13 January 2024
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
 Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်ကျေးရွာ ကို လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ် သတင်းစာရှင်းလင်းပွဲ
09 January 2024
"အသည်းနာ ကမ္ဘာမကြေ" သီချင်း - မာမာအေး
 "အသည်းနာ ကမ္ဘာမကြေ" သီချင်း
အဆိုတော် - မာမာအေး
သရုပ်ဖော်ပုံ - ဟန်လေး
20 September 2022
နိုင်ငံတကာ ရင်သွေးငယ်များ (2011 - 2022 မြန်မာရင်သွေးငယ်များ) Music Video
နိုင်ငံတကာ ရင်သွေးငယ်များ
တေးရေး --- မင်းချစ်သူ
တေးဆို --- ဇော်ဝင်းထွဋ်၊ တူးတူး၊ ချစ်ကောင်း၊ ထူးအိမ်သင်၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဂရေဟမ်၊ စည်သူလွင်၊ အဲလက်စ်၊ R ဇာနည်၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်
Video Editing --- Don Nyo Gyi (September 2022)
(Credit to original Creators)
(သတိ !!! ဤရုပ်သံဗီဒီယိုတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် ကြွေလွင့်ထိခိုက်ခဲ့ရသော မြန်မာရင်သွေးငယ်များ ပါဝင်သည်)
19 July 2020
တပ်ထွက်များ၊ အကျင့်ပျက်ဝန်ထမ်းများနဲ့ မြန်မာနိုင်ငံ့အရေး
“တပ်ထွက်များ၊ အကျင့်ပျက်ဝန်ထမ်းများနဲ့ မြန်မာနိုင်ငံ့အရေး”
ဒွန်ညိုကြီး
“တပ်ထွက်” လို့ ဆိုတာက တပ်မတော် သို့မဟုတ် စစ်တပ်ကနေ အငြိမ်စားယူပြီး အရပ်ဖက် ဝန်ထမ်းလောက၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့်မှာ ဝင်ရောက်ပြောင်းရွှေ့လှုပ်ရှားနေကြတဲ့ သူများကို ဆိုလိုတာပါ။ “မိုးကျရွှေကိုယ်” ဆိုပြီး ခေါ်ဆိုကြတာလည်း ရှိပါတယ်။ မိုးပေါ်က ကျလာသလို စစ်တပ်က အငြိမ်းစားယူပြီးတာနဲ့ အရပ်ဖက်ဝန်ထမ်းလောကမှာ ရာထူးအမြင့်နေရာကနေ ဘေးတိုက်ဝင်ပြီး တာဝန်ထမ်းဆောင်တော့ ဆိုင်ရာဝန်ကြီးဌာနမှာ အခြေကနေ တက်လာတဲ့ ဝန်ထမ်းတွေအတွက် တိုးစရာ ရာထူးနေရာလွတ် ပိတ်ဆို့တဲ့သဘောမို့ မိုးကျရွှေကိုယ်တွေဆိုပြီးလည်း ခေါ်ဆိုကြတာပါ။ အချို့ဆိုရင် မူလစစ်ဘက်တာဝန်ထက် တစ်ဆင့်/နှစ်ဆင့် မြင့်တဲ့ ဝန်ထမ်းရာထူးတွေကို ခုန်ကူးယူတာမျိုးပါ။
ဇာတ်လမ်းက ဘယ်ကစသလဲဆိုတော့ ရှေးသမိုင်းတွေကို မပြောလိုတော့ဘဲ ၁၉၈၈ ခုနှစ်၊ နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကာလအပြီးမှာ အာဏာသိမ်းပြီးတက်လာတဲ့ တပ်မတော်အစိုးရ သို့မဟုတ် စစ်အစိုးရ အုပ်ချုပ်စဉ်ကာလတွေကနေပဲ စပြောပါ့မယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကာလမှာလည်း နိုင်ငံတော်ခမျာ ငြိမ်ဝပ်ပိပြားပြီး တပ်ဘက်က အရပ်ဘက်ပြောင်းလာတဲ့ တပ်ထွက်တွေ သူဌေးဖြစ်အောင် တည်ဆောက်ခဲ့ကြပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကာလ မှာလည်း နိုင်ငံတော်တော့ မသိ၊ တပ်ထွက်တွေကတော့ အေးချမ်းသာယာပြီး ဆက်လက်ဖွံဖြိုးတိုးတက်ခဲ့ ကြပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း တပ်ထွက်တွေ အရပ်ဘက်ကို ဝင်လာမစဲ တသဲသဲရှိလို့မို့ ကျန်းမာရေးဝန်ကြီးဌာနအတွင်းက ဆရာဝန်တွေရဲ့ ဖဲကြိုးနက်လှုပ်ရှားမှုတွေနဲ့ တပ်ထွက်တွေ အရပ်ဘက်ကို ထပ်မဝင်လာဖို့ စုစည်းဆော်ဩခဲ့ကြတာကို အမှတ်ရကြမယ်ထင်ပါတယ်။
တပ်မတော်သား၊ စစ်သားလည်း ကိုယ့်နိုင်ငံသားပါပဲ။ ဒါကိုလက်ခံပါတယ်။ သူတို့မှာလည်း သူတို့ကို မှီခိုနေတဲ့ မိသားစုတွေ၊ သူတို့ရဲ့ ရှေ့ဘဝတက်လမ်းတွေ၊ တိုင်းပြည်တာဝန်ထမ်းဆောင်လိုစိတ်ရှိတာတွေကို  နားလည်လက်ခံနိုင်ပါတယ်။ ရောဂါကြောင့်ဖြစ်စေ၊ ဒဏ်ရာကြောင့်ဖြစ်စေ၊ တာဝန်ပေးလို့ဖြစ်စေ၊ တပ်ဘက်မှာ တာ၀န်မထမ်းဆောင်လိုတော့ဘဲ အရပ်ဘက်ကို ပြောင်းလဲတာ၀န်ထမ်းဆောင်လိုလို့ဖြစ်စေ စစ်တပ်က အငြိမ်းစားယူပြီးတာနဲ့ ဆက်လက်တာဝန်ထမ်းဆောင်နိုင်သေးတယ်ဆိုရင် အရပ်ဘက်ဝန်ထမ်းတွေအဖြစ် ကူးပြောင်းတာဝန်ထမ်းဆောင်လေ့ရှိတာကို အတိုင်းအတာတစ်ခုအထိ လက်ခံ၊ ခံစားလို့ရပါတယ်။
ပြဿနာစခဲ့တာက စစ်အစိုးရလက်ထက်ကာလမှာ တစ်နိုင်ငံလုံးကို စစ်ယူနီဖောင်းဝတ်ပြီး ဗိုလ်တွေဖြစ်စေချင်တဲ့ စေတနာနဲ့ စစ်သားထက် ဗိုလ်သင်တန်းသားများစွာခေါ်ယူပြီး အဘစိတ်ဓာတ်များကို လူငယ်များရဲ့ ဦးနှောက်များအတွင်း ရိုက်သွင်းပေးခဲ့ခြင်းပါပဲ။ စစ်ဆေး၊ စစ်အင်ဂျင်နီယာ၊ စစ်သူနာပြု နယ်ပယ်အစုံပါပဲ။ မေမြို့က တပ်ဂျီတီအိုင်ကျောင်းကတော့ ကျောင်းသားတွေ ပုန်ကန်တာနဲ့ ကျောင်းကို ဖျက်ပစ်လိုက်ရတာမျိုးတော့ ရှိခဲ့ပါတယ်။ ဒီတော့ တစ်နေ့တခြား ဗိုလ်တွေများလာပြီး တပ်ကနေ အရပ်ဘက်ပြောင်းတဲ့ ဗိုလ်ပမာဏကလည်း များပြားခဲ့ပါတယ်။ ဗိုလ်ကြီး၊ ဗိုလ်မှူးကအစ စုံလင်စွာပေါ့လေ။
ပြောချင်တာက ဒီလိုပါ။ စစ်သားလည်း နိုင်ငံကို ချစ်မှာပါ။ ခက်တာက သာမန် ပြည်သူပြည်သားတွေနဲ့ တိုင်းပြည်ကို ချစ်ပုံချစ်နည်းတွေ ကွဲပြားနိုင်တာပါ။ ဘက်ဆိုတာရှိပါတယ်။ ဆရာဆိုတာရှိပါတယ်။ အုပ်စုဆိုတာရှိပါတယ်။ ကိုကြီးညီလေးဆိုတာ ရှိပါတယ်။ “တို့စစ်ခေါင်းဆောင်တွေ ပြည်သူပဲ သတ်သတ်၊ ခြပဲစားစား၊ လာဘ်ပဲယူယူ တို့ကြည်ဖြူသည်” ဆိုပြီး ကြောက်လို့ဖြစ်စေ၊ တစ်သွေးတစ်သံတစ်မိန့်အရဖြစ်စေ၊ ယုံကြည်လို့ဖြစ်စေ၊ မိမိလည်း အကျိုးရှိလို့ဖြစ်စေ ဒါတွေက ဖြစ်ပျက်ခဲ့ကြပြီးပါပြီ။
ဇာတ်လမ်းက အခုမှ စမှာပါ။ ဝန်ထမ်းလောကထဲက တပ်ထွက်တွေကို တစ်ချက် ကြည့်ကြရအောင်ပါ။ သဘောက ဗျာ။ တပ်ထွက်တွေအချင်းချင်း လူစုပြီး စားကြသောက်ကြပြီဆိုပါစို့။ “အမေ ဒေါ်အောင်ဆန်းစုကြည်ကတော့ တို့နိုင်ငံအတွက် ဆုလာဘ်ကြီးပဲဟေ့” တို့ဘာတို့၊ “တို့အဘတွေ လုပ်ခဲ့တာတွေကလည်း တရားလွန်ပါတယ်ကွာ” တို့ဘာတို့ ပြောကြမယ်ထင်ပါသလား။ မိတ်ဆွေတို့ ဘယ်လိုထင်ပါသလဲ။ အဲဒါကို ကြောက်တာပါ။ အရပ်ဘက်ကို ပြောင်းပြီးသား တပ်ထွက်ဝန်ထမ်းတွေက အုပ်စုဖွဲ့၊ ဘက်ညီပြီး ဘယ်သူ့ကို သစ္စာခံမလဲဆိုတာ အရေးကြီးပါတယ်။
“တက်တဲ့အစိုးရ ငါ့အစိုးရ” ပဲဆိုပြီး လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုပဲ လုံးလုံး သစ္စာခံ စောင့်သိမယ် ထင်ပါသလား။ ဒါကို ကြောက်တာပါ။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းတွေ၊ ဉပဒေတွေက မရှိ မဟုတ်ဘူး ရှိပါတယ်။ ဒါပေမဲ့ သတင်းပေးလို့ရတယ်၊ ချောက်တွန်းလို့ရတယ်၊ ပုံဖျက်လို့ရတယ်၊ ထိမ်ချန်လို့ရတယ်၊ သပ်လျှိုလို့ရတယ်၊ အဆင်းကို ဘီးတပ်လို့ရတယ်၊ လမ်းကြောင်းကို ချိန်ညှိလို့ရတယ်။ အများကြီးပါ။ တပ်ထွက်အားလုံးကို မယုံကြည်တာ မဟုတ်ပါ။ ပင်ကိုယ်စိတ်ရင်းကောင်းမွန်ပြီး အဘမျက်နှာ မကြည့်ဘဲ တိုင်းပြည်မျက်နှာပဲ ကြည့်တတ်တဲ့ တပ်ထွက်ဝန်ထမ်းတွေလည်း ရှိမှာပါ။
ခက်တာက ဝန်ထမ်းလောကမှာရှိတဲ့ အရပ်ဘက်ပြောင်း တပ်ထွက်အင်အားစုက နည်းနည်းလေး မဟုတ်ပါ။ ဌာနတစ်ခုခုမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်လောက်တဲ့ အရာရှိအဆင့်တွေက အများစုဖြစ်ပြီး သမ္မတရုံးကအစ (သမ္မတရုံးကအစ) (သမ္မတရုံးကအစ) ဝန်ကြီးဌာနပေါင်းစုံမှာ ညွှန်မှူး၊ ညွှန်ချုပ်အထိ တပ်ထွက်တွေ အများကြီး ရှိပါတယ်။ ဒါတောင် တပ်ထွက်မဟုတ်ဘဲ တပ်မိသားစုဝင် ဝန်ထမ်းတွေ၊ တပ်မှာ ခဏတာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝန်ထမ်းတွေ၊ အဘသစ္စာခံ အရပ်သားဝန်ထမ်းတွေ၊ အကျင့်ပျက်ဝန်ထမ်းတွေ အများကြီး ရှိပါသေးတယ်။ ဒါကို ပြောချင်တာပါ။
ဒီစာအစမှာ ပြောခဲ့သလိုပဲ တပ်ထွက်တွေက ဝန်ထမ်းလောကမှာတင်မကပါဘူး အခြားနိုင်ငံရေး၊ စီးပွားရေးလောကမှာလည်း အခိုင်အမာ ခြေကုပ်ယူပြီး အချင်းချင်းချိတ်ဆက်ထားကြတာ အများကြီးပါ။
နိဂုံးချုပ်ပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိ အာဏာရအစိုးရအနေနဲ့ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်းလေးနှစ်ကျော်ကို ပြန်တွက်ကြည့်စေချင်ပါတယ်။ ဝန်ကြီးဌာနတွေ အခြေအနေဘယ်လိုရှိသလဲ၊ အဘအုပ်စု ဝန်ထမ်းတွေ ဘယ်လိုရှိသလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အမေအစ်မ ဖားပြီး ကိုယ်ကျိုးရှာတတ်တဲ့ ဝန်ထမ်းတွေကိုကော မြင်ခဲ့မိရဲ့လား ချိန်ဆစေချင်ပါတယ်။ “ရှေ့မှာ ဖားဖား၊ နောက်မှာ ဟားဟား” ဆိုပြီး အိပ်ကပ်ထဲ ပါးပါးနပ်နပ်နဲ့ သိမ်းကျုံးထည့်နေတတ်တဲ့ ခေါက်ရိုးကျိုး အကျင့်ပျက်ဝန်ထမ်းတွေ ရှိနေသေးတာကိုကော ဘယ်လိုလုပ်မလဲ။ အကျင့်ပျက်ဝန်ထမ်းကတော့ တပ်ထွက်ထွက်၊ တပ်မထွက်ထွက် အရပ်သားဝန်ထမ်းတွေထဲမှာလည်း အများကြီးရှိနေနိုင်ပါတယ်။
စိုးရိမ်တာကတော့ အာဇာနည် ဦးအောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ ၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရစဉ်ကလို လုံခြုံရေးကို ဂရုမစိုက်မိ၊ လျှော့တွက်မိခဲ့တာမျိုး မဖြစ်စေချင်တာပါ။ “သေသေကွာ..” “ငါကောင်းတာ လုပ်နေတာပဲ ... မကောင်းတဲ့သူတွေလည်း ငါ့လို ကောင်းတာတွေ လိုက်လုပ်လာမှာပဲ” “တိုင်းပြည်ကောင်းစားအောင် ငါလုပ်နေတာပဲ.. ငါ့ကို အကောက်ကြံတဲ့သူ မရှိလောက်ပါဘူး” ဆိုပြီး လျှော့မတွက် စေချင်ပါ။ “မေတ္တာပေးရင် မေတ္တာရမယ်” ဆိုပေမယ်လို့ ကိုယ်ပေးတဲ့ မေတ္တာကို မခံယူနိုင်လောက်အောင် အဘစိတ်ဓာတ် ကြီးစိုးခိုင်မာနေတဲ့သူတွေ အများကြီး ရှိနေနိုင်ပါသေးတယ်။ ဒီအစိုးရသက်တမ်း ကာလကြီးထဲမှာ ရန်ကုန်လေဆိပ်လို အထင်ကရနေရာမှာ ရှေ့နေဦးကိုနီ နေ့ခင်းကြောင်တောင် လုပ်ကြံခံခဲ့ရတာက သက်သေသာဓက တစ်ခုပါပဲ။
ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရနိုင်တယ်ဆိုတာမျိုးအထိ ပြောလိုရင်းမဟုတ်ပါ။ “ကိုယ့်လူ သူ့ဘက်သား” လုပ်နေကြမှာကို စိုးရိမ်တာပါ။ “သူ့လူ ကိုယ့်ဘက်သား” ကနည်းပြီး “ကိုယ့်လူ သူ့ဘက်သား” က များနေမလား ဆိုတာမျိုး တွေးစေချင်တာပါ။ တစ်ချက်သတိမူရမှာက လက်ရှိအစိုးရက ခန့်ထားတဲ့ ဝန်ကြီး၊ ဒုဝန်ကြီး စတာတွေနဲ့ ဝန်ထမ်းအသစ်တွေကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေဟာ အရင်အစိုးရ၊ အချို့ဆိုရင် အရင်အစိုးရအဆက်ဆက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြတာပါ။ မျက်နှာနှစ်ဖက်နဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေပါသေးတယ်။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။
ဒွန်ညိုကြီး (၂၁-၆-၂၀၂၀)
Blogger at
bigbbrown.blogspot.com
08 July 2020
စစ်အဆိုးရရဲ့ #ငြိမ်ဝပ်ပိပြား စကားလုံးကို လက်ခံသုံးစွဲနေဆဲ လက်ရှိ NLD သမ္မတကြီး ဦးဝင်းမြင့်
စစ်အဆိုးရရဲ့ #ငြိမ်ဝပ်ပိပြား စကားလုံးကို လက်ခံသုံးစွဲနေဆဲ လက်ရှိ NLD သမ္မတကြီး ဦးဝင်းမြင့်
Zawgyi> 
18 April 2019
Kyats 5000 Fine! ဒဏ်ငွေငါးထောင်
ညိုကြီး
=== Unicode ===
"မြက်ခင်းပေါ် မနင်းရ၊ ဒဏ်ငွေ ၅၀၀၀ ကျပ်" တဲ့။ တစ်ယောက် ကျပ်ငါးထောင်နဲ့ ဒဏ်ငွေသာ အတည် ဆောင်ခိုင်းလိုက်ရရင်တော့ဖြင့် ရလိုက်မယ့် ဒဏ်ကြေးငွေပဲဗျာ။ ဒီမြင်ကွင်းကိုတော့ (၁၇-၄-၂၀၁၉)၊ သြင်္ကန်အပြီး နှစ်ဆန်းတစ်ရက်နေ့၊ ညနေပိုင်းက မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့မုခ်မြောက်ဘက်က လိပ်ကန်ငါးကန်ပန်းခြံ မြက်ခင်းတွေပေါ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေရိုက်တဲ့အချိန်ကာလအပြင် အခြားအချိန်တွေ၊ အခြားနေ့ရက်တွေမှာပါ အခုလို အင်တိုက်အားတိုက် စည်းကမ်းလိုက်နာနေကြတဲ့ သဘောရှိပါတယ်။ မကောင်းတတ်လို့ မျက်နှာတွေကို ဝါးပေးထားပါတယ်ခင်ဗျ။
ညိုကြီး
13 October 2017
ဆယ်ခွေမြောက်စီးရီးအတွက် ပြင်ဆင်နေတဲ့ အငဲ
ဆယ်ခွေမြောက်စီးရီးအတွက် ပြင်ဆင်နေတဲ့ အငဲ 
(ကြေးမုံ ၁၃၊ ၁ဝ၊ ၂ဝ၁၇)
08 April 2016
ပြောင်းလဲချိန်​တန်​ပါပြီ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်မယ်ဆိုတဲ့ နေပြည်တော်(အရပ်ဘက်)ဆေးရုံကြီးမှာ "ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျန်းမာရေးမူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များမှ ကောက်နုတ်ချက်" ဆိုတဲ့ ဆိုင်းဘုတ်ကို အစိုးရသစ်တက်အပြီး တစ်ပတ်ကျော်အကြာ (8.4.2016)က မြင်တွေ့ရစဉ်
http://bigbbrown.blogspot.com
02 April 2016
Dances from Mann Shwe Set Taw Pagoda Festival - မန်းရွှေစက်တော်ဘုရားပွဲမှ အကများ
ညိုကြီး
(Unicode)
မန်းရွှေစက်တော်ဘုရားပွဲ သင်္ကြန်အကြိုနေ့ ဆွမ်းလောင်းပဒေသာပင် လှည့်လည်ပွဲအကများ
ထွန်းလင်း (သမ္ဗုဒ္ဓေ) စီစဉ်ရိုက်ကူးသည့် မြေလတ်ဒေသ တန်ခိုးကြီးဘုရားများ အပါအဝင် ရွှေစက်တော်သမိုင်းနှင့် ခြေတော်ရာ ဖွင့်ပွဲ/ပိတ်ပွဲ (မှတ်တမ်း) DVD မှ ထုတ်နုတ်တင်ဆက်ထားပါသည်။
ညိုကြီး
25 January 2016
ခေးကိုနဲ့ ကိုမင်း - အဲဒီမှာ စ​တွေ့တာပဲ
အဲဒီမှာ စ​တွေ့တာပဲ
တေး​ရေး - ​ခေးကို
တေးဆို - ​ခေးကိုနဲ့ ကိုမင်း (Khay Ko and Ko Min)
Unicode
အဲဒီမှာ စ​တွေ့တာပဲ
​တေး​ရေး - ​ခေးကို
​တေးဆို - ​ခေးကိုနဲ့ ကိုမင်​း
04 December 2015
ဥပဒေကျောင်းသားတစ်ဦးသို့
ဆရာခင်ဗျား
သာယာဝတီ၊ လက်ပံတန်းဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အကြောင်းပြုပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ဝန်းရံပြည်သူတွေကို အရေးယူထားတာတွေရှိတယ်။ ဥပဒေအရ အမြင်နှစ်မျိုးဖြစ်နေတယ်။ တစ်မျိုးက တရားရုံးက သူ့အလုပ်သူလုပ်မယ်။ ဆုံးဖြတ်မယ်။ ဆုံးဖြတ်ပြီးမှ နိုင်ငံတော်သမ္မတက တည်ဆဲဥပဒေအရ သူ့လုပ်ပိုင်ခွင့်အရ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ အမြင်ကတစ်မျိုး။ နောက်တစ်မျိုးကတော့ အမှုစစ်ဆေးနေတုန်းမှာ အမှုကို ဆက်၍မစစ်တော့ဘဲ အမှုကိုပြန်ပြီး ရုပ်သိမ်းလိုက်ရင် ပြီးတယ်ဆိုတဲ့ အမြင်ကတစ်မျိုး အဲဒီလို နှစ်မျိုးကွဲနေတယ်လို့ ယူဆတယ်။ 
ပထမအမြင်တော့ မကြာခဏ ဒီအစိုးရခေတ်မှာ ကျင့်သုံးနေကြမို့ သိရှိပြီးလိုဖြစ်နေတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄ဝ၁(၁)က ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ဆိုင်းငံ့ပြီး လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့ သဘောမျိုးဖြစ်တယ်။ 
ဒုတိယအမြင်ဖြစ်တဲ့ ပြစ်မှုကိုဆက်ပြီး မစစ်တော့ဘဲ အမိန့်ချသည်အထိ မစောင့်တော့ဘဲ ရုပ်သိမ်းခွင့်ပေးရင် ရတယ်ဆိုတဲ့ အဆိုအမိန့်ကို သိချင်ပါတယ်။ တည်ဆဲဥပဒေအရ ဘယ်လိုအခြေအနေဖြစ်နိုင်တယ်ဆိုတာ ဥပဒေစာတိုက်အခန်းက ပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ဥပဒေကျောင်းသားတစ်ဦး
ဒဂုံမြို့သစ်(မြောက်ပိုင်း)
(ဓာတ်ပုံ - စိုင်းဇော်)
ဥပဒေကျောင်းသားတစ်ဦးသို့
တူမောင်ပြောတဲ့ ပြဿနာကို အသံလွှင့်အစီအစဉ် (ရုပ်မြင်သံကြား အသံလွှင့်အစီအစဉ်)တစ်ခုမှာ ဆရာလည်း မြင်လိုက်ကြားလိုက်ပါတယ်။ ပထမနည်းလမ်းကိုတော့ ဝန်ကြီးတစ်ဦးက ပြောကြားလိုက်တယ်လို့ထင်ပါတယ်။ တရားရုံးက ပြစ်ဒဏ်အမိန့်ချ၊ ထောင်ပို့၊ နောက်မှ နိုင်ငံတော်သမ္မတက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁(၁)အရ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားလိုက်ပြီး လွတ်ငြိမ်းခွင့်ပေးတဲ့ နည်းဖြစ်တယ်။
ဒုတိယနည်းကိုတော့ ရှေ့နေများကွန်ရက်က ဝါရင့်ရှေ့နေကြီးတစ်ဦးက ဖြေကြားသွားတယ်လို့ မှတ်မိလိုက်ပါတယ်။ အဲဒီနည်းကတော့ အမှုကိုဆက်ပြီး စစ်နေစရာမလိုတော့ဘူး။ အမှုပြီးအောင် စောင့်နေစရာမလိုတော့ဘူး။ ဒီနည်းဟာလည်း နည်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ မှာ အောက်ပါအတိုင်း ပြဌာန်းထားပါတယ် -
၄၉၄ ။ မည်သည့်အစိုးရ ရှေ့နေမဆို ဂျူရီလူကြီးများနှင့် စစ်ဆေးစီရင်သော အမှုများတွင် ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက် မတင်ပြမီ ၄င်းအပြင် အခြားအမှုများ၌ စီရင်ချက်မချမီ လူတစ်ယောက်ကို ၄င်းအပေါ်စွဲဆိုထားသောအမှုမှ ယေဘုယျအားဖြင့်ဖြစ်စေ၊ ၄င်းကိုစစ်ဆေးနေသည့် ပြစ်မှုများအနက် ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ တရားရုံး၏ သဘောတူညီချက်ဖြင့် ရုပ်သိမ်းနိုင်သည်။ ထိုကဲ့သို့ ရုပ်သိမ်းသောအခါ -
(က) စွဲချက်မတင်မီ ရုပ်သိမ်းခြင်းဖြစ်လျှင် တရားခံကို အဆိုပါပြစ်မှု သို့မဟုတ် ပြစ်မှုများနှင့် စပ်လျဉ်း၍ စွဲချက်မတင်မီ လွှတ်ရမည်။
(ခ) စွဲချက်တင်ပြီးနောက်မှ ရုပ်သိမ်းခြင်းဖြစ်လျှင် သို့မဟုတ် ကျင့်ထုံးဥပဒေအရ စွဲချက်တင်ရန် မလိုအပ်သည့်အခါ အဆိုပါပြစ်မှု သို့မဟုတ် ပြစ်မှုများနှင့် စပ်လျဉ်း၍ အမှုမှ အပြီးအပြတ် လွှတ်ရမည်။
အတိုချုပ်ပြောရရင်တော့ အမှုရဲ့ မည်သည့်အဆင့်မှာမဆို ရုပ်သိမ်းခွင့်ပြုနိုင်တယ်။ စွဲချက်မတင်မီအဆင့်မှာ ရုပ်သိမ်းခွင့်ပြုရင် တရားခံ(စွပ်စွဲခံရသူ)ကို တရားရှင်လွှတ်ပေးရမယ်။ စွဲချက်တင်ပြီးမှ ရုပ်သိမ်းခွင့်ပြုရင် တရားခံကို အမှုမှ တရားသေ (အပြီးအပြတ်) လွှတ်ပေးရမယ်။ ဝါရင့်ရှေ့နေကြီး တင်ပြသွားတာက အဲဒီ ဥပဒေပြဌာန်းချက်ကို အထောက်အထားပြုပြီး တင်ပြသွားခြင်းဖြစ်တယ်လို့ နားလည်လိုက်ပါတယ်။ အမှုအား ရုပ်သိမ်းခွင့်လျှောက်ထားတာမျိုးကို အင်္ဂလိပ်လို (Withdrawal) လုပ်တယ်လို့ခေါ်ပါတယ်။ ဘယ်သူက လျှောက်ရမလဲဆိုတော့ စွဲဆိုခဲ့တဲ့ တရားလိုက လျှောက်ထားတာ အမှန်ကန်ဆုံးပါပဲ။
ဦးအာကာ (တရားလွှတ်တော်ရှေ့နေ)
ဥပဒေစာတိုက် အမေးအဖြေ
မှုခင်းသတင်းဂျာနယ်၊ အတွဲ (၂ဝ)၊ အမှတ်(၆)၊ ၂-၁၂-၂ဝ၁၅
(ညိုကြီး ကူးယူဖော်ပြသည်)
21 November 2015
ဆောင်းမခိုတဲ့ အာဃာတနဲ့ ဘာသာမသိတဲ့ ကျည်ဆံ - အောင်သစ်ကြည်
ဆောင်းမခိုတဲ့ အာဃာတနဲ့ ဘာသာမသိတဲ့ ကျည်ဆံ
အောင်သစ်ကြည်
ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း
အမှတ် (၆၁)၊ ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ်
14 November 2015
ခင်မောင်တိုး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ သီချင်းသီဆိုပွဲ
အဆိုတော် ခင်မောင်တိုး
ကွယ်လွန်ခြင်း သုံးနှစ်ပြည့်
အမှတ်တရ
ခရမ်းပြာကာလများ အမှတ်တရ 
ဂီတမိတ်ဆွေများ၏ သီချင်းသီဆိုပွဲ
ညနေ ၄ နာရီမှ ၆ နာရီ
ရန်ကုန်မြို့၊ အင်းလျားကန်ဘောင်
တံတားဖြူ
၁၅-၁၁-၂ဝ၁၅၊ တနင်္ဂနွေနေ့
13 September 2015
ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း
ဒေါက်တာကြည်မို့မို့လွင် (သို့မဟုတ်) ဇီးပင်ကြီးသူရဲကောင်း
ကြီးနှစ်ကြီး
မြန်မာနိုင်ငံတွင် ဝန်ထမ်းများအကြားရေပန်းစားသော ကြီးနှစ်ကြီးရှိသည်။ ဖောင်ကြီးနှင့် ဇီးပင်ကြီး။ ထိုကြီးနှစ်ကြီးကို ကျော်ဖြတ်ပြီးမှသာ ဝန်ထမ်းများအဖို့ရာ ဝန်ထမ်းဘဝရာထူးတိုး သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခံရရေးကို အစဉ်းစားခံရပေမည်။ ထိုကြီးနှစ်ကြီးကို မဖြတ်မနေရ။ ပြည်ထောင်စု(သမ္မတ)မြန်မာနိုင်ငံတော်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ဖွင့်လှစ်သည့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)။ ဝန်ထမ်းအများစုကတော့ ဖောင်ကြီးနှင့် ဇီးပင်ကြီးဟုပင် လွယ်လွယ်အမှတ်သညာပြုထားကြသည်။
ထိုအချိန်
အချိန်ကာလကား ၂ဝ၁ဝ ခုနှစ်။ အာဏာရှင်စနစ်ကို ရွံမုန်းသူ ပြည်သူလူထုကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့သော အထွေထွေရွေးကောက်ပွဲကျင်းပရာ ကာလ။ ထိုရွေးကောက်ပွဲကာလနှင့် တိုက်ဆိုင်စွာပင် ဇီးပင်ကြီး ခေါ် ပြင်ဦးလွင်မြို့နယ်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဒေါက်တာကြည်မို့မို့လွင်သည် သူ၏ ဆရာဝန်ဝန်ထမ်းဘဝကို ဇီးပင်ကြီးသင်တန်းသားအဖြစ်နှင့် ဖြတ်သန်းနေခဲ့ရသည်။ သင်တန်းမှာ ၂ဝ၁ဝ ခုနှစ်၊ စက်တင်ဘာ (၇)ရက်နေ့မှ ဒီဇင်ဘာ (၉)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)။
ဒေါက်တာကြည်မို့မို့လွင်တို့လို လက်ထောက်ဆရာဝန်အဆင့်များအပါအဝင် အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိအဆင့်များသည် "ဇေယျ" ဟူသော အမည်အောက်တွင် တစ်စုတစ်စည်းတည်း သင်တန်းတက်ကြရသည်။ ထိုအချိန်က ဆရာဝန်များအဖို့ ထိုသင်တန်းဆင်းလက်မှတ်ရမှသာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရှိသည်။ (ယခုအခါ၌မူ ထိုသင်တန်းပြီးမှသာ ဝန်ထမ်းဆရာဝန်ဖြစ်ခွင့်ရှိတော့သည်။) အခြားဝန်ကြီးဌာနများမှ ဦးစီးအရာရှိများအဖို့ရာလည်း ထို့အတူပင်။ ထိုသင်တန်းပြီးမှသာ ရာထူးတိုး အစဉ်းစားခံရမည်ဖြစ်သည်။ ဇေယျအပြင် ဗလ၊ သူရိန်၊ အကြိုဇေယျ၊ မဟာဇေယျ စသဖြင့် ဝန်ထမ်းရာထူးအဆင့်ဆင့်အတွက် အမည်အမျိုးမျိုးပေးထားသော သင်တန်းများရှိသည်။ သင်တန်းတက်ရသည်က ဇေယျအဖို့ (၃)လ။
ဘာတွေသင်
ဇီးပင်ကြီးက သင်တန်းဆရာများကတော့ စာသင်တာမဟုတ်ပါ၊ ဆွေးနွေးတာပါဟု ပြော၍ သမိုင်း၊ နိုင်ငံရေး၊ မွေးမြူရေး၊ စီမံခန့်ခွဲရေး အစရှိသည်ကို နည်းနည်းစီ သင်ကြားပို့ချကြသည်။ သို့သော် သမိုင်းနှင့်နိုင်ငံရေးသင်ခန်းစာများမှာ စစ်အာဏာရှင် သတင်းစာဆောင်းပါးများ၏ အာဘော်များနှင့် သိပ်မကွာလှ။ ထိုအချိန်က ခေတ်စားနေသည့် The Voice ဂျာနယ် ဝါဒများကိုလည်း ပို့ချကြသည်။ သင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးက ခေါင်းစဉ်တစ်ခုအတွက် စင်ပေါ်တက်၍ အလှည့်ကျ ဟောကြားဆွေးနွေးရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ ဂျပန်ခေတ်မောင်းပြန်သေနတ်အစုတ်များနှင့် ကျည်ဆန်(၁၅)တောင့်ပစ်ပြရ၊ သေနတ်ထမ်းခြေထောက်မြှောက်တန်းစီပြရသည့် အစီအစဉ်တွေလည်း ပါဝင်သည်။ (ယခုအခါ သေနတ်အဟောင်းများကို သေနတ်အကောင်းများနှင့် လဲထားသည်ဟု ကြားသိရသည်။)
ဇာတ်လမ်းရဲ့အစ
(၇-၁၁-၂ဝ၁ဝ)တွင် အထွေထွေရွေးကောက်ပွဲကျင်းပသည်။ (၁၃-၁၁-၂ဝ၁ဝ)တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းရှေ့ (၂၁) နှစ်တာကာလအတွင်း စုပေါင်းရေတွက်သော် (၁၅)နှစ်ခန့် နေအိမ်အကျယ်ချုပ်အဖြစ် အာဏာရှင်များ၏ ချုပ်နှောင်မှုကိုခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်အခါ မြန်မာပြည်တဝှမ်းမှ ပြည်သူလူထုအများစုကြီးနည်းတူ ထိုအချိန်က ဇီးပင်ကြီးသင်တန်းတက်ရောက်နေသော ဝန်ထမ်းများလည်း ပျော်ရွှင်ကြသည်။ အားတက်ဝမ်းသာကြသည်။
ပြဿနာအမှတ်တစ်
ရွေးကောက်ပွဲအကြိုကာလ၌ ဇီးပင်ကြီးမှ ဝန်ထမ်းသင်တန်းသားများအား လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများပေးရန် ဖိအားပေးနေသည်ဟူသော သတင်းများသည် နိုင်ငံခြားမှ ထုတ်လွှင့်သည့် မြန်မာရေဒီယိုသတင်းဌာနများနှင့် အင်တာနက်စာမျက်နှာများထက်တွင် ပလူပျံပါဝင်လာသည်။
ပြဿနာအမှတ်နှစ်
ဖောင်ကြီး၊ ဇီးပင်ကြီးသင်တန်းတိုင်းတွင် ကြုံရလေ့ရှိသည့် မှိုင်းတိုက်သူနှင့် မှိုင်းမကြိုက်သူပြဿနာဟု ဆိုလျှင် မမှားချေ။ အာဏာရှင့်အာဘော်များကို ကြားရနာရသည့်အခါ နလပိန်းတုံး မဟုတ်သော ဝန်ထမ်း သင်တန်းသူ၊ သင်တန်းသားများဘက်မှ ပြန်လှန် လှောင်ထေ့သံများ တသောသောညံလာခဲ့ကြရသည်။ အထူးသဖြင့် ဒေါက်တာကြည်မို့မို့လွင်တက်ရောက်နေသော ဇီးပင်ကြီးသင်တန်းအချိန်ကာလသည် မြန်မာပြည်နိုင်ငံရေးရေချိန်အလှုပ်နှင့်တိုက်ဆိုင်နေရာ သင်တန်းသူများနှင့် သင်တန်းသားများ မကြုံစဖူးအောင် စည်းလုံးရင်းနှီး၍ အာဏာရှင်စနစ်ကို အပြောင်ကြီးပြောင်၊ အလှောင်ကြီးလှောင်ကြတော့သည်။ (၄င်း အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၃၃)ပြီးနောက်ပိုင်း ဖွင့်လှစ်သော သင်တန်းအမှတ်စဉ် (၃၄)တွင် သင်တန်းသားသပ်သပ်၊ သင်တန်းသူသပ်သပ် ခွဲခြားပို့ချခဲ့ရသည်အထိပင် ဖြစ်ခဲ့သည်ဟုသိရသည်။)
ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
ထိုသို့ ကြိုတင်မဲသတင်းများတက်လာပြီး မရှေးမနှောင်းမှာပင် ဇီးပင်ကြီးတွင် ဇေယျသင်တန်းမှ ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိအမျိုးသားတစ်ယောက်တို့သည် စင်ပေါ်တက်၍ တက်ရောက်ဆွေးနွေးရန် အလှည့်ကျလာသည်။ ဆွေးနွေးရမည့် ခေါင်းစဉ်အမည်က "ပြည်ထောင်စုစိတ်ဓာတ်"။ ဒေါက်တာကြည်မို့မို့လွင်က စပြီး ဟောပြောရသည်။ ထိုစဉ်က သူ့အသက်က (၂၈)နှစ်ခန့်အရွယ်။ လက်ရှိတာဝန်ထမ်းဆောင်နေသည်က နာမည်ကျော် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံမှာ ဝန်ထမ်းဆရာဝန်။ ဒေါက်တာကြည်မို့မို့လွင်ကား ကြောက်ရွံ့ခြင်းမှ ကင်းလွတ်သူ တစ်ဦး။ ထိုဟောပြောပွဲမှာ သူပြောခဲ့သည့် စကားတစ်ခွန်းကိုပင်ကြည့်။ "........... သူတို့ အာဏာရှင်တွေ သူတို့ဘာသာသူတို့ စည်းလုံးကြသလို ကျွန်မတို့ပြည်သူတွေဘက်ကလည်း ပြည်သူပြည်သားအချင်းချင်း တသွေးတသားတည်း စည်းလုံးကြမှဖြစ်မယ်။ ............ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အလိမ်အညာတွေနဲ့ တည်ဆောက်လို့မရဘူး။ စေတနာမျိုးစေ့မှန်မှ စိုက်တဲ့အပင်က သန်မှာပေါ့"။ လက်ခုပ်သံများ ညံသွားသည်။ နားထောင်နေသည့် ဝန်ထမ်းသင်တန်းသူသင်တန်းသားများက ကောင်းချီးသြဘာပေးကြသည်။ ထို့နောက် လယ်ယာစိုက်ပျိုးရေးမှ အသက်(၄၄)နှစ်ခန့် ဦးစီးအရာရှိအမျိုးသားကလည်း တက်ရောက်ဟောပြောဆွေးနွေးသည်။ ထိုဆရာကလည်း မိုးကျရွှေကိုယ်ကိစ္စများ၊ နယ်ခြားစောင့်တပ်ကိစ္စများ ထည့်သွင်း ဆွေးနွေးခဲ့သည်။ အုန်းအုန်းထ အားပေးကြသည်။ လာရောက်နားထောင်သည့် ဇီးပင်ကြီးမှ တာဝန်ရှိသူများကတော့ မျက်စိမျက်နှာ ကွက်ခနဲ ပျက်သွားလေသည်။
ငြိုးမာန်ဖွဲ့လေသလား
ဒေါက်တာကြည်မို့မို့လွင်တို့ ထိုသို့ ဟောပြောဆွေးနွေးသည်မှာ သင်တန်းကာလ(၃)လ၏ တစ်ဝက်၊ ၂ဝ၁ဝ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမတိုင်မီကာလ၊ အောက်တိုဘာ-နိုဝင်ဘာ စပ်ကူးမတ်ကူး။ သင်တန်းဆင်းရမည်က ဒီဇင်ဘာလ (၉)ရက်နေ့။ သင်တန်းဆင်းရမည်ဆိုတော့ ဖောင်ကြီး၊ ဇီးပင်ကြီးတို့ထုံးစံအတိုင်း စစ်ရေးပြအခမ်းအနားတွေဘာတွေ ပါလာသည်။ သံချေးတက်နေသည့် ဂျပန်ခေတ်မောင်းပြန်သေနတ် ကိုယ်စီထမ်းကာ သင်္ကြန်ယိမ်းကသလို ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်၊ ဟိုကွေ့ဒီလျှောက်လေ့ကျင့်ကြရသည်။ အားလုံး သတိ၊ အေးစေ၊ သက်သာတွေဘာတွေ လုပ်ကြရသည်။ ဒီဇင်ဘာ (၉)ရက် စစ်ရေးပြ အခမ်းအနားမတိုင်ခင် သုံးရက်ခန့်အလိုတွင် ဒေါက်တာကြည်မို့မို့လွင်ထံ သင်တန်းက အကြောင်းကြားလာသည်။ အာတီယူ (Return to Mother Unit) ဆိုလျှင် တော်ဦးမည်။ အခုက တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေအောင် ဟောပြောမှုဟု အကြောင်းပြ၍ အလုပ်မှ (Force to retire) ထုတ်ပယ်လိုက်သည့်အပြင် ဆေးကုသခွင့်လိုင်စင် (ဆမ)ကိုပါ သိမ်းလိုက်ကြသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ကျန်းမာရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပို့၍ အလုပ်ဖြုတ်ခိုင်းသည် ဆို၏။ တောက်!!!
ဒီဇင်ဘာမျက်ရည်
သင်တန်းက ဆင်းခါနီးပြီ။ တေ့ဖြုတ်လိုက်ကြသည်။ သင်တန်းကာလတစ်ဝက်က ဟောပြောခဲ့သည့်အမှုကို စောစောအရေးယူလျှင် ဝန်ထမ်းသင်တန်းသူ သင်တန်းသားများ အုံကြွမှုဖြစ်မည်စိုးသဖြင့် သင်တန်းဆင်းခါနီး ရက်ပိုင်းအလိုမှ အရေးယူပြလိုက်သည်။  ဒေါက်တာကြည်မို့မို့လွင်အပါအဝင် သူနှင့်အတူ စင်ပေါ်တက်ဆွေးနွေးခဲ့သည့် လယ်ယာစိုက်ပျိုးရေးမှ ဦးစီးအရာရှိလည်း အလုပ်ဖြုတ်ခံလိုက်ရသည်။ နိုင်ငံတော်ပုန်ကန်မှုလောက်ပင် အပြစ်ကြီးသည်ဟု လေသံလွှင့်သည်။ သင်တန်းသူ၊ သင်တန်းသားတို့ မျက်ရည်မဆည်နိုင်ဖြစ်ကြရသည်။ သုံးလတာကာလ အတူတူသင်တန်းတက် ရင်းနှီးခဲ့ကြရသော ဝန်ထမ်းမိတ်ဆွေအချင်းချင်း စာနာကြသည်။ မတရားမှုကို ငုံ့မခံလိုကြ။ သို့သော် ရင်းရမည့် အရင်းအနှီးက ကြီးသည်။ ဇီးပင်ကြီးသင်တန်းမှ ဇေယျ (၃၃) သင်တန်းသူသင်တန်းသားအားလုံး သင်တန်းဆင်းလက်မှတ်မယူဘဲ နားလိုက်ကြရန် ပထမစဉ်းစားသေးသည်။ သို့သော် ဒေါက်တာကြည်မို့မို့လွင်နှင့် လယ်ယာစိုက်ပျိုးရေး အရာရှိတို့က တားကြသည်။ သည်းခံလိုက်ကြပါ။ ကျွန်တော်ကျွန်မတို့အတွက်နဲ့ ရှင်တို့မင်းတို့ဘဝတွေ အပျက်မခံကြပါနဲ့ဟုဆိုသည်။ လူတစ်ယောက်၏ ဘဝကို နင်းခြေရန် အဲသလောက်လွယ်ကူသလား။ တက်တခေါက်ခေါက်နှင့် စစ်ရေးပြပြီး သင်တန်းဆင်းလိုက်ကြရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
၂ဝ၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင် စဥ့်ကိုင်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဆရာဝန်တစ်ဦးဟု သိရသည်။ သူ ဘယ်သူလဲ။ မန္တလေးဆေးတက္ကသိုလ်ဆင်း ဒေါက်တာကြည်မို့မို့လွင်ဖြစ်နေသည်။ လွန်ခဲ့သော ၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလက ဇီးပင်ကြီးဝန်ထမ်းသင်တန်းတွင် အာဏာရှင်ဆန့်ကျင်ရေး ဟောပြောမှုတစ်ခုကြောင့် အလုပ်မှထုတ်ပယ်၊ ဆမသိမ်းခြင်းခံခဲ့ရသည်အထိ အရက်စက်ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ်လောင်းစစ်စစ်။ ၂ဝ၁ဝ မှသည် ၂ဝ၁၅။ ငါးနှစ်အကြာမှာ သူပြန်လာပြီ။ အလုပ်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသိမ်းခံလိုက်ရသော ဆမကလေးကို အကြိမ်ကြိမ် ပြန်လည်ကြိုးစားလျှောက်ထားပြီးနောက် ဆမ ပြန်လည်ရရှိခဲ့သည်ဟုသိရသည်။ ထို့နောက် စဥ့်ကိုင်မြို့နယ်အတွင်းက ကျေးရွာကလေးတစ်ရွာတွင် ကိုယ်ပိုင်ဆေးခန်းကလေးတစ်ခန်း စတင်ဖွင့်လှစ်၍ ဘဝကို ပြန်လည် အခြေတည်ခဲ့ရသည်။ ပရဟိတလုပ်ငန်းများတွင် ဘဝကို နှစ်မြှုပ်ခဲ့ရသည်။ အခု မဲဆွယ်သည့်ကာလ ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သော သူ၏ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်ရမှ သူ၏ ရုန်းထနိုင်စွမ်းအားကို တွေ့လိုက်ရသည်။ မုန်တိုင်းကြားမှ တိုးထွက်လာသည့် သစ္စာပန်းတစ်ပွင့်။ သတ်သော်လည်း မသေသည့် စိတ်ဓာတ်။ ဒေါင်ဒေါင်မြည် ဒေါင်း။ 
ညို ကြီး
18 June 2015
ကဗျာဆရာ အောင်ဘညို အမှတ်တရ ကာတွန်း
(၁၀-၆-၂၀၁၅)ရက်နေ့တွင် ကွယ်လွန်သွားသော ကဗျာဆရာ အောင်ဘညို အမှတ်တရ 
ကာတွန်းဆရာ မိုးထက်မိုး၏ ကာတွန်း
(Vol. 3, No. 57, 14-6-2015 The Voice သတင်းစာ)
12 May 2015