01 September 2008

POEM FOR THE MIND GAME 2

အခန်းဆက် သူရဲကောင်း
ခိုင်နေဒီ

အမေရိကန် သမ္မတ ရီဂင်လည်း မရှိတော့ဘူး
ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့လည်း မရှိတော့ဘူး
ဘာလင်နယ်ခြားတံတိုင်းမှာ
အရှေ့ဂျာမနီ အမည်ဆိုတာလည်း မရှိတော့ဘူး
တောင်အာဖရိက စတုတ္ထစိန်များထွက်ရာ
အင်ဂိုလာနိုင်ငံမှာ ကျူးဘားတပ်ဖွဲ့လည်း မရှိတော့ဘူး
သမ္မတ ဟိုးဆေး အဲဒွါဒို ဒို့စ်ဆန်းတော့စ်လည်း မရှိတော့ဘူး
ဆန့်ကျင်ဘက် ဒေါက်တာ ယီးနက်ဆာဗင်ဘီရဲ့
ယူနီတာ အဖွဲ့လည်း လုံးဝမရှိတော့ဘူး။
လေယာဉ်ပျံတွေရဲ့ အတိုက်အခိုက်ခံ
နယူးယောက်မြို့က
ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံလည်း မရှိတော့ဘူး
အာဖဂန်နစ္စတန်တောင်တန်းမှာ
အယ်ခိုင်ဒါ အကြမ်းဖက်အဖွဲ့လည်း မရှိတော့ဘူး။
မရှိခြင်းတရားက
ကံစီမံရာ ရှင်သန်ခွင့်မှာ
ဗင်လာဒင် အုတ်ဂူပေါ် ဆေးလိပ်ထိုင်သောက်ချင်တဲ့
အမေရိကန် သမ္မတ သား - ဂျော့စ်ဘုရှ်တော့ ရှိသေးတယ်။

ခိုင်နေဒီ


(ကမ္ဘာ့ကဗျာနေ့ WORLD POEM DAY - March, 21. 2008 ကဗျာစာအုပ် (ပခုက္ကူ)မှ ကူးယူဖော်ပြသည်)
(ဘုရှ်ဓာတ်ပုံ - http://blog.pennlive.com/)

No comments: