06 April 2008

ANOTHER SEPTEMBER POEM

“အရေးအခင်း”
တိုးနှောင်မိုး
ဧရာဝတီမြစ်ဘေးမှာ လဲလျောင်းနေတဲ့ သူရဲကောင်းတွေ
ဧရာဝတီမြစ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ
ဟိုး...တစ်ခါတုန်းဆီက ။

ခုတော့
ဒေါသဟာ မိုးကုတ်စက်ဝိုင်းဖြစ်လို့
မောဟဟာ ရိုးမပတ်လမ်းဖြစ်လို့
သောကဟာ မြို့သစ်ကြီးတွေဖြစ်လို့
ဖြေစရာအဖြေမရှိတဲ့ အဖြစ်က
အငိုက်မိခဲ့တဲ့ လုပ်အားပေး
အဖေက အမေ့ကို လွမ်းလို့ ငိုကြတယ်
အဖေက မိသားစုကို လွမ်းလို့ ငိုကြတယ်
မုဆိုးမရဲ့ အသုဘကို
ဈာပနဖြစ်အောင်လုပ်ဖို့
လက်တို့ပြီးတော့ ငိုရမှာလား ။

စောင့်နေတဲ့ ပြတင်းအဖွင့်
မျှော်လင့်နေတဲ့ ပန်းရနံ့အပွင့်
သွေးကို အလံလို လွှင့်တာ
စက်တင်ဘာ ။

တိုးနှောင်မိုး

05 April 2008

GENERAL AUNG SAN's SPEECH

၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်က ဒီလိုမှာခဲ့တယ်

ပေးပို့သူ - ဘိုဘို
“လက်ကိုင်တုတ် လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်း မှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးရေး တရားတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေး တရားတွေ မပေါ်အောင် တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ လုပ်ကတည်းက စီမံထားရလိမ့်မယ်။”
(ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်းမှ …)

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်
(၁၉၄၇ မတ်လ ၇ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြားအသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်းမှ ကောက်နုတ်ချက်)
ပေးပို့သူ - အောင်ဇေယျ

ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူးရှင်းပြ နေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံးသင့်သည့် အချိန်တွင် တိုင်းပြည် ကို တပတ်ရိုက်ပြီး ခေါင်းမရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန်ခဲ့သည်။ ကျနော့်အတွက် မှာဆိုလျှင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာမျှ ထူးခြားခြင်း မရှိပါ။ လူထုလွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။

လူထုလွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့်အခါမှာ ကျနော်၏အသက်ကို စွန့်ရမှာ ကြောက်ပြီး လူထုကို လမ်းလွဲမပြခဲ့သလို လူထုလွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါမှာ လည်း ပါးစပ်တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှုးထိုးသမားများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ကြောက်လန့် တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။

လက်ရုံးရည်ကိုသော်လည်းကောင်း၊ နှလုံးရည်ကိုသော်လည်းကောင်း လူထုလွတ်လပ်ရေးအတွက် အတိအကျ သုံးရန် သင့်သည့်အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ်ရိုက်မနေဘဲ တော်ဖြောင့်မှန် ကန်စွာ အသုံးပြုသွားမည်ကို စိတ်ချယုံကြည်ကြပါ။

(မိမိကိုယ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်နေကြသူများ ဆင်ခြင်ဖို့နဲ့ မိမိကိုယ်ကို ဆန်းစစ်ကြဖို့ပါ။ တိုင်းပြည် က လိုအပ်ချိန်မှာ ပြည်သူလူထုက မျှော်လင့်တာ ဗိုလ်ချုပ်ကဲ့သို့ ပုဂ္ဂိုလ်တွေကိုပါ။)

{http://drlunswe.blogspot.com မှ ကူးယူဖော်ပြသည်)

03 April 2008

GOOD TOPIC

၂၀၀၇ လူထုဆန္ဒပြပွဲကာလများက အင်တာနက်၏အစွမ်းကို မြန်မာစစ်ဗိုလ်ချုပ်များ လျှော့တွက်ထားခဲ့ပုံရသည်။ ယခုတော့ သူတို့ သဘောပေါက်နားလည်လာကြပေပြီ။

(ဆောင်းပါးအပြည့်အစုံကို အောက်ပါလိပ်စာတွင် ဖတ်ရှုရန်)
http://www.irrawaddy.org/bur/Articles2008/March/12.html

VOTE "NO"

ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ်

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား

မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှု့ဆော်တိုက်တွန်းနေကြပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက် ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေအတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။

အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ၊ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထားသလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေ များနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေးပြဿနာတွေ ကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှုတခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။

အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလိုဆိုထား ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။

ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၄၄၁)မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် မဲပေးသည့်ဆန္ဒမဲ. မဲအများဖြင့် အတည်ပြုပြဌာန်းလိုက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တဝှမ်းလုံး၌ အာဏာတည်သည်။”

ဒီပြဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါ တယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံ့နေတယ် ဆိုတာကို ထုတ်ဖေါ်ပြသ လိုက်တာပါပဲ။

ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။ စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ်(သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်း သားအဖွဲ့တွေ၊ ကိုးကန့်နဲ့ ‘ဝ’ဘိန်းဘုရင်တွေ၊ ကြံဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။

ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်း ကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။

နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူများလေလေ၊ ကန့်ကွက်မဲပေးသူများ လေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှု နေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြု လိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲဝင်နိုင်မှာပါ။

တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း ‘တစ်’က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ်ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံအတည်ပြုလိုက်ကြပါစို့လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။ လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ
(၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့
(၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့
(၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး စုရေးပြဿနာတွေကို ဖြေရှင်နိုင်စွမ်း မရှိလို့ပါ။

ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှုတခုလုံးကိုပါ ကန့်ကွက်တာပါ။ ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ဆွေးနွေးညိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ်လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသားအဖွဲ့အစည်းများကရော နိုင်ငံတကာမိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။

ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။

လေးစားစွာ

အောင်ဒင်
US Campaign For Burma
မတ်လ ၂၈၊ ၂၀၀၈

31 March 2008

A Photo of 29 Fire

(လောင်ပြီး နောက်တစ်နေ့ (30.march.008) မှာ တွေ့ရတဲ့ အခြေအနေ)

ဓာတ်ဆီ ရှိမရှိ ဖေယာင်းတိုင်မီးနဲ့ ကြည့်မိလို့ လောင်တဲ့မီး...ပါတဲ့။

29 March 2008

March 29 Fire Case at Mandalay

(၂၉၊ မတ်၊ ၀၀၈)

မန္တလေး - ၃၆ x ၃၇ လမ်းကြား၊ ၈၁ x ၈၂ လမ်းကြား ဖိနပ်လုပ်ငန်းများတည်ရှိရာအရပ်တွင် ယနေ့ ည ၇း၃၀ ခန့်က မီးလောင်မှု တစ်ခု စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ည (၉း၁၅) ခန့်တွင် မီးငြိမ်းသွားကြောင်း နှင့် တိုက်တာ/အိမ်ခြေ (၉)လုံး မီးထဲ ပါသွားကြောင်း ၀င်ရောက်မီးငြှိမ်းသတ်ခဲ့သည့် မီးသတ်သမားတစ်ဦးထံမှ သတင်းရရှိသည်။

27 March 2008

MOBILE VOTE

ဟမ်းဖုန်းရွေးကောက်ပွဲ
ယမထာ
ကျွန်ုပ်တို့၏ ချစ်လှစွာသော ပညာမဲ့ ခေါင်းဆောင်ကြီးများတွင် ရယ်ဖွယ်ကောင်းသော ဖြစ်ရပ်များစွာ ရှိပေသည်။ ထိုထဲတွင်မှ လတ်တလော ပေါ်ပြူလာဖြစ်နေသော ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် (၁၉၉၀)ခု ရွေးကောက်ပွဲကို ကမ္ဘာသိ ကြေညာကာ စနစ်တကျ ဘက်လိုက်မှုမရှိ မှန်ကန်တည့်မတ်စွာ ရွေးကောက်ပွဲလုပ်ပေးခဲ့ပါသည်။ အခြားအသေးအဖွဲကိစ္စ (တကယ့်အသေးအဖွဲပါ) ဥပမာ- ရွေးကောက်ပွဲနိုင်သော ပါတီအား အာဏာမလွှဲခြင်းနှင့် အသိအမှတ်မပြုခြင်းမှတစ်ပါး ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းနှင့်အမှီ ညစ်ပတ်သော ငြင်နှင့် အတူပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ရွေးကောက်ပွဲဆိုသော စကားရပ်ကိုပင် မှန်ကန်တိကျစွာ သရုပ်ဖော်၍ပင် ပြခဲ့ပါသေးသည်။ ဆိုလိုသည်မှာ ပြည်သူများရွေးပြီးကောက်ထားသော အမည်စာရင်းပါ အမတ်လောင်းများကို မေ့ပျောက်မည်စိုးသဖြင့် တစ်ယောက်ပြီးတစ်ယောက် ရွေးကာ ကောက်၍ သီးသန့်တိုက်ခန်းများတွင် ထည့်သွင်းသိုလှောင်ထားခဲ့ပါသည်။ မှတ်သားနည်းယူဖွယ် ရွေးကောက်ပွဲပါတည်း။

ယခုတဖန် ရွေးကောက်ပွဲလာပြန်ချေပါပြီ။ ယခုရွေးကောက်ပွဲသည်ကား ထို (၉၀)ပြည့် ရွေးကောက်ပွဲနှင့် လားလားမျှ မတူပါ။ တကယ့်ဆန့်ကျင်ဘက်အစစ်ပါပင်။ ရှုလော့ အဆွေ...

ချစ်လှစွာသော ခေါင်းဆောင်ကြီးများ အရေးအခင်းပေါင်းစုံ ငွေကြေးအကုန်အကျခံ အသက်ပေါင်းများစွာ သတ်ဖြတ်ညှင်းပမ်း၊ ချွေးတဒီးဒီးကျအောင် ရိုက်နှက်ကြိုးစားပြီး လူမိုက်ရှာ ရွေးကောက်ထားသော တကယ့်လူမိုက်ထိပ်သီးတို့ကို ထောက်ခံရန်အတွက် ထောက်ခံကြမည့် လူလေလူလွင့် ရပ်ကွက်ထဲတွင် အလုပ်အကိုင်မရှိ၊ နေစရာမရှိ၊ ဟိုယောင်ယောင် ဒီယောင်ယောင် ပညာမဲ့များကို ဟမ်းဖုန်းခါးချိတ်ဆွဲပေးလျက် လူထုမဲကို အဓမ္မ သိမ်းသွင်းဖို့ကြိုးစား၍ နေပေပြီ။ (ပြည်သူလိုလားသော ခေါင်းဆောင်များကိုတော့ အလုံတိုက်များတွင် လေဒဏ်၊ မိုးဒဏ်ကာကွယ်ရန် ထည့်ထားပါသည်)

ကျွန်ုပ်သည် ထိုသို့မဲဆွယ်စည်းရုံးနေပုံ မြင်ရသည့်အခါ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေပုံနှင့် နှိုင်းယှဉ်လေ့လာမိပါသည်။ အမေရိကန် တိုင်းပြည်ကြီးသည်ကား ကမ္ဘာပေါ်၌ ရှေ့တန်းအရောက်ဆုံး၊ နည်းပညာ အထွန်းကားဆုံးဟု လူတွေ ရေးကြ၊ ပြောကြ၊ ကောင်းချီးပေးကြသည်မှာ ရယ်ဖွယ်ကောင်းလေစွ။ ကျွန်ုပ်တို့ချစ်လှစွာသော နိုင်ငံ့ခေါင်းရှောင်ကြီးများကဲ့သို့ ကိုယ့်ထောက်ခံမည့် ပညာမဲ့များကို ဟမ်းဖုန်းပေး၊ ကိုယ့်ဆန့်ကျင်မည့် ပညာတတ်များကို ဒုတ်(တုတ်)စာကျွေး၍ စည်းရုံးရပါမူ မည်မျှ လွယ်ကူပါချိမ့်မည်နည်း။

သြော်...အမေရိက တိုင်းနိုင်ငံကြီးသည်ကား ကျော်သာကျော် လျှော်လှပချေတကား။ ကျွန်ုပ်တို့ ခေါင်းရှောင်များကဲ့သို့ ဟမ်းဖုန်းကို ပန်းကုံးသဖွယ် စွပ်နိုင်ဘိမူကား မည်မျှလွယ်ကူပေချိမ့်မည်နည်း။ ဤကား ဟမ်းဖုန်းရွေးကောက်ပွဲအလိုတည်း။

ယမထာ

21 March 2008

Special Poem for us !!!

မောင်စွမ်းရည်၏ “အင်တာနက်ပေါ်က နိုင်ငံရေးသမားများသို့” ကဗျာ

(အောက်ပါ အင်တာနက်လိပ်စာမှာ ဖတ်ရှုပါရန်)
http://moemaka.com/index.php?option=com_content&task=view&id=1294&Itemid=1

18 March 2008

Let's start to Fight SPDC !!!

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် “လူထုလှုပ်ရှားမှု ကော်မတီ” ဖွဲ့စည်းလိုက်ပြီ

SPDC Style

လူထုစိန်ဝင်း စာရေးခွင့်ဆိုင်းငံ့ခံရ
The New Era Journal (ခေတ်ပြိုင်ဂျာနယ်)/ ၁၇ မတ် ၂၀၀၈


15 March 2008

RIGHT WAY

“မင်းအပေါ်မှာ မူတည်တယ်”
ဖိုးလမင်း


သူငယ်ချင်းတို့ရေ...

ငါ အိပ်မက်တစ်ခု မက်ဖူးတယ်
သိပ်ကြောက်စရာ ကောင်းတယ်
သိပ်မွန်းကြပ်တယ်
မင်းလည်း ငမွဲ
ငါလည်း ငတေ
ဘာမှ မတတ်တဲ့
အတ္တသမား
အစိမ်းဝမ်းဆက်တွေ
၁၀၉/၁၁၀
အဖြူအစိမ်းတွေ
ဗမာစကားတောင် မတတ်တဲ့
လူမျိုးခြားတွေကို
လက်အုပ်ချီ နေရတယ်
ဘုရားထူးနေရတယ်
အားပါးပါး...ဆိုးလိုက်တဲ့ ဘဝ
ပြီးတော့ ရှိသေးတယ်
ကကြိုးတန်ဆာ အစုံအလင်နဲ့
နိုင်ငံတော်သမ္မတကြီးကို
စစ်ဦးစီးချုပ်က
ဇက်ကြိုးဆွဲလိုက်
ကြိမ်နဲ့တို့လိုက်နဲ့
မြို့ထဲမှာ လမ်းသလားနေတယ်
သာကောတို့ တစ်သိုက်က
လက်ခုပ်တီးပြီး အားပေးနေကြတယ်
ချွေးတွေ ရွဲနစ်ပြီး
ငါ လန့်နိုးလာတယ်
ထိုခေတ်ကား
စစ်တပ်၏ စည်းကမ်းပြည့်ဝသော
အဆိပ်သုတ် ဒီမိုကရေစီ ခေတ်တည်း...

သူငယ်ချင်းရေ...

ငါ အိပ်မက်တစ်ခု မက်ဖူးတယ်
အသက်ရှုရတာ သိပ်လွတ်လပ်တယ်
သိပ်လည်း သာယာတာပဲ...
ပြည်သူတွေလည်း တပြုံးပြုံးနဲ့
ရိုးသားကြတယ်
ကြိုးစားကြတယ်
မျှော်လင့်ချက်တွေ ရှိလာတယ်
စိတ်ထားမှန်ကန်သူတိုင်း
ထိုက်တန်တဲ့ နေရာ ရတယ်
တိုင်းရင်းသား ညီအစ်ကိုတွေ အားလုံး
“ယောက်ဖရေ” အပြန်အလှန်ခေါ်ပြီး
ပီတိဖြစ်နေကြတယ်
တောခိုတာ မရှိ
လက်နက်ကိုင် အဖွဲ့အစည်း နတ္ထိ
သတင်းစာထဲမှာ အောက်ကလို သတင်းမျိုးတွေ
တွေ့လာရတယ်
“ရပ်ကွက် ဥက္ကဌ ဦးဖွတ်ကျားအား
လက်ဖက်ရည်ဖိုး နှစ်ကျပ်ခွဲ တောင်းခံသဖြင့်
ရာထူးမှ ဖြုတ်ချလိုက်သည်” တဲ့
ကဲ...ကြည့်စမ်းပါ
အဲဒါ အမေ ပြောပြောနေတဲ့
ပြည်သူတို့၏
အနေမှန်သူတို့၏
ဘုစုခရုမှ အစ
ဘိုးဘိုး၊ ဘွားဘွားတို့၏
ရွှေအိုရောင်
ဒီမိုကရေစီခေတ် မဟုတ်ဘူးလား
ငါ့မှာ မနက်ခင်းလင်းလို့
အဲဒီ အိပ်မက်က နိုးထလာရမှာကိုတောင်
စိုးရိမ်နေမိသေးတယ်...

သူငယ်ချင်းရေ...

အိပ်မက်ကလေးတစ်ခုတောင်မှ
နိုးလာတဲ့ အထိ လွှမ်းမိုးမှု ရှိတတ်သေးတာ
တကယ်သာ ဖြစ်ရင်...! ?
မင်းလည်း ရိုးသားတဲ့သူတစ်ယောက်
မင်းလည်း ပြတ်သားတဲ့သူတစ်ယောက်
အဲဒီတော့...
သိက္ခာတရားကို ကုတင်အောက်ထိုး
ယုံကြည်မှုကို အမှိုက်ခြင်းထဲစွန့်ပစ်
အိပ်ကပ်ထဲမှာ မောဟတွေ အပြည့်နဲ့
အင်္ကျီဖြူ၊ လုံချည်စိမ်းကို
ဗီရိုထဲမှာ အသည်းအသန်ရှာနေမယ်လို့တော့
မင်းကိုငါ မထင်လိုက်ပါရစေနဲ့ကွာ

သူငယ်ချင်းရေ...

မင်းလာခဲ့ပါလား
ငါတို့အတူတူ
ဒီမိုကရေစီ နှစ်ရှည်ပင်ကြီးတွေ
စိုက်ကြရအောင်လေ
“အခု ချက်ချင်းစားလို့ ရမှာလား” လို့တော့
မမေးပါနဲ့ကွာ...

သတိရခြင်းများစွာဖြင့်-
ဖိုးလမင်း

စာကြွင်း။ ။သူငယ်ချင်း
မင်းရဲ့ ကိုယ်တိုင်းလေး ပို့လိုက်ပါဦး
ပင်နီတိုက်ပုံလေး တစ်ထည်လောက်
မင်းအတွက် ငါတို့ စီစဉ်ထားချင်လို့ပါ...

14 March 2008

Luu Du SEIN WIN'S SPEECH

“ဒီမိုကရေစီအရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း၏ ပန်ကြားချက် အပြည့်အစုံ”

LISTEN or DOWNLOAD

ကမ္ဘာ့နေရာအနှံအပြားမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ ကျနော် လူထုစိန်ဝင်း က နှုတ်ခွန်းဆက် အလေးပြုလိုက်ပါတယ်။

ရဲဘော်တို့...
လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး၊ ဟစ်တလာလည်း သူ့ထက် ကြီးမားတဲ့ အင်အားနဲ့ ချေမှုန်းတိုက်ထုတ်ပစ်လိုက်ရတာပဲ၊ Force out လုပ်ခဲ့ရတာပဲဖြစ်တယ်။ ဖိလစ်ပိုင်က မား(စ်)ကိုစ့် လည်း Force out ပဲ၊ အင်ဒိုနီးရှားက ဆူဟာတိုလည်း Force out ပဲ။

နောက်ပြီးတော့ ကုလသမဂ္ဂကကယ်တင်လို့ လွတ်မြောက်သွားတဲ့နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဖူး ပါဘူး။ အဲဒါကြောင့် Dialouge တို့ လုံခြုံရေးကောင်စီတို့ ဆိုတာတွေနဲ့ စိတ်ကူးယဉ်ပြီး အချိန်တွေ ဖြုန်း မနေကြပါနဲ့။ တိုင်းပြည်က နာလှပါပြီ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ။ ဒီအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ်တ၀က်နီးပါး ရှိခဲ့ပါပြီ။ အမြန်ဆုံး ဒါတွေကို အဆုံးသတ်သင့်ပြီ။ ဒီအာဏာရှင်စနစ်ဆိုးကို Force out လုပ်နိုင်တဲ့ Force ကျနော်တို့မှာ လက်ထဲမှာ အသင့်ရှိနေပါတယ်။ အဲဒီ Force က ပြည်သူဆိုတဲ့ အင်အားပဲဖြစ်တယ်။ People power ဆိုတဲ့ Force ထက် ကြီးမားတဲ့ Force ဘယ်မှာရှိမှာလဲ....။

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေရဲ့ ဘာမထီတဲ့ သူရဲကောင်းစိတ်ဓါတ်ကိုပြခဲ့ပြီ။ ပြည်တွင်းမှာ ဖိနှိပ်မှုတွေသိပ်ကြီးမားလို့ လူတွေကြောက်နေကြပြီ၊ မထရဲတော့ဘူး၊ မကြွရဲတော့ဘူး... Dialouge နဲ့ အပေးအယူလုပ်ပြီး ပေးသမျှကိုယူကြစို့...လို့ ကြွေးကြော်နေကြတဲ့ အာဏာရှင်ကို မျက်နာချိုသွေးပြီး ရာထူးရာခံလေး တောင်းခံချင်တဲ့လူတွေရဲ့ အသံလည်း လုံးဝ တိတ်ဆိတ် နှုတ်ပိတ်သွားခဲ့ပြီ။

ရဲဘော်တို့...
ဒီအချိန်ဟာ တော်လှန်းရေးတရပ်လုံး အလှည့်အပြောင်းဖြစ်နိုင်တဲ့ အချိန်ကာလ ဖြစ်တယ်၊ ဒီလိုဖြစ်ဖို့ ရွှေဝါရောင်တော်လှန်ရေးက ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြီးမားတဲ့ အရှိန်အဟုန်ဟာ ကမ္ဘာတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဒီအခွင့်အရေးကို မိမိရရ အသုံးချရမယ်။ မြန်မာပြည်သူတွေ ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ယုံကြည်ကြ။ People power ကို ယုံကြည်ကြ။ အာဏာရှင်စနစ်ကို People power နဲ့ ချေမှုန်းပစ်ကြ။ ။

(၀၈၊ ၀၃၊ ၂၀၀၈)
လူထုစိန်ဝင်း

(ဧရာဝတီမှ အသံကို ကူးယူဖော်ပြသည်)

(စာသားကို မေငြိမ်း Blog မှ လည်းကောင်း၊
(Download link ကို ကိုထိုက် Blog မှ လည်းကောင်း
ထပ်ဆင့် ကူးယူ ဖော်ပြပါသည်
-ညိုကြီး)

13 March 2008

THE SPEECH OF A HERO

ဒီမိုကရေစီရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပန်ကြားချက်ထုတ်ပြန်

လူထုစိန်ဝင်း (ဓာတ်ပုံ - Connie Levett)

ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက အာဏာရှင်စနစ်ကို တွန်းလှန်နိုင် သည့်အားမှာ ပြည်သူ့အင်အား ဖြစ်သည်ဟု ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများအား ပြောဆိုလိုက်သည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “လက်ထဲမှာဆုပ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျှောက်စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့ သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး။ … ကုလသမဂ္ဂကကယ်တင် လို့ လွတ်မြောက်သွားတဲ့ နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှမရှိခဲ့ဖူးပါဘူး” ဟုပြောသည်။
သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ပန်ကြားချက် အစအဆုံးကို (အသံကို) ဤနေရာတွင် နားဆင်နိုင်ပါသည်။

MEDIA WEAPON for FREE BURMA

အင်တာနက် အတိုက်အခံများ စွန့်လွှတ် စွန့်မှုကို နိုင်ငံတကာ အသိအမှတ်ပြု


Thursday, 13 March 2008 13:14 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက အင်တာနက်ကို တင်းကျပ်စွာ ဆင်ဆာ လုပ်ထားသော်လည်း ရန်ကုန်နှင့် နေရာအနှံ့ရှိ အတိုက်အခံများက အင်တာနက်မှ တဆင့် သတင်းများကို ပြင်ပကမ္ဘာသို့ စွန့်စားစွာ ဆက်လက် တင်ပို့နေကြသည်။

စစ်အစိုးရက အင်တာနက်ပေါ်တွင် လှုပ်ရှားသမျှကို တချိန်လုံး စောင့်ကြည့်နေသည့်အတွက် ဘလော့တခု တည်ဆောက် ရေးသားရသည်မှာ သူတို့ ဘလော့ဂါများနှင့် စစ်အစိုးရတို့ကြား ကြောင်နှင့် ကြွက် ကစားနေရသကဲ့သို့ပင် ရှိသည်ဟု မြန်မာအရေး တက်ကြွလှုပ်ရှားသူတဦးက ပြောဆိုလိုက်သည်။

“အင်တာနက်ပေါ်မှာ ရှိနေတဲ့ တချိန်လုံး လုံခြုံစိတ်ချနေရတဲ့ အချိန်ရယ်လို့ မရှိဘူး။ ကျနော်တို့ လုပ်နေရတာ တကယ့်ကို စွန့်စွန့်စားစား လုပ်နေရတာ” ဟု မဇ္ဈိမကို ပြည်တွင်းမှ ဘလော့ဂါတဦးက ပြောသည်။

မြန်မာ ဆိုက်ဘာ အတိုက်အခံများသည် အင်တာနက်မြန်နှုံးများ အလွန်နှေးကွေးနေရသည့် အထဲတွင် ပရောက်စီ ဆာဗာများ အသုံးပြုကာ အစိုးရ၏ အင်တာနက် အတားအဆီး အကာအရံများကို ကျော်လွှား၍ သတင်းများ ပေးပို့နေရသည်။ ဤအတားအဆီး အကာအရံများဖြင့် စစ်အစိုးရက မြန်မာအတိုက်အခံ ဝဘ်ဆိုဒ်များ၊ နိုင်ငံရေးနှင့် နိုင်ငံတကာ ဝဘ်ဆိုဒ်များသို့ ဝင်ရောက် မကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ထားသည်။

“အင်တာနက် အမြန်နှုံးတွေက သိပ်နှေးတော့ အိမ်မှာ လုပ်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါနဲ့ ကျနော်တို့မှာ အင်တာနက်ကဖေး သုံးရတယ်၊ အဲဒါက မလုံခြုံဘူး။ ဘယ်နေ့ ခေါ် အမေးခံရမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး” ဟု လုံခြုံရေး အခြေအနေကြောင့် အမည်မဖေါ်လိုသူ အဆိုပါ ဘလော့ဂါက ပြောသည်။

“နိုင်ငံခြားက တယောက်ယောက်နဲ့ ဂျီတော့ပေါ်မှာ ပြောနေတုန်း ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူတွေက ကျနော်တို့ကို စောင့်ကြည့် အကဲခတ်နေတယ်ဆိုတာမှ ကျနော်တို့ မသိနိုင်ဘဲ” ဟု အဆိုပါ အတိုက်အခံကပင် ဆက်ပြောသည်။

မြန်မာပြည်၏ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် ရဲများက နာမည်ကြီး ဘလော့ဂါတဦးကို ပြီးခဲ့သော ဇန်နဝါရီလကုန်ပိုင်းက ဖမ်းဆီးလိုက်သည်။ ထိုသူမှာ နေဘုန်းလတ် ဆိုသူဖြစ်ပြီး သူ့ဘလော့တွင် လူငယ်တို့၏ ခံစားချက်များ၊ မျှော်မှန်းချက်များကို ရေးသားဖော်ပြခဲ့သူ ဖြစ်သည်။

သူ့ကို ဗီဒီယိုနှင့် အီလက်ထရောနစ် ဥပဒေအရ စွဲချက်တင်ထားသော်လည်း အမှန်စင်စစ် အင်တာနက်မှတဆင့် ပြင်ပသို့ သတင်းများ ပေးပို့ရာတွင် ကူညီလုပ်ဆောင်ခဲ့သောကြောင့် ပစ်မှတ်ထား အရေးယူခဲ့ခြင်းမှာ သိသာသည်။ ကိုနေဘုန်းလတ်သည် အင်တာနက်ကဖေး ၃ ဆိုင် ရန်ကုန်မြို့တွင် လည်ပတ် လုပ်ကိုင်နေသူ ဖြစ်သည်။

ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံမှ ဆိုက်ဘာအတိုက်အခံများအပေါ် သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် ပဲရစ် အခြေစိုက် မီဒီယာ စောင့်ကြည့်ရေး အဖွဲ့ကြီးတခုက အင်တာနက်ဆင်ဆာ ပြုလုပ်ခြင်းနှင့် အွန်လိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် အရေးဆို တိုက်ပွဲဝင်သည့် အနေနှင့် အွန်လိုင်း လွတ်လပ်စွာ ပြောဆိုခွင့်နေ့ကို ဗုဒ္ဓဟူးနေ့တွင် ပထမဦးဆုံးအနေနှင့် အထိမ်းအမှတ်ပြု ကျင်းပသွားမည်ဟု သိရသည်။

ယူနက်စ်စကို အဖွဲ့ကြီး၏ ကမကထ ပြုမှုဖြင့် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) က သူတို့၏ ဝက်(ဘ်)ဆိုဒ်သို့ ဝင်ရောက်၍ ဆိုက်ဘာကန့်သတ် ပိတ်ပင်ခြင်းများကို ဆန့်ကျင်သည့်အနေနှင့် ဖော်ပြထားသော နိုင်ငံ ၉ နိုင်ငံအနက် ကြိုက်ရာတနိုင်ငံကို ရွေးချယ်ကာ သတင်းစကား ခေါင်းစီးစာသားတို့ကို ရွေးချယ်ပေးရန် အားလုံးကို တိုက်တွန်း နှိုးဆော်ထားသည်။

အဆိုပါ ၉ နိုင်ငံမှာ မြန်မာ၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီရီထရီးယား၊ မြောက်ကိုရီးယား၊ တူနီးရှား၊ တာ့ခ်မေနစ် စတန်နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်သည်။

“ဘလော့ဂါတွေကို နှိမ်နင်းဖို့၊ အင်တာနက် ဝဘ်ဆိုဒ်တွေကို ပိတ်ပစ်ဖို့ တနေ့တခြား တိုးပွားလာနေတဲ့ အလားအလာတွေကြောင့် ဒီလိုမျိုး တုံ့ပြန် ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု RSF အဖွဲ့ကြီးက ဖော်ပြထားသည်။

RSF ၏ အဆိုအရ ၎င်းတို့၏ ပြုမူဆောင်ရွက်ချက်များကြောင့် ကမ္ဘာတဝှမ်းလုံးတွင် လတ်တလော ဖမ်းဆီး အကျဉ်းချခံနေရသူ ဘလော့ဂါပေါင်း ၆ဝ ကျော်ရှိသည်ဟု ဆိုသည်။ ထို့ပြင် အစိုးရ၏ ပိတ်ပင်တားဆီးမှုကို ခံခဲ့ရသည့် ဝဘ်ဆိုဒ်၊ ဘလော့နှင့် ဖိုရမ်ပေါင်းက ၂ဝဝ၇ ခုနှစ်တွင် ၂၆ဝဝ ရှိသည်ဟု အဆိုပါ ပဲရစ်အခြေစိုက် အဖွဲ့ကြီးက ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အထွတ်အထိပ် ရောက်နေချိန်တွင် မñကံစဖူး ထူးခြားစွာ စစ်အစိုးရက အင်တာနက်အဆက်အသွယ် အားလုံးကို တနိုင်ငံလုံးတွင် လုံးဝ ဖြတ်တောက်ပစ်လိုက်သည်။

ဤသို့ အင်တာနက် အသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းသည် စစ်အစိုးရက ရည်ရွယ်ချက် ၂ ခု နှင့် လုပ်ဆောင်နေသည်ဟု RSF အဖွဲ့ကြီးက ယုံကြည်ယူဆနေသည်။ တခုမှာ ဆက်သွယ်ရေး လုပ်ငန်းကြီးတခုလုံးကို အစိုးရက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်ရန်နှင့် နောက်တခုမှာ အတိုက်အခံ တက်ကြွ လှုပ်ရှားသူများကို ခြေရာခံ ဖမ်းဆီးနိုင်ရန် ဖြစ်သည်။

“အင်တာနက် ကဖေးဆိုင်များတွင် အနီးကပ်စောင့်ကြည့်နေသည်။ ၅ မိနစ်တခါ မော်နီတာမှာ ပေါ်နေသမျှကို ကွန်ပြူတာများက အလိုလျောက် မှတ်တမ်းတင် သိမ်းဆည်းနေသည်” ဟု RSFက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် စစ်အစိုးရ၏ တက်ကြွလှုပ်ရှားသူများအပေါ် စောင့်ကြည့် အကဲခတ် လေ့လာနေမှုများကို ဖော်ပြထားသည်။

အဆိုပါ လွတ်လပ်စွာ အွန်လိုင်းပြောဆိုခွင့်နေ့ ကျင်းပခြင်းနှင့်အတူ RSF က စာအုပ်ငယ်လေးတအုပ်ကိုပါ ဖြန့်ဝေသွားမည် ဖြစ်သည်။ အဆိုပါစာအုပ်ငယ်တွင် ဆင်ဆာကိုကျော်လွှား၍ အမည်မသိ ဘလော့တခု တည်ဆောက်ရန် ကျွမ်းကျင်မှု အကူအညီနှင့် အကြံဉာဏ်များထည့်သွင်းပေးထားသည်။ ထို့ပြင် အဆိုပါ စာအုပ်ငယ်တွင် မြန်မာနိုင်ငံ ဘလော့ဂါများ၏ ကိုယ်တွေ့အတွေ့အကြုံများကိုလည်း ရေးသား ဖော်ပြထားသည်။

ယခုလို ပြောဆိုခွင့်ကို ရန်လို ပိတ်ပင်နေသည့် အစိုးရပေါင်း ၁၅ ဖွဲ့ ရှိသည်ဟု RSF ၏ စာရင်းတွင် ဖော်ပြပါရှိသည်။ အဆိုပါ အစိုးရအဖွဲ့များရှိသည့် နိုင်ငံများမှာ ဘီလာရုစ်၊ မြန်မာ၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆီးရီးယား၊ တူနီးရှား၊ တာ့ခ်မေနစ်စတန်၊ ဥစဘက်ကစ်စတန်၊ ဇင်ဘာဘွေနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည်။

ကမ္ဘာ့အချို့နေရာများတွင် ဖြစ်ပွားလျက် ရှိသော အင်တာနက် လွတ်လပ်ခွင့် ချို့တဲ့ခြင်းများကို မီးမောင်းထိုးပြရန်အတွက် RSF ၏ အွန်လိုင်းကင်ပိန်းတွင် လွန်ခဲ့သောနှစ်က လူပေါင်း ၄ သောင်းနီးပါး ပါဝင် ဆင်နွှဲခဲ့ကြသည်။ ကင်ပိန်း၏ ရလဒ်အဖြစ် အင်တာနက် ကန့်သတ်ထားသော နိုင်ငံများကို အနက်ရောင်နှင့် သင်္ကေတပြု ဖော်ပြထားသည့် ဒစ်ဂျစ်တယ်မြေပုံတခုကို ရရှိခဲ့သည်။ ထိုမြေပုံတွင် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှနိုင်ငံများအထိ ပါဝင်သည်။

09 March 2008

NO VOTE or VOTE "NO" !!!

“ပြည်သူ့ဆန္ဒခံယူပွဲလော

အတင်းအဓမ္မ ထောက်ခံပွဲလော”

ပင့်ကူ

(ဗမာပြည်ကြီး စစ်ကျွန်ဘ၀က လွတ်မြောက်သွားရင် တွေ့မြင်၊ သုံးစွဲကြရမယ့် ကျပ်ငွေတစ်မျိုး၏ ပုံစံငယ်)


မြန်မာနိုင်ငံထုတ်သတင်းစာကြီးတွေမှာ ၁/၂၀၀၈ ကြေငြာချက်ဆိုပြီးထုတ်ပြန်လာတဲ့သတင်းကတော့ အများသိတော်မူကြတဲ့အတိုင်း ကယ်တင်ရှင်စစ်အစိုးရရဲ့ အနှစ်နှစ်အလလ ကြိုးစားပမ်းစားရေးဆွဲထားတဲ့ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီးပြီဖြစ် ရေးဆွဲပြီးစီးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအား ၂၀၀၈ မေလ မှာပဲ ပြည်သူ့သဘောထား ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုမှာဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်မှာလည်း ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည့်အကြောင်းစသည်စသည်.များပါပဲ။ ဒီလိုဆိုတော့လည်းနှစ်ပေါင်း(၂၀)ကျော် ပြည်သူတွေတမ်းတခဲ့တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတစ်ခုအုပ်ချုပ်တော့မှာမို့ ပျော်စရာမကောင်းပေဘူးလား။ တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်ဆိုတဲ့အတိုင်း ဘယ်လိုအပျော်မျိုးဖြစ်မလဲဆိုတာ

ပထမဦးဆုံးအနေနဲ့ ၂၀၀၈ မေလ မှာပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ထောက်ခံအတည်ပြုပွဲအကြောင်း အအုပ်ချုပ်ခံပြည်သူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်ကြစို့လား…………….။

(၁) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း

ဘယ်သူတွေက ရေးဆွဲခိုင်းပြီး ဘယ်သူတွေကရေးဆွဲတာလဲ။ အကြောက်တရားနဲ့ရေးဆွဲတာလား။ လွတ်လွတ်လပ်လပ်ရေးဆွဲတာလား။ ဘယ်လိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းလဲ။ လူသားတိုင်းတန်းတူအခွင့်အရေးရှိသည်ဆိုတဲ့ အခြေခံဥပဒေမူကြမ်းမျိုးလား။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ အလွန်ပဲအရေးကြီးလှပါတယ်။ နှစ်ပေါင်းကြာရှည်စွာ အားလုံးကလိုက်နာကြရမယ့် တိုင်းပြည်တပြည်ရဲ့ စည်းကမ်းလည်းဖြစ်ပါတယ်။ အဲဒီတော့……ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအနှစ်ချုပ်ကို ပြည်သူပြည်သား ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုများ သဘောပေါက်နားလည်အောင် အစိုးရထုတ် သတင်းစာတော်ကြီးတွေကနေတစ်ဆင့် အခန်းဆက်တင်ပြပေးရင်မကောင်းပေဘူးလား။ သူများနိုင်ငံတွေကို ရန်လိုပုတ်ခတ်နေတဲ့စာတွေထက်စာရင် အများပြည်သူက လိုလိုချင်ချင် ဖတ်ရှုချင်ကြမှာ အမှန်ပါပဲ။ ပုဂ္ဂလိကဂျာနယ်တွေမှာလည်း မထည့်မနေရ ၀ါဒဖြန့်ဆောင်းပါးတွေအစား အခြေခံဥပဒေမူကြမ်းကိုပြည်သူအများနားလည်အောင် ရေးခိုင်းထည့်ခိုင်းတာ မကောင်းပေဘူးလား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အော်နေရုံနဲ့ မရနိုင်ပါဘူး။ ဘာပဲလုပ်လုပ်ပြည်သူကို အသိပေးတဲ့နည်းနဲ့ပဲရနိုင်ပါတယ်။ စေတနာမှန်ရင်တော့ ရောင်ပြန်ဟပ်မှာအမှန်ပါပဲ။

(၂)အခြေခံဥပဒေမူကြမ်းဆန္ဒခံယူထောက်ခံအတည်ပြုပွဲ

ဘယ်လိုထောက်ခံကြမှာလဲ၊ ဘယ်သူတွေကထောက်ခံကြမှာလဲ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို တစ်ကြောင်းမှမဖတ်ဖူးတဲ့သူတွေက ထောက်ခံမှာလား။ အားလုံးကိုဖတ်ဖူးထားတဲ့လူတွေကထောက်ခံမှာလား။ ၀ါးတားတားပဲ သိတဲ့လူတွေကထောက်ခံမှာလား။ ရေးဆွဲတဲ့လူတွေက ထောက်ခံမှာလား။ ရေးဆွဲခိုင်းတဲ့အစိုးရက ထောက်ခံမှာလား။ ဘာပဲပြောပြောကိုယ်ထောက်ခံရမယ့်ဟာကို အထီးမှန်း၊ အမမှန်းတော့ မသိသင့်ပေဘူးလား။ ဒီအချိန်မှာ စာပေလွတ်လပ်ခွင့်တို့၊ လူအခွင့်အရေးတို့ဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်လာပြီဆိုတဲ့အကြောင်း ရိပ်မိသိရှိလောက်ပြီပေါ့။ ဟုတ်ပြီ……နောက်အရေးကြီးတာကဘယ်လိုပုံစံမျိုးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်မှာလဲ။ ထောက်ခံအတည်ပြုမှာလဲ။ မြန်မာပြည်မှာ လုပ်နေကြနည်းတွေအတိုင်းပဲလုပ်ဦးမှာလား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ ဝိညာဉ်။ ကလေးကလားလုပ်လို့ မရဘူးဆိုတာလောက်တော့ သိထားသင့်တယ်။ များသောအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်နေကြတဲ့ ထောက်ခံပွဲတို့၊ ရှုတ်ချပွဲတို့ဆိုတာ အာဏာရအစိုးရရဲ့ သဘောထားတွေသာဖြစ်ပါတယ်။ မသွားမနေရ၊ မလာမနေရ၊ မတက်မနေရဆိုတဲ့ အသုံးအနှုန်းတွေဟာအမိန့်ပေးစေခိုင်းတဲ့ အသုံးအနှုန်းတွေဖြစ်ကြောင်း ကလေးတောင်သိနိုင်ပါတယ်။ ကျွန်တော်တို့ဆီကထောက်ခံပွဲတွေရဲ့ ထုံးစံကတော့ဝန်ထမ်းတို့၊ ကျောင်းသားတို့ဆိုရင် မတက်မနေရဆိုတဲ့နည်းကို အသုံးပြုလေ့ရှိပြီး ကြံ့ဖွတ်တို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့၊ ကြက်ခြေနီတို့၊ မီးသတ်တို့ကတော့ မသွားမနေရဖြစ်ပြီး အရပ်သားအများစုကိုတော့ မလာမနေရနည်းနဲ့ အာဏာသုံးလူစုလေ့ရှိကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ထောက်ခံပွဲတွေတုန်းက အသုံးပြုခဲ့တဲ့နည်းကိုပြောပြရရင် ရပ်ကွက်ရုံးတစ်ရုံးက ရုံးစေတစ်ယောက်လာမယ်။ ဘာမပြောညာမပြော ချီတက်ပွဲရှိတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းမယ်။ ပြည်သူအများစုကတော့ အေးအေးချမ်းချမ်းနေချင်ကြတဲ့သူတွေ။ ပြသနာ မဖြစ်ချင်တဲ့လူတွေ။ သူတို့အကြောင်းကိုလည်း နောကြေနေတဲ့လူတွေဆိုတော့ ရှေးတုန်းကချစ်တီးတွေဆီ လက်မှတ်ထိုးသလို ထိုးလိုက်ကြတာပါပဲ။ နည်းနည်းလူရည်လည်တဲ့၊ မကြောက်တတ်တဲ့လူတစ်ချို့ကသာ ဘာအတွက်လဲ…….. မထိုးရင်မရဘူးလား…….. မလိုက်ရင်မရဘူးလားဆိုပြီး ပြန်လှန်မေးခွန်းတွေ အရဲစွန့်ထုတ်တတ်ကြပါတယ်။ အဲဒီအခါမှာလည်း ရုံးစေတွေက အိမ်ထောင်စုဇယားအရ တစ်အိမ်တစ်ယောက် စာရင်းပေးသွင်းရမှာဖြစ်ပြီး လူမလိုက်လိုလျှင် ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ ဒဏ်ငွေဟာ လစ်ဟာသွားတဲ့နေရာတွေအတွက် လူစားထိုးအငှားချဖို့ဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အဖို့ မနက်စောစောထလမ်းလျှောက်၊ အားကစားကွင်းထဲ(၁)နာရီလောက်ရပ်နေရုံနဲ့ ၂၀၀၀ ကျပ် လောက်ရမယ့်အဖြစ်။ ဆန်ကို တစ်ပြည်ချင်းဝယ်စားနေရတဲ့ ပြည်သူတွေအဖို့တော့ ဒဏ်ငွေဟာ သူတို့မနက်ဖြန်အတွက် ဆန်နဲ့ဆီဖြစ်နေတဲ့အတွက် လူကိုပဲရင်းလိုက်ရတော့တယ်။ မနက်စောစောထ ရပ်ကွက်ရုံးသွား၊ စာရင်းပေး၊ ချီတက်၊ လမ်းတစ်ဝက်ကလှည့်ပြန်၊ ဒီလိုပါပဲ အများလုပ်သလိုလုပ်ကြရတာပေါ့။ ဝန်ထမ်းတွေလည်း အဲဒီအတိုင်းပါပဲ။ ဝန်ထမ်းဆိုတော့ပိုဆိုးတာပေါ့။ သူတို့အလုပ်ကလေး ပြုတ်သွားမှာထက်စာရင် မနက်စောစော လမ်းလျှောက်ရတာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပဲ သဘောပိုက်ရတော့တာပေါ့။ ဒီအဖြစ်အပျက်တွေဟာ ဘာကိုပြနေသလည်းဆိုရင် အာဏာရဲ့အောက်မှာ လူတွေရဲ့ ယုံကြည်ချက်နဲ့ အခွင့်အရေးတွေကို ကြောက်စိတ်က စတေးလိုက်ရခြင်းဆိုတဲ့ အဖြစ်အပျက်ကြီးပါပဲ ။

အခုလဲလာပြန်ပြီ..အခြေခံဥပဒေမူကြမ်း......ပြည်သူ့ဆန္ဒခံယူပွဲတဲ့……ထောက်ခံအတည်ပြုပွဲတဲ့…………ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ အရင်အတိုင်းပဲ ဘာမသိညာမသိထောက်ခံလိုက်ကြမလား။ အရင်အခါတွေတုန်းက အရေးမပါတဲ့ထောက်ခံပွဲတွေ ရှုတ်ချပွဲတွေဆိုတော့ သိပ်အရေးမကြီးလှဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖို့ တော့လိုနေပြီ။ ကိုယ်ထောက်ခံရမယ့်အရာကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ထောက်ခံဖို့၊ ငြင်းဆိုဖို့ အခွင့်အရေးတွေ မွေးဖို့လိုလာပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ အကာအရံကြီးအောက်မှာ ကျွန်တော်တို့တစ်သက်လုံး နေကြရမယ်ဆိုတော့ အဲဒီ အကာအရံကြီးရဲ့ ချွတ်ယွင်းချက်၊ အကျိုးအပဲ့၊ အပေါက်အပြဲတွေကို ပြည်သူပြည်သားအားလုံးကဆန်းစစ်ပြီး လက်ခံကြဖို့ အလွန်ပဲအရေးကြီးလှတဲ့ အချိန်တစ်ချိန်ကို ရောက်လာပါပြီ။ ကောင်းနေရင်လည်း ကျွန်ုပ်တို့အတွက်ပဲ။ ဆိုးနေရင်လဲကျွန်ုပ်တို့အတွက်ပဲ။ ဖာထေးစရာရှိတာတွေကို အခုကတည်းက ဖာထေးရလိမ့်မယ်။ လုပ်သမျှ ခေါင်းငုံ့ခံနေရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအကာအရံကြီးဟာ ကျွန်တော်တို့အပေါ်၊ ခင်ဗျားတို့အပေါ်၊ နောင်လာနောက်သားတွေအပေါ် ပြိုကျဖိစီးလာခဲ့ရင် အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တာဝန်ကြီးသာဖြစ်ပါတယ် ။

နောင်လာနောက်သားတွေအတွက် အခုကတည်းကသတ္တိရှိရှိ၊ ရဲရဲဝင့်ဝင့်နဲ့ ငြင်းပယ်လိုက်ပါ။ လက်ခံပါ။ တွေဝေနေရမယ့်အချိန်၊ ကြောက်ရွံ့နေရမယ့် အချိန်မဟုတ်တော့ဘူး။ တိုင်းပြည်ချစ်စိတ်ရှိသူတိုင်း ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်မူကြမ်းအတွက် လူတစ်ယောက်ရဲ့ အခွင့်အရေးကို အထိပါးမခံကြပါနဲ့။ လွတ်လွတ်လပ်လပ် ဆန်းစစ် ထောက်ခံကြပါ။ လွတ်လွတ်လပ်လပ် ဆန်းစစ်ဝေဖန်ကြပါ။ တိုင်းပြည်ကောင်းစားဖို့ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ ကြောက်နေစရာမလိုပါဘူး။ သာယာမနေကြပါနဲ့။ ဒီမိုကရေစီဆိုတာ ပြည်သူတွေ လက်ထဲမှာပဲရှိတယ်ဆိုတာသိကြပါ။

နောက်တစ်ချက်က ၂၀၁၀ခုနှစ်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမယ် ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ တပ်မတော်ကကြီးမှူးကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ အခု ၂၀၁၀ မှာပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ နှစ်ပေါင်း (၂၀)တောင် ကြာညောင်းခဲ့ပြီပေါ့ဗျာ။ အနှစ် (၂၀) ဆိုတဲ့မျိုးဆက်တစ်ဆက်စာတောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၉၀ ပြည့်နှစ်တုန်းကအနိုင်ရခဲ့တဲ့ပါတီဟာ NLD ပါတီဖြစ်ပြီး ပြည်သူ့ပါတီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်ဆိုတာကို မျိုးဆက်တစ်ဆက်ဟာ မသိနိုင်တော့ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗိုလ်ချုပ်အောင်ဆန်းသမီး၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ စစ်အစိုးရရဲ့ အကျဉ်းသား၊ မြန်မာပြည်ဒီမိုကရေစီရဲ့ မီးရှုးတန်ဆောင်အဖြစ် နောင်လာနောက်သားတွေက သိရှိထားခဲ့ကြပါတယ်။

မျိုးဆက်တစ်ဆက်မသိရှိခဲ့တဲ့အကြောင်းတွေကတော့ ၁၉၉၀ ပြည့်နှစ် ပြည်သူ့ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခွပ်ဒေါင်းအလံဟာအပြတ်အသက်အနိုင်ရခဲ့ခြင်း၊ တပ်မတော်က အာဏာကိုအပ်နှင်းခြင်းမရှိဘဲ လက်နက်အားကိုးသိမ်းပိုက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း၊ အမျိုးသားညီလာခံကျင်းပခြင်း၊ သာပေါင်းညာစားတစ်စုနဲ့ အမျိုးသားညီလာခံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီနုတ်ထွက်အောင် ကြံဆောင်ခြင်း၊ ၁၉၉၀ ပြည့် ပြည်သူရွေးကောက်ပွဲ အာဏာတောင်းခံခြင်း၊ ဗိုလ်ချုပ်စိုးဝင်း ခေါင်းဆောင် ဒီပဲယင်းအရေးအခင်းဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသက်ဖြတ်ခြင်း၊ NLD ပါတီဝင်များအားဖမ်းဆီးခြင်း၊ ကျောင်းသားခေါင်းဆောင်များအားဖမ်းဆီးခြင်း စသည်ဖြင့် ပြည်သူကတင်လျှောက်ခဲ့တဲ့ပါတီနဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်ထိ ထိန်းသိမ်းထားခဲ့တဲ့ ဆိုးညစ်ညစ် အာဏာရူး စစ်အစိုးရရဲ့ သမိုင်းပဲဖြစ်ပါတယ် ။

စစ်အစိုးရဟာ တိုင်းပြည်နှင့်နဲ့လူမျိုးကို တကယ်ချစ်ရင် ၁၉၉၀ ပြည့်နှစ်က အနိုင်ရခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာအပ်သင့်ပါတယ်။ ပြည်သူ့သဘောထားကို လေးစားသင့်ပါတယ်။ ဒီလိုလူမျိုးတွေကပဲ ၂၀၁၀ မှာရွေးကောက်ပွဲလုပ်ပေးဦးမယ်ဆိုတာတော့ စဉ်းစားစရာတွေဖြစ်မနေဘူးလား။ သူတို့ဟာ သူတို့နဲ့ အဆင်မပြေတဲ့ ပါတီတက်လာရင် အာဏာသိမ်းဖို့ အသင့်ပြင်ထားကြသလား။ ဒါမှမဟုတ် သူတို့ရဲ့ ကြိုးဆွဲပါတီကို အာဏာရအောင်လုပ်ပေးကြမှာလား။ တရားမျှတပြီးစစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ကော မျှော်လင့်နိုင်ပါသလား။ ၁၉၉၀ တုန်းက အချိုးမျိုး ပြန်မချိုးဘူးလို့ ပြောနိုင်လား။ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ဆိုရင်တော့ မြန်မာပြည်အတွက် ဒိုင်လူကြီးတစ်ယောက် လောက်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂလိုဟာမျိုးပေါ့။

စစ်အစိုးရရဲ့ စေတနာတကယ်မှန်တယ်ဆိုခဲ့ရင် ပထမဦးဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သတ္တိရှိရှိနဲ့ NLD ပါတီကိုလည်း ၀င်ပြိုင်ခိုင်းပါ။ (၂)နှစ်လောက်တော့ လွတ်လွတ်လပ်လပ် ပြည်သူကိုစည်းရုံးခွင့်ပေးပါ။ အနှစ် (၂၀)စည်းရုံးထားတဲ့လူတွေနဲ့ ယှဉ်ပြိုင်ဖို့ (၂)နှစ်သာစည်းရုံးခွင့်ပေးလိုက်ပါ။ သူမ မရခဲ့တဲ့သရဖူကိုကာကွယ်ဖို့ အခွင့်အရေးပေးလိုက်ပါ။ ပြည်သူတွေကိုခြိမ်းခြောက် အကြပ်မကိုင်ဘဲ သူတို့ရဲ့ ဆန္ဒသဘောထားအတိုင်း သူတို့ရဲ့ ခေါင်းဆောင်ကိုတင်မြှောက်ခွင့်ပေးလိုက်ပါ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါ။ ဒါမှလည်း ၂၀၁၀ မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ပွဲဖြစ်လာနိုင်မယ်။ အနှစ် ၂၀ လုံးလုံးစည်းရုံးထားတဲ့ ကြံ့ခိုင်ရေးဆိုတဲ့ သာပေါင်းညာစားအုပ်စုကို ဝင်ပြိုင်ခိုင်းရင်လည်း ခိုင်းပါ။ တရားမျှတတဲ့ရွေးကောက်ပွဲသာ ဖြစ်ပါစေ။ မြန်မာပြည်ရဲ့ လူဦးရေသန်းပေါင်း (၆၀) ကျော်ဟာ အဆင်သင့်ပါပဲ နအဖ ရေ။ ဒါပေမဲ့ အဝါကတ်၊ အနီကတ် ပြမယ့် ဒိုင်လူကြီးမပါရင်တော့မဖြစ်နိုင်ပါဘူး။ ၁၉၉၀တုန်းကလို မဖြစ်ဘူးလို့မပြောနိုင်ဘူး။ အားအားရှိအာဏာတက်သိမ်းချင်တဲ့စစ်တပ်ကို ဘယ်ပြည်သူတစ်ယောက်ကမှ ယုံကြည်မှု မရှိတော့ဘူး ဆိုတာတော့ အသေအချာပဲ ။

ဒီတော့……လူကြားကောင်းအောင် ကယ်တင်ရှင်ကြီးလိုလို အာဏာမမက်တဲ့စစ်တပ်လို မျိုဟစ်ပြီး ကိုယ်ကြိုက်တဲ့ပါတီအနိုင်ရအောင်လုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာကြီးကို ဘယ်ပြည်သူကမျှော်လင့်နေမှာလဲ။ အာဏာရှင်စစ်အစိုးရ အုပ်ချုပ်တဲ့တိုင်းပြည်မှာ လွက်လပ်စွာမဲပေးခွင့်ဆိုတာကော ရှိနိုင်ပါ့မလား ။

တပ်မတော်အနေနဲ့ တိုင်းပြည်ကိုတကယ်ချစ်တယ်၊ ပြည်သူ့သဘောထားကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ပါတီကိုပဲ ၂၀၁၀ ခုနှစ်မှာ သိက္ခာရှိရှိ အာဏာ လွှဲပြောင်းပေးသင့်ပါတယ်။ အဲဒီနည်းနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့တဲ့ မျိုးချစ်တပ်မတော်ရဲ့ အဖတ်ကိုပြန်ဆယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ထက်ဥာဏ်ရှိတဲ့သူ ကိုယ့်ထက်နိုင်ငံရေးပါးဝတဲ့လူ၊ ပြည်သူကလည်း တကယ်အလိုရှိနေတဲ့သူကို အာဏာအပ်နှင်းသင့်ပါတယ်။

ထောက်ခံပွဲလို့ ဗန်းပြပြီး စစ်အာဏာရှင်ယန္တရားကြီးအဓွန့်ရှည်အောင် လုပ်လာခဲ့ကြတာ အချိန်တွေလည်း ကုန်ခဲ့ပြီ။ တိုင်းပြည်လည်းနာခဲ့ပြီ။ လက်ရှိ မြန်မာပြည်သူပြည်သား အပေါင်းရဲ့ ပြည်သူ့ သဘောထားစစ်စစ်ကတော့ အနှစ် ၂၀ လုံးလုံး ရဟန်းရှင်လူပြည်သူအပေါင်းအပေါ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ဖက်ဆစ်အစိုးရ-နအဖ ကျဆုံးပြီး ပြည်သူကရွေးချယ်တင်မြှောက်တဲ့ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ရေးသာဖြစ်ပေတယ်။

နှင်းတွေထူထပ်စွာကျနေရင် ပဲပင်လေးအညှောင့်မပေါက်နိုင်ဘူးဆိုတဲ့ ဗားတော့ဗရက်ရဲ့ ကဗျာလို နောင်လာမယ့်မျိုးဆက်တွေအတွက် လွတ်လပ်စွာရှင်သန်ခွင့်ပေးလိုက်ပါ။ တံခါးတွေကိုဖွင့်လိုက်ပါ။ မိုးကောင်းကင်မှာရှိတဲ့ကြယ်တွေကို ပြည်သူတွေကပဲ အမည်ပေးကြပါစေ ။

တိုင်းပြည်ရဲ့ အာဏာကိုပြည်သူကသိမ်းပိုက်ပါစေ ။

ပြည်သူ့ သဘောထားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခွင့်ရတဲ့ နိုင်ငံတော်ကြီးဆီသို့ မျှော်လင့်ရင်း..

ပင့်ကူ

(ပင့်ကူ က ဒီစာမူကို ကျွန်တော့် ပေးထားတာ ကြာပါပြီ။ ကျွန်တော်လည်း မအားတာနဲ့ တင်တာနောက်ကျသွားရတယ်။ -ညိုကြီး)

02 March 2008

Sharing a Postcard of Daw Aung Sun Su Kyi

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ဆီက ရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပို့စ်ကဒ်လေးကို မျှဝေလိုက်ပါတယ်။ ရှိပြီးသား၊ သိပြီးသားဆိုရင်လည်း ပြန်ပြောင်း အမှတ်တရပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးထားခြင်းခံရသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ကြပါစေ...