒအမိုက်အမဲတွေနဲ့
ထွေးရောယှက်တင်ဖြစ်နေကြ
ပဋိပက္ခတွေ
အတ္တဟိတတွေ
ထွန်းကားမွေးယူနေကြ ။

ကယ်တော်မူပါ မြတ်စွာဘုရား
စောင့်ရှောက်တော်မူပါ ဘုရားသခင်
ဘာသာတရားကို ပြက်ရယ်ပြုပြီး စစ်တွေခင်းကြ
သေနတ်၊ ငွေ၊ အာရုံတွေနောက်လိုက်ကြ ။

လူဆိုးနဲ့ သဘာဝဆိုးတွေ ပေါင်းစည်းမိပြီး
အန္တရာယ်မုန်တိုင်းတွေလည်း ဆင်ကုန်ကြပြီ ။

အများနဲ့ ကိုယ့်ကောင်းကျိုးလွန်ပွဲမှာ
ဘယ်မိုးတွေ စွေလာမှာပါလဲ ။

ကိုယ်ကျိုးသမားတွေ ကိုယ်ကျိုးနည်းပါစေ
ပရဟိတများသာ ဖွံ့ထွားကြီးပွားစေ ။ ။

ညိုကြီး

(၃၊ ဖေဖော်ဝါရီ၊ ၀၀၉)
http://bigbbrown.blogspot.com

-----------------------------------------------------------------------------------------------------------------
(“သစ်ခက်သံလွင်”ဘလော့ဂ်မှ ခင်လွန်း၏ “ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း” ကဗျာကိုဖတ်မိပြီး “အသံတိတ်ကဗျာ” ကို ရေးမိသည်။)

ခင်လွန်း၏ “ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း”
http://thitkhetthanlwin.blogspot.com/2009/01/blog-post_31.html