28 April 2008

အကြံကုန် အင်တာနက် ပိတ်

အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည်
မဇ္ဈိမသတင်းဌာန
Monday, 28 April 2008 17:33 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ လာမည့် ဆန္ဒခံယူပွဲ အတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား စီစစ် ဖြတ်တောက်ရန် စီမံမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။

ဖြတ်တောက်မည့် ပုံစံမှာ ဆာဗာများ ခွဲချထားပြီး အလွှာလိုက် ဖြတ်တောက်မည့် ပုံစံ ဖြစ်သည်။

အများပြည်သူသုံး အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း စသဖြင့် အဆင့် ၃ ဆင့် ခွဲကာ ဖြတ်တောက်မှု ပြုလုပ်မည် ဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

အစိုးရဘက်မှ ခွင့်မပြုလိုသော အချက်အလက်များ၊ ဓာတ်ပုံများ အင်တာနက်မှ ထွက်ပေါ်လာသည်ကို စတင် တွေ့ရှိပါက ပထမဆုံး PAC ခေါ် အများပြည်သူသုံး အချက်အလက် စင်တာများအား စတင် ပိတ်ဆို့မည် ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ငန်းနှင့် ရုံးများအတွင်း အင်တာနက်ကို ဖွင့်လှစ်ထားမည် ဖြစ်သည်။

ဆက်လက် ထွက်ပေါ်နေပါက အဆိုပါ စီးပွားရေး လုပ်ငန်းသုံး ဆက်ကြောင်းကို တားမြင့် ပိတ်ဆို့မည် ဖြစ်သည်။ နောက်တဖန် ထွက်လာပါက ခရီးသွား လုပ်ငန်းများ၏ ဆက်ကြောင်းကို ပိတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးဟု ခေါ်တွင်သည့် သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲ ဖြစ်ပွားစဉ်က သတင်း အချက်အလက်များနှင့် ဓာတ်ပုံများ အင်တာနက်မှတဆင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် ပြန့်နှံ့မှု ဖြစ်ခဲ့ပြီးနောက် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားလျှင် ပိတ်ဆို့မှုပြုရန် စစ်အစိုးရက ကြိုးစားနေခဲ့သည်။

"ထိုသို့ အဆင့်ဆင့် ပိတ်ဆို့ခြင်းဖြင့် ဘယ်နေရာတွေက သတင်းများ ထွက်ပေါ်နေသည်ကို သိရှိရန်မှာ လွယ်ကူသွားသလို အင်တာနက်အား ပိတ်ဆို့ထားသည် ဟူသော နိုင်ငံတကာ ပြောဆိုမှုမှလည်း လွတ်မြောက်ဖွယ်ရှိရန် စီစဉ်ထားခြင်း ဖြစ်သည်" ဟု စစ်အစိုးရ အင်တာနက် ထိန်းချုပ်ခြင်းကို စောင့်ကြည့် လေ့လာနေသူ ရန်ကုန်ရှိ ကျွမ်းကျင်သူ တဦးက ပြောသည်။

ထို့အပြင် ပိတ်ဆို့ရာတွင် လုံးဝ သုံးမရအောင် ပိတ်ဆို့ခြင်းနှင့် နှေးကွေး လေးလံစွာ သုံးရေရအောင် ဘန်းဝှစ် Bandwidth လျော့ချခြင်း နှစ်မျိုးဖြင့် လုပ်ဆောင်ဖွယ် ရှိကြောင်းလဲ ပြောသည်။

လက်ရှိ အခြေအနေတွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများ၏ အင်တာနက် ကွန်နက်ရှင်သည် ဆက်လက် နှေးကွေးနေဆဲ ဖြစ်သည်။

စက်တင်ဘာ တော်လှန်ရေးတွင် အင်တာနက် ထွက်ပေါက်ကို အစိုးရမှ ပိတ်ဆို့လိုက်ပြီးနောက် မြန်မာပြည်အတွင်း ခရီးသွားလုပ်ငန်း အပါအ၀င် အခြားသော ဆိုက်ဘာ အခြေပြု စီးပွားရေး လုပ်ငန်းများတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။

No comments: