Showing posts with label MY WRITINGS. Show all posts
Showing posts with label MY WRITINGS. Show all posts

13 September 2015

ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း


ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း

ကြီးနှစ်ကြီး

မြန်မာနိုင်ငံတွင် ဝန်ထမ်းများအကြားရေပန်းစားသော ကြီးနှစ်ကြီးရှိသည်။ ဖောင်ကြီးနှင့် ဇီးပင်ကြီး။ ထိုကြီးနှစ်ကြီးကို ကျော်ဖြတ်ပြီးမှသာ ဝန်ထမ်းများအဖို့ရာ ဝန်ထမ်းဘဝရာထူးတိုး သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခံရရေးကို အစဉ်းစားခံရပေမည်။ ထိုကြီးနှစ်ကြီးကို မဖြတ်မနေရ။ ပြည်ထောင်စု(သမ္မတ)မြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဖွင့်လှစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)။ ဝန်ထမ်းအများစုကတော့ ဖောင်ကြီးနှင့် ဇီးပင်ကြီးဟုပင် လွယ်လွယ်အမှတ်သညာပြုထားကြသည်။

ထိုအချိန်

အချိန်ကာလကား ၂ဝ၁ဝ ခုနှစ်။ အာဏာရှင်စနစ်ကို ရွံမုန်းသူ ပြည်သူလူထုကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့သော အထွေထွေရွေးကောက်ပွဲကျင်းပရာ ကာလ။ ထိုရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်စွာပင် ဇီးပင်ကြီး ခေါ် ပြင်ဦးလွင်မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဒေါက်တာကြည်မို့မို့လွင်သည် သူ၏ ဆရာဝန်ဝန်ထမ်းဘဝကို ဇီးပင်ကြီးသင်တန်းသားအဖြစ်နှင့် ဖြတ်သန်းနေခဲ့ရသည်။ သင်တန်းမှာ ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာ (၇)ရက်နေ့မှ ဒီဇင်ဘာ (၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)။

ဒေါက်တာကြည်မို့မို့လွင်တို့လို လက်ထောက်ဆရာဝန်အဆင့်များအပါအဝင် အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိအဆင့်များသည် "ဇေယျ" ဟူသော အမည်အောက်တွင် တစ်စုတစ်စည်းတည်း သင်တန်းတက်ကြရသည်။ ထိုအချိန်က ဆရာဝန်များအဖို့ ထိုသင်တန်းဆင်းလက်မှတ်ရမှသာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရှိသည်။ (ယခုအခါ၌မူ ထိုသင်တန်းပြီးမှသာ ဝန်ထမ်းဆရာဝန်ဖြစ်ခွင့်ရှိတော့သည်။) အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိများအဖို့ရာလည်း ထို့အတူပင်။ ထိုသင်တန်းပြီးမှသာ ရာထူးတိုး အစဉ်းစားခံရမည်ဖြစ်သည်။ ဇေယျအပြင် ဗလ၊ သူရိန်၊ အကြိုဇေယျ၊ မဟာဇေယျ စသဖြင့် ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် အမည်အမျိုးမျိုးပေးထားသော သင်တန်းများရှိသည်။ သင်တန်းတက်ရသည်က ဇေယျအဖို့ (၃)လ။

ဘာတွေသင်

ဇီးပင်ကြီးက သင်တန်းဆရာများကတော့ စာသင်တာမဟုတ်ပါ၊ ဆွေးနွေးတာပါဟု ပြော၍ သမိုင်း၊ နိုင်ငံရေး၊ မွေးမြူရေး၊ စီမံခန့်ခွဲရေး အစရှိသည်ကို နည်းနည်းစီ သင်ကြားပို့ချကြသည်။ သို့သော် သမိုင်းနှင့်နိုင်ငံရေးသင်ခန်းစာများမှာ စစ်အာဏာရှင် သတင်းစာဆောင်းပါးများ၏ အာဘော်များနှင့် သိပ်မကွာလှ။ ထိုအချိန်က ခေတ်စားနေသည့် The Voice ဂျာနယ် ဝါဒများကိုလည်း ပို့ချကြသည်။ သင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးက ခေါင်းစဉ်တစ်ခုအတွက် စင်ပေါ်တက်၍ အလှည့်ကျ ဟောကြားဆွေးနွေးရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ ဂျပန်ခေတ်မောင်းပြန်သေနတ်အစုတ်များနှင့် ကျည်ဆန်(၁၅)တောင့်ပစ်ပြရ၊ သေနတ်ထမ်းခြေထောက်မြှောက်တန်းစီပြရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ (ယခုအခါ သေနတ်အဟောင်းများကို သေနတ်အကောင်းများနှင့် လဲထားသည်ဟု ကြားသိရသည်။)

ဇာတ်လမ်းရဲ့အစ

(၇-၁၁-၂ဝ၁ဝ)တွင် အထွေထွေရွေးကောက်ပွဲကျင်းပသည်။ (၁၃-၁၁-၂ဝ၁ဝ)တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းရှေ့ (၂၁) နှစ်တာကာလအတွင်း စုပေါင်းရေတွက်သော် (၁၅)နှစ်ခန့် နေအိမ်အကျယ်ချုပ်အဖြစ် အာဏာရှင်များ၏ ချုပ်နှောင်မှုကိုခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်အခါ မြန်မာပြည်တဝှမ်းမှ ပြည်သူလူထုအများစုကြီးနည်းတူ ထိုအချိန်က ဇီးပင်ကြီးသင်တန်းတက်ရောက်နေသော ဝန်ထမ်းများလည်း ပျော်ရွှင်ကြသည်။ အားတက်ဝမ်းသာကြသည်။

ပြဿနာအမှတ်တစ်

ရွေးကောက်ပွဲအကြိုကာလ၌ ဇီးပင်ကြီးမှ ဝန်ထမ်းသင်တန်းသားများအား လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများပေးရန် ဖိအားပေးနေသည်ဟူသော သတင်းများသည် နိုင်ငံခြားမှ ထုတ်လွှင့်သည့် မြန်မာရေဒီယိုသတင်းဌာနများနှင့် အင်တာနက်စာမျက်နှာများထက်တွင် ပလူပျံပါဝင်လာသည်။

ပြဿနာအမှတ်နှစ်

ဖောင်ကြီး၊ ဇီးပင်ကြီးသင်တန်းတိုင်းတွင် ကြုံရလေ့ရှိသည့် မှိုင်းတိုက်သူနှင့် မှိုင်းမကြိုက်သူပြဿနာဟု ဆိုလျှင် မမှားချေ။ အာဏာရှင့်အာဘော်များကို ကြားရနာရသည့်အခါ နလပိန်းတုံး မဟုတ်သော ဝန်ထမ်း သင်တန်းသူ၊ သင်တန်းသားများဘက်မှ ပြန်လှန် လှောင်ထေ့သံများ တသောသောညံလာခဲ့ကြရသည်။ အထူးသဖြင့် ဒေါက်တာကြည်မို့မို့လွင်တက်ရောက်နေသော ဇီးပင်ကြီးသင်တန်းအချိန်ကာလသည် မြန်မာပြည်နိုင်ငံရေးရေချိန်အလှုပ်နှင့်တိုက်ဆိုင်နေရာ သင်တန်းသူများနှင့် သင်တန်းသားများ မကြုံစဖူးအောင် စည်းလုံးရင်းနှီး၍ အာဏာရှင်စနစ်ကို အပြောင်ကြီးပြောင်၊ အလှောင်ကြီးလှောင်ကြတော့သည်။ (၄င်း အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)ပြီးနောက်ပိုင်း ဖွင့်လှစ်သော သင်တန်းအမှတ်စဉ် (၃၄)တွင် သင်တန်းသားသပ်သပ်၊ သင်တန်းသူသပ်သပ် ခွဲခြားပို့ချခဲ့ရသည်အထိပင် ဖြစ်ခဲ့သည်ဟုသိရသည်။)

ထန်းသီးကြွေခိုက် ကျီးနင်းခိုက်

ထိုသို့ ကြိုတင်မဲသတင်းများတက်လာပြီး မရှေးမနှောင်းမှာပင် ဇီးပင်ကြီးတွင် ဇေယျသင်တန်းမှ ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိအမျိုးသားတစ်ယောက်တို့သည် စင်ပေါ်တက်၍ တက်ရောက်ဆွေးနွေးရန် အလှည့်ကျလာသည်။ ဆွေးနွေးရမည့် ခေါင်းစဉ်အမည်က "ပြည်ထောင်စုစိတ်ဓာတ်"။ ဒေါက်တာကြည်မို့မို့လွင်က စပြီး ဟောပြောရသည်။ ထိုစဉ်က သူ့အသက်က (၂၈)နှစ်ခန့်အရွယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသည်က နာမည်ကျော် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှာ ဝန်ထမ်းဆရာဝန်။ ဒေါက်တာကြည်မို့မို့လွင်ကား ကြောက်ရွံ့ခြင်းမှ ကင်းလွတ်သူ တစ်ဦး။ ထိုဟောပြောပွဲမှာ သူပြောခဲ့သည့် စကားတစ်ခွန်းကိုပင်ကြည့်။ "........... သူတို့ အာဏာရှင်တွေ သူတို့ဘာသာသူတို့ စည်းလုံးကြသလို ကျွန်မတို့ပြည်သူတွေဘက်ကလည်း ပြည်သူပြည်သားအချင်းချင်း တသွေးတသားတည်း စည်းလုံးကြမှဖြစ်မယ်။ ............ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အလိမ်အညာတွေနဲ့ တည်ဆောက်လို့မရဘူး။ စေတနာမျိုးစေ့မှန်မှ စိုက်တဲ့အပင်က သန်မှာပေါ့"။ လက်ခုပ်သံများ ညံသွားသည်။ နားထောင်နေသည့် ဝန်ထမ်းသင်တန်းသူသင်တန်းသားများက ကောင်းချီးသြဘာပေးကြသည်။ ထို့နောက် လယ်ယာစိုက်ပျိုးရေးမှ အသက်(၄၄)နှစ်ခန့် ဦးစီးအရာရှိအမျိုးသားကလည်း တက်ရောက်ဟောပြောဆွေးနွေးသည်။ ထိုဆရာကလည်း မိုးကျရွှေကိုယ်ကိစ္စများ၊ နယ်ခြားစောင့်တပ်ကိစ္စများ ထည့်သွင်း ဆွေးနွေးခဲ့သည်။ အုန်းအုန်းထ အားပေးကြသည်။ လာရောက်နားထောင်သည့် ဇီးပင်ကြီးမှ တာဝန်ရှိသူများကတော့ မျက်စိမျက်နှာ ကွက်ခနဲ ပျက်သွားလေသည်။

ငြိုးမာန်ဖွဲ့လေသလား

ဒေါက်တာကြည်မို့မို့လွင်တို့ ထိုသို့ ဟောပြောဆွေးနွေးသည်မှာ သင်တန်းကာလ(၃)လ၏ တစ်ဝက်၊ ၂ဝ၁ဝ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီကာလ၊ အောက်တိုဘာ-နိုဝင်ဘာ စပ်ကူးမတ်ကူး။ သင်တန်းဆင်းရမည်က ဒီဇင်ဘာလ (၉)ရက်နေ့။ သင်တန်းဆင်းရမည်ဆိုတော့ ဖောင်ကြီး၊ ဇီးပင်ကြီးတို့ထုံးစံအတိုင်း စစ်ရေးပြအခမ်းအနားတွေဘာတွေ ပါလာသည်။ သံချေးတက်နေသည့် ဂျပန်ခေတ်မောင်းပြန်သေနတ် ကိုယ်စီထမ်းကာ သင်္ကြန်ယိမ်းကသလို ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်၊ ဟိုကွေ့ဒီလျှောက်လေ့ကျင့်ကြရသည်။ အားလုံး သတိ၊ အေးစေ၊ သက်သာတွေဘာတွေ လုပ်ကြရသည်။ ဒီဇင်ဘာ (၉)ရက် စစ်ရေးပြ အခမ်းအနားမတိုင်ခင် သုံးရက်ခန့်အလိုတွင် ဒေါက်တာကြည်မို့မို့လွင်ထံ သင်တန်းက အကြောင်းကြားလာသည်။ အာတီယူ (Return to Mother Unit) ဆိုလျှင် တော်ဦးမည်။ အခုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေအောင် ဟောပြောမှုဟု အကြောင်းပြ၍ အလုပ်မှ (Force to retire) ထုတ်ပယ်လိုက်သည့်အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ)ကိုပါ သိမ်းလိုက်ကြသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပို့၍ အလုပ်ဖြုတ်ခိုင်းသည် ဆို၏။ တောက်!!!

ဒီဇင်ဘာမျက်ရည်

သင်တန်းက ဆင်းခါနီးပြီ။ တေ့ဖြုတ်လိုက်ကြသည်။ သင်တန်းကာလတစ်ဝက်က ဟောပြောခဲ့သည့်အမှုကို စောစောအရေးယူလျှင် ဝန်ထမ်းသင်တန်းသူ သင်တန်းသားများ အုံကြွမှုဖြစ်မည်စိုးသဖြင့် သင်တန်းဆင်းခါနီး ရက်ပိုင်းအလိုမှ အရေးယူပြလိုက်သည်။  ဒေါက်တာကြည်မို့မို့လွင်အပါအဝင် သူနှင့်အတူ စင်ပေါ်တက်ဆွေးနွေးခဲ့သည့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိလည်း အလုပ်ဖြုတ်ခံလိုက်ရသည်။ နိုင်ငံတော်ပုန်ကန်မှုလောက်ပင် အပြစ်ကြီးသည်ဟု လေသံလွှင့်သည်။ သင်တန်းသူ၊ သင်တန်းသားတို့ မျက်ရည်မဆည်နိုင်ဖြစ်ကြရသည်။ သုံးလတာကာလ အတူတူသင်တန်းတက် ရင်းနှီးခဲ့ကြရသော ဝန်ထမ်းမိတ်ဆွေအချင်းချင်း စာနာကြသည်။ မတရားမှုကို ငုံ့မခံလိုကြ။ သို့သော် ရင်းရမည့် အရင်းအနှီးက ကြီးသည်။ ဇီးပင်ကြီးသင်တန်းမှ ဇေယျ (၃၃) သင်တန်းသူသင်တန်းသားအားလုံး သင်တန်းဆင်းလက်မှတ်မယူဘဲ နားလိုက်ကြရန် ပထမစဉ်းစားသေးသည်။ သို့သော် ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေး အရာရှိတို့က တားကြသည်။ သည်းခံလိုက်ကြပါ။ ကျွန်တော်ကျွန်မတို့အတွက်နဲ့ ရှင်တို့မင်းတို့ဘဝတွေ အပျက်မခံကြပါနဲ့ဟုဆိုသည်။ လူတစ်ယောက်၏ ဘဝကို နင်းခြေရန် အဲသလောက်လွယ်ကူသလား။ တက်တခေါက်ခေါက်နှင့် စစ်ရေးပြပြီး သင်တန်းဆင်းလိုက်ကြရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် စဥ့်ကိုင်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဆရာဝန်တစ်ဦးဟု သိရသည်။ သူ ဘယ်သူလဲ။ မန္တလေးဆေးတက္ကသိုလ်ဆင်း ဒေါက်တာကြည်မို့မို့လွင်ဖြစ်နေသည်။ လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလက ဇီးပင်ကြီးဝန်ထမ်းသင်တန်းတွင် အာဏာရှင်ဆန့်ကျင်ရေး ဟောပြောမှုတစ်ခုကြောင့် အလုပ်မှထုတ်ပယ်၊ ဆမသိမ်းခြင်းခံခဲ့ရသည်အထိ အရက်စက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်လောင်းစစ်စစ်။ ၂ဝ၁ဝ မှသည် ၂ဝ၁၅။ ငါးနှစ်အကြာမှာ သူပြန်လာပြီ။ အလုပ်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသိမ်းခံလိုက်ရသော ဆမကလေးကို အကြိမ်ကြိမ် ပြန်လည်ကြိုးစားလျှောက်ထားပြီးနောက် ဆမ ပြန်လည်ရရှိခဲ့သည်ဟုသိရသည်။ ထို့နောက် စဥ့်ကိုင်မြို့နယ်အတွင်းက ကျေးရွာကလေးတစ်ရွာတွင် ကိုယ်ပိုင်ဆေးခန်းကလေးတစ်ခန်း စတင်ဖွင့်လှစ်၍ ဘဝကို ပြန်လည် အခြေတည်ခဲ့ရသည်။ ပရဟိတလုပ်ငန်းများတွင် ဘဝကို နှစ်မြှုပ်ခဲ့ရသည်။ အခု မဲဆွယ်သည့်ကာလ ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သော သူ၏ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်ရမှ သူ၏ ရုန်းထနိုင်စွမ်းအားကို တွေ့လိုက်ရသည်။ မုန်တိုင်းကြားမှ တိုးထွက်လာသည့် သစ္စာပန်းတစ်ပွင့်။ သတ်သော်လည်း မသေသည့် စိတ်ဓာတ်။ ဒေါင်ဒေါင်မြည် ဒေါင်း။ 

ညို ကြီး

18 March 2015

ကျောင်းသားသပိတ်မှ ရရှိလိုက်သော အမြတ်





ကျောင်းသားသပိတ်မှ ရရှိလိုက်သော အမြတ်

မြန်မာနိုင်ငံတွင် ၁၉၂ဝ ခုနှစ်က ဖြစ်ပွားခဲ့သည့် နယ်ချဲ့ဆန့်ကျင်ရေး ကျောင်းသားသပိတ်နှင့် ယခုနှစ်များအတွင်းဖြစ်ပွားလျက်ရှိသော ကျောင်းသားသပိတ်များသည် တိုက်ပွဲပုံသဏ္ဍာန်အနည်းငယ်ကွဲပြားသော်လည်း အနှစ်သာရပိုင်းတွင်မူ အတူတူပင်ဖြစ်သည်။ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကျောင်းသားတို့သည် မိမိတို့အတွက်သာမက နောက်လာနောက်သားကျောင်းသူ ကျောင်းသားများအတွက်ပါ ထည့်သွင်းစဉ်းစားခဲ့ကြ၍ တိုက်ပွဲဝင်ခဲ့ကြသည်ချည်းသာ ဖြစ်၏။ ၁၉၂ဝ ခုနှစ်က ကျောင်းသားများသည် ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့ကြသလို လက်ပံတန်းတွင် လက်ရှိအာဏာဆုပ်ကိုင်ထားသူများ၏ အကြမ်းဖက် ဖြိုခွင်းခံလိုက်ရခြင်းဖြင့် ခေတ္တခဏရပ်နားသွားသည့် သပိတ်မှ ကျောင်းသားများသည်လည်း ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်လျက်ရှိကြသူများဖြစ်သည်။ ကျွန်ပညာရေးကို နယ်ချဲ့လူမျိုးခြားအင်္ဂလိပ်တို့က သွပ်သွင်းခဲ့ကြသလို လက်ရှိပညာရေးစနစ်ကိုလည်း အရပ်သား အသွင်ပြောင်းလူမျိုးတူစစ်အာဏာရှင်များက သွပ်သွင်းခဲ့ကြခြင်းဖြစ်သည်။ ပွင့်ပွင့်လင်းလင်း သုံးသပ်ရလျှင် ၁၉၂ဝ ခုနှစ်ကျောင်းသားသပိတ်သည်လည်းကောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ကျောင်းသားသပိတ်သည်လည်းကောင်း ပညာရေးစနစ်ကို ပြုပြင်ရန်သာမက အလိုရမ္မက်ကြီးပြီး ကိုယ်ကျိုးရှာသော အုပ်စိုးသူအား ဖြုတ်ချရန်လည်း ရည်မှန်းချက်တစိတ်တပိုင်း ပါဝင်ကြသည်သာ ဖြစ်၏။ ၁၉၂ဝ ခုနှစ်နှင့် ယခု ၂၀၁၄-၂၀၁၅ ခုနှစ် ကျောင်းသားသပိတ်များကြားတွင်လည်း ၁၉၃၆ ခုနှစ်ကျောင်းသားသပိတ်၊ ၁၉၃၈ ခုနှစ်ကျောင်းသားသပိတ်၊ ၁၉၆၂ ခုနှစ် ဆဲဗန်းဂျူလိုင်အရေးအခင်း၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်အရေးတော်ပုံ၊ ၁၉၈၈ ခုနှစ် အရေးအခင်း၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုစသဖြင့် ကျောင်းသားသပိတ်များ ဆက်နွယ်ပေါ်ထွန်းခဲ့သည်မှာ အထင်အရှားပင်ဖြစ်၏။ ကျောင်းသား၏ သဘောသည် တက်ကြွ၏။ နိုးကြား၏။ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ရှိ၏။

တော်လှန်ရေးစိတ်ဓာတ် အဓွန့်ရှည်စေခြင်း

၁၉၂ဝ ခုနှစ်ကျောင်းသားသပိတ်၏ အမြတ်မှာ အမျိုးသားကျောင်းများပေါ်ထွန်းလာခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်အောင်ကျော် အပါအဝင် လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်များစွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် တိုင်းပြည်လွတ်လပ်ရေးရသည်အထိ အမြတ်ထွက်ခဲ့၏။ အခြားသော သပိတ်များအပါအဝင် ယခု ၂ဝ၁၅ ကျောင်းသားသပိတ်၏ အမြတ်သည်လည်း မြင်သာစွာရှိပါ၏။ ကျောင်းသားလူငယ်များတွင် အာဏာရှင်ကို အပြုတ်တိုက် တော်လှန်လိုသောစိတ်ရင့်သန်လာစေခြင်းသည် အမြတ်ဖြစ်၏။ ထို့ပြင်တဝ ယခုကျောင်းသားသပိတ်သည် ယခင်ကျောင်းသားသပိတ်များလိုပင် တိုက်ရဲခိုက်ရဲသော ခေါင်းဆောင်ကောင်းများစွာ မွေးထုတ်ပေးနိုင်ခြင်းဖြစ်၏။ မပြီးပြတ်သေးသော တော်လှန်ရေးကို အပြီးသတ်ဆင်နွှဲရန် တော်လှန်ရေးစိတ်ဓာတ် လက်ဆင့်ကမ်းနိုင်ခြင်းဖြစ်၏။ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်များက တိုင်းပြည့်အာဏာကို ချုပ်ကိုင်ထားသည်မှာ ယနေ့ထိတိုင်အောင်ပင်ဖြစ်သည်ကား ငြင်းမရ။ စစ်အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်ကို တော်လှန်ရေးအဆင့်ဆင့်ဖြင့် လက်ကမ်းသယ်ယူခဲ့ကြသည်မှာ ၈၈၈၈ အရေးတော်ပုံကြီးမှာ အထင်ကရဖြစ်၏။ ထို့နောက် ကြို့ကြားတော်လှန်ရေးများ ပေါ်ပေါက်ခဲ့ပြီးနောက် ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းဖြင့် တော်လှန်ရေးစိတ်ဓာတ်ကို လက်ဆင့်ကမ်းမွေးမြူခဲ့ကြရပြန်၏။ ၂ဝဝ၇ မှစတင်ရေတွက်သော် ယခု ၂ဝ၁၅ ခုနှစ်ရောက်သည်အထိ (၈)နှစ်တာကာလအကြာတွင် လယ်သမား၊ အလုပ်သမား၊ ကျောင်းသားသပိတ်များသည် ပြန်လည်နိုးထလာခဲ့ရ၏။ ယခုကျောင်းသားသပိတ်မှ ထပ်မံသွေး၍ မွေးထုတ်ပေးလိုက်သော တော်လှန်ရေးစိတ်ဓာတ်ဖြင့် လူငယ်နောင်သားများသည် မပြီးပြတ်သေးသော တော်လှန်ရေးကို ဆက်လက်ဆင်နွှဲကြပေဦးမည်။ အားရကျေနပ်ဖွယ်ကောင်းပေစွ။

အာဏာရှင့်အစွယ်ကို လှစ်ဖယ်ပြခြင်း

လက်ပံတန်း၌ ကျောင်းသားသပိတ်ကို စစ်အာဏာရှင်အစိုးရမှ အကြမ်းဖက်ဖြိုခွင်းလိုက်သည်။ ကျောင်းသားကျောင်းသူများကို အင်အားအလွန်အကျွံသုံး၍ ရိုက်နှက်ကန်ကျောက်ဖမ်းဆီးရုံမျှမက ကျောင်းသားသပိတ်မှ စကားမပြောတတ်သည့် ကားတစီးကိုပင် အာဏာရှင်များက ချိုးဖဲ့ထုနှက်ဖျက်ဆီးလိုက်ကြသေးသည်။ ၄င်းအပြင် ကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ ဆန္ဒပြသော ရန်ကုန်မြို့တော်ခန်းမရှေ့မှ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကိုလည်း မြန်မာဗွီဒီယိုဇာတ်ကားများထဲမှ လူဆိုးများက မင်းသမီးကို အတင်းအဓမ္မဖမ်းဆီးပြန်ပေးဆွဲသကဲ့သို့ တာဝန်/စည်းကမ်း လက်ပတ်နီ စွမ်းအားရှင်များ၊ ရဲများကို သုံး၍ အကြမ်းဖက်ခဲ့ကြသည်။ ထိုပြယုဂ်များသည် စစ်အာဏာရှင်စနစ်ဆက်လက်တည်မြဲနေသေးကြောင်း အမှတ်အသားများဖြစ်၏။ ရွှေပြည်သာမှ အလုပ်သမားသပိတ်ကိုလည်း အကြမ်းဖက်ဖြိုခွဲပြန်၏။ လက်ပံတောင်းတွင် လယ်သူမကြီး ဒေါ်ခင်ဝင်းအား အာဏာရှင်များက သတ်ပြလိုက်၏။ အာဏာ့ရှင်အစွယ်ကို အကောင်းဆုံး လှစ်ဖယ်ပြစေနိုင်ခဲ့သော အောင်ပွဲများပင်။ ဒီမိုကရေစီလိုလို ပြုပြင်ပြောင်းလဲရေးလိုလို မင်းသားခေါင်းဆောင်းထားသော စစ်အာဏာရှင်များ၏ မျက်နှာဖုံးကို ဆွဲခွာချနိုင်ခဲ့သော နိုင်ပွဲများပင်။ လယ်သမားတွေ နိုင်တယ်၊ အလုပ်သမားတွေနိုင်တယ်၊ ကျောင်းသားတွေနိုင်တယ် ဟု လူမှုကွန်ယက်များတွင် ထောပနာပြုနေကြခြင်းကို ရှုပါ။ မပြီးသေးသော တိုက်ပွဲအတွက် သွေးလက်ဆင့်ကမ်းနိုင်ပွဲများဖြစ်ပါသည်။ ထိုထို နိုင်ပွဲများအတွက် နိုင်ငံတကာမှ ပြည်သူများကပင် တခဲနက်ထောက်ခံလျက်ရှိ၏။

ပုဒ်မ ၄၃၆ အပါအဝင် ၂ဝဝ၈ ခုနှစ် နာဂစ်အခြေခံဥပဒေ ဖျက်သိမ်း/ပြင်ဆင်ရေးအတွက် အကြိုခြေလှမ်းများ

စစ်အာဏာရှင်များသည် သူတို့အာဏာတောက်စားချိန်အတွင်း တရားလက်လွတ်ပြုမူခဲ့သမျှ အပြစ်မရှိစေရဟူသော ဟာသဥပဒေများ အပါအဝင် စစ်အာဏာရှင်စနစ်ဆွဲဆန့်ရေး ဥပဒေများထည့်သွင်းရေးဆွဲထားသည့် ၂ဝဝ၈ နာဂစ်အခြေခံဥပဒေကို ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် ယခု လယ်သမား၊ အလုပ်သမား၊ ကျောင်းသားသပိတ်များက ရှေ့ပြေးခြေလှမ်းများဖြစ်ကြကုန်၏။ အကြိုခြေသွေးပွဲ၊ အင်အားပြပွဲများဖြစ်ကြကုန်၏။ အာဏာရှင်တို့ကို မျက်ကလူးဆန်ပြာဖြစ်စေမည့် အကြိုရွှေ့ကွက်များဖြစ်၏။ အခြေခံဥပဒေကို ဖျက်ပြီးပြန်ဆွဲမလား၊ ပြင်မလား သတိပေးသံများဖြစ်၏။ ပြည်သူတို့သည် အကြောက်တရားအောက်တွင် ကာလကြာရှည်နေခဲ့ရသော်ငြား တော်လှန်ရေးစိတ်ဓာတ်ကား သေမသွားပေ။ စစ်အာဏာရှင်များက အာဏာပြန်သိမ်းမည်ဟု ခြိမ်းခြောက်ကြောက်ရွံ့နေသူများလည်း ရှိသေးသည်ကို ရယ်စရာပင် မြင်တွေ့နေရသည်။ တကယ်တော့ ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်များသိမ်းထားသောအာဏာသည် ယခု ၂ဝ၁၅ ခုနှစ်ရောက်သည်အထိ ပြည်သူတို့ထံ ပြန်မလာသေးချေ။ မြင်အောင်ကြည့်စရာပင် မလိုလောက်အောင် ဘောလုံးကွင်းထဲရောက်နေသော ဂေါ်ဇီလာကဲ့သို့ ပြူးပြူးကြီးပေါ်နေ၏။ ယခု ၂ဝ၁၅ ခုနှစ်ရောက်သည့်တိုင်အောင်ပင် တိုင်းပြည်ကို စီးပွားရေးလုပ်ငန်းကြီးတခုသဖွယ်သဘောထားကာ လူဆိုးဂိုဏ်းစစ်အာဏာရှင်များ စီးပွားရှာ သွေးစုပ်ခြယ်လှယ်နေကြဆဲဖြစ်၏။ လွှတ်တော်၊ သမ္မတရုံး၊ တပ်မတော်၊ ကြံခိုင်ရေးပါတီ စသဖြင့် အမျိုးမျိုး မျက်လှည့်ပြရန်ကြိုးစားသော်လည်း ပြကွက်က ရိုးနေပေရာ ပရိသတ်အဖို့ ကြည့်လေရယ်ရလေ ဖြစ်သထက်ဖြစ်လာတော့သည်။

အလွှာစုံတော်လှန်ရေး

နယ်ချဲ့/ဖက်ဆစ်ထံမှ လွတ်လပ်ရေးတိုက်ယူခဲ့စဉ်ကာလက အယူအဆအမျိုးမျိုးကွဲကာ နိုင်ငံရေးအင်အားစုအမျိုးမျိုးကွဲခဲ့သော်လည်း အဆုံးသတ်မှာ ဗမာပြည်လွတ်လပ်ရေးရဖို့ပင်ဖြစ်ပေရာ ယခုလည်းထိုသို့ပင် မြင်ရပေမည်။ ယခုခေတ်တွင် ဆင်နွှဲနေသည့် တော်လှန်ရေး မူကွဲအမျိုးမျိုး၏ ဦးတည်ရာမှာလည်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေး/ဖြုတ်ချရေးပင်ဖြစ်ရပေမည်။

လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေးဟု ခွဲခြားမြင်နေလို့မရပေ။ နှောင်းလူတို့၏ တော်လှန်ရေးနှင့် တက်လူတို့၏ တော်လှန်ရေးကို ပေါင်းစပ်မြင်ဖို့ လိုနေ၏။ အမျိုးမျိုးကွဲပြားတော်လှန်နေကြသော်လည်း ပန်းတိုင်မှာ အတူတူပင်ဖြစ်သည်ကို မြင်အောင်ကြည့်ကြဖို့ လို၏။ ယခုပြည်တွင်းတွင် ပေါက်ဖွားလျက်ရှိသော လယ်သမား၊ အလုပ်သမား၊ ကျောင်းသား သပိတ်များသည်ကား တက်လူတို့၏ အလွှာစုံတော်လှန်ရေးဖြစ်၏။ လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုသော တော်လှန်ရေးဖြစ်၏။ လက်ပံတန်းကျောင်းသားသပိတ်သည် လည်းကောင်း၊ တက္ကသိုလ်နှင့်ကောလိပ်အသီးသီးမှ ကျောင်းသား/ဆရာ သမဂ္ဂအသီးသီးသည်လည်းကောင်း၊ အလုပ်သမားသမဂ္ဂအသီးသီးသည် လည်းကောင်း၊ အနုပညာသမဂ္ဂအသီးသီးသည်လည်းကောင်း၊ အလွှာစုံမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအသီးသီးသည်လည်းကောင်း သတ်၍မသေသော တော်လှန်ရေးမျိုးဆက်၏ အသီးအပွင့်များဖြစ်ကြ၏။ နယ်ချဲ့နှင့် ဖက်ဆစ်တို့ထံမှ လွတ်လပ်ရေးကို တိုက်ယူခဲ့ရစဉ်ကလည်း ယခုကဲ့သို့ပင် လူထုလူတန်းစားအသီးသီး၏ တော်လှန်ရေးအသီးသီးတို့ ပေါင်းစပ်ခဲ့ရ၏။

ခွပ်ဒေါင်းသွေးလက်ဆင့်ကမ်း

မြန်မာပြည်နှင့် ဒေါင်းသည် လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကစ၍ ယနေ့အထိ အစဉ်အလာရှိ၏။ ဒေါင်းနေရာကို ခြသေ့င်္၊ ဆင်တို့နှင့် အစားထိုးရန် စစ်အာဏာရှင်များက ကြံဆောင်သော်လည်း အထမမြောက်။ ဒေါင်းသည် မသေ။ မသေသည့် ဒေါင်း။ ယခုကျောင်းသားသပိတ်များတွင် ဒေါင်းအလံ တလူလူလွင့်နေသည်ကို မြင်ရသည်မှာ ကျက်သရေအပေါင်းခညောင်းလှပေ၏။ အာဏာရှင်၏ သွေးခွဲခံရမှုအမျိုးမျိုးရှိနေလင့်ကစား ဒေါင်းစိတ်ဓာတ်သည် ကျမသွား။ အပွန်းအပဲ့အနည်းငယ်ရှိသော်ငြား ကွဲမသွား။ ပြိုမသွား။ နုပျိုလျက်ရှိဆဲ ဒေါင်း။ ခွပ်ဒေါင်း။ NLD သည်လည်း ၈၈၈၈ အရေးတော်ပုံမှ ပေါက်ဖွားလာသည့်ပါတီဖြစ်ရာ ခွပ်ဒေါင်းပါတီဖြစ်၏။ ကျောင်းသားများသည်လည်း ခွပ်နေသော ဒေါင်းများဖြစ်ကြ၏။ အစွန်းရောက်ဝါဒများဖြင့် ဘာသာရေးမှိုင်းတိုက်ကာ ဒေါင်းများကို သတ်ရန်ကြိုးစားသော်လည်း ဒေါင်းများကား မသေ။ အသွေးခံရလေ ခွပ်တက်ထက်လေ ဒေါင်းများသာ ဖြစ်လာကြ၏။ သုံးလွန်းတင်မှ ကြိုး၊ ဒေါင်ဒေါင်မြည်မှ အိုးဆိုသော ဒေါင်းအိုးဝေများ ဖြစ်လာကြ၏။

အာဏာရှင့်ထွက်ပေါက်

ခွပ်ဒေါင်းတို့သည် ရက်စက်တတ်သူများမဟုတ်ကြ။ ခွပ်ဒေါင်းတို့က ခြသေ့င်္နှင့်ဆင်များ၏ ထွက်ပေါက်ကို ငဲ့ကြည့်ပေးပါ၏။ ချောင်ပိတ်မရိုက်ပါဟု ကတိတည်သော ဒေါ်အောင်ဆန်းစုကြည်မှ ကတိအထပ်အထပ်ပေး၏။ ကတိမတည်သော စစ်အာဏာရှင်တို့ကမူ တည်ကြည်သည့် မည်သည့်ကတိမှ ပေးထားသည်မရှိ။ ပြည်သူကို ထွက်ပေါက်မပေး။ ယခု ၂ဝ၁၅ ခုနှစ်ရောက်သည့်တိုင်အောင် ပြည်သူကို ဆက်ကြေးကောက်နေသလို ဆက်ဆံ၏။ သူတို့ အကျိုးစီးပွားကိုသာ တိုးရှာ၏။ လက်ရှိ တိုင်း/ပြည်နယ်ဝန်ကြီးချုပ်များအပါအဝင် လွှတ်တော်ခေါင်းဆောင်များကအစ ဆက်လက်ခြစားနေခဲ့ကြသည်။ သူတို့မိသားစုများသည် ပြည်သူထက် တမူးပိုရှူနေချင်ကြသေးသည်။ ပိုရှူနေကြသေးသည်။ ပေးထားသည့် ထွက်ပေါက်မှ အသာအကြည်ထွက်ခွာလျှင် ခွင့်လွှတ်တတ်သည့် ပြည်သူက ခွင့်လွှတ်လိုက်ကြမည်သာ ဖြစ်သော်လည်း ယခုထိ ထွက်ပေါက်ကို မျက်ကွယ်ပြုလျက်ရှိသေး၏။ ၂၀၀၈ ခုနှစ် နာဂစ်အခြေခံဥပဒေနှင့်အညီ ကျင်းပမည်ဆိုသည့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲသည်ပင် မရေရာ။ ဆောက်ဖြစ်မှ ကျောင်းဒကာ။

တန်းတူအခွင့်အရေးမရသေးသည့် တိုင်းရင်းသားများ

ပြဿနာသည် များအောင်ပြုလျှင် များ၍ နည်းအောင်ပြုလျှင် နည်းလိမ့်မည်။ စစ်အာဏာရှင်များမီးမောင်းထိုးပြနေသည့် တိုင်းရင်းသားများနှင့်ဖြစ်နေသော ပြဿနာသည်လည်း ထိုသဘောပင်။ မျက်ဖြူဆိုက်လေ စစ်အာဏာရှင်အကြိုက်လေဖြစ်ပေရာ စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် အလှမ်းကွာနေဦးမည်သာဖြစ်၏။ ပြည်မနှင့်တန်းတူအခွင့်အရေးမရသမျှ ကာလပတ်လုံး တိုင်းရင်းသားများက တော်လှန်နေမည်သာဖြစ်၏။ ပြည်ထောင်စုသည် စာရွက်ပေါ်မှာသာရှိပြီး လက်တွေ့ဘဝတွင် ဗမာအပါအဝင် တိုင်းရင်းသားများအကြား သွေးခွဲနေသူမှာ စစ်အာဏာရှင်ကိုယ်တိုင်သာဖြစ်၏။ ထို့အတူ ကိုးကွယ်သည့်ဘာသာတရားအပေါ်အမှီပြု၍ ပြည်သူပြည်သားအချင်းချင်း သွေးခွဲနေသူမှာ စစ်အာဏာရှင်ကိုယ်တိုင်သာဖြစ်၏။ မူမမှန်သည့် ခြေလှမ်းများကို ယုံရန်ခက်လှသည်။

နေဝန်းနီကြက်ဥကြော်ကိစ္စ

လူမှုကွန်ယက်များမှတဆင့် မြင်တွေ့နေရသော နေဝန်းနီကြက်ဥကြော်ကိစ္စသည်လည်း အရှင်းကလေးဖြစ်၏။ တစ်အိမ်ထောင် ဗိုလ်တစ်ဗိုလ် မရှိမနေရပုံစံမျိုးဖြင့် ဗိုလ်သင်တန်းများစွာဖွင့်လှစ်၍ မက်လုံးပေးကာ လူငယ်များကို တပ်ထဲဝင်စေခဲ့ခြင်း၏ အကျိုးဆက်ကား ယခုလို နေဝန်းနီကြက်ဥကြော်ကိစ္စများပေါ်ပေါက်လာရခြင်းဖြစ်၏။ စစ်သားသည်လည်း ပြည်သူပင်ဖြစ်ရာ တိုက်ပွဲကျသည့် စစ်သားအတွက် ပြည်သူက ဝမ်းနည်းမည်သာဖြစ်၏။ သို့သော် အာဏာ့ရှင်လော်ဘီများက သွေးခွဲ၏။ ပြည်သူနှင့် စစ်သားကို သွေးကွဲစေ၏။ ပြည်သူနှင့် စစ်သားတသားတည်းဖြစ်မည်ကို အာဏာရှင်တို့ အကြောက်ဆုံးဖြစ်၏။ ကျောင်းသား၊ ဘုရားသားသံဃာ၊ စစ်သား သားသုံးသား ညီညွတ်မှာကို အကြောက်ဆုံးဖြစ်၏။ သို့ကြောင့်လည်း ကျောင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း၊ သံဃာအချင်းချင်း၊ စစ်သားနှင့်ပြည်သူ သွေးခွဲ၏။ အစွန်းရောက်ဝါဒဘာသာရေးမှိုင်းတိုက်ကာ သွေးကွဲစေ၏။ စစ်သားများကိုလည်း "မင်းတို့ကြည့်ကြ၊ မင်းတို့က တိုင်းပြည်အတွက် ဘယ်လောက်အသေခံခံ မင်းတို့ကို မသနားကြဘူး။ တွေ့လား။ ငါတို့ဦးဆောင်မှုနောက်လိုက်မှ မင်းတို့ချမ်းသာရာရမှာ" ဟု အာဏာရှင့်အမိန့်နာခံစေရန် ပြည်သူနှင့်ကင်းကွာစေရန် အာဏာရှင်လော်ဘီများက ပုံဖော်လှုံ့ဆော်၏။ အတော်အောက်တန်းကျပြီး ရက်စက်သည့်ကိစ္စဖြစ်၏။ မိမိအာဏာတည်မြဲရေးနှင့် မိမိတို့စီးပွားရေးကိစ္စများ ဆက်လက်ကြီးပွားဖို့ကိုဆိုလျှင် မည်သူ့ကိုမျှ ချနင်းရန် ဝန်မလေးသော အာဏာရှင်များပင်။ မြင်အောင်ကြည့်ကြဖို့လို၏။

လက်တဆုပ်စာသာရှိသည့်အာဏာရှင်နှင့် သန်းငါးဆယ်ပြည်သူ

ဂလိုဘယ်လိုက်ဇေးရှင်းနှင့် သတင်းနည်းပညာခေတ်တွင် ပြည်သူကို ညာချင်တိုင်းညာမရတော့သည်မှာ အာဏာရှင်ပြုတ်ကျရေးအတွက် အားသာသည့်အချက်ဖြစ်၏။ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်နိုင်ကြဖို့သာလို၏။ ရွေးကောက်ပွဲမှ ဖြုတ်ချခြင်းဖြစ်စေ၊ သပိတ်များမှ ဖြုတ်ချခြင်းဖြစ်စေ အာဏာရှင်ကိုဖြုတ်ချရေးသည် အန္တိမပန်းတိုင်ဖြစ်သင့်၏။ ပြည်သူအချင်းချင်း ရန်သတ်နေရန် အကြောင်းမရှိပေ။ အာဏာရှင်များသည် တကယ်တော့ လက်တဆုပ်စာသာရှိ၏။ များများစားစားမရှိ။ စစ်သားများအပါအဝင် ပြည်သူတို့၏ အင်အားသည် ကြီးမားစွ။ ပေါင်းစည်းဖို့လို၏။ အာဏာရှင့်အကျိုးကိုထမ်းရွက်နေသူလော်ဘီများကိုလည်း ပြည်သူ့အင်အားကြီးမားကြောင်း သူတို့သိအောင်ပြနိုင်လျှင် ပြည်သူဘက်ရောက်လာဖို့သာ ရှိ၏။ အာဏာရှင်ကို ပေါင်းစည်းအား၊ ပေါင်းစပ်တော်လှန်ရေးဖြင့် တိုက်ရပေမည်။ တော်လှန်ရေး၊ နိုင်ငံရေးနည်းအမျိုးမျိုးကွဲပြားနိုင်သော်လည်း အချင်းချင်းအပြစ်ဖို့နေရန်မလိုဘဲ တခုတည်းသောပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ အာဏာရှင်များပြုတ်ကျရေးအတွက် သွားသည့်လမ်းတိုင်းသည် သူ့လမ်းနှင့်သူ တန်ဖိုးရှိနေသည်ကို မြင်အောင်ကြည့်လျက် ရှေ့ဆက်တက်ကြဖို့ဖြစ်၏။ လက်ပံတန်းကျောင်းသားသပိတ်အပါအဝင် လယ်သမား၊ အလုပ်သမားများ၏ သပိတ်အသီးသီးသည်လည်းကောင်း၊ မီဒီယာ၊ အနုပညာနှင့် ပြည်သူပြည်သားအသီးသီး၏ အမှန်တရားဖော်ထုတ်ကြွေးကြော်မှုများသည်လည်းကောင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် ခြေလှမ်းများပင်ဖြစ်ကြ၏။ ခိုင်မြဲဖို့လို၏။ သန်မာဖို့လို၏။ ကျောင်းသားသပိတ်မှ ရရှိလိုက်သော အမြတ်သည်ကား အဖိုးထိုက်လှပေတကား။ ပြည်သူပြည်သားတိုင်းရင်းသားအပေါင်း၏ ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးလမ်းစကား တဖန်နိုးကြွပေါ်ပေပြီ။ စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အလွှာပေါင်းစုံ ဆက်လက်ပူးပေါင်းတော်လှန်ကြဖို့လိုသည်။ သာဓု သာဓု သာဓု။ ဘုရားသခင်ကောင်းချီးပေးပါစေ။ အက်စ်ဆယ်လာ့မု အာ့လေကွန်းမ် (As-salamu alaykum)။ အာမင်။ နမစတေး။

ညို ကြီး

၁၈-၃-၂၀၁၅

(ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ
http://widerimage.reuters.com/story/student-protests-in-myanmar)

07 May 2014

စစ်တွေမှာ NGO အဆောက်အဦးတွေနဲ့ ပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ ကိစ္စ

"စစ်တွေမှာ NGO အဆောက်အဦးတွေနဲ့ ပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ ကိစ္စ"



ပြီးခဲ့တဲ့ ရက်သတ္တပတ်က စစ်တွေကို ရောက်တုန်း ရခိုင်လူမျိုးအချို့၊ မြန်မာနိုင်ငံသား iNGO ၀န်ထမ်းအချို့နဲ့ စကားပြောခဲ့ရပြီး သိခဲ့ရသမျှကတော့ -

၁။ ၂၆-၃-၂၀၁၄ ရက်နေ့ ညနေပိုင်းမှာ သာသနာ့အလံကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမှာ Malteser International နဲ့ ပြဿနာတက်တယ်။ ထားတော့။

၂။ ၂၇-၃-၂၀၁၄ (တပ်မတော်နေ့) မှာတော့ မနက်က စလို့ ညနေအထိ စစ်တွေမြို့မှာ အခြေစိုက်တဲ့ UN လက်အောက်ခံ အဖွဲ့အစည်းတွေအပါအ၀င် NGO တွေရဲ့ အဆောက်အဦးတွေ တစ်လုံးပြီး တစ်လုံး ဖျက်ဆီးခံရတယ်။ ညနေမှာ သေနတ်သံပေး တားဆီးတာကလွဲလို့ ရဲနဲ့ စစ်တပ်က ဖျက်ဆီးသမျှကို တစ်နေကုန် လက်ပိုက်ကြည့်နေခဲ့တယ်။

၃။ ဦးဆောင်ပြီး ဖျက်ဆီးသူတွေဟာ စစ်တွေမြို့ခံတွေကတောင် မမြင်ဖူးတဲ့သူတွေပါသတဲ့။ စစ်တွေမြို့ခံတွေက ဦးစီးဦးရွက်ပြုပြီး ဖျက်ဆီးခဲ့တာ မဟုတ်ဘူးပေါ့လေ။ ဖျက်ဆီးသူတွေဟာ ၁၃ နှစ် ၁၄ နှစ်အရွယ်လေးတွေအပါအ၀င် လူငယ်တွေ များသတဲ့။ ဘုမသိဘမသိ မြို့ခံအနည်းငယ် ရောယောင် ပါဝင်ခဲ့မိတာကလွဲလို့ ဖျက်ဆီးသူများအဖွဲ့ဟာ သေချာစနစ်ချ အကွက်ကျစွာ လှုပ်ရှားသွားတယ်။ အဆောက်အဦးတစ်ခုကို ဖျက်ဆီးပြီးသွားရင် အဖျက်ခံလိုက်ရတဲ့ အဆောက်အဦးကို ရဲတွေက ၀ိုင်းထားလိုက်တယ်။ မဖျက်ခင်မှာ ကာကွယ်တားဆီးခြင်း အလျဉ်းမရှိခဲ့ပါ။ ဖျက်တဲ့အဖွဲ့က နောက်ထပ် အဆောက်အဦးတစ်ခုဆီ ဖျက်ဆီးဖို့ ဆက်လက်ချီတက်တယ်။ ဖျက်တယ်။ အဖွဲ့တွေခွဲပြီး ဖျက်ဆီးတာမျိုးလည်း ရှိတယ်။ ရဲတွေက ဖျက်ပြီးမှသာ ဖျက်ပြီးသား အဆောက်အဦးကို ၀ိုင်းလိုက်ပြန်တယ်။ ဖျက်တယ်။ ၀ိုင်းတယ်။ ဖျက်တယ်။ ၀ိုင်းတယ်။ တားတာဆီးတာ မရှိခဲ့ပါ။

၎။ ဖျက်ဆီးသူတွေဟာ အဆောက်အဦးတွေကို သူတို့ဖျက်ဆီးနေစဉ် မှတ်တမ်းတင် ဓာတ်ပုံရိုက်သူတွေကိုလည်း ရန်ရှာခဲ့ပြီး ဓာတ်ပုံ/ဗွီဒီယို မရိုက်ဖို့ တားမြစ်ခဲ့ကြသတဲ့။

၅။ ဖျက်ဆီးသူတွေမှာ ဖျက်ဆီးဖို့ လက်နက်အစုံအလင် ပါလာသတဲ့။ တူ၊ တူရွင်း၊ ရဲဒင်း၊ ပုဆိန် စသဖြင့်ပေါ့လေ။ ခဲနဲ့ပစ်တာ ဘာညာလည်း ရှိတာပေါ့လေ။

၆။ ပြောရရင်တော့ မိတ္ထီလာမှာလိုပဲ ရဲတွေရှေ့မှာတင် လူတွေကို ပျော်ပျော်ကြီး သတ်ခဲ့သလိုပေါ့လေ။ စစ်တွေမှာတော့ ရဲနဲ့စစ်တပ်တွေရှိနေတဲ့ကြားက NGO အဆောက်အဦးတွေနဲ့ ပစ္စည်းတွေကိုပဲ ရွေးဖျက်ခဲ့တာပေါ့လေ။ NGO ၀န်ထမ်းတွေကို အသက်အန္တရာယ်ပြုတာ ဘာညာတော့ မရှိခဲ့ဘူးပေါ့လေ။ အဲ့ဒီ ညနေဘက်မှာ UN လက်အောက်ခံ အဖွဲ့အစည်း NGO ဂိုဒေါင်တွေ အဖျက်ခံရတော့မှ လုံခြုံရေးက သေနတ်သံပေးပြီး တားတယ်ဆိုပါတော့။ ဇာတ်သိမ်းတော့ ကံအကြောင်းမလှတဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ယောက် ကျည်သင့်ပြီး သေခဲ့ရတယ် ဆိုပါတော့။

၇။ မြန်မာနိုင်ငံသား iNGO ၀န်ထမ်းတစ်ယောက်ပြောပြတာကတော့ NGO အဆောက်အဦးတွေနဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူ အကုန်လုံး အဖမ်းခံရတာ မဟုတ်ပါဘူးတဲ့။ လွှတ်ထားတဲ့သူ/လွတ်သွားတဲ့သူတွေ အများကြီး ရှိပါသေးတယ်တဲ့။

၈။ ရခိုင်လူမျိုးတစ်ယောက်ကတော့ သူ့အမြင်ကို ပြောပြရာမှာ AZG/MSF(Holland) နဲ့ Malteser အဖွဲ့တွေအပေါ် မကျေနပ်မှုအချို့ ရှိတာကလွဲလို့ UN လက်အောက်ခံအဖွဲ့အစည်းတွေ အပါအ၀င် NGO အဆောက်အဦးတွေနဲ့ ပစ္စည်းတွေကို ခုလို လွပ်လွပ်လပ်လပ် အေးအေးဆေးဆေး စနစ်တကျ ဖျက်လိုဖျက်ဆီးလုပ်တာဟာ အစိုးရကျောထောက်နောက်ခံပြုထားတဲ့ အဖျက်သမားတွေရဲ့ လုပ်ရပ်သာဖြစ်တယ်။ ဒီလုပ်ရပ်တွေဟာ အစိုးရအနေနဲ့ ရခိုင်လူမျိုးတွေကို သိက္ခာချတာ သက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။

၉။ UN လက်အောက်ခံအဖွဲ့အစည်းတွေ အပါအ၀င် NGO အဖွဲ့အစည်းတွေရဲ့ အဆောက်အဦးနဲ့ပစ္စည်းတွေကို (၂၆-၃-၂၀၁၄) တပ်မတော်အကြိုနေ့နဲ့ (၂၇-၃-၂၀၁၄) တပ်မတော်နေ့တွေမှာ အားပါးတရ ဖျက်ဆီးခဲ့ပြီး UN အပါအ၀င် NGO တွေကို ရခိုင်ပြည်နယ်ကနေ လှလှပပ ခဏတာ ပထုတ်နိုင်ခဲ့တဲ့ အချိန်ဟာ တိုက်ဆိုင်တယ်ပဲပြောပြော အစိုးရအနေနဲ့ သန်းခေါင်စာရင်းကောက်ဖို့ တာဆူနေခဲ့တဲ့ အချိန်ဆိုလည်း မမှားဘူးပေါ့လေ။ ။

Nyo Gyi
၅၊ ၅၊ ၂၀၁၄

07 April 2014

အထက်က လာတာ



"အထက်က လာတာ"

အောက်အကြေအညာအထက်မြေလတ်က လာတာ ဆိုတဲ့သဘောကို ပြောတာမဟုတ်ပါ။ ကိုယ်လုပ်ချင်တာလုပ်ပြီးရင် ဒါ(ဒီအမိန့်) အထက်ကလာတာ ဆိုတာမျိုး။ ဒီလို မဟုတ်မဟတ် လုပ်ရပ်တွေကို တကယ်လည်း အထက်က သဘာတူ မျက်စိမှိတ် ချပေးတယ် ဆိုတာမျိုးပေါ့။ တကယ်တော့ အထက်ဆိုတာ ရယ်စရာပြောရရင် ဦးသန်းရွှေရဲ့အထက်မှာ ဒေါ်ကြိုင်ကြိုင်ရှိတယ်ဆိုတာမျိုး, ဒေါ်ကြိုင်ကြိုင့်အထက်မှာ နတ်ဆရာတွေရှိတယ်ဆိုတာမျိုး, နတ်ဆရာတွေရဲ့အထက်မှာ အင်အားကြီးနိုင်ငံတွေရှိတယ် ဆိုတာမျိုး ... ဒီဒိုင်ကြောင်တွေက ရိုးနေပါပြီ။ တကယ်တော့ တွေးသမျှ ကြံသမျှ ပြောသမျှ ဆိုသမျှ လုပ်သမျှ ကိုင်သမျှဟာ တစ်ဦးချင်းစီရဲ့ စေတနာအပေါ်မှာသာ အခြေခံပါတယ်။ ဘာစေတနာလဲ။ အထက်က လာတဲ့စေတနာလား။ အောက်က လာတဲ့စေတနာလား။ အထက်ဆိုတာကတော့ ကိုယ်အထက်စီးရရေး မိမိအသာစီးရရေး အတ္တကောင် ကြီးထွားသန်စွမ်းရေးပါပဲ။ အောက်ဆိုတာကတော့ တကယ့်ကို ထိုက်သင့်တဲ့လုပ်ခလစာထက် ပိုမယူဘဲ အများပြည်သူသာယာဝပြောရေးကို ရှေ့ရှုတာပါပဲ။

ကဲ။ ခင်ဗျား အထက်က လာတာလား။ အောက်က လာတာလား။ ???

အလယ်က ညို ကြီး

(Photo by Nyo Gyi)

23 January 2014

အစိုးရ

"အစိုးရ"

~ ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်ချင်နေတဲ့ အစိုးရ။
~ ဖားတစ်ပိုင်း ငါးတစ်ပိုင်း နွားတစ်ပိုင်း အစိုးရ။
~ ဆီသည်မရဲ့ လက်သုတ်ပဝါလို အစိုးရ။
~ ကေတီဗွီမ စင်တင်မလို စိတ်ထဲက မပါတဲ့ စကားတွေပြောပြီး ဘတ်ကီးရိုက်တဲ့ အစိုးရ။
~ မျက်နှာကို ရေပေါ်ထိုးပြီး ဆီစွတ် ပေါလစ်တင် ဘရပ်တိုက်ထားတဲ့ အစိုးရ။
~ တကယ်ပြားတဲ့ ပန်းကန်အပြားလောက်မှ စောက်မနက် ပယောဂကုစားတဲ့ ဘိုးတော်လိမ်လို အစိုးရ။
~ လိပ်နဲ့ မြေခွေး စပ်ကျထားတဲ့ အစိုးရ။
~ သွေးစုပ်ဖုတ်ကောင်ဆိုတာ လက်တွေ့ဘဝမှာ တကယ်ရှိနေမှန်း သိရလေအောင် ကျင့်ဆောင်ပြတဲ့ အစိုးရ။
~ ပြည်သူကို ကြံပင်လို သဘောထား။ ကြံရည်လည်း ယူ။ ကြံသကာရည်လည်း ချက်။ သကြားလည်း ထုတ်။ ကျန်ခဲ့တဲ့ ကြံဖတ်ကိုတောင် စက္ကူလုပ်ဖို့ မီးမြှိုက်ဖို့ ဆက်ကြံတဲ့ အစိုးရ။
~ ဆယ်သက်စာမက စိတ်နာတယ်။ ။

ညိုကြီး

14 December 2013

ရိုးရိုးလေးပဲ တွေးပါ ( မြန်မာနှင့် ထိုင်း ဘောလုံးပွဲကို အားပေးမည့် အိမ်ရှင်မြန်မာပရိသတ်သို့ )



"ရိုးရိုးလေးပဲ တွေးပါ"

မြန်မာဘောလုံးအသင်းနဲ့ အင်္ဂလန် ဒါမှမဟုတ် ဂျပန် ဘောလုံးအသင်းတို့နဲ့ ဘောလုံးတစ်ပွဲလောက် ကန်ပြီဆိုပါတော့။ ကန်ရတဲ့ကွင်းကလည်း အင်္ဂလန်က ကွင်းတစ်ကွင်း ဒါမှမဟုတ် ဂျပန်က ကွင်းတစ်ကွင်းမှာဆိုပါတော့။ မြန်မာအတွက် အဝေးကွင်းပေါ့ဗျာ။ အဲဒီမှာ အိမ်ရှင် အင်္ဂလန်/ဂျပန် ပရိသတ်က သူတို့နိုင်ငံတွေ မြန်မာနိုင်ငံကို ကျူးကျော်ခဲ့ဖူးစဉ်က အမှတ်အသားတစ်ခုခု (ဥပမာ သီပေါမင်းပါတော်မူ ဓာတ်ပုံဗီနိုင်းကြီးကိုဖြစ်ဖြစ်၊ ဂျပန်ခေတ်က ဓာတ်ပုံဗီနိုင်းကြီးကို ဖြစ်ဖြစ် အဲဒီဘောလုံးပွဲမှာ ကိုင်ဆောင်ပြသအားပေးပြီး မြန်မာတွေကို ထိကပါးရိကပါးလုပ်မယ်ဆိုရင် အဲဒီဘောလုံးပွဲကို တီဗွီကနေ တိုက်ရိုက်ကြည့်နေတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လိုခံစားရမလဲ။ ပျော်မလား။ ဒေါသထွက်မလား။ ဒေါသပဲထွက်မှာပေါ့။ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ အခေါက်ခံရတယ်လို့ပဲ မှတ်ယူကြမှာ အသေအချာပါပဲ။ အိမ်ရှင်က ဧည့်သည်ကို စော်ကားတယ်လို့ပဲ မှတ်ယူကြမှာ အသေအချာပါပဲ။ ကိုယ်က ခံစားခဲ့ရတဲ့သူကိုး။

၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာ အိမ်ရှင်မြန်မာနဲ့ ထိုင်းတို့ ဘောလုံးပွဲရှိတယ်။ အဲဒီမှာ ကိုယ့်နိုင်ငံက ကျူးကျော်ဖူးခဲ့တဲ့ ထိုင်းကို ဘုရင်ခေတ်က ပိုစတာ ဗီနိုင်းတွေနဲ့ အိမ်ရှင်က ဧည့်သည်ကို ရန်စစော်ကားသလို မဖြစ်စေချင်တာ ကျွန်တော့်စေတနာပါ။ ဘုရင်ခေတ်က ကျန်ခဲ့ပါပြီ။ လက်ရှိကိုယ့်နိုင်ငံရဲ့ အခြေအနေကို ပြန်သုံးသပ်ပါ။ ဘယ်အခြေဆိုက်နေသလဲလို့။ တက်နိုင်ငံတွေကို မီအောင် ကျွန်တော်တို့မှာ ကြိုးစားစရာတွေ အများကြီးလိုနေပါသေးတယ်။ ရှေ့က အာဏာရှင်အစိုးရအဆက်ဆက် ဖျက်ဆီးပစ်ခဲ့တဲ့ နိုင်ငံပုံရိပ်ကို ပြန်လည်မြှင့်တင်ကြရပါဦးမယ်။ ဒီအချိန်မှာ အရေးမပါတာတွေကို အရာမပေးစေလိုပါ။ အရေးမပါတာတွေနဲ့ နိုင်ငံရဲ့ ပုံရိပ်ကို မထိခိုက်စေလိုပါ။ နိုင်ငံရဲ့ ရှေ့ဆက် လျှောက်ရမယ့်ခြေလှမ်းတွေကို မတုံ့နှေးစေလိုပါ။

အမုန်းမီး မပွားပါစေနဲ့။ အချစ်မီးကိုသာ ထွန်းညှိပါ။ အမြင်ကျယ်ပါ။ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ပါ။ ရိုးရိုးလေးပဲ တွေးပါ။ ရိုးရိုးလေးပဲ အားပေးပါ။ ဒါဟာ ဘောလုံးကန်နေတာပါ။ အားကစားပွဲပါ။ စစ်တိုက်နေတာ မဟုတ်ပါဘူး။ ။

ညိုကြီး
(13.12.2013)

05 December 2013

၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင်မြန်မာတို့ ဆုတံဆိပ်ရယူနိုင်မည့် အားကစားများ



"၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင်မြန်မာတို့ ဆုတံဆိပ် သေချာပေါက်ဆွတ်ခူးနိုင်မည့် အားကစားများ"

ခြင်း - မွေးကတည်းက ဝိုက်ပင့်မြှောက်ခတ်ခုတ်ချလာတာ
လှေ - မွေးကတည်းက လှော်လာတာ
သေနတ်/မြားပစ် - မွေးကတည်းက ပစ်လာခတ်လာတာ
ဂျူဒို/တိုက်ကွမ်ဒို/ကရာတေး/ဝူရှူး - မွေးကတည်းက တိုက်လာခိုက်လာတာ
ပြေးခုန်ပစ် - မွေးကတည်းက ပြေးဟယ်ခုန်ဟယ်ပစ်ဟယ်ဖြစ်လာတာ
ဘိလိယက်/လက်ဝှေ့ - မွေးကတည်းက ထိုးချလာတာ
စစ်တုရင် - မွေးကတည်းက အကွက်တွေ ခဏခဏရွှေ့လာတာ
အလေးမ - မွေးကတည်းက ဟိုလူ့မ ဒီလူ့မ အကျင့်တွေ စွဲကပ်လာတာ

အဲဒီ အားကစားနည်းတွေမှာ မြန်မာပြည်အနေနဲ့ ရွှေတံဆိပ်ဆုအပါအဝင် ဆုတွေ သေချာ ပေါက် ရမှာပါ။ မယုံမရှိနဲ့။

(မွေးကတည်းက = လွပ်လပ်ရေး ရရှိမွေးဖွားကတည်းက)

ဒိုင်ဗင်ပစ်နဲ့ ဘော်လီဘော တွေကနေလည်းပဲ ဆုတွေ ရနိုင်ပါသေးတယ်။

အထူးသဖြင့် သေနတ်ပစ်မှာ 'ရွှေ' မရရင်တော့ မြန်မာတို့အနေနဲ့ အလွန်ခံရခက်စရာကောင်းမယ်လို့ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွပ်လပ်ရေးရဖို့လည်း သေနတ်ကိုင်ခဲ့ရတယ်။ လွတ်လပ်ပြီး အချင်းချင်း သတ်ဖြတ်ကြတော့လည်း သေနတ်ကိုင်ခဲ့ရတယ်။ သေနတ်ကိုင်ထားတဲ့ စစ်အာဏာရှင်စနစ်အောက်မှာလည်း နှစ်ပေါင်း ၆၀ ကျော် နေခဲ့ရတယ်။ သေနတ်ကိုင်တပ်မတော်နဲ့ အခြားသေနတ်ကိုင်အဖွဲ့အစည်းတွေကြားမှာလည်း ခုထိ ငြိမ်းချမ်းရေး ကောင်းကောင်းမရသေးဘူး။ ဦးသိန်းစိန်, ဦးရွှေမန်းနဲ့ လက်ရှိတိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်တွေကလည်း သေနတ်သမားတွေဖြစ်ခဲ့ဖူးတယ်။ ကာချုပ်ကလည်း လက်ရှိအခင်းအကျင်းမှာအရေးပါတဲ့သေနတ်သမားဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကလည်း သေနတ်သမားတွေပဲ။ ခုဆိုရင် အမျိုးသမီးတွေတောင် သေနတ်ကိုင်ဗိုလ်လောင်းဝင်ခွင့်ရနေပြီလေ။ :)

ဆီးဂိမ်းပြိုင်ပွဲဝင်အားကစားသမားအားလုံးကို လေးစားဂုဏ်ပြုလျက်-

ညို ကြီး
4.12.2013

13 October 2013

ခလေးသို့


"ခလေးသို့"

 ခလေး စစ်သား
ခလေး လိင်ကျွန်
ခလေး ဆေးကုန်ကူး
ခလေး ပန်းရောင်း
ခလေး ဂျာနယ်ရောင်း
ခလေး စီဒီခွေရောင်း
ခလေး အရက်ရောင်း
ခလေး လက်ဖက်ရည်ရောင်း
ခလေး ဈေးရောင်း
ခလေး မြင်းမောင်း
ခလေး နွားကျောင်း
ခလေး အိမ်ဖော်
ခလေး စားပွဲထိုး
ခလေး လုပ်သား
ခလေး လယ်သမား
ခလေး နေ့စား
ခလေး မြက်နှုတ်ပေါင်းသင်
ခလေး အိမ်သာကျင်းတူး
ခလေး အုတ်ကျောက်သယ်
ခလေး ကတ္တရာဗန်းကိုင်
ခလေး စင်တင်ထိုင် သီချင်းဆို
ခလေး တည်းခိုခန်း အလုပ်သမား
ခလေး ဟိုအိမ်လူခေါ်ပွဲစား
ခလေး ဆီပန့်ကိုင်
ခလေး လေထိုးကျွတ်ဖာ
ခလေး ရေသန့်ဘူးကောက်
ခလေး တောက်တိုမယ်ရ
ခလေး သူဖုန်းစား
ခလေး သူခိုး
ခလေး ခါးပိုက်နှိုက်
ခလေး မိဘမဲ့
ခလေး လေလွင့်
ခလေး ကော်ရှူ
ခလေး ဆိုးသွမ်း
ခလေး လမ်းဘေးအိပ်
ခလေး အမှိုက်ပုံတိုး။

ခလေးတွေ ခလေးတွေ
ပညာနဲ့ ဝေးရ
အကြင်နာနဲ့ ဝေးရ
မေတ္တာနဲ့ ဝေးရ
ကစားကွင်းနဲ့ ဝေးရ။

မိဝေး ဖဝေး 
ဖိုးဝေး ဖွားဝေး
ဦးဦးဝေး ဒေါ်ဒေါ်ဝေး။

ရက်ရက်စက်စက် အရိုက်ခံကြရ
ပက်ပက်စက်စက် အသုံးချခံကြရ
ပယ်ပယ်နှယ်နှယ် အနှယ်ခံကြရ
ခလေးဖြစ်ရှုံးနေကြရ။

ခလေးမှန်သမျှ
နှိပ်စက်ခံရခြင်းဘေး ဝေးပါစေ
ရက်စက်ခံရခြင်းဘေး ဝေးပါစေ
စွန့်ပယ်ခံရခြင်းဘေး ဝေးပါစေ
ချုပ်နှောင်ခံရခြင်းဘေး ဝေးပါစေ
ခွဲခြားဆက်ဆံခံရခြင်းဘေး ဝေးပါစေ
ခလေးပြ ဆန်တောင်းခံရခြင်းဘေး ဝေးပါစေ။

ခလေးများအရေး ဒို့များတွေး
ခလေးကောင်းမှု ဒို့ပေါင်းစု
ခလေးကမ္ဘာ ဘယ်ဆီမှာ
ခ ခလေးငယ် ချစ်စဖွယ်
ခ ခရေကုံး ပန်းသို့ပြုံး ။ ။

 ညိုကြီး
10.10.13

 (က ကလေးပါ ကိုယ်ချင်းစာ)

06 September 2013

မြန်မာ့မြန်မာ့ ရုပ်ရှင်



"မြန်မာ့မြန်မာ့ ရုပ်ရှင်"

ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါ။ ဟော/ဘော/ဥရောပ/ဟောင်ကောင်/တရုတ်/ကိုရီးယား/ထိုင်း လိဝုဒ် စတဲ့ နိုင်ငံခြားရုပ်ရှင်တွေနဲ့ နှိုင်းယှဉ်ပြီးလည်း မပြောတော့ပါ။ မြန်မာ့မြန်မာ့ရုပ်ရှင် ဘယ်အခြေကို ဆိုက်နေပြီလဲဆိုတာ သိစေချင်တဲ့ စေတနာသက်သက်ပဲရှိပါတယ်။ ပုံထဲမှာဖော်ပြထားတဲ့ ဇာတ်လမ်းကိုပဲ ဖတ်ကြည့်ပါဦး။ သုံးသပ်ကြည့်ပါဦး။ ဆင်ဆာကြောင့် ငွေကြောင့် စက်ပစ္စည်းကြောင့် ပရိသတ်ကြောင့် စတဲ့ ဆင်ခြေဆင်လက်တွေကြားမှာ ထုတ်လုပ်သူအချို့ ရုပ်ရှင်ရုံပိုင်ရှင်အချို့ မင်းသားမင်းသမီး အချို့ ချမ်းသာသွားတာကလွဲလို့ ...။

စိတ်ထဲမှာ မကောင်းရပြန်ပါ။ ။

ဆူလွယ်နပ်လွယ် ညိုကြီး
26.8.2013

01 August 2013

ဇာတ်လမ်းကတော့ တော်တော်ကြီးကို ကြမ်းမှရလိမ့်မယ်






"ဇာတ်လမ်းကတော့ တော်တော်ကြီးကို ကြမ်းမှရလိမ့်မယ်"

ရေးနိုင်သူများခင်ဗျား။ ဇာတ်လမ်းတစ်ခု အကြံပြု တင်ပြချင်လို့ပါ။ ဇာတ်လမ်းကတော့ ရိုးရိုးပါပဲ။ ဒီမိုကရေစီရ သူများနိုင်ငံတွေမှာ ဒီလိုဇာတ်လမ်းမျိုး ခဏခဏရိုက်လွန်းလို့ သိပ်တောင်မဆန်းတော့ပါဘူး။ ဇာတ်လမ်းက ဒီလို။

