
၁၉၈၉ ခုနှစ်၊ မတ်လ၊ ၁၅ ရက်မှစ၍ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရကာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၊ ၁၂ ရက်က မန္တလေး၊ အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော
ဆရာတော် ဦးသုန္ဒရ၀ံသ (၁၉၈၈ အရေးအခင်း မြင်းခြံ သပိတ်ဥက္ကဌ)
နှင့် အင်တာဗျူး ဗွီဒီယိုဖိုင်
https://www.facebook.com/video/video.php?v=293824550627811
13 October 2011
Interview with U Thondara (Political Prisoner)
09 October 2011
Myit Sone, The Endless Story
စိမ်းရောင်စို ACTIVITIES နှင့် Eco dev တို့ ပူးပေါင်းကျင်းပသည့်
ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ
မပြီးဆုံးသေးသော မြစ်ဆုံ
ဟောပြောပွဲ
| From Sane Yaung So Activities, Burma |
၉၊ အောက်တိုဘာ၊ ၂၀၁၁၊ တနင်္ဂနွေ။
နေ့လည် (၁)နာရီမှ ညနေ (၆)နာရီထိ
ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်
၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
| From Sane Yaung So Activities, Burma |
ဦးဝင်းမျိုးသူ (Eco dev) နှင့်
စာရေးဆရာ၊ အယ်ဒီတာ ကိုတာ
တို့က ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ၊
မပြီးဆုံးသေးသော မြစ်ဆုံရေကာတာစီမံကိန်းများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါတယ်။
| From Sane Yaung So Activities, Burma |
ဟောပြောပွဲလာ ပရိသတ်များကို ကိတ်မုန့်၊ လက်ဖက်ရည်တို့နှင့် ဧည့်ဝတ်ပြုခဲ့ပါတယ်။ အခမ်းအနားမှာ စိမ်းရောင်စို အင်္ကျီနှင့် save the ayeyarwady အင်္ကျီများကိုလည်း ရောင်းချပေးခဲ့ပါတယ်။
| From Sane Yaung So Activities, Burma |
ဟောပြောမှုများပြီးဆုံးတဲ့အခါ တက်ရောက်လာတဲ့ ပရိသတ်အချို့၏ မေးခွန်းများကို ဦးဝင်းမျိုးသူနှင့် ကိုတာတို့က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပါတယ်။
| From Sane Yaung So Activities, Burma |
28 September 2011
Dead Sure?
အသေအချာ ရရပါ့စေ
ဟိုလိုလို၊ သည်လိုလိုတွေ
ဘာကြီး၊ ညာကြီးတွေ
အခါတော်ပေးတွေ ရွာဆော်လေးတွေ
ခါတော်မီ ပွင့်ကြ ဖူးကြ
မြင်ရကြားရရုံနဲ့တင် ကျောချမ်းစရာ။
ကျောချမှ ဓားပြမှန်း ထပ်မသိချင်တော့ဘူး
ကျောမှာလည်း ဒဏ်ရာတွေပြည့်
ရင်မှာလည်း ဒဏ်ရာတွေပြည့် ။
သမိုင်းက ဆုံးဖြတ်သွားပါလိမ့်မတဲ့
ဒီလိုစကားမျိုးတွေနဲ့ပဲ ငါတို့တတွေ
အိုနာသေ၊ သေနာအို ခဲ့ရ
ကပါ ကပါ မမရာ၊ ညည လသာသာ အချိန်များ
တစ်ချိန်ချိန်မှာတော့ဖြင့်
အသေအချာ ရရပါ့စေ ။ ။
ညိုကြီး
၂၈.၉.၂၀၁၁
20 September 2011
"One More" in Myanmar
ဆန္ဒတူချင်း ချိတ်ဆက်တွဲကာ လူတစ်ယောက် တစ်လကို ငွေ ၁၀၀၀ ကျပ် စုကြပြီး ကရုဏာမေတ္တာ ငံ့လင့်နေရှာသူများကို ကူညီကြရအောင်


16 September 2011
SAVE THE AYEYARWADY
စိမ်းရောင်စို ACTIVITIES မှ ထုတ်ပြန်သော
ဧရာဝတီရှေ့ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားအားလုံးသို့ ပန်ကြားလွှာ
![]() |
| From Sane Yaung So Activities, Burma |
![]() |
| From Sane Yaung So Activities, Burma |
![]() |
| From Sane Yaung So Activities, Burma |
![]() |
| From Sane Yaung So Activities, Burma |
![]() |
| From Sane Yaung So Activities, Burma |
19 August 2011
Urgent Need to Reform Myanmar Tatmadaw?
- ချေဗားမား (Che Burma) -
("တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်" ဟူသော ဆိုင်းဘုတ်တပ်ထားပြီး နိုင်ငံအပေါ်၊ ပြည်သူများအပေါ်နှင့် ဘ၀တူ တပ်မတော်သား(ဇာတ်တူသား)အချင်းချင်းအပေါ် သစ္စာဖောက်နေကြသည့် လက်ရှိ သက်ကြားအို တပ်မတော်ခေါင်းဆောင်ဆိုသူများကို ဖြုတ်ချတော်လှန်ကာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့ တပ်မတော်သားများအနေဖြင့် တပ်မတော်ကို အသစ်တဖန် ပြန်လည် ပြုပြင်ဖွဲ့စည်းသင့်ကြောင်း အကြံပေးထားသည့် ချေဗားမား ၏ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။ - ဘလော့ဂ်အယ်ဒီတာ ညိုကြီး)
နယ်ချဲ့လွတ်လပ်ရေးတိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။
နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။
တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော်အရာရှိကြီးကြီးမာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။
စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့်နည်းတူ ယနေ့အခါတွင်လည်း တပ်မတော်အရာရှိ ကြီးကြီးမာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။
-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း...
(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီးဖြစ်သည် ဆို၏ ။)
(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထားစေကာမူ ၄င်းတို့ကို ၄င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ - သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာညောင်းနေပေဘိသကဲသို့။)
-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း(ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း...
-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီ ဆိုသည့်သတင်း...
စသဖြင့်.. စသဖြင့် ။
ဖြုတ်၊ထုတ်၊ဖမ်း သတင်းများကား စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ် တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။
ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာအာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်း ကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။
တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်းလုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကိုအသုံးချကာ နိုင်ငံရေးဖြတ်လမ်းလိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော်အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၄င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။
"ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်" ဆိုသည့် စကားများနှင့် တည်ဆောက်ထားသယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော်အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်းကျရောက်နေလေပြီ။ "ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး" ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။
မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် "ညစ်၊ အက်၊ မှား"၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။
သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။
အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။ ။
ချေဗားမား (Che Burma)
11:59 PM, 16.8.2011
12 August 2011
Kolay (Innwa Goneyi)'s Peace Talk Video Files 1 & 2
ကိုလေး(အင်းဝဂုဏ်ရည်)၏ ငြိမ်းချမ်းရေးစကား
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ စိန်ရတု မွေးနေ့ (၁၁.၈.၂၀၁၁) ငြိမ်းချမ်းရေးစကား ဗွီဒီယိုဖိုင်များကို
ကျွန်တော် ညိုကြီး၏ Facebook(www.facebook.com/nyogyi) မှ
Videos ကဏ္ဍ(https://www.facebook.com/video/?id=100000008066345) တွင် ကြည့်ရှုနိုင်ပါပြီ။
ငြိမ်းချမ်းရေးစကား (၁) ကို
https://www.facebook.com/video/video.php?v=263241730352760
တွင်လည်းကောင်း
ငြိမ်းချမ်းရေးစကား (၂) ကို
https://www.facebook.com/video/video.php?v=263245280352405
တွင်လည်းကောင်း ကြည့်ရှုခံစားနိုင်ပါပြီ။
ကိုလေး(အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသတင်းကို
http://bigbbrown.blogspot.com/2011/08/kolay-innwa-goneyis-75th-birthday-held.html
တွင် ဆက်စပ်ကြည့်ရှုနိုင်ပါသည်။ ။
ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြပါဦးစို့ !
ညိုကြီး
11 August 2011
Poet Kolay(Innwa Goneyi)'s 75th Birthday Ceremony
ကိုလေး (အင်းဝဂုဏ်ရည်)၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ပွဲကျင်းပ
မွေးနေ့အခမ်းအနားကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်း ၂ ပိုင်းခွဲကာ ကျင်းပခဲ့ပြီး တက်ရောက်သော ကဗျာဆရာများက ဆရာကြီးအားဂုဏ်ပြုသော ကဗျာများရွတ်ဆိုခြင်း၊ ဆရာကြီး၏ ငြိမ်းချမ်းရေးသြ၀ါဒများကို နာယူခြင်းစသဖြင့် ခမ်းနားငြိမ်းချမ်းစွာ ကျင်းပခဲ့သည်။ ဆရာကြီးက တက်ရောက်သော ဧည့်သည်များအား နေ့လည်စာ ထမင်း၊ အချိုတည်းစားစရာများနှင့် ဧည့်ခံခဲ့သည်။
ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က ငြိမ်းချမ်းရေးသဘော ပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခများပြေငြိမ်းစေလိုကြောင်း၊ သခင်ကိုယ်တော်မှိုင်းကြီးကဲ့သို့ ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ကြရန်နှင့် သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပင် ရန်သူဟု မသတ်မှတ်တော့ဘဲ ငြိမ်းချမ်းရေးအတွက် လက်ကမ်းကြစေလိုကြောင်း... စသဖြင့် ငြိမ်းချမ်းရေးကို ဇောင်းပေးကာ သြ၀ါဒခြွေခဲ့ပါသည် ။ ။
ညိုကြီး
-------------------------------
ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကျဉ်း
၁၉၃၆ ခု၊ သြဂုတ်လ ၁၁ ရက်၊ အင်းဝမြို့၊ ဈေးချို ပန်းဘဲတန်း၌ မွေးဖွား ။
ဦးချွန်နှင့် ဒေါ်မမကြီး ...
၁၉၄၂-၄၅ (ဂျပန်ခေတ်)တွင် အင်းဝဂုဏ်ရည်ကျောင်း၌ စတင်ပညာသင်ယူ ။
ဆရာတော် ဦးသြဘာသာ၏ ပြာသာဒ်ကျောင်း၊
တံတားဦးမြို့ အထက်တန်းကျောင်းတို့၌ ဆက်လက်သင်ယူ ။
၁၉၅၄ ခု၊ မတ်လ တွင် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲ အောင် ။
၁၉၅၄ မှ ၁၉၅၈ မန္တလေးတက္ကသိုလ်-
မန်းတက္ကသိုလ် ကလောင်ရှင်သင်း
အဆောင်များ စာကြည့်တိုက်မှူး
စစ်ကိုင်း ခရိုင်အသင်း၌ ဥာဏဗလမှူး-
မန်းတက္ကသိုလ် ကဗျာဆရာများနှင့် တွဲ၍ ကဗျာစာအုပ်များထုတ်ဝေခဲ့ ။
၁၉၆၅ ခုနှစ်တွင် "လမ်းသစ်ကဗျာများ" ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆု (ကဗျာ) ပထမဆု ရရှိခဲ့ ။
တင်မိုး
မောင်ခိုင်မာ
နွယ်(စစ်တွေ)
ခင်ဝင်းသစ် တို့နှင့်တွဲ၍ နဒီငါးသွယ် ကဗျာများ ရေးသားထုတ်ဝေခဲ့ ။
ယခုအချိန်ထိ ကဗျာများကို မြတ်မြတ်နိုးနိုး ရေးသားဆဲ ...
ကိုလေး (အင်းဝဂုဏ်ရည်)
11.VIII.2011
06 August 2011
23th Anniversary of 8888 Revolution will be held in Mandalay
မန္တလေး၌ ရှစ်လေးလုံး (၂၃)နှစ်မြောက်အထိမ်းအမှတ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်

အာဏာရှင်နေ၀င်းအဆိုးရကို ဖြုတ်ချနိုင်ခဲ့သော သမိုင်းဝင် ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးသည် ယခု ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၈ ရက်တွင် (၂၃)နှစ်ပြည့်မြောက်မည်ဖြစ်သည်။
ရှစ်လေးလုံး (၂၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ခံ ဒီမိုကရေစီဘက်တော်သားများကကြီးမှူးပြီး (၈၊ ၈၊ ၂၀၁၁)ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးကျောင်းတိုက်၌ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ် ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။
ယင်းရှစ်လေးလုံးအမှတ်တရ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ကုသိုလ်အရေး၊ ဒီမိုကရေစီအရေး စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်ကာ ပါဝင်ကုသိုလ်ယူနိုင်ကြောင်း အဆိုပါပွဲ စီစဉ်သူများထံမှ ကြားသိရသည်။
ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ၅၅ လမ်း၊ ၄၀ လမ်းနှင့် ၄၁ လမ်းကြား၌ တည်ရှိပြီး အဆိုပါကျောင်းတိုက်တွင် ဘုန်းကြီးသင်ပညာရေးကျောင်းနှင့် အခမဲ့ပရဟိတ ဆေးခန်းများ တည်ထောင်ထားကြောင်းလည်း သိရပါသည်။ ။
(ဖိတ်စာကို ပူးတွဲ ဖော်ပြလိုက်ပါသည်)
ညိုကြီး
22 July 2011
Video File Download Link of Chinese - Burmese Conflict at Mandalay Gem Trading Centre
၂၀၁၁ မန်းကျောက်ဝိုင်း တရုတ်-ဗမာ အရေးအခင်း (မန်း) ဗီဒီယိုဖိုင် Download Link
Mediafire Download Link;
http://www.mediafire.com/?
ဧည့်ဗီဇာနဲ့ တရုတ်ပြည်သား တရုတ်ကျောက်သမားငါးယောက်နဲ့
ရဲများက တရုတ်များကို လက်ထိပ်ခတ်ကာ လူတွေကြားထဲကနေ ထုတ်ယူသွားပါတယ်။
နောက်သိရတာက အဲဒီတရုတ်များကို တရုတ်သံရုံးဆီ ပြန်အပ်လိုက်ရပြီး အဲဒီတရုတ်တွေကို တရုတ်ပြည်ကို ပြန်လွှတ်လိုက်ကြောင်းသိရပါတ
Nyo Gyi
(www.facebook.com/nyogyi မှာလည်း တင်ထားပါတယ်)
Video File Download Link of Silent Honouring The Martyrs at Mandalay
"အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ" ရဲ့ ဗွီဒီယိုဖိုင်ဒေါင်းလုပ်လင့်ခ်ပါ။
Mediafire Download Link;
http://www.mediafire.com/f
သူ့သတင်းအသေးစိတ်ကိုတော့
http://bigbbrown.blogspot.com/2011/07/www.html
မှာဖတ်ပါ။
(www.facebook.com/nyogyi မှာလည်း ဗွီဒီယိုဖိုင်ရော၊ သတင်းစာသားပါ တင်ထားပါတယ်။)
21 July 2011
Silent Honouring The Martyrs at Mandalay
အာဇာနည်များကို ၄ နာရီကျော်ကြာ ငြိမ်သက်ဂါရ၀ပြုတဲ့ မန္တလေးက ကိုခင်မောင်ရီ
သူ့ရှေ့က သံတိုင်တန်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကိုးဦးပုံပါ ဂျာနယ်မျက်နှာဖုံးတစ်ခုချိတ်ဆွဲထားပြီး ပန်းစည်းများနဲ့ ပူဇော်ထားပါသေးတယ်။ သူ့မှာပါလာတဲ့ အမွှေးတိုင်တွေကိုတော့ မထွန်းဘဲ သူ့ရှေ့မှာ မီးခြစ်နဲ့အတူ ချထားခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်လက်ပတ် ပတ်ထားပါတယ်။
သူ့ပတ်လည်မှာ စိတ်ဝင်စားသူတွေက ၀န်းရံထားပါတယ်။ မီဒီယာသမားတွေနဲ့ ထောက်လှမ်းရေးဆိုသူတွေကတော့ မှတ်တမ်းတင်ကြပါတယ်။
သူဂါရ၀ပြုတာကိုမြင်ပြီး လမ်းသွားလမ်းလာထဲက အချို့ သူနဲ့အတူ အာဇာနည်များကို ၀င်ကန်တော့သွားတာလည်းရှိသလို အချို့သူတွေကလည်း သူနဲ့အတူ အာဇာနည်များကို ပန်းစည်းများချထားကာ ၀င်ရောက် ဂါရ၀ပြုသွားကြောင်းသိရပါတယ်။
ညိုကြီး
(အာဇာနည်များအား ကိုခင်မောင်ရီ ဂါရ၀ပြုပုံဗီဒီယိုကလစ်အား www.facebook.com/nyogyi မှာ တင်ထားပါမည်။)
09 July 2011
The Parrot’s Education (Rabindranath Tagore) in Burmese Language by Tite Soe
ကြက်တူရွေး၏ ပညာရေး
(မူရင်း - ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် - တိုက်စိုး)
ဘုရင်မင်းကြီးသည် ဤသို့ တွေးလေသည်။ ပညာမဲ့ခြင်းသည် အကျိုးယုတ်ရာ ယုတ်ကြောင်းသာ။ သူမိုက်နှင့် ပညာရှိ(သည်) အစားစားရာတွင် မကွာကြသော်လည်း လောကစီးပွားဆောင်ရာတွင်ကား ကွာလှချေသည်။ မင်းကြီးသည် ဤသို့ တွေး၍ တူတော်များကို ရှေ့တော်သို့ခေါ်ကာ၊ ကြက်တူရွေးကို ပညာကောင်းစွာ သင်ပေးရန် မိန့်လေသည်။ ထိုအခါ မင်းရင်ပြင်၌ သုခမိန်များ၏ အစည်းအဝေးသည် ဖြစ်၏။ သုခမိန်များသည် မဆိုင်းမတွပင် ပြဿနာ၏ ဇာစ်မြစ်ကို စိစစ်ကြပြီးလျှင် ငှက်သတ္တဝါများသည် အသိုက်စုတ် အသိုက်ပဲ့တွင် နေလေ့ရှိသောကြောင့် အသိပညာမဲ့ရသည်။ ထို့ကြောင့် ကြက်တူရွေး၏ ပညာရေးအတွက် ပထမ လိုအပ်ချက်သည် သင့်လျော်သော ကြက်တူရွေးအိမ်ပင် ဖြစ်သည်ဟု ဆုံးဖြတ်ကြလေသည်။ သုခမိန်များသည်
ဆုလာဘ်ကိုယ်စီဖြင့်အိမ်သို့ ပြန်ကြလေသတည်း။
ရွှေလှောင်အိမ်တစ်ခုကို အဆန်းတကြယ် လှပတင့်တယ်အောင် စီရင်ကြလေသည်။ အရပ်ရပ်မှ လူအများလည်း ထိုလှောင်အိမ်ကို ကြည့်ရန် စုဝေး လာရောက်ကြလေသည်။ အချို့က လှောင်အိမ်ကို စူးစူးစိုက်စိုက်ကြည့်ရာမှ 'ယဉ်ကျေးမှုဖြင့် အကျဉ်းကျပါပကော'ဟု ပြောဆို ငိုကြွေးကြလေသည်။ အချို့ကလည်း 'ယဉ်ကျေးမှုမပါ ဘာဖြစ်သမို့လဲ၊ လှောင်အိမ်က အကောင်အထည်နဲ့ ကျန်ရစ်ခဲ့မှာပဲ၊ ရွှေခဲကြက်တူရွေးတော့ ကံကောင်းတာပဲ'ဟု မှတ်ချက်ချကြလေသည်။ ပန်းတိမ်သည်လည်း ငွေထုပ်ပိုက်၍ မိမိရပ်ရွာသို့ လွှင့်လေသတည်း။
ဆရာပဏ္ဍိတ်သည် ကြက်တူရွေးကို စာသင်ရန် ပြင်လေသည်။ သူသည် ဣနြေ္ဒသမ္ပတ္တိဖြင့် နှာတရှုပ်ရှူလိုက်ကာ 'စာစုံမှ ပညာကုန်မယ်'ဟု မိန့်လေသည်။ ထိုအခါ ဘုရင့်တူတော်များလည်း စာရေးတော် တသီချည်း ခေါ်လာကြလေသည်။ စာရေးတော်များလည်း ကျမ်းအစောင်စောင်မှ ရေးကူးကြလေသည်။ ကူးသည့်စာမူမှ တဖန် ရေးကူးကြပြန်လေသည်။ နောက်ဆုံး၌ အတိုင်းမသိ မြင့်မားသော စာအထပ်ကြီး ဖြစ်လာလေတော့သည်။ လူအများလည်း 'အလိုလေး၊ ယဉ်ကျေးမှု ဘုံဗိမာန်ကြီးဟာ တိမ်တိုက်တွေအကြား ထိုးဝင်မတတ် မြင့်မားပါပေရဲ့'ဟု ရင်သပ်ရှုမော ကြလေသည်။ စာရေးတော်များသည် အသပြာအိတ် အပြည့်ဖြင့် အရပ်သို့ ပြန်ကြလေသတည်း။ ဘုရင့်တူတော်များလည်း လှောင်အိမ်ကို အကျအန ဖြစ်အောင် ကြိုးစားကြပါပေ၏။ လှောင်အိမ်ကို သူတို့ ပွတ်တိုက်မွမ်းမံ အရောင်တင်ကြသည်ကို လူအများက ကြည့်ရင်း၊ 'ဒါမှ တကယ့်တိုးတက်ရေး' ဟု ပြောကြလေသည်။
လောက၌ ဘယ်အရာတွင် ချို့တဲ့နေနေ၊ ကဲ့ရဲ့ သင်္ဂြိုဟ်ဆိုတတ်သူ ဦးရေတွင်မူ မချိုတဲ့တတ်ပေ။ သူတို့က လှောင်အိမ်နှင့် ပတ်သက်သူမှန်သမျှ ကြက်တူရွေးက လွဲလျှင် ကြီးပွားကြပါပေသည်ဟု လျှောက်၍ သတင်းလွှင့်ကြလေသည်။ မင်းကြီးလည်း ထိုသတင်းကို ကြားရ၍ တူတော်များကို မေးလေသည်။ တူတော်များက 'ထမင်း မဝ တစ်ချက် ဝ တစ်ချက်နဲ့ လူများဟာ ပါးစပ်အားတိုင်း သွားပုတ်လေလွင့် ပြောနေကြခြင်းပါ' ဟု လျှောက်တင်ကြလေသည်။ လျှောက်တင်ချက်ကို သဘောတော် တွေ့သဖြင့် ဘုရင်မင်းကြီးက တူတော်များအား ကျောက်မျက်ကျောက်မြတ်များ သဒ္ဓါတော်မူလေသည်။
တစ်နေ့သ၌ ဘုရင်မင်းကြီးသည် (မိမိ၏) ပညာရေးဌာနက ရွှေခဲကြက်တူရွေးအတွက် ဘယ်ပုံဘယ်နည်း စီမံနေသည်ကို ကိုယ်တော်တိုင် မြင်လိုသဖြင့် ပညာရေး ခန်းမဆောင်သို့ ကြွလေသည်။ ထိုအခါ ဆိုင်ရာတို့က စည်းခရာ ပတ်သာပုံမောင်း တီးမှုတ်၍ ကြိုကြလေသည်။ သုခမိန်များကလည်း ဂါထာမန္တရားကို တစ်ခဲနက် ရွတ်ဆိုကြလေသည်။ ရွှေပန်းတိမ်တော်များ၊ စာရေးတော်များ၊ စာကြပ် စာမများ၊ ထိုသူအသီးသီး၏ အထောင်အသောင်းမကသော ဆွေမျိုး အရင်းအဖျားများကလည်း အုတ်အုတ်သဲသဲ ကောင်းချီးပေးကြလေသည်။ ဤတွင် တူတော်များလည်း အားရရွှင်ပြုံးစွာ မင်းကြီး၏ စိတ်ဆန္ဒကို မေးလျှောက် ကြလေသည်။ မင်းကြီးက 'ပညာရေး မူဝါဒကဖြင့် ဟန်ဟန်ပန်ပန်ရှိတဲ့ ပုံသဏ္ဍာန်ပဲ' ဟုမိန့်လေသည်။
ဘုရင်မင်းကြီးလည်း အလွန်ကျေနပ်၍ ဆင်တော်ပေါ်သို့ တက်တော့မည်အပြုတွင် ခြုံကွယ်၌ပုန်းနေသော အပြစ်ရှာသူတစ်ဦးက 'အရှင်မင်းကြီး၊ ကြက်တူရွေးကော တွေ့ပါရဲ့လားဘုရာ့'ဟု ဟစ်အော်လိုက်လေသည်။ ထိုအခါမှ မင်းကြီးက ငါ သတိချွတ်နေမိသည်ဟု ဆိုကာ သုခမိန်များဘက်လှည့်၍ ကြက်တူရွေးကို သင်ပုံသင်နည်းစုံစမ်းကြည့်လေသည်။ သူတို့က သင်ပုံသင်နည်းကို မင်းကြီးအား ပြလေသည်။ ဘုရင်မင်းကြီးလည်း အလွန် နှစ်ထောင်းအားရခြင်း ဖြစ်လေ၏။ သင်ပြပုံနည်းစနစ်သည် ခန့်ထည်လှသဖြင့် ထိုနည်းစနစ်နှင့် စာလျှင်ကြက်တူရွေးမှာ နုပ်နုပ်ဖွဲဖွဲကဲ့သို့ပင် ဖြစ်တော့သည်။ မင်းကြီးလည်း အစီအစဉ်ကို အပြစ်ပြောစရာ ဘာမှမရှိဟု ကျေနပ်မိလေသည်။ အကယ်၍ ကြက်တူရွေးက ထိုအစီအစဉ်ကို ဆင်ခြေဆင်လက် တက်မည်ဆိုလျှင်လည်း ဆင်ခြေတက်နိုင်စရာ အကြောင်းမမြင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လည်မျိုတွင် စာရွက်တွေ နင့်နေသဖြင့် အသံသဲ့သဲ့ပင် မထုတ်နိုင်ရှာသောကြောင့် ပေတည်း။ ကြက်တူရွေး၏အဖြစ်သည် ကြက်သီးထစရာပင် ကောင်းတော့သည်။
ဤအခါ၌မူ ဘုရင်မင်းကြီးသည် ဆင်တော်ပေါ်သို့တက်ရင်း အပြစ်ရှာသူများကို မလွတ်အောင် အပြစ်ဒဏ်ခတ်ရန် အမိန့်ပေးလေသည်။
ကြက်တူရွေးလည်း ကျိုးနွံစွာ သင့်အံလေ့လာရင်း နမူးနထူးဖြစ်လာလေသည်။ အားရလောက်သည့် တိုးတက်ရေးပါပေ။ သို့သော် အကွပ်အညှပ် အစီအမံအကြားမှပင် အဖြစ်မှန်သည် ပေါ်လာတတ်လေသည်။ လှောင်အိမ်တွင်း၌ နေရောင်ခြည်ကလေး မပြူတပြူ ရှိစအချိန်တွင် ရွှေခဲကြက်တူရွေးသည် အနှောင်အဖွဲ့ကို ရုန်းကန်ငြင်းဆန်သည့်ပမာ အတောင်တဖျပ်ဖျပ် ခတ်လေသည်။ ထို့ပြင် ယုံချင်မှလည်း ယုံပေရော့။ နှုတ်သီးချည့်နဲ့နဲ့ဖြင့် သံတိုင်ကို သနားစရာ ဆိတ်လေသည်။ ထိုအခါ မြို့ကွပ်က 'တယ်ရိုင်းပါကလား'ဟု ကြိမ်းဝါးလေသည်။ မကြာမီ ပန်းပဲသမားသည် ပန်းပဲဖိုကို သယ်ဆောင်၍ မင်းကြီး၏ ပညာရေးဌာနသို့ ရောက်လာလေသည်။ တူသံ ပေသံတွေလည်း ဆူညံမစဲ ရှိပါပေ၏။ တူသံစဲသည်နှင့် တစ်ပြိုင်နက် သံကြိုးလည်း အဆင်သင့် ဖြစ်လေပြီ။ ကြက်တူရွေး၏ အတောင်နှစ်ဖက်ကိုလည်း ကိုက်ညှပ်၍ ပြီးခဲ့လေပြီ။ မင်းကြီး၏ ယောက်ဖတော်များက 'ဒီငှက်သတ္တဝါတွေဟာ ဥာဏ်ကလည်းမွဲ ကျေးဇူးတရားကိုလည်း ဘာမှ မသိပါကလား'ဟု မသက်မသာ ခေါင်းရမ်းမိကြလေသည်။ ဆရာပဏ္ဍိတ်လည်း ကျမ်းထုတ်ကို တစ်ဖက်၊ ကြိမ်လုံးကို တစ်ဖက် ဆောင်၍ စာချလေသည်။ မြို့ကွပ်သည် အစောင့်အရှောက်ကောင်းသည့်အတွက် လည်းကောင်း၊ ပန်းပဲသမားသည် သံကြိုးခိုင်ခိုင်လုပ်နိုင်သည့်အတွက် လည်းကောင်း ဘွဲ့တံဆိပ် အသနားခံရပြန်လေသတည်း။
ရွှေခဲကြက်တူရွေးလည်း သေလေတော့၏။
ကြက်တူရွေး ဘယ်အခါက သေလိုက်မှန်း သိသူမရှိကြ။ အပြစ်ရှာသူက ထိုသတင်းကို ပထမဆုံး လွှင့်လိုက်လေသည်။ ဘုရင်မင်းကြီးလည်း တူတော်များကို ခေါ်၍ သတင်းမေးလေသည်။ တူတော်များက ကြက်တူရွေးကို စာသင်ပြီးကြောင်း လျှောက်တင်ကြလေသည်။
မင်းကြီးက 'သူ ခုန်သေးသလား' ဟု မေးလေသည်။
တူတော်များက 'မခုန်တော့ပါ' ဟု လျှောက်သည်။
'ပျံသေးသလား'
'မပျံတော့ပါ'
'ကြက်တူရွေးကို ခေါ်ခဲ့' ဟု မင်းကြီးက အမိန့်ပေးလေသည်။
မြို့ကွပ်လည်း ကြက်တူရွေးကို အစောင့်အကြပ်ဖြင့် ရှေ့တော်သို့ သွင်းလေသည်။ ဘုရင်မင်းကြီးလည်း ကြက်တူရွေး၏ ကိုယ်ကို လက်ညှိုးနှင့် ထိုးစမ်းကြည့်လေသည်။ ရွှေခဲကြက်တူရွေး၏ ကိုယ်တွင်းမှ စာရွက်မာကောက်ကောက် အသံတွေသာ ထွက်လာလေသတည်း။ ။
တိုက်စိုး
(မူရင်း - ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် - တိုက်စိုး)
စာပေလောကစာအုပ် အမှတ် ၂၇၂ - " တဂိုး၏ စာ "(ကဗျာ/စာရေးဆရာအစုံ မြန်မာပြန်သည်)၊ စာမျက်နှာ ၂၂၆ မှ ကူးယူမျှဝေသည်။
တဂိုး၏ စာ - ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် - ၁၉၆၆ (နှလုံးလှ စာပေတိုက်)
ဒုတိယအကြိမ် - စက်တင်ဘာ၊ ၁၉၈၈ (စာပေလောက စာအုပ်တိုက်)
------------------------------------------
တဂိုး ၏ "ကြက်တူရွေး၏ ပညာရေး" ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်လိုသူများအတွက် အင်တာနက်လိပ်စာမှာ
http://home.iitk.ac.in/~amman/soc748/tagore_parrot.pdf
http://www.parabaas.com/translation/database/translations/stories/gRabindranath_parrot.html
------------------------------------------
"ကြက်တူရွေး၏ ပညာရေး" မှာ ယနေ့ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အိန္ဒိယ ဂန္ထ၀င် ဆရာကြီးတဂိုးက ကြိုတင်ပြီး သရော်စာ ရေးထားသလားဟုပင် အောက်မေ့ရပါ၏။ တဂိုးသာ သက်ရှိထင်ရှားရှိနေလျှင် မြန်မာစစ်အာဏာရှင်များက ၄င်းအား Black List သွင်းကာ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖွယ်ရာ ရှိပေကြောင်း။ ။
ညိုကြီး
03 July 2011
Aung San and Music by Tin Naing Toe
ဂီတမြတ်နိုးသူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလန်ခရီး
- တင်နိုင်တိုး -
(၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

24 June 2011
Bomb Blasts within One Day, One Time in Nay-Pyi-Daw, Mandalay, Pyin-Oo-Lwin and Another Bomb Blast in Mandalay
နေပြည်တော်ဗုံး၊ မန္တလေးဗုံး၊ ပြင်ဦးလွင်ဗုံး၊ နောက်ထပ် မန္တလေးဗုံး
ပြင်ဦးလွင်ဗုံး
ထပ်မံကြားသိရသော သတင်းများအရ ယနေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားနေချိန်နှင့် မရှေးမနှောင်းပင် ပြင်ဦးလွင်မြို့၊ ထောက်ပို့ပန်းခြံအနီး၊ ဆိုင်ကယ်ပွဲစားတန်းအနားတ၀ိုက်ရှိ အိမ်တစ်အိမ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူမရှိကြောင်းလည်း သိရသည်။
မန္တလေးမှ နောက်ထပ်ဗုံး
ယနေ့ ၃ နာရီအချိန်ခန့်ကလည်း မန္တလေးမြို့၊ ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ကြောင်း ကြားသိရသည်။ လူအသေအပျောက်၊ ဒဏ်ရရ မရှိဟုဆိုသည်။
The Same Time Bomb Blasts in Nay-Pyi-Daw and Mandalay, Burma
နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးများ တစ်ချိန်တည်း ပေါက်ကွဲ
နေပြည်တော်ဗုံး
နေပြည်တော် သပြေကုန်းရပ်ကွက်၊ သပြေကုန်းဈေးအနီးရှိ အိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲဟု သိရ။ ထိုခိုက်သေဆုံးသူမရှိဟု သိရ။
မန္တလေးဗုံး
နေပြည်တော်တွင် ဗုံးပေါက်ကွဲခဲ့ချိန်နှင့် တစ်ချိန်တည်းလိုလိုပင်
မန္တလေးမြို့၊ ဈေးချိုအနီး၊ ၈၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် ရပ်တန့်ထားသော Surf ကား၏ နောက်ကြည့်မှန်ပေါ်တွင် ချိတ်တင်ထားသော ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်းသိရ။ ယင်းဗုံးပေါက်ကွဲမှုကြောင့် စည်ပင်သန့်ရှင်းရေးသမားတစ်ဦး၏ လည်ပင်းနှင့် ညာဘက်လက်ဖျံ ထိခိုက်ဒဏ်ရာရသွားပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ ခွဲစိတ်ဆောင်တွင် တင်ထားကုသနေကြောင်းသိရ။ အခြား ပြည်သူ ၄ ဦးမှာ အနည်းငယ် ဒဏ်ရာရရှိသွားဟုဆို။
ညိုကြီး




