20 November 2010

Pre Ta-Saung-Tine Bomb From Mandalay

တန်ဆောင်တိုင်အကြိုဗုံး မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ပေါက်ကွဲ





ယနေ့ (၂၀၊ နိုဝင်ဘာ၊ ၂၀၁၀) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေး အိမ်တော်ရာ ဘုရားဝင်း အင်္ဂါထောင့်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူတစ်ဦး၏ မျက်နှာနှင့် လက်တို့ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ဗုံးပေါက်ကွဲချိန်တွင် ဗုံးအနီးတွင် ဘုရားသန့်ရှင်းရေး ကုသိုလ်လာယူနေကျ ပြင်ဦးလွင်မြို့နယ်၊ ရေသယောက်ကျေးရွာဘက်မှ လင်မယားနှစ်ဦးရှိနေကြောင်း၊ ထိုလင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ အထက်ပါ လင်မယားက အ၀တ်စ တစ်စကို ဆွဲလိုက်ရာက ဗုံးထကွဲသည် (သို့) သေတ္တာငယ်တစ်ခုကို ဆွဲလှပ်လိုက်ရာမှ ဗုံးထကွဲသည် စသဖြင့်လည်း အမျိုးမျိုး ပြောဆိုနေကြသည်။

ဗုံးပေါက်ကွဲပြီး မကြာမီ မန္တလေးတိုင်းမှူးကိုယ်တိုင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ ဗုံးပေါက်ကွဲပြီးနောက် အိမ်တော်ရာဘုရားရင်ပြင်တော်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားလိုက်ပြီး နေ့လည်ပိုင်းတွင်မူ လုံခြုံရေးလျှော့ချကာ ရဲသားအနည်းငယ်ခန့်ကိုသာ ဆက်လက်ထားရှိတော့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဟု သတင်းများလည်း ကြားနေရပြီး အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည် မန္တလေး မလာမီ အိမ်တော်ရာဘုရား အင်္ဂါထောင့်တွင် ဗုံးခွဲခဲ့ရာ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ယတြာချေ ကြိုဆိုလိုက်ခြင်းလော၊ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ခြောက်လှန့်လိုက်ခြင်းလော၊ ဘုရားပေါ် ဗုံးခွဲကာ ဘာသာ၊ သာသနာကို စော်ကားလိုက်ခြင်းလော၊ မတော်တဆ ဗုံးထကွဲခြင်းလော ဆိုသည့် အချက်များမှာမူ ဗုံးကွဲစေသူကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။

အချို့သော မန္တလေးသားများကမူ စစ်အာဏာရှင်များက လူထုအင်အားပရိသတ် တစ်စတစ်စ တိုးသထက်တိုးလာနေသော ဒေါ်အောင်ဆန်းစုကြည် မန္တလေးမလာမီ ခြောက်လှန့်စေသည့်သဘောဖြင့် တန်ဆောင်တိုင်အကြိုဗုံးကို ခွဲခြင်းဖြစ်သည်ဟု ပြောဆိုနေကြပေသတည်း။ ။

Nyo Gyi
20. 11. 2010

(အထက်က ပုံမှာ ဗုံးပေါက်ကွဲပြီးနောက် ဖူးမြင်ရသော မန္တလေး အိမ်တော်ရာ ဘုရားပုံ ဖြစ်ပါသည်)

No comments: