09 March 2008

NO VOTE or VOTE "NO" !!!

“ပြည်သူ့ဆန္ဒခံယူပွဲလော

အတင်းအဓမ္မ ထောက်ခံပွဲလော”

ပင့်ကူ

(ဗမာပြည်ကြီး စစ်ကျွန်ဘ၀က လွတ်မြောက်သွားရင် တွေ့မြင်၊ သုံးစွဲကြရမယ့် ကျပ်ငွေတစ်မျိုး၏ ပုံစံငယ်)


မြန်မာနိုင်ငံထုတ်သတင်းစာကြီးတွေမှာ ၁/၂၀၀၈ ကြေငြာချက်ဆိုပြီးထုတ်ပြန်လာတဲ့သတင်းကတော့ အများသိတော်မူကြတဲ့အတိုင်း ကယ်တင်ရှင်စစ်အစိုးရရဲ့ အနှစ်နှစ်အလလ ကြိုးစားပမ်းစားရေးဆွဲထားတဲ့ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီးပြီဖြစ် ရေးဆွဲပြီးစီးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအား ၂၀၀၈ မေလ မှာပဲ ပြည်သူ့သဘောထား ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုမှာဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်မှာလည်း ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည့်အကြောင်းစသည်စသည်.များပါပဲ။ ဒီလိုဆိုတော့လည်းနှစ်ပေါင်း(၂၀)ကျော် ပြည်သူတွေတမ်းတခဲ့တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတစ်ခုအုပ်ချုပ်တော့မှာမို့ ပျော်စရာမကောင်းပေဘူးလား။ တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်ဆိုတဲ့အတိုင်း ဘယ်လိုအပျော်မျိုးဖြစ်မလဲဆိုတာ

ပထမဦးဆုံးအနေနဲ့ ၂၀၀၈ မေလ မှာပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ထောက်ခံအတည်ပြုပွဲအကြောင်း အအုပ်ချုပ်ခံပြည်သူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်ကြစို့လား…………….။

(၁) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း

ဘယ်သူတွေက ရေးဆွဲခိုင်းပြီး ဘယ်သူတွေကရေးဆွဲတာလဲ။ အကြောက်တရားနဲ့ရေးဆွဲတာလား။ လွတ်လွတ်လပ်လပ်ရေးဆွဲတာလား။ ဘယ်လိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းလဲ။ လူသားတိုင်းတန်းတူအခွင့်အရေးရှိသည်ဆိုတဲ့ အခြေခံဥပဒေမူကြမ်းမျိုးလား။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ အလွန်ပဲအရေးကြီးလှပါတယ်။ နှစ်ပေါင်းကြာရှည်စွာ အားလုံးကလိုက်နာကြရမယ့် တိုင်းပြည်တပြည်ရဲ့ စည်းကမ်းလည်းဖြစ်ပါတယ်။ အဲဒီတော့……ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအနှစ်ချုပ်ကို ပြည်သူပြည်သား ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုများ သဘောပေါက်နားလည်အောင် အစိုးရထုတ် သတင်းစာတော်ကြီးတွေကနေတစ်ဆင့် အခန်းဆက်တင်ပြပေးရင်မကောင်းပေဘူးလား။ သူများနိုင်ငံတွေကို ရန်လိုပုတ်ခတ်နေတဲ့စာတွေထက်စာရင် အများပြည်သူက လိုလိုချင်ချင် ဖတ်ရှုချင်ကြမှာ အမှန်ပါပဲ။ ပုဂ္ဂလိကဂျာနယ်တွေမှာလည်း မထည့်မနေရ ၀ါဒဖြန့်ဆောင်းပါးတွေအစား အခြေခံဥပဒေမူကြမ်းကိုပြည်သူအများနားလည်အောင် ရေးခိုင်းထည့်ခိုင်းတာ မကောင်းပေဘူးလား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အော်နေရုံနဲ့ မရနိုင်ပါဘူး။ ဘာပဲလုပ်လုပ်ပြည်သူကို အသိပေးတဲ့နည်းနဲ့ပဲရနိုင်ပါတယ်။ စေတနာမှန်ရင်တော့ ရောင်ပြန်ဟပ်မှာအမှန်ပါပဲ။

(၂)အခြေခံဥပဒေမူကြမ်းဆန္ဒခံယူထောက်ခံအတည်ပြုပွဲ

ဘယ်လိုထောက်ခံကြမှာလဲ၊ ဘယ်သူတွေကထောက်ခံကြမှာလဲ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို တစ်ကြောင်းမှမဖတ်ဖူးတဲ့သူတွေက ထောက်ခံမှာလား။ အားလုံးကိုဖတ်ဖူးထားတဲ့လူတွေကထောက်ခံမှာလား။ ၀ါးတားတားပဲ သိတဲ့လူတွေကထောက်ခံမှာလား။ ရေးဆွဲတဲ့လူတွေက ထောက်ခံမှာလား။ ရေးဆွဲခိုင်းတဲ့အစိုးရက ထောက်ခံမှာလား။ ဘာပဲပြောပြောကိုယ်ထောက်ခံရမယ့်ဟာကို အထီးမှန်း၊ အမမှန်းတော့ မသိသင့်ပေဘူးလား။ ဒီအချိန်မှာ စာပေလွတ်လပ်ခွင့်တို့၊ လူအခွင့်အရေးတို့ဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်လာပြီဆိုတဲ့အကြောင်း ရိပ်မိသိရှိလောက်ပြီပေါ့။ ဟုတ်ပြီ……နောက်အရေးကြီးတာကဘယ်လိုပုံစံမျိုးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်မှာလဲ။ ထောက်ခံအတည်ပြုမှာလဲ။ မြန်မာပြည်မှာ လုပ်နေကြနည်းတွေအတိုင်းပဲလုပ်ဦးမှာလား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ ဝိညာဉ်။ ကလေးကလားလုပ်လို့ မရဘူးဆိုတာလောက်တော့ သိထားသင့်တယ်။ များသောအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်နေကြတဲ့ ထောက်ခံပွဲတို့၊ ရှုတ်ချပွဲတို့ဆိုတာ အာဏာရအစိုးရရဲ့ သဘောထားတွေသာဖြစ်ပါတယ်။ မသွားမနေရ၊ မလာမနေရ၊ မတက်မနေရဆိုတဲ့ အသုံးအနှုန်းတွေဟာအမိန့်ပေးစေခိုင်းတဲ့ အသုံးအနှုန်းတွေဖြစ်ကြောင်း ကလေးတောင်သိနိုင်ပါတယ်။ ကျွန်တော်တို့ဆီကထောက်ခံပွဲတွေရဲ့ ထုံးစံကတော့ဝန်ထမ်းတို့၊ ကျောင်းသားတို့ဆိုရင် မတက်မနေရဆိုတဲ့နည်းကို အသုံးပြုလေ့ရှိပြီး ကြံ့ဖွတ်တို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့၊ ကြက်ခြေနီတို့၊ မီးသတ်တို့ကတော့ မသွားမနေရဖြစ်ပြီး အရပ်သားအများစုကိုတော့ မလာမနေရနည်းနဲ့ အာဏာသုံးလူစုလေ့ရှိကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ထောက်ခံပွဲတွေတုန်းက အသုံးပြုခဲ့တဲ့နည်းကိုပြောပြရရင် ရပ်ကွက်ရုံးတစ်ရုံးက ရုံးစေတစ်ယောက်လာမယ်။ ဘာမပြောညာမပြော ချီတက်ပွဲရှိတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းမယ်။ ပြည်သူအများစုကတော့ အေးအေးချမ်းချမ်းနေချင်ကြတဲ့သူတွေ။ ပြသနာ မဖြစ်ချင်တဲ့လူတွေ။ သူတို့အကြောင်းကိုလည်း နောကြေနေတဲ့လူတွေဆိုတော့ ရှေးတုန်းကချစ်တီးတွေဆီ လက်မှတ်ထိုးသလို ထိုးလိုက်ကြတာပါပဲ။ နည်းနည်းလူရည်လည်တဲ့၊ မကြောက်တတ်တဲ့လူတစ်ချို့ကသာ ဘာအတွက်လဲ…….. မထိုးရင်မရဘူးလား…….. မလိုက်ရင်မရဘူးလားဆိုပြီး ပြန်လှန်မေးခွန်းတွေ အရဲစွန့်ထုတ်တတ်ကြပါတယ်။ အဲဒီအခါမှာလည်း ရုံးစေတွေက အိမ်ထောင်စုဇယားအရ တစ်အိမ်တစ်ယောက် စာရင်းပေးသွင်းရမှာဖြစ်ပြီး လူမလိုက်လိုလျှင် ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ ဒဏ်ငွေဟာ လစ်ဟာသွားတဲ့နေရာတွေအတွက် လူစားထိုးအငှားချဖို့ဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အဖို့ မနက်စောစောထလမ်းလျှောက်၊ အားကစားကွင်းထဲ(၁)နာရီလောက်ရပ်နေရုံနဲ့ ၂၀၀၀ ကျပ် လောက်ရမယ့်အဖြစ်။ ဆန်ကို တစ်ပြည်ချင်းဝယ်စားနေရတဲ့ ပြည်သူတွေအဖို့တော့ ဒဏ်ငွေဟာ သူတို့မနက်ဖြန်အတွက် ဆန်နဲ့ဆီဖြစ်နေတဲ့အတွက် လူကိုပဲရင်းလိုက်ရတော့တယ်။ မနက်စောစောထ ရပ်ကွက်ရုံးသွား၊ စာရင်းပေး၊ ချီတက်၊ လမ်းတစ်ဝက်ကလှည့်ပြန်၊ ဒီလိုပါပဲ အများလုပ်သလိုလုပ်ကြရတာပေါ့။ ဝန်ထမ်းတွေလည်း အဲဒီအတိုင်းပါပဲ။ ဝန်ထမ်းဆိုတော့ပိုဆိုးတာပေါ့။ သူတို့အလုပ်ကလေး ပြုတ်သွားမှာထက်စာရင် မနက်စောစော လမ်းလျှောက်ရတာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပဲ သဘောပိုက်ရတော့တာပေါ့။ ဒီအဖြစ်အပျက်တွေဟာ ဘာကိုပြနေသလည်းဆိုရင် အာဏာရဲ့အောက်မှာ လူတွေရဲ့ ယုံကြည်ချက်နဲ့ အခွင့်အရေးတွေကို ကြောက်စိတ်က စတေးလိုက်ရခြင်းဆိုတဲ့ အဖြစ်အပျက်ကြီးပါပဲ ။

အခုလဲလာပြန်ပြီ..အခြေခံဥပဒေမူကြမ်း......ပြည်သူ့ဆန္ဒခံယူပွဲတဲ့……ထောက်ခံအတည်ပြုပွဲတဲ့…………ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ အရင်အတိုင်းပဲ ဘာမသိညာမသိထောက်ခံလိုက်ကြမလား။ အရင်အခါတွေတုန်းက အရေးမပါတဲ့ထောက်ခံပွဲတွေ ရှုတ်ချပွဲတွေဆိုတော့ သိပ်အရေးမကြီးလှဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖို့ တော့လိုနေပြီ။ ကိုယ်ထောက်ခံရမယ့်အရာကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ထောက်ခံဖို့၊ ငြင်းဆိုဖို့ အခွင့်အရေးတွေ မွေးဖို့လိုလာပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ အကာအရံကြီးအောက်မှာ ကျွန်တော်တို့တစ်သက်လုံး နေကြရမယ်ဆိုတော့ အဲဒီ အကာအရံကြီးရဲ့ ချွတ်ယွင်းချက်၊ အကျိုးအပဲ့၊ အပေါက်အပြဲတွေကို ပြည်သူပြည်သားအားလုံးကဆန်းစစ်ပြီး လက်ခံကြဖို့ အလွန်ပဲအရေးကြီးလှတဲ့ အချိန်တစ်ချိန်ကို ရောက်လာပါပြီ။ ကောင်းနေရင်လည်း ကျွန်ုပ်တို့အတွက်ပဲ။ ဆိုးနေရင်လဲကျွန်ုပ်တို့အတွက်ပဲ။ ဖာထေးစရာရှိတာတွေကို အခုကတည်းက ဖာထေးရလိမ့်မယ်။ လုပ်သမျှ ခေါင်းငုံ့ခံနေရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအကာအရံကြီးဟာ ကျွန်တော်တို့အပေါ်၊ ခင်ဗျားတို့အပေါ်၊ နောင်လာနောက်သားတွေအပေါ် ပြိုကျဖိစီးလာခဲ့ရင် အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တာဝန်ကြီးသာဖြစ်ပါတယ် ။

နောင်လာနောက်သားတွေအတွက် အခုကတည်းကသတ္တိရှိရှိ၊ ရဲရဲဝင့်ဝင့်နဲ့ ငြင်းပယ်လိုက်ပါ။ လက်ခံပါ။ တွေဝေနေရမယ့်အချိန်၊ ကြောက်ရွံ့နေရမယ့် အချိန်မဟုတ်တော့ဘူး။ တိုင်းပြည်ချစ်စိတ်ရှိသူတိုင်း ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်မူကြမ်းအတွက် လူတစ်ယောက်ရဲ့ အခွင့်အရေးကို အထိပါးမခံကြပါနဲ့။ လွတ်လွတ်လပ်လပ် ဆန်းစစ် ထောက်ခံကြပါ။ လွတ်လွတ်လပ်လပ် ဆန်းစစ်ဝေဖန်ကြပါ။ တိုင်းပြည်ကောင်းစားဖို့ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ ကြောက်နေစရာမလိုပါဘူး။ သာယာမနေကြပါနဲ့။ ဒီမိုကရေစီဆိုတာ ပြည်သူတွေ လက်ထဲမှာပဲရှိတယ်ဆိုတာသိကြပါ။

နောက်တစ်ချက်က ၂၀၁၀ခုနှစ်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမယ် ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ တပ်မတော်ကကြီးမှူးကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ အခု ၂၀၁၀ မှာပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ နှစ်ပေါင်း (၂၀)တောင် ကြာညောင်းခဲ့ပြီပေါ့ဗျာ။ အနှစ် (၂၀) ဆိုတဲ့မျိုးဆက်တစ်ဆက်စာတောင် ကြာညောင်းခဲ့ပါပြီ။ ၁၉၉၀ ပြည့်နှစ်တုန်းကအနိုင်ရခဲ့တဲ့ပါတီဟာ NLD ပါတီဖြစ်ပြီး ပြည်သူ့ပါတီခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်ဆိုတာကို မျိုးဆက်တစ်ဆက်ဟာ မသိနိုင်တော့ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဗိုလ်ချုပ်အောင်ဆန်းသမီး၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊ စစ်အစိုးရရဲ့ အကျဉ်းသား၊ မြန်မာပြည်ဒီမိုကရေစီရဲ့ မီးရှုးတန်ဆောင်အဖြစ် နောင်လာနောက်သားတွေက သိရှိထားခဲ့ကြပါတယ်။

မျိုးဆက်တစ်ဆက်မသိရှိခဲ့တဲ့အကြောင်းတွေကတော့ ၁၉၉၀ ပြည့်နှစ် ပြည်သူ့ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခွပ်ဒေါင်းအလံဟာအပြတ်အသက်အနိုင်ရခဲ့ခြင်း၊ တပ်မတော်က အာဏာကိုအပ်နှင်းခြင်းမရှိဘဲ လက်နက်အားကိုးသိမ်းပိုက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း၊ အမျိုးသားညီလာခံကျင်းပခြင်း၊ သာပေါင်းညာစားတစ်စုနဲ့ အမျိုးသားညီလာခံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီနုတ်ထွက်အောင် ကြံဆောင်ခြင်း၊ ၁၉၉၀ ပြည့် ပြည်သူရွေးကောက်ပွဲ အာဏာတောင်းခံခြင်း၊ ဗိုလ်ချုပ်စိုးဝင်း ခေါင်းဆောင် ဒီပဲယင်းအရေးအခင်းဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသက်ဖြတ်ခြင်း၊ NLD ပါတီဝင်များအားဖမ်းဆီးခြင်း၊ ကျောင်းသားခေါင်းဆောင်များအားဖမ်းဆီးခြင်း စသည်ဖြင့် ပြည်သူကတင်လျှောက်ခဲ့တဲ့ပါတီနဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်ထိ ထိန်းသိမ်းထားခဲ့တဲ့ ဆိုးညစ်ညစ် အာဏာရူး စစ်အစိုးရရဲ့ သမိုင်းပဲဖြစ်ပါတယ် ။

စစ်အစိုးရဟာ တိုင်းပြည်နှင့်နဲ့လူမျိုးကို တကယ်ချစ်ရင် ၁၉၉၀ ပြည့်နှစ်က အနိုင်ရခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာအပ်သင့်ပါတယ်။ ပြည်သူ့သဘောထားကို လေးစားသင့်ပါတယ်။ ဒီလိုလူမျိုးတွေကပဲ ၂၀၁၀ မှာရွေးကောက်ပွဲလုပ်ပေးဦးမယ်ဆိုတာတော့ စဉ်းစားစရာတွေဖြစ်မနေဘူးလား။ သူတို့ဟာ သူတို့နဲ့ အဆင်မပြေတဲ့ ပါတီတက်လာရင် အာဏာသိမ်းဖို့ အသင့်ပြင်ထားကြသလား။ ဒါမှမဟုတ် သူတို့ရဲ့ ကြိုးဆွဲပါတီကို အာဏာရအောင်လုပ်ပေးကြမှာလား။ တရားမျှတပြီးစစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ကော မျှော်လင့်နိုင်ပါသလား။ ၁၉၉၀ တုန်းက အချိုးမျိုး ပြန်မချိုးဘူးလို့ ပြောနိုင်လား။ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ဆိုရင်တော့ မြန်မာပြည်အတွက် ဒိုင်လူကြီးတစ်ယောက် လောက်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂလိုဟာမျိုးပေါ့။

စစ်အစိုးရရဲ့ စေတနာတကယ်မှန်တယ်ဆိုခဲ့ရင် ပထမဦးဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သတ္တိရှိရှိနဲ့ NLD ပါတီကိုလည်း ၀င်ပြိုင်ခိုင်းပါ။ (၂)နှစ်လောက်တော့ လွတ်လွတ်လပ်လပ် ပြည်သူကိုစည်းရုံးခွင့်ပေးပါ။ အနှစ် (၂၀)စည်းရုံးထားတဲ့လူတွေနဲ့ ယှဉ်ပြိုင်ဖို့ (၂)နှစ်သာစည်းရုံးခွင့်ပေးလိုက်ပါ။ သူမ မရခဲ့တဲ့သရဖူကိုကာကွယ်ဖို့ အခွင့်အရေးပေးလိုက်ပါ။ ပြည်သူတွေကိုခြိမ်းခြောက် အကြပ်မကိုင်ဘဲ သူတို့ရဲ့ ဆန္ဒသဘောထားအတိုင်း သူတို့ရဲ့ ခေါင်းဆောင်ကိုတင်မြှောက်ခွင့်ပေးလိုက်ပါ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါ။ ဒါမှလည်း ၂၀၁၀ မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ပွဲဖြစ်လာနိုင်မယ်။ အနှစ် ၂၀ လုံးလုံးစည်းရုံးထားတဲ့ ကြံ့ခိုင်ရေးဆိုတဲ့ သာပေါင်းညာစားအုပ်စုကို ဝင်ပြိုင်ခိုင်းရင်လည်း ခိုင်းပါ။ တရားမျှတတဲ့ရွေးကောက်ပွဲသာ ဖြစ်ပါစေ။ မြန်မာပြည်ရဲ့ လူဦးရေသန်းပေါင်း (၆၀) ကျော်ဟာ အဆင်သင့်ပါပဲ နအဖ ရေ။ ဒါပေမဲ့ အဝါကတ်၊ အနီကတ် ပြမယ့် ဒိုင်လူကြီးမပါရင်တော့မဖြစ်နိုင်ပါဘူး။ ၁၉၉၀တုန်းကလို မဖြစ်ဘူးလို့မပြောနိုင်ဘူး။ အားအားရှိအာဏာတက်သိမ်းချင်တဲ့စစ်တပ်ကို ဘယ်ပြည်သူတစ်ယောက်ကမှ ယုံကြည်မှု မရှိတော့ဘူး ဆိုတာတော့ အသေအချာပဲ ။

ဒီတော့……လူကြားကောင်းအောင် ကယ်တင်ရှင်ကြီးလိုလို အာဏာမမက်တဲ့စစ်တပ်လို မျိုဟစ်ပြီး ကိုယ်ကြိုက်တဲ့ပါတီအနိုင်ရအောင်လုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာကြီးကို ဘယ်ပြည်သူကမျှော်လင့်နေမှာလဲ။ အာဏာရှင်စစ်အစိုးရ အုပ်ချုပ်တဲ့တိုင်းပြည်မှာ လွက်လပ်စွာမဲပေးခွင့်ဆိုတာကော ရှိနိုင်ပါ့မလား ။

တပ်မတော်အနေနဲ့ တိုင်းပြည်ကိုတကယ်ချစ်တယ်၊ ပြည်သူ့သဘောထားကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ပါတီကိုပဲ ၂၀၁၀ ခုနှစ်မှာ သိက္ခာရှိရှိ အာဏာ လွှဲပြောင်းပေးသင့်ပါတယ်။ အဲဒီနည်းနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့တဲ့ မျိုးချစ်တပ်မတော်ရဲ့ အဖတ်ကိုပြန်ဆယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ထက်ဥာဏ်ရှိတဲ့သူ ကိုယ့်ထက်နိုင်ငံရေးပါးဝတဲ့လူ၊ ပြည်သူကလည်း တကယ်အလိုရှိနေတဲ့သူကို အာဏာအပ်နှင်းသင့်ပါတယ်။

