Showing posts with label SATIRE. Show all posts
Showing posts with label SATIRE. Show all posts

08 July 2020

စစ်အဆိုးရရဲ့ #ငြိမ်ဝပ်ပိပြား စကားလုံးကို လက်ခံသုံးစွဲနေဆဲ လက်ရှိ NLD သမ္မတကြီး ဦးဝင်းမြင့်


စစ်အဆိုးရရဲ့ #ငြိမ်ဝပ်ပိပြား စကားလုံးကို လက်ခံသုံးစွဲနေဆဲ လက်ရှိ NLD သမ္မတကြီး ဦးဝင်းမြင့်

Zawgyi> 

07 February 2013

မင်းသားတွေက ကိုယ့်နေရာကိုယ် မနေကြတော့ဘူး ~ ဧရာ


" မင်းသားတွေက ကိုယ့်နေရာကိုယ် မနေကြတော့ဘူး "

ဧရာ

8 DAYS A WEEK အနုပညာဂျာနယ်
၁ - ၈ ဖေဖော်ဝါရီ ၂၀၁၃

29 November 2012

Lapadaung Rider


လက်ပံတောင်း စီးသူ

စစ်ကိုင်းတိုင်း ကပ်ဆိုက်နေသည်။
ဆီတွဲမီးလောင်၊ ငလျင်လှုပ်၊ မီးလောင်တိုက်အသွင်းခံရ ။
ဘာသာ သာသနာ အစော်ကားခံရ ။

(ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တာကလည်း ဒီပဲယင်း(စစ်ကိုင်းတိုင်း)မှာပဲ ဆိုတာ မမေ့စေချင်ဘူး။ ၈၈ တုန်းက လူအတော်များများ သေကြေပျက်စီးခဲ့ကြရတာလည်း စစ်ကိုင်းတိုင်းမှာပါပဲ)

Nyo Gyi



(ကဲ ... နောက်ထပ် ဘယ်သူ့ပုံ နဲ့ ဖန်တီးပေးတာ လိုချင်ကြသေးလဲ???)
Just for a Jail ... အဲလေ... Just for a Joke !

:P


အစကတော့ ၄ ယောက်ပုံနဲ့ ၄ ပုံ ဖန်တီးမလို့ပဲ...။
ဒါက နံပတ် ၀မ်း ပေါ့။
တောင်းဆိုသူ အရမ်းများတဲ့သူကို ထပ်မံ ဖန်တီးပေးပါမည်။

:) 

(မှတ်ချက်။ ဆရာအော်ပီကျယ်၏ အောက်ပါ ကာတွန်းကို ကြည့်ပြီး Idea မြစ်ဖျားခံလာတာပါ။

https://www.facebook.com/photo.php?fbid=493785687332255&set=a.142225162488311.26254.121507374560090&type=1&relevant_count=1
)

18 September 2012

လူရွှင်တော်များသို့ အကြံပြုခြင်း


"လူရွှင်တော်များသို့ အကြံပြုခြင်း"


လူရွှင်တော်တွေအနေနဲ့
တစ်ခါလာလည်း မော်တော်ပီကယ်ကို ဟာသလုပ်
တစ်ခါလာလည်း မီးသတ်ကို ဟာသလုပ်
တစ်ခါလာလည်း လျှပ်စစ်မီးကို ဟာသလုပ်
တစ်ခါလာလည်း ကုန်ဈေးနှုန်းကြီးတာကို ဟာသလုပ်
တစ်ခါလာလည်း ဆေးရုံနဲ့ ဆရာဝန်တွေကို ဟာသလုပ်
တစ်ခါလာလည်း ကျောင်းဆရာ၊ ဆရာမတွေကို ဟာသလုပ်
တစ်ခါလာလည်း တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံးကို ဟာသလုပ်
တစ်ခါလာလည်း မိန်းကလေးလိုဝတ်စားပြီး ဟာသလုပ်
တစ်ခါလာလည်း အဆိုတော်နဲ့ မင်းသား၊ မင်းသမီးတွေကို ဟာသလုပ်
တစ်ခါလာလည်း ....
ရိုးနေ အီနေပါပြီဗျာ
လုပ်စရာ သည်(ဒီ)လောက်မရှားပါဘူး
ဖဲ့ကြစမ်းပါ
ရွဲ့ကြစမ်းပါ
ကာတွန်းဆရာတွေကို အတုယူကြစမ်းပါ
ကွန်မြူနီကေးရှင်းရဲ့ အရေးပါပုံကို သတိရကြစမ်းပါ
မော်မီးလျှပ်ကုန်ဆေးရာလုံးမိန်းတော်မင်းကိုလည်း ဖဲ့နိုင်ကြသလို
နေညွန့်ရွှေအေးမန်းဆန်းရီဥလွှတ်တီကိုသာမက
လိုအပ်ရင် လိုအပ်သလို
သာပေါင်းညာလည်လိမ်လှည့်ယုတ်လုခြောက်စားတွေကိုလည်း ဖဲ့နိုင်ကြပါစေ
ဟာသဆိုတာမှာ...
အောက်လုံးလည်း အရေးပါသလို
အထက်လုံးလည်း အရေးပါပေရဲ့
သို့ကလို အဲ့သလိုသာ
ကြေညာမောင်းခတ်လိုက်ပါရစေငဲ့။


ညိုကြီး
https://www.facebook.com/nyogyi


(မှတ်ချက်။
တစ်ခါတစ်လေ လူရွှင်တော်တွေဟာ ကိုယ့်ပွဲလာကြည့်တဲ့ ပရိသတ်ကို ငဲ့ရတာတွေ၊ ပရိသတ်အမျိုးအစားပေါ် မူတည်ပြီး ပြက်ရတာတွေလည်း ရှိတတ်တာကို လက်ခံပါတယ်။)

20 March 2011

Pan Hlaing Soe (Kyone Pyaw)'s Poem for Feminized Than Shwe

The YATI ရတီ စာပေအနုပညာ မဂ္ဂဇင်း Vol. 8, No.84, March, 2001 မှ ကဗျာဆရာ ပန်းလှိုင်စိုး (ကျုံပျော်) " ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း " ကဗျာအား ဆက်စပ်ခံစားနိုင်ရန် မျှဝေ ဖော်ပြလိုက်ပါတယ်။ (ပူးတွဲပါပုံ)

ယောက်ျားစစ်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ်.. တဲ့။ ကဗျာဆရာ ဖွဲ့ဆိုထားတာပါ။

From Historic Poems

24 January 2011

Actor Yan Aung Said That The Place Away from Men is Military

"ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" ဟု ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ပြောဆို 
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကား)

ဗမာပြည်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိသော နယူးမော်ဒယ်ရုပ်ရှင်ဇာတ်ကားမှာ မီမီကို(ဆေး-၁)၏ ၀တ္ထု၊ နေစိုးသော်၏ ဇာတ်ညွှန်းကို၊  ဒါရိုက်တာ- ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များအဖြစ် ရန်အောင်၊ နေတိုး၊ အောင်ဇေ၊ ဇော်ဝမ်း၊ အရိုင်း၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ သဇင် စသဖြင့်တို့ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်းမှာ ညီမ (သဉ္ဖာဝင့်ကျော်)က တရားသမား အပျိုကြီး (စိုးမြတ်သူဇာ)အိမ်ထောင်ကျမှ သူမလည်း ယောက်ျားယူ၍ ရမည်ဖြစ်သည့်အတွက် အစ်မဖြစ်သူ တရားသမားကို အစွံထုတ်ရန် သူငယ်ချင်းဖြစ်သူ နေတိုး (မြာပွေသူ)အား အကူအညီတောင်း၍ တရားသမားအစ်မကြီးအား တဏှာကျော့ကွင်းသက်ဆင်းစေရန် ဆောင်ရွက်စေရာ စိုးမြတ်သူဇာ ခမျာလည်း နေတိုးအား ချစ်မိသွားသည်ဆို၏။ နောက်မှ စိုးမြတ်သူဇာတစ်ယောက် မိန်းမပွေသော နေတိုးအကြောင်းနှင့် နေတိုးက သူမကို အလောင်းအစားသဘောနှင့် ချစ်ဟန်ဆောင်နေကြောင်း ကြားသိသွားရာ စာတစ်စောင်ထားကာ အိမ်ပေါ်က ဆင်းသွားသည်ဆို၏။ 

စာပါအကြောင်းအရာမှာ "...... ယောက်ျားတွေနဲ့ ဝေးတဲ့နေရာကို ထွက်သွားကြောင်း..." ပါရှိသည်ဆို၏။ ယင်းကို စိုးမြတ်သူဇာ၏ အဖေနေရာက သရုပ်ဆောင်သူ ရန်အောင်က ".... ယောက်ျားတွေနဲ့ ဝေးတဲ့နေရာဆိုတော့- တပ်ထဲများ ၀င်သွားသလားမသိဘူး..." ဟု ပြောဆိုသော စကားပြောခန်းတစ်ခုပါဝင်ပေသည်။ 

ယင်းစကားကို အဖြည်သဘောနှင့် ရုပ်ရှင်တွင် ဆက်လက်ပြသသည်မှာ ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ သီလရှင်ကျောင်းဖြစ်ကြောင်း ရိုက်ပြထားပေသည်။

နေတိုးက သီလရှင်ကျောင်းကိုလိုက်သွားရာမှ ဆံချနေသော စိုးမြတ်သူဇာလည်း နေတိုးတောင်းပန်မှုကြောင့် နေတိုးနှင့်ပြန်လိုက်လာကာ နေတိုးနှင့် ကတုံးမ စိုးမြတ်သူဇာတို့ လက်ထပ်လိုက်ကြသည်ဆိုကာ ဇာတ်ကိုသိမ်းထားပါသည်။

စစ်အာဏာရှင်များသည် ဇာဂနာတို့ကဲ့သို့ တိုင်းပြည်ချစ် လူရွှင်တော်များ၏ ၄င်းတို့အပေါ် ဟာသလုပ်ပြောဆိုမှုများကိုပင် စိုးစဉ်းမျှ သည်းခံခွင့်လွှတ်လေ့မရှိဘဲ အငြိုးထားထောင်ချအရေးယူပစ်လေ့ရှိရာ ယခုကဲ့သို့ "ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" (သဘောကတော့ စစ်တပ်ထဲမှာ ယောက်ျားတွေမရှိဘူး။ စစ်တပ်ဆိုတာ ယောက်ျားတွေနဲ့ မနီးစပ်ဘူး။ ဆက်စဉ်းစားလျှင် စစ်တပ်ထဲမှာ မိန်းမ (သို့မဟုတ်) ယောက်ျားမဟုတ်သူများသာ ကျက်စားနေကြကြောင်း သွယ်ဝိုက်ပြောဆိုလိုက်သည်နှင့် တူပေတော့သည်) ဟု ရန်အောင်က ပွင့်ပွင့်လင်းလင်း၊ သာသာနှင့်နာနာ နှက်လိုက်သည်ကို မြင်ရရာ အံ့လည်း အံ့သြမိ၊ ရုပ်ရှင်ကားဖန်တီးသူများနှင့် သရုပ်ဆောင် ရန်အောင်၏ ပြောရဲဆိုရဲသော သတ္တိကိုလည်း သိမြင်လိုက်ရပေသတည်း။    ။

မှတ်ချက်။   ။
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကားဖန်တီးသူများနှင့် ရန်အောင်ကို ထိခိုက်နစ်နာစေလိုသော သဘောမရှိပါ။ နယူးမော်ဒယ် ရုပ်ရှင်ကို ကြည့်မိရာမှ (စစ်မှုမထမ်းမနေရ ဥပဒေကိစ္စနှင့် ပွက်လောရိုက်နေသော ယနေ့ကာလနှင့်တိုက်ဆိုင်စွာပင်) အမှတ်မထင် ကြားမြင်လိုက်ရသော စကားပြောခန်းတစ်ကွက်ကို ပြန်လည် တင်ပြခြင်းမျှသာ ဖြစ်ပါကြောင်း)

ချောင်းဖြူ

12 January 2010

INCREASED SALARY CAN'T STOP THE BURMESE PEOPLE'S CRYING

စစ်အဆိုးရ၏ ၂၀၁၀ မဖြစ်ညစ်ကျယ် လစာတိုး စည်းရုံးရေး
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော
လစာတိုး ကြော်ငြာစာများ

အောက်မှာ ပူးတွဲဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်စွဲ နဲ့ စစ်အဆိုးရက ထုတ်ပြန်လိုက်တဲ့ လစာတိုးအမိန့်ကြော်ငြာစာတွေပါ။

အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း




တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ


နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ

စစ်တပ်ကမဟုတ်တဲ့ အဆင့်မြင့်ဆုံး အရပ်ဝတ် ၀န်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာနှုန်းထား အမြင့်ဆုံး (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)ဟာ စစ်တပ်က ဗိုလ်မှူးကြီးတစ်ယောက်ရတဲ့ လစာ (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)မျှနဲ့သာ သွားတူနေတာတွေ့ရမှာပါ။

ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။

"... - ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ...."

ဆိုတဲ့ ကြော်ငြာစာသားတွေပါ။

ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်... တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ... ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။ အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)

ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။

အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။  နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။

စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။

စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။

တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ " ကြားပေါက် " ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)

နဂိုလစာ (၁၅၀၀၀ - ၁၀၀၀ - ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ - ၁၀၀၀ - ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)

တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။

ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော " ကြားပေါက် " တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။

- ညိုကြီး

07 January 2010

YEAR 2010 & THAN SHWE

25 November 2009

Sai Sai Kham Hlaing's Song, Beggars, Thieves, Robbers And Villains From Burma

စိုင်းစိုင်းခမ်းလှိုင်သီချင်း၊ ဗမာပြည်က သူတောင်းစားများနှင့်
သူခိုး၊ ဓားပြ၊ လူဆိုးများ




Don't Cry Sai Sai - More free videos are here

metacafe မှာ တွေ့ရတဲ့ MTV တိုလေးတစ်ခုပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ သီဆိုထားခဲ့တဲ့ " ဖုတ်လှိုက်ဖုတ်လှိုက် " သီချင်းကို ဗမာပြည်က သူတောင်းစားကလေးငယ်များက ပြန်လည် သီဆိုပြီး တောင်းရမ်းစားသောက်နေရပုံ မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်။ မူဗီကလစ်နာမည်ကို metacafe မှာ တင်ထားသူ demonlay က " မငိုနဲ့နော် စိုင်းစိုင်း " Don't Cry Sai Sai လို့ အမည်ပေးခဲ့တယ်။

သူတောင်းစားဦးရေ တိုးပွားလာနေတဲ့ ဗမာပြည်နေရာတွေထဲက တစ်ခု
(ဦးပိန်တံတား- တောင်သမန်၊ အမရပူရ)



တကယ်တော့ ဗမာပြည်ဟာ သူတောင်းစားသိပ်ပေါတဲ့ တိုင်းပြည်တစ်ခုဖြစ်နေပါပြီ။ ဈေးတိုင်း၊ လက်ဖက်ရည်ဆိုင် (သို့) စားသောက်ဆိုင်တိုင်း၊ ဘုရားပရ၀ဏ်/တန်ဆောင်းတိုင်း၊ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ မတွေ့ချင်အဆုံး၊ မမြင်ချင်အဆုံး သနားစဖွယ်တွေ့တွေ့နေရတာကတော့ မွေးကင်းစမှ အဘိုး၊ အဘွားအိုအရွယ်အထိ သူတောင်းစားများဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လက်ရှိဆင်းရဲမှုကို ဖော်ပြနေတဲ့သဘောတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဝမ်းနည်းစရာတစ်ခုလည်း ရှိပါသေးတယ်။
ညံ့ကလည်း ညံ့သေး၊ ဆက်ကြေးကလည်း တောင်းသေး၊ ယုတ်ကလည်း ယုတ်သေး၊ တရုတ်ရဲ့ ရုပ်သေး စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးရဲ့ ဖြစ်ကတတ်ဆန်း စီမံခန့်ခွဲ လိမ်လည်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရရှာတဲ့ အခြေခံဝန်ထမ်းတွေရဲ့ဘ၀(အခြေခံ စစ်သားလေးတွေအပါအ၀င်)ဟာ မလောက်မငှ၊ မ၀ရေစာ လစာတွေနဲ့သာ ရပ်တည်နေရပြီးတဲ့နောက် မိမိနဲ့ မိမိရဲ့မိသားစု ၀မ်းရေးအတွက် သူတောင်းစားသာသာဘ၀ကို မလွှဲသာမရှောင်သာ ရောက်ရှိသွားခဲ့ရခြင်းပါပဲ။ ဒါဟာသိပ်ကို ရင်နာစရာကောင်းလှပါတယ်။

အာဏာကို တလွဲသုံးပြီး ငွေညှစ်တဲ့သူတွေနဲ့ ကလိန်ကကျစ်ကျတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ " သူခိုး၊ ဓားပြများ " လို့ပဲ အမည်တပ်ရတော့မယ်ထင်ပါတယ်။

သူတောင်းစားတွေ၊ သူခိုးဓားပြတွေထက် ပိုဆိုးတဲ့ သူတွေကတော့ စောစောက ပြောခဲ့တဲ့ ဗမာပြည်ရဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးပါပဲ။ စစ်တပ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောက်လှမ်းရေး၊ သတင်းပေးတွေကို လက်ကိုင်တုတ်လို အသုံးချပြီး လူဆိုးဂိုဏ်းပုံစံမျိုးဖွဲ့ကာ ဖြတ်စား၊ သတ်စား၊ ရိုက်စား၊ လိုက်စား၊ နှိုက်စား၊ လိမ်စား၊ နှိမ်စား၊ ခြောက်စား၊ ဟောက်စား၊ ညစ်စား၊ ရစ်စား၊ ခွဲစား၊ တွဲစား၊ စားနည်းမျိုးစုံနဲ့ လှည့်စား ရမ်းကား ယုတ်မာနေတဲ့ ကိုသန်းရွှေ၊ ကိုမောင်အေး အစသဖြင့်တို့ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးကတော့ဖြင့် ယနေ့ဗမာပြည်တွင်းမှာ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး၊ တိုင်းပြည်ကို အဖျက်ဆုံးဖြစ်နေတာ အများမျက်မြင် တွေ့ရပါလိမ့်မယ်။

ညိုကြီး
----------------------------------------------------------------------

Don't Cry Sai Sai Movie Address-
http://www.metacafe.com/watch/2745108/dont_cry_sai_sai/

05 October 2009

NEW NALAGIRI ELEPHANTS ARE COMING TO DESTROY BURMESE PEOPLE

ပြည်သူတွေကို နင်းချေသတ်ဖို့
ဒေဝဒတ်ရွှေရဲ့ နာဠာဂီရိဆင်တွေ လာပြီ
(ယောမင်းလေး)



ခုဆိုရင် ပြည်သူတွေ နင်းချေသတ်ဖို့ အရက်ကိုးမောင်းတိုက်နေတဲ့ နာဠာဂီရိဆင်တွေဟာ အမူးလွန်နေပါပြီ။ ဒီဆင်တွေကို တစ်ရွက်ပြီး တစ်ရွက် ဝါဇီကနေ အထပ်လိုက် အထပ်လိုက် ပြည်သူ့ကြားကို ဖြန့်ချိပါတော့မယ်။

အရင်က ဒေဝဒတ်ဟာ နာဠာဂီရိဆင်မိုက်ကြီးကို အရက်ကိုးမောင်းတိုက်ပြီး မေတဿတာရှင် မြတ်ဗုဒဿဓကို နင်းချေသတ်ဖို့ လွှတ်လိုက်သလို...
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တှောလှန်ရေးမှာ မေတဿတာပို့ ကြွချီနေတဲ့ သံဃာတှောတွေကို ဒေဝဒတ်ရွှေက သူ့ကြေးစား စစ်တပ်ကို အရက်ကိုးမောင်းတိုက် ပစ်ခတ် သတ်ဖြတ်ခိုင်းသလို...
ခု လက်ကျန် မသေမရှင်ကျန်ခဲ့တဲ့ ပြည်သူတွေကို နင်းချေသတ်ဖြတ်ဖို့ ဒေဝဒတ်ရွှေက ဝါဇီကနေ ငါးထောင်တန် ငွေစကဿကူတွေ လွှတ်လိုက်ပါပြီ။

(စကားဖြတ်။       ။ ၂၀၀၃ ခုနှစ်၊ မေလ၊ ၃၀- ဒီပဲယင်းအရေးအခင်းတုန်းကလည်း တိုင်းခန်းလှည့်လည်နေတဲ့ ဒှေါအောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူ၊ ရဟန်းသံဃာတွေကို ဒေဝဒတ်ရွှေနဲ့အဖွဲ့က သူ့ရဲ့ နလပိန်းတုန်း စစ်သား၊ ကြံဖွတ်၊ စွမ်းအားရှင်တွေကို အရက်ကိုးမောင်းတိုက်ပြီး သတ်ဖြတ်အစဖျောက်လုပ်ကြံခိုင်းခဲ့ဖူးပါတယ်။ - ဘလော့ဂ်အယ်ဒီတာ)



တစ်နေ့ (၁၀၀၀/ ၁၅၀ဝ)ကျပ်သာ လုပ်အားခ နေ့တွက်ရတဲ့ ပန်းရံနေ့စား လက်သမားတို့... ငါးထောင်တန် ပေးရင် ပြန်အမ်းစရာ (၄၀ဝဝ) (၃၅၀ဝ) ကျပ် အကြွေတွေ ရှိကြပါရဲ့လား ခင်ဗျား။ တို့... မစားမသောက်ဘဲ ဆောင်ထားကြရမယ်နှော။

ပဲပြုတ်သည်ဆီမှာ ပဲပြုတ်ဝယ်ရင် ခင်ဗျား... အားနာစရာကြီး။ ပဲပြုတ် နှစ်ရာဖိုး "အကြွေမအမ်းနိုင်ပါဘူးတှော၊ မပေးနဲ့တော့" လို့ ပြောသွားရင် ခင်ဗျား ဘယ်လို ခံစားရမလဲ။ (၅၀) ကျပ်တန်၊ ၁၀၀ ကျပ်တန်၊ ၂၀၀ ကျပ်တန် အကြွေရှားပါးမှုတွေကို မဖြေရှင်းဘဲ ဆင်မိုက်ကြီးတွေ ပြည်သူကြားလွှတ်လိုက်တာဟာ ရိုးသားပါရဲ့လား။ ဒေဝဒတ်က ဘုရားကို လုပ်ကြံသလို ပြည်သူတွေကို လုပ်ကြံလိုက်တာပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့တာဝင်ငွေထက် ပိုတဲ့ ငွေစကဿကူတန်ကို ထုတ်လုပ်သင့်ပါရဲ့လား ... စဉ်းစားသင့်ပါတယ်။

တစ်ခါက ဈေးချိုအိမ်သာမှာ အိမ်သာဝင်တက်တော့ ငါးရာတန်ထုတ်ပေးတော့ အကြွေအမ်းစရာ မရှိလို့... တှောပြီ... မယူတော့ဘူး..လို့ အပြောခံရတာ ရင်ထဲမှာ အောင့်သက်သက်ကြီး ကျန်ခဲ့ဖူးတယ်။ ဒီနာဠာဂီရိ ဆင် ငါးထောင်တန်တွေနဲ့ ပဲပြုတ်ဝယ်ရင်၊ ရေခဲချောင်းဝယ်ရင်၊ အကြှောဝယ်ရင်... ဘယ်လို ခံစားကြရမလဲ။

ကျောက်ဆည်ဆင်ကြီးဟာ ကျောက်ဆည်လို တွေးပြီး ကျောက်ဆည်လို အလုပ်လုပ်နေတာ အတှော ဆိုးသဗျို့။ တကယ်တော့ ကျောက်ဆည်ဆင်ဆိုတာ အနှစ်မပါ ဗလာ အခေါင်းကြီးပါ။ အတုအလိမ်ကြီးပါ။ ဆင်အစစ်တွေ သိကဿခာမဲ့အောင် အယောင်ဆောင်ကောင်ကြီးပါ။ ဒါကို ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ဆင်မိုက်ကြီးက ပြည်သူတွေကို နင်းချေသတ်ဖို့ နာဠာဂီရိဆင်တွေ လွှတ်လိုက်ပါပြီ ခင်ဗျ။

ပြည်သူအပေါင်း သတိကြပ်ကြပ်ထား၍ ရှောင်တိမ်းကြပေရော့။ ဆင်နင်းပြီး အသတ်ခံရတဲ့ နန်းမတှောမမြလေးလို မဖြစ်ရအောင် ရှောင်နိုင်ကြပါစေ...။ တကယ်တော့ ဒေဝဒတ်သန်းရွှေဟာလည်း ပုဂံမင်းလို ရူးနေတာပဲ မဟုတ်ပာလား...။         ။

ယောမင်းလေး

---------------------------------------------------------------------
PHOTO OF Subduing the fierse elephant, Nalagiri, released by Devadatta
was taken from the following link;
http://web.ukonline.co.uk/buddhism/defeats.htm

26 September 2009

MYANMAR MILITARY ANIMALS?

ဗမာပြည်က အဟိတ်တိရိစ္ဆာန်စစ်အဆိုးရ




ဗမာနိုင်ငံမှာ စစ်အဆိုးရက အသစ်ထုတ်မယ်ဆိုတဲ့ ၅၀၀၀ ကျပ်တန်ပုံစံနဲ့ နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာ တစ်စုံတစ်ယောက်က ဟိုးအရင်ကတည်းက ထုတ်လုပ်ထားတဲ့ ၅၀၀၀ ကျပ်တန်ကို အထက်ပါအတိုင်း ယှဉ်တွဲဖော်ပြလိုက်ပါတယ်။

ဒီ စစ်အဆိုးရဟာ အတော် တိရိစ္ဆာန်စိတ်ဝင်နေပုံရပါတယ်။ သူတို့ ထုတ်တဲ့ ငွေစက္ကူတွေဆိုရင် တိရိစ္ဆာန်ပုံတွေနဲ့ ချည်းပဲ ။ ခြင်္သေ့ပုံနဲ့ ထုတ်လားထုတ်ရဲ့၊ ဆင်ပုံနဲ့ ထုတ်လားထုတ်ရဲ့။

အခြားနိုင်ငံတော်တော်များများမှာ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းများ(ဥပမာ- လွတ်လပ်ရေးဖခင်၊ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံအကျိုးပြုခေါင်းဆောင်တစ်ဦးဦး အစသဖြင့်)ကို ဂုဏ်ပြုပြီး ငွေစက္ကူများမှာ ထည့်သွင်းဂုဏ်ပြုလေ့ရှိကြတာပါ။ ဗမာပြည်က စစ်အဆိုးရကတော့ ဒီလိုမဟုတ်ပါဘူး။ အရင်အစိုးရတွေက
ဗမာကျပ်ငွေတွေမှာ ဂုဏ်ပြုအသုံးပြုခဲ့တဲ့ ဆရာစံတို့၊ သခင်ဖိုးလှကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဓာတ်ပုံတွေကို ဖြုတ်ပယ်ထားလိုက်ပြီး သူတို့ကတော့ ခြသေ့င်္ပုံ၊ ဆင်ပုံတွေနဲ့ ငွေစက္ကူများကို ထုတ်လုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်စိတ်ဝင်ပြီး တိရိစ္ဆာန်ကျင့် ကျင့်နေလို့သာ ယခုလို ကိုယ့်တိရစ္ဆာန်အမျိုးအဆွေတွေကို ဂုဏ်ပြုပြီး တိရိစ္ဆာန်ပုံများနဲ့ ငွေစက္ကူများကို ထုတ်လုပ်နေပုံရပါတယ်။ အဟိတ်စစ်အဆိုးရလို့ပဲ ခေါ်ရတော့မလား မသိတော့ပါဘူး။
(ကိုသန်းရွှေကလည်း ကျောက်ဆည်နယ်သားဆိုတော့ ဆင်စိတ်ဝင်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လည်း သူ့ကြည့်ရတာ အိပဲ့အိပဲ့နဲ့ ။)

ပြီးတော့ ဒီ အဟိတ်စစ်အဆိုးရလက်ထက်ကျမှ ငွေစက္ကူတွေကို ဂဏန်းတိုးတိုးပြီး ထုတ်လာလိုက်တာ အခုဆို ၅၀၀၀ ကျပ်တန်ဆိုပြီးတော့တောင် ဖြစ်လာပါတယ်။ အင်း ...  ဒီ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရသာ ဆက်ရှိနေရင် နောက်များဆို ဇင်ဘာဘွေနိုင်ငံမှာလို သောင်းတန်၊ သိန်းတန် ငွေစက္ကူတွေ ဘာတွေတောင်
ထပ်ထုတ်နေဦးမလားပဲနော်။

Nyo Gyi
---------------------------------------------------------------------------------------------------

(27 September 009)

နောက်ဆက်တွဲအနေနဲ့
နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာပဲ ထပ်မံတွေ့ရှိရတဲ့

၁၀၀၀၀ ကျပ်တန်ငွေစက္ကူကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

တိရိစ္ဆာန်အကျင့်ကျင့်ပြီး တိရိစ္ဆာန်စိတ်ဝင်နေတဲ့ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရက ထုတ်ဝေဦးမှာဖြစ်တဲ့
၁၀၀၀၀ ကျပ်တန်ဆိုတော့လည်း မျောက်ဝံပုံလေးနဲ့ပေါ့ဗျာ။

ခြင်္သေ့ > ဆင် > မျောက် > ခွေး > ကြွက် > နွား > ကျား > ကြောင် > ၀က် > ဆိတ် > မြင်း အစရှိသဖြင့်
နောက်ထပ်ထုတ်ဝေမယ့် ငွေစက္ကူများအတွက် တိရိစ္ဆာန်များကို လျာထားလျက်ရှိကြောင်းလည်း အထူးသတင်းရရှိပါသေးတယ်။



၁၀၀၀၀ ငွေစက္ကူပုံဒီဇိုင်းကို အောက်ပါ အင်တာနက်လိပ်စာက ကူးယူဖော်ပြတာပါ။

http://www.yeyintnge.com/2009/09/blog-post_26.html

20 August 2009

New Yettaw?

NLD ဒုဥက္ကဌ ဦးတင်ဦး၏ အကျယ်ချုပ် နေအိမ်ခြံဝင်းအတွင်း

အမေရိကန် နောက်တစ်ကောင် ခိုးဝင်၊ နေထိုင်ခြင်းအမှု

 


(ဦးတင်ဦး၏ နေအိမ်ခြံဝင်းအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်ခဲ့သည့် အကောင်အား အမေရိကန်သံရုံးမှ တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းနေစဉ်)

 

ယမန်နေ့ ညဦးပိုင်းအချိန်တွင် ဘဘဦးတင်ဦး နေအိမ် ခြံဝင်းအတွင်း မသင်္ကာဖွယ်ရာ ပုတ်သင်ညိုတစ်ကောင် တွေ့ရှိပါသဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မှီဝင်ရောက်၍ အဆိုပါ ပုတ်သင်ညိုအား ဖမ်းဆီးထိမ်းသိမ်း လိုက်သည်။ 

နေပြည်တော်မှ လာသည့် သတင်းများအရ ဘဘဦးတင်ဦးအား ခြံဝင်းအတွင်း ပုတ်သင်ညိုတွေ့ရှိသည့်အမှုဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
 
အဆိုပါ ပုတ်သင်ညိုအား အမေရိကန်အစိုးရဧ။် အကူအညီနှင့် သစ်ပင်ပေါ်သို့ ပြန်လည် ပို့ဆောင် ပေးရန် နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဆုံးဖြတ်လိုက်ကြောင်း နှင့် တရုတ်အစိုးရမှ ဤသည်မှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် ၀င်ရောက် မစွက်ဖက်သင့်ကြောင်း။
 
ကုလသမဂ္ဂမှလည်း ၄င်းတို့ စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်ထုတ်ပြန်ရန် အချိန် ၃ ရက် ယူမှာဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းထပ်မံရရှိပါသည်။ 


(အေဘီစီဒီ သတင်းထောက်)
----------------------------------------------------------------- 

အီးမေးလ်မှ တစ်ဆင့် ရရှိသည်ကို ပြန်လည် မျှဝေပါသည်။

----------------------------------------------------------------- 
ပုတ်သင်ညိုပုံကို http://myitchyfingers.wordpress.com/tag/education/page/2/ မှ ရယူုပါသည်။

07 June 2009

Out of Responsibility in Burma (Myanmar)

အိမ်ပိုင်ရှင်များ သတိအနေအထား
- ယမထာ -



ဗမာပြည်ရှိ အိမ်ပိုင်ရှင်များသည် ယခုအခါ၌ သတိဝီရိယရှိကြဖို့ အလွန်အင်မတန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေရေးရာ စောင့်ကြည့်ရေး အဖွဲ့ ယနေ့ နေ့စွဲဖြင့် အရေးပေါ် သတင်းထုတ်ပြန်လိုက်သည်။-

အထူးသဖြင့် မိမိတို့ ကိုယ်ပိုင်အိမ်များ၌ သူခိုးသူဝှက်များ မဖောက်ထွင်းရန်မူ ပို၍ သတိထားစောင့်ရှောက်ကြရန်
လိုအပ်ကြောင်း။-

ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့မှ လေ့လာတွေ့ရှိချက်အရ ယခုအခါ အိမ်များတွင် သူခိုးသူဝှက်ဖောက်ထွင်းခံရပါမူ ပြည်ပိုင်အစိုးရမင်းတို့နှင့် လားလားမျှမသက်ဆိုင်ကြောင်း၊ အစိုးရသည် အခြားဂေါက်သီးရိုက်ခြင်း၊ မိမိတို့ သားငယ်၊ သမီးငယ်များအတွက် နိုင်ငံခြားတိုင်းပြည်များမှ တန်ဖိုးကြီးသော တိရစ္ဆာန်များထားရှိနိုင်ရန် အဲယားကွန်းများ စီစဉ်ရခြင်း၊ အရက်မူးသောင်းကြမ်းခဲ့သော သားကြီးသြရသတို့၏ လုံခြုံရေးအတွက် စိတ်မအေးရခြင်း၊ စီးပွားရေး လည်ပင်းညှစ်နေရသော သမီးကြီးတို့အတွက် အဆက်အသွယ်များ-ခေတ်သစ်ကျွန်များ ရှာဖွေပေးနေရခြင်း၊ တစ်နေရာမှ တစ်နေရာ ကားတန်းကြီးများဖြင့် အပမ်းဖြေ ခရီးထွက်နေရခြင်း စသော အလုပ်များဖြင့် မအားမလပ်အောင် အလုပ်များနေပါသဖြင့် ပြည်သူ့အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ရန် ပြည်ပိုင် အစိုးရမင်းတို့တွင် အချိန်နှင့် လူအင်အား မပေးနိုင်ဖြစ်နေပေသည်။-

ထို့ကြောင့် မိမိတို့ အိမ်ဂေဟာကို မိမိတို့ဘာသာ လုံခြုံအောင် စောင့်ရှောက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ အကယ်၍ မထိန်းသိမ်းနိုင်သဖြင့် ဖောက်ထွင်း ခိုးယူခံရပါက ထိုပြစ်မှုကို ပြည်ပိုင် အစိုးရမင်းတို့ကို တိုင်တန်းသော်လည်းကောင်း၊ မတိုင်တန်းဘဲ ထိန်ချန်ထားသော်လည်း ထိုသတင်းပေါက်ကြား၍ ပြည်ပိုင်အစိုးရမင်းတို့ နားသို့ ရောက်သော်လည်းကောင်း တရားဥပဒေ ဓလေ့စီရင်ထုံးနှင့်အညီ ဖောက်ထွင်းခိုးယူသော သူခိုးသူဝှက်တို့ကို ဖမ်းဆီးအပြစ်ပေးလိမ့်မည် မဟုတ်သည့်အပြင် မိမိအိမ်ကို မိမိ မကာကွယ်နိုင်သည့် ဥပဒေအရ အိမ်ရှင်ကိုပင် သူခိုးလက်ခံမှုဖြင့် အပြစ်ပေးစီရင်နိုင်ကြောင်း ပုဒ်မ (၂၂ - က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ .....အ) ပုဒ်မလိုင်းခွဲများအရ ၂၀၀၉၊ မေ (၂၈) နအဖ အထူးရာဇသတ်ကြီးအရ သိရှိရသည်။-


စီရင်ထုံး ဥပမာကို ပြရချေသော်-

၂၀၀၉- အထူးစီရင်ထုံးဖြစ်သော ကလိန်စေ့ ငြမ်းဆင် နအဖ တရားခွင်မှ ယနေ့ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှုတွင် အများနှင့် မသက်ဆိုင်သော မိမိအိမ်ကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ
(၇)အရ စွဲဆိုသော အမှုတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည်
လုံခြုံရေးဝန်ထမ်းများ မမြင်ဟန်မျက်ကွယ်ပြု-သွတ်သွင်းခဲ့သော အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ခံစောင့်ရှောက်မှု၊ သားရေးသမီးရေးများဖြင့် ရတက်မအေးရအောင် ဗျာများနေသော နိုင်ငံ့အကြီးအကဲများကို တယ်လီဖုန်း၊ အီးမေးလ်အဆက်အသွယ်မရှိသော်ငြား တယ်လီပသီနည်းကိုသုံး၍ အကြောင်းကြားတိုင်တန်းခဲ့မှု မရှိခြင်း၊ ပျက်ကွက်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များ ဦးနှောက်ပျက်ခြင်း ဥပဒေအရ သူခိုးလက်ခံမှုဖြင့် အင်းစိန်ထောင်တွင်း သွတ်သွင်း၍ တရားစီရင်စေ အမိန့်ထုတ်ပြန်လိုက်သည်။-


သို့မို့ကြောင့် ကျွန်ုပ်တို့ပြည်သူများသည် သားရေးသမီးရေးများဖြင့် အလုပ်ရှုပ်နေသော နိုင်ငံ့ခေါင်းဆောင်ဂျီးများ
စိတ်အနှောင့်အယှက်မဖြစ်စေရန် မိမိကိုယ်ကို ကာကွယ်ကြပါကုန်။ မိမိအိမ်ကို မိမိစောင့်ရှောက်ကြပါကုန်။ နိုင်ငံတော် ကလူပြုသည်ကိုလည်း ကြိတ်မှိတ်ခံကြပါကုန်။ ဖောက်ထွင်းဝင်ရောက်လာသော သူခိုးများကိုလည်း
အောင့်အီးသည်းခံကြပါကုန်။ သည်းမခံနိုင်သော် မိမိနည်းဖြင့် ဖြေရှင်းကြပါကုန်။ ထိုသို့မဟုတ် ပြည်ပိုင်မင်းတို့ကို အလုပ်ရှုပ်ရန် တိုင်တန်းပါမူ သူခိုးလက်ခံမှုဖြင့် ထပ်မံ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သတိချပ်ကြပါကုန်။ ဤကား ကျွန်ုပ်တို့ ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့ မှ နောက်ဆုံးတွေ့ ရှိ၊ သိကြားရသော နအဖ၏ တရားစီရင်ရေးထူးပါတည်း။-


"ပိတ်မရတဲ့ တခါးတွေ ရှိကောင်းမည်-

ဖွင့်မရတဲ့ တံခါးတော့ မရှိနိုင်ပေဘူး"-


ထို့ကြောင့် လူတိုင်းလူတိုင်း၊ အိမ်တိုင်းအိမ်တိုင်းသည် သူခိုးလက်ခံမှုဥပဒေကြောင်းဖြင့် တရားစီရင်ခံရရန်
အသင့်အနေအထားဖြင့် စောင့်ဆိုင်းကြပါကုန်။-

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်တို့ခေါင်းပေါ်သို့ နအဖ၏ မတရားဥပဒေအမိန့်များသည် မြေပြိုသလို ပြိုကျလာလတံ့။ မြေမမြိုနိုင်ဖြစ်နေသော နအဖကို မေတ္တာသုတ်ဒုတ်(တုတ်)ဖြင့် ရိုက်ရုံနှင့်မပြီး လက်နက်မိုးကြီး ရွာပြီး တောထုတ်မှသာလျှင် မဟုတ်မဟတ်တွေ အတောသတ်နိုင်မည်ဖြစ်ကြောင်း သတိပေး ရေးသားလိုက်ရပေသည်။-

ယမထာ

AP; AFP/GETTY IMAGES

16 March 2009

KO AUNG TOE'S JOKES

“ကိုကိုအောင်တိုးရဲ့ အလွဲတကာ့ လွဲလွဲလွဲလွဲ များအကြောင်း”
- ညိုကြီး -


“ငိုချင်ရင် ဒီမိုရေဒီယိုတွေသတင်းတွေ နားထောင်၊ ရယ်ချင်ရင် စစ်အဆိုးရသတင်းစာ ဖတ်” တဲ့။
(ဟုတ်တယ်လေ၊ ဒီမိုသတင်းတွေကြားရရင် ဘယ်သူက အဖမ်းခံရပြန်ပြီဟဲ့၊ ဘယ်သူ့ကို ဘယ်နှနှစ် ထောင်ချလိုက်ပဟဲ့၊ ဘယ်သူ့ကိုတော့ မိသားစုနဲ့ ဝေးရာ ဘယ်ထောင်ကို ပို့လိုက်ပြီဟဲ့၊ ဘယ်သူကတော့ ထောင်ထဲ ဘာဖြစ်နေပြီဟဲ့၊ ဘယ်သူကတော့ ဘယ်ပြေးနေရပြီဟဲ့ အစသဖြင့်ပေါ့ခင်ဗျာ...။ ငိုစရာတွေချည်း ကြားနေရတယ်။)

အဲ စစ်အဆိုးရသတင်းစာဖတ်မိပြီဆိုရင်တော့ ရယ်ဖို့သာ ပြင်ထားပေတော့ဗျာ။ နာဂစ်မုန်တိုင်းကျ ပြည်သူတွေကိုတောင် အရေးဂရုမစိုက်ဘဲ ကျင်းပပြီးစီးခဲ့တဲ့ အခြေခံဥပဒေ ဇွတ်အတည်ပြု ရေးသတင်းတွေကို ဖတ်ရလား ဖတ်ရရဲ့၊ အမယ် လျှပ်စစ်မီးကို အခုပုံမှန်မလာလို့ စိတ်မပျက်ကြပါနဲ့၊ နောက်ဆို လျှပ်စစ်မီးပေးတာ ပိုလွန်းလို့ နိုင်ငံခြားတောင် တင်ပို့ရောင်းချမယ်- ဘာညာနဲ့ “ဆင့်လစိ Dog မျှော်” ၀ါဒတွေကိုလည်း ဖတ်ရရဲ့(ဖတ်ပြီးသားစစ်အဆိုးရ လျှပ်စစ် ဆောင်းပါး ပြန်စဉ်းစားရင်တောင် ဓာတ်လိုက်ချင်တယ်ဗျာ)။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး စစ်ဒီမိုကရေစီဆိုတာကြီး ပေးဦးမယ်ဆိုတာမျိုးလည်း မစားရ ၀ခမန်း ဖတ်ရရဲ့။ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလွန်းလို့ ပြည်ပအလုပ်သမားတွေ ပြန်လာကြပါဆိုပြီး မဟုတ်ကဟုတ်က၊ ပီဘိဟာသတွေကိုလည်း ဖတ်ရရဲ့။ တကယ့်ကို ရယ်စရာကောင်းတာတွေချည်း ဖတ်နေရတော့တာပဲဗျာ။ ဒါတောင် စစ်အဆိုးရ တီဗွီသတင်းတွေ မကြည့်မိသေးလို့ ကြည့်မိရင် “မြင်ရမြင်ရ မျက်စိနာ၊ ကြားရ ကြားရ နားနာ” ဖြစ်နေဦးမယ်။

ဒီလိုနဲ့ ၂၀၀၉၊ မတ်၊ ၁၅ ရက်နေ့ထုတ် စစ်အဆိုးရ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃) က သတင်းတစ်ခု ဖတ်မိရာက အတော်မသတ် ရယ်ချင်မိ၊ ပြုံးမိလာပါတော့တယ်။

သတင်းခေါင်းစည်းက “တရားစီရင်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရေးရာများ မျက်ခြည်မပြတ်လေ့လာ”

အသေအချာ ဖတ်ကြည့်လေ ရယ်စရာကောင်းလေပဲ။
စစ်အဆိုးရ တရားသူကြီးချုပ် ဦးအောင်တိုးက တရားရုံးချုပ်(မန္တလေး)၊ မန္တလေးတိုင်း၊ ခရိုင်၊ မြို့နယ်တရားရုံးများက တရားသူကြီးများကို သြ၀ါဒပေးသတဲ့။

“ယနေ့အချိန်သည် နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နေသည့်ကာလဖြစ်ကြောင်း” တဲ့။

တကယ့်အဖြစ်မှန်က စစ်အဆိုးရခေါင်းဆောင်ပိုင်းတွေနဲ့ အပေါင်းအပါတွေဟာ ယနေ့အချိန်မှာ နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သယောင် ဟန်ဆောင်ပန်ဆောင် ဟိုလုပ်ဒီလုပ် လုပ်ပြပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို မိမိတို့ အိပ်ကပ်ထဲ ရောက်နိုင်သမျှ ရောက်အောင် စီမံကိန်းများ တစ်ခုပြီးတစ်ခုဆွဲကာ ကိုယ်ကျိုးရှာရေးမဟုတ်လား ခင်ဗျာ။

နောက်တစ်ခု ကိုအောင်တိုး ပြောပြန်တာက-
“တရားစီရင်ရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဥပဒေနှင့်အညီ စီရင် ဆုံးဖြတ်ကြမည့်အချက်သည် အဓိကကျကြောင်း၊ အမှန်တရားကို ရှာဖွေရာတွင် လွယ်လွယ်ဖြင့် မဆုံးဖြတ်ဘဲ သေသေချာချာ စဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်သွားရန်လိုကြောင်း၊ တစ်မှုနှင့် တစ်မှု မတူညီသဖြင့် သက်သေခံအထောက်အထားများနှင့် ဥပဒေအဆိုအမိန့်များအား ချိန်ကိုက်ပြီး မိမိ၏ ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီး ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း” ပါတဲ့။

လွဲပြန်ပြီ ကိုအောင်တိုးရေ...။
ဥပဒေနှင့်အညီဆိုတာ စစ်အဆိုးရတည်မြဲရေး၊ စစ်အဆိုးရ ခိုးတာ၊ ၀ှက်တာ၊ ကလိန်ကျတာတွေကို ဥပဒေနှင့် အညီကာကွယ်ပေးရေး၊ အတိုက်အခံနိုင်ငံရေး-တော်လှန်ရေးသမားတွေကို တတ်နိုင်သမျှ ထောင်ဒဏ်များများချရေးကို ပြောတာလား ကိုအောင်တိုးခင်ဗျာ။
“အမှန်တရားကို ရှာဖွေရာတွင်” ဆိုပြီး ပြောတော့ အမှန်တရား ဆိုတဲ့စကားလုံးကို ကိုအောင်တိုးပါးစပ်က ထွက်ရဲတာ အံ့ပါရဲ့ဗျာ။ “အရူးပါးစပ်က ချဲဂဏန်းထွက်” သလိုဖြစ်နေပြီလေ။
“လွယ်လွယ်မဆုံးဖြတ်ဘဲ သေသေချာချာစဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်” ဆိုတော့ ဒီမိုကရေစီရရှိရေး၊ ဗမာပြည် လူ့အခွင့်အရေးအစစ်အမှန်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အဖွဲ့ဝင်တွေ၊ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အရှင်ဂမ္ဘီရနဲ့ စက်တင်ဘာ ရဟန်းသံဃာတော်တော်တွေ၊ ခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားတွေ၊ ကျော်ကိုကိုအပါအ၀င် တိုက်ပွဲဝင် ကျောင်းသားကျောင်းသူတွေ အစသဖြင့်ကို ထောင်ဒဏ် (၆၅)နှစ် စသဖြင့် ကိုအောင်တိုးတို့ တရားရုံးတွေက ချမှတ်ဖမ်းဆီး၊ နှိပ်စက်နေတာဟာ လွယ်လွယ်မဆုံးဖြတ်ဘဲ စစ်အဆိုးရအကြိုက် (နီးရာဓား ကြောက်လို့လို့ မပြောနဲ့နော်၊ စကားလုံးက ရိုးနေပြီ) သေသေချာချာစဉ်းစားပြီးမှ ချမှတ်နေတာလားခင်ဗျာ။
“မိမိ၏ ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီးဆုံးဖြတ်ကြ” ဆိုတော့ကာ ပိုလို့သာ ရယ်စရာကောင်းတော့ပြီပ။ သြော် ကိုအောင်တိုးတို့ ရိုးသားချက်ကတော့ ကမ်းကို ကုန်ပါလေရောလားဗျာ။

နောက်လည်းလာချည်သေးရဲ့။ ကိုအောင်တိုးပြောပြန်တာက-
“တည်ကြည်ခိုင်ခံ့သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေသဖြင့် ၀န်ထမ်းများကလည်း မခိုမကပ်လုပ်ဆောင်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရန်၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူရန်၊ နိုင်ငံတော်ကြီး ခေတ်မီဖွဲ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ စေတနာထား ဆောင်ရွက်မှုများကိုလည်း ပြည်သူများ ရှင်းရှင်းလင်းလင်းသိရှိအောင် ၀န်ထမ်းများက အသိပေးကြရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး ခံယူချက်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကို အခါမလပ် ထိန်သိမ်းလိုက်နာကြရန် အရေးကြီးကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ၀န်ထမ်းအားလုံးသည် နိုင်ငံတော်အပေါ် ထားအပ်သော ကတိက၀တ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပါတဲ့ခင်ဗျာ။

ကိုအောင်တိုးရာ၊ ခင်ဗျားဗျာ...။ တမင်တကာများ “ပြောင်းပြန်သီအိုရီ” ကို သုံးပြီး သြ၀ါဒစကား ပြောလေသလားအောက်မေ့ရတယ်။ ပြောသမျှ ပြောင်းပြန်ချည်းပဲ ဖြစ်နေတယ်ခင်ဗျ။ စကားလုံးတစ်လုံးကို တစ်ခါဖတ်မိလေ တစ်ခါ ရယ်ရလေဖြစ်နေပြီ။ နီကိုရဲရဲ့ အလွဲများလို “ကိုအောင်တိုးရဲ့ အလွဲများ” ဆိုပြီး ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ သပ်သပ်ရေးရမလိုဖြစ်နေပြီဗျို့။

အခုတော့ “ဟုတ်မှလည်း လုပ်ပါ” အစား “မဟုတ်မှလည်း လုပ်ပါ” ဆိုပြီးပဲ ပြောလိုက်ချင်မိပါရဲ့ ကိုအောင်တိုးရေ...။
ခင်ဗျားဗျာ။ အတော် ရယ်စရာကောင်းတဲ့လူ။ အတော်နောက်တဲ့လူ။
သွား... လူဆိုး၊ သူခိုး၊ ငတိုး။

ညိုကြီး
(၁၆၊ မတ်၊ ၀၀၉)
--------------------------------------------------------------------------------------------------
ရယ်ချင်သူများ (၁၅၊ မတ်၊ ၀၀၉)နေ့ထုတ် စစ်အဆိုးရမြန်မာ့အလင်း သတင်းစာဖတ်ချင်သေးရင် အောက်က LINK ကို နှိပ်ပြီး ဖတ်ရယ်တော်မူကြပါ။

15 January 2009

Please Answer the Following Questions!

သင့်...ဗဟုသုတ မည်မျှ ရှိပါသနည်း
- ယမထာ -




အောက်ပါမေးခွန်းများကို မှန်လျှင် (မှန်)၊ မှားလျှင် (မှား) သင့်အတွေ့အကြုံ၊ အသိစိတ်ဖြင့် ဖြေဆိုပါရန်

၁။ မေတ္တာသုတ်ရွတ်ခြင်းသည် သာသနာကို ညှိုးနွမ်းစေ၏ ။ (မှန်/ မှား)

(ဥပမာ- မြတ်စွာဘုရားသည် တရားအားထုတ်ရန် မဟာဝုန်တောသို့ ၀င်ရောက်သွားကြသော ရဟန်းတော် (၅၀၀)အား ဘီလူးကြမ်းများ၊ သရဲများရန်မှ ကာကွယ်နိုင်ပြီး ငြိမ်းချမ်းစွာ တရားအားထုတ်နိုင်ရန် မေတ္တာသုတ်ကို ဟောကြားခဲ့၏။ ထို့ကြောင့် ဗုဒ္ဓသည် သာသနာကို ညှိုးနွမ်းစေသူလော။)

၂။ `လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ´ မေတ္တာပို့ခြင်းသည် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို နှောက်ယှက်သည်။ (မှန်/ မှား)

(ဥပမာ- ရေကိစ္စဖြင့် သတ်ဖြတ်ကြတော့မည့် ကောလိယနှင့် သာကိယ နှစ်ပြည်ထောင် ခိုက်ရန်မဖြစ်ကြရန် ဗုဒ္ဓသည် မဟာသမယသုတ်ဖြင့် လူအချင်းချင်း မနှိပ်စက်ရန် ဟောပြဆုံးမခဲ့၏။ ထို့ကြောင့် ငြိမ်းချမ်းရေးရ၏။ ဗုဒ္ဓသည် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို နှောက်ယှက်သူလော။)

၃။ ဆွမ်းလောင်းသင်း တည်ထောင်ခြင်းသည် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေသည်။ (မှန်/ မှား)

(ဥပမာ- ဘာသာခြားအင်္ဂလိပ်မင်းများ အုပ်စိုးစဉ်က ဘာသာ၊ သာသနာကို စောင့်ရှောက်ချီးမြှောက်မှု နည်းပါးခဲ့၏။ ထို့ကြောင့် ကျွန်ုပ်တို့မြန်မာလူမျိုးများ ကိုယ့်ဘာသာ၊ သာသနာအတွက် အသင်း၊ အဖွဲ့များ ဖွဲ့စည်း၍ တပိုင်တနိုင် စောင့်ရှောက်ခဲ့ကြ၏။ ထိုအဖွဲ့အစည်းတို့မှ ဗုဒ္ဓကလျာဏယုဝအသင်းကြီးသည် ယခုတိုင် ထင်ရှား၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးသည် အစိုးရ အကြည်ညိုပျက်စေသော အသင်းကြီးလော။)

၎။ ကြံ့ခိုင်ရေး အသင်းကြီးသည် သာကူးတို့၏ အသင်းဖြစ်သည်။ (မှန်/ မှား)

(ဥပမာ- မန္တလေးတိုင်း ကြံ့ဖွံ့ခေါင်းဆောင် ရမ်စိန်မြင့်သည် တစ်ချိန်က (အခါအခွင့်သာစဉ်က) ဒေါ်စု၏ NLD-မန္တလေးမှ တက်ကြွသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ယခုအခြေအနေတွင် ငရမန်စိန်မြင့်သည် ကြံ့ဖွံ့အမာခံဖြစ်၍ နေပေပြီး ဒေါ်စုနှင့် ငရန်မန်စိန်မြင့်တို့ ပဒုမ္မာခန်းမတွင် တွဲရိုက်ထားသော ဓာတ်ပုံ ကျွန်ုပ်တို့ထံတွင် ရှိသည်။)

၅။ စွမ်း/အားအဖွဲ့သို့ ခေါင်းမရှိသော လူလေလူလွင့်များသာ ၀င်သည်။ (မှန်/ မှား)

(ဥပမာ- စွမ်းအားရှင်များ စည်းရုံးသိမ်းသွင်းပုံမှာ ရပ်ကွက်တွင်း ကျူးကျော်တဲများ၌ နေထိုင်သူများကို စွမ်းအားတွင်း မ၀င်လျှင် မနေရဟု ရယက အမိန့်ဖြင့် ၀င်ရောက်စေသည်။ ကြာရိုးကိုကြည့်၍ ရေ၏ အတိမ်အနက်ကို သိနိုင်သည် မဟုတ်တုံလော။)

၆။ နအဖ ခေတ်၌ ပညာမဲ့များနှင့် ဘိန်းမှောင်ခိုများ အရာရောက်သည်။ (မှန်/ မှား)

(ဥပမာ- အေးရှားဝါးလ် ကုမ္ပဏီပိုင်ရှင် လောစစ်ဟန် ရှု။)

၇။ နအဖသည် သားသတ်သမားများဖြင့် ဖွဲ့စည်းထားသည်။ (မှန်/ မှား)

(ဥပမာ- မြို့ရော/တောပါမကျန် သားသတ်လိုင်စင်ကို နိုင်ငံတော်မှ နှစ်စဉ် ဈေးပြိုင်စနစ်ဖြင့် တရားဝင် တင်ဒါချပေးနေသည်။)

ယမထာ

27 December 2008

Shameful Error from Military Junta's Newspaper

မြန်မာစစ်အဆိုးရ၏ လေသေနတ်
မြန်မာ့အလင်း သတင်းစာထဲမှ အလွဲအမှား




(၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈) ရက်၊ စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင် ဖော်ပြပါရှိသော သတင်းတစ်ပုဒ်၏ ခေါင်းစဉ်နှင့် သတင်းပါစာသား အလွဲတစ်ခုကို တင်ပြလိုက်ပါသည်။
(ပူးတွဲပါ ပုံများကို ကြည့်ရှုပါ)

သတင်းစာသည် တိုင်းပြည်နိုင်ငံ့အကျိုးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်ရမည့်အစား ယခုအခါ မြန်မာ့အလင်း၊ ကြေးမုံ အစရှိသော သတင်းစာမှန်သမျှသည် စစ်အဆိုးရအလိုကျ၊ အယောင်ဆောင် ၀ါဒဖြန့်ချိရေး သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများသက်သက်ကိုသာ နေ့စဉ်လိုလို ထည့်သွင်းပုံနှိပ်ဖော်ပြပြီး ပြည်သူပြည်သားများ၏ အသိဥာဏ်တိုးတက်မှု၊ စဉ်းစား-ဝေဖန်-ဆန်းစစ်-ပြုပြင်ဥာဏ်တိုးတက်မှု နှေးကွေးစေအောင် အတင်းကာရော မှိုင်းတိုက်၍ထားသည်ကို တွေ့ ရှိရပါသည်။

ယခု (၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈)ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ပထမဆုံး စာမျက်နှာမှ စ၍ စစ်ဆေးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲက ကိုသန်းရွှေ၏ ဓာတ်ပုံ၊ စကားများကို ဖတ်မိ၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်လာခဲ့ရာ စာမျက်နှာ(၆)က သတင်းခေါင်းစဉ်နှင့်စာသား အလွဲအမှားကြီးတစ်ခုကို ဖတ်ရှုမိလိုက်ရပြီးမှသာ စိတ်ဆင်းရဲမှုများ အတန်ငယ် အယားပြေသွားကာ ခန္ဓာကိုယ်+စိတ်အတွင်းမှ အမှတ်တမဲ့ ပေါ်ထင်းလာသော ရယ်ချင်စိတ်ကိုတောင် မနည်းကျိတ်မှိတ် မျိုချ၊ ထိန်းသိမ်းထားလိုက်ရပါကြောင်း...။ ။

ညိုကြီး

11 December 2008

DECLARATION OF COW RIGHTS

ဂေါဏသမဂ္ဂအဖွဲ့ကြီးမှ ကြီးမှူးကျင်းပအပ်သော
နွားအခွင့်အရေးနေ့ မိန့်ခွန်း
ယမထာ



ဂေါဏသူ ဂေါဏသားအပေါင်း အို နွားကောင်းတို့...

ယနေ့ (၁၀၊ ဒီဇင်ဘာ)နေ့တွင် မန္တလေးမြို့ အရှေ့စူးစူး နွားလဘို့တောင်ထိပ်ဦး၌ ငါတို့ နွားအပေါင်း သူတော်ကောင်းတို့ သောင်းသောင်းခြိမ့်ခြိမ့် တငြိမ့်ငြိမ့်စုဝေး ဆွေးနွေးတိုင်ပင်ရခြင်းအကြောင်းမှာ ဂေါဏသမဂ္ဂပဋိညာဉ်စာတမ်းကြီးအရ နွားတို့၏ အခွင့်အရေးကို မသိသေးသော နွားကလေးတို့လည်း သိစေ၊ သိပြီးနွားကြီးတို့အားလည်း တိုးပြီးတောင်းရဲစေ သို့ကလို အကြောင်း ဂုဏ်ဟိတ်ဖြင့် ခြုံငုံ၍ ဖိတ်လိုက်ရခြင်း ဖြစ်ပေသည်။

အကြောင်းကို ဆိုရသော် ယခုအချိန် သမယ ဂုဏ်သိမ်ရအောင် လူ့ဘောင်သင်းပင်း ထိုငပျင်းတို့က "ဂေါဏေန ဂေါဏော၊ သမဏေန သမဏော" သဘောဆိုးရွား ဆိုးရိုးစကားတို့ဖြင့် ငါတို့ နွားမျိုးဂုဏ်ကို ချိုးရုံနဲ့ အားမရ ဂျိုကုတ်ရှိရာ ဂျိုထောင်မလာ မသာမယာ ထိုအသုံးဖြင့်လည်း လူ့ငတုံးတို့ကို တင်စားပြောဆိုကြပေပြီ။

အမှန်မူ "၀ဏ္ဏိ တဗ္ဗော ပသံသိ တဗ္ဗောတိ ဂုဏေ ဂုဏော ဘာဝေါ ၀ိယာတိ ဂေါဏော" သဘောဖွင့်ထုတ် ၀ိဂြိုဟ်လုပ်ရပါမူ လူတကာ အပြီးမှန်းတဲ့ ချီးမွမ်းထိုက်သော ဂုဏ်ဟိတ်တို့ဖြင့် ဖိတ်ဖိတ်လက်နေသော သတ္တ၀ါကို ဂေါဏော - နွားမည်၏ ဟု ဆိုရပေခြိမ့်မည်။

တကယ်ထုံးနည်းအရ တစ်ဘို့တည်းရှိသော ဘို့ကိုလည်း အပြစ်ဖို့ကြ၏။ အမှန်မှာ ထိုဘို့လို ဧက ၀စနံ - တစ်ခွန်းတည်းစကားကို ဆိုတတ်၏ဟု အဓိပ္ပာယတ္ထ အနက်ဖွင့်ရမူ လွန်စွာကောင်းပေ၏။ ငါတို့သည် လူတို့ကဲ့သို့ စကားအမျိုးမျိုးမဆို မှန်သော စကားကိုသာဆို၏။ လူတို့ကဲ့သို့ အသားအမျိုးမျိုးကိုမစား ကောက်ရိုးနှင့် မြက်တည်းဟူသော သက်သတ်လွတ်ကိုသာ စား၏။ တစ်ကောင်နှင့် တစ်ကောင် အနိုင်ကျင့်အုပ်ချုပ်ခြင်းလည်း မရှိ။ မိမိကိုယ်သာ မိမိအုပ်ချုပ်စီမံ၏။

ယခုအခါ ငါတို့ မှီတင်းနေထိုင်ရာ ဗမာနိုင်ငံကြီးကို ကြည့်ပါဘိဦး။ လောကနီတိပျို့လာ စကားနှင့် ဆိုရချေသော်
"ဘသာပုံဆောင်၊ ခွေးနှစ်ကောင်သည်၊ တစ်ကောင်ခွေးအား၊ တွေ့လတ်အားမူ၊ အံသွားကြိတ်ခဲ၊ ရှေ့သွားဖြဲ၍၊ ဟိန်းဟဲလျက်သာ၊ ငြူစူပါ၏၊ ယုတ်မာသည့်သူ၊ အမိုက်လူက၊ သူတော်သူကောင်း၊ တွေ့လတ်ရှောင်းသော်၊ ခြိမ်းမောင်းဟိန်းဟောက်၊ အကောက်ပြုလွယ်၊ လွန်ချုပ်ချယ်၏။"
...ဆိုတဲ့ စကားလိုပဲ သူတော်ကေင်း သူမြတ်လောင်းတို့မှာ ဖိနှိပ်၊ ချုပ်ချယ်၊ နှိပ်စက်ညှင်းပမ်းခံနေကြရပေ၏။

အို ဂေါဏအပေါင်း နွားသူတော်ကောင်းတို့

ငါတို့ နွားလောက၌ အုပ်ချုပ်သူ နွားတန်းစားမရှိသဖြင့်၊ ထိုသို့ အနိုင်ကျင့်သူမရှိသဖြင့် လူတို့ထက် တစ်ခွင့်သာပြန်၏။ နောက်တစ်ကြောင်းလည်း နွားဗိုလ်၊ နွားမှူးမတ်မရှိသဖြင့် မူးမတ်တို့ကျင့်သင့်၊ ကျင့်အပ်သော ခွေးကျင့်ခြောက်ပါးလည်း ခေါက်ထားနိုင်ရာ၏။ မူးမတ်စစ်ဗိုလ်တို့ ကျင့်အပ်သော ခွေးကျင့်ခြောက်ပါးကား အဘယ်နည်းဟူမူ-
၁။ မပျင်းမရိ လုံ့လ ၀ီရိယရှိခြင်း
၂။ ကျွေးသမျှ မွေးသမျှနှင့် ခွေးဘ၀ အားလျော်စွာ ရောင့်ရဲရှာခြင်း
(ဤ၌ အထူးကား မူးမတ်စစ်ဗိုလ်များတွင် တစ်သိန်း၊ နှစ်သိန်းစား စစ်ဗိုလ်ဟူ၍ ပုဂ္ဂိုလ်အလိုက် မိုက်သည့် “ဇ” အားလျော်စွာ ရာဇာသခင်က ခန့်ထားပြီးနောက် တစ်ကောင့်တစ်ကောင်နေရာမလုရာ သခင်ကျွေးသမျှ၊ ပေးသမျှနှင့် ရောင့်ရဲရမည်ဟူသော ခွေးများကျင့်တန်း၊ ကျမ်းဂန်မိန့်သောကြောင့် ပေတည်း။)
၃။ ခေါင်းချလျှင် ချခြင်း အိပ်ပျော်လွယ်ခြင်း
၎။ အိပ်ပျော်ရာမှ ပီတိကျ၍ ခဏမကြာ နိုးလွယ်ခြင်း
၅။ ကိုယ့်သခင်ကို ခင်မင်လွန်မင်း ချစ်ခင်ခြင်း
၆။ ရဲရဲရင့်ရင့် ပွဲလယ်တင့်အောင် သခင့်အကြိုက် အကိုက်ခိုင်းလျှင် ကိုက်ခြင်း၊ ဟောင်ခြင်း၊ ဟိန်းခြင်း

အို...သွားတမြုံ့မြုံ့နဲ့ ခေါင်းငုံ့နေကြတဲ့ နွားအပေါင်းတို့

ကျွန်ုပ်တို့နွားအပေါင်းတွင် ဘုရင်မရှိသဖြင့် ထိုခွေးကျင့်တို့ကို ကျင့်ကြံစရာ မရှိပေ။
ထို့ပြင်တစ်ကြောင်း ကျွန်ုပ်တို့ နွားအပေါင်းတွင် စုဆောင်းငွေကြေးနှင့် ဗိုလ်ကတော်လေးတို့လည်း မရှိရကား လစာရိက္ခာ အသပြာလာဘ်လာဘကို အလသဿ အသုံးကြီးမည်ဟု ဖြုန်းတီးပစ်ကြသော ဗိုလ်ကတော်တို့ကဲ့သို့ “ဗိုလ်ကတော် ကျွန်ပုံပေါက်တယ် ခွေးလောက်မကောင်း” ဟူသော ပြစ်တင်ကဲ့ရဲ့သံကိုလည်း မကြားရပြီ မဟုတ်လော။

စားမြုံ့တစီစီနဲ့ ရီပြနေကြသော နွားအပေါင်းသူတော်ကောင်းတို့

အကြောင်းကိုဆိုသော် ဗိုလ်ကတော်တို့ကဲ့သို့ သားငါးမစားသဖြင့် သန်းဝေခြင်း အကျင့်လည်း ကျွန်ုပ်တို့တွင် မရှိ၊
ရာထူးမလိုသဖြင့် ဗူးယိုတို့ အကျင့်အခန့်၊ အမြီးလည်း မနံ့၊
လက်နက်မစွဲကိုင်သဖြင့် ကုလားထိုင်လည်း မလု၊
ပါးစပ်တပြင်ပြင်နဲ့ စားချင်ဝါးချင်ပုံကိုလည်း မပြ (လိုအပ်လျှင် ဗိုက်ထဲမှ အစာကိုထုတ်၍ စားမြုံ့ခတ်နိုင်၏)

အသံတဟိန်းဟိန်းဖြင့် ၀ူးထရိန်း၊ ၀ူးထရိန်း သြဘာပေးနေကြသော နွားအပေါင်းသူတော်ကောင်းတို့

သမိုင်းကြောင်းမအီမသာနဲ့ ရှက်စရာ သတ်ဖြတ်ညှင်းပမ်းခြင်းတွေလည်း မရှိရကား ငါတို့နွားသမိုင်း ရာဇ၀င်သည်ကား စာတင်ရအောင်ပင် လက်မထောင်၍ နေခြိမ့်မည်။ ငါတို့ ဘုံပိုင် မြက်တောကြီးများ ဖြီးဖြီးထနေသဖြင့် စားနပ်ရိက္ခာ၊ နွားကမ္ဘာအတွက် မပူရ၊ ဗိုက်ဝ၍သာ အီတော့သည်။ ထို့ကြောင့် နွားဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများလည်း ထားစရာမလို။ တစ်ကောင်နှင့်တစ်ကောင် မာန်စောင်၊ စားခွက်လုစရာ အလုပ်မဟုတ်သဖြင့် နွားလုံခြုံရေးကောင်စီ ဆိုပြီးလည်း ကြောင်စီစီ ဖွဲ့စရာမလိုတော့ပေ။ နွားလိုနေပြီး နွားလိုသေကြရမည်ဖြစ်သောကြောင့် နွားဂုဏ်သိက္ခာအပြည့်အ၀ဖြင့် နွားကမ္ဘာကြီး သာယာနေပေလိမ့်မည်။

နွားမာန်တင်းတင်းဖြင့် စင်းစင်းကြီး ရပ်နေကြသော နွားအပေါင်းတို့

တစ်နေ့က ငါတို့ အိမ်နီးနားချင်း ခြသေ့င်္မင်းတို့ မင်္ဂလာသဘင် လက်ထပ်ဆင်ယင်၍ သွားသည့်သတင်းကို တီဗွီမှ တစ်ဆင့် အသင့်ကြည့်လိုက်ရသော ကျွန်ုပ်၏ မင် အင်မတန်တဲ့ ချစ်မိတ်ဆွေကြီးသညသ် မပြုံးဘဲနှင့် ၀ါးလုံးကွဲရီသော ဟူ၏။ အကြောင်းကို မေးချေသော် ဒီကောင်ကြီး မင်္ဂလာဆောင်တာ ကောင်းတယ်။ နောက် (၇) ရက်လောက်ကြာရင် ဒီခြင်္သေ့ကောင် ငါတို့လို နွားဖြစ်တော့မှာပဲ လို့မြင်လို့ သဘောကျပြီး ရီတာပါတဲ့။ သို့ကြောင့် မည်မျှ ရာထူးကြီးကြီး တံခိုးထွားထွား၊ မိန်းမယူလိုက်တာနှင့် တစ်ပြိုက်နက်တည်း ကျွန်ုပ်တို့ နွားဘ၀သို့ သက်ဆင်းကြရမည်မှာ မလွဲဧကန်တည်း။

အို သဘောတိမ်တိမ်နှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြကုန်လင့် နွားအပေါင်းတို့

ဒင်းတို့ နွားဘ၀ သက်ဆင်းလာကြသော်လည်း ကျွန်ုပ်တို့ ဘုံပိုင် မြက်တောကြီးများကိုတော့ ယောင်၍မျှ ကိုင်ကြမည်မဟုတ်ပေ။ နောက်တစ်ထွေလည်း ကျွန်ုပ်တို့ နဂိုထဲက နွားဂုဏ်သိက္ခာ အပြည့်ရှိပြီးဖြစ်လို့မို့ သူတို့လို နောက်ထပ်ဂုဏ်ဆုတ်ယုတ်ဖို့ရာ မလိုတော့။ ထို့ကြောင့် သဘောတိမ်တိမ်နဲ့ မစိုးရိမ်ကြလေနဲ့။

အို သဘော သကာယ အပြည့်အ၀နဲ့ နွားဂေါဏတို့

ကျွန်ုပ်တို့ ယခု နွားအခွင့်အရေးနေ့ အခမ်းအနားကြီး မပြီးဆုံးမီ အစီအစဉ်နောက်ဆုံး၌ အုပ်ချုပ်သူများ သောက်သုံးမကျသဖြင့် ကျဆုံးရရှာသော မြစ်ဝကျွန်းပေါ်နေ နာဂစ်မှာ သေကြေရရှာတဲ့ ကံခေရှာသူ နွားသူ၊ နွားသားများအတွက် အခမ်းအနားမသိမ်းမီ ၀ူးထရိန်း၊ ၀ူးထရိန်း မတွန်ကြဘဲ လွန်စွာမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် မိနစ်ဝက် ငြိမ်သက်ခါ “နွားအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ” မေတ္တာပွားရင်း နွားအချင်းချင်း ဂုဏ်ပြုလိုက်ကြပါစို့...လို့ တိုက်တွန်းရင်း ယနေ့ နွားအခွင့်အရေးနေ့ အခမ်းအနား မိန့်ခွန်းကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါကြောင်း နွားအပေါင်းတို့ ။

ဂေါဏသမဂ္ဂ အဖွဲ့ကြီး အဓွန့်ရှည်ပါစေသော်

ဝူးထရိန်း
ဂေါဏသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်
ဂေါဏသမဂ္ဂအဖွဲ့

12 October 2008

Ko Maung Aye Forgot His Real Father?

ကိုမောင်အေး တစ်ယောက်
အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း
- ညိုကြီး
မြန်မာစစ်အဆိုးရအာချော် သတင်းစာတွေ (မြန်မာ့အလင်း၊ ကြေးမုံ) ကို ဖတ်ရှုမိခြင်းဟာ ကုသိုလ်စိတ်မဖြစ်စေဘဲ အကုသိုလ်စိတ်(ဒေါသ)ကိုသာ ပိုမို တိုးပွားစေတယ်ဆိုတာ (၁၁၊ အောက်တိုဘာ၊ ၂၀၀၈)နေ့ထုတ် သတင်းစာတွေကို ဖတ်မိခါမှ ပိုလို့သေချာသွားခဲ့ရပါတယ်။
သတင်းတစ်ပုဒ်ကို ဖတ်မိရာက ဒေါသထွက်မိပါတယ်။ သတင်းခေါင်းစဉ်ကို ဖတ်မိလိုက်ရကတည်းက အဲဒီဒေါသစိတ်က ထောင်းကနဲ ထလာပါတယ်။ ပြီးတော့ ဒေါသစိတ်ပြီးတဲ့အခါ အော့နှလုံးနာစိတ်၊ ရယ်ချင်စိတ် အစသဖြင့် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ထွန်းလာရပါတယ်။
(ခင်ဗျားတို့ဖတ်ကြည့်မိရင်လည်း ကျွန်တော့်လို ခံစားကြရမှာပါ။)
ဒေါသစိတ်
သတင်းခေါင်းစဉ်က "နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဆာဗားအမျိုးသားအာဇာနည်ဗိမာန် လွမ်းသူ့ပန်းခွေချ အလေးပြု" တဲ့။
သတင်းခေါင်းစဉ်ကို ဖတ်မိလိုက်ရကတည်းက ဘာကြောင့်ဒေါသထွက်သင့်သလဲဆိုတာ ခင်ဗျားတို့ သဘောပေါက်မှာပါ။
ဘယ်နှယ့်ဗျာ ကိုယ်ြ့မန်မာပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားကြရတဲ့ သခင်အောင်ဆန်း အမှူးပြုတဲ့ အာဇာနည်ကိုးဦးကျဆုံးတဲ့ အာဇာနည်နေ့ကိုကျတော့ သတိမရ၊ အလေးပြုဖို့ အာဇာနည်ဗိမာန်ကို ခြေဦးတောင်မှ လှည့်ဖော်မရ။
(အနီးစပ်ဆုံးအနေနဲ့ "အာဇာနည်ဗိမာန်တွင် ကျင်းပသော (၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား" သတင်းကို မြန်မာဖိုရမ်မှ ကူးယူပြီး ဒီစာအဆုံးမှာ ပူးတွဲတင်ပြလိုက်ပါတယ်။ အဲဒီတုန်းက ရန်ကုန်မြို့တော်ဝန်လေး တစ်ယောက်ပဲ ပွဲတက်ရှာတယ်။)ဘာမှမဆိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဇာနည်တွေကိုကျတော့ လွမ်းသူ့ပန်းခွေချ၊ အလေးပြု နေလိုက်တာများ ကိုမောင်အေးတစ်ယောက် (မရိုသေ့စကား) ဖင်ကြီးတောင်မှ ကုန်းလို့။ သူက ဘင်္ဂလားဒေ့ရှ်အာဇာနည်ဗိမာန်မှာ အမှတ်တရသစ်ပင်တောင် စိုက်ပျိုးလိုက်သေးသဗျ။
သူနဲ့အတူ ကိုတင်အောင်မြင့်ဦး၊ ကိုတင်အေး၊ ကိုဥာဏ်ထွန်း၊ ကိုမြတ်ဟိန်း၊ ကိုဂျူနီယာရဲမြင့်၊ ကိုခင်ဇော်၊ ကိုသောင်းအေး အစသဖြင့် မြန်မာစစ်အဆိုးရ ဗိုလ်အဖွဲ့ဝင်တွေလည်း မြန်မာ့အာဇာနည်နေ့အခမ်းအနား မှာကျတော့ (မရိုသေ့စကား) အိမ်မှာ မိန်းမနဲ့ နှပ်နေကြပြီးတော့ ဘင်္ဂလားဒေ့ရှ်ရောက်ခါမှ ဘင်္ဂလားအာဇာနည်ဗိမာန်ကို အရောက်သွားပြီး ဘင်္ဂလားအာဇာနည်တွေကို အလေးဂရုပြုနေလေရဲ့။
စစ်အဆိုးရဗိုလ်အကြီးကြီးတွေဟာ ရန်ကုန်ကဖြစ်ဖြစ်၊ နေပြည်တော်ကဖြစ်ဖြစ် ဘယ်လောက်မှ မဝေးတဲ့ ရန်ကုန်၊ မြန်မာ့အာဇာနည်ဗိမာန်ကိုကျတော့ နီးလျက်နဲ့ဝေးတာလား၊ နီးလျက်နဲ့ မသိချင်ယောင် ဆောင်တာလား၊ နီးလျက်နဲ့ အလေးမထားတာလား၊ နီးလျက်နဲ့စော်ကားတာလားဆိုတာ ကျွန်တော်သိချင်လှပါတယ်။

ကဲ...ကျွန်တော် ဒေါသထွက်တာ လွန်သလားဗျာ။
(ဒေါသထွက်လာတော့ အသုံးအနှုန်းတွေလည်း ရိုင်းမိသွားတာ စာရှုသူများ ခွင့်လွှတ်တော်မူကြပါ)
အော့နှလုံးနာစိတ်
ဒီစိတ်ကိုတော့ (စာလေးမှာစိုးလို့) အထူးရှင်းမပြတော့ပါဘူး။
ရယ်ချင်စိတ်
ရယ်ချင်စိတ်ကတော့ အခြားမဟုတ်ပါဘူး။
စစ်အဆိုးရက ကျွန်တော်တို့ ဒီမိုသမားတွေကို မကြာမကြာ စွပ်စွဲတတ်တဲ့ စကားရှိပါတယ်။ "အမေကျော်ပြီး ဒွေးတော်လွမ်းတယ်" တဲ့။ အခုတော့ ကိုမောင်အေးရဲ့ လုပ်ပေါက်က အမေ တင်မကတော့ဘူး။ "အဖေကိုတောင်ကျော်ပြီး ပထွေးကို သွားလွမ်းမိသလိုများ" ဖြစ်နေပြီလား...လို့။
- ညိုကြီး

(ကျွန်တော့်သူငယ်ချင်းကတော့ ဒီစာကို ဖတ်ကြည့်ပြီး မှတ်ချက်ပေးပါတယ်။ သူတို့(စစ်အဆိုးရ)ခမျာ လည်း မတော်မတရားတာတွေလုပ်ပါများတော့ အာဇာနည်နေ့ရောက်ရင် မြန်မာ့(ဗမာ့)တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မျက်နှာမပြရဲလို့ နေမှာပေါ့တဲ့။
ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါတယ်။ မျက်နှာမပြရဲတာမဟုတ်ဘူးကွ။ ပြစရာ မျက်နှာကို မရှိတော့တာ။ "အရှက်နဲ့ လူလုပ်တယ်" ဆိုတဲ့ စကားရှိတယ်လေ။ စစ်အဆိုးရမှာ အရှက်ဆိုတာ မရှိမှတော့ သူတို့ဟာ လူ ပီသအောင် မလုပ်တတ်၊ မကိုင်တတ်တော့ဘူး။ Nitric Acid ဇေယျာသော်ရဲ့ ကဗျာလိုပေါ့ကွာ..."လူမျက်နှာပျောက်တဲ့ လူသားတွေ" ဆိုတာလေ...။ မင်းလည်း ဖတ်ဖူး၊ ကြားဖူးမှာပါ...။ ။)

-----------------------------------------------------------------------------------------------

လူမျက်နှာပျောက်တဲ့လူသားတွေ

လူအချင်းချင်း…..
မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့
အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ 
မေတ္တာမဲ့တဲ့နှလုံးသားတွေ
ဘယ်သူသေသေ …
ငတေမာရင်ပြီးရောပေါ့။

ငါတို့ ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက်
တယောက်က အခြားတယောက်ရဲ့
မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့ မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ ခေတ်မှာ
ကမ္ဘာရဲ့သစ္စာနဲ့

ပျောက်ဆုံးနေတဲ့လောကပါလဟာ
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲတိုးဝင်…..

ဟင်!
လူသားတွေဟာ …..
လူမျက်နှာတွေပျောက်နေကြပြီ။ ။

ဇေယျာသော်
Generation Wave
၂၇.၆.၀၈

-------------------------------------------------------------------------------------------------------------------------------------------------------------------------
အာဇာနည်ဗိမာန်တွင် ကျင်းပသော (၆၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား
မြန်မာဖိုရမ်၊ ဇူလိုင်လ ၂၁ ရက် ၂၀၀၈ ခုနှစ်။
၂၀၀၈ ခုနှစ်၏ (၆၁)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့သည်။
အာဇာနည်နေ့အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တက်ရောက်ခဲ့ပြီး ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ထို့နောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများသည် ဂူဗိမာန်များတွင် လွမ်းသူ့ပန်းခွေချ အလေးပြုကန်တော့ကြရာ ပထမဆုံးအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်တွင် သားကြီး ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ ကိုယ်စား မိသားစုဝင်တစ်ဦးက လွမ်းသူ့ပန်းခွေချ၍ အလေးပြုကန်တော့ကာ မေတ္တာပို့ အမျှဝေကြောင်း သိရသည်။
ထို့နောက် သခင်မြ၊ ဦးဘချို၊ မိုင်းပွန်စောဘွားကြီး စပ်စံထွန်း၊ ဦးဘ၀င်း၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့၏ မိသားစုများက အသီးသီး လွမ်းသူ့ပန်းခွေချ အလေးပြုကန်တော့ကြပြီး မေတ္တာပို့ အမျှပေးဝေကြကြောင်း သိရသည်။ ထိုအခမ်းနားသို့ နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်း မီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

07 October 2008

A Letter to Ko Thein Sein

ကိုသိန်းစိန်သို့ အိတ်ဖွင့်ပေးစာတစ်စောင်


နာဂစ်မုန်တိုင်းခံဒေသများမှ ဆင်းရဲသား ပြည်သူအပေါင်းမှာ နာဂစ်လေမုန်တိုင်းက နှိပ်စက်ထားလို့မှ နလန်မထူနိုင်သေးဘူး၊ စစ်အဆိုးရ ကိုသိန်းစိန်ရဲ့  လေမုန်တိုင်းအောက်မှာလည်း ပြားပြားဝပ်နေကြရပြန်ပါပြီ။

ကိုသိန်းစိန်သည် လျှာအရိုးမဲ့တိုင်း ပြောတတ်သော သဘာဝ ရှိဟန်တူ၏။


ယခုလည်း (၇၊ အောက်တိုဘာ၊ ၀၀၈)ထုတ် စစ်အဆိုးရ သတင်းစာများတွင် ဖတ်ရှုရသည်မှာ

``-မိမိတို့၏ ပတ်ဝန်းကျင်တွင် သဘာဝ အမွေအနှစ်များ ဖြစ်သည့် မြေသယံဇာတ၊ ရေသယံဇာတများလည်း ရှိပြီးဖြစ်၍ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်အောင် အလုပ်ကို ကြိုးစားပမ်းစားနှင့် ၀ီရိထား လုပ်ကိုင်ကြရမှာ ဖြစ်ကြောင်း။ -အလုပ်လုပ်ကိုင်၍ ရရှိလာသော ၀င်ငွေကို အလွယ်တကူ သုံးဖြုန်းမပစ်ဘဲ အဆင့်အတန်းမြင့်မြင့်နေနိုင်ရေးအတွက် ငွေကို စုဆောင်းကြရန်ဖြစ်ကြောင်း။´´
ပြောသွားပြန်ပါသည်။

-မြန်မာပြည်၏ ထွက်ရှိသမျှ သဘာဝ အမွေအနှစ်များ (မြေ+ရေသယံဇာတ)များနှင့် စီးပွားရေးလုပ်ကာ မျက်မှောက်ခေတ် ချမ်းသာနေကြတာ ဘယ်သူတွေလဲ။ စစ်အဆိုးရနှင့် နောက်လိုက်အလိုတော်ရိများပဲ မဟုတ်ပါလား။ လက်ရှိမြန်မာပြည်ဈေးကွက်၏ ဝေစုအများဆုံးကို သင်းတို့တစ်သိုက်ကသာ ခွဲဝေ၊ မျှယူ နေကြသည် မဟုတ်လော။
အလွယ်တကူ ရရှိလာသော ငွေများကိုလည်း သုံးဖြုန်းတီးပစ်နေကြသည်မှာလည်း ဘယ်သူတွေလဲ။ ရသမျှ တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ် စုဆောင်းကာ အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်သူတွေမှာလည်း ဘယ်သူတွေလဲ။ ရှင်းပါသည်။ စစ်အဆိုးရမိသားစုဝင်များနှင့် နောက်လိုက်အလိုတော်ရိများသာ ဖြစ်ပါသည်။
ထိုသည်ဤသည်တို့ကို မသိကျိုးကျွန်ပြပြီး သူကပဲ ဆင်းရဲသား ပြည်သူတွေကို သြ၀ါဒ ချွေနေလိုက်ပါသေးသည်။ ပြုံးရမှာလား၊ ငိုရမှာလား ကိုသိန်းစိန်...။
--------------------------------------------------------------------------------------------------------------------
ဇူလိုင်၊ ၂၀၀၈ တုန်းကလည်း ကိုသိန်းစိန်ကပဲ နာဂစ်ပြည်သူများကို ချိုးချိုးနှိမ်နှိမ် မိန့်ခွန်းချွေခဲ့ပါသေးသည်။ ဤသည်ကို (မြန်မာဖိုရမ်၊ ဇူလိုင်လ ၉ ရက် ၂၀၀၈ ခုနှစ်။) မှ ကူးယူဖော်ပြပေးလိုက်ပါသည်။

***နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က နာဂစ်ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ ပြည်သူများအား ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ စိတ်ဓာတ် ဖျောက်ပြီး အလုပ်ကြိုးစားလုပ်ကြရန်တိုက်တွန်းလိုက်သည်။

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်က ယမန်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်နှင့် ဖျာပုံမြို့နယ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဖျာပုံမြို့သို့အရောက် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“နာဂစ်မုန်တိုင်း၏ ပျက်စီးဆုံးရှုံးမှု၊ သေဆုံးခဲ့ရမှုများကို သင်ခန်းစာရယူပြီး၊ ယခင်ကဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့် စိတ်ဓာတ်ကို ပယ်ဖျောက် ကာ လုံလ၀ီရိယထား၍ အလုပ်ကိုကြိုးစား လုပ်ကြစေလို ကြောင်း” ဖြင့် ထည့်သွင်းမှာကြား ပြောကြားခဲ့သည်။...။******
--------------------------------------------------------------------------------------------------------------------
ကဲ...ကိုသိန်းစိန်...ရေ... ပြန်မပြော၊ နားထောင် ပြည်သူတွေကို သိပ်မပြောပါနဲ့တော့ဗျာ။ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်လူတွေကိုသာ အရင်ပြောပါ၊ ထိန်းပါဦး။ ``ပါးစပ်က ဘုရား၊..ဘုရား။ လက်က ကားယားကားယား၊ လက်က ဒိုင်းညှောင့်...ဒိုင်းညှောင့်´´ ဘ၀ ကြီးထဲမှာ ခင်ဗျားမို့လို့ မရှက်မရွံ့  နေ နေနိုင်ရက်တယ်ဗျာ။

လောလောဆယ်တော့ ဒီလောက်ပဲ ပြောလိုက်ပါရစေဦး...ကိုသိန်းစိန်။ ။

-ညိုကြီး

06 April 2008

NEW WORD FOR BURMA

အခုတလော ရန်ကုန်မှာ လူပြောသူပြောများနေတဲ့ စကားလုံး

တို့မြန်မာပြည်ကြီးမှာ နောက်ဆုံးတော့ "ကျောက်တုံးကြီးတွေ" ပဲ ကျန်ခဲ့တော့မှာပါတဲ့။

ကျောက် = ကြောက်တတ်တဲ့ သူရယ်
တုံး = ငတုံးငအ တွေရယ်
ကြီး = အသက်ကြီးတဲ့ သူတွေရယ်