02 January 2009

EDUCATION OF BURMA

ပညာရေးထောင်တွေကို ဖြိုလှဲကြ
- အရှင်ရာဟုလာ -


(A Temporary School for the Children after Cyclone Nargis at Ayeyarwady Delta)

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

ဤလူ့ကမ္ဘာမှာ အသက်အိုးအိမ် ချမ်းသာမှု၊ လုံခြုံမှု၊ တိုးတက်မှုတွေဟာ ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်မှု ဆိုတဲ့ လုံ့လအားထုတ်ခြင်း ပယောဂဟာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အရေးကြီးဆုံး ဖြစ်ပါတယ်။

ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်တတ်ဖို့ဟာ အပြောလွယ်သလောက်၊ လက်တွေ့ဖော်ဆောင်ရာမှာတော့ ခက်ခဲလွန်းလှပါတယ်။ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လူသားရဲ့ ဝိသမလောဘ၊ အတ္တ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ဆိုးရွားလှတဲ့ တရားတွေရဲ့

နှိပ်စက်မှုကို အညံ့ခံခြင်းပါပဲ။ ခက်ခဲလှတဲ့ ဘဝထိုထိုတွေ ဖြတ်သန်းပြီးကာမှ ရလာတဲ့ မနုဿတ္တဘာဝ ဒုလ္လဘ အလှတရား၊ သွေးတွေ၊ အသက်တွေ၊ ပေးဆပ်မှုတွေနဲ့ ရေးခြစ်ရတဲ့ လူသားကဗျာဟာ စာမျက်နှာပေါ် တက်မလာဘဲ၊ ရေအိမ်သုံး

စက္ကူဘဝကို ရောက်ကြတဲ့ လူတွေ၊ ခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားနေရတာပါ။

ဉာဏ်နဲ့ ဝီရိယကို စနစ်တကျ သင်ယူတတ်မြောက် ပျိုးထောင်မှသာ လူသားရဲ့ အနာဂတ် အိုးအိမ် အသက်ရှင်၊ နေထိုင်မှုဟာ လုံခြုံ၊ အေးချမ်း၊ သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက တိုက်ရိုက်အရေးပါတဲ့ ပညာရေးဌာနတွေကို အလေးထား

ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ ပညာရေးဌာနတွေရဲ့ အခြေအနေကတော့ “နင့်အိုး နေနေသာသာ ငါတောင် ဘယ်ကျလို့ ကျရမှန်းမသိ” ဆိုတဲ့ စကားပုံလို ကျောင်းသားတွေရဲ့ ပညာရေးထက် ဆရာ၊ ဆရာမတွေရဲ့ ပညာရေး၊ စားဝတ်နေရေးက ပိုပြီးတော့ မပြည့်စုံ၊

မလုံလောက် ဖြစ်နေရပါတယ်။ စားဝတ်နေရေး မလုံလောက်တဲ့အတွက် ကျောင်းသားထုဟာ ဆရာတွေရဲ့ ဈေးကွက်ကြီး ဖြစ်သွားရတယ်။ မူလတန်းကျောင်းမှ အမြင့်ဆုံး တက္ကသိုလ် ပညာရေးအထိ ကျောင်းပညာရေးက ဆရာတွေရဲ့ အိပ်ထောင်ထဲကို

ရောက်သွားပါပြီ။ ဆရာတွေရဲ့ ပညာရေးကို မြှင့်တင်မပေးနိုင်တဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးဟာ ဘွဲ့ သာရတယ်၊ ပညာက ပါမလာဘူး။ ဒီလို ရေမပါတဲ့ ခွက်ကြီးတွေနဲ့ နောက်မျိုးဆက် ကျောင်းသားတွေကို ဝိုင်းခုတ်ကြအုံးမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ခွက်စုတ် ပညာရေး၊ သူတောင်းစား ပညာရေး ဖြစ်နေရတာပါ။

စစ်အစိုးရရဲ့ ပညာရေးအတွက် သုံးစွဲတဲ့ အသုံးစရိတ်ဟာ ကာကွယ်ရေး အသုံးစရိတ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “ဇီးစေ့နဲ့ မြင့်မိုရ်တောင်၊ နံ့သာဆီနဲ့ အီး” လောက်ကို ကွာခြားနေပါတယ်။ ၁၉၉၉ ခုနှစ်က စစ်အစိုးရထုတ် စာရင်းဇယားအရ

ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ဟာ ဝန်ကြီးဌာနအားလုံးရဲ့  ၇ ဒဿမ ၅ ရာခိုင်နှုန်းသာ ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၄ဝ ရာခိုင်နှုန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

မိန်းတက္ကသိုလ်ကျောင်းတွေဟာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေလို တိတ်ဆိတ်နေပြီး၊ ကျောင်းတွေရဲ့ ရှေ့မှာ သံဆူးကြိုး၊ ဂိတ်လက်မောင်းတံတွေ ပိတ်ဆို့ထားတာဟာ တက္ကသိုလ်ကြီးတွေကို စစ်အစိုးရက ထောင်အဖြစ်လောက် သဘောထားတာပါ။

ဒါတွေကို တက္ကသိုလ် ဆရာကြီးတွေကိုယ်တိုင် နည်းပေါင်းစုံသုံးပြီး ဖောက်ထွက်မှသာ ကျောင်းသားတွေရဲ့ အနာဂတ် ဘဝတွေ လှပလာမှာပါ။ တစ်ပြည်လုံးမှာ ရှိတဲ့ ဆရာတွေဟာ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့၊ ကျောင်းသား လူငယ်တွေရဲ့ အနာဂတ်ကို

လမ်းပြဖို့၊ နည်းပေါင်းစုံနဲ့ ကြိုးစားဖို့ အနာဂတ် နိုင်ငံတော်ကြီးက တောင်းဆိုနေပါပြီ။

ဉာဏ်ပညာရဲ့ သဘောအတွင်းမှာ ပြီးပြည့်စုံခြင်း (ဣဒ္ဓိပါဒ)၊ စိုးမိုးနိုင်ခြင်း (ဣနြ္ဒိယ)၊ တိုက်ဖျက်ခြင်း (ဗလ) စတဲ့ အတွင်းသဘောတွေ ပါရှိသလို၊ ဝီရိယရဲ့ သဘောမှာလည်း ဒီသဘောတရားတွေ ပါရှိပါတယ်။ အားလုံးဟာ ဉာဏ်ကြီးကြီး၊ လုံ့လကြီးကြီးနဲ့

ကြိုးစားမယ်ဆိုရင် တရားမျှတတဲ့ (သမ္မာ) ဒီမိုကရေစီနိုင်ငံကြီး တည်ဆောက်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

အရှင်ရာဟုလာ

31 December 2008

Father OF MOUSTACHE BROTHERS Passed Away

လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ကြီးကွယ်လွန်
နိုင်ငံတကာတွင် Moustache Brothers ဟု ကျော်ကြားသည့် ဗမာပြည်၊ မန္တလေးမြို့မှ စစ်အဆိုးရ အတိုက်အခံ လူရွှင်တော်များဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင် လူရွှင်တော်ကြီး ဦးညိုဘန်း ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း။
Moustache Brothers voted ‘No’ in the referendum.
------------------------------------------------------------------------------------------------------------------
အသုဘရှု ဖိတ်ကြားစာ

ရွှေဘိုမြို့နယ် ပန်းရံရွာနေ (ဦးအောင်ကြွယ်)+(ဒေါ်စောရ) တို့၏သား၊
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအရှေ့ အကွက်(၅၂၀)၊ ခုံဝင်းရပ်ကွက်၊
၈၀ x ၈၁ကြား၊ ၃၉ လမ်းနေ လူရွှင်တော် ဦးပါပါလေး + ဒေါ်ဝင်းမာ၊ လူရွှင်တော်ဦးလူမော် + ဒေါ်နီနီလင်း၊
(ဦးခင်မောင်မြင့်)+ဒေါ်တိုက်ကြီးသူဇာ၊ ဦးရွှေဘို+ဒေါ်ချိုတူး၊ (ဦးမော်တင်)+ဒေါ်ခြူးခြူး၊ ဦးထွေး၊
လူရွှင်တော်ဦးလူဇော် တို့၏ ဖခင်၊ မြေး(၅)ယောက်တို့၏ အဘိုး၊ ဒေါ်ရေ၀ိုင်း၏ ချစ်လှစွာသော ခင်ပွန်း

လူရွှင်တော်ကြီး ဦးညိုဘန်း အသက် (၈၅)နှစ်သည်

၁၃၇၀-ခု၊ ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီတွင်
ဘ၀တစ်ပါးသို့ ကူးပြောင်းကွယ်လွန်အနိစ္စရောက်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို
၁၃၇၀-ခု၊ ပြာသိုလဆန်း(၅)ရက်၊ (၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်
မန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁ ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့
ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ပါ၍ လိုက်ပါပို့ဆောင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူ မိသားစု
------------------------------------------------------------------------------------------------------------------
Links of PHOTOS and About Moustache Brothers
1. http://www.moustachebrothers.com/ (Moustache Brothers' official website)

CHEER BROTHERS, GO ON BROTHERS !!!

ရန်ကုန်တွင်ဆန္ဒပြ
မိုးမခအထောက်တော်
၆ ဒီဇင်ဘာ ၃၀၊ ၂၀၀၈

ဆန္ဒပြသူများက“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီး ထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ - MMT)

ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦး ကို ဖမ်းဆီးလိုက်သည်။ ဆန္ဒပြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်သည်။ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး “သူတို့ရပိုင်ခွင့်အတိုင်း သူတို့ဆန္ဒကို ဖော်ထုတ်ကြတာပါပဲ။ ဒီလုပ်ရပ်က ရာဇ၀တ်မှု မဟုတ်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု AFP သတင်းဌာနသို့ ပြောလိုက်သည်။
----------------------------------------------------------------------------------
( http://moemaka.com/index.php?option=com_content&task=view&id=3036&Itemid=40 မှ ကူးယူဖော်ပြသည် )

30 December 2008

UNGA voting record

၂၃ ဒီဇင်ဘာ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ
ဂျီအေ/၁၀၈၀၄


ခြောက်ဆယ့်သုံးကြိမ်မြောက် အထွေထွေညီလာခံ (ပလင်နရီ) အစည်းအဝေး
၇၄ကြိမ်မြောက်အစည်းအဝေး(ညပိုင်း)

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ကြားနေမဲ ၄၅ (နောက်ဆက်တွဲ VII)ဖြင့် မြန်မာကိုယ်စားလှယ်၏ “ပြည်တွင်းအစပျိုးနိုင်ငံရေးဖြစ်စဉ်အပေါ် ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်မှု”ဖြစ်သည်ဟု ကန့်ကွက်စေကာမူ အတည်ပြုလိုက်သည်။ တတိယကော်မတီ၏ထောက်ခံချက် ဖြစ်သည့် ကလေးသူငယ်များအခွင့်အရေးကော်မတီနှင့်ပတ်သက်သော လုပ်ထုံးပိုင်းအများစုပါဝင်သည့်စာသားကိုလည်း အားလုံးသဘောတူနည်းဖြင့် အတည်ပြုသည်။

ဆုံးဖြတ်ချက်များချအပြီး၊ မြန်မာကိုယ်စားလှယ်မှ လူ့အခွင့်အရေးအား နိုင်ငံရေးရည်ရွယ်ချက်အတွက် တလွဲအသုံးပြုခြင်း ကို သူ့နိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံပြည်တွင်းနိုင်ငံရေးဖြစ်စဉ်သည် သိသိသာသာ တိုးတက် ဖြစ်ထွန်းနေကြောင်း၊ ယခုဆိုလျင် တိုင်းပြည်သည် ၂၀၁၀တွင် ပါတီစုံပါဝင်မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ အပါအ၀င် ဒီမိုကရေစီသို့ ချောမွေ့ညင်သာစွာ ပြောင်းလဲတော့မည်ဖြစ်ကြောင်းပြောဆိုသည်။

ထို့နောက်မြန်မာကိုယ်စားလှယ်ကဆက်လက်ပြောဆိုရာတွင် ယခုချမှတ်လိုက်သည့်ဆုံးဖြတ်ချက်သည် ကန့်ကွက်ထိုက်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွက်ဖက်နေခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာအနေဖြင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်အပေါ် ပြောင်ကျကျစွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း၊ တိုင်းပြည်တခုခြင်းအလိုက်နှင့် နိုင်ငံရေးလုပ်ခြင်းအတွက် မဲပေးခဲ့ခြင်းဖြစ်နေကြောင်း၊ မည်သို့ဆိုစေကာမူ ကုလသမဂ္ဂနှင့် အထွေထွေအတွင်းရေမှူး၏(ဂွတ်-အောဖစ်စ်) ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာသည် ဤဆုံးဖြတ်ချက်ကို ဦးညွတ်မှာမဟုတ်ကြောင်း ပြောဆိုသွားသည်။

နောက်ဆက်တွဲ VII

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်၍မဲပေးခြင်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်သော ဆုံးဖြတ်ချက်အမှတ် (အေ/၆/၃၄၃၀/အက်ဒ်၃) အား ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ပျက်ကွက်မဲ ၄၅ ကို အောက်ပါအတိုင်း ရရှိ-မှတ်တမ်းတင်သည်။

ထောက်ခံသည့်နိုင်ငံများ

အာဖကန်နစ်စတန်၊ အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ အာမေးနီးယား၊ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယန်၊ ဘောစနီးယား-ဟက်ဇာဂိုဘီးနား၊ ဘော့စ၀ါနာ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ချီလီ၊ ကော့စတာရီကာ၊ ခရိုယေးရှား၊ ဆိုက်ပရပ်စ်၊ ချက်-ရီပတ်ဘလစ်၊ ဒင်းမတ်၊ ဒိုမီနီကန်-ရီပတ်ဘလစ်၊ အရီထရီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဂရိစ်၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊ အိုက်စလန်၊ အီရတ်၊ အိုင်ယာလန်၊ အစ်စရေး၊ အီတလီ၊ ဂျပန်၊ ကဇာ့ကစတန်၊ လတ်ဗီးယား၊ လက်ဘနွန်၊ လီချင်စတိုင်း၊ လစ်သူယေးနီးယား၊ လူဇင်ဘာ့ခ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်းစု၊ မောရေးရှပ်စ်၊ မက်စီကို၊ မိုက်ခရိုနီးရှား၊ မိနာကို၊ မွန်ဂိုလီးယား၊ မွန်တေနီဂရိုး၊ မောရိုကို၊ နော်ရူး၊ နယ်သာလင်၊ နယူးဇီလန်၊ နော်ဝေ၊ ပလူးအာ၊ ပနာမား၊ ပါရာဂွေး၊ ပိုလန်၊ ပေါ်တူဂယ်၊ ကိုရီးယားသမတနိုင်ငံ၊ မောလ်ဒိုဗာသမတနိုင်ငံ၊ ရိုမေးနီးယား၊ ဆာမိုအာ၊ ဆန်မာရီယို၊ ဆလိုဗေးကီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ မက်ဆီဒိုနီးယား(ယခင် ယူဂိုဆလားဗီးယား)၊ တီမော-လက်ဆီ၊ တွန်ဂို၊ တူရကီ၊ ယူကရိန်း၊ ယူနိုင်တက်-ကင်းဒန်း၊ ယူနိုက်တက်စတိတ်စ်၊ ယူရူဂွိုင်း၊

ကန့်ကွက်သည်နိုင်ငံများ

အယ်လ်ဂျီရီးယား၊ အဇာဘိုဂျန်၊ ဘ၈င်္လားဒေ့ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရုနိုင်း-ဒါရူဆလမ်၊ ချိုင်းနား၊ ကျူးဘား၊ ဒီမိုကရက်ကိုရီးယားသမတနိုင်ငံ၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ သီရီလင်္ကာ၊ ဆူဒန်၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ဇင်ဘာဘွေ၊

မဲမပေးသည့်နိုင်ငံများ

အင်ဂိုလာ၊ အင်တီဂုအာနှင့်ဘာဘူဒါး၊ ဘာရိန်၊ ဘာဘေဒို့စ်၊ ဘိုလီဗီးယား၊ ဘာကီနာဖါဆို၊ ကင်မရွန်၊ ကိုလန်ဘီယာ၊ ကွန်ဂို၊ ကို့တီဘွာ၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဂန်ဘီယာ၊ ဂါနာ၊ ဂရင်နေဒါ၊ ဂီနီဗစ်ဆော၊ အင်ဒိုနီးရှား၊ ဂျမေကား၊ ဂျော်ဒန်၊ ကင်ညာ၊ ကူဝိတ်၊ ကာဂျစ်စတန်၊ လီဆိုသို၊ မာလာဝီ၊ မာလီ၊ မောရီတေးနီးယား၊ မိုဇန်ဗစ်၊ နမီးဘီးယား၊ နီပေါ၊ နိုက်ဂျာ၊ ပါကစ်စတန်၊ ဖိလစ်ပင်း၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ စင်္ကာပူ၊ ဆောလ်မွန်ကျွန်းများ၊ တောင်အာဖရိက၊ ဆွာဇီလန်၊ တာဂျစ်ကစ်စတန်၊ ထိုင်းလင်း၊ တရီနီဒက်နှင့်တိုဘာကို၊ ယူအေအီး၊ တန်ဇန်နီးယား၊ ရီမင်၊ ဇမ်ဘီယာ၊

ပျက်ကွက်သည့်နိုင်ငံများ

အင်ဒိုရာ၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘီနင်၊ ဘူတန်၊ ကန်ဘောဒီးယား၊ ကိပ်ဗာဒီ၊ ဆင်ထရယ်-အာဖရိကသမတနိုင်ငံ၊ ချတ်ဒ်၊ ကိုမိုရော့စ်၊ ကွန်ဂို၊ ဂျဘူတီ၊ ဒိုမီနီကန်၊ အယ်လ်ဆာဘာဒို၊ အီကွေတိုရီရယ်-ဂီနိ၊ ဖီဂျီ၊ ဂါဘွန်၊ ဂီနိ၊ ဂိုင်ယာနာ၊ ဟေတီ၊ ကီရီဘာတီ၊ လိုက်ဘေးရီယား၊ မဒါဂါ့စကာ၊ နိုက်ဂျီရီးယား၊ ပါပူအာနယူးဂီနိ၊ ရ၀န်ဒါ၊ စိန့်ကစ်စ်နှင့်နီဗစ်၊ စိန့်လူးစီယာ၊ စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ်၊ ဆာအိုတိုမ်နှင့်ပရင်စပိ၊ ဆီနီဂေါ၊ ဆားဗီးယား၊ ဆေရှယ်လ်၊ ဆာရာလီအွန်၊ ဆိုမာလီ၊ ဆူရီနမ်၊ တွန်ဂို၊ တူနီရှား၊ တာ့ခ်မင်နီစတန်၊ တူဗလော၊ ယူဂန်ဒါ၊ ဗင်နော်တူး၊

ဘာသာပြန်၊
(အင်စီဂျီယူဘီ)ရုံး၊ နယူးဒေလီ

27 December 2008

Shameful Error from Military Junta's Newspaper

မြန်မာစစ်အဆိုးရ၏ လေသေနတ်
မြန်မာ့အလင်း သတင်းစာထဲမှ အလွဲအမှား




(၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈) ရက်၊ စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင် ဖော်ပြပါရှိသော သတင်းတစ်ပုဒ်၏ ခေါင်းစဉ်နှင့် သတင်းပါစာသား အလွဲတစ်ခုကို တင်ပြလိုက်ပါသည်။
(ပူးတွဲပါ ပုံများကို ကြည့်ရှုပါ)

သတင်းစာသည် တိုင်းပြည်နိုင်ငံ့အကျိုးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်ရမည့်အစား ယခုအခါ မြန်မာ့အလင်း၊ ကြေးမုံ အစရှိသော သတင်းစာမှန်သမျှသည် စစ်အဆိုးရအလိုကျ၊ အယောင်ဆောင် ၀ါဒဖြန့်ချိရေး သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများသက်သက်ကိုသာ နေ့စဉ်လိုလို ထည့်သွင်းပုံနှိပ်ဖော်ပြပြီး ပြည်သူပြည်သားများ၏ အသိဥာဏ်တိုးတက်မှု၊ စဉ်းစား-ဝေဖန်-ဆန်းစစ်-ပြုပြင်ဥာဏ်တိုးတက်မှု နှေးကွေးစေအောင် အတင်းကာရော မှိုင်းတိုက်၍ထားသည်ကို တွေ့ ရှိရပါသည်။

ယခု (၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈)ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ပထမဆုံး စာမျက်နှာမှ စ၍ စစ်ဆေးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲက ကိုသန်းရွှေ၏ ဓာတ်ပုံ၊ စကားများကို ဖတ်မိ၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်လာခဲ့ရာ စာမျက်နှာ(၆)က သတင်းခေါင်းစဉ်နှင့်စာသား အလွဲအမှားကြီးတစ်ခုကို ဖတ်ရှုမိလိုက်ရပြီးမှသာ စိတ်ဆင်းရဲမှုများ အတန်ငယ် အယားပြေသွားကာ ခန္ဓာကိုယ်+စိတ်အတွင်းမှ အမှတ်တမဲ့ ပေါ်ထင်းလာသော ရယ်ချင်စိတ်ကိုတောင် မနည်းကျိတ်မှိတ် မျိုချ၊ ထိန်းသိမ်းထားလိုက်ရပါကြောင်း...။ ။

ညိုကြီး

24 December 2008

About a City of Burma

မြို့ တဲ့ဗျို့ 
- ပလူတို -



လတစ်ခြမ်းပဲ သာခဲ့ရင်တောင်
ကောင်းကောင်း လမ်းလျှောက်လို့ရတဲ့ မြို့  ။

လမိုက်တဲ့ည.. ကြားလမ်းထဲမှာ
ချိုင့်ကျရင်တောင် သံစဉ်ဖြစ်တဲ့ မြို့  ။

ယောက္ခမက လူတွေကို သေတအာရုံပေးပြီး
သမက်က လူတွေကို စက္ခုအာရုံပေးတဲ့ မြို့  ။

ကိုယ်ထင်ရာ ကိုယ်လုပ်ကြပြီး ထမင်း၀၀နဲ့
သက်သက်သာသာနေချင်တဲ့ မြို့  ။

စားသောက်ဆိုင်ဖွင့် ငွေစုငွေချေးလုပ်ရင်းနဲ့
ပန်းချီဆရာလုပ်လို့ရတဲ့ မြို့  ။

လမ်းဘေးစာအုပ်ဟောင်းရောင်းရင်းတောင်မှ
စာပေလောကကို အုပ်စီးဖို့ စိတ်ကူးနိုင်တဲ့ မြို့  ။

လမ်းထောင့်မှာ ဘတ်(စ်)ကား လက်မှတ်စစ်ရင်းနဲ့
ဝတ္ထုတိုကောင်းကောင်းတွေရတဲ့ မြို့  ။

ယုံကြည်မှုရှိလိုက်ပုံက
ကျူလီယာရောင်းတဲ့ လူကို
“၂၅” ထပ်ဈေး ဆောက်ခိုင်းတဲ့ မြို့  ။

ဝိုင်းတကာ လှည့်ပြီး ချဲ့ လင့်လုပ်နေတဲ့သူကို
ကဗျာဆရာလို့ ခေါ်တဲ့ မြို့  ။

ဖိတ်သမျှ လိုက်ပြီး လက်ဆောင်တောင်းတဲ့
စာနယ်ဇင်းဆရာတွေများတဲ့ မြို့  ။

ဘတ်(စ်)ကား မစီးတတ်၊ လမ်းမလျှောက်တတ်တဲ့ မြို့  ။

ဒေသစုံက စားဖွယ်စုံကို အသွင်ပြောင်းပြီး
မမှတ်မိအောင် လုပ်တဲ့ မြို့  ။

ဒီမြို့  ဒီမြို့ 
လုပ်ချလိုက်ပုံက
မုန့် “၂”ခြမ်းကို လင်မယား လုပ်စားတဲ့ မြို့  ။

မြေကြီးထဲက တီကောင်ကို မုန့်နာမည်တပ်တဲ့ မြို့  ။

ဂျုံစေ့ကို ကုလားစပါးလို့ ခေါ်ပြီး ယိုလုပ်ရောင်းတဲ့ မြို့  ။

မိုးရွာမှာ မကြောက်ပေမဲ့
ရေလျှံမှာ ကြောက်နေတဲ့ မြို့  ။

အစွမ်းကုန်ပြောလိုက်မယ်
အရက်ကိုတောင် မြို့ နာမည်နဲ့ စက်ရုံတည်ပြီး
သောက်တဲ့ မြို့  ။

တာရဲတန်းလူရွှင်တော်တွေက အဆိုတော်လုပ်ပြီး
အဆောက်အဦ အင်ဂျင်နီယာက ဘိသိက်မြှောက်တဲ့ မြို့  ။

မီးမလာတာ မကြောက်ပေမဲ့
မီးလောင်ရင် သိပ်ကြောက်တဲ့ မြို့  ။

ဒီမြို့ မှာ ပေါများလိုက်ပုံက
ပေစာ၊ ကျောက်စာတွေတင်မက
အုတ်ဂူပေါ်မှာ ရေးတဲ့ သင်္ချိုင်းစာပါရှိတဲ့မြို့  ။

အပေါင်းအသင်းမရှိရင် ဘာမှ လုပ်မရတဲ့ မြို့  ။

ဒီမြို့  ဒီမြို့ မှာလေ
ယုံယုံကြည်ကြည်၊ စိတ်စိတ်ချချ
ဖာသိဖာသာ၊ တိုးတိုးတိတ်တိတ်
လုံလုံခြုံခြုံ၊ စည်းစည်းရုံးရုံး ။ ။

ပလူတို

20 December 2008

INSIDE BURMA NOW-A-DAY (4)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၄)"


ဗမာပြည်- မြို့ ကြီးတစ်မြို့ က တရုတ်ပိုင် ရွှေဆိုင်ကြီးတစ်ခုရဲ့  ခြေရင်းမှာ အခုလို အိပ်ပျော်နေရှာတဲ့
ဗမာကလေးတစ်ယောက်ရဲ့  ဘ၀ကို မြင်ရတာဟာ သိပ်ကြေကွဲဖို့ကောင်းတာပဲ ။
ဝင်ငွေနဲ့ ထွက်ငွေ မမျှတရှာတဲ့ ဗမာ့အခြေခံအလုပ်သမားလူတန်းစားတွေရဲ့  နုံချာလှတဲ့ ဘ၀တွေ...
ဘယ်တော့များမှ လူလုံးသူလုံးလှလာပါလိမ့်မလဲ...

ဗမာပြည် မကွေးမြို့ က တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းအကြိုအပို့လုပ်ပေးတဲ့
ကျောင်းကားကြီးတွေဟာ သိပ်ခမ်းနားလွန်းနေမလားပဲ

လူမျိုးခြားတွေနဲ့ စစ်အဆိုးရအဖွဲ့ဝင်တွေ၊ စစ်အဆိုးရနဲ့ ပတ်သက်သူတွေ အများဆုံးပိုင်ဆိုင်တဲ့
နောက်ခံတိုက်တာအဆောက်အဦတွေရှေ့ က လယ်ယာမြေတစ်ကွက်မှာ
ကလေးတွေကို အလုပ်သမားတွေအဖြစ် မြင်ရတဲ့ မြင်ကွင်းလေးတစ်ခုပါ

17 December 2008

Please! Love Burma Children (POEM)

ကလေးတွေကို စာနာကြပါ
- ချမ်းတိုင်းကျော် (မန္တလေး) -



လူဖြစ်ပါက...ကယ်ကြ
ကလေးတွေကို
မင်းတို့- သူတို့- ငါတို့ဟာ
ကလေးဘဝက ကြီးလာတာ
ဒါတွေ...
အတွေ့အကြုံနည်းလွန်းတဲ့အခါ
ကိုးနှစ်၊ ဆယ့်တစ်နှစ်အရွယ်
ကလေးတွေ...
သင်္ချာမတွက်တတ်တဲ့
ကလေးတွေ...
စာမတတ်တဲ့
ကလေးတွေ...
မိဘ မသိတတ်တဲ့
ကလေးတွေ...
.................
ကလေးတွေ...
................
ကလေးတွေ...
လက်ဖက်ရည်ဆိုင်၊ ယမကာဆိုင်မှာ
စားပွဲထိုး ဝင်လုပ်ကြ
ဝပ်ရှော့မှာ ပညာသင်ကြ
စက်ရုံ၊ အလုပ်ရုံတွေမှာ တွေ့ကြရ
ပန်းရံတွေ လိုက်လုပ်ကြ
လမ်းခင်း ကျောက်တုံးတွေ 'မ' ကြ
နေ့စား ကလေးတွေ...
အော်...ပညာရေး...
စာပေပညာရေးဆိုတာ.....။ ။

ချမ်းတိုင်းကျော် (မန္တလေး)

15 December 2008

A Notice for Generals (POEM)

မင်းသတိထား
BLACK


အတိတ်-သံသရာကြားမှာ
လူနည်းစု စစ်ဝါဒလေးအတွက်နဲ့
လူအများစုကြီးအပေါ် အနိုင်ကျင့်ခြယ်လှယ်နေတာ
မင်း လုပ်သမျှ မင်း ကောင်းဖို့ပဲပေါ့ ။

ဆုံးဖြတ်ချက်တွေက မျက်နှာလွဲ ခဲပစ်
အပြောအဆိုတွေက ကလေးဆန်ဆန် ။

ကမ္ဘာတောင် မီးမလောင်သေးဘူး
ကိုယ့်သားကောင်ကို ချနင်းပစ်ရဲတဲ့ မင်း
မင်းကျင့်တရား ဆယ်ပါးကိုရော
မင်း သိရဲ့လား ?

မင်း ဘာတွေပဲ လုပ်လုပ်
ဒီပန်းချီကားရဲ့ နောက်ဆုံးစုတ်ချက်ရောက်ရင်
အပြစ်နဲ့ ဒဏ်
မင်း ခံရမယ် !!!

BLACK

----------------------------------------------------------------------------------------------------
PHOTO 1 - http://static.guim.co.uk/sys-images/Guardian/Pix/pictures/2008/05/23/thanshwe1.jpg
PHOTO 2 - http://cache.daylife.com/imageserve/0cuj7cMcNb01I/610x.jpg

14 December 2008

AUNG SAN'S MYANMAR (POEM)

အောင်ဆန်းပေးတဲ့မြန်မာပြည်

icy


(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
“ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
““ငါတို့ အားကိုးပါရစေ”” ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
““ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ““ ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
““ငါတို့ စွန့်ပါရစေ”” ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

““မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။””

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

icy


-------------------------------------------------------------------------------------

Aung San Photos - http://aklatt2008.multiply.com/
Poem - http://s0wha1.blogspot.com/2008/07/blog-post_16.html ("s0wha1 blog မှ ရရှိသည်")

11 December 2008

DECLARATION OF COW RIGHTS

ဂေါဏသမဂ္ဂအဖွဲ့ကြီးမှ ကြီးမှူးကျင်းပအပ်သော
နွားအခွင့်အရေးနေ့ မိန့်ခွန်း
ယမထာ



ဂေါဏသူ ဂေါဏသားအပေါင်း အို နွားကောင်းတို့...

ယနေ့ (၁၀၊ ဒီဇင်ဘာ)နေ့တွင် မန္တလေးမြို့ အရှေ့စူးစူး နွားလဘို့တောင်ထိပ်ဦး၌ ငါတို့ နွားအပေါင်း သူတော်ကောင်းတို့ သောင်းသောင်းခြိမ့်ခြိမ့် တငြိမ့်ငြိမ့်စုဝေး ဆွေးနွေးတိုင်ပင်ရခြင်းအကြောင်းမှာ ဂေါဏသမဂ္ဂပဋိညာဉ်စာတမ်းကြီးအရ နွားတို့၏ အခွင့်အရေးကို မသိသေးသော နွားကလေးတို့လည်း သိစေ၊ သိပြီးနွားကြီးတို့အားလည်း တိုးပြီးတောင်းရဲစေ သို့ကလို အကြောင်း ဂုဏ်ဟိတ်ဖြင့် ခြုံငုံ၍ ဖိတ်လိုက်ရခြင်း ဖြစ်ပေသည်။

အကြောင်းကို ဆိုရသော် ယခုအချိန် သမယ ဂုဏ်သိမ်ရအောင် လူ့ဘောင်သင်းပင်း ထိုငပျင်းတို့က "ဂေါဏေန ဂေါဏော၊ သမဏေန သမဏော" သဘောဆိုးရွား ဆိုးရိုးစကားတို့ဖြင့် ငါတို့ နွားမျိုးဂုဏ်ကို ချိုးရုံနဲ့ အားမရ ဂျိုကုတ်ရှိရာ ဂျိုထောင်မလာ မသာမယာ ထိုအသုံးဖြင့်လည်း လူ့ငတုံးတို့ကို တင်စားပြောဆိုကြပေပြီ။

အမှန်မူ "၀ဏ္ဏိ တဗ္ဗော ပသံသိ တဗ္ဗောတိ ဂုဏေ ဂုဏော ဘာဝေါ ၀ိယာတိ ဂေါဏော" သဘောဖွင့်ထုတ် ၀ိဂြိုဟ်လုပ်ရပါမူ လူတကာ အပြီးမှန်းတဲ့ ချီးမွမ်းထိုက်သော ဂုဏ်ဟိတ်တို့ဖြင့် ဖိတ်ဖိတ်လက်နေသော သတ္တ၀ါကို ဂေါဏော - နွားမည်၏ ဟု ဆိုရပေခြိမ့်မည်။

တကယ်ထုံးနည်းအရ တစ်ဘို့တည်းရှိသော ဘို့ကိုလည်း အပြစ်ဖို့ကြ၏။ အမှန်မှာ ထိုဘို့လို ဧက ၀စနံ - တစ်ခွန်းတည်းစကားကို ဆိုတတ်၏ဟု အဓိပ္ပာယတ္ထ အနက်ဖွင့်ရမူ လွန်စွာကောင်းပေ၏။ ငါတို့သည် လူတို့ကဲ့သို့ စကားအမျိုးမျိုးမဆို မှန်သော စကားကိုသာဆို၏။ လူတို့ကဲ့သို့ အသားအမျိုးမျိုးကိုမစား ကောက်ရိုးနှင့် မြက်တည်းဟူသော သက်သတ်လွတ်ကိုသာ စား၏။ တစ်ကောင်နှင့် တစ်ကောင် အနိုင်ကျင့်အုပ်ချုပ်ခြင်းလည်း မရှိ။ မိမိကိုယ်သာ မိမိအုပ်ချုပ်စီမံ၏။

ယခုအခါ ငါတို့ မှီတင်းနေထိုင်ရာ ဗမာနိုင်ငံကြီးကို ကြည့်ပါဘိဦး။ လောကနီတိပျို့လာ စကားနှင့် ဆိုရချေသော်
"ဘသာပုံဆောင်၊ ခွေးနှစ်ကောင်သည်၊ တစ်ကောင်ခွေးအား၊ တွေ့လတ်အားမူ၊ အံသွားကြိတ်ခဲ၊ ရှေ့သွားဖြဲ၍၊ ဟိန်းဟဲလျက်သာ၊ ငြူစူပါ၏၊ ယုတ်မာသည့်သူ၊ အမိုက်လူက၊ သူတော်သူကောင်း၊ တွေ့လတ်ရှောင်းသော်၊ ခြိမ်းမောင်းဟိန်းဟောက်၊ အကောက်ပြုလွယ်၊ လွန်ချုပ်ချယ်၏။"
...ဆိုတဲ့ စကားလိုပဲ သူတော်ကေင်း သူမြတ်လောင်းတို့မှာ ဖိနှိပ်၊ ချုပ်ချယ်၊ နှိပ်စက်ညှင်းပမ်းခံနေကြရပေ၏။

အို ဂေါဏအပေါင်း နွားသူတော်ကောင်းတို့

ငါတို့ နွားလောက၌ အုပ်ချုပ်သူ နွားတန်းစားမရှိသဖြင့်၊ ထိုသို့ အနိုင်ကျင့်သူမရှိသဖြင့် လူတို့ထက် တစ်ခွင့်သာပြန်၏။ နောက်တစ်ကြောင်းလည်း နွားဗိုလ်၊ နွားမှူးမတ်မရှိသဖြင့် မူးမတ်တို့ကျင့်သင့်၊ ကျင့်အပ်သော ခွေးကျင့်ခြောက်ပါးလည်း ခေါက်ထားနိုင်ရာ၏။ မူးမတ်စစ်ဗိုလ်တို့ ကျင့်အပ်သော ခွေးကျင့်ခြောက်ပါးကား အဘယ်နည်းဟူမူ-
၁။ မပျင်းမရိ လုံ့လ ၀ီရိယရှိခြင်း
၂။ ကျွေးသမျှ မွေးသမျှနှင့် ခွေးဘ၀ အားလျော်စွာ ရောင့်ရဲရှာခြင်း
(ဤ၌ အထူးကား မူးမတ်စစ်ဗိုလ်များတွင် တစ်သိန်း၊ နှစ်သိန်းစား စစ်ဗိုလ်ဟူ၍ ပုဂ္ဂိုလ်အလိုက် မိုက်သည့် “ဇ” အားလျော်စွာ ရာဇာသခင်က ခန့်ထားပြီးနောက် တစ်ကောင့်တစ်ကောင်နေရာမလုရာ သခင်ကျွေးသမျှ၊ ပေးသမျှနှင့် ရောင့်ရဲရမည်ဟူသော ခွေးများကျင့်တန်း၊ ကျမ်းဂန်မိန့်သောကြောင့် ပေတည်း။)
၃။ ခေါင်းချလျှင် ချခြင်း အိပ်ပျော်လွယ်ခြင်း
၎။ အိပ်ပျော်ရာမှ ပီတိကျ၍ ခဏမကြာ နိုးလွယ်ခြင်း
၅။ ကိုယ့်သခင်ကို ခင်မင်လွန်မင်း ချစ်ခင်ခြင်း
၆။ ရဲရဲရင့်ရင့် ပွဲလယ်တင့်အောင် သခင့်အကြိုက် အကိုက်ခိုင်းလျှင် ကိုက်ခြင်း၊ ဟောင်ခြင်း၊ ဟိန်းခြင်း

အို...သွားတမြုံ့မြုံ့နဲ့ ခေါင်းငုံ့နေကြတဲ့ နွားအပေါင်းတို့

ကျွန်ုပ်တို့နွားအပေါင်းတွင် ဘုရင်မရှိသဖြင့် ထိုခွေးကျင့်တို့ကို ကျင့်ကြံစရာ မရှိပေ။
ထို့ပြင်တစ်ကြောင်း ကျွန်ုပ်တို့ နွားအပေါင်းတွင် စုဆောင်းငွေကြေးနှင့် ဗိုလ်ကတော်လေးတို့လည်း မရှိရကား လစာရိက္ခာ အသပြာလာဘ်လာဘကို အလသဿ အသုံးကြီးမည်ဟု ဖြုန်းတီးပစ်ကြသော ဗိုလ်ကတော်တို့ကဲ့သို့ “ဗိုလ်ကတော် ကျွန်ပုံပေါက်တယ် ခွေးလောက်မကောင်း” ဟူသော ပြစ်တင်ကဲ့ရဲ့သံကိုလည်း မကြားရပြီ မဟုတ်လော။

စားမြုံ့တစီစီနဲ့ ရီပြနေကြသော နွားအပေါင်းသူတော်ကောင်းတို့

အကြောင်းကိုဆိုသော် ဗိုလ်ကတော်တို့ကဲ့သို့ သားငါးမစားသဖြင့် သန်းဝေခြင်း အကျင့်လည်း ကျွန်ုပ်တို့တွင် မရှိ၊
ရာထူးမလိုသဖြင့် ဗူးယိုတို့ အကျင့်အခန့်၊ အမြီးလည်း မနံ့၊
လက်နက်မစွဲကိုင်သဖြင့် ကုလားထိုင်လည်း မလု၊
ပါးစပ်တပြင်ပြင်နဲ့ စားချင်ဝါးချင်ပုံကိုလည်း မပြ (လိုအပ်လျှင် ဗိုက်ထဲမှ အစာကိုထုတ်၍ စားမြုံ့ခတ်နိုင်၏)

အသံတဟိန်းဟိန်းဖြင့် ၀ူးထရိန်း၊ ၀ူးထရိန်း သြဘာပေးနေကြသော နွားအပေါင်းသူတော်ကောင်းတို့

သမိုင်းကြောင်းမအီမသာနဲ့ ရှက်စရာ သတ်ဖြတ်ညှင်းပမ်းခြင်းတွေလည်း မရှိရကား ငါတို့နွားသမိုင်း ရာဇ၀င်သည်ကား စာတင်ရအောင်ပင် လက်မထောင်၍ နေခြိမ့်မည်။ ငါတို့ ဘုံပိုင် မြက်တောကြီးများ ဖြီးဖြီးထနေသဖြင့် စားနပ်ရိက္ခာ၊ နွားကမ္ဘာအတွက် မပူရ၊ ဗိုက်ဝ၍သာ အီတော့သည်။ ထို့ကြောင့် နွားဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများလည်း ထားစရာမလို။ တစ်ကောင်နှင့်တစ်ကောင် မာန်စောင်၊ စားခွက်လုစရာ အလုပ်မဟုတ်သဖြင့် နွားလုံခြုံရေးကောင်စီ ဆိုပြီးလည်း ကြောင်စီစီ ဖွဲ့စရာမလိုတော့ပေ။ နွားလိုနေပြီး နွားလိုသေကြရမည်ဖြစ်သောကြောင့် နွားဂုဏ်သိက္ခာအပြည့်အ၀ဖြင့် နွားကမ္ဘာကြီး သာယာနေပေလိမ့်မည်။

နွားမာန်တင်းတင်းဖြင့် စင်းစင်းကြီး ရပ်နေကြသော နွားအပေါင်းတို့

တစ်နေ့က ငါတို့ အိမ်နီးနားချင်း ခြသေ့င်္မင်းတို့ မင်္ဂလာသဘင် လက်ထပ်ဆင်ယင်၍ သွားသည့်သတင်းကို တီဗွီမှ တစ်ဆင့် အသင့်ကြည့်လိုက်ရသော ကျွန်ုပ်၏ မင် အင်မတန်တဲ့ ချစ်မိတ်ဆွေကြီးသညသ် မပြုံးဘဲနှင့် ၀ါးလုံးကွဲရီသော ဟူ၏။ အကြောင်းကို မေးချေသော် ဒီကောင်ကြီး မင်္ဂလာဆောင်တာ ကောင်းတယ်။ နောက် (၇) ရက်လောက်ကြာရင် ဒီခြင်္သေ့ကောင် ငါတို့လို နွားဖြစ်တော့မှာပဲ လို့မြင်လို့ သဘောကျပြီး ရီတာပါတဲ့။ သို့ကြောင့် မည်မျှ ရာထူးကြီးကြီး တံခိုးထွားထွား၊ မိန်းမယူလိုက်တာနှင့် တစ်ပြိုက်နက်တည်း ကျွန်ုပ်တို့ နွားဘ၀သို့ သက်ဆင်းကြရမည်မှာ မလွဲဧကန်တည်း။

အို သဘောတိမ်တိမ်နှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြကုန်လင့် နွားအပေါင်းတို့

ဒင်းတို့ နွားဘ၀ သက်ဆင်းလာကြသော်လည်း ကျွန်ုပ်တို့ ဘုံပိုင် မြက်တောကြီးများကိုတော့ ယောင်၍မျှ ကိုင်ကြမည်မဟုတ်ပေ။ နောက်တစ်ထွေလည်း ကျွန်ုပ်တို့ နဂိုထဲက နွားဂုဏ်သိက္ခာ အပြည့်ရှိပြီးဖြစ်လို့မို့ သူတို့လို နောက်ထပ်ဂုဏ်ဆုတ်ယုတ်ဖို့ရာ မလိုတော့။ ထို့ကြောင့် သဘောတိမ်တိမ်နဲ့ မစိုးရိမ်ကြလေနဲ့။

အို သဘော သကာယ အပြည့်အ၀နဲ့ နွားဂေါဏတို့

ကျွန်ုပ်တို့ ယခု နွားအခွင့်အရေးနေ့ အခမ်းအနားကြီး မပြီးဆုံးမီ အစီအစဉ်နောက်ဆုံး၌ အုပ်ချုပ်သူများ သောက်သုံးမကျသဖြင့် ကျဆုံးရရှာသော မြစ်ဝကျွန်းပေါ်နေ နာဂစ်မှာ သေကြေရရှာတဲ့ ကံခေရှာသူ နွားသူ၊ နွားသားများအတွက် အခမ်းအနားမသိမ်းမီ ၀ူးထရိန်း၊ ၀ူးထရိန်း မတွန်ကြဘဲ လွန်စွာမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် မိနစ်ဝက် ငြိမ်သက်ခါ “နွားအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ” မေတ္တာပွားရင်း နွားအချင်းချင်း ဂုဏ်ပြုလိုက်ကြပါစို့...လို့ တိုက်တွန်းရင်း ယနေ့ နွားအခွင့်အရေးနေ့ အခမ်းအနား မိန့်ခွန်းကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါကြောင်း နွားအပေါင်းတို့ ။

ဂေါဏသမဂ္ဂ အဖွဲ့ကြီး အဓွန့်ရှည်ပါစေသော်

ဝူးထရိန်း
ဂေါဏသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်
ဂေါဏသမဂ္ဂအဖွဲ့

BURMA RIGHTS

BURMA RIGHTS
BigBBrown


In Burma,
No Human Rights
In Burma,
Only Military Rights
In Burma,
No People Rights
In Burma,
Only Evils Rights
In Burma,
No Rights
In Burma,
Only Tight
In Burma,
Burma Rights must be
The Burma Fight!

BigBBrown

08 December 2008

PRIZES FOR THE JAILED MONKS

အာဇာနည် ရဟန်း၊ သံဃာတော်များကို မေ့င့်
ယမထာ


(Photo - Monks and Burma Evils' Forces - 26,sep,007, AFP)



ယခုအခါ နိုင်ငံခြားအဖွဲ့အစည်းအမျိုးမျိုးမှ အကျဉ်းကျ ဗမာ့နိုင်ငံရေးသမား လူပုဂ္ဂိုလ်များအား ဆုများအမျိုးမျိုး ပေးအပ်လျက် ရှိသည်။ (ဥပမာ- ဇာဂနာ၊ နေဘုန်းလတ်)
သို့သော် ထောင်တွင်းရောက် ရဟန်း၊ သံဃာတော်များကို ဆုပေးကြရန်မူ သတိလစ်ဟင်း မေ့လျော့နေလေသလော မပြောတတ်ပေ။

၂၀၀၇၊ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး၏ အဓိက သူရဲကောင်း၊ အာဇာနည်များထဲတွင် ယခု ထောင်သွင်းအကျဉ်းကျခံရသော သံဃာတော်များလည်း အပါအ၀င်ဖြစ်သဖြင့် ထိုသို့ တိုင်းပြည်အတွက် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်လွှတ် ဆောင်ရွက်ခဲ့သော ရဟန်း၊သံဃာတော်များကို ဆုပေးရန်ကိစ္စအား မမေ့အပ်ပါပေ။

ထို့ကြောင့် ထိုသို့ အကျဉ်းကျ ရဟန်း၊ သံဃာတော်အသီးသီးအား သာသနမောဠိ စသော အဖွဲ့အစည်းများမှ ဆုများပေးပြီး ဂုဏ်ပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆုနာမည်ဥပမာ= မဟာပရိယောဒါတ ဘွဲ့

မဟာပရိယောဒါတ = ကြီးမြတ်သော ဖြူစင်သူ (သို့မဟုတ်) ကြီးမြတ်သော အလုံးစုံ ဖြူစင်သူ

ယမထာ

06 December 2008

Buddhism and Burma Military Evils

ဘုရားရှင်သာသနာ နှင့် စစ်ဝါဒီကြီးများ
အရှင်ရာဟုလာ



ဘုရားရှင်ရဲ့ သံဃာ့အဖွဲ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော်အောင် ရှည်ကြာခဲ့ပါပြီ။ ဒီလို အရှည်တည်နိုင်ခြင်းရဲ့ အကြောင်းအရင်း၊ အသက်ဟာ "၀ိနည်း" ဆိုတဲ့ စည်းကမ်း ဥပဒေဘဲ ဖြစ်ပါတယ်။

ဝိနည်းတော်ဟာ သာသနာတော်ရဲ့ အသက်ပါ (၀ိနယော နာမ သာသနဿ အာယု)။ သာသနာရဲ့ အသက်ဖြစ်တဲ့အတွက် ၀ိနည်းတရားတော်ကို သံဃာတော်တွေက ဆောင်ထားရတာပါ။ ထို့ကြောင့်ပဲ သာသနာတော်ရဲ့အသက်ဟာ သံဃာတော်တွေပဲ ဖြစ်ပါတယ်။ ဒီလို သံဃာတော်တွေဟာ ပဓာနကျ နေတဲ့အတွက် ဘုရားရှင်လက်ထက်ကတည်းက ၀ိနည်းတရားတော်တွေကို သင်ခြင်း၊ ကျင့်ခြင်း (သိက္ခာကရဏီယ) တွေကို အားထုတ်ခဲ့ကြတာပါ။

ရှေးဦးစွာ ၀ိနည်းတော်တွေကို သိဖို့အတွက်၊ နားလည်ဖို့အတွက် သင်ယူရပါတယ်။ ဘုရားရှင်ဟာ ၀ိနည်းတရားတော်တွေကို ဘာကြောင့်ပညတ်တယ်၊ ဘယ်နေရာမှာ ပညတ်တယ် စတာတွေကို အကြောင်း ၀တ္ထုတွေနဲ့ အကျယ်တ၀င့် ဟောခဲ့တာတောင်မှ ၀ိနည်းစည်းကမ်းတွေကို မြတ်နိုးတော်မူကြကုန်သော သီလ၊ သမာဓိ၊ ပညာ အဖက်ဖက်က ပြည့်စုံကြတဲ့ ဆရာတော်တွေက အဋ္ဌကထာကျမ်းတော်တွေ၊ ဋီကာကျမ်းတွေကို ရေးသားခဲ့ကြပါတယ်။

ဘယ်အရာမဆို နားလည်မှ မြတ်နိုးခြင်း၊ လက်ခံခြင်း၊ ကျင့်သုံးခြင်း ဆိုတာကို ဆောင်ရွက် အားထုတ်ကြတာပါ။ နားလည်လက်ခံပြီး လက်တွေ့ကျင့်သုံးခြင်း၊ အသုံးပြုခြင်း မှသည် တိုးတက်ခြင်း စည်ပင်ပြန့်ပွားခြင်းကို သွားရတာပါ။

ဘုရားရှင်ရဲ့ သာသနာတော် ၂၅၀၀ ကျော်သည်အထိ ရှင်သန်နေတာဟာ ၀ိနည်းစည်းကမ်းတွေကို နားလည်အောင် ကြိုးစားကြခြင်း၊ သင်ယူကြခြင်းတို့ဟာ အဓိက ဖြစ်ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အဖွဲ့အစည်းပါ။

အဖွဲ့အစည်းရှိပြီဆိုလျှင် စည်းကမ်းဥပဒေဆိုတာ ရှိကြရမြဲ ဖြစ်ပါတယ်။ စည်းကမ်းဥပဒေရှိပြီဆိုလျှင် နားလည်ဖို့ သင်ယူကြ၊ အကျယ်တ၀င့်ရှင်းပြကြ စတာတွေ လုပ်ကြရတာပါ။ ဦးဇင်းတို့ရဲ့ မြန်မာနိုင်ငံကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို အကျယ်တ၀င့် ရှင်းပြခြင်း၊ သင်ယူကြခြင်း လုံးဝ မရှိကြပါဘူး၊ စာအုပ်တောင် လုံလုံလောက်လောက် ထုတ်မပေးနိုင်ပါဘူး။ ဒီစာအုပ်တွေဟာ တစ်အိမ်တစ်အုပ် ရှိနေရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ အလွတ် မကျက်နိုင်ပါဘူး။

ဦးဇင်းတို့ မစိုးရိမ်တိုက်မှာတော့ ကျောင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကျောက်စာနဲ့ ထုထားပါတယ် (ပါဠိလို)။ အဆောင်တိုင်း အဆောင်တိုင်းမှာ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို မှန်ဘောင်ကွပ်ပြီး ချိတ်ဆွဲ ပေးထားပါတယ်။ ဒီ စည်းမျဉ်းတွေဟာ စာသင်သား သံဃာတွေအတွက်ချည်းသာ မဟုတ်ဘဲ၊ နာယက ဆရာတော်ကြီးတွေက အစ လိုက်နာကြရတာပါ။ အပြစ်ပေးခံရတဲ့ စာသင်သား သံဃာတော်တွေဟာ ဥပဒေနဲ့ ညီ မညီ သိနိုင်သလို၊ ဥပဒေနဲ့မညီလျှင် စောဒက တက်လို့ရပါတယ်။

မြန်မာပြည်ရဲ့ စစ်ခေါင်းဆောင်တွေလုပ်ပုံကတော့ ဥပဒေကို ရေးဆွဲပြီးပြီလို့သာ ကြေညာပြီး ချမပြရဲ ရှင်းမပြရဲ ဖြစ်နေတဲ့အပြင် ၀ှက်ထား၊ ဖျောက်ထား၊ မျက်ကွယ်ပြု၊ မမြင်ယောင် ဆောင်ထားပါတယ်။ ဒီလို ဖျောက်ထားပြီး ရှင်းမပြရဲတဲ့ ဥပဒေကို ဗြောင်ကျကျ လိမ်ညာပြီး၊ ခြောက်လှန့်ပြီး ပြည်သူကို အတည်ပြုခိုင်းပါတယ်။ ဒီနည်းနဲ့ ဥပဒေကို ဘယ်သူကျင့်သုံးမလဲ။ ကျင့်သုံးသူ မရှိတဲ့ ဥပဒေနဲ့ နိုင်ငံတော် တိုးတက်ဖို့ ဘယ်လိုများလုပ်ကြမှာလဲ။ စစ်ခေါင်းဆောင်တွေ အတည်ပြုပေးလိုက်တဲ့ မြန်မာဒီမိုကရေစီနိုင်ငံကြီးကတော့ မယုံလျှင် ပုံပြင်လို့သာ မှတ်ကြပေတော့။

ဒီနေ့ ပြည်သူလူထုက အတည်ပြုပေးထားတဲ့ ဥပဒေကို နိုင်ငံရေးသမားမဟုတ်တဲ့ စီးပွါးရေးသမားရဲ့ လက်ထက် ရောက်သွားတဲ့အတွက် ထိုင်း ဒီမိုကရေစီ နိုင်ငံကြီးကတော့ ပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။ နိုင်ငံရေး စီးပွါးရေး လုံခြုံရေး ပညာတွေကို မသင်ခဲ့ရ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကလည်း နားမလည်တဲ့ စစ်ခေါင်းဆောင်တွေ အတည်ပြုထားတဲ့ အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို

အို… အသင်ပြည်သူအားလုံးတို့ စဉ်းစားကြပါကုန်

အို… တက္ကသိုလ်ပညာရှိ ပါမောက္ခဆရာကြီးတို့ စဉ်းစားကြပါကုန်

အို… ကျောင်းသားလူငယ်တို့ စဉ်းစားကြပါကုန်

အို… ကုန်သည်ကြီးများတို့ စဉ်းစားကြပါကုန်

ဆရာတော်ဘုရားကြီးတို့ ဆုံးမကြပါကုန်

ဒီနေရာမှာ ကျေးလက်မှာ တွင်ကျယ်တဲ့ စကားပုံလေးတစ်ခုကို ပြောပြချင်ပါတယ်။ "အရူးဘုံမြှောက် ချီးခြောက်ကောက်စား" ဟူသတည်း။

အရှင်ရာဟုလာ
(2/ December/ 2008)

04 December 2008

They don't fail to remember NARGIS VICTIMS

နာဂစ် (၇) လပြည့်



မန္တလေးမြို့၊ မစိုးရိမ်တိုက် နယကဆရာတော်များဦးဆောင်သော
နာဂစ်လေဘေး ကူညီရေး အဖွဲ့က
စတုတ္ထအကြိမ်မြောက် သွားရောက်လှူဒါန်းဦးမည်

မစိုးရိမ်ဆရာတော်များ စတုတ္ထအကြိမ်မြောက် သွားရောက်လှူဒါန်းမည့်ဒေသမှာ ဧရာဝတီတိုင်း၊ အမာမြို့နယ်၊ ဖိုးဘကုန်းကျေးရွာနှင့် အနီးတ၀ိုက်ဖြစ်ပြီး လှူဒါန်းမည့် ပစ္စည်းစာရင်းမှာ-

၁။ ဗလာစာအုပ် (၁၅၆၈ ဒါဇင်နှင့် ၆အုပ်၊ ကတ္ထူ ၁၄ အုပ်)
၂။ အ၀တ်အထည်၊ စောင်၊ ခြင်ထောင် မျိုးစုံ (၁၈ အိတ်)
၃။ လက်စွဲအိတ်+ဖိနပ် (၁ အိတ်)
၎။ ဘောပင် ၃၊ ခဲတံစသည် ၁၊ ဆပ်ပြာခဲ-၃၊ သွားတိုက်ဆေး ၂၊ သွားတိုက်တံ ၃၊ ဆေး၊ပြဌာန်းစာအုပ် ၁ (ဂျပ်ဖာ ၁၃ ဖာ)
၅။ ဆန် (၄ ပိုင်း)
၆။ ပဲ (၂ အိတ်)
၇။ ဆပ်ပြာမှုန့် (၂ အိတ်)
၈။ ဇလုံ-ပန်းကန် စုပေါင်းထုပ် (၅ ထုပ်)
--------------------------------------------------
စုစုပေါင်း ၈၇ မျိုး

၉။ အခြားပစ္စည်းများ (လျှောက်လွှာစာရွက် ၁ ထုပ်၊ ခဲတံ ၁ ဒါဇင်၊ သင်္ကန်း ၁ စုံ၊ ထီး ၃ လက်၊ ဖိနပ် ၁ ရံ၊ နေရာထိုင် ၄၊ ရေနွေးဗူး ၁)

ငွေစုစုပေါင်း
၁၃၁၆၅၀၀ ကျပ်တိတိ ။

ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် နာဂစ်လေဘေး ဒုက္ခသည်များအတွက် မစိုးရိမ်ကျောင်းတိုက်မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(မြန်မာပြည်တွင်း)

နာယကဆရာတော်များအဖွဲ့
မစိုးရိမ်ကျောင်းတိုက်ကြီး
ဦးဓမ္မသာမီဘိဝံသ- ဖုန်း- ၀၉-၂၀၃၅၆၄၅
ဦးသီလာနန္ဒာဘိဝံသ-ဖုန်း-၀၉-၂၀၃၅၆၇၄

မစိုးရိမ်ကျောင်းတိုက်ကြီး
၈၇ လမ်း၊ ၃၆x၃၇ လမ်းကြား၊ မန္တလေး

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(ပြည်ပ)

ဦးပညာဇောတ
မော်စန္ဒရ၀မ်း မန္တလေးကျောင်းတိုက်
မယ်စရီယန်မြို့
ထိုင်းနိုင်ငံ
ဖုန်း- ၀၈၆-၁၈၂၉၅၂၆
Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank

-------------------------------------------------------------------------------------------------------------------------

7 month after Cyclone Nargis



NARGIS VICTIMS SAVING ASSOCIATION (NVSA)

LED BY MASOEYEIN MONASTERY


December, 2008

7 month after cyclone Nargis, Masoeyein Monks will go and give helps to the Nargis hit area for the 4th time.
If you want to donate for the Nargis Victims, join this association.


Address for donation (In Myanmar)

Sasana Nyupadesa (Middle-Main Building)
Masoeyein Monastery
Between 87 and 88 Streets, Between 36 and 37 Streets, Mandalay, Myanmar.
U Dhammasami – ph- 09-2035645
U Silananda – ph- 09-2035674

Email: nvsassociation@gmail.com


Address for donation (Overseas)

U Pannajota
Wat Mandalay Monastery
Maesariang
Maehongson

Thailand
Phone : 086-1829526

Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank

------------------------------------------------------------------------------------------------------------------

ဆက်စပ်အကြောင်းအရာများ (Related Pages to Read)

02 December 2008

No Pain, No Gain

မိမိကိုယ်ကို မိမိ မေးပြီး ရိုးသားစွာဖြေပါ
အိမ်လွမ်းသူ



ညီညွတ်ရေး ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် နေရာတိုင်းလောက်နီးနီးမှာ ကြားနေရတယ်။ ကောင်းသော အသံတွေလို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ "ထိုင်နေတော့ အကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလိုမျိုးအဖြစ်တွေလည်း ကြားနေရပါတယ်။ တစ်တော တစ်ဘုရင် မင်းမူနေသော နာမည်ရအဖွဲ့များမှ ခေါင်းဆောင်ကြီးမှာတော့ မျိုးတူသံလိုက်ဓါတ်ချင်း ဇိကုတ်ဆွဲကပ်လိုက်သလို နီးအောင်အတင်း ပေးကပ်လိုက်တော့မှ နဂိုရှိရင်းထက်ပိုဝေးသော နေရာကို အရှိန်ပြင်းစွာ ကျောခိုင်းသွားနေကြတာကိုလည်း မြင်နေရပါတယ်။

ဘယ်လိုခေါင်းစဉ်အောက်မှာ ညီညွတ်ကြမလဲ ပေါင်းစည်းကြမလည်းဆိုတာကို မဆိုထားနဲ့ ညီညွတ်ကြဖို့ ပေါင်းစည်းကြဖို့ လုပ်ဖို့လိုတယ်ဆိုတာ ကြားတာနဲ့တင် တီကောင်ဆားနဲ့တွေ့သလို တွန့်သွားကြတာတွေလည်း ရှိပါတယ်။
မတူတာတွေ ခွဲလုပ်ပြီး တူတာတွေပေါင်းလုပ်ကြတာပေါ့လို့ ပြောသူတွေ အတော်များများရှိပါတယ်။ ဒါပေမယ့် မြင်းအလုပ်မြင်းမလုပ်ဘဲ ခွေးအလုပ်ကို သွားလုပ်ပေးမိလို့ အရိုက်ခံရတဲ့ ပုံပြင်ကိုလည်း မေ့ထားလို့မရပါဘူး။
ဒီတော့ ပေါင်းစည်းရေး ညီညွတ်ရေးကို ခဏ အသာထားလို့ မိမိကိုယ်တိုင် ဘာလိုချင်သလဲ၊ ဘာဖြစ်ချင်သလဲ ဆိုတာ မညှာတမ်း မညာတမ်း မိမိကိုယ်မိမိ မေးပြီး အဖြေတခု ထုတ်ဖို့လိုပါတယ်။

ဘယ်သူတွေ ဒီအဖြေကို ရအောင်လုပ်ဖို့လိုသလည်း နိုင်ငံရေးသမားတွေလား၊ တော်လှန်ရေးသမားတွေလား၊ ပြည်သူတွေလား၊ မြန်မာပြည်ထဲက ဗမာတွေလား၊ တိုင်းရင်းသားတွေလား၊ ပြည်ပရောက် တတိယနိုင်ငံရောက် ဗမာတွေလား တိုင်းရင်းသားတွေလား၊ စီးပွားရေးသမားတွေလား၊၊
"လူအားလုံး" ဗမာပြည်နဲ့သက်ဆိုင်တယ်လို့ ထင်တဲ့လူအားလုံး ဖြေဖို့တကယ်ကိုလိုအပ်ပါတယ်။

ပထမမေးရမယ့်မေးခွန်းက စစ်အာဏာရှင်များနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် အမှန်တကယ် ချုပ်ငြိမ်းစေချင်သလား။ အပြန်ပြန် အလှန်လှန်စဉ်းစာပြီး သုံးကြိမ် သုံးခါ အဖြေထွက်သည်အထိ ရင်ထဲက အဖြေကို ဖြေပါ။
"ဟင့်အင်း" သူ့ဘာသာသူနေ ငါ့ဘာသာနေတာ သူ့ဟာသူ ချုပ်ချုပ်၊ မချုပ်ချုပ် "နေသာသပ လေညှာက" ဆိုရင်တော့ ဘာမှဆက်ပြီး စဉ်းစားနေစရာမလိုတော့ပါဘူး။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်အကျိုးစီပွားကို နေမြဲအတိုင်းဆက်လုပ်နေပါ။
"ဟုတ်ကဲ့" ဒီအာဏာရှင် စစ်ဗိုလ်ချုပ်တွေနဲ့ အာဏာရှင်စနစ်၊ အာဏာရှင်တွေက တရားနည်းလမ်းမရှိ အဓမ္မရေးဆွဲထားတဲ့ အခြေခံဥပဒေ တွေ မရှိမှဖြစ်မယ်၊ ချုပ်ငြိမ်း ပပျောက်မှဖြစ်မယ်ဆိုရင်တော့ နောက်ထပ်မေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ဆက်ပြီး မေးသင့်တယ်။

တစ်ခုခု လိုချင်ရင် တစ်ခုခုနဲ့ ပေးဆပ်ရတာ၊ အလဲအလှယ်လုပ်ရတာ သဘာဝ ထုံးစံတခုပါ။ အဲဒီတော့ ကိုယ်လိုချင်တာရဘို့ ဖြစ်ဘို့ ကိုယ်ဘာတွေ ပေးဆပ်နိုင်သလည်း။ ကိုယ့်မှာရှိတဲ့ ဘယ်အရာတွေနဲ့ လဲလှယ်နိုင်သလည်း။ ကိုယ်ဆီမှာရှိနေတဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို အစတေးခံ အဆုံးရှုံးခံပြီး လိုချင်တာကို လဲလှယ်ရယူုနိုင်မလား။
ရှိနေတဲ့ဟာတွေ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကိုတော့ နဲနဲမှ အဆုံးအရှုံးမခံနိုင်ဘူး၊ မပေးဆပ်ချင်ဘူး။ စစ်အာဏာရှင်တွေ ပပျောက်သွားတာကိုဘဲ လိုချင်တယ်ဆိုရင် ရနိုင်ပါ့မလား ရပါ့မလား။

လိုချင်တဲ့ ရလဒ်ကို ရဖို့ ကိုယ်ကျိုးစွန့်ပေးဆပ်ဘို့လိုတယ် ဆိုရင်ဖြင့် ကိုယ်က ဘာတွေကိုပြည်သူ့အတွက် ပေးဆပ် စွန့်လွှတ်နိုင်မလည်းဆိုတာကို စီစစ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပါရမီ အနုအရင့်ကိုလိုက်ပြီး စွန့်လွှတ်နိုင်မှုက တူမှာမဟုတ်ပါဘူး။ အချို့က အများအတွက် အသက်ကိုစွန့်နိုင်တယ်၊ တချို့က အချိန်ကိုစွန့်ုနိုင်တယ်၊ တချို့က ငွေကြေးကိုစွန့်နိုင်မယ်။ ဒါပေမယ့် ဒီနေရာမှာ နည်းနည်းရင်းပြီး များများအမြတ်လိုချင်လို့တော့ ရနိုင်မှာမဟုတ်ဘူးဆိုတာ သဘောပေါက်ကြဖို့တော့ လိုလိမ့်မယ်လို့ ထင်ပါတယ်။

နောက်တခုက ငါဘာကောင်လည်း ငါဘာကောင်ဖြစ်ခဲ့ဘူးတာပဲ၊ ငါဘာလုပ်ခဲ့တာပဲ အစရှိတဲ့ ရွှေထီးဆောင်းခဲ့သော ကာလ ရွှေထီးဆောင်းနေသောကာလတို့ကို မေ့ထားပြီး ပြည်သူအတွက်ငါဘာတွေ လုပ်ပေးနိုင်သလဲ၊ ငါဘာတွေလုပ်ပေးသင့်သလဲဆိုတာ အလေးအနက်စဉ်းစားကြစေလိုပါတယ်။ ငါဘာတွေလုပ်ချင်သလဲ မဟုတ်ဘူး။ လုပ်နိုင်သလဲ၊ လုပ်သင့်သလဲ။

အတိုက်အခံများနဲ့ အတိုက်အခံခေါင်းဆောင်များအားလည်း အကြံပြုလိုသည်မှာ မိမိတို့မှာရှိတဲ့ စည်းစိမ် ဥစ္စာ၊ အာဏာ၊ ရာထူးတွေက နအဖစစ်ဗိုလ်ချုပ်များ၏ စည်းစိမ် ဥစ္စာ၊ အာဏာ၊ ရာထူးတွေလောက် မများ၊ မကြီးကျယ်၊ မခမ်းနားသော်လည်း ၎င်း ရာထူး၊ အာဏာ၊ ဥစ္စာများကို အလွယ်တကူ မစွန့်နိုင်လျှင် နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်များက သူတို့၏ ရာထူး၊ အာဏာ၊ ဥစ္စာများကို ရော့၊ အင့် ဟုဆိုပြီး လွယ်လင့်တကူ ပေးအပ်နိုင်ပါမည်လား။

အနှစ် ၂၀၊ အနှစ် ၂၀ ဆိုတာတွေလည်း နားမဆန့်အောင်ကြားရပါတယ် အဲဒီအနှစ် ၂၀ ဆိုတဲ့ဟာကြီးက ကျွန်ုပ်တို့ ရှေ့လျှောက်ရမယ့် ခရီးကို အဟန့်အတားပြုနေတာကိုလည်း သတိပြုကြစေလိုပါတယ်။ အဲဒီ နှစ် ၂၀ က အဖြစ်အပျက်တွေကို ခဏ မေ့ထားပြီး အရေးတကြီး လုပ်စရာရှိတာကို အားလုံး တညီတညွတ်တည်း စလုပ်နိုင်မယ့် နေ့ကို နံပါတ်တစ်နေ့လို့ သတ်မှတ်ပြီး စပြီး လုပ်နိုင်ကြဘို့ အဲဒီလိုမျိုးစိတ်ကိုမွေးကြဖို့ လိုပါတယ်။ အဲဒီလိုစိတ်မျိုး မမွေးနိုင်ကြသေးရင်တော့ အခုလိုဘဲ သူ့ငါစွပ်စွဲ ငါ့သူစွပ်စွဲ။ ဟိုလူကထဖြေရှင်းလိုက် ဒီလူကထဖြေရှင်းလိုက်။ မိမိလုပ်တာတွေ မိမိပေါင်းအပါလုပ်တာတွေ မှန်တဲ့အကြောင်း ထောက်ခံဖြေရှင်းလိုက် ကန့်ကွက်ဖြေရှင်းလိုက်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောလိုက်နဲ့ လိုရာခရီးကို ရောက်လိမ့်မယ်လို့ မထင်ပါဘူး။

ယနေ့ပြည်သူများသိရမှာကတော့ ငါတို့ကတော့ဘာမှ လုပ်ဖို့မလိုဘူး နိုင်ငံရေးစိတ်ဝင်စားသူတွေ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ ကျောင်းသားတွေ လုပ်ကြမယ် သူတို့ကငါတို့အတွက်လုပ်နေတာပဲ၊ သူတို့နောက်က အေးအေးလူလူ လိုက်သွားရင် ငါတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို တစ်နေ့တော့ရောက်သွားမှာပဲ ဆိုပြီးနောက်ကလိုက်နေလို့မရတော့ဘူး။ ကနေ့ မြန်မာတွေမှာ အာားကိုးလောက်တဲ့ခေါင်းဆောင်မရှိဘူး။ ဒီတော့ ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင် အနည်းနဲ့အများတော့ အားစိုက်ပြီး လုပ်ကြရမယ်၊ ပေးဆပ်ကြရမယ်။ ပြည်သူ့ခေါင်းဆောင်တွေဆိုတာ မိုးပေါ်ကကျလာတာမဟုတ်ပါဘူး ပြည်သူထဲကပေါ်လာတာပါ။

ဤနေရာမှနေပြီး ယနေ့ ကျွန်ုပ် စိန်ခေါ်ပြောကြားလိုပါတယ် ယနေ့ထိ နအဖ ပြုတ်သွားနိုင်လောက်အောင် စွမ်းနိုင်သောအဖွဲ့မဆိုထားနှင့် နအဖကို လောက်လောက်လားလား တန်းတူရည်တူ ခြိမ်းခြောက်နိုင်သော လူနှင့် အဖွဲ့မရှိသေး မပေါ်သေးဟုယုံကြည်ပါသည်။ အကယ်၍များ ရှိခဲ့သည်ရှိသော် လုပ်ရပ်ဖြင့် သက်သေပြကြပါ။ နာမည်ရ အဖွဲ့များ ကမ္ဘာကျော်အဖွဲ့များကို များစွာ အားနာမိသော်လည်း ဆိုရေးရှိလာ၍ ဆိုရပေသည်။

နိဂုံးချုပ်ရသော်
စစ်အာဏာရှင်များနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ် အမှန်တကယ် ချုပ်ငြိမ်းစေချင်သလား။
ကိုယ်ကိုယ်တိုင်က ဘာတွေ (မိမိရဲ့ပိုင်ဆိုင်မှု နဲ့ ရရှိနေတဲ့ အခွင့်အရေးများ) ကို ပြည်သူ့အတွက် ပေးဆပ် စွန့်လွှတ်နိုင်မလဲ။
ဆိုတဲ့ မေးခွန်း ၂ ခု ကို အဖြေထုတ်နိုင်အောင် မိမိကိုယ်ကို မိမိအရင်မေးကြပါ။ ရိုးသားစွာဖြေကြည့်ကြပါ။

No Pain, No Gain.
အိမ်လွမ်းသူ
၁၂၊ ၂၀၀၈။

--------------------------------------------------------------------------------------------------------

(E-Mail မှတစ်ဆင့် လက်ခံရရှိသော စာတစ်စောင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်
- BigBBrown)