ထောက်ခံပွဲလို့ ဗန်းပြပြီး စစ်အာဏာရှင်ယန္တရားကြီးအဓွန့်ရှည်အောင် လုပ်လာခဲ့ကြတာ အချိန်တွေလည်း ကုန်ခဲ့ပြီ။ တိုင်းပြည်လည်းနာခဲ့ပြီ။ လက်ရှိ မြန်မာပြည်သူပြည်သား အပေါင်းရဲ့ ပြည်သူ့ သဘောထားစစ်စစ်ကတော့ အနှစ် ၂၀ လုံးလုံး ရဟန်းရှင်လူပြည်သူအပေါင်းအပေါ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ဖက်ဆစ်အစိုးရ-နအဖ ကျဆုံးပြီး ပြည်သူကရွေးချယ်တင်မြှောက်တဲ့ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ရေးသာဖြစ်ပေတယ်။

နှင်းတွေထူထပ်စွာကျနေရင် ပဲပင်လေးအညှောင့်မပေါက်နိုင်ဘူးဆိုတဲ့ ဗားတော့ဗရက်ရဲ့ ကဗျာလို နောင်လာမယ့်မျိုးဆက်တွေအတွက် လွတ်လပ်စွာရှင်သန်ခွင့်ပေးလိုက်ပါ။ တံခါးတွေကိုဖွင့်လိုက်ပါ။ မိုးကောင်းကင်မှာရှိတဲ့ကြယ်တွေကို ပြည်သူတွေကပဲ အမည်ပေးကြပါစေ ။

တိုင်းပြည်ရဲ့ အာဏာကိုပြည်သူကသိမ်းပိုက်ပါစေ ။

ပြည်သူ့ သဘောထားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခွင့်ရတဲ့ နိုင်ငံတော်ကြီးဆီသို့ မျှော်လင့်ရင်း..

ပင့်ကူ

(ပင့်ကူ က ဒီစာမူကို ကျွန်တော့် ပေးထားတာ ကြာပါပြီ။ ကျွန်တော်လည်း မအားတာနဲ့ တင်တာနောက်ကျသွားရတယ်။ -ညိုကြီး)

02 March 2008

Sharing a Postcard of Daw Aung Sun Su Kyi

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ဆီက ရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပို့စ်ကဒ်လေးကို မျှဝေလိုက်ပါတယ်။ ရှိပြီးသား၊ သိပြီးသားဆိုရင်လည်း ပြန်ပြောင်း အမှတ်တရပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးထားခြင်းခံရသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ကြပါစေ...

29 February 2008

RECENT TALKING IN BURMA

ယနေ့ ဗမာပြည်ကြီးရဲ့ အမေးအဖြေသစ်
(29/feb/008)

အရင်တုန်းကတော့ ဗမာပြည်မှာ ခေတ်စားတဲ့ ဓလေ့တစ်ခုရှိတယ်။
အများသိတော်မူတဲ့အတိုင်း လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် ဈေးဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိတာနဲ့ `ဒီနေ့ ဘာထွက်သွားလဲ´ ဆိုတဲ့အမေးနဲ့ `ဒီနေ့ တော့ ဘာထွက်သွားတယ်´ ဆိုတဲ့ အဖြေလေးတွေ အမေးအဖြေလုပ်နေကြလေ။
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ Stock Share ဈေးကွက်တစ်ခုက စလောင်းမှာ လွှင့်တင်တဲ့ ကိန်းဂဏန်းတွေပေါ် မူတည်ပြီး နှစ်လုံးချဲထီ လောင်းကစားတဲ့ အလေ့အထက ဗမာပြည်ကြီးကို လှိုက်စားထားတာဆိုတော့လည်း ဒီအမေးအဖြေတွေကို နေ့စဉ်လိုလို မေးနေကြ၊ ဖြေနေကြဖြစ်တာ မဆန်းလှပါဘူး။

အခုတော့ အဲဒီ နှစ်လုံးချဲထီ အမေးအဖြေဓလေ့ကို လွှမ်းမိုးမယ့် အမေးအဖြေဓလေ့သစ်တစ်ခု ဗမာပြည်မှာ ပေါ်ပေါက်နေပြီဆိုပါတယ်။
အဲဒါကတော့ ဒီနေ့အခါမှာ လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် ဈေးဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိတာနဲ့ `ဒီနေ့ ဘယ်နား မီးလောင်သေးလဲ´ ဆိုတဲ့အမေးနဲ့ `ဒီနေ့တော့ ