26 March 2011

The Reality of Myanmar National League(MNL) is To Make People Weak? - Article 3

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော (၃)




ဒီဆောင်းပါးနဲ့ဆိုရင် မြန်မာ့ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော့်ဘလော့ဂ်မှာ ကျွန်တော်ရေးတဲ့ ဆောင်းပါး (၃)ပုဒ်ရှိသွားပါပြီ။
"MNL ဘောလုံးပြိုင်ပွဲများဖြင့် ပြည်သူတွေကိုသွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော" ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပါ။
ဆောင်းပါး(၁)- http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
ဆောင်းပါး(၂)- http://bigbbrown.blogspot.com/2011/01/reality-of-myanmar-national-league-is.html

ဒီတစ်ခါရေးချင်လာတဲ့ အကြောင်းအရင်းကတော့ ကနေ့ မြန်မာပြည်က အိမ်ရှင်အဖြစ်လက်ခံကာ ကျင်းပနေတဲ့ AFC Challange Cup 2011 အတွက် ခြေစစ်ပွဲများမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ၁း၁ ဂိုးနဲ့ သရေကျ၊ ဘင်္ဂလားဒေ့ရှ်ကို ၂းဝ ဂိုးနဲ့ ရှုံး၊ ယနေ့(၂၀၁၁၊ မတ်၊ ၂၅) - ပါလက်စတိုင်းကို ၃း၁ ဂိုးနဲ့ ထပ်ရှုံးပြီး ခြေစစ်ပွဲမအောင်တဲ့အပြင် အသင်းအတွင်း၊ အသင်းနဲ့ ပရိသတ်အကြား စည်းလုံးချစ်ခင်မှုတွေ ပိုမိုပြိုကွဲလာခဲ့ရတာကြောင့်ပါပဲ။

ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနဲ့ မြန်မာ့ဘော

ပြီးခဲ့တဲ့ ၂၀၁၁၊ မတ်လ(၁၅)ရက်နေ့က Goal Project အစီအစဉ်နဲ့ မြန်မာပြည်ကို လာရောက်မဲဆွယ်သွားတဲ့ ကမ္ဘာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဆပ်ဘလတ္တာဟာ မြန်မာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဇော်ဇော်နဲ့ အတိုင်အဖောက်ညှိကာ(ဇော်ဇော်နဲ့ ဘာတွေအပေးအယူလုပ်ထားသလဲမသိ) -
"MFF ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၏ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရခဲ့သည့် အတွက် ၀မ်းသာပီတိ ဖြစ်ရပါကြောင်း၊ ဂိုးပရောဂျက် အစီအစဉ်များဖြင့် အကောင်အထည် ဖော်ခဲ့သော အဆောက်အဦ၊ ဘောလုံးအကယ်ဒမီ အပါအ၀င် လူငယ်မျိုးဆက်သစ် ကစားသမားများကို အနာဂတ်အတွက် ပြုစုပျိုးထောင် လေ့ကျင့်ပေးနေမှုများမှာ ကျေနပ် အားရစရာကောင်းကြောင်း၊ တည်ဆောက်ဆဲ အားကစားကွင်းများမှာလည်း အလွန်ပင် အားရစရာ ကောင်းကြောင်းနှင့် အနာဂတ် မြန်မာဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အခြေခံ အဆောက်အဦများ ဖြစ်ကြောင်း၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာနေရှင်နယ်လိဂ်ဟု ခေါ်သည့် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကို ပေါ်ပေါက်လာအောင် ဦးဆောင် ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုမှာ အလွန်ပင် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း"... မြှောက်ပင့်ပြောဆို အသံကောင်းဟစ်ပြီး နောက်တစ်ကြိမ် ဖီဖာဥက္ကဌရာထူးအတွက် မဲဆွယ်ကာ ပြန်သွားခဲ့ပါတယ်။
(Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=7592:2011-03-16-05-47-51&catid=42:2009-11-10-07-36-59&Itemid=112)

ခက်တာက လက်ရှိမြန်မာ့ဘောလုံးရပ်ဝန်းအခြေအနေ၊ ဇော်ဇော်တို့အခြေအနေကို မြန်မာပြည်သူများကလွဲပြီး ဘယ်သူကများ ပိုသိနိုင်ဦးပါ့မလဲ။

မြန်မာဘောအသင်း၏ ဂုဏ်ယူဖွယ် ရလဒ်များ

အရှေ့တောင်အာရှဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2010)
ဗီယက်နမ် (၇-၁) မြန်မာ၊ စင်ကာပူ (၂-၁) မြန်မာ၊ ဖိလစ်ပိုင် (၀-၀) မြန်မာ
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၉)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ပြိုင်ပွဲမှ ထွက်ရ

AFC Challange Cup (2011) ခြေစစ်ပွဲ
မြန်မာ (၁-၁) ဖိလစ်ပိုင်၊ မြန်မာ (၀-၂) ဘင်္ဂလားဒေ့ရှ်၊ မြန်မာ (၁-၃) ပါလက်စတိုင်း
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၆)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲမှ ထွက်ရ

ဖီဖာဥက္ကဌဆပ်ဘလတ္တာရေ... တကယ်အဟုတ်ကို အားရကျေနပ်စရာကောင်းလှတဲ့ မြန်မာ့ဘောလုံးအလားအလာပေပဲဗျာ။

အနူတောက သူဌေးရောဂါ

"ခေတ်ပျက်မှာ သူဌေးလုပ်ရတာ လွယ်သကိုးဗျ"... ဇော်ဇော်၊ တေဇ၊ အောင်ကိုဝင်း၊ ဌေးမြင့်၊ လွင်မိုး အစရှိတဲ့ အာဏာရှင်နောက်မြီးဆွဲများ(သို့မဟုတ်) အာဏာရှင်များရဲ့ ဒိုးတူပေါင်ဖက်စီးပွားဖက် သူဌေးဆိုသူတွေကတော့ ဒီလိုပဲတွေးနေ၊ ပြောနေကြမှာ အသေအချာပါပဲ။ ခုခေတ်မှာ သူဌေးဖြစ်နည်းဖော်မြူလာကား "သာ+ပေါင်း-ညာ×စား" ပင်ဖြစ်သတည်း... လို့ဆိုရမလိုပါပဲ။ လက်ဝါးကြီးအုပ်စီးပွားရေး(ဇာဂနာတို့ရဲ့ သူတောင်းစားညီလာခံ ကဇာတ်ထဲကလို ပြောရရင်) ချီးပွားရေးစနစ်နဲ့ အုပ်စီးနေကြတဲ့ လူတစ်စုရဲ့ အင်အားဟာ မြန်မာပြည်မယ် ပိုမိုကြီးထွားလာနေပါပြီ။ "ဘယ်သူသေသေ- ငတေ၊ ငရွှေ၊ ငဇော်၊ ငမိုးမာ" ပြီးရောသမားတွေပေါ့ဗျာ။

ခက်တာက အဲဒီချီးပွားရေးသမားတွေက ဘာလုပ်သလဲဆိုတော့ကာ သူတို့ရဲ့ လိမ်လည်လှည့်ဖျားရိုက်စား ချီးပွားရေးကိစ္စတွေကို မြန်မာလူထု အာရုံမကျ၊ သတိမထားမိအောင် မြန်မာလူထုကို အာရုံတွေလွှဲတဲ့အနေနဲ့ အပေါ်ယံ ဗန်းပြ အလုပ်တွေ (ဥပမာ- MNL ဘောပွဲများ)လုပ်ပြီး ပြည်သူကို လှည့်စားဖို့ ကြိုးစားတော့တာပါပဲ။

ဘောလုံးလောက တိုးတက်မလာဘဲ လူလည်မသားတွေရဲ့ စီးပွားရေးလုပ်ကွက်တွေသာ ပိုမိုတိုးတက်လာ

ဒါကတော့ မြင်သာပါတယ်။ မြန်မာဘောလုံးအသင်း၊ ဘောလုံးလောက တိုးတက်မှုရှိမရှိဆိုတာ မြင်သာပါတယ်။ ပြည်သူကြိုက် ဘောလုံးဗန်းပြပြီးတဲ့ကာ ဇော်ဇော်အနေနဲ့ နေပြည်တော် ဘောကွင်းတည်ဆောက်မှုတွေ၊ မန္တလေး အားကစားကွင်းတည်ဆောက်မှုတွေမှာ လုပ်ကွက်တွေရသွားပါတယ်။ တေဇကတော့ ပြောမနေပါနဲ့တော့။ ဗမာပြည်က လုပ်ငန်းကြီးမှန်သမျှ သူနဲ့ကို မကင်းနိုင်လောက်အောင်ပါပဲ။ ပြည်သူတွေအနေနဲ့ သေချာ စဉ်းစားစေချင်ပါတယ်။ တကယ်တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဘောလုံးလောကကို မြှင့်တင်ချင်တာလား။ သူတို့ ကိုယ်ကျိုးစီးပွားအတွက် ဘောလုံးကို ခုတုံးလုပ်နေကြတာလားဆိုတာကို သေချာစဉ်းစားအဖြေထုတ်စေချင်ပါတယ်။

ဇော်ဇော် ထိုးကျွေးတော့မယ်

အခြေအနေမကောင်းတဲ့ မြန်မာ့ဘောအဆင့်အတန်းကို ပြည်သူပရိသတ်တွေ ဒေါသထွက်နေချိန်မှာ လက်ရှိမြန်မာ့ဘောဥက္ကဌ ဇော်ဇော် ဘာလုပ်မယ်ထင်ပါသလဲ။ ထိုးကျွေးမှုတွေ လုပ်လာပါတော့မယ်။ လက်ရှိထိုးကျွေးစရာတွေလည်း အများကြီးရှိနေပါတယ်။ အာဏာရှင်ဆန်လှတဲ့ လက်ရှိဘောလုံးအဖွဲ့ချုပ်ကို ပြန်ပြော၊ ခံပြောရဲသူလည်း မရှိသလောက်ပါပဲ။ အရင်ဆုံး ထိုးကျွေးခံရမှာက လက်ရှိမြန်မာ့ဘောလက်ရွေးစင်ကစားသမားတွေပါ။ ဒီကစားသမားတွေကို ထိုးကျွေးပြီးရင် နောက်ထပ်ထိုးကျွေးခံရမှာက လက်ရှိ လက်ရွေးစင်နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်ဖြစ်ပါတယ် (သူကလည်း သူ့အပြစ်တစ်စက်မှ မရှိသယောင် ကစားတွေအပေါ် အပြစ်ပုံချနေပါတယ်)။ နည်းပြကို ထိုးကျွေးပြီးရင် ဇော်ဇော်ဟာ သူ့ကိုသူ ထိုးကျွေးပါဦးမယ်။ လက်ရှိဘောအဖွဲ့ချုပ်က သူနုတ်ထွက်လိုက်ရင်လည်း သူ့အတွက် ဘာမှ မထိခိုက်ပါဘူး။ ဘောနဲ့ ပတ်သက်တဲ့ ချီးပွားရေးလုပ်ကွက်အတော်များများအပြင် အခြားလုပ်ကွက်ပေါင်းများစွာ ဇော်ဇော်ရရှိပိုင်ဆိုင်ထားပြီးတဲ့နောက် သူ့မှာ နစ်နာစရာအကြောင်း ဘာမှ မရှိတော့ပါဘူး။ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ မြန်မာ့ဘောလုံးဟာ ကျရှုံးမှုတွေထဲမှာ ရစ်ဝဲလယ်လယ်ဖြစ်နေပါတော့မယ်။

လက်ရွေးစင်ကစားသမားတွေကို ပြည်သူတွေ မမုန်းစေချင်

မြန်မာ့ဘောလုံး လက်ရွေးစင်ကစားသမားတွေဟာ အင်မတန်သနားစရာကောင်းပါတယ်။ သူတို့ကိုချည်း အပြစ်ဖို့နေတာ မမျှတပါဘူး။ မြန်မာဘောကစားသမားတွေရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်၊ နိုင်ငံ့အပေါ်ချစ်မြတ်နိုးစိတ်တွေကို ဇော်ဇော်တို့ဟာ MNL ဘောပွဲများကျင်းပပြီး စနစ်တကျ ဖျက်ဆီးခဲ့ကြပါတယ်။ မီဒီယာတွေအနေနဲ့ မျက်စိမလျှမ်းစေချင်ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ အာဏာရှင်တွေအုပ်ချုပ်အောက်မှာ စိတ်လက်မချမ်းမသာ ဘောလုံးကစားနေကြရတယ်ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ဘာမှ မရှိပါဘူး။ လွတ်လပ်စွာ ဘာမှ မလုပ်နိုင်ပါဘူး။ ဇော်ဇော်တို့က ၀င်ကန်ဆို ကန်ရတာပဲ။ မကန်ချင်လည်း ၀င်ကန်ရတာပဲ။ ကန်ချင်ပေမဲ့ မကန်နဲ့တော့ဆိုလည်း သူတို့ မကန်ရတော့ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ နယ်ရုပ်တွေမဟုတ်ပါဘူး။ လူတွေပါ။ သူတို့ ကန်ချင်စိတ်၊ ကြိုးစားချင်စိတ်ရှိမှ ဘောလုံးရလဒ်တွေ တိုးတက်မှာပါ။ သူတို့ကို မလိုတစ်မျိုး၊ လိုတစ်မျိုးဆက်ဆံခံနေရရင် သူတို့စိတ်ချမ်းသာ၊ စိတ်ဓာတ်တက်ကြွစွာ ဘောကန်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေလည်း ကျွန်တော်တို့ဗမာပြည်သူပြည်သားတွေနည်းတူ အာဏာရှင်တွေရဲ့ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုအောက်မှာ နေထိုင်အသက်ဆက်နေကြရတာပါ။ MNL ဘောပွဲတွေကျင်းပပြီး ကစားသမားတွေကို ငွေတွေပုံပေးနေရုံနဲ့ ဘောလုံးလောက တိုးတက်မလာနိုင်ပါဘူး။ စိတ်ဓာတ်တွေကိုလည်း မြှင့်တင်ပေးနိုင်ရပါမယ်။ ခုတော့ ချီးပွားရေးစိတ်ဓာတ်တွေနဲ့ ဂွင်ဖန်ဖို့လောက် အားသန်တဲ့ ဇော်ဇော်တို့၊ တေဇတို့ရဲ့ အပေါ်ယံကြော-ရက်ရောမှုတွေဟာ ဘောသမားတွေရဲ့ စိတ်ဓာတ်ကို မမြှင့်တင်ပေးနိုင်ပါဘူး။ ဦးဆောင်သူဆိုတာ စံပြဖြစ်ရပါမယ်။ ပြည်သူပြည်သားစီးပွားရေးသမားအများစုကို လုပ်ပိုင်ခွင့်ကောင်းစွာမပေးဘဲ ချီးပွားရေးလက်ဝါးကြီးအုပ်ထားမှုတွေက ဇော်ဇော်၊ တေဇတို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ကောင်းစွာ မီးမောင်းထိုး ဖော်ပြပေးနိုင်ပါတယ်။

ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ

ခုမြန်မာ့ဘောလုံးအသင်းကို လူငယ်တွေနဲ့ သွေးသစ်လောင်းတော့မယ်ဆိုပြီး လေသံပစ်နေပါတယ်။ ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်တွေကိုရော ဘယ်လို မြှင့်တင်ပေးနိုင်ဦးမှာလဲ။ "လူငယ်တွေ ... မင်းတို့လည်း လူလည်ကျတတ်အောင် သင်ကြဦး"... ဆိုပြီး စိတ်ဓာတ်မြှင့်တင်ပေးကြမှာလား။

ဖီဖာနဲ့ ဖီဖာဥက္ကဌလည်း လူလည်ပါပဲ

ကမ္ဘာ့ဘောအဖွဲ့ချုပ်ဖီဖာဥက္ကဌဟာလည်း လူလည်ပါပဲ။ သူ့အကျိုးစီးပွား၊ ဖီဖာအကျိုးစီးပွားကိုပဲ သူကြည့်ပါလိမ့်မယ်။ ဘောအဖွဲ့ချုပ်တွေကို အစိုးရက ၀င်စွက်ရင် ဖီဖာက အရေးယူလေ့ရှိသတဲ့။ ဗမာ့ဘောအဖွဲ့ချုပ်ကိုရော ဘယ်လိုလုပ်မလဲ။ အစိုးရက ၀င်စွက်စရာ မလိုတော့လောက်အောင်ကိုပဲ ဗမာ့ဘောအဖွဲ့ချုပ်မှာ အာဏာရှင်အစိုးရလူတွေက လက်ဝါးကြီးအုပ်နေတာကိုးဗျ။ ဒါမျိုးကျ ဖီဖာက မျက်စိမှိတ်မသိချင်ယောင် ဆောင်နေရောလား။ နည်းပြဟာ သူ့စိတ်ကြိုက် ကစားသမားရွေးချယ်ခွင့်ရှိသလား။ သူ့စိတ်ကြိုက် သူ ဘာလုပ်နိုင်မလဲ။ ကစားသမားတွေကရော သူတို့စိတ်ကြိုက် ဘာလုပ်နိုင်ခွင့် ရှိပါသလဲ။ ရယ်စရာအတော်ကောင်းတဲ့ သပွတ်အူတွေပါပဲ။ ဖီဖာရဲ့ Goal Project တွေနဲ့တင် ဒီသပွတ်အူတွေ (ဖီဖာဥက္ကဌနဲ့ အပေါင်းအပါများ+ဗမာ့အာဏာရှင်များ+ဗမာ့ဘောအဖွဲ့ချုပ်+လက်ဝါးကြီးအုပ်ချီးပွားရေးသမား)တွေ အတော်ကြီးပွားဦးမှာ မြင်ယောင်နေသေးပါရဲ့။

ဘယ်လောက်စောင့်ရမှာလဲ

မြန်မာ့ဘော တိုးတက်ဖို့ ဘယ်လောက်ထပ်စောင့်ဆိုင်းရဦးမှာပါလဲ။ ချီးပွားရေးအကြံနဲ့ ဘောဗန်းပြတဲ့ ဇော်ဇော်၊ တေဇတို့ လူလည်မသားတစ်သိုက်ခြယ်လှယ်နေသ၍၊ အာဏာရှင်များရဲ့ ကိုယ်ကျိုးရှာအုပ်ချုပ်စီမံခန့်ခွဲမှုအောက်မှာ မြန်မာပြည်နေနေရသ၍ မြန်မာ့ဘောလည်း တိုးတက်လာဖို့ လမ်းမမြင်လှပါ။ ဘောလုံးလောကကိုတိုးတက်စေချင်ရင် ဘောလုံးကို တကယ်ချစ်သော၊ အားကစားကို တကယ်မြတ်နိုးသော အစိုးရ၊ ဘောအဖွဲ့ချုပ်ဖြစ်ဖို့လိုပါတယ်။ စစ်အင်အားအသုံးစရိတ်ကိုပဲ တိုးချဲ့ပြီး ချီးပွားရေးလက်ဝါးကြီးအုပ်သမားတွေနဲ့ ဒိုးတူပေါင်ဖက် ပူးပေါင်းလူလည်ကျနေတဲ့ အာဏာရှင်များ တည်မြဲနေသ၍ မြန်မာ့ဘောလုံးတိုးတက်လာဖို့ဆိုသည်မှာ "အိပ်ပေါက်နဲ့ ဖားကောက်" တဲ့ စကားပုံထက်ဆိုးစွာ "စိတ်အပေါက်တွေနဲ့ အယားဖျောက်" သလိုသာ ဖြစ်နေမယ့်အကြောင်း စာပန်းဆင်လိုက်ရပါတော့တယ်။

တော်လှန်နိုင်ငံရေးအကျဉ်းသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ...
ညိုကြီး
(၂၆၊ မတ်၊ ၂၀၁၁)

20 March 2011

Pan Hlaing Soe (Kyone Pyaw)'s Poem for Feminized Than Shwe

The YATI ရတီ စာပေအနုပညာ မဂ္ဂဇင်း Vol. 8, No.84, March, 2001 မှ ကဗျာဆရာ ပန်းလှိုင်စိုး (ကျုံပျော်) " ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း " ကဗျာအား ဆက်စပ်ခံစားနိုင်ရန် မျှဝေ ဖော်ပြလိုက်ပါတယ်။ (ပူးတွဲပါပုံ)

ယောက်ျားစစ်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ်.. တဲ့။ ကဗျာဆရာ ဖွဲ့ဆိုထားတာပါ။

From Historic Poems

15 March 2011

Acid Rain Rumors Spread also in Burma after Japan Nuclear Power Plant Explosion

ဂျပန်ငလျင်နှင့် ဆူနာမီလှိုင်းများအပြီး ဂျပန်နျူစက်ရုံပေါက်ကွဲမှုကြောင့် အက်စစ်မိုးရွာနိုင်ကြောင်း
သတိပေးစာများ ဗမာပြည်တွင်းပျံ့နှံ့၊ ပြည်သူများ ထိတ်လန့်




View Larger Map

"A nuclear power plant in Fukumi, Japan exploded at 4:30 Am today. If it rains tomorrow or later, dont go outside, be sure that you have rain protectors.
Its acid rain. Dont let it touch you. You may burn ur skin, lose ur hair or hav cancer. This applies to all asian countries. Pls pass and safety and remind everyone you know"

စာသားများပါဝင်သော Text Message များသည် လက်ကိုင်ဖုံးကိုင်ဆောင်သော မြန်မာပြည်သူများအကြား ယမန်နေ့ကတည်းကပင် ပျံ့နှံ့နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ သတင်းစကားများသည် ဗမာပြည်က လူတိုင်းလိုလို၏ ပါးစပ်ဖျားတွင် ရေပန်းစားကာ ပြည်သူများ ထိတ်လန့်တကြား ဖြစ်နေကြကြောင်း ကြားသိရသည်။

ယင်းသတင်းစကားသည် အမှားကြီးဖြစ်ပြီး Fukumi တွင် မည်သည့်နျူးကလီးယား စက်ရုံမှ မရှိဘဲ Japan နိုင်ငံ၊ Fukushima ရှိ နျူးကလီးယားဓာတ်အားပေးစက်ရုံတွင်သာ ဂျပန်ငလျင်၊ ဆူနာမီဒဏ်များအပြီး အအေးပေးစနစ်ပျက်ယွင်း၍ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နျူးကလီးယားစိမ့်ယိုရာမှ ရေဒီယိုသတ္တိကြွပစ္စည်းများပျံ့နှံ့ခဲ့လျှင်လည်း ရက်ပိုင်းမျှသာ ကြာမည်ဖြစ်ပြီး အက်စစ်မိုးနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း၊ အက်စစ်မိုးရွာရခြင်းမှာ လေထုညစ်ညမ်းခြင်းကြောင့်ဖြစ်ကြောင်း၊ အက်စစ်မိုးရွာသည်ဆိုလျှင်တောင် အရေပြားလောင်၊ ဆံပင်ကျွတ်၊ ကင်ဆာဖြစ်စေသည်ဆိုခြင်းများမှာလည်း အခိုင်အမာ သက်သေပြချက်များ မရှိသေးကြောင်း၊ ယင်းအက်စစ်မိုးကိစ္စသည် ကောလဟလသာ ဖြစ်ပြီး ရေးသားထားသော စာသားများတွင်လည်း စာလုံးပေါင်း၊ ဂရမ်မာ အမှားများပါရှိပြီး ရေးထားသမျှမှာ အရည်မရအဖတ်မရများသာဖြစ်ကြောင်း ကို

http://forums.techarp.com/adrian-wong/26376-explosion-nuclear-power-plant-fukumi-japan.html

အင်တာနက်လိပ်စာတွင် ရှင်းပြထားပါသည်။

အဆိုပါ ရှင်းပြချက်ကို အဆိုပါအင်တာနက်လိပ်စာမှ အပြည့်အစုံ ကူးယူဖော်ပြပေးလိုက်ပါသည်။

ညိုကြီး


Da Boss

Join Date: 10 Oct 2002
Location: In front of my ASUS F8V notebook!
Posts: 35,148
Reputation: 4072
Adrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond reputeAdrian Wong has a reputation beyond repute
Rep Power: 84
Default Explosion At The Nuclear Power Plant In Fukumi, Japan

Some idiot started sending out this fake SMS to everyone today :

Quote:
A nuclear power plant in Fukumi, Japan exploded at 4:30 am 2day. If it rains 2mor or later, dn't go outside, b sure tat u have rain protectors. It's acid rain. Dont let it touch u. u may burn ur skin, lose ur hair or have cancer. Pls pass, stay safe n remind everyone u knw
The bad grammar and spelling aside, this SMS is full of nonsense.

1. There is no nuclear plant in Fukumi. In fact, as far as I can tell (on Google Maps), there is no such place as Fukumi in Japan!

2. The nuclear plant that is having trouble cooling down its reactors is the Fukushima Daiichi nuclear plant.

3. Two of Fukushima Daiichi nuclear plant's reactor buildings have already exploded - one on Saturday (Reactor 1) and one on Monday (Reactor 3). So there was not just one explosion. There was TWO explosions.

4. In both cases, it was caused by an explosive mix of hydrogen, oxygen and heat from the reactors. In both cases, only the walls and ceilings of the reactor buildings were blown away. The reactors themselves were not damaged by the blast.

5. The Fukushima Daiichi nuclear plant uses a completely different design from Chernobyl. It's a boiling water reactor (BWR). Chernobyl used the more dangerous RBMK (graphite moderated reactor) technology. So the Japanese reactors are not going to explode like Chernobyl, and nuclear scientists have said so.

6. Even if it somehow explodes like Chernobyl, any radioactive fallout will follow wind currents and will take days, if not weeks, to spread. In other words, it's not going to be raining down on you tomorrow...

7. Acid rain has nothing to do with nuclear fallout. We get acid rain all the time due to air pollution. As bad as acid rain is, it has not been proven to burn the skin, cause you to lose your hair or give you skin cancer.
__________________
Dr. Adrian Wong

11 March 2011

PhotoCamp Mandalay 2011 will be held on 20, March, 2011

BarCamp တွေနဲ့အပြိုင် PhotoCamp လာပြီ






05 March 2011

Maung Thee Thant's Tribute Poem For Poet Kyi Aung

Vol:3, No:6, ၂၀၁၁ ခုနှစ်၊ မတ်လထုတ်၊ Mandalay ICON Magazine (မန္တလေး အထင်ကရမဂ္ဂဇင်း) စာမျက်နှာ ၁၄၉ ပါ မောင်သီးသန့် ရဲ့ "ဟဲဗီးဝိတ် ကဗျာဆရာသို့" ကဗျာအား ကူးယူ ဖော်ပြလိုက်ပါတယ်။ သွားလေသူ ပြည်သူ့ဘက်တော်သား ကဗျာဆရာကြီး ဆရာ (ဦး) ကြည်အောင် ကို ဂုဏ်ပြုထားတဲ့ အလွမ်းပြေကဗျာပေါ့...။

23 February 2011

Fake Bank Notes (Kyats) Spread Among the Burmese People

ကျပ်ငွေ အတု များ ပြည်သူကြား ပျံ့ နှံ့ နေ
(၂၃၊ ဖေဖော်ဝါရီ၊ ၂၀၁၁)

ယခုအခါ မြန်မာပြည်သူများအကြား ကျပ်ငွေ အတုများ ပျံ့နှံ့လျက်ရှိနေကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ပြည်သူများအကြား ပျံ့နှံ့လျက်ရှိသော ကျပ်ငွေအတုမှာ ကျပ်တစ်ထောင်တန်(အသေး)ဖြစ်ကြောင်း သိရှိရသည်။
(မှတ်ချက်။ ။ငါးထောင်ကျပ်တန်အတုများလည်း ပြည်သူအကြား ပျံ့နှံ့နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။)

တွေ့ ရရှိသော တစ်ထောင်တန် ကျပ်ငွေ(အသေး)အတုကို အစစ်နှင့် နှိုင်းယှဉ်ကာ ပူးတွဲပြသလိုက်ရပါသည်။





တစ်ထောင်တန်အတုတွင် ခြသေ့င်္ပုံ+၁၀၀၀ ရေစာ မပါရှိပါ။ K 1000 စာသားရိုက်နှိပ်ထားသော ငွေရောင်ကြိုးမြှပ်ထားခြင်းလည်း မရှိဘဲ ငွေမှင်ကို အပေါ်ယံသာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ အတုငွေစက္ကူသားမှာ အစစ်ငွေစက္ကူသားကဲ့သို့ ဗြုတ်ကလေးများမပါရှိပါ။ အတုငွေစက္ကူသားကို ပွတ်ကြည့်က ချောမွတ်နေပြီး အစစ်ငွေစက္ကူသားမှာ အနည်းငယ် ကြမ်းရှပါသည်။ အတုငွေစက္ကူ၏မင်စိမ်းအရောင်မှာ အစစ်ငွေစက္ကူသား၏မင်စိမ်းအရောင်နှင့်လည်း မတူပါ။ (တွေ့ရှိရသော တစ်ထောင်တန် ငွေစက္ကူအတု၏ မင်ရောင်အစိမ်းသည် အစစ်ထက် ပိုရင့်လျက်ရှိနေသည်) (ပူးတွဲပါပုံများကို ရှု)





အပေါ်ယံကြည့်လျှင် အစစ်နှင့်အတု မှာ သာမန်ပြည်သူများအဖို့ ခွဲခြားရခက်သည်ကိုလည်း တွေ့ ရှိရသည်။

ငွေစက္ကူအတုကို နွမ်းအောင်လုပ်ထားပြီးမှသာ ပြည်သူများအကြား ဖြန့်ဝေလေ့ရှိသည်ကိုလည်း တွေ့ရသည်။

လွှတ်တော်အတု၊ အစိုးရအတုတို့နှင့်နည်းတူ ပျံ့နှံလျက်ရှိသော ကျပ်ငွေအတုများမှာ မြန်မာပြည်သူများ၏ ဘ၀များစွာကို များစွာထိခိုက်စေလျက်ရှိပါတော့သည်။ ။

ညိုကြီး

16 February 2011

Bad News For Buddha's Sons and Daughters of Muse District

မူဆယ်ခရိုင်မှာ ဗုဒ္ဓသာသနာ အစော်ကားခံရပြီလော

"မူဆယ်ခရိုင်အတွင်း ရဟန်းသံဃာ၊ သီလရှင်များ လှည့်လည်အလှူခံခွင့်မရှိ၊ အလှူခံချင်လျှင် ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ရှိ" ဟု ဟု မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ထား



မူဆယ်မြို့၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အသိပေးစာတစ်ခု ဖတ်ခဲ့ရသည်မှာ လွန်စွာထူးခြား၏။ မြန်မာ-တရုတ် ၂ ဘာသာဖြင့် ရေးသားထားသော ယင်းအသိပေးစာမှ မြန်မာဘာသာကို ကူးယူဖော်ပြလိုက်ပါသည်။ (ပူးတွဲပါပုံတွင်လည်း ကြည့်နိုင်ပါသည်)



မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာန

အသိပေးစာ

မူဆယ်ခရိုင်၊မူဆယ်မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ မူဆယ်ဒေသအတွင်း မည်သည့်၊ ရဟန်းသံဃာ သီလရှင်များကိုယ်တိုင်ဈေး၊ရပ်ကွက်လူနေအိမ်များတွင်လှည့်လည်အလှူခံယူခြင်းအား ခွင့်မပြု ထားသလို၊ တည်းခိုခန်း၊ လူနေအိမ်များတွင် နေထိုင် ခွင့်မပြုထားပါ။

မူဆယ်မြို့နယ်မှအလှူခံယူလိုသူများကိုလည်း၊ မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ ဒေသအာဏာပိုင်ထံ ခွင့်ပြုချက်ယူ၍ ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ပြုပါသည်။

ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ခရိုင်သာသနာရေးမှူး
မူဆယ်ခရိုင်

(မြန်မာနိုင်ငံမူဆယ်မှ တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ အထွက် နယ်စပ်ဂိတ်။ အသိပေးစာကို အနီဖြင့် ၀ိုင်းပြထားသည်)

စာကို ဖတ်မိပြီး ဗမာနိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စာရေးသူမှာ အလွန်အံ့သြကာ ဗုဒ္ဓသာသာနာအတွက် ရင်လေးမိပါတော့သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် လှည့်လည်ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးခဲ့ပါသည်။

ကြယ်စင်ရေးသားသော "ဘုရားရှင်တို့၏ တူညီသော အချက် ၃၀" https://sandarthuriya.wordpress.com/
တွင် ဘုရားရှင်တို့မည်သည် ဆွမ်းခံကြောင်း ဖတ်ရှုနိုင်သည်။

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://ashinnyanadipa.blogspot.com ရေးသားသော "ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော..." ဆောင်းပါးတွင်လည်း ဆွမ်းခံခြင်းအကြောင်းကို ရှင်းပြထားသည်။

သို့ဖြစ်ရာ ပူးတွဲပါ အသိပေးစာအရ ဗုဒ္ဓသာသာနာတော်မှာ ညှိုးနွမ်းဖွယ်ရာဖြစ်နေပါသည်။ ရက်အကန့်အသတ်ဖြင့် ဆွမ်းခံ(အလှူခံ)လိုလျှင်တောင် ဒေသအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ယူရမည်ဟု ဆိုထားပြန်ရာ ယနေ့ အာဏာရှင်များခေတ်တွင် ဘုရားပွင့်တော်မူလျှင်တောင် ထိုဘုရားရှင်မှာ ဆွမ်းခံ(အလှူခံ)လိုလျှင် ဒေသဆိုင်ရာ အာဏာပိုင်တို့ထံမှ ခွင့်ပြုချက်တောင်းရဦးမည်ကဲ့သို့ ဖြစ်နေပါသည်။

"ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်" ဟုဆိုသေးရာ ဗုဒ္ဓဘုရား၏ သားတော်၊ သမီးတော် ရဟန်းသံဃာ၊ သီလရှင်များအဖို့ ဆွမ်းခံ(အလှူခံ)ဖို့ရာမှာပင် ထောက်ခံချက်မရှိပါက အဖမ်းခံရဖွယ်(အရေးယူခံရဖွယ်)ဖြစ်နေပါသည်။

မူဆယ်မြို့မှ အဆိုပါ အသိပေးစာကား ဗုဒ္ဓဘာသာ၊ သာသနာကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်ဖြစ်ပေသည်။

မူဆယ်ခရိုင်မှာ ဗုဒ္ဓမျက်နှာတော် အိုးမည်းအသုတ်ခံလိုက်ရချေပြီတည်း....။ ။

ဝမ်းနည်းစွာဖြင့်-

ဘ၀ဧည့်သည်တစ်ဦး (ခေတ္တ မူဆယ်)

12 February 2011

Union Voice

ပြည်ထောင်စုအသံ

ပြည်ထောင်စုဆိုတာ...
အာဏာရှင်တွေက တစ်တိုင်းပြည်လုံးကို ထောင်လိုစုပြီး သိမ်းပိုက်ထားခြင်းလား
အမေစု ပြန်လည်တည်ထောင်ရမယ့် တိုင်းပြည်ကို ဆိုလိုသလား
ဖေဖော်ဝါရီ ၁၂...
လွန်ခဲ့သော ၁၉၄၇ ခုနှစ်က
ပင်လုံမှာ အောင်ဆန်း စုစည်းခဲ့တဲ့ စိတ်ဓာတ်
ကနေ့ ၂၀၁၁ ခုနှစ်မှာ အမေစု ပြန်လည်စုစည်းရမယ့် စိတ်ဓာတ် ။

တူနီးရှား၊ အီဂျစ်...
အာဏာရှင်တွေ လဲပြိုရတဲ့ ဒိုမီနိုဖြစ်စဉ်
တို့ဗမာပြည်ကို ခုချက်ချင်း လှမ်းဝင်ခဲ့ပါတော့
ပြည်ထောင်စုနေ့ ဖိတ်ခေါ်သံ
အာဏာရှင်တွေအတွက် တော်လည်းငလျင်သံ...။      ။

ညိုကြီး
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၁၁
(၆၄ နှစ်မြောက် ပြည်ထောင်စုနေ့)

(၉၆ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၁ ရက်အလို ရေးဖွဲ့သည်)

----------------------------------------------
ပူးတွဲပါ ဓာတ်ပုံကို Ko Wild (
http://www.facebook.com/ko.wild)ထံမှ ရယူပါသည်။

(ပုံကြီးမြင်ရရန် ပုံပေါ် ကလစ်နှိပ်ကြည့်ပါ)

29 January 2011

The Reality of Myanmar National League is To Make People Weak? - Article 2

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော (၂)

1, October, 2009 တုန်းက ကျွန်တော့်ဘလော့ဂ်မှာပဲ "MNL ဘောလုံးပြိုင်ပွဲများဖြင့် ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။
http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
အဲဒီဆောင်းပါးရေးဖြစ်ခဲ့ရတာက (၂၃၊ ၉၊ ၀၀၉)မန္တလေး၊ ဗထူးကွင်းမှာ ရတနာပုံဘောကလပ်နဲ့ ဒယ်လ်တာ(ယခုဧရာဝတီယူနိုက်တက်)ဘောကလပ် တို့ပွဲအပြီး ဖြစ်ပွားခဲ့တဲ့ ကွင်းတွင်း၊ ကွင်းပြင်ဆူပူသောင်းကျန်းမှုများကို ကြားသိရပြီး အာဏာရှင်များက ၄င်းတို့ရဲ့ ရက်စက်လှည့်ဖျားမှုများကို သတိမထားမိစေရန် ပြည်သူများအား ဘောလုံးနှင့်အာရုံပြောင်းသွေးခွဲနေပုံကို ဆင်ခြင်နိုင်ဖို့ အသိပေး၊ မီးမောင်းထိုးပြလိုတာကြောင့် ဖြစ်ပါတယ်။

ယခုလည်း အထက်ပါ ဆောင်းပါးလိုပဲ Myanmar National League (MNL) နဲ့ပတ်သက်ပြီး ဆင်ခြင်သတိထားစရာများကို ဆက်ရေးရဦးမယ့် လက္ခဏာတွေ တွေ့နေရပြန်ပါပြီ။

MNL ကြောင့်တိုင်းပြည်ဘောလုံးအဆင့်အတန်း အဘယ်မျှ တိုးတက်ခဲ့ပါသနည်း?


MNL ကြောင့် မြန်မာ့ဘောလုံး တိုးတက်သလား။ ဆုတ်ယုတ်သလားကတော့ အမြင်သာကြီးပါပဲ။ ပြီးခဲ့တဲ့ အရှေ့တောင်အာရှဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2010)မှာ မြန်မာအသင်းဘယ်အခြေဆိုက်ခဲ့သလဲ? အုပ်စု (၃) ပွဲကန်ရတာမှာ ဗီယက်နမ်ကို (၇-၁)နဲ့ ရှုံး၊ စင်ကာပူကို (၂-၁)နဲ့ ရှုံးပြီး ဖိလစ်ပိုင်ကို (၀-၀)နဲ့ သရေကျကာ ရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၉)နဲ့ အုပ်စုအောက်ဆုံးအဖြစ် ပြိုင်ပွဲကနေ အရှက်မရှိ ထွက်ခွာခဲ့ရတာပါပဲ။ ဘဲဥကွဲပြီး (၁)မှတ်နဲ့ ပြည်တော်ပြန်လာရတာကို အတော်တိုးတက်လာတာပါလားလို့ အောက်မေ့ရတော့မလိုပါပဲ။
(http://www.affsuzukicup.com/fixtures2010.html)

ကလပ်အသင်းပိုင်ရှင်တွေက ဘောလုံးကလပ်တွေလည်ပတ်ဖို့ ငွေတွေ
ဖောဖောသီသီ အဆက်မပြတ် သုံးနေနိုင်တာ ဘာကြောင့်လဲ?

ဆီးမီးပရိုခေါ်ခေါ်၊ ပရိုခေါ်ခေါ် ဘောလုံးကလပ်တစ်သင်းထူထောင်ရတာ ငွေကြေးများစွာ (ကျပ်ငွေပေါင်း သိန်းထောင်ချီ၊ သိန်းသောင်းချီ)သုံးရပါတယ်။ ဒီငွေတွေ ဘယ်က ၀င်နေသလဲ။ အခြားလုပ်ငန်းတွေရှိလို့ပေါ့လို့ လွယ်လွယ်မတွေးစေချင်ပါ။ ဘာလုပ်ငန်းတွေလဲ။ ၀င်ငွေ-ထွက်ငွေစာရင်း ဘယ်လိုရှိသလဲ။ ငွေဖြူလား၊ ငွေမည်းလား။ ဘယ်သူမှ တိတိကျကျမသိကြပါ။ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အခွန်အပြည့်ဆောင်သလား၊ မဆောင်ဘူးလားလည်း ဘယ်သူမှ တိတိကျကျမသိပါ။ ဘယ်သူ့ငွေတွေ၊ ဘယ်ကငွေတွေရပြီး ဘယ်လို ရင်းနှီးမြှပ်နှံထားပြီး ဘယ်လောက်မြတ်၊ ဘယ်လောက်ရှုံးမှန်းလည်း ဘယ်သူမှ မသိပါ။ ငွေတွေကတော့ MNL ကလပ်အသင်းတွေအတွက် အသင်းပိုင်ရှင်တွေ ရှယ်သုံးနေကြတာပဲ မြင်နေရပါတယ်။ ဘောလုံးကလပ်အသင်းတွေအပေါ် ငွေရင်းနှီးမြှပ်နှံပြီး အကျိုးအမြတ်အနေနဲ့ ဘာပြန်ရကြလို့ ခုလို ငွေတွေ သုံးနေကြတာလဲ။ သူတို့ လုပ်ငန်းတွေ ကြော်ငြာလို့ရတာပေါ့လို့ အလွယ်မပြောစေချင်ပါ။ ကြော်ငြာခထက်ကို အခု ဘောကလပ်တွေအပေါ် ငွေသုံးတာက များစွာ ပိုနေပါပြီ။ MNL ဆုဖလားကြီးရတော့လည်း သိန်း ၅၀၀ လောက်သာရပြီး ကွင်းဝင်ကြေးအနေနဲ့ကလည်း ဟုတ်တိပတ်တိရှိပုံမရပါ။ လက်မှတ်အလကားဝေပေးရတာနဲ့။ ပရိသတ်ကို ရထားခ၊ ကားခ အကုန်ခံပြီး အခြားမြို့တွေမှာ အားပေးဖို့ ခေါ်ရတာနဲ့။ ကွင်းထဲကြည့်လိုက်တော့လည်း မြို့စွဲကြီးတဲ့ အချို့မြို့တွေမှာသာ လူအ၀င်များပြီး ခြေစွမ်းညံ့တဲ့အသင်းနဲ့ ကန်တဲ့ပွဲတွေဆို အဲဒီ မြို့စွဲကြီးတဲ့ မြို့တွေမှာတောင် ဘောလုံးပွဲကို ကွင်းထဲဝင်ကြည့်လောက်အောင် စိတ်ဝင်စားတဲ့သူ သိပ်မရှိလှပါ။
သေချာတာကတော့ ဘောအဖွဲ့ချုပ်ဥက္ကဌ  ဇော်ဇော်၊ ရန်ကုန်ယူနိုက်တက်ပိုက်ရှင် တေဇ အစသဖြင့်သော စီးပွားရေးကျားကြီးတွေက အာဏာရှင်များရဲ့ ရှယ်ယာထည့်ဝင်မှုများနဲ့အတူ မြန်မာ့စီးပွားရေးကို   လက်ဝါးကြီးအုပ်ထားပြီး သူတို့ရဲ့ တရားမ၀င် ငွေမည်း စီးပွားရေးလုပ်ငန်းတွေကို ဘောလုံးဗန်းပြပြီး  ဆက်လုပ်နေတယ်ဆိုတာပါပဲ။

ပြည်သူပြည်သားချင်း ရန်တိုက်ပေးနေတာလား?


ဒီအချက်ကတော့ အရေးကြီးလှပါတယ်။ ဘောလုံးသမားချင်းလည်း အချင်းချင်းမညှာကြတော့ပါ။ ငွေအတွက် ခြေရဲဇက်ရဲရှိကုန်ပါပြီ။ ဒါကိုပဲ ပရိုပီသတယ်ပြောကြဦးမလားမသိ။ ကွင်းထဲမှာ ခြေစွမ်းပါမက လက်စွမ်းပြကြသူတွေလည်း ရှိပါတယ်။ ဘောလုံးပွဲလား လက်ဝှေ့ပွဲလား မှားရမတတ်ပါပဲ။ ဒိုင်လူကြီးတွေကလည်း လုပ်ချင်သလိုလုပ်။ ကစားသမားတွေကလည်း ဆဲလိုဆဲ။ လူချလိုချ။ ပရိသတ်ကလည်း ဘောလုံးပွဲကြည့်ရင်း ဖရုဿဝါစာတွေ ပိုပြီး ပြောရဲဆိုရဲရှိလာသည်။ ထုချင်နှက်ချင်လာပြီး စိတ်တွေကလည်း ပိုပိုပြီး ကြမ်းတမ်းလာကြပါပြီ။

http://www.soccermyanmar.com/index.php?option=com_content&view=article&id=10006&catid=54&Itemid=104
မှာ ဖော်ပြထားတဲ့ "ခင်မောင်ထွန်းနှင့် ရန်ကုန် ပရိသတ်တို့ အပြန်အလှန် စွပ်စွဲမှုများ ထွက်ပေါ်" သတင်းလေးကို ဖတ်ကြည့်ပါဦး။ MNL အကြောင့် ပြည်သူတွေ စည်းလုံးရေးပိုကွဲနေကြောင်း အထင်းသားကြီး ဖော်ပြနေပါပြီ။

http://www.soccermyanmar.com မှာတင်ထားတဲ့ Friday, 28 January 2011 ရက်စွဲနဲ့ သတင်းအပြည့်အစုံကို တစ်ပါတည်း ကူးယူဖော်ပြပေးလိုက်ပါတယ်။

-----------------------------------------------
" "ခင်မောင်ထွန်းနှင့် ရန်ကုန် ပရိသတ်တို့ အပြန်အလှန် စွပ်စွဲမှုများ ထွက်ပေါ်

ပြီးခဲ့သည့် ရတနာပုံ - ရန်ကုန် ပွဲစဉ် မတိုင်မီ ရတနာပုံ အသင်း ခေါင်းဆောင် ခင်မောင်ထွန်းနှင့် ရန်ကုန် ပရိသတ် တစ်ဦးတို့ ဖြစ်ပွားခဲ့သည့် ပြဿနာနှင့် ပတ်သတ်၍ အပြန်အလှန် စွပ်စွဲ ခဲ့ကြမှု များကို ပြည်တွင်း အားကစား ဂျာနယ် Sport Times က စုစည်း ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပြဿနာမှာ ပွဲမကစားမီ နံနက်ပိုင်း၌ မန္တလေး တောင်ခြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခင်မောင်ထွန်းက ရန်ကုန် ပရိသတ် တစ်ဦးကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ တိုက်ခိုက် ခံခဲ့ရသည့် ရန်ကုန် ပရိသတ် ကိုရဲဝင်းလှိုင် ဆိုသူက ခင်မောင်ထွန်း ဘက်မှ လက်သီးဖြင့် စထိုးခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။

"ကျွန်တော်က ကားအောက်ကနေ လှမ်းနောက် လိုက်တယ်။ ကားပေါ်က ဆင်းလာတာ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကစားသမား တွေရော နည်းပြ အဖွဲ့က လူတွေပါ ပါတယ်။ ၄၊ ၅ ယောက် လောက်တော့ ရှိမယ်ထင်တယ်။ ကျွန်တော်လည်း အဲဒီလို လုပ်လိမ့်မယ်လို့ မထင်ဘူး။ ခင်မောင်ထွန်းက စထိုးတာ။ ကျွန်တော် ခေါင်းငုံ့ထားတယ်။ ကျွန်တော့်ကို ထိုးနေတဲ့ အချိန်မှာပဲ နည်းပြ တစ်ယောက်က မင်း ငါတို့ကို ဘာလုပ်ချင် လို့လဲ ဆိုပြီး ဆောင့်တွန်း လိုက်တယ်။ ကျွန်တော် အသံပဲ ကြားနေရတယ်။ ကားပေါ်က လူတွေက သံတုတ်တွေနဲ့ ဆင်းလာပြီး သူ့ကို ဆွဲတင်၊ ဆွဲတင် ဆိုတဲ့ အသံတွေလည်း ကြားရတယ်။ ကျွန်တော်တို့ ကားပေါ်က လူတွေက ကျွန်တော့်ကို အတင်း ဆွဲတင်သွားလို့ သက်သာ သွားခဲ့တာပါ"ဟု ကိုရဲဝင်းလှိုင်က အဆိုပါ ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ် ဖြစ်ပွားနေချိန်တွင် ရန်ကုန် အသင်းဘက်မှ ပါလာသော ပရိသတ် အများစုသည် မန္တလေး တောင်ပေါ် တက်သွားသဖြင့် ပြဿနာ ဖြစ်သည့် အချိန် လူသိပ်မရှိ ကြောင်းလည်း ကိုရဲဝင်းလှိုင်က ဆိုခဲ့သည်။ ထို့ပြင် ကိုရဲဝင်းလှိုင်က ရတနာပုံ ကစားသမား များအား လက်ခလယ် ထောင်ပြခဲ့သည့် သူ၏ အပြုအမူနှင့် ပတ်သတ်၍ "ကျွန်တော်တို့ ကားတွေနဲ့ ဘောလုံး ကွင်းတွေကို သွားတဲ့ နေရာမှာ ပရိသတ် အချင်းချင်း တွေ့တဲ့ နေရာမှာ လက်ခလယ် ထောင်ပြတာတို့၊ လက်မ အောက်ချ ပြတာတို့နဲ့ နောက်ပြောင် နေကြတာ ပါပဲ။ ကျွန်တော် လက်ခလယ် ထောင်ပြ လိုက်တဲ့ အချိန်မှာ ကျွန်တော့် စိတ်ထဲမှာတော့ ဘာမှ မရှိပါဘူး"ဟု ရှင်းပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ခင်မောင်ထွန်း ဘက်ကမူ "ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော် ဘာမှ ရှင်းမပြ ချင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဖြစ်သွားတဲ့ ကိစ္စမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ အကုန်လုံး သိပါတယ်။ ရန်ကုန် ပရိသတ်တွေ ပို့ဆောင်ပေးတဲ့ ကားသမားတွေ ပိုသိပါတယ်။ ရှင်းလည်း မပြချင်တော့ဘူး။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ရန်ကုန် ပရိသတ်တွေ ရေးထားတဲ့ စာသားတွေ ကိုလည်း ကျွန်တော် ဖတ်ပြီးပါပြီ။ ဘယ်သူမှားတယ် ဆိုတာ ပြောပြပေးမယ့် သူတွေလည်း ကျွန်တော်တို့ ဘက်မှာ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

ခင်မောင်ထွန်းက အဆိုပါ ရန်ကုန် ပရိသတ်သည် သူ့အား လက်ခလယ် ထောင်ပြ၍ ရန်စကြောင်း၊ သူ့အား အဆိုပါ ပရိသတ် တုံ့ပြန်ပုံ မကောင်းသဖြင့် ပြဿနာ ဖြစ်ရခြင်း ဖြစ်ကြောင်း၊ မိမိ ကွင်းတွင်း စွမ်းဆောင်ရည် မကောင်းလျှင် စိတ်ကြိုက် ဝေဖန် နိုင်သော်လည်း လူနေမှု ဘ၀ကို မဝေဖန် သင့်ကြောင်း၊ ယခု ကိစ္စတွင် မိမိမှ စတင် ရန်စခြင်း မဟုတ်ကြောင်း၊ ယင်းကိစ္စ အပေါ် မည်သို့ပင် ရေးရေး၊ မည်သို့ ပြောပြော လိုက်ရှင်းမည် မဟုတ်ကြောင်း၊ ပြဿနာ ဖြစ်သည့်သူ နှင့်သာ မျက်နှာချင်းဆိုင် တွေ့ဆုံ ရှင်းလင်း လိုကြောင်း ပြောကြားသွား ခဲ့သည်။

ဆက်လက်ပြီး ခင်မောင်ထွန်းက "ကျွန်တော်ကတော့ မှန်တယ်လို့ ထင်တယ်။ ဒါကြောင့်လည်း ကျွန်တော် မရှင်းတာပေါ့။ ကျွန်တော် ကတော့ ကိုယ်မှန်တယ် ဆိုရင် ဘယ်သူမှ မကြောက်ဘူး။ ရန်ကုန်၊ မန္တလေး ကတော့ သိတဲ့အတိုင်းပဲ ပြိုင်ဆိုင်မှု ပြင်းထန်ကြတယ်။ ပရိသတ် အချင်းချင်းလည်း ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ ရတနာပုံ အသင်းက ရှိသမျှ ဆုဖလား တွေကို ယူနေတော့ မနာလိုတဲ့ ပရိသတ် တွေလည်း ရှိတာပေါ့။ ဒါကြောင့် ဒီလိုမျိုး ပြဿနာ ဖြစ်သွားတယ်လို့ ထင်တယ်။ ကျွန်တော် ပြောချင်တာက ပရိသတ်ဆိုတာ ပရိသတ် လိုပဲ အားပေး စေချင်တယ်"ဟု ပြောကြားသွား ခဲ့သည်။

ယင်းပြဿနာ တစ်ခုလုံးနှင့် ပတ်သတ်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဘက်ကမူ ၎င်းတို့နှင့် မဆိုင်ကြောင်း၊ ရဲအရေးပိုင် အမှုသာ ဖြစ်ကြောင်း၊ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ မည်သို့ အရေးယူမည် ဆိုသည်ကို မေးမြန်း သင့်ကြောင်း ပြောကြားသွား ခဲ့သည်ဟု အဆိုပါ ဂျာနယ်က ဖော်ပြခဲ့သည်။ " "
-----------------------------------------------
http://www.soccermyanmar.com/index.php?option=com_content&view=article&id=10006&catid=54&Itemid=104

သတင်းဖတ်ပြီး ကျောချမ်းမိလာပါတယ်။ သတင်းအောက်မှာ ရေးထားတဲ့ အချို့ကွန်မန့်တွေကလည်း ကြောက်စရာကောင်းလှပါတယ်။

ကွန်မန့်တစ်ခုမှာဆိုရင်-

"ရန်ကုန်မှာကန်မယ့်ပွဲမင်းနဲ့ ငါတို့ ပြန်တွေ့ ကျတာပေါ့...
ဆုတောင်းပေးပါတယ်
မင်းကြံကြံခံနိုင်ပါစေလို့ 
ရန်ကုန်ဇနဲ့ ရန်ကုန်သွေး
ဘယ်ဖက်ကယှဉ်ယှဉ်
တတိုင်းတပြည်လုံးထက်သာတယ်
WELCOME မာမီခင်မောင်ထွန်း..."

ဆိုပြီး ခြိမ်းခြောက်ထားလိုက်ပါသေးတယ်။

ရန်ကုန်မှာ ကန်မယ့် ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံယူနိုက်တက်တို့ ပွဲမှာ တွေးကြည့်ရုံနဲ့ပဲ ကြက်သီးထလာမိတယ်။ MNL ကြောင့် ပြည်သူပြည်သားတွေ၊ ကစားသမားတွေ ဒေါသ၊ မာန၊ မောဟ၊ လောဘတွေ ပိုကြီးလာကြကုန်ပလား။

အချင်းချင်း ရန်ဖြစ်ပြီး အာရုံတွေ လွဲကုန်တော့မလား?


အာဏာရှင်တွေဟာ ပြည်သူတွေကို အာရုံလွဲအောင်လုပ်တဲ့နေရာမှာတော့ တော်လှပါပေတယ်။ နိုင်ငံရေးအယူအဆမတူမှု၊ အမှန်တရား ပြောဆိုမှုတွေ ကြောင့် လူပေါင်း ၂၀၀၀ ကျော် အကျဉ်းချခံထားရတာကို လူတွေ သတိမမူမိအောင်၊ ဒေါ်အောင်ဆန်းစုကြည် အရှိန်သြဇာပိုမိုကြီးမားလာနေမှုကို လျော့ပေါ့သွားအောင် ဘောလုံးပွဲရန်ပွဲတွေနဲ့ အာရုံလွှဲနေတာလား။ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ (၃၁)မှာ ကျင်းပမယ့် မတရားလွှတ်တော်ဆိုတာကြီးမှာ လုပ်ချင်ရာလုပ်မှာကို လူတွေ အာရုံမကျအောင် အခုလို ခင်မောင်ထွန်းရန်ပွဲနဲ့ အာရုံလွှဲနေတာလား။ သေချာသတိထား စဉ်းစားဖို့လိုပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ...အစရှိတဲ့မြို့တွေက ကလပ်ဘောပရိသတ်တွေအနေနဲ့လည်း စီးပွားရေးကျားဆိုးကြီးတွေ၊ အာဏာရှင်တွေရဲ့ အာရုံလွှဲမှုကို အထူးသတိထားစောင့်ကြည့်ဖို့လိုပါတယ်။ ရန်တိုက်ပေးတိုင်း ရန်ဖြစ်နေရင် ကိုယ်ညံ့ရာကြပါတယ်။ ဘောလုံးကို မချစ်ရဘူးမဟုတ်ပါဘူး။ တိုင်းပြည်တိုးတက်ဖို့ အားကစားကို မြတ်နိုးရမှာပါ။ အားကစားဆိုတဲ့အဓိပ္ပာယ်ဟာ "အစွဲတွေနဲ့ ရန်ပွဲတွေ"ကို ဆိုလိုတာမဟုတ်ဘူးဆိုတာတော့ လူတိုင်းသတိထားစေချင်ပါတော့တယ်။        ။

တော်လှန်နိုင်ငံရေးအကျဉ်းသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ...

ညိုကြီး
(၂၉၊ ဇန်န၀ါရီ၊ ၂၀၁၁)

24 January 2011

Actor Yan Aung Said That The Place Away from Men is Military

"ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" ဟု ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ပြောဆို 
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကား)

ဗမာပြည်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသလျက်ရှိသော နယူးမော်ဒယ်ရုပ်ရှင်ဇာတ်ကားမှာ မီမီကို(ဆေး-၁)၏ ၀တ္ထု၊ နေစိုးသော်၏ ဇာတ်ညွှန်းကို၊  ဒါရိုက်တာ- ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များအဖြစ် ရန်အောင်၊ နေတိုး၊ အောင်ဇေ၊ ဇော်ဝမ်း၊ အရိုင်း၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ သဇင် စသဖြင့်တို့ သရုပ်ဆောင်ထားခြင်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်းမှာ ညီမ (သဉ္ဖာဝင့်ကျော်)က တရားသမား အပျိုကြီး (စိုးမြတ်သူဇာ)အိမ်ထောင်ကျမှ သူမလည်း ယောက်ျားယူ၍ ရမည်ဖြစ်သည့်အတွက် အစ်မဖြစ်သူ တရားသမားကို အစွံထုတ်ရန် သူငယ်ချင်းဖြစ်သူ နေတိုး (မြာပွေသူ)အား အကူအညီတောင်း၍ တရားသမားအစ်မကြီးအား တဏှာကျော့ကွင်းသက်ဆင်းစေရန် ဆောင်ရွက်စေရာ စိုးမြတ်သူဇာ ခမျာလည်း နေတိုးအား ချစ်မိသွားသည်ဆို၏။ နောက်မှ စိုးမြတ်သူဇာတစ်ယောက် မိန်းမပွေသော နေတိုးအကြောင်းနှင့် နေတိုးက သူမကို အလောင်းအစားသဘောနှင့် ချစ်ဟန်ဆောင်နေကြောင်း ကြားသိသွားရာ စာတစ်စောင်ထားကာ အိမ်ပေါ်က ဆင်းသွားသည်ဆို၏။ 

စာပါအကြောင်းအရာမှာ "...... ယောက်ျားတွေနဲ့ ဝေးတဲ့နေရာကို ထွက်သွားကြောင်း..." ပါရှိသည်ဆို၏။ ယင်းကို စိုးမြတ်သူဇာ၏ အဖေနေရာက သရုပ်ဆောင်သူ ရန်အောင်က ".... ယောက်ျားတွေနဲ့ ဝေးတဲ့နေရာဆိုတော့- တပ်ထဲများ ၀င်သွားသလားမသိဘူး..." ဟု ပြောဆိုသော စကားပြောခန်းတစ်ခုပါဝင်ပေသည်။ 

ယင်းစကားကို အဖြည်သဘောနှင့် ရုပ်ရှင်တွင် ဆက်လက်ပြသသည်မှာ ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ သီလရှင်ကျောင်းဖြစ်ကြောင်း ရိုက်ပြထားပေသည်။

နေတိုးက သီလရှင်ကျောင်းကိုလိုက်သွားရာမှ ဆံချနေသော စိုးမြတ်သူဇာလည်း နေတိုးတောင်းပန်မှုကြောင့် နေတိုးနှင့်ပြန်လိုက်လာကာ နေတိုးနှင့် ကတုံးမ စိုးမြတ်သူဇာတို့ လက်ထပ်လိုက်ကြသည်ဆိုကာ ဇာတ်ကိုသိမ်းထားပါသည်။

စစ်အာဏာရှင်များသည် ဇာဂနာတို့ကဲ့သို့ တိုင်းပြည်ချစ် လူရွှင်တော်များ၏ ၄င်းတို့အပေါ် ဟာသလုပ်ပြောဆိုမှုများကိုပင် စိုးစဉ်းမျှ သည်းခံခွင့်လွှတ်လေ့မရှိဘဲ အငြိုးထားထောင်ချအရေးယူပစ်လေ့ရှိရာ ယခုကဲ့သို့ "ယောက်ျားတွေနဲ့ ဝေးတဲ့နေရာမှာ စစ်တပ်" (သဘောကတော့ စစ်တပ်ထဲမှာ ယောက်ျားတွေမရှိဘူး။ စစ်တပ်ဆိုတာ ယောက်ျားတွေနဲ့ မနီးစပ်ဘူး။ ဆက်စဉ်းစားလျှင် စစ်တပ်ထဲမှာ မိန်းမ (သို့မဟုတ်) ယောက်ျားမဟုတ်သူများသာ ကျက်စားနေကြကြောင်း သွယ်ဝိုက်ပြောဆိုလိုက်သည်နှင့် တူပေတော့သည်) ဟု ရန်အောင်က ပွင့်ပွင့်လင်းလင်း၊ သာသာနှင့်နာနာ နှက်လိုက်သည်ကို မြင်ရရာ အံ့လည်း အံ့သြမိ၊ ရုပ်ရှင်ကားဖန်တီးသူများနှင့် သရုပ်ဆောင် ရန်အောင်၏ ပြောရဲဆိုရဲသော သတ္တိကိုလည်း သိမြင်လိုက်ရပေသတည်း။    ။

မှတ်ချက်။   ။
(နယူးမော်ဒယ် ရုပ်ရှင်ဇာတ်ကားဖန်တီးသူများနှင့် ရန်အောင်ကို ထိခိုက်နစ်နာစေလိုသော သဘောမရှိပါ။ နယူးမော်ဒယ် ရုပ်ရှင်ကို ကြည့်မိရာမှ (စစ်မှုမထမ်းမနေရ ဥပဒေကိစ္စနှင့် ပွက်လောရိုက်နေသော ယနေ့ကာလနှင့်တိုက်ဆိုင်စွာပင်) အမှတ်မထင် ကြားမြင်လိုက်ရသော စကားပြောခန်းတစ်ကွက်ကို ပြန်လည် တင်ပြခြင်းမျှသာ ဖြစ်ပါကြောင်း)

ချောင်းဖြူ

19 January 2011

Ledi Sayadaw's Speech Poem

လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစာ

(ပုံကြီးရရန် ပုံပေါ်ကလစ်နှိပ်ပါ)


မဟာလယ်တီ (လယ်တီ ဒီပနီကျမ်းစာများ) အင်တာနက်လိပ်စာကိုလည်း တစ်ပါတည်းမျှဝေပေးလိုက်ပါတယ်။
ကျမ်းစာများ ကို အခမဲ့ ဒေါင်းလုပ်ရယူရန် အောက်ပါ လိပ်စာသို့ သွားပါ။
http://www.ledidapani.com/

12 January 2011

Amara Thukha, Free Clinic from Amarapura, Myanmar

"အမရသုခ" ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကို မြောက်လက်သမားကျောင်းတိုက်၊ လက်သမားရပ်၊ အမရပူရမြို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

မြောက်လက်သမားကျောင်းတိုက်အပါအ၀င် အမရပူရမြို့ဝန်းကျင်နေ ရဟန်း၊ သံဃာ၊ သာမဏေများ၊
မြောက်လက်သမားကျောင်းတိုက် ဘုန်းတော်ကြီးသင် မူလတန်းကျောင်း အမှတ်(၃)မှ
ဆရာ၊ ဆရာမ- ကျောင်းသူ/ကျောင်းသားများ၊
အမရပူရမြို့ဝန်းကျင်နေ ပြည်သူလူထုများအား
ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုကူညီရေး ဆောင်ရွက်ပေးရန်
တည်ထောင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆေးဝါးနှင့် အလှူငွေများကို အောက်ပါပုဂ္ဂိုလ်များထံ
ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း....

၁။ ဦးနေ၀င်း၊ ဈ-မ(၁၇)၊ မင်္ဂလာစံရပ်၊ အမရပူရ (02-59727)
၂။ ဦးသိန်းထွန်း၊ လှိုင် အထည်ဆိုင်၊ ရေတွင်းညီနောင်ရပ်၊ အမရပူရ (02-70180)
၃။ ဒေါက်တာယုယုမေ၊ အိုးတော်ရပ်၊ အမရပူရ (02-59323)
၎။ ဦးမောင်မောင်ဦး၊ အမရပူရ (09-2024423)
၅။ ဦးအောင်ဆန်းဝင်း၊ အမရပူရ (09-2015172)
၆။ ဒေါ်နီ (02-91024634)

(အသေးစိတ်ကို ပူးတွဲပါ ပုံများပေါ်တွင် ကလစ်နှိပ်၍ ပုံကြီးချဲ့ ကြည့်ရှုပါရန်)
Click over attached pictures to view details in Full Size.

06 January 2011

Aw P Kyal's Environment Cartoons presented by Sein Yaung So Activities

ပြည်တွင်းဖြစ် စိမ်းရောင်စို ACTIVITIES က ဖြန့်ဝေထားတဲ့ ကာတွန်း အော်ပီကျယ်ရဲ့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာတွန်းလေးတွေပါ။





စိမ်းရောင်စို လှုပ်ရှားမှုမှာ ရဟန်းသံဃာများ၊ စာသမားများ၊ တတ်သိပညာသည်များ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် စိတ်ဝင်စားသူ ဗမာပြည်သူပြည်သားများ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြပါတယ်။
စိမ်းရောင်စို လှုပ်ရှားမှုထဲမှာ သစ်ပင်စိုက်၊ ဆေးကု၊ မရှိဆင်းရဲသားကူညီ၊ ဘုန်းကြီးသင်ပညာရေး ကူညီ၊ ဒုက္ခရောက်သူ ကူညီ၊ အသိပညာပေးဟောပြောပွဲများပြုလုပ် အစသဖြင့် ပါဝင်တယ်လို့ ဆိုပါတယ်။

စိတ်ပါဝင်စားသူများအနေနဲ့ စိမ်းရောင်စိုကို ဆက်သွယ်လှူဒါန်းပါဝင်ဆောင်ရွက်ချင်တယ်ဆိုရင်-
seinyaungsoactivities.mdy@gmail.com
အီးမေးလ်ကို ဆက်သွယ်နိုင်ပြီး

စိမ်းရောင်စိုလှုပ်ရှားမှုအကြောင်း သတင်း၊ ဓာတ်ပုံများကိုတော့ FACEBOOK ပေါ်က အောက်ပါ စိမ်းရောင်စို လိပ်စာများမှာ ကြည့်ရှုနိုင်ပါကြောင်း ။
http://www.facebook.com/pages/Sein-yaung-so-activities/148947871822387
http://www.facebook.com/profile.php?id=100001670615608

58166 101337683265252 100001670615608 7883 84896

04 January 2011

Sein Yaung So Activities

စိမ်းရောင်စို ACTIVITIES

sys 1
hosting images



sys 2
free image hosting



စိမ်းရောင်စို ACTIVITIES ၏ FACEBOOK လိပ်စာ

http://www.facebook.com/pages/Sein-yaung-so-activities/148947871822387
http://www.facebook.com/profile.php?id=100001670615608

27 December 2010

Current Burma & Kin Won Min Gyi's Poem

ယနေ့ ဗမာပြည် အခြေအနေနှင့် ကင်းဝန်မင်းကြီး၏ တိဏ္ဍုကပျို့

ကင်းဝန်မင်းကြီးလည်း တိဏ္ဍုကဇာတ်တော်ကို ပျို့ဖွဲ့ခဲ့ရာ တိဏ္ဍုကပျို့ ပိုဒ်ရေ(၉)တွင် 
ဇာတ်တော်၏ အဓိကအချက်ဖြစ်သော မင်းနှင့်မင်းမှီစိုးကပ်တို့ မွှေ၍ ပြည်လေးမျက်နှာ သွက်သွက်ခါဖြစ်ပုံကို...

"ခုနစ်ဖြာအင်၊ အကြီးတင်၍၊ မင်းတွင်သေချာ၊ မစေရာသား၊ 
လူမှာလူယုတ်၊ လူအစုတ်ကို၊ ဥက္ကဌကြီး၊ တင်ပြီးထိုရော်၊ 
ခန့်ထားသော်လည်း၊ မလျော်တုံမြို့၊ မှူးမတ်တို့ကား၊ ဆယ်ဖို့တဆ၊ 
အမျှမျှဖြင့်၊ သမ္မတစဉ်လျှောက်၊ မြတ်ရွှေမှောက်တို့၊ ခံကောက်ခွဲယူ၊ 
နည်းရှိမူလည်း၊ မထူစွာဘိ၊ ရမိရစေ၊ ရွှေငွေမက်မော၊
ရမ္မက်ပြော၍၊ ရက်ရောလှစွာ၊ ကိုချမ်းသာက၊ သတ္တ၀ါဗိုလ်ခြေ၊ 
ညက်ကြေပြုန်းတီး၊ ဆုံးရှုံးကြီးလျက်၊ မီးနှင့်အတူ၊ ပူလင့်ကစား၊ 
သနားမတဲ့၊ စားမကဲ့သို့၊ ချဲ့ချဲ့ထွင်ထွင်၊ ခေါ်ငင်မင်းစေ၊ 

ကြိမ်းများထွေဖြင့်၊ မွှေမွှေနှောက်နှောက်၊ ပြုတုံမြောက်၍၊ တောက်လုဘနန်း၊
နေရှိန်မြန်းသား၊ ပန်း၏သဖွယ်၊ ကွယ်ခဲ့သုခ၊ ပခဲ့တရား၊
ပါးခဲ့ဗြဟ္မစိုရ်၊ များထိုထိုနှင့်၊ ခိုရာမရ၊ နေ့ကာလ၌၊ 
ဖျက်ထမင်းစေ၊ ညရောက်ချေလည်း၊ မွှေသည့်ခိုးသား၊ လွန်မြောက်မြားလျက်၊
တရားမဲ့လတ်၊ ယွင်းခဲ့လွတ်မှ၊ ဖွတ်ဖြစ်မိကျောင်း၊ မြစ်ကြောင်းမချမ်း၊
အကျင့်သွမ်းသို့၊ စူးစမ်းမဲ့လတ်၊ မှူးမတ်မည်မည်၊ အကြီးတည်၍၊
ပြည်လေးမျက်နှာ၊ သွက်သွက်ခါသည်၊ ချမ်းသာမယှဉ် ကွာစေတည်း"

ဟူ၍ စပ်ဆိုထားပါသည်။

--------------------------------------------
ရာပြည့်စာအုပ်တိုက် ၁၅ နှစ်ပြည့် အမှတ်တရစာစဉ် ၁၂ 
ရွှေကိုင်းသား (1912-1987) ၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာပေနှင့် အခြားစာတမ်းများ စာအုပ်
ပထမအကြိမ် (သြဂုတ်၊ ၂၀၁၀)ပါ...

မြန်မာစာပေနှင့် ပန်းချီအနုပညာ ဆောင်းပါး [စာပေနှီးနှောဖလှယ်ပွဲ စာတမ်းများ (၁၉၆၄)။ မိုးဦးပန်းစာပေတိုက်၊ မန္တလေး။ စာ (၁၄-၄၂)] မှ ... ကူးယူဖော်ပြသည်။

13 December 2010

Photos To Remember Zaganar (ဇာဂနာ အမှတ်တရ၊ ဇာဂနာ ဓာတ်ပုံများ)

ဇာဂနာ အမှတ်တရ၊ ဇာဂနာ ဓာတ်ပုံများ


အာဏာရှင်များ၏ မတရားသော အမိန့်အာဏာဖြင့် ထောင်သွင်း အကျဉ်းချခံထားရသော အမျိုးသားလူရွှင်တော်ကြီး ဇာဂနာ၏ ဓာတ်ပုံများကို အမှတ်တရ ဖော်ပြပေးလိုက်ပါသည်။
ဓာတ်ပုံများကို Feb 27, 2010 ကတည်းက Picasa Web Albums မှာ upload လုပ်ထားခဲ့ပေမင့် ယခုမှပဲ Share လုပ်ဖြစ်ပါတော့၏။

ဓာတ်ပုံများကို ရတီ စာပေ၊ အနုပညာ မဂ္ဂဇင်း၊ The Yati Magazine, Vol 2, No. 16, June 2005 မှ ကူးယူဖော်ပြပါသည်။

From Zarganar Photos From the Yati Magazine (Vol 2, No. 16, June, 2005)


From Zarganar Photos From the Yati Magazine (Vol 2, No. 16, June, 2005)


From Zarganar Photos From the Yati Magazine (Vol 2, No. 16, June, 2005)