Showing posts with label DAYS TOPICS. Show all posts
Showing posts with label DAYS TOPICS. Show all posts

25 September 2013

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု (၆) နှစ်မြောက် နှစ်ပတ်လည် ချီတက်ဆန္ဒပြပွဲ



ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု (၆) နှစ်မြောက် နှစ်ပတ်လည် ချီတက်ဆန္ဒပြပွဲ

                                             သဘောထားကြေညာချက်                                      

နေ့စွဲ။   ။ ၂၆၊ ၉၊ ၂၀၁၃။

 ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာရခြင်းမှာ နအဖ စစ်အစိုးရသည် ပြည်သူလူထု၏ အထွေထွေအကျပ်တည်းများ ဖြစ်ပေါ်နေချိန်တွင် ရုတ်တရက် ဓာတ်ဆီဈေးနှုန်းများကို အဆမတန် မြှင့်တင်လိုက်သဖြင့် ပြည်သူများ က ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြရာ နအဖ စစ်အစိုးရမှ အကြမ်းဖက် နှိမ်နှင်းဖမ်းဆီးခဲ့သည်။ရခိုင်ပြည်နယ်တွင်လည်း သံဃာတော်များက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုများ ပြု လုပ်ကြရာ စစ်အစိုးရမှ ထပ်မံနှိမ်နှင်းမှု ပြုခဲ့သည်။

၅၊ ၉၊ ၂၀၀၇ ရက်နေ့ ပခုက္ကူမြို့တွင် သံဃာတော်များက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုများ ဆက်လက် ပြုလုပ်ရာတွင် သံဃာတော်များဖြစ်သော ဦးပညာစက္က၊ ဦးပညာနန္ဒ၊ ဦးစန္ဒိမာတို့ သုံးပါးအား ကြိုးဖြင့် ဓာတ်တိုင်တွင် တုတ်နှောင်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့သည့်အတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ သံဃာတော်များက စစ်အစိုးရ၏ ကျူးလွန် စော်ကားသည့် လုပ်ရပ်ကို ၁၈၊ ၉၊ ၂၀၀၇ ရက်နေ့တွင် နောက်ဆုံးထားပြီး ဝန်ချ တောင်းပန်ရန် ကြေငြာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့သော်လည်း စစ်အစိုးရမှ လိုက်နာမှုမရှိခဲ့သောကြောင့် ဝိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းနှင့် ပြည်သူများ၏ လိုလားချက်များကို အမြန်ဆုံးပြည့်ဝစေရန် စီတန်းလှည့်လည် မေတ္တာပို့ခြင်းများ ပြုလုပ်ကြရာမှ ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပါသည်။

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ကြသောသံဃာတော်အရှင်သူမြတ်များ၊ကျောင်းသားကျောင်းသူများ၊အဖွဲ့အစည်းများနှင့် ပြည်သူလူထုအပေါင်းတို့အားလည်းကောင်း၊ ငြိမ်းချမ်းစွာ မေတ္တာပို့ စီတန်းလှည့်လည်ကြစဉ် စစ်အစိုးရ၏ ရက်စက်စွာ ပစ်ခတ်နှိမ်နှင်းခြင်း၊ ဖန်ဆီးချုပ်နှောင်ခြင်း၊ အနှောက် အယှက် အမျိုးမျိုးပေးခြင်းများ ခံခဲ့ကြရသော ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းတို့အားလည်းကောင်း တိုင်းပြည် နှင့် လူမျိုးအတွက်ဆောင်ရွက်ချက်များကို အလေးအနက် ဂါရဝပြု၍ ဂုဏ်ပြုအပ်ပါသည်။

ကျွန်ုပ်တို့ အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများအနေဖြင့်

(၁)နိုင်ငံအရေးအကျဉ်းသားများအား ချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်

(၂)သံဃာ့လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက် လာကြသည့်                                    
  သံဃာတော်များနှင့်  သီလရှင်များအား မူလကျောင်းတိုက်များတွင် မနေနိုင်အောင် ဖိအားပေး   နေမှုများကို
  ချက်ချင်းရပ်တန့်ရန်              

(၃)မြန်မာနိုင်ငံတဝှမ်းလုံး၌ ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်နှင့် ပဋိပက္ခများ၊ အလုပ်သမား လယ်သမားများ
     အရေးဆို   တောင်းဆိုမှုများကို ငြိမ်းချမ်းစွာ အမြန်ဆုံး ဖြေရှင်းပေးရန်

(၄)သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုတ်ရိုက်နှက်ခဲ့ကြသည့်အပြင် အတင်းအဓမ္မ ဖမ်းဆီး
    ထောင်ချခဲ့မှုများနှင့် အရေးတော်ပုံအတွင်း ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းမှုအား အစိုးရအနေနှင့် ဝန်ချတောင်းပန်ရန် နှင့် တာဝန်ရှိသူများကို အရေးယူရန်

(၅)၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံအားဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနှင့်အညီဖွဲ့စည်းပုံအသစ်ရေးဆွဲရန်နှင့်တိုင်းရင်းသား ပေါင်းစုံ၏  ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် အမျိုးသားတန်းတူရေးကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု    တည်ထောင်ရန်တောင်းဆို ကြေညာအပ်ပါသည်။

ရွှေဝါရောင်သံဃာတော်များနှင့် အိန္ဒိယရောက် ဒီမိုကရေစီ အင်အားစုများ

            နယူးဒေလီ - အိန္ဒိယ

24 September 2013

6th ANNIVERSARY  BURMA’S SAFFRON REVOLUTION



6th ANNIVERSARY  BURMA’S SAFFRON REVOLUTION

                                                            Press Release

 26.9.2013

We, the Burmese democratic activists led by Buddhist Monks, belong to the various organizations of students, youth, women, ethnic and political parties, assemble at Jantar Mantar to mark 6th anniversary of Saffron Movement in Burma in 2007, in which several hundreds of peace loving people including Buddhist monks had been killed when army brutally cracked down on them. Then thousands of Buddhists monks led peaceful procession in all major cities across the country for national reconciliation and peace in Burma and world as well. Monks did not shout any slogan against Junta at these peaceful demonstrations, but only chanting Buddha’s Mantra for love and peace.

Presently, the military junta has been trying to hoodwink world’s opinion by installing puppet civilian government led by the ex-army general Thein Sein through sham election in 2010. It is obvious that the situation in Burma (Myanmar) had no change at all and common people are still surfering and reeling under the brutal rule of junta. The people of Burma had been continued to be denied their fundamental rights. Political and rights activist are brutally cracked down to be killed, arrested, tortured and forced to leave the country or forced to be displaced. Hundreds of political prisoners are still remaining in jails and at the same time hundreds of thousands of people fled and taking refuge in neighbouring countries as the result of junta’s wars being waged in ethnic minority dominated areas.

Thus, we would like to express our view on current situation in Burma. Although we have confidence on Madam Aung San Suu Kyi’s commitment on people’s cause, we are very doubtful on junta’s promise of reform as they never keep their promises. We also believe that any political offshoot that growth under shadow of pro-military dictatorship constitution 2008 will be just another military government in civilian cloth in essence. The state power still remains in handful of military dictators named National Defence and Security Council, regardless of existence of sham election, puppet parliament and bogus civilian government. We firmly believe that Burma’s political crisis cannot be solved, no matter whatever political agreement made with whatever political party, as long as 2008 pro-military dictatorship constitution remains in force. The public life will largely remain in military bondage as per pro-military constitution, the military leaders are guaranteed with one-fourth of total parliamentary seats in all assemblies and all important ministerial positions, and confers power to legally stage serial coup d’etat at their will. Until now, all the ministries have been occupied by military officers or ex-military officers.

Therefore, we hereby demand Burmese Military Junta to implement following points immediately if it has sincerity to settle general crisis that Burma has been facing for half a century.


1.      To release all political prisoners and to initiate for a genuine peace process.

2.      To repeal or abolish 2008 undemocratic constitution.

3.      To make formal apology to Monks for cracking down of peaceful procession and chanting Buddha’s Mantra for love and peace.

4.      To implement for a Federal Union wherein the self-determination of ethnic nationalities’ own affairs are constitutionally granted.


 Program

Date: 26th September 2013 (11:00 A.m)

Venue: Jantar Mantar, New Delhi




ON BEHALF OF SAFFRON REVOLUTION MONKS IN DELHI

Burmese democracy activists in India

For Media; U Panya Zawta – 8130811264 (For Burmese)  & Nyo Tun –9810632758 (For English)

15 February 2013

Valentine's Day and Burma (Myanmar)

“...သေချာပါတယ်..အဲ့ဒီနေ့မှာ...“

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ပစ္စည်းတစ်ခုနဲ့ လာဘ်ထိုးကြမယ်
ဘ၀တစ်ခုကို အလဲအထပ်လုပ်ကြမယ်
မွတ်သိပ်မှုတွေ အစွမ်းကုန်ပွင့်ထွက်ကြမယ်
ရမ္မက်ခိုးတွေ အလျှံတငြီးငြီး တောက်လောင်နေမယ်
နာကျင်မှုတွေကို ရယ်သံအုပ်အုပ်ဖြင့် ဖုန်းကွယ်ကြမယ်
နှိပ်စက်သူရဲ့လက်ကို အနမ်းမိုး အကြိမ်ကြိမ် ရွာချကြမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ဘီယာဆိုင်တွေမှာ လူစည်နေမယ်
အရက်ဆိုင်တွေ ရောင်းကောင်းမယ်
ရုပ်ရှင်ရုံတွေမှာ ပြည့်သိပ်နေမယ်
ကေတီဗွီတွေမှာ ဘိုကင်ပြည့်နေမယ်
ဟော်တယ်လ်တွေမှာ အခန်းတွေကုန်နေမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ...
အဖူးအငုံတွေ အစွမ်းကုန်ပွင့်ကားပြမယ်
လမ်းမတိုင်းဟာ စည်ကားနေမယ်
ပါတ်ဝန်းကျင်တိုင်ဟာ ဆူညံနေမယ်
ကျုံးဘေးမှာ ပွက်လောရိုက်နေမယ်
ကူညီပါရစေ..တွေ ဆန္ဒပြည့်လိမ့်မယ်
အိုပီတီမှာ အလုပ်တွေရှုပ်နေလိမ့်မယ်
သေချာပါတယ်...မန္တလေးမြို့ကြီးလည်း
အိပ်ရေးပျက်ပါလိမ့်မယ်

သေချာပါတယ် အဲ့ဒီနေ့မှာ. . .
. . . . . .
. . . . . .
အိပ်နှင့်ပါ အန်ကယ်လ်
အဲ့ဒီနေ့မှာ ခင်ဗျားသမီး အိမ်ပြန်နောက်ကြပါလိမ့်မယ်။

(Valentine's Day ကို ကြိုဆိုသာအားဖြင့်)

Jonathan Mms
Feb. 9. 2013

21 September 2012

Myanmar Flag Color and International Day of Peace


The Campaign for Nuclear Disarmament (CND) symbol, designed by Gerald Holtom in 1958. It later became a universal peace symbol used in many different versions worldwide.
 

11 February 2012

အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေးနှင့် ရည်စူးအမျှဝေ ဆွမ်းလောင်းလှူပွဲ - Sanitation around the Building of Building from Mandalay

မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေးနှင့်
အာဇာနည် (၁၇)ဦးအား ရည်စူးအမျှဝေ၍ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ


From Burmese Martyrs


From Burmese Martyrs


နေ့ရက် - ၁၀၊ ၂၊ ၂၀၁၂ (သောကြာနေ့)
အချိန် - နံနက် ၇ နာရီမှ နေ့လည် ၁ နာရီ ခန့် အထိ

From Burmese Martyrs


From Burmese Martyrs


စိမ်းရောင်စို၊ ချမ်းမြသုခ၊ ဘ၀အလင်း၊ NLD၊ မန်းစည်ပင် အစရှိတဲ့ အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံမှ ရဟန်းဘုန်းကြီးလူပုဂ္ဂိုလ်များ၊ ပြည်သူများ၊ ကျောင်းသားကျောင်းသူများက မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန် သန့်ရှင်းရေး ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြပါကြောင်း...။

From Burmese Martyrs


အမှိုက်ခြုံနွယ်များ ရှင်းလင်းပြီးနောက်

၁၃၀၀ ပြည့် အရေးတော်ပုံတွင် မန္တလေး ကျဆုံးခဲ့သော အာဇာနည် ၁၇ ဦးအား ရည်စူး၍ အမျှပေးဝေခဲ့ကြကြောင်း သိရပါတယ်။

ညိုကြီး

From Burmese Martyrs

အမှိုက်ခြုံနွယ်များ ရှင်းလင်းပြီးနောက်တွေ့ရသော မန္တလေး၊ ၁၃၀၀ ပြည့် အာဇာနည် (၁၇)ဦးဗိမာန်ဝင်းအတွင်း မြင်ကွင်း

25 January 2012

U Razak, A Burmese Martyr (အာဇာနည် ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ နှင့် ဆရာကြီး ဦးရာဇတ်နေ့)

အမျိုးသားအာဇာနည်ခေါင်းဆောင်
ဆရာကြီး ဦးရာဇတ်(၂ဝ.၁.၁၈၉၈ - ၁၉.၇.၁၉၄၇)
၏ အတ္ထုပ္ပတ္တိ

From Burmese Martyrs


From Burmese Martyrs


From Burmese Martyrs


From Burmese Martyrs


From Burmese Martyrs


From Burmese Martyrs

++++++++++++++++++++++++++++++++++++++++++
ဆက်စပ်သတင်း>>


"ဆရာကြီး ဦးရာဇတ်နေ့" မန္တလေးမှာ ကျင်းပ
(၂ဝ၊ ၁၊ ၂ဝ၁၂)

From Burmese Martyrs


၂ဝ၁၂၊ ဇန်နဝါရီ၊ ၂ဝ ရက် (နေ့လည်ပိုင်း)က ဦးရာဇတ်၏ ၁ဝ၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ Oriental House တွင် ဆရာကြီး ဦးရာဇတ်နေ့ အခမ်းအနားအား "ဆရာကြီး ဦးရာဇတ်နေ့ဖြစ်မြောက်ရေးကော်မတီ" က ဦးစီးကျင်းပဆင်နွှဲခဲ့ကြောင်း ကြားသိရပါသည်။

From Burmese Martyrs
Sitagu Sayadaw Ashin Nyanissara also talked at 'Sayagyi U Razak Day' ceremony

အဆိုပါ အခမ်းအနားကို ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီး၊ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ၊ ဘာသာအသီးသီး၊ လူမှုကူညီရေးအသင်းအသီးသီး၊ နိုင်ငံရေးပါတီအသီးသီးစသဖြင့်တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့်အပြင် လက်ရှိ ဗမာ့အမျိုးသားရေးခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗီဒီယိုမှတစ်ဆင့် ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုသော အမှတ်တရစကားပြောကြားခဲ့ကြောင်း ကြားသိရသည်။

ကဗျာဆရာကြီး ဒဂုန်တာရာကလည်း အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ကြောင်းနှင့် ဆရာကြီး ဦးရာဇတ်၏ သား ဦးတင်မြင့်ကလည်း အမှတ်တရ စကားပြောကြားခဲ့သေးကြောင်း သတင်းရရှိသည်။

From Burmese Martyrs


အခမ်းအနားကျင်းပရာ မန္တလေး Oriental House (အောက်ထပ်)ခန်းမအပြည့် ပရိသတ်များ တက်ရောက်ခဲ့ပြီး ခန့်မှန်းပရိသတ် ၁၅ဝဝ ခန့်ရှိကြောင်း သတင်းရရှိပါသည်။

ညိုကြီး


12 August 2011

Kolay (Innwa Goneyi)'s Peace Talk Video Files 1 & 2

ကိုလေး(အင်းဝဂုဏ်ရည်)၏ ငြိမ်းချမ်းရေးစကား

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ စိန်ရတု မွေးနေ့ (၁၁.၈.၂၀၁၁) ငြိမ်းချမ်းရေးစကား ဗွီဒီယိုဖိုင်များကို
ကျွန်တော် ညိုကြီး၏ Facebook(www.facebook.com/nyogyi) မှ
Videos ကဏ္ဍ(https://www.facebook.com/video/?id=100000008066345) တွင် ကြည့်ရှုနိုင်ပါပြီ။

ငြိမ်းချမ်းရေးစကား (၁) ကို
https://www.facebook.com/video/video.php?v=263241730352760
တွင်လည်းကောင်း



ငြိမ်းချမ်းရေးစကား (၂) ကို
https://www.facebook.com/video/video.php?v=263245280352405
တွင်လည်းကောင်း ကြည့်ရှုခံစားနိုင်ပါပြီ။



ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသတင်းကို
http://bigbbrown.blogspot.com/2011/08/kolay-innwa-goneyis-75th-birthday-held.html
တွင် ဆက်စပ်ကြည့်ရှုနိုင်ပါသည်။ ။

ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြပါဦးစို့ !

ညိုကြီး

11 August 2011

Poet Kolay(Innwa Goneyi)'s 75th Birthday Ceremony

ကိုလေး (အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကျင်းပ



ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကို ဆရာကြီး၏ တံတားဦး-အင်းဝရှိ နေအိမ်တွင် ယနေ့(၁၁.၈.၂၀၁၁) ကျင်းပရာ ဆရာကြီးအား လေးစားသော ကဗျာ၊ စာ၊ နိုင်ငံရေးသမားများ တက်ရောက်ကာ ဆရာကြီးအားဂါရ၀ပြုခဲ့ကြသည်။



မွေးနေ့အခမ်းအနားကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ပိုင်းခွဲကာ ကျင်းပခဲ့ပြီး တက်ရောက်သော ကဗျာဆရာများက ဆရာကြီးအားဂုဏ်ပြုသော ကဗျာများရွတ်ဆိုခြင်း၊ ဆရာကြီး၏ ငြိမ်းချမ်းရေးသြ၀ါဒများကို နာယူခြင်းစသဖြင့် ခမ်းနားငြိမ်းချမ်းစွာ ကျင်းပခဲ့သည်။ ဆရာကြီးက တက်ရောက်သော ဧည့်သည်များအား နေ့လည်စာ ထမင်း၊ အချိုတည်းစားစရာများနှင့် ဧည့်ခံခဲ့သည်။



ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က ငြိမ်းချမ်းရေးသဘော ပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခများပြေငြိမ်းစေလိုကြောင်း၊ သခင်ကိုယ်တော်မှိုင်းကြီးကဲ့သို့ ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ကြရန်နှင့် သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပင် ရန်သူဟု မသတ်မှတ်တော့ဘဲ ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြစေလိုကြောင်း... စသဖြင့် ငြိမ်းချမ်းရေးကို ဇောင်းပေးကာ သြ၀ါဒခြွေခဲ့ပါသည် ။ ။

ညိုကြီး
-------------------------------
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကျဉ်း

၁၉၃၆ ခု၊ သြဂုတ်လ ၁၁ ရက်၊ အင်းဝမြို့၊ ဈေးချို ပန်းဘဲတန်း၌ မွေးဖွား ။
ဦးချွန်နှင့် ဒေါ်မမကြီး ...
၁၉၄၂-၄၅ (ဂျပန်ခေတ်)တွင် အင်းဝဂုဏ်ရည်ကျောင်း၌ စတင်ပညာသင်ယူ ။
ဆရာတော် ဦးသြဘာသာ၏ ပြာသာဒ်ကျောင်း၊
တံတားဦးမြို့ အထက်တန်းကျောင်းတို့၌ ဆက်လက်သင်ယူ ။
၁၉၅၄ ခု၊ မတ်လ တွင် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ အောင် ။
၁၉၅၄ မှ ၁၉၅၈ မန္တလေးတက္ကသိုလ်-
မန်းတက္ကသိုလ် ကလောင်ရှင်သင်း
အဆောင်များ စာကြည့်တိုက်မှူး
စစ်ကိုင်း ခရိုင်အသင်း၌ ဥာဏဗလမှူး-
မန်းတက္ကသိုလ် ကဗျာဆရာများနှင့် တွဲ၍ ကဗျာစာအုပ်များထုတ်ဝေခဲ့ ။
၁၉၆၅ ခုနှစ်တွင် "လမ်းသစ်ကဗျာများ" ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာ) ပထမဆု ရရှိခဲ့ ။
တင်မိုး
မောင်ခိုင်မာ
နွယ်(စစ်တွေ)
ခင်ဝင်းသစ် တို့နှင့်တွဲ၍ နဒီငါးသွယ် ကဗျာများ ရေးသားထုတ်ဝေခဲ့ ။
ယခုအချိန်ထိ ကဗျာများကို မြတ်မြတ်နိုးနိုး ရေးသားဆဲ ...

ကိုလေး (အင်းဝဂုဏ်ရည်)
11.VIII.2011

06 August 2011

23th Anniversary of 8888 Revolution will be held in Mandalay

မန္တလေး၌ ရှစ်လေးလုံး (၂၃)နှစ်မြောက်အထိမ်းအမှတ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်




အာဏာရှင်နေ၀င်းအဆိုးရကို ဖြုတ်ချနိုင်ခဲ့သော သမိုင်းဝင် ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခု ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် (၂၃)နှစ်ပြည့်မြောက်မည်ဖြစ်သည်။

ရှစ်လေးလုံး (၂၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ခံ ဒီမိုကရေစီဘက်တော်သားများကကြီးမှူးပြီး (၈၊ ၈၊ ၂၀၁၁)ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းတိုက်၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။

ယင်းရှစ်လေးလုံးအမှတ်တရ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကုသိုလ်အရေး၊ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်ကာ ပါဝင်ကုသိုလ်ယူနိုင်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ ကြားသိရသည်။

ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ၅၅ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြား၌ တည်ရှိပြီး အဆိုပါကျောင်းတိုက်တွင် ဘုန်းကြီးသင်ပညာရေးကျောင်းနှင့် အခမဲ့ပရဟိတ ဆေးခန်းများ တည်ထောင်ထားကြောင်းလည်း သိရပါသည်။ ။

(ဖိတ်စာကို ပူးတွဲ ဖော်ပြလိုက်ပါသည်)

ညိုကြီး

22 July 2011

Video File Download Link of Silent Honouring The Martyrs at Mandalay

"အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ" ရဲ့ ဗွီဒီယိုဖိုင်ဒေါင်းလုပ်လင့်ခ်ပါ။

Mediafire Download Link;
http://www.mediafire.com/f​ile/eu64cua5sm1k2kv/19%20J​uly%202011%20at%20Mdy.mpg

သူ့သတင်းအသေးစိတ်ကိုတော့
http://bigbbrown.blogspot.com/2011/07/www.html
မှာဖတ်ပါ။

(www.facebook.com/nyogyi မှာလည်း ဗွီဒီယိုဖိုင်ရော၊ သတင်းစာသားပါ တင်ထားပါတယ်။)

21 July 2011

Silent Honouring The Martyrs at Mandalay

အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ



၁၉၊ ဇူလိုင်၊ ၂၀၁၁ - (၆၄)နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေး၊ ကန်ကောက်ရပ်က ကိုခင်မောင်ရီတစ်ယောက် အာဇာနည်များကို ဂါရ၀ပြုပုံဆန်းခဲ့ပါတယ်။ သူက မန္တလေး၊ ၆၂ လမ်း၊ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြားမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တည့်တည့် ၆၂ လမ်းပေါ်မှာ နံနက် ၉ နာရီကျော်ခန့်ကနေ မွန်းလွဲ ၂ နာရီလောက်ထိ ငြိမ်သက်စွာ မျက်စိမှိတ်ထိုင်ကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော အာဇာနည်များကို ဂါရ၀ပြုခဲ့ပါတယ်။

သူ့ရှေ့က သံတိုင်တန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦးပုံပါ ဂျာနယ်မျက်နှာဖုံးတစ်ခုချိတ်ဆွဲထားပြီး ပန်းစည်းများနဲ့ ပူဇော်ထားပါသေးတယ်။ သူ့မှာပါလာတဲ့ အမွှေးတိုင်တွေကိုတော့ မထွန်းဘဲ သူ့ရှေ့မှာ မီးခြစ်နဲ့အတူ ချထားခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်လက်ပတ် ပတ်ထားပါတယ်။

သူ့ပတ်လည်မှာ စိတ်ဝင်စားသူတွေက ၀န်းရံထားပါတယ်။ မီဒီယာသမားတွေနဲ့ ထောက်လှမ်းရေးဆိုသူတွေကတော့ မှတ်တမ်းတင်ကြပါတယ်။

သူဂါရ၀ပြုတာကိုမြင်ပြီး လမ်းသွားလမ်းလာထဲက အချို့ သူနဲ့အတူ အာဇာနည်များကို ၀င်ကန်တော့သွားတာလည်းရှိသလို အချို့သူတွေကလည်း သူနဲ့အတူ အာဇာနည်များကို ပန်းစည်းများချထားကာ ၀င်ရောက် ဂါရ၀ပြုသွားကြောင်းသိရပါတယ်။

ညိုကြီး

(အာဇာနည်များအား ကိုခင်မောင်ရီ ဂါရ၀ပြုပုံဗီဒီယိုကလစ်အား www.facebook.com/nyogyi မှာ တင်ထားပါမည်။)

15 May 2011

Do Thein Sein Forget His Real Father?

အဖေမေ့ပြီး ပထွေးကို ဂါရ၀ပြုတဲ့ သိန်းစိန်



ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုလေ့မရှိခဲ့ဘဲ

အင်ဒိုနီးရှားရောက်သခိုက် အင်ဒိုသူရဲကောင်းဗိမာန်၌ အင်ဒိုသူရဲကောင်းများအား သိန်းစိန် ဂါရ၀ပြုနေစဉ်
(6, May, 2011)

ပထွေးဂါရ၀ပြု သိန်းစိန် ဓာတ်ပုံ- (10, May, 2011) ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၆)မှ

---------------------
သိန်းစိန်နည်းတူ အဖေကျော်ပြီး ပထွေးလွမ်းခဲ့ဖူးတဲ့ မောင်အေး



စစ်ကြံ့  ဖွတ်အာဏာရှင်များသည် ဆိုးသည့်မိုက်သည့် ကလိန်ကျသည့်အရာ၌ တစ်ဂိုဏ်းတည်း တစ်ဥာဏ်တည်း၊ စိတ်တူကိုယ်တူ ဆိုးဖော်မိုက်ဖက်များဖြစ်သည့်အားလျော်စွာ သိန်းစိန်၏ အာဏာရှင်စီနီယာဖြစ်သော မောင်အေးသည်လည်း ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေး
သွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေမချခဲ့ဘဲ

(2008, October, 8) ရက်က ဘင်္ဂလားဒေ့ရှ်ရောက်သခိုက် ဘင်္ဂလားအာဇာနည်ဗိမာန်၌ လွမ်းသူ့  ပန်းခွေချခဲ့ဖူးပါသည်။

Reference:
"ကိုမောင်အေး တစ်ယောက် အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း" Ko Maung Aye Forgot His Real Father?
http://bigbbrown.blogspot.com/2008/10/ko-maung-aye-forgot-his-real-father.html

12 February 2011

Union Voice

ပြည်ထောင်စုအသံ

ပြည်ထောင်စုဆိုတာ...
အာဏာရှင်တွေက တစ်တိုင်းပြည်လုံးကို ထောင်လိုစုပြီး သိမ်းပိုက်ထားခြင်းလား
အမေစု ပြန်လည်တည်ထောင်ရမယ့် တိုင်းပြည်ကို ဆိုလိုသလား
ဖေဖော်ဝါရီ ၁၂...
လွန်ခဲ့သော ၁၉၄၇ ခုနှစ်က
ပင်လုံမှာ အောင်ဆန်း စုစည်းခဲ့တဲ့ စိတ်ဓာတ်
ကနေ့ ၂၀၁၁ ခုနှစ်မှာ အမေစု ပြန်လည်စုစည်းရမယ့် စိတ်ဓာတ် ။

တူနီးရှား၊ အီဂျစ်...
အာဏာရှင်တွေ လဲပြိုရတဲ့ ဒိုမီနိုဖြစ်စဉ်
တို့ဗမာပြည်ကို ခုချက်ချင်း လှမ်းဝင်ခဲ့ပါတော့
ပြည်ထောင်စုနေ့ ဖိတ်ခေါ်သံ
အာဏာရှင်တွေအတွက် တော်လည်းငလျင်သံ...။      ။

ညိုကြီး
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၁၁
(၆၄ နှစ်မြောက် ပြည်ထောင်စုနေ့)

(၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁ ရက်အလို ရေးဖွဲ့သည်)

----------------------------------------------
ပူးတွဲပါ ဓာတ်ပုံကို Ko Wild (
http://www.facebook.com/ko.wild)ထံမှ ရယူပါသည်။

(ပုံကြီးမြင်ရရန် ပုံပေါ် ကလစ်နှိပ်ကြည့်ပါ)

15 March 2010

HanTharWadi U Win Tin's Book: What is the Hell of Living In Burma?

ဟံသာဝတီ ဦးဝင်းတင် ၏ ဘာလဲဟဲ့ ... လူ့ငရဲ

ဟံသာဝတီ ဦးဝင်းတင် ၏ (၁၂.၃.၂၀၁၀)နေ့တွင် ကျရောက်သော အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့်
ဘာလဲဟဲ့ ... လူ့ငရဲ

HanTharWadi U Win Tin: What is the Hell of Living?

22th Burma Human Right (Phone Maw) Day


13 February 2010

Give AUNG SAN Back to Burma

ပြန်ပေးပါ


အဖေရေ ………………...

အသွေးလဲရင့် ၊ အသံလည်းရင့်တဲ့ အဖေ
ကျွန်တော်တို့ ပြည်သူတွေကို
သူ့ကျွန်အောက်က လွတ်ဖို့
ရဲရင့်တဲ့ ခွင်အားတွေပေးခဲ့တဲ့ အဖေ ။

အိမ်နံပါတ် ၂၀ ဒေါင်းနင်းလမ်း ဆိုတာ
အဖေ့ခြေလှမ်းတွေရဲရင့်ခဲ့တဲ့နေရာ ။

စည်းလုံးသော အင်းအားတွေဖြစ်ဖို့
ဖေဖဝါရီ ၁၂ ရက်ကို ဖန်တီးခဲ့တဲ့ အဖေ ။

ခေတ်တွေအပြောင်းမှာ
ကြက်ဆူရိုးနဲ့ သမိုင်းရေးတဲ့ကောင်တွေကြောင့်
အခုတော့
အဖေပေးခဲ့တဲ့ စစ်ပညာနဲ့
တလွဲဆံပင်ကောင်းနေလိုက်တာများ
ကျွန်တော်တို့ပြည်သူတွေရဲ့သွေးတွေ
ရဲပတောင်းကို ခတ်လို့ ။

တောင်တန်း မြေပြန့်
မကသေးဘူး
မြန့်မာ့မြေပုံကို တိတိပပ
ပုံဖော်ပေးခဲ့တဲ့ ၁၂ ဖေဖဝါရီ
ဖွတ်မေ့ မေ့လို့ ။

မြန်မာ့ရာဇဝင်မှာ
မဖျက်ကောင်းတဲ့ ၁၃ ဖေဖဝါရီ
အာဏာကို အငမ်းမရ
လုယက်နေတဲ့သူတွေကြားမှာ
ဘယ်မှာလဲ အဖေ့မွေးနေ့ ။

တစ်ခါတစ်လေတော့လည်း
ငါတို့အဖေဟာ
ရောင်းတန်းဝင် ပစ္စည်းဆန်ဆန်
ကျွန်တော်ရင်နာတယ် အဖေ ။

ဘာမှမဆိုင်တဲ့ စိန့်ဗာလင်တိုင်းရဲ့
၁၄ ဖေဖဝါရီကို ဇွတ်အတင်း
စည်ကားအောင် လုပ်တဲ့ကောင်တွေကို
မိစစ်ဖစစ် အော်ဟစ် ဆဲဆိုလိုက်ချင်တယ်

…………………………………၁၂ ၊ ၁၃

ငါ့ ဖေဖဝါရီကို ပြန်ပေးပါ ။ ။

BLACK

----------------------------
(သခင်အောင်ဆန်း၏ ဓာတ်ပုံကို အင်တာနက်မှ ရယူပါသည်)

12 January 2010

INCREASED SALARY CAN'T STOP THE BURMESE PEOPLE'S CRYING

စစ်အဆိုးရ၏ ၂၀၁၀ မဖြစ်ညစ်ကျယ် လစာတိုး စည်းရုံးရေး
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော
လစာတိုး ကြော်ငြာစာများ

အောက်မှာ ပူးတွဲဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်စွဲ နဲ့ စစ်အဆိုးရက ထုတ်ပြန်လိုက်တဲ့ လစာတိုးအမိန့်ကြော်ငြာစာတွေပါ။

အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း




တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ


နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ

စစ်တပ်ကမဟုတ်တဲ့ အဆင့်မြင့်ဆုံး အရပ်ဝတ် ၀န်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာနှုန်းထား အမြင့်ဆုံး (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)ဟာ စစ်တပ်က ဗိုလ်မှူးကြီးတစ်ယောက်ရတဲ့ လစာ (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)မျှနဲ့သာ သွားတူနေတာတွေ့ရမှာပါ။

ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။

"... - ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ...."

ဆိုတဲ့ ကြော်ငြာစာသားတွေပါ။

ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်... တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ... ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။ အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)

ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။

အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။  နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။

စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။

စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။

တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ " ကြားပေါက် " ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)

နဂိုလစာ (၁၅၀၀၀ - ၁၀၀၀ - ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ - ၁၀၀၀ - ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)

တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။

ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော " ကြားပေါက် " တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။

- ညိုကြီး

09 January 2010

GENERAL AUNG SAN'S WRITER LIFE

လိပ်ပြာရှင်းသန့်သူ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စာရေးဆရာဘဝ
- မြင့်ဆန်း -

" ရနံ့သစ် " မဂ္ဂဇင်း၊ အမှတ် (၁၃)၊ ဇန်န၀ါရီလ၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ (၂၄) မှ စာရေးဆရာ " မြင့်ဆန်း " ၏ ဆောင်းပါးအား Scan ဖတ်၍ (၆၂)နှစ်မြောက် ဗမာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကူးယူဖော်ပြ၏။

(ထိုရနံ့သစ်မဂ္ဂဇင်း မျက်နှာဖုံး အပါအ၀င် စုစုပေါင်း Scan (၅) မျက်နှာ)









28 July 2009

JULY 19, WE CAN'T FORGET

၁၉ ဇူလိုင် မမေ့နိုင်



ဒီနေ့ဟာ ပုံမှန်ကျရောက်နေကျပေမဲ့ အလွန်တရာထူးဆန်းတဲ့ကြေကွဲဖွယ်ကောင်း တဲ့နေ့ တစ်နေ့။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ သွေးမြေကျခဲ့တဲ့နေ့။
အာဇာနည်နေ့။

အရင်တုန်းကတော့ အာဇာနည်နေ့ဆိုရင် ရထားတို့ သဘောင်္တို့ ဥသြဆွဲတယ်။ အာဇာနည်ခေါင်းဆောင်ကြီး တွေကျဆုံးခဲ့ရတဲ့အချိန်မှာ တစ်လောကလုံးတိတိဆိတ်စွာနဲ့ ဂုဏ်ပြုခဲ့ကြတယ်။ မိုးပြေးလေးနဲ့အတူ အားလုံးရဲ့ ပါးပြင်ထက်မှာ မျက်ရည်တွေနဲ့။ အခုတော့.......................။

ဘယ်မှာလဲ အာဇာနည်နေ့အခမ်းအနား။ အမှတ်ရတဲ့သူကတော့ မှတ်မိနေဆဲ။ မသိတော့သူတွေလည်းအများကြီး။ရင်နာဖို့ကောင်းအောင်ပဲ အာဇာနည်တွေ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို မသိကြတော့ဘူး။ ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးကို မေ့အောင်လုပ်သောသူများ အသေဆိုးနဲ့သေကြပါစေ။ငလျင်ဘေးကြုံရပါစေရှင်။

အာဇာနည်နေ့ကို ကျွန်မတို့ငယ်ငယ်က ဖေဖေနဲ့မေမေတို့က အိပ်ရာဝင်ပုံပြင် အဖြစ်ပြောပြတော့ ကျွန်မမျက်ရည်ကျမိတယ်။ အသိဥာဏ်နည်းတဲ့ကလေးတောင် ခံစားတတ်ခဲ့တယ်။ ဒါကို မသိမခံစားတတ်သောသူသည် ခွေးသာသာအဆင့်ရှိသော လူတိရစ္ဆာန်တွေဖြစ်တယ်။ လေးတန်းတုန်းက ကျွန်မအာဇာနည်နေ့အကြောင်း စာစီစာကုံးရေးတာ ပထမရခဲ့တယ်။ အခုတော့ အာဇာနည်နေ့အထိမ်းအမှတ် ဘာပွဲ ဘာအခမ်းအနားမှ မလုပ်ပေးတော့ပါလား။ ဒီပုံအတိုင်းဆိုလျှင် နောင်ဆယ်နှစ်ကြာလျှင် အာဇာနည်နေ့ဆိုတာလုံးဝပျောက်ကွယ်သွားတော့မည်။ ဘုရား............ဘုရား။

အာဇာနည်နေ့ကိုမမေ့သွားအောင် ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ။
ကျွန်မတို့ရဲ့မောင်ညီမတွေကို ၁၉၄၇ ဂျူလိုင်လ ၁၉ရက်နေ့က အဖြစ်အပျက်တွေကို ကျွန်မတို့လူငယ်တွေ ပြန်ပြောပြကြရအောင်။ လူထုစည်းလုံးရင် အရာအားလုံးကို အောင်နိုင်ပါလိမ့်မယ်။
အာဇာနည်နေ့မှာ ကျွန်မတို့ဘာတွေလုပ်ခဲ့ကြသလဲ။ အာဇာနည်နေ့မှာ ကျွန်မတို့အနက်ရောင်ဝတ်စုံ ၀တ်ဆင်ခဲ့တယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ပေါ့။ဘုရားသွားတယ်။ ဆုတောင်းပေးတယ်။ နောင်နှစ်အာဇာနည်နေ့မှာလည်း တူညီအနက် ထပ်ဝတ်ကြတာပေါ့။

ဘယ်သူသေသေ ငတေမှာရင်ပြီးရော ဆိုတဲ့ ခွေးတိရစ္ဆာန်တွေ၊အောက်ခြေမှာဘာဖြစ်နေတယ်ဆိုတာမသိတဲ့သူတွေ သံသရာတစ်လျှောက် အသေဆိုး ကံကြမ္မာဆိုးနဲ့ကြုံပါစေ။

ရေးသူ - ပန်းရင့်ရောင်

-------------------------------------------------------------------------
Aung San Photo was taken from; http://aklatt2008.multiply.com/photos/album/4/4

22 July 2009

YANGON EXPERIENCES AT BURMESE 62nd MARTYRS' DAY (2009)

၂၀၀၉ ရဲ့ ၁၉ ဇူလိုင် နဲ့ ကျွန်တော်
- ဖိုးရှုပ်(ဒဂုံ အဝေးသင်) Student -

(19, July, 2009) - Photo from www.moemaka.com

ကျွန်တော် စာရေးဆရာမဟုတ်ပါ။ ရေးချင်စိတ်ပြင်းပြလို့သာ ရေးလိုက်တာပါ။ ထို့ကြောင့် အဆီအငေါ်မတည့်မှုများရှိရင် သည်းခံပေးပါ !

ဒီနေ့က ဘာနေ့လဲ ဆိုတာကိုတော့ ကျွန်တော့်ရဲ့ အဖေက စလို့ နံနက် ၇ နာရီလောက်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံအလံကို တစ်ဝက် လျှော့ချပြီး ကျွန်တော်တို့အိမ်ရှေ့မှာ အလံကို စိုက်ထူလိုက်ပါတယ်။ နောက် အမေက အိမ်က ဘုရားမှာဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ အတွက် ဆွမ်းကပ်ပါတယ်။နောက်ပြီး အဖေက ကျွန်တော့်ကို သူ့ဖုန်းမှာ (၁၀း၃၅) Alarm ပေး ပေး ပါ ဆိုလို့ ကျွန်တော် Alarm ပေး ပေး ရသေးတယ်။ ပြီးမှ အဖေက အနက်ရောင် ၀မ်းဆက် ၀တ်ပြီး သူ့အလုပ်ကို ထွက်သွားပါတယ်။

ဒါနဲ့ ကျွန်တော် လက်ဖက်ရည်သောက်မယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ထွက်ခဲ့ပါတယ်။ မထင်မှတ်စရာပဲဗျာ။ ကျွန်တော်တို့ရပ်ကွက်ထဲက ကျွန်တော်မထင်မှတ်ထားတဲ့ လူငယ်တချို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောနေကြတယ်ဗျ။ ကျွန်တော် တော်တော် ၀မ်းသာသွားတယ်ဗျာ။ ကျွန်တော်လည်း သူတို့ကိုအာဇာနည်တွေရဲ့ အကြောင်းတွေပြောပြပြီး ကျွန်တော်စီစဉ်ထားတဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် အနက်ဝမ်းဆက်ဝတ်ပြီး ရွှေတိဂုံ သွားဖို့ ပြင်ဆင် ကြပါတယ်။

အဲ.........ကျွန်တော်တို့ ထွက်လာတော့ လမ်းထိပ်မှာ ထီသည် တစ်ယောက်က (အာဇာနည်နေ့)သီချင်း ကိုဖွင့်လို့ဗျ။ ကျွန်တော်တို့မှာ မျက်ရည်တွေတောင် လည်လာတယ်ဗျာ။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့က အနက်ရောင် ၀မ်းဆက်တွေနဲ့ဆိုတော့ ဟိုလူကြည့် ဒီလူကြည့်ပေါ့ဗျာ။ ဒါလည်းကျွန်တော်တို့က လူငယ်တွေဆိုတော့ နည်းနည်းတော့ ဂုဏ်ယူမိတာပေါ့ဗျာ။

ကျွန်တော် ရွှေတိဂုံကို Bus ကားစီးပြီးသွားပါတယ်။အဲ ကျွန်တော်တို့လိုင်းကားက NLD ရုံးရှေ့ရောက် တော့ မနက် (၁၀း၃၅) ဗျ။ ချိန်ကိုက်ထားလား အောက့်မေ့ရတယ်ဗျာ။ အဲဒီမှာပါတီဝင်တွေနဲ့ အရပ်သားတွေ ၁၅၀၀-၂၀၀၀ လောက် ရှိမယ်ထင်တယ်။ သူတို့က တစ်ဖက် က ဗိုလ်ချုပ်အောင်ဆန်းပုံကိုကိုင် တစ်ဖက် က ဖယောင်းတိုင် လေးတွေကို ကိုင်ပြီး တစ်မိနစ် ငြိမ်သက်အလေးပြုတယ်ဗျ။ တချို့လူတွေက ဗိုလ်ချုပ်စတစ်ကာပါ အင်္ကျီအဖြူတွေနဲ့။ တချို့က ဗိုလ်ချုပ်နဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည် စတစ်ကာပါ အင်္ကျီ တွေနဲ့။ တချို့က အာဇာနည် ခေါင်းဆောင်ကြီးတွေပါတဲ့ ရင်ထိုးတွေနဲ့ဗျ။ ကျွန်တော် သူတို့ကို ကြည့်ပြီး ကြက်သီးတွေ တောင် ထ သွားတယ်ဗျာ။ ကားပေါ်က လူတွေကလည်း တစ်ယောက် တစ်ပေါက် ပေါ့ဗျာ-
"သူတို့လို............ ငါတို့မလုပ်နိုင်ဘူး"
"ငါတိုလည်း........ ဒီနေ့ ........ ဆွမ်းကပ်တယ်"
"တို့က ခု ......... ဘုရားသွားမှာလေ" တို့ပေါ့ဗျာစုံရော။

အော ဒီကြားထဲ ကားစပယ်ယာလေးက ဘာပွဲလဲဆိုလို့ ကျွန်တော် အသိပေးလိုက်ရသေးတယ်ဗျ။ အဲဒီတော့မှ သူ့ခမျာ "အော်" ဆိုတဲ့ အသံလေးက တစ်မျိုးပဲဗျာ။ ဒါနဲ့ ကျွန်တော်တို့အရှေ့ဘက်မုခ်က တက်မယ်ဆိုပြီး အုတ်လမ်းမှတ်တိုင်မှာ ဆင်းလည်းဆင်းလိုက်ရော အောင်မလေး စွမ်းအားရှင်တွေမှ နည်းတာမဟုတ်ဘူး။ BM တွေ ဒိုင်နာတွေ (၁၅) စီးလောက်ရှိတယ်။ အပြည့်ပဲဗျ။ အော်မေ့နေလို့ ကျွန်တော် တို့ကား NLD ရုံးရှေ့ မရောက်ခင် လမ်းထိပ် မှာလည်း လုံထိန်းကားတွေ- ဒါတွေလည်း ၁၅စီး လောက်ရှိမယ်။ လက်နက်တွေ ဒိုင်းတွေ နဲ့ အပြည့်ဗျ။

အော်........ ကျွန်တော်ထင်ပါတယ်။ သူတို.တာဝန်အရ မလို.ပါ သူတို.လည်း လူများတွေ အာဇာနည်တွေအတွက် ကောင်းမှုအမျိုးမျိုး လုပ်နေကြချိန်မှာ သူတို့လည်း ဘယ်လိုလုပ် သေနတ်ကြီးတွေ ကိုင်ထား ချင်ပါ့မလဲလို့။ ဟိုစားလို့ ၀နေတဲ့ ဗိုက်ပူကြီးတွေခိုင်းလို့သာ လုပ်နေရတယ်လို့ ထင်ပါတယ်။ အဲဒါထားပါအုံး ကျွန်တော်တို့ အရှေ့ဘက်မုခ်ရောက်တော့ အရှေ့ဘက်မုခ် ပိတ်ထားတယ်ဗျ။ လူတစ်ယောက် ကပြောပါတယ်။ "ရှေ.မှာလမ်းကြမ်းတယ် ဒီဘက်က သွားရင် ဘုရားရောက်ပါတယ်" တဲ.့။ ဟုတ်တယ်ဗျ ။ ရှေ့ကိုကြည့်လိုက်တော့ အစာဝနေတဲ့ ဗိုက်ပူ ထောက်လှမ်းရေး ပေါက်စတွေဗျ သူတော်ကောင်းယောင်ဆောင်ပြီး လည်ဂတုံးအဖြူတွေနဲ့လေ။ တောင်ဘက်မုခ်ရောက်တော့ သုံးယောက်သား ဖိနပ်လေးတွေချွတ် ဘုရားပေါ်လည်းတက်ရော လုံခြုံရေးဆိုတဲ့ အကိုကြီးတွေက ကျွန်တော့်လွယ်အိတ်ကို ယူစစ်တယ်ဗျ။ ဘာမှမပါပါဘူး...။ ကျွန်တော် တနင်္ဂနွေနေ့တိုင်း English သင်တန်းတက်တော့ လွယ်အိတ်ယူလာတာ ပေါ့ဗျာ။ ကျွန်တော်တို့က အနက်ဝမ်းဆက်တွေနဲ့ဆိုတော့ သေချာကိုစစ်တာဗျ .... အားလုံးသိအောင်ပြောရအုံးမယ် (ကျွန်တော်တို့က ဘုရားကို ဖြိုမယ့် လူတွေမဟုတ်ပါဘူး......။ ဘုရားက တည်တဲ့သူမဟုတ်ရင် သူ့ဖာသာသူ ပြို တာပါနော်)။

ကျွန်တော်တို့ ဘုရားပေါ်လည်းရောက်ရော မိုးကစရွာတော့တာပါပဲ...။ ဒါ ၁၉ ဇူလိုင် ဆိုတာကို မိုးမင်းကြီးက ပြလိုက်တာပါပဲဗျာ။ ဟောပြီးတော့ ဗိုက်ပူကိုယ်တော်တွေက icom တွေကိုင်ပြီး ကျွန်တော်တို.နောက် ကို ခိုးကြောင်ခိုးဝှတ်နဲ့ တကောက်ကောက် လိုက်နေတယ်ဗျ။ ကျွန်တော်တို့အောင်မြေမှာ ဘုရားရှိခိုးပြီး ကျွန်တော်တို့နဲ့ ချိန်းဆိုထားတဲ့ အနက်ရောင် ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တွေ့လိုက်ရတယ်ဗျ။ သူတို့လည်း သူတို့ဖာသာသူတို့ ဆုတောင်းရေချမ်းကပ်တွေ လုပ်နေကြတာပေါ့ဗျာ။ တချို့လူတွေက အာဇာနည်နေ့ မလို့ ဘုရားလာကြတာလားလို့ ကျွန်တော်တို့ကို မေးပြီး သူတို့လည်း အာဇာနည်နေ့မို့ ဘုရားလာ ဆုတောင်း ပေးကြတာလို့ပြောပါ တယ်။

ကျွန်တော်တို့လည်း ဘုရားက အေးအေးဆေးဆေးပဲ ပြန်ဆင်းလာပြီး English သင်တန်းကို Bus Car စီးပြီးသွားခဲ့ပါတယ်။ အဲ ကျွန်တော်တို့ Bus Car (NLD) ရုံးရှေ့ရောက်တော့ စွမ်းအားရှင်တွေမှာ တစ်နေ့လုံး မိုးရွာထားတော့ အားလုံးက ချမ်းလွန်းလို့ တုန်တောင် တုန်နေကြပါတယ်။ သူတို့ခမျာမှာလည်းဗျာ ဘုမသိ ဘမသိနဲ့ တချို့ဆို ဗိုလ်ချုပ်ကိုတောင် မသိတဲ့ လူတွေဗျ။ သနားပါတယ်ဗျာ။ NLD ရုံးထဲကနေ NLD လူငယ်တွေ ရွှေတိဂုံဘုရား ကို သွားဖို့ ၂ ယောက် တစ်တွဲ စီ စီတန်းလျှောက်လာတာ စည်းကမ်းရှိလိုက်တာဗျာ။ အယောက် ၅၀ လောက်ရှိမယ်ဗျ။ လုံထိမ်းကားတွေရှေ့က ရဲရဲရင့်ရင့်ပဲ ဖြတ်လျှောက်သွားကြတာဗျာ။ ကျွန်တော် ဒီလူငယ်တွေကို အရမ်းလေး စားတယ်ဗျာ။

ကျွန်တော်တို့ သင်တန်း ရောက်တော့ ဆရာက Who relly killed Aung San? အကြောင်း ကိုပြောပြတယ်ဗျ။ သင်တန်းက အပြန် အိမ်ပြန် ရောက်တော့ ည ၈း၀၀ ရှိပြီ။ သီတင်းကြည့်မယ် ဆိုပြီး TV ဖွင့်ကြည့်တော့ တော်တော် အရေးမကြီးတဲ့ သတင်းတွေ အရင်လာတယ်။ အားလုံးပြီးမှ အာဇာနည်နေ့ အခမ်းအနားလာတယ်ဗျ။ ဗိုလ်ချုပ် မိသားစုထဲက ဦး အောင်ဆန်းဦး ကိုယ်စား ဘယ်သူကပန်းခွေ လာချတယ် ဆိုတာပဲပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဘယ်သူတွေ တက်ရောက်တယ်ဆိုတာလည်း မပါဘူးဗျ။ ဒီသတင်းကို မိနစ်ပိုင်းနဲ့ပြီးသွားတာ အားလုံး အသိပါ။

အော်....... ကျွန်တော့် အထင်ပြောရရင် နောက်ဆို အာဇာနည်နေ.အခမ်းအနားတောင်လုပ်ပါတော့မလား ......။
အာဇာနည်ခေါင်းဆောင်ကြီးတွေကို မေ့လိုက်ကြပြီ လားလို့.................................။

အားလုံးကို ပြောချင်တာကတော့-
သူတို့ဟာ မလုပ်သင့်မလုပ်ထိုက်သည့် အရာများကို အလေးထားပြု လုပ်နေကြပြီး
လုပ်သင့်လုပ်ထိုက် သည့် အရာများ ကို လစ်လျှု ရှုထားကြပါသည်။
သို့သော် ကျွန်တော်တို့လူငယ်များသည် လုပ်သင့်လုပ်ထိုက်သည့် အရာများကို ပြည်သူများနှင့် ပူးပေါင်းပြီး လုပ်ကိုင် သွားပါ မည်။ ။

ဖိုးရှုပ်(ဒဂုံ အဝေးသင်) Student

------------------------------------------------------------------------------------------
ရန်ကုန် အာဇာနည်နေ့ အတွေ့အကြုံနှင့် ခံစား/ခံယူချက်များအား အီးမေးလ်မှတစ်ဆင့် ပေးပို့လာသော
စာရေးသူ ဖိုးရှုပ် (ဒဂုံ အဝေးသင်) Student အား အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း။