09 January 2009

Rights and Freedom in Prison (2)

Palen Creek Correctional Centre
(annexed to Wolston Correctional Centre)



Palen Creek Correctional Centre is situated about 100 kilometres south of Brisbane and is designed for low security male prisoners.


The centres operates industries such as cattle (the centre has a mixed herd of approximately 300 beef cattle) and farm produce which supply the centre's kitchens.

By striving to achieve a world class correctional centre within an open campus style rural environment, the centre maximizes opportunities for prisoners to participate in and benefit from high quality rehabilitative programs.

Last updated: 16 July 2008


(Here, I want to say, 'Special Thanks' to Ko Thu for this link)

-----------------------------------------------------------


Rights and Freedom in Prison (1) - in myanmar font

(လူ့အခွင့်အရေးထောင် (သို့မဟုတ်) လွတ်လပ်စွာ နေရသော ထောင် -ယမထာ-)

08 January 2009

DTS article on R2P in Burmese

`အာ-တူး-ပီ´
- တင့်ဆွေ -


(Cyclone Nargis Victims of Burma, Photo- BigBBrown)


(အာ-တူး-ပီ) သည် (နာဂစ်)ဘေးဒုက္ခဆိုးကြီး ကျရောက်ချိန်၌ မြန်မာ့ဒီမိုကရေစီ လှုတ်ရှားမှုအတွင်း စတင်ဝင်ရောက် လာခဲ့သော အသုံးအနှုံးတခုဖြစ်ပါသည်။ Responsibility to protect (R2P or RtoP) ကို တိုက်ရိုက်ဘာသာပြန်ပါက “အကာအကွယ်ပေးရန် တာဝန်ရှိခြင်း” ပင်ဖြစ်သည်။ အမှန်မှာ ကမ္ဘာတွင် ၄င်းအသုံးပေါ်ခဲ့သည်မှာ မကြာသေးပါချေ။

၁၉၂ နိုင်ငံတက်ရောက်ခဲ့သည့် ၂၀၀၅၊ စက်တင်္ဘာ ၁၄-၁၆ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ရလဒ်အရ၊ အကြိမ် ၆၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ဆုံးဖြတ်ချက်အပိုဒ် ၁၃၈-၁၃၉-၁၄၀ အဖြစ် အောက်ပါ ရာဇ၀တ်မှုကြီးလေးမျိုး အတွက် “စုပေါင်း အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း” တညီတညွတ် သဘောတူခဲ့ကြပေသည်။

၁) Genocide လူမျိုးပြုန်းအာင်သတ်ဖြတ်ခြင်း၊
၂) War crimes စစ်ရာဇ၀တ်မှုများ၊
၃) Ethnic cleansing လူနည်းစုများအားရှင်းပစ်ခြင်းနှင့်
၎) Crimes against humanity လူသားမျိုးနွှယ်အပေါ်ကျူးလွန်သောရာဇ၀တ်မှုတို့ဖြစ်ကြသည်။

ဆိုလိုသည်မှာ အစိုးရများသည် ၄င်းတို့၏ပြည်သူပြည်သားများအား အထက်ပါအမှုအခင်းကြီးများမှ အကာအကွယ်ပေးရန် တာဝန်ရှိသည်။ အလားတူ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း (ကမ္ဘာ့ကုလသမဂ္ဂမှတဆင့်) ၀င်ရောက် အကာအကွယ်ပေးရန် တာဝန်ရှိလာပေသည်။ ယင်းဖြစ်ပေါ်လာမှုမှာ ၁၆၄၈ ကတည်းက Peace of Westphalia အရ သတ်မှတ်လက်ခံလာခဲ့သည့် Sovereign equality အချုပ်အခြာအာဏာတူညီမှုကို အဓိပ္ပါယ်ဖွင့်ဆိုသည့် နိုင်ငံတကာဥပဒေ၏အခန်းက သိသိသာသာ ရှေ့တန်းတက်လာခြင်းပင်ဖြစ်ပါသည်။

လူသားများသည် မိသားစုအသွင်ညီညွတ်မှုအရ ဂုဏ်သိက္ခာရှိသော ယောက်ျား-မိန်းမ ဟူ၍ အသိအမှတ်ပြုခံလာရခြင်း သဘောလည်း ဆောင်ပေသည်။ သို့ရာတွင် (အာ-တူး-ပီ)၏ သက်ရောက်မှုများမှာ အငြင်းပွါးဘွယ် ဖြစ်နေဆဲရှိပါသည်။ စစ်ရေးနည်းမဟုတ်သည့် သံတမန်ရေး၊ လူသားချင်းစာနာမှုနှင့် ငြိမ်းချမ်းသောနည်းလမ်းများ သုံးခြင်းကိုမူ များစွာ အငြင်းမပွါးချေ။ စစ်ရေးပိုင်းကို အများစုက လက်မခံနိုင်ကြသေးစေကာမူ၊ Asylum နိုင်ငံရေးခိုလှုံခွင့်ပေးခြင်း အပါအ၀င် IDP ခေါ် ကိုယ့်တိုင်းပြည်ထဲမှာပင် အတင်းအဓမ္မနေရာဒေသ အရွှေ့ခံရသူများအား အကာကွယ်ပေးခြင်း စသည်တို့မှာ ကောင်းသော အစပျိုးမှုများပင် ဖြစ်ပါသည်။

နိုင်ငံတကာဥပဒေဖွင့်ဆိုချက်ကို တိုင်းပြည်တခု၏ အချုပ်အခြာအာဏာပိုင်မှုဘက်မှ ချဉ်းကပ်ခြင်းကိုသာ အားသန် နေခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်၏ ဆိုးဝါးသောအနိဌာရုံများကို တွေ့မြင်ပြီးသည့်နောက်ပိုင်းတွင်မူ၊ လူသားအရေးဘက်က ပို၍စဉ်းစားလာခဲ့ကြရာ၊ ၁၉၄၈ခုနှစ်က စတင်လက်ခံလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကနဦးခြေလှမ်းပင်ဖြစ်ပေသည်။ ယနေ့ဆိုလျင် လူ့အခွင့်အရေးတွင် တဦးချင်း အခွင့်အရေးအထိပင် ပြောဆိုလာနေကြပါပြီ။

“လူသားချင်းစာနာသောအားဖြင့် ၀င်ရောက်စွက်ဖက်ရေး” ဟူသော Humanitarian intervention သည် ၁၉၉၉ အကုန် (ဗင်းနစ်)၌ ပြုလုပ်သည့်အစည်းအဝေးမှ စတင်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ (ဆာရာလီယွန်း)ပြဿနာကြီးပြီးစဖြစ်ပါသည်။

၂၀၀၀ခုနှစ်က ယင်းတိုင်းပြည်တွင် ဗြိတိန်၏ အောင်မြင်ခဲ့သော (အော်ပရေးရှင်း-ပဲလစ်ဆာ) Operation Palliser ကြောင့် လိုအပ်သည့် စစ်ရေး၊ အတိုင်းအတာ၊ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လာကြရသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ “မထိရောက်မှု"မှာ ပေါ်လွင်ပါပေသည်။

2001 International Commission on Intervention and State Sovereignty (ICISS) ခေါ် အချုပ်အခြာပိုင်မှုနှင့် နိုင်ငံတကာ ၀င်ရောက်စွက်ဖက်ရေးနိုင်ငံတကာကော်မရှင် အစီရင်ခံစာအရ “လူ့အသက်အိုးအိမ်ကို ကာကွယ်ရန်အလို့ငှာ ၁၉၇၈ (ဆိုမာလီ)၊ ၁၉၉၂-၉၅ (ဘော့စနီးယား)၊ ၁၉၉၈-၉၉ (ကိုဆိုဗို)တို့တွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခဲ့ခြင်းများနှင့် ၁၉၉၄ (ရ၀န်ဒါ)မှာ စွက်ဖက်ရန်ပျက်ကွက်ခဲ့ခြင်း၊ နှစ်မျိုးလုံးမှာ ငြင်းစရာတွေရှိကြောင်း” ပါရှိထားသည်။

များမကြာမီက ဖြစ်ပျက်သွားခဲ့ကြသော အာဖရိက၊ ဘော်လ်ကန်၊ အရှေ့အလယ်ပိုင်းဒေသတို့မှ သင်ခန်းစာများအရ နိုင်ငံတကာဥပဒေကို၎င်း၊ စုပေါင်းအကာအကွယ်ပေးပိုင်ခွင့်ကို၎င်း ငြင်းခုံစရာများ တိုးလာစေပေသည်။ ၁၉၉၉ (ဘောလ်ကန်)ဒေသတွင်း မျိုးပြုန်းသတ်ဖြတ်မှုဖြစ်နေစဉ် (နေတိုး)အုပ်စု၏ဆောင်ရွက်ချက်များနှင့် ဆက်၍ ကုလသမဂ္ဂက အုပ်ချုပ်ရေးတာဝန်ယူခြင်းများဖြစ်လာသည့်အခါ၌၄င်း၊ အီရတ်တွင် အမေရိကန်နှင့်ဗြိတိန်တို့က ကုလသမဂ္ဂမပါဘဲ၊ ၂၀၀၃ ခုနှစ်က ၀င်ရောက်တိုက်ခိုက်သည့်အခါ၌၄င်း၊ ပို၍ကျယ်လောင်စွာ ငြင်းခုံလာကြပေသည်။

The 2005 World Summit Outcome document ခေါ် ၂၀၀၅ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးက ပေါ်ထွက်လာသည့် စာတမ်းမှာ အတိုင်းအတာဆိုသည့်ကိစ္စတွင် အမြင်မတူကြသေးစေကာမူ၊ Concept အယူအဆအား သဘောတူခဲ့ကြသည်မှာ မကြုံစဖူး ရှိလှပါသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုသို့သဘောတူထားခဲ့ကြောင်းကိုပင် နောက်အစည်းအဝေးများ၌ အစိုးရအတော်များများက မသိရှိခဲ့ကြောင်း ဘူးပေါ်သလို ပေါ်ခဲ့ပါသည်။ ယနေ့(အာ-တူး-ပီ) ၏အနေအထားမှာ ပေါ်လစီအဆင့်မရောက်သေးပါပေ။

ကုလသမဂ္ဂပဋိဥာဉ်စာတန်း ၂(၄)အရ နိုင်ငံတခု၏ နယ်မြေပိုင်နက်ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်းတို့ကို တားမြစ်ထားသည်။ ၂(၇)အရ ပြည်တွင်းရေးနယ်ပယ်အတွင်း ၀င်ရောက်စွက်ဖက်မှုမျိုးကို ထည့်သွင်းပြဌာန်းခြင်းမှလည်း တားမြစ်ထားပြန်သည်။ ၅၁ အရ နိုင်ငံတခုချင်းဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ၊ လက်နက်ဖြင့် တိုက်ခိုက်လာခြင်းမျိုးကို ကာကွယ်ခွင့်ပြုထားပြီး၊ ၃၉ အရ ငြိမ်းချမ်းရေးထိပါးခြင်း၊ အင်အားဖြင့် ကျူးကျော် စော်ကားခြင်းတို့ကိုမူ လုံခြုံရေးကောင်စီအား ဆုံးဖြတ်ခွင့်ပြုထားပြန်ပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးအား ထိပါးသည်-မထိပါး ဟူသည့်မေးခွန်းလည်း တက်နေပါသည်။

(အာ-တူး-ပီ)၏ (ကွန်ဆက်ပ်)မှာ သုံးချောင်းထောက်ပေါ်ရှိနေပါသည်။ (က)သူတို့တိုင်းပြည်အတွင်းရှိ နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆိုပါပြစ်မှုကြီးများမှ အကာအကွယ်ပေးရန် အစိုးရများ၏အဓိကကျမှုမှာ ဆက်လက်တည်ဆဲရှိနေပြီး၊ တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်ရန်လည်းဖြစ်သည်။ (ခ)ကုလသမဂ္ဂသည် အဆိုပါ တိုင်းပြည်များအား ၄င်းတာဝန်များပျက်ကွက်ခြင်းမရှိစေရန်နှင့် အကူအညီပေးသွားရန်၊ (ဂ)ထိုသို့ဆောင်ရွက်ရပါက ကုလသမဂ္ဂပဋိဥာဉ်(၆၊ ၇၊ ၈)ပါ မည်သည့် ပြဌာန်းချက်နှင့်မဆို အသုံးပြုနိုင်သည်။ ကုလသမဂ္ဂပဋိဥာဉ် ၇ အရ လုံခြုံရေးကောင်စီအား စစ်ရေးသုံးခွင့်အာဏာအပ်နှင်းထားပါသည်။ (အာ-တူး-ပီ)၏နယ်ပယ်မှာ ကျယ်ဝန်းပေရာ သဘာဝဘေးများ၊ ရာသီဥတုဖေါက်ပြန်ခြင်းများနှင့် HIV/AIDS တို့လည်း အပါအ၀င်ဖြစ်ပါသည်။ (မှတ်သားရန်မှာ (နာဂစ်)လည်း အကြုံးဝင်ပါမည်။)

ကုလသမဂ္ဂတွင် တရုပ်၊ ကျူးဘားနှင့်မြောက်ကိုရီးယားတို့မှ “အပြည့်အ၀အချုပ်အခြာအာဏာပိုင်မှု" ဘက်က ကာကွယ် ပြောလေ့ရှိစေကာမူ၊ အမှန်စင်စစ် အချုပ်အခြာအာဏာပိုင်မှုဟူသည် အပြည့်အ၀ မရှိပါချေ။ ကြံ့ခိုင်သည့်တိုင်းပြည်များ၌ ပြည်သူပြည်သားများကို အကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟု ထောက်ပြသည်လည်းရှိသည်။ အာဏာ-ပါဝါ ကြီးသည့် နိုင်ငံတို့မှ ၄င်းတို့၏စံများကို အခြားတိုင်းပြည်များအပေါ် မဖြစ်ဖြစ်အောင်ကြိုးပမ်းသည်များမှာ ပြဿနာဖြစ်ရပြန်သည်။ ဥပမာ ပြင်သစ်တော်လှန်ရေးမှ ဒီမိုကရေစီကို၎င်း၊ အရင်းရှင်နိုင်ငံများမှ ဈေးကွက်စီးပွါးရေးစနစ်နှင့် ဒီမိုကရေစီစံများကို၎င်း၊ စစ်ရေးနည်းအရဖြစ်စေ၊ ကုန်သွယ်ရေး (ဂလိုဘယ်လိုက်ဇေးရှင်း) နည်းအရဖြစ်စေ၊ Export တင်ပို့နေခြင်းများ။ (မှတ်ရန်မှာ ဆိုဗီယက်ယူနီယံသည်လည်း အလားတူဆောင်ရွက်ခဲ့ပေသည်။)

အာရှတိုင်းပြည်များအား ဆန်းစစ်ပါက တရုပ်၊ မြောက်ကိုရီးယား၊ မြန်မာ နှင့် ဗီယက်နမ်တို့အား အစုတစု၊ ဂျပန်နှင့် တောင်ကိုရီးယားအား တစုနှင့် (အာစီယန်)အားတစုထား၍ သတ်မှတ်ခဲ့ကြဘူးသည်။ ၁၉၆၄ ကတည်းက ထောင်ခဲ့သည့် အိန္ဒိယဦးဆောင်သော (ဂျီ-၇၇)အုပ်စုသည်လည်း ခေတ်နောက်ကျဆဲအုပ်စုဟု သတ်မှတ်နိုင်ပါသည်။

(အာ-တူး-ပီ)သည် အနောက်အုပ်စုကလာသည့် တနည်းအားဖြင့် မြောက်ခြမ်းမှတောင်ခြမ်းအပေါ် သက်ရောက်စေသည့် ဖန်တီးမှုမဟုတ်ချေ။ အကြောင်းမူ အာဖရိကတိုက်သား ကုလအထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးသည် ယခုဖြစ်စဉ်အတွက် လွန်စွာ အရေးပါအရာရောက်သူများဖြစ်ကြသည်။ (ကင်ညာ)နိုင်ငံတွင် ၂၀၀၇ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုတွင် အာဖရိကယူနီယန်၊ ကုလအဖွဲ့ဝင် ထင်ရှားနိုင်ငံများနှင့် (ကိုဖီအာနန်) တို့မှ ၀င်ရောက် ဆောင်ရွက်-စွက်ဖက်ပေးခဲ့ခြင်းသည် မြောက်ခြမ်းနိုင်ငံတို့၏လက်ရာ မဟုတ်ပါချေ။

အချို့အရေးအခင်းများတွင် နိုင်ငံတကာဝင်ရောက်စွက်ဖက်ခြင်း လိုအပ်သည့်မှာ မှန်သော်လည်း၊ အောင်မြင်သည့် အရေအတွက်က နည်းပါသည်။ အောင်မြင်လိုလျင် သက်ရောက်ခံရသည့်နိုင်ငံ၊ တာဝန်သိအစိုးရများနှင့် ပါတနာ အဖွဲ့အစည်းများက Sovereignity အချုပ်အခြာပိုင်ဆိုင်မှု၊ Political will နိုင်ငံရေးဆန္ဒ၊ Mandates လုပ်ဆောင်ပိုင်ခွင့်နှင့် Resources အရင်းအမြစ်များတို့ ပေါင်းစုပတ်သက်ရန်လိုပါသည်။

ချုပ်လိုက်ပါက (အာ-တူး-ပီ)အား အဓိပ္ပါယ်ဖွင့်ဆိုရန်နှင့် အများသဘောတူညီရန်ဖြစ် လိုအပ်ပါသေးသည်။ အတွေးအခေါ် တရပ်အတွက်လိုအပ်သော သမိုင်းကာလအရဆိုလျင် ၅ နှစ်ဟူသည့် မျက်စိတမှိတ်အချိန်အတွင်း (အာ-တူး-ပီ) သည် တိုးတက်ပြောင်းလဲ လာနေပါပြီ။ နိုင်ငံတကာက လက်သင့်ခံကျင့်သုံးမည့် ဓလေ့ထုံးတမ်းဥပဒေအဆင့်ရောက်လာရန် အလားအလာရှိပြီး၊ ဆက်လက်၍ စကားစစ်ထိုးရန်မူ လိုအပ်ပါသည်။ ထိုကာလအတွင်း နည်းပညာအကူအညီ၊ စောစီးစွာ သတိပေးချက်၊ အန္ကရာယ်ဆန်းစစ်ချက်စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ပြဿနာများဖြစ်နိုင်ခြေ နည်းပါးစေပါမည်။

International Court of Justice (ICJ) ခေါ်နိုင်ငံတကာတရားရုံးမှ မကြာသေးမီက လူမျိုးပြုန်းတီးမှုကျူးလွန်သည်အား သက်ဆိုင်ရာတိုင်းပြည် State ၌တာဝန်ရှိကြောင်း ဖွင့်ဆိုခဲ့ပါသည်။ ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ကမ္ဘောဒီးယား၊ လက်ဗနွန်၊ ဆာရာလီယွန်း၊ အရှေ့တီမော၊ ကိုဆိုဗို အရေးအခင်းများအတွက် အပြည်ပြည်ဆိုင်ရာခုံရုံး Tribunal များ ဖွဲ့စည်း၊ စစ်ဆေး၊ အပြစ်ပေးခဲ့ပေသည်။ လူသားမျိုးနွယ်တုံးစေမှုအတွက်လည်း Nuremberg Tribunal မှအစပြုကာ နောက်ဆုံးအားဖြင့် International Criminal Court (ICC) ခေါ် နိုင်ငံတကာရာဇ၀တ်တရားရုံးကို Rome Statute ဖြင့် ၁၉၉၈ ကတည်းက တည်ထောင်ခဲ့ပြီးဖြစ်သည်။

၂၀၀၆ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် အမှတ် ၁၆၇၄ နှင့် ၁၇၀၆ တို့ချမှတ်ခဲ့ရာ (အာ-တူး-ပီ) အား အားဖြည့်ပေးခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၇ခုနှစ်အတွင်းက လူမျိုးပြုန်းတီးအောင်သတ်ဖြတ်ခြင်းဆိုင်ရာ ကိုယ်စားလှယ် တဦးနှင့် (အာ-တူး-ပီ) အကြံပေးတဦးတို့ကို အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်ထားပြီးဖြစ်နေပါပြီ။ Executive Committee on Peace and Security (ECPS) ခေါ်သည့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အလုပ်အမှုဆောင်ကော်မတီ တရပ်ကိုလည်း ကုလအတွင်း (အလွတ်သဘော) ဖွဲ့စီးပြီးပေပြီ။

(အာ-တူး-ပီ)ကို အမေရိကန်မှ အတိုင်းအတာတစုံတခုအထိ စိတ်ဝင်စားပြီး၊ ဥရောပနိုင်ငံအများစုက ထောက်ခံပေးသည်။ အာဖရိကနိုင်ငံများမှာ ထူးခြားသည်ဟုဆိုနိုင်ပါသည်။ ၂၀၀၅ ထိပ်သီးမတိုင်မီ ၅ နှစ်ကပင် African Union သည် အမှုကြီးသုံးရပ် ကျူးလွန်လျင် အာဖရိကညီလာခံမှ ၀င်ရောက်စွက်ဖက်ခွင့်ကို ပြဌာန်းခဲ့ပေသည်။ အာရှတွင်မူ အစိုးရများကသာမက အစိုးရမဟုတ်သောအဖွဲ့များကပင်လျင် လိုလားမှုမပြသေးပါချေ။

နိုင်ငံတကာဥပဒေက “အချုပ်ခြာအာဏာကို လူသားချင်းစာနာသည်ဖြစ်ပါစေ မကျူးကျော်ရ”ဟု ဆိုထားသည်။ ဤနေရာတွင် အကယ်၍ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ပြောင်ပြောင်တင်းတင်း ရှိနေပြီး၊ သက်ဆိုင်ရာအစိုးရမှ ကာကွယ်ရန်၊ တားဆီးရန် ဆန္ဒလည်းမရှိ၊ အစွမ်းလည်းမဲ့နေလျင် မည်သို့လုပ်ကြမည်နည်း။ ၄င်းပုစ္ဆာကို ၂၀၀၁ ကတည်းက မေးနေကြပါသည်။

မေးခွန်းများစွာအနက် တခုမှာ “အချုပ်အခြာအာဏာဟူသည် ကိုယ့်ပြည်သူတွေကိုသတ်ဘို့ လိုင်စင်ပေးထားခြင်းလော။”

(ယခင်)ယူဂိုဆလားဗီးယား၊ အီရတ်၊ ရ၀မ်ဒါတို့နှင့်အတူ မြန်မာ့ပြည်တွင်းရေး ဗရုတ်သုတ်ခအပေါင်းတို့၌ နိုင်ငံတကာ၏ ပျက်ကွက်နေမှုအပေါ် အားမရသည့်ဝေဖန်ချက်များ ထွက်ပေါ်နေဆဲဖြစ်ပါသည်။

ကမ္ဘောဒီးယား (၁၉၉၀)၊ လိုက်ဘေးရီးယား (၁၉၉၂)၊ ရ၀မ်ဒါ (၁၉၉၃)၊ ဟေတီ (၁၉၉၃)၊ ရီမင် (၁၉၉၄)၊ အာဖကန်နစ္စတန် (၁၉၉၆)၊ ဆာရာလီယွန်း (၁၉၉၇)တို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ရသည့် အကြောင်း တရားများထက် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များက ပိုများပါသည်ဟု DLA Piper ခေါ် နိုင်ငံတကာဥပဒေ အကျိုးဆောင်အဖွဲ့ကြီး၏စာတမ်းက အခိုင်အမာဆိုထားပြီးဖြစ်ပါသည်။

ဒီမိုကရေစီအားသတ်ခြင်းကို “ဒီမိုဆိုက်”ဟု ခေါ်သည့် အသုံးသစ်သည်လည်း မြန်မာပြည်နှင့်လုံးဝဆိုင်နေပါသည်။

တင့်ဆွေ

A Wedding in front of Insein Prison (NEWS POEM)

ဆူးကြားက ဗူးခါးလေးတွေ ထူးခြားမှာမင်္ဂလာဆောင်
- July ကောင်း -



နာဂစ်ကိုကူညီလို့ ထောင်(၁ဝ)နှစ်ချခံရတဲ့
ကိုခင်မောင်ဝင်း၊ သူ့ကိုချစ်လွန်းလို့
အင်းစိန်ထောင်ရှေ့က ထူးခြား လက်ဖက်ရည်ဆိုင်မှာ
စီရင်ချက်ချတဲ့နေ့ လက်ထပ်ခဲ့တဲ့ မပန်းဖြူဖြူ
လေးစားတယ်ဗျာ ခင်ဗျားတို့အချစ်
ကြားကြားချင်း ရင်နင့်ခဲ့ရပါတယ်။

ဘက်ချလာနိုက် (Bachelor Night) ပဲခူးထောင်မှာပဲ
တစ်ယောက်တည်း လုပ်တော့ကိုယ့်လူ
ရင်ခုံစရာကောင်းတဲ့ မင်္ဂလာဦးညကို
တစ်ကိုယ်တည်းပဲ စိတ်ကူးယဉ်တော့ ပန်းဖြူဖြူ
ဖြေသိမ့်စရာလေးတော့ မင်္ဂလာလက်ဖွဲ့ပေးလိုက်ချင်ပါတယ်
ခင်များတို့လို ရင်နင့်စွာနဲ့ ခွဲခဲ့ရတဲ့ချစ်သူတွေ
ဒီခေတ်မှာ အများကြီးရှိနေပါတယ်။

ယောက်ျားရှိလျက်နဲ့ လင်ကို အသေလိုသဘောထား
မုဆိုးမလုပ်နေရတဲ့ မိန်းမသားတွေ
ကျုပ်တို့မြန်မာပြည်မှာ အများကြီးပဲဗျ
မိန်းမကထောင်ကျလို့ ကလေးတွေနဲ့ နေနေရတဲ့ လင်သားတွေ
အဖေရောအမေရော ထောင်ကျလို့
နီးရာဆွေမျိုးနဲ့ ကပ်နေရတဲ့ ရင်ခွင်မဲ့သားတွေ
ဒုနဲ့ဒေးပါဗျာ
အမေရှိလျက်နဲ့ အမေလို့ခေါ်မရတဲ့အခြေအနေ
မြေရှိလျက်နဲ့ ပြေးနေရတဲ့ကျုပ်တို့ဘဝတွေ
အဖေရှိလည်း ခေါ်မရပါဘူးဗျာ
ဒီတော့ ရင်နင့်ပေမဲ့ အဆင်သင့်မဖြစ်သေးတဲ့
ကျုပ်တို့ တော်လှန်ရေး မပြီးခင်
ဒါလေးတွေကို ယှဉ်တွေးပြီး ဖြေပေးပါလို့
မင်္ဂလာ လက်ဖွဲ့ပါးလိုက်ပါရစေ
တစ်နေ့တော့ ။ ။

July ကောင်း

(၂ဝဝ၉ ဇန်နဝါရီ (၅)ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁ဝ) နှစ်ကျခံရပြီး
အဲဒီနေ့မှာပဲ အင်းစိန်ထောင်ဝက ထူးခြားလက်ဖက်ရည်ဆိုင်မှာ မင်္ဂလာဆောင်ခဲ့တဲ့
သတို့သား ကိုခင်မောင်ဝင်းနဲ့ အပြင်မှာ ၁ဝနှစ်စောင့်နေရမယ့် သတို့သမီး မပန်းဖြူဖြူအတွက်)

06 January 2009

BEES

ပျားများ



သေဆုံးသွားသော
ပန်းပင်ကလေး၏ အသက်ကိုကျောပေး၍
ဖူးပွင့်လာမည့် ပန်းပွင့်အရေအတွက်ကို
ငြင်းခုန် ခွဲဝေ နေကြသည် ။ ။

ကျော်သက်လွင်

(“ချယ်ရီ” ရသစုံမဂ္ဂဇင်း၊ ၂၀၀၉၊ ဇန်န၀ါရီလ၊ အမှတ် ၁၆၀ ပြည့် အထူးထုတ်၊ စာမျက်နှာ- ၁၄၀ မှ ကူးယူတင်ဆက်သည်။)
--------------------------------------------------------------------------------

POEM PHOTO FROM

04 January 2009

Rights and Freedom in Prison

လူ့အခွင့်အရေးထောင် (သို့မဟုတ်)
လွတ်လပ်စွာနေရသော ထောင်

- ယမထာ -


ယခု နှစ်ဆယ့်တစ်ရာစု ခေတ်ကြီးထဲ၌ လွတ်လပ်စွာ နေရသော ထောင်ရှိသည်ဆိုလျှင် စာရှုသူ အဆွေတို့ ယုံကြည်ကြပါမည်လော။

ရှိခဲ့ပါသည်။ တကယ်ရှိခဲ့ပါသည်။ ရှိခဲ့သည်။ ယခု နှစ်ဆယ့်တစ်ရာစုမရောက်မီ လွန်ခဲ့သော ၁၉၄၆ ခုနှစ်ခန့်ကပင် ကျွန်ုပ်တို့ လူသား ကမ္ဘာမြေပေါ်မှ လူသားများနေထိုင်ရာ တိုင်းပြည်တစ်ပြည်တွင် ရှိခဲ့ပုံကို

အောက်တွင် ဆက်လက် ရှုစားပါ။
(ယခု အချိန်ထိ ရှိမရှိကို စာရှုသူ သုတေသီ ပညာရှင်များ ဆက်လက်လေ့လာကြစေလိုပါသည်။)
--------------------------------------------------------------------------------------------

“အုဠ်တံတိုင်းကာတိုင်း ထောင်မဖြစ်” ဟု ထင်ရှားသော အင်္ဂလိပ်ကဗျာရှိရာ သြစတြေးလီယားပြည်၊ ကွင်းစလန်နယ်၏ မြို့တော် ဘရစ္စဘိန်းမြို့မှ မိုင် ၃၀ ကွာဝေးသော “ပါလန်း-ကရစ်” အရပ်ရှိ အကျဉ်းထောင်မှာ ထိုစာပိုဒ်ကလေးနှင့် တပြေးတည်း ညီညွတ်လှပေသည်။ အကြောင်းသော်ကား ထိုထောင်တွင် သံတိုင် သံချိုင့်များ အစောင့် စန္ဒရီများ၊ အစောင့်ခွေးကြီးများမရှိ၊ အကျဉ်းတိုက်ခန်းကလေးများ ပြုလုပ်ကာ အုဠ်တံတိုင်းကာရံထားခြင်း မရှိပေ။ ထောင်အ၀င်ပေါက်တွင် “တံခါးပြန်ပိတ်ခဲ့ပါ” ဟူသော စာဆွဲထားခြင်းကို ထောက်သဖြင့် ၀င်ချင်ဝင် ထွက်ချင်ထွက် လွတ်လပ်ခွင့် မည်မျှ ရှိသည်ကို သိသာပေသည်။

ထောင်ကျနေသူတို့မှာ အချုပ်ခန်းနှင့် မနေကြရပေ။ ၈ ပေ စတုရန် ကျယ်သော ကိုယ့်တဲနှင့်ကိုယ် နေကြရ၍ “စပရိန်”မွေ့ရာ၊ ကုလားထိုင်၊ စားပွဲ၊ လေသာပြူတင်းနှင့် နေကြရလေသည်။
(ယခုခေတ် ကျွန်ုပ်တို့ ရန်ကုန်စသော မြို့ကြီးများရှိ မိသားစုများနေကြရသော အခန်းငှားများဖြင့် နှိုင်းယှဉ်ကြည့်ကြစေလိုပါသည်။)
ဤသို့ ပြုလုပ်ပေးထားခြင်းမှာ “အလင်းရောင် ရစေရန်” ဖြစ်ပေသည်။ အလင်းရောင်ကို ပိတ်ဆို့ထားခြင်းကို မလိုလားချေ။

ထောင်ကျနေသူတို့မှာ သူခိုးကလေးမှ လူသတ်တရားခံအထိ ဖြစ်၏။ ယခုရှိနေကြသော လူသတ်မှု ကျူးလွန်သူများမှာ ၈ ဦးရှိရာ ထိုသူတို့သည် ဖောက်ထွင်းထွက်ပြေးလိုက ဘယ်အချိန်မဆို ထွက်ပြေးနိုင်ကြ၏။

သို့သော် တစ်ယောက်မျှ မပြေးကြချေ။ ၁၁ နှစ်အတွင်း ဤထောင်ထဲသို့ ကျရောက်လာသူ ၁၀၀၀ ကျော်အနက် ၆ ယောက်လောက်သာ ထွက်ပြေးရန် ကြိုးစားဘူးလေသည်။
(ဤသို့ ဆိုလျှင် ၄၆ ခုနှစ်မှ နောက်သို့ ပြန်၍ ရေတွက်သည်ရှိသော် ၁၉၃၅ ခုနှစ်မှ ဤထောင်ကို စတင်သည်ဟု သိရာ၏။ သို့အတွက် လူ့အခွင့်အရေးကြေညာစာတမ်းမဆိုထားဘိ ကုလသမဂ္ဂအဖွဲ့ပင် မပေါ်ပေါက်သေးကြောင်း သတိချပ်ရာ၏။)

ဤထောင်သို့ ၀င်နိုင်ရန်မှာ အကျဉ်းခံရသူသည် ထွက်ပြေးရန် အားမထုတ်ပါ။ အကျင့်စာရိတ္တ မဖောက်ပြားပါဟု ဂတိပေးရလေသည်။ ထိုသို့ ဂတိပေးပြီး ၀င်ရောက်ခွင့်ရသည့် နေ့မှ စ၍ ထိုသူသည် ဥပဒေအရ “ထောင်သား”ဟူသော မိမိအဖြစ်ကို မေ့ပျောက်စွာနေနိုင်အောင် အရာရာအဘက်ဘက်က စီမံပြုလုပ်ပေးခြင်းကို ခံစားရလေသည်။

ထိုသူမှာ ထောင်အ၀တ်အစား မ၀တ်ရ။ ထောင်အစောင့်အရှောက်တို့ကိုလဲ ထောင်မှူးကြီး သခင်ကြီး စသည့် အခေါ်မျိုးဖြင့် မခေါ်ဘဲ “ဂျွန်” “ဟယ်ရို” စသဖြင့် မိတ်ဆွေရင်းကဲ့သို့ နာမည်ကို အဖျားဆွတ်၍ ခေါ်ခွင့်ရှိကြသည့်ပြင် “ထောင်”ဟူသောစကားနှင့် ၄င်း၏ ဆိုင်ရာ အသုံးအနှုန်းတို့ကို အပြောအဆို မရှိကြချေ။

စည်းကမ်းအချုပ်အချယ်ကိုလည်း နည်းပါးနိုင်သမျှ နည်းပါးအောင် ပြုလုပ်ထားလေသည်။ ထိုသူတို့သည် နံက်စောစော ထကြရ၍ စားဖိုဆောင်တွင် အများနှင့် ရောနှော နံက်စာစားကြပြီးနောက် နေ့လည်စာ ထုပ်ပိုးသယ်ယူ၍ “အလုပ်”ဆင်းကြရသည်။ အလုပ်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်ပင်ကြံပင် ခုတ်လှဲခြင်းများဖြစ်၍ ညနေ ၅ နာရီတွင် ပြန်၍ ၀င်ကြရရာ တံခါးပြန်၍ ပိတ်ခဲ့ဘို့ မမေ့ကြချေ။

ညာစာစားပြီးနောက် ဘိလိယက် (သို့မဟုတ်) စစ်တုရင်ထိုးခြင်း၊ စာကြည့်ခန်းတွင် စာအုပ် သတင်းစာဘတ်ခြင်း၊ ရေဒီယို နားထောင်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြလေသည်။ တားမြစ်ထားသော ကစားနည်းတစ်ခုတည်းသာ ရှိရာ၊ ၄င်းမှာ ဖဲကစားခြင်း ဖြစ်သည်။ ထို့နောက် ၉ နာရီ မထိုးမီ အိပ်ယာ ၀င်ကြရသည်။

လူတစ်ယောက်လျှင် တနေ့ အလုပ်လုပ်ခ ၄ ပဲ ရ၍ ထောင်မှ ထွက်သည့်အခါ သုံးစွဲရန် ဘဏ်တွင် အပ်ပေးထားလေသည်။
(ကျွန်ုပ်တို့ တိုင်းပြည်၊ အင်္ဂလိပ်လက်အောက် လွတ်လပ်ရေးကာလမှ ထောင်ကျနေသော နိုင်ငံရေး သုခမိန် ဘကြီးဘဖေတို့ ဒေါက်တာဘမော်တို့ ထောင်တွင်း နေရစဉ် တလ လခ ၅၀၀ိ ရကြသည်နှင့် နှိုင်းယှဉ်ကြည့်စေလိုသည်။)

ထောင်မှ ထွက်သည့်အခါ တိုင်း၍ချုပ်ပေးသော ၀တ်စုံတ်စုံနှင့် အလုပ်ကိုပါ ရှာ၍ ပေးလေသေးသည်။ အလုပ်ရှင်ကိုလည်း သူ့အကြောင်းအသိပေးထားသဖြင့် ထိုသူမှာ တနေ့နေ့ “ဘူး”ပေါ်၍ အလုပ်ထုတ်ပစ်ခံရမည်ကို ကြောက်လန့်နေရန် မရှိတော့ချေ။ အလုပ်ရှင်သည် အကြောင်းသိထားသဖြင့် “လမ်းဖြောင့်” တို့ကိုသာ ကူညီ အားပေးလေတော့သည်။

ဤသို့အားဖြင့် အကျိုးကိုသာ ဖြစ်စေသည့်အလျောက် ဤကဲ့သို့ ထောင်များ ပြုလုပ်လျက်ရှိကြလေပြီ။ ဤစံနစ်အရ ထောင်စရိတ် အကုန်အကျလည်း လွန်စွာ နည်းပါးပြီး ထောင်မှ ထွက်၍ နောက်ထပ် ရာဇ၀တ်မှု ပြုခြင်း အလွန်နည်းလေသည်။
--------------------------------------------------------------------------------------------

၁၉၄၆ ခုနှစ်၊ ၅ လပိုင်းထုတ် “ဇ၀န” ဂျာနယ်မှ ကူယူဖော်ပြအပ်သော ဤဆောင်းပါးကို ဖတ်ရှုရခြင်းဖြင့် လူ့အခွင့်အရေးဟူသည် စာရွက်ပေါ်၌ရှိနေခြင်းကို ခေါ်သည်မဟုတ်။ လူစိတ်ရှိသော လူသား အချင်းချင်း ကိုယ်တိုင် ဒိဋ္ဌ ကျင့်သုံးရခြင်းသာလျှင် လူ့အခွင့်အရေးအစစ်ဖြစ်ကြောင်း စာရှုသူများ ရိပ်မိတန်လောက်ပြီဟု ယုံကြည်မိပါသည်။

သို့အားလျော်စွာ ယခုကဲ့သို့ တိုးတက်ယဉ်ကျေးလာသော ဂလိုဘယ်ခေတ်ကြီး၌ လူ့အခွင့်အရေး ကျင့်သုံးသော ဗမာပြည်ထောင်များ ပေါ်ပေါက်ပါစေ ဟု ဆုတောင်း အပ်ပါသတည်း။

ယမထာ

(၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအတည်ပြုခြင်း နှစ် (၆၀)ပြည့် နှင့်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့တွင် ကျရောက်သော ဗမာပြည်၏ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့များအတွက် (၇၄) နှစ်ပြည့် လူ့အခွင့်အရေးထောင်အကြောင်း ပြန်လည် တင်ဆက်အပ်ပါသည်။)

-------------------------------------------------------------------------------------------------

Family members of Myanmar prisoners wait in front of Insein Prison, north of Yangon (AFP PHOTO)

----------------------------------------------------------------------------------------------------------