Showing posts with label OTHERS' POEMS. Show all posts
Showing posts with label OTHERS' POEMS. Show all posts

21 November 2015

ဆောင်းမခိုတဲ့ အာဃာတနဲ့ ဘာသာမသိတဲ့ ကျည်ဆံ - အောင်သစ်ကြည်


ဆောင်းမခိုတဲ့ အာဃာတနဲ့ ဘာသာမသိတဲ့ ကျည်ဆံ

အောင်သစ်ကြည်

ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း
အမှတ် (၆၁)၊ ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ်

18 June 2015

ကဗျာဆရာ အောင်ဘညို အမှတ်တရ ကာတွန်း

(၁၀-၆-၂၀၁၅)ရက်နေ့တွင် ကွယ်လွန်သွားသော ကဗျာဆရာ အောင်ဘညို အမှတ်တရ 
ကာတွန်းဆရာ မိုးထက်မိုး၏ ကာတွန်း

(Vol. 3, No. 57, 14-6-2015 The Voice သတင်းစာ)


23 February 2015

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက်

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက် 
(၁၆ - ၂ - ၂ဝ၁၅)
၁။ ကျွန်ုပ်တို့သည် ဒီမိုကရေစီစံချိန် စံညွှန်းများနှင့် မကိုက်ညီသည့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံးအား ရိုးသားစွာ အပြည့်အဝ ထောက်ခံခဲ့ကြပါသည်။

၂။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားထုကြီးက တောင်းဆိုထားသော အချက်(၁၁)ချက်အား ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လိုက်လျောလက်ခံပေးခဲ့ကြသည်ကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ ပထမအဆင့်အနေဖြင့် လိုက်လျောလက်ခံပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့က အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ ယခုအခါ သပိတ်မှောက်ဆန္ဒပြချီတက်နေကြသော ကျောင်းသားစစ်ကြောင်းများတွင် လွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရင်း ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် လွှတ်တော်မှ တရားဝင်အတည်ပြု ပြဌာန်းပေးသည့်အချိန်အထိ ဆက်လက်သပိတ်မှောက်ချီတက်သွားမည့် ကျောင်းသားပင်မစစ်ကြောင်းဟူ၍ လမ်းကြောင်းနှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရှိရပါသည်။

၎။ ထိုကဲ့သို့ လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာသော်လည်း ကျောင်းသားထုကြီးသည် အမျိုးသားပညာရေးဥပဒေပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်တစ်ခုတည်းအောက်တွင် တည်ရှိနေကြသည်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် ဆက်လက်သပိတ်မှောက်ချီတက်ကြမည့် ပင်မစစ်ကြောင်းကိုပါ ဆက်လက်၍ အားပေးထောက်ခံမည်ဖြစ်ပါသည်။

၅။ လက်ရှိအချိန်၌ ကျွန်ုပ်တို့သည် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံး၏ လုံခြုံရေးအား အထူးပင် စိုးရိမ်ပူပန်နေမိပါသည်။

၆။ သို့ဖြစ်ပါ၍ ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသော ကျောင်းသားထုကြီး၏ လုံခြုံရေးကို ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုကဲ့သို့ ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်လာသောသူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များကသာလျှင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းကို သတိပေးပြောကြားရင်း ကျွန်ုပ်တို့သည် ကျောင်းသားထုကြီးတစ်ရပ်လုံးအား ဆက်လက်အားပေးထောက်ခံသွားကြမည်ဖြစ်ကြောင်း ရိုးသားစွာ အလေးအနက် ကြေညာလိုက်ပါသည်။

ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ


03 January 2015

အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) - The Murder's Dinner by Hnin Khar Moe

အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) ကဗျာဆုပေးပွဲအခမ်းအနားဖိတ်စာ

 နေ့ရက် - ၇၊ ၁၊ ၂၀၁၅
အချိန် - မွန်းတည့် (၁၂) နာရီ
 နေရာ - အုပ်စိုး-၁ စားသောက်ဆိုင်၊ ကန္နားလမ်း၊ ကွေ့ကြီးရပ်၊ မုံရွာမြို့

အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) ရရှိသူ ကဗျာဆရာ နှင်းခါးမိုး လူသတ်သမားရဲ့ ညစာ ကဗျာအား ဖိတ်စာတွင် ပူးတွဲဖော်ပြထားပါသည်။ ဖိတ်စာအား Scan ဖတ်၍ တင်ပေးလိုက်ပါသည်။

Nyo Gyi




30 March 2014

"အဝေးရောက် ငှက်ကလေးတွေ ဖတ်ဖို့ ကဗျာ" by Aung Yin Nyein


"အဝေးရောက် ငှက်ကလေးတွေ ဖတ်ဖို့ ကဗျာ"

by Aung Yin Nyein

လေထဲ စက္ကူစွန်လေးတွေ ၀ဲပျံ
ကလေးတွေ
ဆော့ကစားနေတာ မြင်တိုင်း လွမ်းမိတယ်။
ဖိုးဇံနဲ့ ပီတိ
ကဗျာဆရာတစ်ယောက်မွေးဖွားဖို့
လူမသိ သူမသိ စတေးခံခဲ့ရတဲ့ သားကောင်တွေ။
စိတ်ကူးယဉ်ကမ္ဘာထဲမှာ
မင်းတို့နဲ့ အတူဆော့မယ်
အင်္ဂလိပ်စကားပြောသင်ပေးမယ်။
ရောင်စုံအရုပ်တွေ ပန်းချီဆွဲပြမယ်။
စဉ်းစားတတ်တဲ့ အရွယ်ဆို
လူတွေအကြောင်း၊ ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာအကြောင်း
လူ့ဘ၀ဟာ တ၀ီဝီ
အော်မြည်နေတဲ့ စက်ယန္တရားကြီးဖြစ်တဲ့အကြောင်း
ပြောပြမယ်။
အခုတော့ တစ်မြို့စီ ဝေးကွာလို့
မင်းတို့လည်း အဖေမရှိတဲ့ ကစားကွင်းထဲမှာ
ငါလည်း အဝေးစစ်မြေပြင်မှာ
ဒဏ်ရာကိုယ်စီ။
ငါဟာ မင်းတို့အနာဂတ်ကို မျက်နှာလွှဲလို့
ယောက်ျားမာနကို အနုပညာနဲ့ မောင်းနှင်သူ
နတ္ထိဝါဒီပါ
အယူခံဝင်စရာ မရှိပါဘူး။
လူဆိုတာ ကိုယ့်အတ္တကိုယ်တည်ဆောက်နေကြတဲ့ ဗိသုကာတွေ
လူတစ်ယောက်ရဲ့ အမှန်တရားဆိုတာ
အခြားတစ်ယောက်အမြင်မှာ
အမှားဖြစ်နေနိုင်တဲ့ ဒဿန
ဥာဏ်ပညာရှိသူ
မင်းတို့မေမေ ဆုံးမစကားပြောရဲ့လား။
ငါဟာ မင်းတို့မသိနိုင်တဲ့ အဓိပ္ပာယ်တွေနဲ့
ကဗျာဆရာ
ဒီမှာ အိပ်ရာဝင်ပုံပြင်နားထောင်ကြမလား။
မင်းတို့ရွတ်ဖို့
ကလေးကဗျာတွေလည်း ရေးထားတယ်။
သားတို့ရေ... သူငယ်ချင်တွေနဲ့ ဆော့ရင်း ပျော်ရွှင်မှုကို ရှာ
ကျောင်းစာတွေ သင်ရင်း လူ့ဘ၀ကို သင်ယူပါ
သတိရရင် ဖုန်းဆက်ပါ
စာရေးတတ်ရင် စာတစ်စောင်လောက် ရေးလိုက်ပါ။
အခု
သားအဖအဖြစ်ဟာ ဖြတ်တောက်လို့
လူ့ဘ၀ ၀င်္ကပါ
သံသရာဇာတ်လမ်းရှည်
တစ်နေ့နေ့ပြန်ဆုံနိုင်ကြဦးမှာလား။
လောက ဘာမှမရေရာ
ငါ့မှာ မင်းတို့
ငယ်နာမည်တွေ ရေရွတ်လို့
ဟိုးအဝေးမှာ လေထဲ စက္ကူစွန်ကလေးတွေ ၀ဲပျံလို့
အဖေဆိုတာ
မိသားစုဆီ
ပြန်မလာဖြစ်တော့တဲ့ ငှက်တစ်ကောင်သာ။

အောင်ရင်ငြိမ်း

၂၂ မေ ၂၀၀၆
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၆

(အောင်ရင်ငြိမ်း၏ "တစ်ကိုယ်ရေ အာသာဖြေခြင်း" စာသားများ စာအုပ်မှ...)

23 March 2014

အောင်ရင်ငြိမ်း၏ ကဗျာ - "တို့ဘ၀ တို့ကမ္ဘာ"



"တို့ဘ၀ တို့ကမ္ဘာ"

ရှေးရေစက်လား
ချိန်းဆိုမထားဘဲ ရောက်လာတယ်။
နေရဉ္ဇရာ
စစ်ပွဲတွေ ရပ်တန့်စေတဲ့ တမန်တော်
သွေးသားထဲက ပွင့်အန်ထွက်လာတဲ့ မေတ္တာတရား
လူကြီးတွေ သင်ယူရမယ့် ကလေးငယ်။
လူမှန်း မသိတတ်ခင်
ရင်ခွင်ပိုက်ဘဝ
မိဘတွေနဲ့ လေဆန် နေဆန်လို့။
လူ့ ဘ၀ဆိုတာ
ရဲရင့်သူတွေအတွက် စစ်မြေပြင်
သူရဲဘောကြောင်သူတွေအတွက် သင်္ချိုင်း။
လေပြင်းတွေဆီ ရင်ကော့ခေါင်းမော့လို့
ဒုက္ခသစ္စာကို ပြက်ရယ်ပြုလို့
လောကလမ်းပေါ် လက်တွဲလျှောက်ကြမယ်။
ကဗျာဆရာ့သမီးဟာ
လောကဓံကို မျက်နှာချင်းဆိုင်ရဲရမှာပေါ့
မနက်ဖြန်ကို မတွေးနဲ့
ဒီနေ့ ဘယ်လိုအသက်ရှင်မလဲ စဉ်းစား
ဖက်ရှင်လှလှနဲ့
စိတ်လှပအောင် ကြိုးစားဖို့
အတွေးအခေါ်လည်း လိုသေးတာပဲ နေရဉ္ဇရာ။
လူတိုင်း ပြောကြသလို ငွေက အရေးကြီးပါတယ်
လူတစ်ယောက်
ငွေးကျေးကျွန်ဖြစ်မသွားဖို့ ပိုအရေးကြီးပါတယ်။
ငွေကြေးဝါဒီတွေ ဗြောင်းဆန်လို့
လူစင်စစ်က ၀ံပုလွေဖြစ်သွားကြတာတွေ
မိတ်ဆွေချင်း
နောက်ကျောဓားထိုးကြတာတွေ။
မိုးခါးရေသောက်ပြီး
ရူးချင်ယောင်ဆောင်နေကြတဲ့ ကမ္ဘာ
ငါတို့ ဖြတ်နေရတဲ့ နှစ်ကာလဟာ
ခေးအော့စ်သီဝရီနဲ့။
ငယ်စဉ်က အမေဆုံးမဖူးတဲ့ စကား
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။
ကိလေသာ ကြိုးမျှင်တွေနဲ့ ပုထုဇဉ်
လောကအမြင်နဲ့ အသက်ရှင်ကြစို့။
တရားကို နတ်ကောင်းစောင့်သတဲ့
လူတွေကို ကြောက်လို့သာ ကိုယ်ယောင်ဖျောက်နေရရှာ
အမှန်တရားဆိုတာ
လူ့လောကမှာ ရှိနေနိုင်ပါသေးတယ် နေရဉ္ဇရာ။

အောင်ရင်ငြိမ်း

(အောင်ရင်ငြိမ်း၏ "တစ်ကိုယ်ရေ အာသာဖြေခြင်း စာသားများ" စာအုပ်မှ...)

သမီးလေး နေရဉ္ဇရာအောင်ရင်ငြိမ်းသို့ အမှတ်တရ။
၂၊ ဖေဖော်ဝါရီ၊ ၂၀၀၇

14 March 2014

ခရမ်းပြာထက်လူ၏ "စစ်ပွဲများ (၁)" ကဗျာ




"စစ်ပွဲများ (၁)"

အဖေ ရှေ့တန်းတိုက်ပွဲက ပြန်လာပြီဆို
ကျွန်တော်တို့တစ်အိမ်လုံး မီးကုန်ယမ်းကုန် ပျော်ကြတယ်။

ဘာဘီကျူးမီးပုံကြီးအောက်မှာ
အဖေ့ ပုခုံးပေါ်က ကြယ်တွေ တလက်လက်တောက်ပ။

အမေက
အဖေ့ရဲ့ ဦးထုပ်ကို အသာအယာ လှမ်းချွတ်ကာ
ခြေဖျားလေး အသာထောက် အဖေ့ရဲ့ နဖူးကို ညင်ညင်သာသာလေး မော့နမ်းလို့။

ကျွန်တော်တို့က
အဖေ့ပေါင်ပေါ်ကို အလုအယက်တက်ထိုင်ကာ
အဖေ့ရင်ဘတ်ထဲ တိုးဝင် အဖေ့အောင်ပွဲတွေကို အငမ်းမရ တူးဆွလို့။

ဘေးအိမ်က ရေဒီယိုထဲမှာတော့
ခြေပြတ် လက်ပြတ်တွေ
မိဘမဲ့သွားတဲ့ ကလေးတွေ
ပျောက်ဆုံးနေတဲ့ အလောင်းတွေနဲ့ အပျက်အစီးတွေအကြောင်း တစ်ညလုံး တင်ဆက်လို့။ ။

ခရမ်းပြာထက်လူ

(၂၀၁၃၊ မေလ Treasure Land မဂ္ဂဇင်း)
(2011+ စာစဉ်(၃)၊ ခရမ်းပြာထက်လူ၏ "၉၉" ကဗျာစာအုပ်မှ...)

15 December 2013

မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် ထွက်ရှိ

မန္တလေးမြို့  မှ အနုပညာသမားများ စီစဉ်တင်ဆက်ထုတ်ဝေသည့်

နိုင်ငံရေး စာပေအနုပညာနှင့် အမြင်ဘာသာစကား
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်
le Rendez-vous original
l'Album Des Beaux-Arts
စာအုပ်ထွက်ရှိ



ပုံနှိပ်မှတ်တမ်း


 မာတိကာ





မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲကို မန္တလေးမြို့  ၊ ၇၈လမ်း၊  ၃၁-၃၂ လမ်းကြားရှိ မင်းသီဟ ကဖေးတွင် (၁၅-၁၂-၂၀၁၃)ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားဓာတ်ပုံကို ကဗျာဆရာ ပြေညိမ်းမိုဃ်း၏ facebook မှ ရယူပါသည်။

{{{ မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်တွင် ကျွန်တော် ညိုကြီး၏ ကဗျာ - "လူကြီးများသို့" လည်း ပါဝင်ပါသည်။ ထိုကဗျာကို ကျွန်တော့် blog တွင် ဖော်ပြခဲ့စဉ်က "ခလေးများသို့" ခေါင်းစဉ်နှင့်ဖြစ်ပါသည်။
"လူကြီးများသို့ (သို့မဟုတ်) ခလေးများသို့" ကဗျာအား ကျွန်တော့် blog ၏ အင်တာနက်လိပ်စာ -
http://bigbbrown.blogspot.com/2013/10/blog-post.html
တွင်လည်း ဖတ်ရှုနိုင်ပါသည်။ }}}

22 November 2013

မန္တလေးမြို့ အခြေစိုက် "ကဗျာ" မဂ္ဂဇင်း (Poem Magazine) အမှတ် (၁) စတင် ထွက်ရှိ

မျက်နှာဖုံး


အယ်ဒီတာအဖွဲ့နှင့် ဆက်သွယ်ရန်


 မာတိကာ



10 November 2013

ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ် (ခရမ်းပြာထက်လူ၏ ကဗျာ)


"ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ်"

ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးလို့လည်း ပြင်ထားတယ်

ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာညီလာခံကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓားပေါက်ခံရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်

ကျွန်မကိုယ် ကျွန်မ မြေမြှုပ်မိုင်းတွေ မွစာကျဲနေတဲ့
အရပ်မှာပေါက်နေတဲ့ ရွက်ကျပင်ပေါက်တွေလို သဘောထားပြီး
ကျွန်မကိုယ် ကျွန်မ နေ့နဲ့ည မှားအိပ်နေရတဲ့
မီးပြတိုက်တစ်ခုလိုလည်း ကျင့်ထားတယ်။

ရှင်တို့ရှို့လိုက်တဲ့မီး
ကျွန်မမြားရဲ့ နောက်မြီးအဖျားမှာ ဟုန်းဟုန်းတောက်လောင်နေပါစေ
ကျွန်မရဲ့ ဦးတည်ချက်ပစ်မှတ်ဟာ ဘယ်တော့မှမလွဲ
ဂြိုဟ်တုတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့ မီးစတွေလို
အဲ့ဒါဟာ ကျွန်မကို ပိုပြီးခွန်အားဖြစ်စေခဲ့။

ကလေးတွေ စပြီးဖွင့်လိုက်တဲ့ စာမျက်နှာဟာ
ကျွန်မအကြောင်းနဲ့ စ ရမယ်လို့ ရှင်တို့ထင်နေလား
အချစ် သို့မဟုတ် ကမ္ဘာကြီး သို့မဟုတ်
ရှေ့ကချိုင့်ခွက်ထူ လူသွားလမ်းလေးကို ကျောင်းဆင်းရင်ပြင်ကြစို့
ဒါနဲ့ စမယ်။

ကျွန်မကိုယ်တိုင် မာသာထရီဇာလို ပြင်ထားပြီး
ဒိုင်ယာနာမင်းသမီးလိုလည်း ဆင်ထားမယ်။

ကျွန်မတို့အိမ်မှာ ဘာတွေလိုနေလဲ
သူတို့ဘာကြောင့် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြသလဲ
သူတို့ဘာကြောင့် ယဉ်ကျေးကြသလဲ
သူတို့ရဲ့ ဦးခေါင်းတွေဖွင့်ကြည့်ဖို့
သူတို့ရဲ့ ပျော်ရွှင်မှုတွေကို သုတေသနလုပ်ဖို့။

သေနတ်တွေ ဗုံးတွေ အကြမ်းဖက်မှုတွေကြားထဲက တောင်သူတို့
ဘာလို့ အင်္ဂါဂြိုဟ်သွားလက်မှတ်တွေ
အလုအယက်ဝယ်နေကြတာလဲ။

ကျွန်မဟာ မိတ်ဖွဲ့ရမယ်
ကျွန်မတို့အိမ်အတွင်း လိုတိုးပိုလျှော့လုပ်ဖို့
ကျွန်မ လမ်းလျှောက်ထွက်ရမယ်။
စကြ၀ဠာထဲကနေ ကမ္ဘာကို ပြန်ကြည့်သလို
ကမ္ဘာထဲကနေ ကျွန်မတို့မြန်မာပြည်ကို ပြန်ကြည့်ရအောင်ပေါ့။
ကျွန်မ လမ်းလျှောက်ထွက်ရမယ်။

ကျွန်မ ကျောသားရင်သားမခွဲပေမယ့်
အမှန်တရားကိုတော့ ရအောင်ခွဲရမယ်။

ပုလင်းထဲကလာတဲ့ ဥပဒေနဲ့
ပါးစပ်ထဲကအန်ကျလာတဲ့ ပုဒ်မတွေကြားမှာ
ရှင်တို့ ကျွန်မတို့ ဘယ်လောက်ညစ်ပတ်နံစော် အော်ဂလီဆန်ခဲ့ရပြီဆိုတာ
ကျွန်မကိုယ်တိုင် သိခဲ့ရတာပဲ။

ကျွန်မကိုယ် ကျွန်မ
သတင်းဆာနေသူ ရှင်တို့အတွက်
သတင်းအမှန်ရဖို့ သတင်းစာအပြင်ဘက်မှာ ရပ်နေပါတယ်။

ကျွန်မအလုပ်တွေ များပါတယ်
ကျွန်မမှာ ကာလီမမယ်တော်လို လက်တွေအများကြီးမရှိသလို
ဒဿဂီရိလို ခေါင်းတွေလည်း အများကြီးမရှိတော့
ရှင်တို့နဲ့ အများကြီးအကြာကြီး မတွေ့နိုင်ဘူးပေါ့။

ရှင်တို့ သိပါတယ် ကျွန်မတစ်ယောက်တည်း
မျက်နှာချင်းဆိုင်ရမှာလည်း တစ်ယောက်တည်း
ဘေးချင်းယှဉ်လျှောက်ရမှာလည်း တစ်ယောက်တည်း
ကျွန်မက တစ်ယောက်တည်းရှင့်
ကျွန်မကလေးတွေက မုန့်ဖိုးကောင်းကောင်းလိုချင်တယ်
စမတ်ကျကျနေချင်တယ်
ကျောင်းမှာ ခုံကောင်းကောင်းနဲ့ ထိုင်ချင်တယ်
စာတော့ မကြိုးစားချင်ကြဘူး။
ကျွန်မက တစ်ယောက်တည်းရှင့်။

ကြယ်တွေ မရှိတော့လည်း ညက မကြွပြန်ဘူး
ကြယ်တွေ မရှိတော့လည်း ညက မလုံခြုံပြန်ဘူး
ကျွန်မကိုယ် ကျွန်မ လမင်းကြီးလို ပြင်ထားတယ်။

ကျွန်မကိုယ်ကျွန်မ ဒီနှစ်တွေမှာ စစ်မဖြစ်ဖို့ ပြင်ထားတယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ခဲ့ပြီလေ
အခါအခါသေဖူးတဲ့လူတစ်ယောက်
ငရဲကိုတော့ နားလည်ရတော့မှာပေါ့။

ကျွန်မအာဏာလိုချင်တယ်
ရှင်တို့လက်ထဲကို အပ်မလို့။

အဲ့ဒီအာဏာနဲ့ အချိန်မရွေး
ကျွန်မကိုလည်း ဖြုတ်ချရင်ဖြုတ်ချနိုင်အောင်လို့
ဒါကြောင့် ကျွန်မမှော်ဆရာ မဖြစ်ချင်ဘူး
သမ္မတကြီးပဲ ဖြစ်ချင်တယ်
မှော်ဆရာတွေကို မွေးပြီး
မှော်ဆန်တဲ့ နိုင်ငံကြီး တည်ဆောက်လိုက်ချင်လို့ ။         ။

ခရမ်းပြာထက်လူ

28 July 2013

Ohn Myint Hlaing, A Poet of Burma





၂ဝ၁၃၊ ဇွန် (၁၃)မှာ ကွယ်လွန်ခဲ့သော ကိုကိုးကျွန်းပြန် တော်လှန် ကဗျာဆရာ အုန်းမြင့်လှိုင် (၁၉၄၁ - ၂ဝ၁၃)၏ တစ်လပြည့်အမှတ်တရ ထုတ်ဝေခဲ့သည့် အုန်းမြင့်လှိုင် ကဗျာစာအုပ်

ဖြန့်ချိရေး

မြနန္ဒာ စာအုပ်တိုက်
၃၃/၄၉၊ ရှိုင်းကွန်ဒို၊ ၇ လွှာ၊
ဘဏ်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်
ဖုန်း - ဝ၉ - ၄၃ဝ၈၇၁၉၃

(ကဗျာစာအုပ်အား ကျေးဇူးပြုသော ကဗျာဆရာ ကိုရိုးဒီ အား ကျေးဇူးအထူးတင်ရှိပါသည်။)

ညိုကြီး

27 June 2013

ကဗျာထဲက သူရဲကောင်း



အောင်ဘညို

(အာရှအလင်း ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁၀)၊ ၁၅-၆-၂၀၁၃ (စနေနေ့)

17 May 2013

၂၀၁၃ ခုနှစ် မေတ္တာစာ

" ၂၀၁၃ ခုနှစ် မေတ္တာစာ "

ဘဘက သူများ အညှာတွေချည်း ကိုင်ခဲ့တာပေါ့
ဒါပေမယ့် အခု အနုပညာကို ချစ်တယ် ...
(ပန်းချီကားတွေရော ... ကော်ဖီပါ လွှတ်ချစ်တာ)

ဝါးတီး မပေးခဲ့ဘူး
အခု ထမင်း ရောင်းနေတယ် ...
(ကားရေဆေးခိုင်းသူနဲ့ ... ခုံသုတ်ရတာနဲ့ ... စိတ်အတော် လျှော့ရတာကလား)

သေနတ်တွေ အောက်မှာ
စာရေးကြီး စစ်စစ်ပါခင်ဗျာ
အခုအခါ သမ္မတ လုပ်နေပါတယ် ...
(ကြံရာပါ အကြွေးဆပ်ဖို့ ဟိုအစိုးရဆီ မျက်နှာချို သွေးရ ... ကိုယ့်အောက်က လူတွေ မနိုင်လို့ မျက်နှာပျက်ရ)

ဒီနိုင်ငံထဲမှာ နန်းတော်ကြီးနဲ့နေတာ
အခုအခါတော့ ဟောဟိုနားမှာ တောထွက်ပြီး နေတယ်
ကိုယ်တော်ကြီးကို မပြစ်မှားကြကုန်လင့် ...
(မနုဿတ္တဘာဝေါ ဒုလ္လဘော ... အကုန်လုံးလည်း ဖျောပြီးပြီတဲ့)

အောက်လွှတ်တော်နော်
နောက်က ပစ်ဆော်လိုက်ရင် ကော့သွားမယ်
ရော့ ... လာထား အပေးအယူ ...
(မိမိကတော့ ဒီမိုကရေစီ လေဒီနဲ့ ပေါင်းပြီတဲ့)

ဒီမိုကရေစီနော်
ဒီလို လေဒီကမှ လုပ်နိုင်မှာ
အခြေခံ ဥပဒေဟာ ချုပ်ရိုးပြုတ် ...
(ငုတ်တုတ်နေတဲ့ ကလေး ၂၅ ယောက်ကို ဆန်ပြုတ်တိုက်မတဲ့)

သံချပ်ထိုးမယ် ... ပေါ်လစီပြောမယ်
သဘောမှာ ညိ ... အပြောမှာ ထိရှ
သုမန ကျောမှာက ဒဏ်ရာတွေနဲ့ ...
(ကဗျာမချို ... စာမချို ... အဂ္ဂရိယတ်ထိုးရမယ့် ကိုယ်တော်တွေတဲ့)

(မြှုပ်ကွက်များ ဆက်၍ ချန်ထားသည်။ ရေးရမှာ ပျင်းသည်။ ရေးရင် အရှည်ကြီးပဲမို့ ... နိဂုံးကို ပို့ပြီ)

(ခေါင်းကိုင် ဖခင်ကြီးက တွေးသည်မှာ ...)
သနားဖို့ ကောင်းလိုက်တဲ့ ကောင်တွေကွာ
ငါ့ဆို
ဖေ့စ်ဘုတ်မှာ
စာဖတ်နေသူကြီးပဲ နာမည် ထွက်သကွ
အဟက်အဟက် ...
ဤသို့ဖြင့် ဇောက်မနက်သော်လည်း
(မနက်တိုင်း ဘုရားဖူး၍ နေလေသည်)

ထို့ကြောင့် မြန်မာပြည်ဟု ခေါ်သည်။
ဘုရားစူး မြန်မာပြည် ဖြစ်ပါသည်။

သင်ကာ
မေ၊ ၂၀၁၃

10 April 2013

Thingyan Rain

https://www.facebook.com/photo.php?fbid=595256397151290&l=9c3325f0e5

တန်ခူးမည်မှတ်
ဖက်ဆွတ်ရေတိုး
သင်္ကြန်မိုး

thanks တိုးနှောင်မိုး for စာအုပ်
— with Toehnaung Moe.

28 February 2013

ကျွန်တော်တို့ မြန်မာပြည်ကြီးမှာဗျာ


"ကျွန်တော်တို့  မြန်မာပြည်ကြီးမှာဗျာ.. "

 မြန်မာပြည်ကြီးမှာ
အရာရာထွက်တယ်
ကမ္ဘာမှာ
မြန်မာ တစ်ပြည်ထဲအတွက်
ကွက်ထွက်တာတွေ
အများကြီးပါလေ.....

အိမ်နီးချင်းနိုင်ငံတွေတောင်
ကိုယ့်ခြေဖ၀ါးအောက်ရောက်အောင်
အင်ပါယာချဲ့ထွင်နိုင်တဲ့ ဘုရင်
တို့ဆီကထွက်တယ်...
ငှက်ကလေး ကြက်ကလေးလို
သဘောင်္ပေါ်ပါသွားခဲ့တဲ့ဘုရင်လည်း
တို့ဆီက ထွက်တာပဲ..။

ဟိုရှေးကတည်းက
ရေမြုပ်ဗုံးတီထွင်ခဲ့တဲ့
ပညာရှင်လည်း
တို့ဆီကထွက်တယ်...
မခိုင်လုံတဲ့ ဆင်ခြေနဲ့
တီထွင်မှုကို ရပ်ခိုင်းတဲ့သူလည်း
တို့ဆီက ထွက်တာပဲ..။

နယ်ချဲ့မှန်သမျှ
တစ်ယောက်မှမချန်
တော်လှန်ခဲ့သူတွေ
တို့မြေက ထွက်တယ်...
လာသမျှလူအဖေခေါ်
ဘ၀တူတွေကိုဆော်တဲ့
မသူတော်အလိုတော်ရိတွေလည်း
တို့ဆီက ထွက်တာပဲ...။

မြင်းခွာအောက်မှာ
ရဲရဲတောက်
အသက်ပျောက်ခဲ့ရတဲ့
လက်နက်မဲ့ရဲဘော်
တို့ဆီကထွက်ခဲ့တယ်..
မြင်းလေးကောင်က ရထားကြီးစီး
ရွှေစလွယ်ကြီးနဲ့ လူကြီးလူကောင်းလည်း
တို့ ဆီကထွက်တာပဲ...။

တိုင်းပြည်ကြီး
ချောက်ကမ်းပါးဆီပို့သူတွေလည်း
တို့ဆီကထွက်တယ်..
နောက်ထပ်တဖန်
ကယ်တင်ရှင်ဆန်ဆန်နဲ့
အကြံအဖန် ဘ၀ရှင်မင်းလည်း
တို့ဆီက ထွက်တာပဲ..။

ကောက်ပဲသီးနှံ
ဆန်ရေစပါး
ပေါများအောင်စိုက်သွားတဲ့
လယ်သမားတွ
တို့မြေကထွက်တယ်..
သူတို့စိုက်တဲ့ ဆန်ကိုစား
သူတို့ကို သတ်ရန်ကြံသူများလည်း
တို့ဆီက ထွက်တာပဲ..။

ကျောက်သံပတ္တမြား
တွင်းထွက်ရတနာတွေ
တို့မြေကထွက်တယ်..
ဒီရတနာတွေအတွက်
ရက်ရက်စက်စက်
တိုင်းပြည်ဖျက်ခဲ့သူတွေလည်း
တို့ဆီကထွက်တာပဲ..။

နိုင်ငံကြီးနှစ်နိုင်ငံကြား
အဖိုးတန်တဲ့
နိုင်ငံရေးပထ၀ီအနေအထား အချက်
တို့ဆီမှာထွက်တယ်..
ဒီအနေအထားကို တန်ဖိုးမထား
ငွေလေးနှစ်ပြားတစ်ပြားနဲ့
သူစိမ်းရဲ့လက် ၀ကွက်အပ်ပြန်တော့
ရေနံပိုက်လိုင်းရှည်ကြီးလည်း
တို့ဆီကထွက်တာပဲ..။

ကမ္ဘာ့အဖွဲ့အစည်းမှာ
အကြီးအကဲခေါင်းဆောင်
ဂုဏ်ရောင်ပြောင်သူတစ်ယောက်
တို့ရှေ့မှောက်မှာ ထွက်ခဲ့တယ်..
သည်လိုလူကို တန်ဖိုးမထား
အငြိုးအာဃတတရားနဲ့
မျိုးမသမာရက်စက်သူလည်း
တို့ဆီကထွက်တာပဲ...။

ရှားပါးစာရင်းဝင်
ငြိမ်းချမ်းရေးဆုရှင်
တို့ပြည်တွင် ထွက်တယ်..
ဒီလိုဆုရှင်လည်း
လူမထင်စွာရက်စက်
အချုပ်အနှောင်မှာထားရက်သူလည်း
တို့ဆီကထွက်တာပဲ....။

အနှစ်တရာမှာတစ်ယောက်
ပေါ်ပေါက်ဖို့လွယ်မလား
တို့အမျိုးသားခေါင်းဆောင်တစ်ယောက်
တို့ဆီမှာပေါ်ပေါက်ခဲ့တယ်..
ဒီအမျိုးသားခေါင်းဆောင်ကြီးကို
အငြိုးဝင်ပြီး လုပ်ကြံရက်သူလည်း
တို့ဆီက ထွက်တာပဲ....။

တို့ဆီကထွက်တာတွေ
လက်ချိုးရေလို့တောင်မရ
အထင်ကရတစ်ခုဟာ
ကမ္ဘာမှာရှားပါလာနေတဲ့
မျိုးဆက်ဝင်သတ္တ၀ါ
ငါတို့ဆီမှာ အသေအချာရှိနေခဲ့တာ..
အဲ့ဒီသတ္တ၀ါမျိုးဟာ
မြန်မာ့မြေတလွှားမှာ
ပွားချင်းတိုင်းပွား
ပျော်ချင်တိုင်းပျော်
နေရာတိုင်းမှာရောက်
ဘယ်ခါမှပျောက်မယ်မသိတော့ဘူး..
ထူးဆန်းတဲ့ ကမ္ဘာ့ရှားပါးဝင်
မျိုးဆက်ကို ဘာထင်လို့လည်း
အဖြစ်မှန်ကိုမြင်အောင်ပြောရရင်လေ....
..စစ် အာ ဏာ ရှင် တွေ ပေါ့ ဗျာ...
အဲ့ဒီသတ္တ၀ါတွေလည်း
တို့ဆီက ထွက်တာပါပဲ.....။

"ခန့်ညီဖေ"

27, February .2013, Wednesday  12:20 P:M

15 February 2013

Valentine's Day and Burma (Myanmar)

“...သေချာပါတယ်..အဲ့ဒီနေ့မှာ...“

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ပစ္စည်းတစ်ခုနဲ့ လာဘ်ထိုးကြမယ်
ဘ၀တစ်ခုကို အလဲအထပ်လုပ်ကြမယ်
မွတ်သိပ်မှုတွေ အစွမ်းကုန်ပွင့်ထွက်ကြမယ်
ရမ္မက်ခိုးတွေ အလျှံတငြီးငြီး တောက်လောင်နေမယ်
နာကျင်မှုတွေကို ရယ်သံအုပ်အုပ်ဖြင့် ဖုန်းကွယ်ကြမယ်
နှိပ်စက်သူရဲ့လက်ကို အနမ်းမိုး အကြိမ်ကြိမ် ရွာချကြမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ဘီယာဆိုင်တွေမှာ လူစည်နေမယ်
အရက်ဆိုင်တွေ ရောင်းကောင်းမယ်
ရုပ်ရှင်ရုံတွေမှာ ပြည့်သိပ်နေမယ်
ကေတီဗွီတွေမှာ ဘိုကင်ပြည့်နေမယ်
ဟော်တယ်လ်တွေမှာ အခန်းတွေကုန်နေမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ...
အဖူးအငုံတွေ အစွမ်းကုန်ပွင့်ကားပြမယ်
လမ်းမတိုင်းဟာ စည်ကားနေမယ်
ပါတ်ဝန်းကျင်တိုင်ဟာ ဆူညံနေမယ်
ကျုံးဘေးမှာ ပွက်လောရိုက်နေမယ်
ကူညီပါရစေ..တွေ ဆန္ဒပြည့်လိမ့်မယ်
အိုပီတီမှာ အလုပ်တွေရှုပ်နေလိမ့်မယ်
သေချာပါတယ်...မန္တလေးမြို့ကြီးလည်း
အိပ်ရေးပျက်ပါလိမ့်မယ်

သေချာပါတယ် အဲ့ဒီနေ့မှာ. . .
. . . . . .
. . . . . .
အိပ်နှင့်ပါ အန်ကယ်လ်
အဲ့ဒီနေ့မှာ ခင်ဗျားသမီး အိမ်ပြန်နောက်ကြပါလိမ့်မယ်။

(Valentine's Day ကို ကြိုဆိုသာအားဖြင့်)

Jonathan Mms
Feb. 9. 2013

17 November 2012

သို့ ... ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)

"သို့ ... ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)"

နာမည်ကို ငြိမ်းတပ်ပြီး
ငြိမ်ပြီး ကြံနေတဲ့ သူ။
မီးခိုးတွေအူနေတဲ့ မြင်ကွင်း
သူက
ဆူရင် လက်ဖက်ခြောက်ခတ်ဖို့ပဲ သိတယ်။

ကချင်အရေး
တရုတ်ကို ဖင်ပေးခဲ့တဲ့ ဒဏ်ရာ
တောင်လည်းဆုံး တောလည်းပြုန်း
သူတို့ ဘုန်းခဲ့တဲ့ ရွှေတွေ
ခင်ဗျားက သန်းခြောက်ဆယ်ထဲက လူတစ်ယောက်ထက်ပိုတဲ့
ယုတ်မာမှုက
သန်းခြောက်ထောင်ထဲက လူတစ်ယောက်။
သိန်းသန်းသောင်းနဲ့ ဖွဲ့တည်ခဲ့သော
အာဏာရှင်ရွှေအ ခေတ်ကြီး
မင်းအောင်လှိုင်စေဖို့ ရွှေတွေမန်းပေးတာလည်း
ခင်ဗျားပဲ။

အချွန်းတွေရိုက်ချိုး
မျက်မှုန်းကျိုးတော့ ထောင်ချ
ဒါ...ငါ့မူဝါဒဆိုတဲ့ ခင်ဗျား
ကောင်းလိုက်တဲ့ စိတ်နှလုံးသားကြီး
မိသားစုများစွာ ပျက်စီးကျေမွခဲ့ပြီးပြီ
အသွေးလည်း မချန်ဘူး
အသားလည်း မချန်ဘူး
ကိုယ်ကောင်းစားရေးအတွက် ရဲဘော်ရဲဘက်လည်း
ချနင်းရဲတဲ့ ခင်ဗျား
ရတနာစိန်ကျောက် ကျွန်းသစ်ရေနံ
ဘိန်းပါ မကျန်အောင်
ကိုယ်ပိုင်ပစ္စည်းလို ထုတ်ယူသုံးစွဲတော့ ခင်ဗျား
သဘာဝကပေးတဲ့ ကျိန်စာခံရတော့ ပြည်သူ
အမေလိုတန်ဖိုးထားတဲ့ ဧရာဝတီကိုတောင်
ခင်ဗျားမို့ ခေါင်းဖြတ်ရောင်းရဲတယ်
မင်းမှာသစ္စာ လူမှာကတိ
လုံးဝ နတ္တိပဲ။

ဘင်္ဂါလီ မီးဟုန်းဟုန်းတောက်အောင်
ရိုဟင်ဂျာတွေအနောက်က ဖိဝင်လာတာလည်း
မောင်ဖြူဆိုတဲ့ မဲမဲကြီးက မိန်းမရှစ်ယောက်
အိမ်ထောင်စုဇယားက ဆယ်မျက်နှာ
မြန်မာပြည်သားမှတ်ပုံတင်ကိုင်ဖို့
ဘယ်သူကဇီးထုတ်ထုပ်သလို ၀င်ခွင့်လုပ်ပေးလိုက်တာလဲ။
ဥပဒေရဲ့  ပြင်ပမှာ ဥပဒေမရှိ
ဥပဒေရဲ့  အတွင်းမှာလည်း ဥပဒေမရှိ
တရားရုံးတွေမှာ လင်းစွဲတွေရှိနေတယ်
ကြောင်ကြီးက ကြွက်ကလေးကို စောင့်ရှောက်သတဲ့ဗျာ။

ငယ်ကျိုးငယ်နာ မဖော်ရအောင်
၂၀၀၈  ဖွဲစည်းပုံကို စိတ်ကြိုက်ပြုပြင်
သေမှာကြောက်လို့ အရှင်ထွက် ထွက်သွား
ဗျောင်လူလည်ကျတဲ့ ထွက်ရပ်ပေါက်ဆင်ဇာတ်
ဝိဇ္ဇာမှတကယ့် ၀ိဇ္ဇာ။
တစ်တိုင်းပြည်လုံး ပညာမဲ့အောင်ထားတယ်
တစ်တိုင်းပြည်လုံး ချွတ်ခြုံကျအောင်ထားတယ်
တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းနက်အောင်ထားခဲ့တယ်
တစ်တိုင်းပြည်လုံး တစ်စစီပြိုကွဲအောင်ထားခဲ့တယ်
ဒီတိုင်းပြည်ကမိသားစုတွေ အမြဲတမ်းစိုးရိမ်နေကြတယ်
ဒီတိုင်းပြည်ကလူငယ်တွေ ပညာရေး အဆင့်မမီတော့ဘူး
ဒါတွေကို စီစဉ်ပြီးမှ
န.အ.ဖ GAME ကိုတီထွင်ပြီး အမုန်းဆွဲနေတော့တာ။

အစိတ်သားတွေ လွှတ်တော်ထဲထည့်ထားလည်း
မြန်မာရုပ်ရှင်ကားတွေလို ဇာတ်သိမ်းကြိုသိနေတဲ့လူထု
ညံ့တယ်လို့တော့ မထင်နဲ့
ရူးချင်ယောင်ဆောင်ပြီး ငြိမ်နေတာ
လူအခွင့်ရေးစစ်စစ်နဲ့
ဒီမိုကရေစီစစ်စစ်ကို ဥပဒေစစ်စစ်နဲ့မျှော်မိလို့ ။

ပြည်သူချစ်မှ ကဗျည်းတင်တာမဟုတ်
အလိုလိုပေါ်လာတဲ့ မျိုးချစ်စိတ်
လူတိုင်းနှလုံးသားမှာရှိတဲ့ တော်ဝင်နှင်းဆီ
သံမဏိလိပ်ပြာက
ခင်ဗျားတို့အလိုလိုကြောက်နေတဲ့ ခြောက်အိမ်မက်လား။
သူ့ စကားက သေနတ်ပြောင်းတွေကောက်သွားတယ်
သူ့အကြည့်က ပလ္လင်လှုပ်သွားတယ်
သူ့မေတ္တာကိုထောင်ချထားလည်း
တစ်ကမ္ဘာလုံး စီးဖြန်းထားတဲ့ပုံရိပ်
သေရာပါအောင် သိမ်ငယ်မိတဲ့စိတ်က
ခင်ဗျားတို့ကို တုန်လှုပ်စေသလား။

ဥာဏ်နီဥာဏ်နက်တွေနဲ့
အဖြူအမဲရုပ်ရှင်ထဲက ထွက်ခဲ့ပါတော့
ခင်ဗျားဆောင်းခိုင်းတဲ့ မင်းသားခေါင်းတွေ
ခေါင်းပေါင်း ဘယ်ကိုစောင်းနေသလဲ
အကန့်အသတ်ရှိပြီး အထိမခံနိုင်တဲ့ဂြိုဟ်မှာ
ကျွန်တော်တို့ နေထိုင်ကြတယ်ဆိုတာ
ခင်ဗျားသိခဲ့ရင် ။          ။

တိုးနှောင်မိုး
(အရပ်သားကဗျာဆရာ)

တိုးနှောင်မိုး၏ Facebook စာမျက်နှာ ~ https://www.facebook.com/toehnaung.moe

01 November 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်


နိုင်များ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
ရန်ကုန်မြို့  ကြီး အာရှ အလှဆုံးမြို့  ကြီး ဖြစ်နိုင်
ကမ္ဘာကြီး မကြာမီ ငြိမ်းချမ်းရေး ရနိုင်
မည်သူမဆို ကြိုးစား ဘုရား ဖြစ်နိုင်

သုခမိန်လှိုင်
3 Oct 2012

Mandalay ICON Magazine, Vol 4, No 12, Nov, 2012

10 October 2012

သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးများ


"ခေတ်သစ် ကိတ္တမုခ ဘီလူးများ"

စားတယ်... တွေ့လိုက်တာနဲ့ ဇယားချုပ် အစအနမကျန် ရိတ်သိမ်း
ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ရွှေလှည်းကိုးစီး ငွေလှည်းကိုးစီးတိုက်လို့ မကုန် စားတယ်
ကောင်းကင်ပြာပြာ ဘာမှ မရှိတော့
ဂြိုဟ်တာရာ နက္ခတ်စကြ၀ဠာကို စားပစ်တယ်
ပင်လယ်ပြာပြာ ဘာမှ မရှိတော့
မြေပေါ်မြေအောက် ဘာမှမရှိတော့
ဘာမှမရှိ... ဘာမှမကျန် သယံဇာတ တက်တက်ပြောင် အကုန်ဝါးတယ် စားတယ်
မျိုးဆက်တွေ တုန်းအောင် စားပစ်တယ်... အမှန်တရား ဦးနှောက်တွေ ဖောက်စားတယ်
နောက်ဆုံးစားစရာ မရှိရင်
ကိုယ့်ခြေထောက် ကိုယ်စား... ကိုယ့်လက် ကိုယ်စား... ကိုယ့်အသားကိုယ် ပြန်စား
ကိုယ့်ခန္ဓာကိုယ်... ကိုယ်ပြန်စား
စားလို့မရတဲ့ ခေါင်းချည်းသာ ကျန်
သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးတွေ...

ကောက်နွယ်ကနောင်

(idea magazine, October, 2012)

13 January 2012

Poet Yoe D's 2 Poems for Freedom Day of Burma (13, Nov)

ကဗျာဆရာ ရိုးဒီ၏ ကဗျာ ၂ ပုဒ်

၁။ မယ်ဇယ်ရိပ်ထဲ ငှက်ခတ်သံ တိုးဝင်သွားတဲ့ ကဗျာ (ရိုးဒီ)
၂။ ဒေါင်းမင်းသီတာ (ရိုးဒီ)


Freedom Day of Burma (13, November)
အမှတ်တရ ပြည်တွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

From Historic Poems