နိုင်ငံတော်သမ္မတကို ပြန်ပေးဆွဲတာဖြစ်ဖြစ်၊ လုပ်ကြံဖို့ ကြံစည်တာဖြစ်ဖြစ်။ ဒါမှမဟုတ် နိုင်ငံတော်သမ္မတနောက်မှာ ကြိုးကိုင်တဲ့သူ ရှိနေတယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ်။ သေချာတာကတော့ ဒီဇာတ်လမ်းထဲမှာဗျာ နိုင်ငံတော်သမ္မတဆိုတာ ပါကိုပါရမယ်။ ပုံစံတူစရာမလိုပါဘူးဗျာ။ ဆံပင် မရှိစရာလည်း မလိုပါဘူး။ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖြစ်လို့ နိုင်ငံတော်သမ္မတနေရာမှာ ဇာဂနာ/ဗေလုဝ/ဆင်မ/ဒိန်းဒေါင်/ခင်လှိုင်/သီးလေးသီး/ဖိုက်စတား တစ်ဦးဦးကို သရုပ်ဆောင်ခိုင်းလည်း သိပ်ပြဿနာမရှိဘူး။ အဓိကက ဒီဇာတ်လမ်းကျောရိုးထဲမှာ နိုင်ငံတော်သမ္မတဆိုတဲ့ ရာထူးယူထားတဲ့ ဇာတ်ရုပ်တစ်ရုပ် ပါရမယ်။

ခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း Slumdog Millionaire ဇာတ်ကားထဲကလို မတူညီတဲ့ လူ့အဖွဲ့အစည်း(၂)ခုအကြားက ရန်ပွဲလိုမျိုးကိုလည်း ထည့်သွင်းရိုက်ပြလို့ ရနေပြီ မဟုတ်လား။ Slumdog Millionaire ဇာတ်ကားထဲမှာလို ဆင်းရဲသားဇာတ်ရုပ်တွေကလည်း ပေါမှပေါ မဟုတ်လား။ Slumdog Millionaire ဇာတ်ကားထဲမှာလို ပဟေဠိနန်းတော်အစီအစဉ်တောင် ရှိနေပြီ မဟုတ်လား။

ထားပါတော့။ ပြောချင်တာက အဲဒီဇာတ်လမ်းပေါ့ဗျာ။ နိုင်ငံတော်သမ္မတ ပါရမယ်။ ဇာတ်လမ်းက နိုင်ငံတော်သမ္မတနဲ့ ပတ်သက်နေရမယ်။ ဇာတ်လမ်းထဲမှာ ဆန္ဒပြပွဲတွေ၊ အဓိကရုဏ်းတွေလည်း ပါရမယ်။ အကြမ်းဖက်တာတွေ၊ အကြမ်းမဖက်တာတွေလည်း ပါရမယ်။ မီဒီယာတွေလည်း ပါရမယ်။ နိုင်ငံခြားဇာတ်ကားတွေထဲမှာလို အကျင့်ပျက်တဲ့ ထောက်လှမ်းရေးတွေ၊ အကျင့်ပျက်တဲ့ ရဲတွေ၊ အကျင့်ပျက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ အကျင့်ပျက်တဲ့ တရားသူကြီးတွေ၊ အကျင့်ပျက်တဲ့ လွှတ်တော်အမတ်တွေ၊ အကျင့်ပျက်တဲ့ အစိုးရအာဏာပိုင်တွေ၊ အကျင့်ပျက်တဲ့ ၀န်ထမ်းကြီးကြီးမာစတာတွေ စသဖြင့်အကြောင်းတွေလည်း ပါဝင်ရမယ်။ ခရိုနီဇာတ်ရုပ်တွေလည်း ထည့်ချင်ထည့်ပေါ့။ လှည့်ကွက်တွေအများကြီးနဲ့ ဇာတ်လမ်းဗျာ။ အပစ်အခတ်၊ အညှစ်အသတ်တွေနဲ့ ဇာတ်လမ်းပေါ့ဗျာ။

မင်းသားနဲ့ မင်းသမီးကတော့ ဆံပင်နီကြောင်ကိုယ်စီနဲ့ပေါ့။ ခေတ်အကြိုက် ခပ်ပိန်ပိန်၊ ခပ်ဖြူဖြူ၊ ခပ်ဖျော့ဖျော့လေးတွေပေါ့။ အီမိုစတိုင်တွေဘာတွေ လုပ်ထားလည်း ရတယ်။ မင်းသားကတော့ ဆေးမင်ကြောင် ထိုးချင်ထိုး၊ မထိုးချင်နေ။ မင်းသမီးကတော့ ဆေးမင်ကြောင် ထိုးကိုထိုးထားရမယ်။ မင်းသား/မင်းသမီးက ဆေး/အရက်/ဘီယာ/ဆေးလိပ် ချတာမချတာကတော့ ထည့်ရေးချင်လည်းနေ၊ ထည့်မရေးချင်လည်းနေ။ မင်းသားရော မင်းသမီးရော နားတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေ စသဖြင့်မှာ နားကပ်၊ နှာခေါင်းကပ်၊ ပါးစပ်ကပ်တွေနဲ့ အလှတွေ ဆင်ထားလို့လည်း ရသေးတယ်။ ဇာတ်သဘောအရပေါ့။ အနမ်းခန်း ခပ်ကြမ်းကြမ်းတွေ ပါလည်း ရသေးတယ်။ နိုက်ကလပ်တွေမှာ ကဲကြတာတွေလည်း ထည့်ရိုက်ပြလို့ရသေးတယ်။ ဗီလိန်ကတော့ ထုံးစံအတိုင်း ဆရာဝန်ဇာတ်ရုပ်ကိုပဲ ထည့်သွင်းကြတာပေါ့။

ဇာတ်လမ်းထဲမှာ ကားတွေ လေပေါ်ဝဲပျံသွားတာတွေ ပါရမယ်။ ငါးလောင်ပြိုင်လူသတ်မှုလို၊ ဖြူးမြို့နယ်ဘက်မှာဖြစ်သွားခဲ့တဲ့ ခေါင်းမပါတဲ့ ခန္ဓာကိုယ်ကြီးကို ပီနံအိတ်ထဲထည့် စွန့်ပစ်ထားတာမျိုးတွေဘာတွေ။ ရက်စက်တာတွေလည်း ပါရမယ်။ အဲ... နူးညံ့တာတွေလည်း ပါရမယ်ပေါ့ဗျာ။

ကျန်တာတော့ ရေးနိုင်သူများ ဆက်ရေးကြတော့ဗျာ။ ကျွန်တော်ရေးထားတဲ့ အတိုင်း အကုန် ပါဝင်ရမယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်တော်ရေးထားတဲ့ ဇာတ်ရုပ်တွေအတိုင်းလည်း ထပ်တူကျရမယ်ရယ်လို့လည်း မဆိုလိုပါဘူး။ မင်းသားကို တောင်ရှည်ပုဆိုး၊ တိုက်ပုံ၊ ခေါင်းပေါင်းနဲ့၊ မင်းသမီးကို သနပ်ခါးပါးကွက်ကြား၊ ထမိန်၊ လုံချည်နဲ့ ဇာတ်ရုပ်တွေ ဘာတွေ ဖန်တီးလည်း ရပါတယ်။ ဒါကတော့ ရေးနိုင်သူများ ကြိုက်သလို ရေးကြပါ။ အဓိကကတော့ ဒီဇာတ်လမ်းထဲမှာ နိုင်ငံတော်သမ္မတဆိုတာ ပါကိုပါရမယ်ဗျာ။ နိုင်ငံတော်သမ္မတကို စွတ်ဖားတဲ့ ဇာတ်ကွက်တွေတော့ စွတ်မလုပ်နဲ့ပေါ့ဗျာ။

ဒီနေ့ ဒီအချိန် ဒီအခါမှာ ကျွန်တော်ရေးထားတဲ့ ဇာတ်ညွှန်းလိုမျိုး၊ နိုင်ငံတော်သမ္မတဇာတ်ရုပ်ပါတဲ့ ဇာတ်လမ်းမျိုး စထွက်လို့ကတော့ လွှတ်ပေါက်ပြီပဲဗျာ။ ကျွန်တော် အာမခံပါတယ်။ (ခင်ဗျား အဖမ်းခံ/တရားစွဲခံရဖို့။ ခိခိ)

ညိုကြီး
၂၇၊ ၇၊ ၂၀၁၃

27 April 2013

ဦးသိန်းစိန် ဝေ့လည်ကြောင်ပတ်လုပ်နေခြင်း ကိစ္စ


သို့/-

ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ

ရက်စွဲ။ ၂၄၊ ၄၊ ၂၀၁၃

အကြောင်းအရာ။ ။ အဆွေတော် မဖြေရှင်းဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေခြင်း ကိစ္စ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် အဆွေတော်သည် အောက်ပါကိစ္စရပ်များအား အဘယ်ကြောင့် သိသိကြီးနှင့် မဖြေရှင်းဘဲ (မဖြေရှင်းရဲဘဲ) လွှတ်ထားရပါသနည်း။

၁။ တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဗိုလ်အဆင့်မှစ၍ အထက်အဆင့်အရာရှိများသည် ပေးထားသည့်လစာထက် ဆပေါင်းများစွာပိုမိုသော ၀င်ငွေများ ဆက်လက်ရရှိနေကြခြင်း။ (ကျရာ ဌာနအလိုက် ပိုရတာ/ပိုပိုပြီးရတာ/မရတာသာ ကွာ၏)
၂။ ၀န်ထမ်းလောကအတွင်း လာဘ်ပေးလာဘ်ယူကိစ္စများ၊ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်နေမှုများ ပိုနေမြဲ ကျားနေမြဲ ဆက်လက်တည်ရှိနေခြင်း။
၃။ အခြေခံဝန်ထမ်းများခင်မျာ လစာ နှင့် မလောက်င၍ ၀မ်းရေးခက်နေခြင်း။ (နှစ်သောင်းကျပ်တိုးပေးမည်ဆိုသော်လည်း ရယ်ဖွယ်မျှသာ)
၎။ ၀န်ထမ်းများသည် သူ၏ ၀န်ထမ်းလစာသက်သက်ဖြင့် မိသားစု ဘ၀ မရပ်တည်နိုင်၍ အပိုဝင်ငွေရမည့် အခြားအလုပ်များအတွက် အချိန်ပေး အလုပ်လုပ်နေရသောကြောင့် တာဝန်ချိန်တွင် အာရုံစူးစိုက်မှုကျဆင်းခြင်း။
၎။ လာဘ်ပေးလာဘ်ယူကိစ္စများအတွင်း စီးဆင်းနေသော ငွေပမာဏနှင့် ၀န်ထမ်းအားလုံးအား လောက်ငသော လစာငွေပေးလိုက်လျှင် ကုန်ကျမည့် ငွေပမာဏတို့အား အချိုးချကြည့်လျှင် အတူတူပင်ဖြစ်သည်ကို သိလျက်သားနှင့် အဆွေတော်က မသိချင်ယောင် ဆောင်နေခြင်း။ မကိုင်တွယ်ခြင်း။
၅။ အချို့သောသူများသည် ဘာသာရေးနွယ်သည့် ပဋိပက္ခများအား အွန်လိုင်းကော အောက်လိုင်းမှာပါ ပေါ်တင်စိတ်ကြိုက် ဖန်တီးခွင့်ရနေကြခြင်း။
၆။ တရားဥပဒေစိုးမိုးရေးစကားလုံးသည် စကားလုံးမည်ကာမတ္တမျှသာ ရှိနေသေးခြင်း။
၇။ စသည်။

ညိုကြီး
အယ်ဒီတာချုပ်
http://bigbbrown.blogspot.com/

(ဟီးဟီး လူရှိန်အောင် ရာထူးတွေဘာတွေ ထည့်ကြည့်တာ။ ကိုယ့်ရေးတဲ့ Blog မှာ ကိုယ်အယ်ချုပ်ပဲဟာ။ နော့။)

မိတ္တူကို-
၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂။ ဦးရွှေမန်း
၃။ ဒေါ်အောင်ဆန်းစုကြည်
၎။ လွှတ်တော်အမတ်ဆိုသူများအားလုံး
၅။ နိုင်ငံရေးပါတီဆိုသည်များအားလုံး
၆။ မြန်မာနိုင်ငံသားအားလုံး


============================
Photo Credit to (AP Photo/Khin Maung Win) and www.thenation.com.

10 April 2013

မေမေနဲ့ ဖေဖေတို့ရဲ့ အပြစ်ပါ

"မေမေနဲ့ ဖေဖေတို့ရဲ့  အပြစ်ပါ"

သားညိုကြီး အသားမည်းတာ
မေမေနဲ့ ဖေဖေတို့ရဲ့ အပြစ်
သားညိုကြီး လူမှား အသတ်ခံရလည်း
မေမေနဲ့ ဖေဖေတို့ရဲ့ အပြစ်ပဲ
မေမေနဲ့ ဖေဖေတို့ကမှ
အသားဖြူအောင်
လူမှား အသတ် မခံရအောင်
မွေး မပေးခဲ့ဘဲကိုး
တစ်ကမ္ဘာတည်း နေထိုင်ကြသူအချင်းချင်း
ဘာသာ၊ အသားအရောင် ကွဲပြားမှုအပေါ်မူတည်ပြီး
ဘာလို့ အချင်းချင်း မုန်းတီး သတ်ဖြတ်နေကြတာလဲ မေမေနဲ့ ဖေဖေ
လင်ကွန်းမတိုင်မီခေတ် အမေရိကန်မှာ သားညိုကြီး လူဖြစ်ခဲ့ရင်
အသားမည်းလို့ဆိုပြီး ကျွန်ဖြစ်ရင်ဖြစ်
ကျွန် မဖြစ်ရင်လည်း အသတ်ခံရတဲ့အထဲ
သားညိုကြီး ပါသွားခဲ့မှာပဲ မေမေနဲ့ ဖေဖေ
ဟစ်တလာခေတ် ဂျာမနီမှာ သားညိုကြီး လူဖြစ်ခဲ့လို့ ဂျူးဖြစ်နေရင်
(သားညိုကြီးက ကလေးငယ်လေးဖြစ်နေပစေ)
ဂျူးဖြစ်လို့ဆိုပြီး အသတ်ခံခဲ့ရမှာပဲ မေမေနဲ့ ဖေဖေ
အသားအရောင်နဲ့ ဘာသာတရား ရန်ပွဲစစ်ပွဲတွေအကြား
အင်အားကြီးတဲ့သူဘက်က သတ်ဖြတ်ခြင်းကို
သားညိုကြီး ခံစားရဦးမှာလား မေမေနဲ့ ဖေဖေ
အသားမည်းရခြင်းမှာ ရင်နာတယ်
အရေပြားကို ဆုတ်ခွာ၊ အရေပြားကို ရေနွေးပူလောင်းချ
ဆင်ဖြူတွေလို ခရုသင်းစွဲမှ လူတွေက ချစ်ကြမှာလား မေမေနဲ့ ဖေဖေ
မေမေနဲ့ ဖေဖေတို့ ကိုးကွယ်ရာ ဘာသာ
သားညိုကြီး ကိုးကွယ်ခဲ့ရတယ်
အဲဒီဘာသာတရားကို မုန်းတီးတဲ့ နိုင်ငံတစ်ခုခုမှာ လူသွားဖြစ်ခဲ့ရင်
အဲဒီဘာသာတရားပေါ်မူတည်ပြီး
သားညိုကြီး အသတ်ခံရဦးမှာလား မေမေနဲ့ ဖေဖေ
အမုန်းတရားတွေ ဘယ်တော့ငြိမ်းပါ့မလဲ...
သားညိုကြီးနာမည်ကိုတောင်
သားဖြူကြီးလို့ ပြောင်းလိုက်ရတော့မလား
မေမေနဲ့ ဖေဖေ ။ ။

ညိုကြီး
၂၀၁၃၊ ဧပြီ ၅

Psychology

ငါသာ သူ့နေရာရောက်ရင် လမ်းဘေးဆိုင်မှာ ထိုင်စားတဲ့ ဓာတ်ပုံတင်မကဘူး ...

-စတုဒီသာပွဲမရှောင် အလှူတကာမှာ ထမင်းတစ်နပ်ကလေးဖြစ်ဖြစ် သက်သာပါစေတော့လို့ မျက်နှာငယ်ကလေးနဲ့ လိုက်စားခဲ့ရတဲ့ ဘ၀ ဓာတ်ပုံတွေ...
-ထမင်းတစ်နပ်၊ ကွမ်းတစ်ယာ အတွက်တောင် စပွန်ဆာလိုက်ရှာခဲ့ရတဲ့ ဘ၀ဓာတ်ပုံတွေ...
-ထမင်းနဲ့ ကြက်ဥ၊ ထမင်းနဲ့ လက်ဖက်၊ ထမင်းနဲ့ ကြက်သွန်ဖြူ၊ ထမင်းနဲ့ ၀က်အူချောင်း၊ ထမင်းနဲ့ ငါးသေတ္တာ၊ ထမင်းနဲ့ ဆီဆမ်းဆားဖြူး၊ ထမင်းနဲ့ ခေါက်ဆွဲပြုတ်၊ ထမင်းနဲ့ ကော်ဖီမစ်၊ ထမင်းနဲ့ ငရုတ်သီး လတိုင်းလတိုင်း လတစ်ဝက်လောက်က စပြီး မကြာခဏ တင်းတိမ်ခဲ့ရတဲ့ ဘ၀ ဓာတ်ပုံတွေ...
-အကြွေးရှင်က ချေးထားတဲ့ သူ့ပိုက်ဆံကို ပြန်တောင်းတဲ့အခါ မပေးနိုင်တဲ့အခါတိုင်း မှိုင်တွေစိတ်ဆင်းရဲနေရတဲ့ ဘ၀ ဓာတ်ပုံတွေ...
-အဲဒီ လမ်းဘေးမှာထိုင်စားတဲ့သူလို ခွဲတမ်းမြိုးမြိုးမြတ်မြတ်လည်း မရဖူးခဲ့၊ ပြည်သူ့ဘဏ္ဍာငွေကို ခွဲတမ်းချပြီးလည်း မျှ မယူခဲ့၊ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ လူတွေဆီကလည်း ညာဝါးပြီး ပိုက်ဆံမရှာခဲ့ဖူးသူ တစ်ယောက်အနေနဲ့ ပိုက်ဆံပြတ်တဲ့အခါ မိဘ/ပေးမယ့်သူဆီ လက်ဖြန့်တောင်းရတဲ့အခါတိုင်း သိမ်ငယ်ခဲ့ရတဲ့ ဘ၀ဓာတ်ပုံတွေ...
-လုပ်မစားတတ်ခဲ့လို့ ချစ်ရသူမိန်းကလေးနဲ့ ပြဿနာတွေတက်၊ ပြဿနာတွေတက်၊ အို ပြဿနာတွေတက်၊ ပြဿနာတွေတက်ခဲ့ရတာတွေ...
-လူကြီးဆီက ရမယ့် လေး/ငါးထောင်/တစ်သောင်းကျပ် မုန့်ဖိုးကို တစ်လမှ ၂ ခါလောက်ရတဲ့အခါတိုင်း ထီပေါက်သလို ပျော်ခဲ့ရတဲ့ ဘ၀ဓာတ်ပုံတွေ... (၂၀၁၃ ခုနှစ်နော်)
-ကိုယ်နဲ့ အဆင့်တူပေမဲ့ သူငယ်ချင်းက တပ်ထဲမှာ ဗိုလ်၊ ကိုယ်က အရပ်ထဲမှာ ငိုနေရတုန်း ဘ၀ဓာတ်ပုံတွေ... (၂၀၁၃ ခုနှစ်အထိ အဲ့လို ကွာတုန်းနော်)

အင်း ငါသာ သူ့နေရာရောက်လို့ ငါ့ဘ၀ ဓာတ်ပုံတွေ ဖမ်းတင်လိုက်ရင်/အတင်ခိုင်းလိုက်ရင် Like ပေါင်း ကုဋေချီတောင် ရပြီးသကာလ ပြည်သူ့မေတ္တာတော် အနန္တကိုတောင် နေ့ချင်းညချင်းကြီး ရ ရပါစေ့ရဲ့။ေိေိ။


Psychology တော့ မင်းတို့ တတ်သလောက် ငါလည်း တတ်ပါသေးတယ်ကွ။ ငိငိ။

ညိုကြီး

01 April 2013

မိတ္ထီလာက ပြန်ခဲ့တယ်


" မိတ္ထီလာက ပြန်ခဲ့တယ် "
 
မိတ္ထီလာမှာ ၂ဝ၁၃၊ မတ်လ၊ ၂ဝ ရက်ကနေ ၂၂ ရက် မနက်ပိုင်းလောက်အထိ ရက်ရက်စက်စက် လွတ်လပ်စွာ တမင် လူသတ်ခွင့်ပေးထားသလားတောင် အောက်မေ့ရတဲ့ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲခဲ့ပုံကို သိခဲ့ရတော့ အလွန်တရာ အော့နှလုံးနာမိပါတယ်။

အဲဒီလို ကိုင်တွယ်ခဲ့ပုံအတွက် ဘယ် အုပ်ချုပ်သူကမှ တာဝန်ယူ တောင်းပန်တာမျိုးကိုလည်း ခုချိန်အထိ မတွေ့မြင်ရသေးပါဘူး။

ဆင်ခြေဆင်လက်တွေသာပေးခဲ့ပြီး နောက်ဒါမျိုးမဖြစ်စေရပါဘူးဆိုတဲ့ အုပ်ချုပ်သူတွေရဲ့ ပြောကြားချက်တွေနဲ့သာ ချွေးသိပ်ခံခဲ့ကြရပါတယ်။

မြွေမသေ တုတ်မကျိုး ရေဒီယိုမိန့်ခွန်းတွေသာ ပြောတတ်လွန်းတဲ့ မဟာ့မဟာသမ္မတအကြီးကြီးကိုလည်း စကားတတ်လှလွန်းချည်ရဲ့လို့ အောချယူခဲ့ရပါတယ်။

နောက်ကွယ်က ကြိုးကိုင်တာတွေဘာတွေကို အသာထာဦး၊ ရှေ့မကွယ်မှာ ပေါ်တင်ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာများအတွက်တော့ အုပ်ချုပ်သူတွေအနေနဲ့ နှာစေးတတ်လွန်းနေတယ် ထင်မိတယ်။

နှစ်ပေါင်း ၅ဝ လောက် နောက်ကျကျန်ခဲ့ရတဲ့အတွက် တက်နိုင်ငံတွေကို မီအောင် နောက်ထပ် နှစ်ပေါင်း ၅ဝ လောက် ကြိုးစားကြရဦးမယ်ဆိုတဲ့ သဘောပေပဲလား။

(၃၁-၃-၂ဝ၁၃)ရေဒီယိုမိန့်ခွန်းမှာ သမ္မတသုံးနှုံးခဲ့တဲ့ "နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာပျက်ဖွယ်ရာများ" ဆိုတာထက် ကျွန်တော်တို့ တိုင်းသူပြည်သားတွေဟာ လူရိုင်းတွေ၊ လူ မယဉ်ကျေးတွေပဲလို့ နိုင်ငံတကာက ထင်မြင်သွားလောက်အောင် အုပ်ချုပ်သူတွေရဲ့ မိတ္ထီလာအရေး ကိုင်တွယ်ခဲ့ပုံဟာ ညံ့ဖျင်းလွန်းလှပါတယ်။

သင်ယူစရာတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးက ကြီးမားလွန်းခဲ့တာမို့ ဒီလို အရင်းအနှီးမျိုးကို နောက်တစ်ကြိမ် ထပ်မံ မပေးဆပ်ရပါစေနဲ့တော့လို့ပဲ ဆုတောင်းရမလို ဖြစ်နေပါပြီ။

ဒီမိုကရေစီဆိုတာကြီးကို မုန်းသွားအောင်များ အုပ်ချုပ်သူတွေ လုပ်နေကြပါသလား။ ။


ညိုကြီး
၃၁၊ ၃၊ ၁၃

(ဓာတ်ပုံ - (၃ဝ၊ ၃၊ ၂ဝ၁၃) မိတ္ထီလာမြို့တွင်းတစ်နေရာ)