Showing posts with label NAY PHONE LATT. Show all posts
Showing posts with label NAY PHONE LATT. Show all posts

27 November 2011

Nyo Gyi Blog's 4th Year Birthday

ညိုကြီး Blog လေးနှစ်ပြည့် မွေးနေ့ - 26, November, 2011

www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က
"သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်"
ဆိုတဲ့ ပထမဆုံးသော Blog Post တစ်ခု စတင်ဖန်တီးခဲ့တဲ့ ကျွန်တော် ညိုကြီးရဲ့
Blog: Myanmar Political News, Art And Idea
သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်အရောက်မှာ သက်တမ်း (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Blogger အဖြစ် ရှင်သန်နေထိုင်ဖြစ်ခဲ့တဲ့ ဒီ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာ့နိုင်ငံရေးလောကအကြောင်း မြည်းစမ်းခွင့်ရခဲ့ပြီး အတွေးအမြင်တွေ၊ အသိတွေ များစွာတိုးခဲ့ရတဲ့အပြင် ခင်မင်စရာမိတ်ဆွေများစွာလည်း ရရှိခဲ့ပါတယ်။

သတိထားဆင်ခြင်စရာတွေ၊ ရင်ခုန်စရာတွေ၊ စိတ်ညစ်စရာတွေ၊ ထိတ်လန့်စရာတွေ၊ အံ့သြစရာတွေ၊ အာရုံနောက်စရာတွေ၊ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပြီး ခွန်အားတွေ၊ အကြံဥာဏ်တွေ၊ ကူညီမှုတွေ၊ အားပေးမှုတွေ၊ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ပြည်တွင်းက ရေးသားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး Blogger တစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ မသေးလှဘူးဆိုတာကိုတော့ ဋီကာချဲ့ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျဉ်းကတော့ အားလုံးသိတော်မူတဲ့အတိုင်း အခြေအနေ သိပ်မဟန်သေးပါဘူး။ ကျွန်တော်တို့ရဲ့ Blogger နောင်တော်ရဲဘော်ကြီး နေဘုန်းလတ် အပါအ၀င် မင်းကိုနိုင်၊ အရှင်ဂမ္ဘီရစတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်မြောက်သေးဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇာဂနာ၊ ဇေယျာသော် တို့ကတော့ အကျဉ်းသားဘ၀ကလွတ်မြောက်ပြီး လှုပ်ရှားခွင့်ရနေပြီ။ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွား၊ အချင်းများနေတာတွေ မရပ်သေးဘူး။ ဆင်းရဲအသိမဲ့နေတဲ့ ပြည်သူတွေကလည်း ဆင်းရဲအသိမဲ့နေမြဲပဲ။ လူလည်လူရှုပ်တွေကလည်း လည်လို့ရှုပ်လို့ကောင်းနေဆဲပဲ။

ကနေ့ကာလမှာ တွေဝေစရာတွေပိုများလာပြီး ရန်သူမိတ်ဆွေတွေလည်း ပိုရောထွေးလာခဲ့ပါပြီ။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ခဲ့မှုတွေ (ဥပမာ- ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိတာတွေမှာ စစ်အာဏာရှင်တွေကြောင့် သေဆုံး၊ ပျောက်ဆုံး၊ အဖမ်းခံထိ၊ မိသားစုပျက်၊ ဘ၀ပျက်ခဲ့ရမှုတွေ)အတွက် သမိုင်းကြွေးဟာ မကြေသေးဘူး။ သမိုင်းကြွေးကို ဘယ်လိုအကြေဆပ်မလဲ၊ ဘယ်တော့အကြေဆပ်မလဲဆိုတာ သိပ်စိတ်ဝင်စရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

မိုးကုတ်ဦးမြမောင် ဆွေမျိုးတွေအသတ်ခံရတဲ့ ရန်ကုန်၊ ငါးလောင်းပြိုင်လူသတ်မှုတရားခံ ကိုလည်း ကြံ့ ဖွတ် အစိုးရက ခုထိ မဖော်ထုတ်ပြသေးဘူး။

မတရားမှုတွေ၊ အထာမကျမှုတွေဟာ ဗမာပြည်နေရာတိုင်းမှာ ရှိနေဆဲပါပဲ။

တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ !

ညိုကြီး

www.bigbbrown.blogspot.com
www.facebook.com/nyogyi

www.bigbbrown.multiply.com/journal
www.bigbbrown.wordpress.com
www.nyogyi.wordpress.com

14 November 2008

FREE OUR INTERNET HERO OF BURMA !!!

စစ်အဆိုးရ၏ မတရားသဖြင့်ဖမ်းဆီးခြင်းခံခဲ့ရကာ
ထောင်ဒဏ်နှစ်(၂၀)ကျော် မတရားသဖြင့်ချမှတ်ထားခြင်းခံရသော
အင်တာနက်သူရဲကောင်း ရဲဘော်ကြီး နေဘုန်းလတ် အား ချက်ချင်းလွှတ်ပေးရန် ၀ိုင်းဝန်းအရေးဆိုကြစို့ !!!


23 April 2008

FREE THEM !!!