Showing posts with label REFERENDUM. Show all posts
Showing posts with label REFERENDUM. Show all posts

10 March 2010

Comments on 2010 Nargis Election & Parties Laws

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဆိုသည်မှာ

(၂၀၁၀ ခုနှစ်၊ မတ်လ ၁၀ ရက်)

လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့် လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀)

အီးမေးလ်မှ တစ်ဆင့် လက်ခံရရှိသည်။ လွှဲပြောင်းပို့ပေးသူ အား အထူးကျေးဇူးတင်ပါ၏။

5 10 Commentary

2010 Election & Parties Law Based on 2008 Nargis Constitution

Unfair Election & Party Law 2010


အီးမေးလ်မှ တစ်ဆင့် လက်ခံရရှိသည်။ လွှဲပြောင်းပို့ပေးသူ အား အထူးကျေးဇူးတင်ပါ၏။

11 May 2008

SPDC'S TRICKS ON VOTING

"စစ်အဆိုးရ၏ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ လိမ်နည်း၊ ညစ်နည်းများ"

Photo (AFP)

(အထက်အဆင့်တွင် အများသိပြီးသည့်အတိုင်း နအဖ၏ လူစုံအကုန် မဟုတ်တာလုပ်ကြသည်။
အခြေခံအဆင့်တွင် ပြုလုပ်သူများမှာ ရယက၊ ကျေးရွာရယက၊ ကြံဖွတ်၊ စွမ်းအားရှင်များ)



မေ (၁၀)ရက်မတိုင်မီ

၁။ အမှန်မခြစ်လျှင် ဘာဖြစ်မည်ညာဖြစ်မည် (ထောင်သုံးနှစ်ကျသွားမည်တောင်ပါလိုက်သေး) ဟု သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ခြိမ်းခြောက်ကြသည်။ (ရွာများတွင် ပိုဆိုးသည်။)

၂။ ကြိုတင်မဲများကို အိမ်တိုင်ရာရောက် လိုက်လံကောက်ခံသည်။ သူတို့ကိုယ်တိုင်တောင် အမှန်ခြစ်၊ ခြစ်ပေးလိုက်သေးသည်။ ပြီးမှ စာအိတ်ထဲထည့် သူတို့ယူသွားသည်။ (ရွာများတွင် ပိုဆိုးသည်။ တစ်ရွာလုံး ကြိုတင်မဲ အမှန်ခြစ်များ ရယူသွားသည်များရှိသည်။)

၃။ အချို့ရပ်ကွက်များတွင် ရယက ဥက္ကဌကိုယ်တိုင် အိမ်တိုင်ရာရောက်လိုက်လံပြီး မဲထည့်ရမည့် (၁၀)ရက်နေ့တွင် မဲထည့်မည့် စာရင်းပါ လူများ မဲရုံကို လာစရာမလိုတော့ကြောင်း။ ခင်ဗျားတို့ကိုယ်စား ကျွန်တော်တို့က တာဝန်ယူပြီး မဲထည့်ပေးမည်ြ ဖစ်ကြောင်းပြောဆိုကာ အမှန်ခြစ်များကို အဓမ္မရယူသွားသည်။

၎။ လူထုမှာ အခြေခံဥပဒေဆိုတာ ချို(ဂျို)နဲ့လားဟု မေးရမလိုပင် စိတ်လည်းမ၀င်စား၊ သဘောလည်းမပေါက်၊ ကြောက်တာသာ သိကြသည်။ ဒီကြားထဲ နာဂစ်မုန်တိုင်းကြောင့် လူတွေမှာ သနားကရုဏာကိစ္စဘက် ရောက်ကုန်ကြသည်။ ဒါကို နအဖ က အခွင့်ကောင်းယူပြီး ဇွတ်အတင်း (လူမဆန်စွာ၊ နာဂစ်မုန်တိုင်းခံ ပြည်သူပြည်သားများကို ရက်စက်စွာမေ့ထားပြီး) ဆန္ဒခံယူပွဲကို မေ(၁၀)ရက်မှာပင် ပြုလုပ်သွားသည်။

မေ (၁၀)ရက်နေ့

၁။ မဲရုံများတွင် စစ်ထောက်လှမ်းရေး၊ ရိုးရိုးနအဖသတင်းပေးများ၊ ရယက၊ ကျေးရွာရယက၊ ကြံဖွတ်၊ စွမ်းအားရှင်များနှင့် ပြည့်နှက်နေသည်။

၂။ မဲရုံအ၀တွင် ကြိုတင်၍ YES အင်္ကျီများဝတ်ပြီးလမ်းသလားပြသည်။ အမှန်ခြစ်သာ ခြစ်ကြဖို့ ပေါ်တင်လောဆော်သည်။ အော်လန်ကြီးနှင့် အော်ကြသည်ပင် ရှိသည်။ မဲရုံထဲ ရောက်သွားတော့လည်း အမှန်သာ ခြစ်ကြဖို့ မဲထည့်မည့်သူကို ဖိအားပေးပြောဆိုကြသည်။

၃။ မဲထည့်ရန်လာသူများအား မဲရုံထဲတွင် ရောက်ရှိကြောင်းလက်မှတ်သာ ထိုးခိုင်းပြီး မဲထည့်ရန်လက်မှတ်များကို မပေးတော့ဘဲ ပြန်လွှတ်ခဲ့သည်များလည်း ရှိသည်။

၎။ အချို့မဲရုံထဲတွင် မဲထည့်ရန်လာသူများကို ဆီးကြိုပြီး မဲလက်မှတ်များရယူ၍ သူတို့ဘာသာ အမှန်ခြစ် ယူခြစ်ပစ်လိုက်ကြပြီး မဲပုံးထဲ ထည့်လိုက်ကြသည်။
ပြည်သူများက ကိုယ်တိုင်ထည့်ခွင့်မရှိ။

၅။ မဲရုံပိတ်ပြီး အမှန်တွေ ဇွတ်ခြစ်ပစ်တာမျိုးလည်း ကြားရသည်။

၆။ မဲထည့်ရန်လာသူများကလည်း ဘာမှန်းမသိဘဲ အရိုးစွဲ အကြောက်တရားဝါဒီများက အများစု ဖြစ်ရာ အမှန်တွေသာ စွတ်ခြစ်ကြသည်။
အလိုတော်ရိများကမူ အမှန်ခြစ်ခြစ်ပြီး မဲစာရွက်ကိုပင် မခေါက်တော့ဘဲ မဲပုံးဘေးက အစောင့်ကိုတောင် ပေါ်တင်ပြသပြီးမှ မဲပုံးထဲထည့်သည်။

၇။ ညနေမဲစာရင်းရေတွက်ကြတော့လည်း ၁၀ ဦးစာရင်းတွင် စစ်ထောက်လှမ်းရေး၊ ရိုးရိုးနအဖသတင်းပေးများ၊ ရယက၊ ကျေးရွာရယက၊ ကြံဖွတ်၊ စွမ်းအားရှင်များ က အများစု ဖြစ်သည်။ ပြည်သူအစစ်မပါသလောက်။

၈။ မဲရေတွက်ရာတွင် စောင့်ကြည့်သော ၁၀ ဦးတွင် ပြည်သူအစစ်များပါဝင်ပါကလည်း ထိုပြည်သူအစစ်များ ပြန်သွားသောအခါကျမှ မဲများကို

အမှန်ခြစ်များနှင့် အပြိုင်အဆိုင်လဲလှယ်လိုက်ကြသည်လည်း ရှိသည်။

၉။ ညနေ စာရင်းများချုပ်တော့ YES က NO ကို မတရားသော နည်းလမ်းများသုံးပြီး မဲရုံအများစုတွင် အနိုင်ရရှိသွားကြောင်း သတင်းများ ရရှိပါသည်။

(သို့သော် ဘာတွေဘယ်လိုပဲ မဟုတ်တမ်းတရားအတည်ပြုပြု တစ်ရက်တည်းနဲ့တောင် ဖျက်နိုင်ရင် ကိစ္စပြတ်ပါတယ်ဗျာ။ လူထုစိန်ဝင်းပြောသလို လူထုအားသာ အခရာပေါ့ဗျာ။)

Email ဖြင့် သတင်းပေးပို့သူ - မောင်မည်း

01 May 2008

ပြိုင်တူ ခြိမ်းမှ ဟိန်းမယ့် မိုး

(၁) ကျနော်တို့အားလုံး No

ရဲဘော်များ မိတ်ဆွေများခင်ဗျား

၂၀၀၇ ခုနှစ်ရဲ့ သြဂုတ်၊ စက်တင်ဘာလများက အစပြုခဲ့တဲ့ မြန်မာနိုင်ငံပြည်သူများရဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးက ဒီကနေ့အထိ အရှိန်အဟုန်မြင့်မားစွာနဲ့ ချီတက်နေဆဲပါပဲ။ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်တုံ့ပြန်မှုများအောက်မှာ ဒူးမထောက် ဦးမညွတ်ပဲ လမ်းခွဲခဲ့ရတဲ့ရဲဘော်များကို ကြေကွဲစွာ နှုတ်ဆက်၊ အိပ်မက်အသစ်တွေမွေးဖွား၊ အနာဂတ်ကို တည်ဆောက်မဲ့ ခင်ဗျားတို့ရဲ့ လက်များဟာ သန်မာနေဆဲ၊ ခင်ဗျားတို့ရဲ့ ရင်ခုန်သံတွေဟာ ရဲရင့်နွေးထွေးနေဆဲ၊ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်များက လတ်ဆတ် တောက်ပနေဆဲ၊ မြန်မာနိုင်ငံ ဒုတိယလွတ်လပ်ရေးတိုက်ပွဲရဲ့ အောင်ပန်းကို မကြာခင်မှာ ခင်ဗျားတို့ ဆင်မြန်းနိုင်ကြတော့မယ် ....... ကျနော်ယုံကြည်မိပါရဲ့ ..... ။

၁၉၈၈ ခုနှစ်ကစခဲ့တဲ့ အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးဟာ အနှစ် ၂၀ ထဲကို ရောက်ရှိလာသလို လူထုတိုက်ပွဲရဲ့ ပုံသဏ္ဍာန်ဟာလည်း ပြောင်းလဲခဲ့ပါပြီ။ ဒီကနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးရဲ့ အထွဋ်အထိပ်တိုက်ပွဲကို ရောက်ရှိနေပါပြီ။ စစ်အာဏာရှင်တွေက တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ဖို့အတွက် သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ စစ်ကျွန်ပြုရေးဥပဒေကို တဖက်သတ်ပြဌာန်း အတည်ပြုဖို့ ကြိုးစားနေပါပြီ။ ဒီပွဲမှာ သူတို့အောင်မြင်ခဲ့ရင် ကျနော်တို့ရဲ့ ၁၉၉၀ ရွေးကောက် ပွဲရလဒ် ထာဝရ ဆုံးရှုံးရတော့မယ်။ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ တရားဝင် ဖြစ်လာပြီး ကျနော်တို့ပြည်သူတွေ သားစဉ်မြေးဆက် စစ်ကျွန်ဘဝ ရောက်ကြရတော့မယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုများ အရေးတွေဟာ စစ်ဖိနပ်များအောက် မှာ နာကျင်ကြရတော့မယ်။

စကားတခု ကြားဖူးပါတယ်။ “တိုက်ပွဲပုံသဏ္ဍာန်ကို ရန်သူက ဖန်တီးပြီး တိုက်ပွဲရဲ့အရှိန်အဟုန်က ညီညွတ်မှုကို တည်ဆောက် ပေးတယ်” တဲ့။ ဘယ်သူဘယ်ဝါက ပြောခဲ့သလဲ မမှတ်မိတော့ပါ။ ဒါပေမယ့် ကျနော်တို့အတွက် သိပ်ကိုမှန်ကန်တဲ့ စကားပါပဲ။ နအဖက သူတဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်လိုက်တာဟာ ဒီမိုကရေစီ အင်အားစုများ အတွက် တိုက်ပွဲပုံသဏ္ဍာန်ကို ဖန်တီးပေးလိုက်တာပါပဲ။ “မြန်မာပြည်ကို ရာသက်ပန် အုပ်ချုပ်တော့မယ်ဟေ့”လို့ စစ်ဘီလူးများက ကြွေးကြော်လိုက်တာဟာ မြန်မာပြည်သူလူထုကို စစ်ကြေငြာလိုက်တာပါပဲ။ စိန်ခေါ်လိုက်တာပါပဲ။ ဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်လိုက် ပါတယ်။ စစ်အာဏာရှင်စနစ်ကို လုံးဝ(လုံးဝ) အလိုမရှိဘူးလို့ မြန်မာပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား ကြေငြာခဲ့ကြသလို၊ အခုလာမယ့် မေလ လူထုဆန္ဒခံယူပွဲမှာလည်း ထပ်မံ ပြတ်ပြတ်သားသား ကြေငြာကြမှာပါ။ နအဖရဲ့ စစ်တပ်အကျိုးပြု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ကန့်ကွက်ကြမှာပါ။

ဒီတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်က ကြီးမားလွန်းပြီး ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့် အခြေအနေမျိုးမို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။ ကျနော်တို့အားလုံး ပြည်တွင်းပြည်ပ ဘယ်လောက်ပဲဝေးဝေး။ အရောင်တွေ ဘယ်လိုပဲကွဲကွဲ၊ အဖွဲ့အစည်းတွေ ဘယ်လိုပဲများများ၊ စစ်အုပ်စုရဲ့ မိစ္ဆာချောက်ကမ်းပါးကြီးထဲကို ကျဖို့ တည်းတည်းလေးဖြစ်နေတဲ့ ကျနော်တို့အမိမြေကို ကယ်တင်ဖို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။

နှစ်ပေါင်းများစွာ ကျနော်တို့ အားမလိုအားမရ ဖြစ်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကြီးများကလည်း ဒီအမြင့်မား ဆုံးတိုက်ပွဲမှာ ရဲရဲရင့်ရင့် ရှေ့တန်းကရပ်လို့၊ ၁၉၈၈ နောက်ပိုင်းမှာမှ မွေးဖွားကြတဲ့ လူငယ် ကျောင်းသားကလေးတွေကအစ လက်နှစ် ဖက်ကို ကြက်ခြေခတ်လို့၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ တပ်မတော်သား မိသားစုဝင်များကအစ “No”လို့ တဖွဖွ ရေရွတ်ကြလို့၊ တိုင်းရင်းသားလူမျိုးစုများကလည်း “No”၊ ပြည်ပရောက်မြန်မာများကလည်း “No” ဆရာတော် သံဃာတော်များကလည်း “No”၊ နံမည်ကျော်အနုပညာရှင်များကလည်း “No”၊ ကျနော်တိုဏ္ဍအားလုံးရဲ့ တညီတညွတ်တည်း ကြွေးကြော်သံက “No”၊ စစ်တပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း “No”၊ စစ်တပ်ကိုလည်း “No”၊ မတရားတဲ့ အုပ်စိုးမှုမှန်သမျှကိုလည်း “No”၊ ဒီထက်ရှင်းတာ မရှိနိုင်တော့ပါဘူး။

(၂) နအဖရဲ့ ခြေလှမ်းများ

ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ နအဖစစ်အုပ်စုဟာ မတရားမှုများနဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ မိစ္ဆာတွေပါ။ တချို့က ‘ဗိုလ်သန်းရွှေက ဆန္ဒခံယူပွဲကို သေသေချာချာ တွက်ဆပြင်ဆင်ခြင်း မရှိပဲ ခေါ်ယူလိုက်တာ’လို့ တွက်ဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလမှာ ခေါ်ယူဖို့ ကြေငြာတာနဲ့ တပြိုင်တည်းမှာပဲ ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ မှာ ကျင်းပဖို့ ကြေငြာတာ ဟာဖြင့် ဒီအတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုဖို့ စစ်အာဏာရှင်များက ပိုင်းဖြတ်ထားကြောင်း သိသာ ထင်ရှားတဲ့ အထောက်အထားပါပဲ။ စစ်အုပ်စုဟာ ၂၀၀၈ မေ ဆနခြံယူပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရအောင် ကြိုးစားမှာပါ။

နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ပြည်သူလူထုကို ထောက်ခံမဲပေးကြဖို့ အကြီးအကျယ် စည်းရုံးနေပါတယ်။ နေရာဒေသ အနှံ့အပြားမှာလည်း ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး ထောက်ခံမဲ ပေးခိုင်းနေပါတယ်။ နအဖရဲ့ ဝန်ကြီးတွေ၊ ဝန်ကလေးတွေ၊ ဗိုလ်ချုပ်တွေ နေရာအနှံ့အပြားကို သွားပြီး ခြိမ်းခြောက်လိုက်၊ လှည့်ဖျားလိုက်၊ လာဘ်ထိုးလိုက် လုပ်နေတာကတော့ မကြားချင်မှ အဆုံးပါပဲ။ တချိန်တည်း တပြိုင်တည်းမှာပဲ ပြည်သူလူထုကို ကန့်ကွက်မဲပေးဖို့ ဦးဆောင်စည်းရုံးနေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာဖြင့် နအဖ ငှားရမ်းထားတဲ့ ကြေးစားလူမိုက်များရဲ့ တိုက်ခိုက်မှုအောက်မှာ နာကျင်ကြ၊ ဒဏ်ရာရကြ၊ အဖမ်းအဆီးခံကြရနဲ့ .....။

နအဖက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ရေးအတွက် လိုအပ်တဲ့ ထောက်ခံမဲ ပမာဏကိုလည်း မြင့်မြင့် မားမား မသတ်မှတ်ထားပါဘူး။ ဒီဖွဲ့စည်းပုံကို နောင်တချိန်မှာ ပြန်ပြင်မယ်ဆိုရင် လွှတ်တော်မှာ ၇၅% ကျော် ထောက်ခံမဲနဲ့ လူထုဆန္ဒခံ ယူပွဲမှာ ၅၀%ကျော် ထောက်ခံမဲ လိုမှာ ဖြစ်ပေမယ့် ဒီဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲမှာ အတည်ပြုဖို့အတွက်တော့ မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၂၅% ကျော်သာ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံလူဦးရေကို ၅၆ သန်းလို့ ခန့်မှန်းပြီး မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းလို့ ခန့်မှန်းတဲ့ အတွက် ဒီဖွဲ့စည်းပုံကို မဲပေးပိုင်ခွင့်ရှိသူ ၈ သန်းကျော်လောက်က ထောက်ခံရုံနဲ့ အတည်ပြုမှာပါ။

ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးမှာ သေချာသလောက်ရှိတဲ့ နိုင်ငံသား တော်တော်များများဟာလည်း မဲပေးခွင့် မရကြပါဘူး။ အခုပြုလုပ်ခဲ့ ပြုလုပ်နေဆဲဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား အစရှိတဲ့ ပြည်ပနိုင်ငံများမှာရှိတဲ့ မြန်မာသံရုံးများက ကြိုတင်မဲဆန္ဒပေးပွဲများကို လေ့လာ ကြည့်မယ်ဆိုရင် ပြည်ပရောက်မြန်မာနိုင်ငံသား အများစု၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် တသန်းကျော်ဟာ မဲပေးခွင့် ဆုံးရှုံးနေတာ တွေ့ရပါတယ်။

ပြည်တွင်းမှာလည်း သူတို့ကိုယ်တိုင် ပြဌာန်းထားတဲ့ ဆန္ဒခံယူပွဲဥပဒေကို ချိုးဖေါက်ပြီး ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာနတွေမှာ၊ ဆရာ ဆရာမတွေကို သက်ဆိုင်ရာကျောင်းတွေမှာ မဲရုံဆောက်ခွင့် မရှိပဲ မဲရုံဆောက်ပြီး ကြိုတင်မဲပေးခိုင်းနေတာဟာ ကြီးမားတဲ့ မတရားမှုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်ရင် ထောင်ဒဏ် တသက်တကျွန်း၊ ဆန္ဒခံယူပွဲကို နှောက်ယှက်ရင် ထောင်ဒဏ် ၃ နှစ် စတဲ့ ဥပဒေတွေနဲ့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး အကာအကွယ် ပေးထားပါသေးတယ်။ ဒါအပြင် နိုင်ငံတကာက တောင်းဆိုတဲ့ နိုင်ငံ တကာအကဲခတ်များ ဆန္ဒခံယူပွဲကို လေ့လာစောင့်ကြည့်ခွင့်ရရေး တောင်းဆိုချက်ကိုလည်း နအဖက ငြင်းပယ်ထားပါသေးတယ်။

အကြီးမားဆုံး လိမ်လည်မှုတွေကတော့ ဆနခြံယူပွဲ ကျင်းပတဲ့နေ့ မေ ၁၀ ရက်နဲ့ နောက်ရက်တွေမှာ ဖြစ်မှာပါ။ နအဖရဲ့ ဆန္ဒခံယူပွဲ ဥပဒေအရ မဲရုံတွေမှာ မဲစာရင်းအနိုင်အရှုံးကို ထုတ်ပြန်ကြေငြာခွင့် မရှိပါဘူး။ ဆိုင်ရာမဲရုံများရဲ့ မဲစာရင်းအနိုင်အရှုံးကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က လက်ခံစုဆောင်းပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်းကော်မရှင်များထံပို့၊ ယင်းတို့မှတဖန် ဗဟိုကော်မရှင်ကို ပို့ပြီး ကြပ်ပြေး နေပြည်တော်မှာ အခြေစိုက်တဲ့ ဗဟိုကော်မရှင်ကမှ ဒီကိန်းဂဏန်းများကို ပေါင်းပြီး အနိုင်အရှုံး ကြေငြာမှာပါ။ အားလုံးသိတဲ့ အတိုင်း ဆန္ဒခံယူပွဲကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဥက္ကဌ ဦးအောင်တိုးဟာ အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မတီရဲ့ ဥက္ကဌ လည်းဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ရဲဏ္ဍ ဥက္ကဌလည်း ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့ဝင်တွေဟာလည်း နအဖက စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတွေပါ၊ ဗဟိုကော်မရှင်က အဆင့်ဆင့် တင်ပြလာတဲ့ မဲစာရင်းများကို ပေါင်းစပ်ရေတွက်ရာမှာလည်း မည်သူကမှ စောင့်ကြပ်လေ့လာနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် အကြီးမားဆုံး လိမ်လည်မှုကြီးဟာ ဆနခြံယူပွဲအပြီး နောက်တပတ်ခန့် အကြာ ကြပ်ပြေး နေပြည်တော် ဗဟိုကော်မရှင်က မဲစာရင်း ထုတ်ပြန်ကြေငြာတဲ့အခါမှာ ဖြစ်ပါလိမ့်မယ်။ ကန့်ကွက်မဲတွေ ဘယ်လောက်ပဲများများ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနိုင်ပေး အတည်ပြုမှာပါ။

ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ ညနေဖက် မဲရုံပိတ်ချိန်မှာ မဲရုံမှူးနဲ့အဖွဲ့က မဲပုံးထဲက မဲတွေကို ရေတွက်ပါလိမ့်မယ်။ ဥပဒေအရ မဲရေတွက်တဲ့ အချိန်မှာ အနည်းဆုံး ၁၀ ဦးထက် မပိုတဲ့ မဲပေးခွင့်ရှိသူတွေရှေ့မှောက်မှာ ရေတွက်ရမှာ ဖြစ်ပေမယ့် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေသာ အဲဒီ ၁၀ ဦး ဖြစ်မှာပါ။ ရေတွက်ပြီးတဲ့နောက် မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်ထံ တင်ပို့ရမှာပါ။ ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက သူတို့ထံရောက်လာတဲ့ မဲရုံအသီးသီးက စာရင်းတွေကို စုပေါင်းပြီး မြို့နယ်ကော်မရှင်တွေထံ တင်ပြ၊ မြို့နယ် ကော်မရှင်တွေက ကျေးရွာရပ်ကွက်ကော်မရှင်များက တင်သွင်းတဲ့ မဲစာရင်းတွေကို ထပ်ပေါင်းပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်း ကော်မရှင်ကိုတင်၊ ပြည်နယ်တိုင်းကော်မရှင်က သက်ဆိုင်ရာမြို့နယ်များက တင်ပြလာတဲ့ မဲစာရင်းများကို ထပ်ပေါင်းပြီး ကြပ်ပြေး နေပြည်တော်က ဗဟိုကော်မရှင်ကိုတင်။ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က ပြည်နယ်တိုင်းကော်မရှင်များက တင်ပို့လာတဲ့ မဲစာရင်းများကို ထပ်ပေါင်း၊ အဲဒါကိုမှ အရင်ရရှိထားတဲ့ ကြိုတင်မဲများကို ထပ်မံပေါင်းစပ်ပြီး နောက်ဆုံးပိတ် မဲစာရင်းကို ကြေငြာမှာပါ။ ဒါကြောင့် မဲရုံပိတ်တဲ့ညနေက စပြီး မဲရုံမှူးများနဲ့ ကော်မရှင်အဆင့်ဆင့်ရဲ့ လိမ်လည်ပွဲကြီး စပါပြီ၊ မဲရုံမှူးတွေအဆင့်မှာ လိမ်လို့ခက် ရင်တောင်မှ အဲဒီမဲစာရင်းတွေ ကျေးရွာရပ်ကွက်ကော်မရှင်အရောက်မှာ စတင်လိမ်လို့ ရပါပြီ။ အဲဒီနောက် မြို့နယ်ကော်မရှင်တွေက ထပ်လိမ်၊ ပြီးတော့ ပြည်နယှ်တိုင်းကော်မရှင်တွေက ထပ်လိမ်နဲ့ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က ကြိုတင်မဲများနဲ့ ထပ်ပေါင်း လိမ်လည်ပြီးတဲ့နောက်မှာတော့ နအဖရဲဏ္ဍ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ထောက်ခံမဲ ၁၀၀%၊ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုနိုင်မှာပါ။

(၃) ဒီလိုဆိုရင် ......

အဲဒီလိုဆိုရင် အခု ကျနော်တို့က လူထုကို ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ ကန့်ကွက်မဲတွေ ပေးနေကြတာ ဘာထူးမှာလည်း တချို့က မေးနိုင်ပါတယ်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ မကြောက်မရွံ့ ကန့်ကွက်မဲပေးနေကြတာ၊ အဖမ်းအဆီး အနိုင့်အထက်ပြုမှုများကို ရင်ဆိုင်ရပြီး လှုပ်ရှားနေကြတာဟာ နအဖရဲ့ အဓမ္မအတည်ပြုမှုကို ကန့်ကွက်နိုင်ဖို့နဲ့ နအဖရဲ့ ဖွဲ့စည်းပုံကို အသိအမှတ် မပြုဖို့ အတွက်ပါ။ နအဖက ဒီဖွဲ့စည်းပုံကို ဘယ်လိုပဲ လိမ်လည်အတည်ပြုပြု၊ ပြည်သူလူထုက လက်မခံရင်၊ နိုင်ငံတကာအစိုး ရတွေက လက်မခံရင်၊ ဘယ်လိုမှ ဒီဥပဒေကို အသက်သွင်းလို့ မရနိုင်ပါဘူး။ အခုကစလို့ ဆန္ဒခံယူပွဲလုပ်တဲ့နေ့အထိ လူထုလှုပ်ရှားမှုတွေ ဟာ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ရင်း လူထုရဲ့ လက်မခံမှုတွေကို ထုတ်ဖေါ်ပြသနေတာပါ။ အဲဒီနောက်မှာတော့ နအဖရဲ့ ဖွဲ့စည်းပုံ ကို နိုင်ငံတကာက အသိအမှတ်မပြုရေး ဆက်ပြီး လှုပ်ရှားကြရမှာပါ။

စကတည်းက ကျနော်တို့က ဒီဖွဲ့စည်းပုံကို မကန့်ကွက်ခဲ့ဘူး၊ မငြင်းဆန်ခဲ့ဘူးဆိုရင် ဒီဖွဲ့စည်းပုံ အတည်ပြုပြီးသွားတဲ့အချိန်မှာ ဒီဖွဲ့စည်းပုံ အသက်ဝင်လာမှုကို ငြင်းဆန်ကန့်ကွက်နိုင်တော့မှာ မဟုတ်ပါဘူး။

အခုဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတရားမှုတွေကို ကျနော်တို့အားလုံးက မြန်မာပြည်သူတွေရော ကမ္ဘာ့ပြည်သူတွေရော အားလုံး သိအောင် ထုတ်ဖေါ်ပြသနိုင်ကြသလို ဒီဖွဲ့စည်းပုံ အတုအယောင်ကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ မြန်မာပြည်သူများရဲ့ဆန္ဒတွေကိုလည်း ကမ္ဘာကသိအောင် ပြနိုင်ကြပါပြီ။ ဆန္ဒခံယူပွဲရက်တောင် မရောက်သေးပါဘူး။ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အင်္ဂလန်၊ ပြင်သစ်စတဲ့ ပြည်ပရောက်မြန်မာများက သူတို့ရဲ့ဆန့်ကျင်မှုကို နိုင်ငံတကာအစိုးရများ၊ ပြည်သူများသိအောင် ထုတ်ဖေါ်ပြသပြီ၊ ပြသနေကြဆဲပါ။ ဒီအရှိန်အဟုန်ဟာ ဆက်လက်မြင့်မားနေပြီး မေ (၁၀)ရက်နေ့မှာတော့ မြန်မာနိုင်ငံတွင်းက ပြည်သူသန်းပေါင်းများစွာရဲ့ လူထုဆန္ဒ ထုတ်ဖေါ်ပြသပွဲကြီး ဖြစ်လာတော့မှာပါ။ နအဖဟာ ဆန္ဒခံယူပွဲရလဒ်ကို လိမ်လို့ရပေမယ့် မြန်မာပြည်သူလူထုရဲ့ ကန့်ကွက်မှု၊ ငြင်းဆန်မှု ကို ဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင်ပါဘူး။

တချိန်တည်းမှာပဲ ဆန္ဒခံယူပွဲ ကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မသမာမှုတွေကို ကျနော်တို့ ဖေါ်ထုတ်ခဲ့၊ ဖေါ်ထုတ်ဆဲ၊ ဖေါ်ထုတ်နေကြတာပါ။ မတရားတဲ့ပြစ်ဒဏ်၊ မမျှတတဲ့စည်းရုံးမှု၊ ခြိမ်းချောက်မှု၊ အကြပ်ကိုင်မှု၊ လိမ်လည်မှုတွေအပြင် သန်းပေါင်းများစွာသော ပြည်ပရောက်မြန်မာ နိုင်ငံသားတွေကို မဲပေးခွင့် ကန့်သတ်မှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်မရမှုတွေဟာဖြင့် ဒီဆန္ဒခံယူပွဲဟာ မတရား မမျှတဘူးဆိုတာကို အတိအလင်း သက်သေပြနေတာပါ။

ဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်နှိုက်ရဲ့ မတရားမှု၊ ဆန္ဒခံယူပွဲကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မတရားမမျှတမှုနဲ့ လူထုရဲ့ ငြင်းဆန်ကန့်ကွက် မှုတွေဟာဖြင့် နအဖရဲ့ ဖွဲ့စည်းပုံကို မြန်မာပြည်သူများအားလုံးကရော၊ နိုင်ငံတကာအစိုးရများကပါ အသိအမှတ် မပြုကြဖို့ လုံလောက် ခိုင်မာတဲ့ အကြောင်းတရားတွေပါပဲ။ ပြီးတော့ ကျနော်တို့ဟာ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုတည်းကိုပဲ ကန့်ကွက်ငြင်းပယ်တာ မဟုတ်ပါဘူး။ နအဖ စစ်အာဏာရှင်စနစ်ကြီးတခုလုံးကိုပါ ကန့်ကွက်ငြင်းပယ်ကြတာပါ။

(၄)အရှိန်အဟုန်မြှင့်ကြစို့

ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို နောက်တဆင့် တက်ရပါတော့မယ်။ မေလ (၁၀)ရက်ကို ဦးတည်ပြီး ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေ ပေးကြဖို့ စည်းရုံးလှုံ့ဆော်နေကြတာတွေကို မေ(၁၀)ရက် နောက်ပိုင်း နအဖက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း တဖက် သတ်ကြေငြာမှာကို ကြိုတင်တုန့်ပြန်မှုတွေနဲ့ ပေါင်းစပ်ပေးဖို့ လိုပါပြီ။ ကျနော်တို့ လုပ်သင့်တာကို မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုထားပြီးပါပြီ။

မတ်လ (၃၁)ရက်နေ့က မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကမ္ဘာတဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များထံ ပန်ကြားလွှာတစောင် ထုတ်ပြန်ပါတယ်။ အဲဒီပန်ကြားလွှာမှာ မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ဦးပူကျင်ရှင်းထန် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက လက်မှတ်ရေးထိုးထားပါတယ်။ သူတို့က ကမ္ဘာတဝှမ်းက လွှတ်တော်ကိုယ်စားလှယ် တွေကို

၁။ နအဖစစ်အုပ်စုအပေါ် စီးပွားရေး၊ သံတမန်ရေး ဖိအားပေးမှုများ ပြုလုပ်ဖို့ သက်ဆိုင်ရာအစိုးရများအား တိုက်တွန်းပေးရန်၊
၂။ နအဖစစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြုကြောင်း ကြေငြာရန်နှင့် သက်ဆိုင်ရာအစိုးရများအား အလားတူ တိုက်တွန်းရန်၊
၃။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မလွဲမသွေ လိုက်နာရမည့် ဆုံးဖြတ်ချက်များ ချမှတ်ရေးအတွက် တိုက်တွန်းရန်နှင့် သက်ဆိုင်ရာ အစိုးရများအားလည်း အလားတူ တောင်းဆိုရန်၊
၎။ နအဖစစ်အုပ်စုအား ကမ္ဘာ့နိုင်ငံများမှ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအတွက် တောင်းဆိုရန်နှင့် သက်ဆိုင်ရာအစိုးရများအား လည်း တိုက်တွန်းရန်၊ နအဖစစ်ခေါင်းဆောင်များအပေါ် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုများဖြင့် အရေးယူရန်၊
၅၊ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းမူ အပြုသဘောဆောင်ရွက်ရေးအတွက် တရုတ်အစိုးရ အား ဖိအားပေးရန်နှင့် သက်ဆိုင်ရာအစိုးရများအားလည်း အလားတူ ဆောင်ရွက်ရေး တိုက်တွန်းရန် စသဖြင့် ပန်ကြားထားပါတယ်။

ပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်များက ရဲရဲရင့်ရင့်နဲ့ နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုလိုက် တာပါ။ သူတို့ရဲ့တောင်းဆိုချက်တွေ၊ ပန်ကြားချက်တွေကို ကျနော်တို့က သူတို့ကိုယ်စား ကျနော်တို့ ရောက်ရှိရာ နိုင်ငံတွေက လွှတ် တော်ကိုယ်စားလှယ်များထံ လက်ဆင့်ကမ်း တင်ပြပေးရင်း အဓိက တောင်းဆိုချက်ဖြစ်တဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြုရေး ဖိအားပေးကြရမှာပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ Rush Holt, Berman, Ros-Lehtinen စတဲ့ အောက်လွှတ်တော် အမတ်များက မြန်မာလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပန်ကြားချက်ကို တုန့်ပြန်တဲ့ ဥပဒေမူကြမ်းတရပ် ကို အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါပြီ။ မေ(၁၀) ဆနခြံယူပွဲ မတိုင်ခင် မဲခွဲဆုံးဖြတ်နိုင်မှာပါ။ ဒီဥပဒေမူကြမ်းမှာ အမေရိကန်အောက်လွှတ်တော်အမတ် များက နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြစ်တင်ဝေဖန်ပြီး ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နအဖက လူထုဆနခြံယူပွဲရဲ့ရလဒ်အဖြစ် ကြေငြာမယ် ဆိုရင် အသိအမှတ်မပြုဖို့ အမေရိကန်သမ္မတကို တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံမှာလည်း အလားတူ ဥပဒေမူကြမ်းတရပ်ကို တင်သွင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလို ဥပဒေမူကြမ်းကို စင်္ကာပူမှာ၊ ထိုင်းမှာ၊ ကိုးရီးယားမှာ၊ မလေးရှားမှာ၊ သြစတြေးလျမှာ၊ ကနေဒါမှာ၊ အိန္ဒိယမှာ၊ ဖိလစ်ပိုင်မှာ၊ အင်ဒိုနီးရှားမှာ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊ နိုင်ငံတကာပါလီမန်တွေမှာ တင်သွင်းနိုင်ကြမယ်၊ အနည်းဆုံး သက်ဆိုင်ရာ ပါလီမန်အမတ်တွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကိုပါ ပြစ်တင်ဝေဖန်ရှုတ်ချကြမယ်ဆိုရင် မြန်မာနိုင်ငံကို စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံဟာ ဘယ်လိုပဲ လိမ်လည်ပြီး အတည်ပြုပြု၊ အသက်ဝင်လာဖို့ အလွန့်အလွန်ကို ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးတနေ့ ဒီဖွဲ့စည်းပုံဟာ သမိုင်းရဲ့ အမှိုက်ခြင်းကြီးထဲကို ရောက်သွားဖို့တောင် ရှိပါတယ်။

(၅) ပြိုင်တူရုန်းလျှင် ရွေ့နိုင်ပါသည်။

နအဖက လူထုကို စိန်ခေါ်သလို လူထုကလည်း နအဖကို တုန့်ပြန်ရင်ဆိုင်နေပါပြီ။ ကြပ်ပြေးနေပြည်တော်က ဗိုလ်ချုပ်တွေ အိမ်မက်ဆိုးတွေ မက်နေကြပါပြီ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကအစ တပ်မတော်မိသားစုဝင်များအထိ လူထုဖက်က ရပ်တည်ဖို့ ခြေလှမ်း ပြင်နေကြပါပြီ။ ကျနော်တို့ တယောက်လက်ကိုတယောက် ခိုင်ခိုင်မာမာ ချိတ်ဆက်ထားရင် ဖြစ်ပေါ်လာမယ့် အင်အားဟာ ဗိုလ်သန်းရွှေရဲ့ စစ်အုပ်စုကို ကြောက်ဖျား ဖျားစေမှာပါ။ အသက်ကို နက်နက်ရှိုင်းရှိုင်းရူ၊ လက်တွေကို ခိုင်ခိုင်မြဲမြဲဆုပ်၊ နောက်ပြန်မရုပ်တဲ့ခြေလှမ်းများနဲ့ ပြိုင်တူရွေ့လျားကြပါစို့။


အောင်ဒင်
အမေရိကန်ပြည်ထောင်စုမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့
U.S. Campaign for Burma
ဧပြီလ ၂၉၊ ၂၀၀၈

18 April 2008

My Desire is 'NO'

"မေလ (၁၀)ရက်အတွက် ရင်လေးမိပါကြောင်း"

စစ်အဆိုးရကတော့ စစ်သတင်းစာတွေ(မြန်မာ့အလင်း+ကြေးမုံ)ထဲမှာ ပြောင်ပြောင်တင်းတင်းပဲ အခြေခံဥပဒေကို ထောက်ခံမဲပေးကြဖို့ စည်းရုံးရေးဆင်းနေကြပြီ။
သူတို့ပါးစပ်တွေကလည်း ဒီထောက်ခံမဲအတွက်ပဲ တစ်သံတည်း ထွက်နေကြ၊ စည်းရုံးနေကြတယ်။

ကျွန်တော်တို့ စိုးရိမ်တာကတော့ ဘာမှ မသိနားမလည်တဲ့ ကျေးလက်ရွာသူရွာသားတွေပဲ။
တောသူတောင်သားဆိုတာ မီဒီယာရဲ့ အထိအရောက်နည်းတယ်။ သူတို့မှာ နားထောင်စရာ ရေဒီယိုတွေပဲ ရှိတတ်တယ်။ မြန်မာပြည်ဆိုတာလည်း သိတော်မူတဲ့အတိုင်း ရွာသူရွာသား ၇၅ ရာခိုင်နှုန်းလောက်ရှိတာဆိုတော့ ခက်ကပြီ။

မြန်မာပြည် မြို့ကြီးတွေမှာတော့ စစ်အဆိုးရရဲ့ အခြေခံဥပဒေ ဆနခံယူပွဲမှာ ကန့်ကွက်မဲ တွေက အနိုင်ရမှာ သေချာသလောက်ပါပဲ။

မြို့ကြီးတွေမှာက လှုပ်ရှားမှုတွေကလည်း တက်ကြွတယ်။ ကန့်ကွက်မဲအတွက် လှုံဆော်မှုတွေကလည်း အဆက်မပြတ်ဆိုတော့ စိတ်ချရတယ်။ မြို့ကြီးတွေမှာတော့ ကန့်ကွက်မဲအတွက် အခြေအနေကောင်းတယ်။

အဲဒီမှာ ခက်နေတာက
-၀န်ထမ်းတွေရယ်၊
-ကြံဖွတ်ရယ်၊
-စွမ်းအားရှင်တွေရယ်၊
-မိခင်နှင့်ကလေးအသင်းရယ်၊
-အမျိုးသမီးရေးရာရယ်၊
-မီးသတ်ရယ်၊
-စစ်တပ်ရယ်၊
-သာပေါင်းညာစားတွေရယ်....။

အဲဒီအဖွဲ့အစည်းတွေကတော့ ထောက်ခံမဲအထည့်များနိုင်တယ်။ ဘာမှလည်း မသိဘူး။ အမှန်ခြစ်ခြစ်လိုက်ရင် အနရယ်ကင်းတယ်ဆိုတဲ့ အတန်းအစားတွေပါပဲ။

အကြောက်တရားအောက်မှာ ကောက်ခံတဲ့ ဆန္ဒမဲဆိုမှတော့ ဘယ်ကလာ အမှန်တရားနဲ့ နည်းစပ်နိုင်ပါ့မလဲ။

လုပ်ကြပါဦး အရပ်ကတို့ရေ...။ ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ကြပြီ။

-"ညိုကြီး"

(မှတ်ချက်များကို မျှော်လင့်ပါတယ်)

My contact email: bigbbrown@gmail.com

03 April 2008

VOTE "NO"

ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ်

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား

မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှု့ဆော်တိုက်တွန်းနေကြပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက် ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေအတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။

အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ၊ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထားသလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေ များနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေးပြဿနာတွေ ကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှုတခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။

အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလိုဆိုထား ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။

ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၄၄၁)မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် မဲပေးသည့်ဆန္ဒမဲ. မဲအများဖြင့် အတည်ပြုပြဌာန်းလိုက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တဝှမ်းလုံး၌ အာဏာတည်သည်။”

ဒီပြဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါ တယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံ့နေတယ် ဆိုတာကို ထုတ်ဖေါ်ပြသ လိုက်တာပါပဲ။

ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။ စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ်(သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်း သားအဖွဲ့တွေ၊ ကိုးကန့်နဲ့ ‘ဝ’ဘိန်းဘုရင်တွေ၊ ကြံဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။

ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်း ကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။

နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူများလေလေ၊ ကန့်ကွက်မဲပေးသူများ လေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှု နေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြု လိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲဝင်နိုင်မှာပါ။

တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း ‘တစ်’က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ်ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံအတည်ပြုလိုက်ကြပါစို့လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။ လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ
(၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့
(၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့
(၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး စုရေးပြဿနာတွေကို ဖြေရှင်နိုင်စွမ်း မရှိလို့ပါ။

ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှုတခုလုံးကိုပါ ကန့်ကွက်တာပါ။ ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ဆွေးနွေးညိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ်လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသားအဖွဲ့အစည်းများကရော နိုင်ငံတကာမိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။

ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။

လေးစားစွာ

အောင်ဒင်
US Campaign For Burma
မတ်လ ၂၈၊ ၂၀၀၈

09 March 2008

NO VOTE or VOTE "NO" !!!

“ပြည်သူ့ဆန္ဒခံယူပွဲလော

အတင်းအဓမ္မ ထောက်ခံပွဲလော”

ပင့်ကူ

(ဗမာပြည်ကြီး စစ်ကျွန်ဘ၀က လွတ်မြောက်သွားရင် တွေ့မြင်၊ သုံးစွဲကြရမယ့် ကျပ်ငွေတစ်မျိုး၏ ပုံစံငယ်)


မြန်မာနိုင်ငံထုတ်သတင်းစာကြီးတွေမှာ ၁/၂၀၀၈ ကြေငြာချက်ဆိုပြီးထုတ်ပြန်လာတဲ့သတင်းကတော့ အများသိတော်မူကြတဲ့အတိုင်း ကယ်တင်ရှင်စစ်အစိုးရရဲ့ အနှစ်နှစ်အလလ ကြိုးစားပမ်းစားရေးဆွဲထားတဲ့ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီးပြီဖြစ်၍ ရေးဆွဲပြီးစီးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအား ၂၀၀၈ မေလ မှာပဲ ပြည်သူ့သဘောထား ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုမှာဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်မှာလည်း ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည့်အကြောင်း…စသည်…စသည်….များပါပဲ။ ဒီလိုဆိုတော့လည်း… နှစ်ပေါင်း(၂၀)ကျော် ပြည်သူတွေတမ်းတခဲ့တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတစ်ခုအုပ်ချုပ်တော့မှာမို့ ပျော်စရာမကောင်းပေဘူးလား။ “တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်” ဆိုတဲ့အတိုင်း ဘယ်လိုအပျော်မျိုးဖြစ်မလဲဆိုတာ…

ပထမဦးဆုံးအနေနဲ့ ၂၀၀၈ မေလ မှာပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ထောက်ခံအတည်ပြုပွဲအကြောင်း အအုပ်ချုပ်ခံပြည်သူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်ကြစို့လား…………….။

(၁) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း

ဘယ်သူတွေက ရေးဆွဲခိုင်းပြီး ဘယ်သူတွေကရေးဆွဲတာလဲ။ အကြောက်တရားနဲ့ရေးဆွဲတာလား။ လွတ်လွတ်လပ်လပ်ရေးဆွဲတာလား။ ဘယ်လိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းလဲ။ လူသားတိုင်းတန်းတူအခွင့်အရေးရှိသည်ဆိုတဲ့ အခြေခံဥပဒေမူကြမ်းမျိုးလား။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ အလွန်ပဲအရေးကြီးလှပါတယ်။ နှစ်ပေါင်းကြာရှည်စွာ အားလုံးကလိုက်နာကြရမယ့် တိုင်းပြည်တပြည်ရဲ့ စည်းကမ်းလည်းဖြစ်ပါတယ်။ အဲဒီတော့……ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအနှစ်ချုပ်ကို ပြည်သူပြည်သား ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုများ သဘောပေါက်နားလည်အောင် အစိုးရထုတ် သတင်းစာတော်ကြီးတွေကနေတစ်ဆင့် အခန်းဆက်တင်ပြပေးရင်မကောင်းပေဘူးလား။ သူများနိုင်ငံတွေကို ရန်လိုပုတ်ခတ်နေတဲ့စာတွေထက်စာရင် အများပြည်သူက လိုလိုချင်ချင် ဖတ်ရှုချင်ကြမှာ အမှန်ပါပဲ။ ပုဂ္ဂလိကဂျာနယ်တွေမှာလည်း မထည့်မနေရ ၀ါဒဖြန့်ဆောင်းပါးတွေအစား အခြေခံဥပဒေမူကြမ်းကိုပြည်သူအများနားလည်အောင် ရေးခိုင်းထည့်ခိုင်းတာ မကောင်းပေဘူးလား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အော်နေရုံနဲ့ မရနိုင်ပါဘူး။ ဘာပဲလုပ်လုပ်ပြည်သူကို အသိပေးတဲ့နည်းနဲ့ပဲရနိုင်ပါတယ်။ စေတနာမှန်ရင်တော့ ရောင်ပြန်ဟပ်မှာအမှန်ပါပဲ။

(၂)အခြေခံဥပဒေမူကြမ်းဆန္ဒခံယူထောက်ခံအတည်ပြုပွဲ

ဘယ်လိုထောက်ခံကြမှာလဲ၊ ဘယ်သူတွေကထောက်ခံကြမှာလဲ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို တစ်ကြောင်းမှမဖတ်ဖူးတဲ့သူတွေက ထောက်ခံမှာလား။ အားလုံးကိုဖတ်ဖူးထားတဲ့လူတွေကထောက်ခံမှာလား။ ၀ါးတားတားပဲ သိတဲ့လူတွေကထောက်ခံမှာလား။ ရေးဆွဲတဲ့လူတွေက ထောက်ခံမှာလား။ ရေးဆွဲခိုင်းတဲ့အစိုးရက ထောက်ခံမှာလား။ ဘာပဲပြောပြောကိုယ်ထောက်ခံရမယ့်ဟာကို အထီးမှန်း၊ အမမှန်းတော့ မသိသင့်ပေဘူးလား။ ဒီအချိန်မှာ စာပေလွတ်လပ်ခွင့်တို့၊ လူအခွင့်အရေးတို့ဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်လာပြီဆိုတဲ့အကြောင်း ရိပ်မိသိရှိလောက်ပြီပေါ့။ ဟုတ်ပြီ……နောက်အရေးကြီးတာကဘယ်လိုပုံစံမျိုးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်မှာလဲ။ ထောက်ခံအတည်ပြုမှာလဲ။ မြန်မာပြည်မှာ လုပ်နေကြနည်းတွေအတိုင်းပဲလုပ်ဦးမှာလား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ ဝိညာဉ်။ ကလေးကလားလုပ်လို့ မရဘူးဆိုတာလောက်တော့ သိထားသင့်တယ်။ များသောအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်နေကြတဲ့ ထောက်ခံပွဲတို့၊ ရှုတ်ချပွဲတို့ဆိုတာ အာဏာရအစိုးရရဲ့ သဘောထားတွေသာဖြစ်ပါတယ်။ မသွားမနေရ၊ မလာမနေရ၊ မတက်မနေရဆိုတဲ့ အသုံးအနှုန်းတွေဟာအမိန့်ပေးစေခိုင်းတဲ့ အသုံးအနှုန်းတွေဖြစ်ကြောင်း ကလေးတောင်သိနိုင်ပါတယ်။ ကျွန်တော်တို့ဆီကထောက်ခံပွဲတွေရဲ့ ထုံးစံကတော့ဝန်ထမ်းတို့၊ ကျောင်းသားတို့ဆိုရင် မတက်မနေရဆိုတဲ့နည်းကို အသုံးပြုလေ့ရှိပြီး ကြံ့ဖွတ်တို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့၊ ကြက်ခြေနီတို့၊ မီးသတ်တို့ကတော့ မသွားမနေရဖြစ်ပြီး အရပ်သားအများစုကိုတော့ မလာမနေရနည်းနဲ့ အာဏာသုံးလူစုလေ့ရှိကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ထောက်ခံပွဲတွေတုန်းက အသုံးပြုခဲ့တဲ့နည်းကိုပြောပြရရင် ရပ်ကွက်ရုံးတစ်ရုံးက ရုံးစေတစ်ယောက်လာမယ်။ ဘာမပြောညာမပြော ချီတက်ပွဲရှိတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းမယ်။ ပြည်သူအများစုကတော့ အေးအေးချမ်းချမ်းနေချင်ကြတဲ့သူတွေ။ ပြသနာ မဖြစ်ချင်တဲ့လူတွေ။ သူတို့အကြောင်းကိုလည်း နောကြေနေတဲ့လူတွေဆိုတော့ ရှေးတုန်းကချစ်တီးတွေဆီ လက်မှတ်ထိုးသလို ထိုးလိုက်ကြတာပါပဲ။ နည်းနည်းလူရည်လည်တဲ့၊ မကြောက်တတ်တဲ့လူတစ်ချို့ကသာ ဘာအတွက်လဲ…….. မထိုးရင်မရဘူးလား…….. မလိုက်ရင်မရဘူးလားဆိုပြီး ပြန်လှန်မေးခွန်းတွေ အရဲစွန့်ထုတ်တတ်ကြပါတယ်။ အဲဒီအခါမှာလည်း ရုံးစေတွေက အိမ်ထောင်စုဇယားအရ တစ်အိမ်တစ်ယောက် စာရင်းပေးသွင်းရမှာဖြစ်ပြီး လူမလိုက်လိုလျှင် ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ ဒဏ်ငွေဟာ လစ်ဟာသွားတဲ့နေရာတွေအတွက် လူစားထိုးအငှားချဖို့ဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အဖို့ မနက်စောစောထလမ်းလျှောက်၊ အားကစားကွင်းထဲ(၁)နာရီလောက်ရပ်နေရုံနဲ့ ၂၀၀၀ ကျပ် လောက်ရမယ့်အဖြစ်။ ဆန်ကို တစ်ပြည်ချင်းဝယ်စားနေရတဲ့ ပြည်သူတွေအဖို့တော့ ဒဏ်ငွေဟာ သူတို့မနက်ဖြန်အတွက် ဆန်နဲ့ဆီဖြစ်နေတဲ့အတွက် လူကိုပဲရင်းလိုက်ရတော့တယ်။ မနက်စောစောထ ရပ်ကွက်ရုံးသွား၊ စာရင်းပေး၊ ချီတက်၊ လမ်းတစ်ဝက်ကလှည့်ပြန်၊ ဒီလိုပါပဲ အများလုပ်သလိုလုပ်ကြရတာပေါ့။ ဝန်ထမ်းတွေလည်း အဲဒီအတိုင်းပါပဲ။ ဝန်ထမ်းဆိုတော့ပိုဆိုးတာပေါ့။ သူတို့အလုပ်ကလေး ပြုတ်သွားမှာထက်စာရင် မနက်စောစော လမ်းလျှောက်ရတာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပဲ သဘောပိုက်ရတော့တာပေါ့။ ဒီအဖြစ်အပျက်တွေဟာ ဘာကိုပြနေသလည်းဆိုရင် အာဏာရဲ့အောက်မှာ လူတွေရဲ့ ယုံကြည်ချက်နဲ့ အခွင့်အရေးတွေကို ကြောက်စိတ်က စတေးလိုက်ရခြင်းဆိုတဲ့ အဖြစ်အပျက်ကြီးပါပဲ ။

အခုလဲလာပြန်ပြီ…..အခြေခံဥပဒေမူကြမ်း......ပြည်သူ့ဆန္ဒခံယူပွဲတဲ့……ထောက်ခံအတည်ပြုပွဲတဲ့…………ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ အရင်အတိုင်းပဲ ဘာမသိညာမသိထောက်ခံလိုက်ကြမလား။ အရင်အခါတွေတုန်းက အရေးမပါတဲ့ထောက်ခံပွဲတွေ ရှုတ်ချပွဲတွေဆိုတော့ သိပ်အရေးမကြီးလှဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖို့ တော့လိုနေပြီ။ ကိုယ်ထောက်ခံရမယ့်အရာကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ထောက်ခံဖို့၊ ငြင်းဆိုဖို့ အခွင့်အရေးတွေ မွေးဖို့လိုလာပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ အကာအရံကြီးအောက်မှာ ကျွန်တော်တို့တစ်သက်လုံး နေကြရမယ်ဆိုတော့ အဲဒီ အကာအရံကြီးရဲ့ ချွတ်ယွင်းချက်၊ အကျိုးအပဲ့၊ အပေါက်အပြဲတွေကို ပြည်သူပြည်သားအားလုံးကဆန်းစစ်ပြီး လက်ခံကြဖို့ အလွန်ပဲအရေးကြီးလှတဲ့ အချိန်တစ်ချိန်ကို ရောက်လာပါပြီ။ ကောင်းနေရင်လည်း ကျွန်ုပ်တို့အတွက်ပဲ။ ဆိုးနေရင်လဲကျွန်ုပ်တို့အတွက်ပဲ။ ဖာထေးစရာရှိတာတွေကို အခုကတည်းက ဖာထေးရလိမ့်မယ်။ လုပ်သမျှ ခေါင်းငုံ့ခံနေရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအကာအရံကြီးဟာ ကျွန်တော်တို့အပေါ်၊ ခင်ဗျားတို့အပေါ်၊ နောင်လာနောက်သားတွေအပေါ် ပြိုကျဖိစီးလာခဲ့ရင် အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တာဝန်ကြီးသာဖြစ်ပါတယ် ။

နောင်လာနောက်သားတွေအတွက် အခုကတည်းကသတ္တိရှိရှိ၊ ရဲရဲဝင့်ဝင့်နဲ့ ငြင်းပယ်လိုက်ပါ။ လက်ခံပါ။ တွေဝေနေရမယ့်အချိန်၊ ကြောက်ရွံ့နေရမယ့် အချိန်မဟုတ်တော့ဘူး။ တိုင်းပြည်ချစ်စိတ်ရှိသူတိုင်း ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်မူကြမ်းအတွက် လူတစ်ယောက်ရဲ့ အခွင့်အရေးကို အထိပါးမခံကြပါနဲ့။ လွတ်လွတ်လပ်လပ် ဆန်းစစ် ထောက်ခံကြပါ။ လွတ်လွတ်လပ်လပ် ဆန်းစစ်ဝေဖန်ကြပါ။ တိုင်းပြည်ကောင်းစားဖို့ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ ကြောက်နေစရာမလိုပါဘူး။ သာယာမနေကြပါနဲ့။ ဒီမိုကရေစီဆိုတာ ပြည်သူတွေ လက်ထဲမှာပဲရှိတယ်ဆိုတာသိကြပါ။

နောက်တစ်ချက်က ၂၀၁၀ခုနှစ်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမယ် ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ တပ်မတော်ကကြီးမှူးကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ အခု ၂၀၁၀ မှာပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ နှစ်ပေါင်း (၂၀)တောင် ကြာညောင်းခဲ့ပြီပေါ့ဗျာ။ အနှစ် (၂၀) ဆိုတဲ့မျိုးဆက်တစ်ဆက်စာတောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၉၀ ပြည့်နှစ်တုန်းကအနိုင်ရခဲ့တဲ့ပါတီဟာ NLD ပါတီဖြစ်ပြီး ပြည်သူ့ပါတီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်ဆိုတာကို မျိုးဆက်တစ်ဆက်ဟာ မသိနိုင်တော့ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗိုလ်ချုပ်အောင်ဆန်းသမီး၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ စစ်အစိုးရရဲ့ အကျဉ်းသား၊ မြန်မာပြည်ဒီမိုကရေစီရဲ့ မီးရှုးတန်ဆောင်အဖြစ် နောင်လာနောက်သားတွေက သိရှိထားခဲ့ကြပါတယ်။

မျိုးဆက်တစ်ဆက်မသိရှိခဲ့တဲ့အကြောင်းတွေကတော့ ၁၉၉၀ ပြည့်နှစ် ပြည်သူ့ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခွပ်ဒေါင်းအလံဟာအပြတ်အသက်အနိုင်ရခဲ့ခြင်း၊ တပ်မတော်က အာဏာကိုအပ်နှင်းခြင်းမရှိဘဲ လက်နက်အားကိုးသိမ်းပိုက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း၊ အမျိုးသားညီလာခံကျင်းပခြင်း၊ သာပေါင်းညာစားတစ်စုနဲ့ အမျိုးသားညီလာခံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီနုတ်ထွက်အောင် ကြံဆောင်ခြင်း၊ ၁၉၉၀ ပြည့် ပြည်သူရွေးကောက်ပွဲ အာဏာတောင်းခံခြင်း၊ ဗိုလ်ချုပ်စိုးဝင်း ခေါင်းဆောင်၍ ဒီပဲယင်းအရေးအခင်းဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသက်ဖြတ်ခြင်း၊ NLD ပါတီဝင်များအားဖမ်းဆီးခြင်း၊ ကျောင်းသားခေါင်းဆောင်များအားဖမ်းဆီးခြင်း စသည်ဖြင့် ပြည်သူကတင်လျှောက်ခဲ့တဲ့ပါတီနဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်ထိ ထိန်းသိမ်းထားခဲ့တဲ့ ဆိုးညစ်ညစ် အာဏာရူး စစ်အစိုးရရဲ့ သမိုင်းပဲဖြစ်ပါတယ် ။

စစ်အစိုးရဟာ တိုင်းပြည်နှင့်နဲ့လူမျိုးကို တကယ်ချစ်ရင် ၁၉၉၀ ပြည့်နှစ်က အနိုင်ရခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာအပ်သင့်ပါတယ်။ ပြည်သူ့သဘောထားကို လေးစားသင့်ပါတယ်။ ဒီလိုလူမျိုးတွေကပဲ ၂၀၁၀ မှာရွေးကောက်ပွဲလုပ်ပေးဦးမယ်ဆိုတာတော့ စဉ်းစားစရာတွေဖြစ်မနေဘူးလား။ သူတို့ဟာ သူတို့နဲ့ အဆင်မပြေတဲ့ ပါတီတက်လာရင် အာဏာသိမ်းဖို့ အသင့်ပြင်ထားကြသလား။ ဒါမှမဟုတ် သူတို့ရဲ့ ကြိုးဆွဲပါတီကို အာဏာရအောင်လုပ်ပေးကြမှာလား။ တရားမျှတပြီးစစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ကော မျှော်လင့်နိုင်ပါသလား။ ၁၉၉၀ တုန်းက အချိုးမျိုး ပြန်မချိုးဘူးလို့ ပြောနိုင်လား။ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ဆိုရင်တော့ မြန်မာပြည်အတွက် ဒိုင်လူကြီးတစ်ယောက် လောက်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂလိုဟာမျိုးပေါ့။

စစ်အစိုးရရဲ့ စေတနာတကယ်မှန်တယ်ဆိုခဲ့ရင် ပထမဦးဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သတ္တိရှိရှိနဲ့ NLD ပါတီကိုလည်း ၀င်ပြိုင်ခိုင်းပါ။ (၂)နှစ်လောက်တော့ လွတ်လွတ်လပ်လပ် ပြည်သူကိုစည်းရုံးခွင့်ပေးပါ။ အနှစ် (၂၀)စည်းရုံးထားတဲ့လူတွေနဲ့ ယှဉ်ပြိုင်ဖို့ (၂)နှစ်သာစည်းရုံးခွင့်ပေးလိုက်ပါ။ သူမ မရခဲ့တဲ့သရဖူကိုကာကွယ်ဖို့ အခွင့်အရေးပေးလိုက်ပါ။ ပြည်သူတွေကိုခြိမ်းခြောက် အကြပ်မကိုင်ဘဲ သူတို့ရဲ့ ဆန္ဒသဘောထားအတိုင်း သူတို့ရဲ့ ခေါင်းဆောင်ကိုတင်မြှောက်ခွင့်ပေးလိုက်ပါ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါ။ ဒါမှလည်း ၂၀၁၀ မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ပွဲဖြစ်လာနိုင်မယ်။ အနှစ် ၂၀ လုံးလုံးစည်းရုံးထားတဲ့ ကြံ့ခိုင်ရေးဆိုတဲ့ သာပေါင်းညာစားအုပ်စုကို ဝင်ပြိုင်ခိုင်းရင်လည်း ခိုင်းပါ။ တရားမျှတတဲ့ရွေးကောက်ပွဲသာ ဖြစ်ပါစေ။ မြန်မာပြည်ရဲ့ လူဦးရေသန်းပေါင်း (၆၀) ကျော်ဟာ အဆင်သင့်ပါပဲ နအဖ ရေ။ ဒါပေမဲ့ အဝါကတ်၊ အနီကတ် ပြမယ့် ဒိုင်လူကြီးမပါရင်တော့မဖြစ်နိုင်ပါဘူး။ ၁၉၉၀တုန်းကလို မဖြစ်ဘူးလို့မပြောနိုင်ဘူး။ အားအားရှိအာဏာတက်သိမ်းချင်တဲ့စစ်တပ်ကို ဘယ်ပြည်သူတစ်ယောက်ကမှ ယုံကြည်မှု မရှိတော့ဘူး ဆိုတာတော့ အသေအချာပဲ ။

ဒီတော့……လူကြားကောင်းအောင် ကယ်တင်ရှင်ကြီးလိုလို အာဏာမမက်တဲ့စစ်တပ်လို မျိုဟစ်ပြီး ကိုယ်ကြိုက်တဲ့ပါတီအနိုင်ရအောင်လုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာကြီးကို ဘယ်ပြည်သူကမျှော်လင့်နေမှာလဲ။ အာဏာရှင်စစ်အစိုးရ အုပ်ချုပ်တဲ့တိုင်းပြည်မှာ လွက်လပ်စွာမဲပေးခွင့်ဆိုတာကော ရှိနိုင်ပါ့မလား ။

တပ်မတော်အနေနဲ့ တိုင်းပြည်ကိုတကယ်ချစ်တယ်၊ ပြည်သူ့သဘောထားကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ပါတီကိုပဲ ၂၀၁၀ ခုနှစ်မှာ သိက္ခာရှိရှိ အာဏာ လွှဲပြောင်းပေးသင့်ပါတယ်။ အဲဒီနည်းနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့တဲ့ မျိုးချစ်တပ်မတော်ရဲ့ အဖတ်ကိုပြန်ဆယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ထက်ဥာဏ်ရှိတဲ့သူ ကိုယ့်ထက်နိုင်ငံရေးပါးဝတဲ့လူ၊ ပြည်သူကလည်း တကယ်အလိုရှိနေတဲ့သူကို အာဏာအပ်နှင်းသင့်ပါတယ်။

ထောက်ခံပွဲလို့ ဗန်းပြပြီး စစ်အာဏာရှင်ယန္တရားကြီးအဓွန့်ရှည်အောင် လုပ်လာခဲ့ကြတာ အချိန်တွေလည်း ကုန်ခဲ့ပြီ။ တိုင်းပြည်လည်းနာခဲ့ပြီ။ လက်ရှိ မြန်မာပြည်သူပြည်သား အပေါင်းရဲ့ ပြည်သူ့ သဘောထားစစ်စစ်ကတော့ အနှစ် ၂၀ လုံးလုံး ရဟန်းရှင်လူပြည်သူအပေါင်းအပေါ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ဖက်ဆစ်အစိုးရ-နအဖ ကျဆုံးပြီး ပြည်သူကရွေးချယ်တင်မြှောက်တဲ့ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ရေးသာဖြစ်ပေတယ်။

နှင်းတွေထူထပ်စွာကျနေရင် ပဲပင်လေးအညှောင့်မပေါက်နိုင်ဘူးဆိုတဲ့ “ဗားတော့ဗရက်” ရဲ့ ကဗျာလို နောင်လာမယ့်မျိုးဆက်တွေအတွက် လွတ်လပ်စွာရှင်သန်ခွင့်ပေးလိုက်ပါ။ တံခါးတွေကိုဖွင့်လိုက်ပါ။ မိုးကောင်းကင်မှာရှိတဲ့ကြယ်တွေကို ပြည်သူတွေကပဲ အမည်ပေးကြပါစေ ။

တိုင်းပြည်ရဲ့ အာဏာကိုပြည်သူကသိမ်းပိုက်ပါစေ ။

ပြည်သူ့ သဘောထားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခွင့်ရတဲ့ နိုင်ငံတော်ကြီးဆီသို့ မျှော်လင့်ရင်း…..

ပင့်ကူ

(ပင့်ကူ က ဒီစာမူကို ကျွန်တော့် ပေးထားတာ ကြာပါပြီ။ ကျွန်တော်လည်း မအားတာနဲ့ တင်တာနောက်ကျသွားရတယ်။ -ညိုကြီး)