10 November 2013

ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ် (ခရမ်းပြာထက်လူ၏ ကဗျာ)


"ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ်"

ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးလို့လည်း ပြင်ထားတယ်

ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာညီလာခံကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓားပေါက်ခံရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်

ကျွန်မကိုယ် ကျွန်မ မြေမြှုပ်မိုင်းတွေ မွစာကျဲနေတဲ့
အရပ်မှာပေါက်နေတဲ့ ရွက်ကျပင်ပေါက်တွေလို သဘောထားပြီး
ကျွန်မကိုယ် ကျွန်မ နေ့နဲ့ည မှားအိပ်နေရတဲ့
မီးပြတိုက်တစ်ခုလိုလည်း ကျင့်ထားတယ်။

ရှင်တို့ရှို့လိုက်တဲ့မီး
ကျွန်မမြားရဲ့ နောက်မြီးအဖျားမှာ ဟုန်းဟုန်းတောက်လောင်နေပါစေ
ကျွန်မရဲ့ ဦးတည်ချက်ပစ်မှတ်ဟာ ဘယ်တော့မှမလွဲ
ဂြိုဟ်တုတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့ မီးစတွေလို
အဲ့ဒါဟာ ကျွန်မကို ပိုပြီးခွန်အားဖြစ်စေခဲ့။

ကလေးတွေ စပြီးဖွင့်လိုက်တဲ့ စာမျက်နှာဟာ
ကျွန်မအကြောင်းနဲ့ စ ရမယ်လို့ ရှင်တို့ထင်နေလား
အချစ် သို့မဟုတ် ကမ္ဘာကြီး သို့မဟုတ်
ရှေ့ကချိုင့်ခွက်ထူ လူသွားလမ်းလေးကို ကျောင်းဆင်းရင်ပြင်ကြစို့
ဒါနဲ့ စမယ်။

ကျွန်မကိုယ်တိုင် မာသာထရီဇာလို ပြင်ထားပြီး
ဒိုင်ယာနာမင်းသမီးလိုလည်း ဆင်ထားမယ်။

ကျွန်မတို့အိမ်မှာ ဘာတွေလိုနေလဲ
သူတို့ဘာကြောင့် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြသလဲ
သူတို့ဘာကြောင့် ယဉ်ကျေးကြသလဲ
သူတို့ရဲ့ ဦးခေါင်းတွေဖွင့်ကြည့်ဖို့
သူတို့ရဲ့ ပျော်ရွှင်မှုတွေကို သုတေသနလုပ်ဖို့။

သေနတ်တွေ ဗုံးတွေ အကြမ်းဖက်မှုတွေကြားထဲက တောင်သူတို့
ဘာလို့ အင်္ဂါဂြိုဟ်သွားလက်မှတ်တွေ
အလုအယက်ဝယ်နေကြတာလဲ။

ကျွန်မဟာ မိတ်ဖွဲ့ရမယ်
ကျွန်မတို့အိမ်အတွင်း လိုတိုးပိုလျှော့လုပ်ဖို့
ကျွန်မ လမ်းလျှောက်ထွက်ရမယ်။
စကြ၀ဠာထဲကနေ ကမ္ဘာကို ပြန်ကြည့်သလို
ကမ္ဘာထဲကနေ ကျွန်မတို့မြန်မာပြည်ကို ပြန်ကြည့်ရအောင်ပေါ့။
ကျွန်မ လမ်းလျှောက်ထွက်ရမယ်။

ကျွန်မ ကျောသားရင်သားမခွဲပေမယ့်
အမှန်တရားကိုတော့ ရအောင်ခွဲရမယ်။

ပုလင်းထဲကလာတဲ့ ဥပဒေနဲ့
ပါးစပ်ထဲကအန်ကျလာတဲ့ ပုဒ်မတွေကြားမှာ
ရှင်တို့ ကျွန်မတို့ ဘယ်လောက်ညစ်ပတ်နံစော် အော်ဂလီဆန်ခဲ့ရပြီဆိုတာ
ကျွန်မကိုယ်တိုင် သိခဲ့ရတာပဲ။

ကျွန်မကိုယ် ကျွန်မ
သတင်းဆာနေသူ ရှင်တို့အတွက်
သတင်းအမှန်ရဖို့ သတင်းစာအပြင်ဘက်မှာ ရပ်နေပါတယ်။

ကျွန်မအလုပ်တွေ များပါတယ်
ကျွန်မမှာ ကာလီမမယ်တော်လို လက်တွေအများကြီးမရှိသလို
ဒဿဂီရိလို ခေါင်းတွေလည်း အများကြီးမရှိတော့
ရှင်တို့နဲ့ အများကြီးအကြာကြီး မတွေ့နိုင်ဘူးပေါ့။

ရှင်တို့ သိပါတယ် ကျွန်မတစ်ယောက်တည်း
မျက်နှာချင်းဆိုင်ရမှာလည်း တစ်ယောက်တည်း
ဘေးချင်းယှဉ်လျှောက်ရမှာလည်း တစ်ယောက်တည်း
ကျွန်မက တစ်ယောက်တည်းရှင့်
ကျွန်မကလေးတွေက မုန့်ဖိုးကောင်းကောင်းလိုချင်တယ်
စမတ်ကျကျနေချင်တယ်
ကျောင်းမှာ ခုံကောင်းကောင်းနဲ့ ထိုင်ချင်တယ်
စာတော့ မကြိုးစားချင်ကြဘူး။
ကျွန်မက တစ်ယောက်တည်းရှင့်။

ကြယ်တွေ မရှိတော့လည်း ညက မကြွပြန်ဘူး
ကြယ်တွေ မရှိတော့လည်း ညက မလုံခြုံပြန်ဘူး
ကျွန်မကိုယ် ကျွန်မ လမင်းကြီးလို ပြင်ထားတယ်။

ကျွန်မကိုယ်ကျွန်မ ဒီနှစ်တွေမှာ စစ်မဖြစ်ဖို့ ပြင်ထားတယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ခဲ့ပြီလေ
အခါအခါသေဖူးတဲ့လူတစ်ယောက်
ငရဲကိုတော့ နားလည်ရတော့မှာပေါ့။

ကျွန်မအာဏာလိုချင်တယ်
ရှင်တို့လက်ထဲကို အပ်မလို့။

အဲ့ဒီအာဏာနဲ့ အချိန်မရွေး
ကျွန်မကိုလည်း ဖြုတ်ချရင်ဖြုတ်ချနိုင်အောင်လို့
ဒါကြောင့် ကျွန်မမှော်ဆရာ မဖြစ်ချင်ဘူး
သမ္မတကြီးပဲ ဖြစ်ချင်တယ်
မှော်ဆရာတွေကို မွေးပြီး
မှော်ဆန်တဲ့ နိုင်ငံကြီး တည်ဆောက်လိုက်ချင်လို့ ။         ။

ခရမ်းပြာထက်လူ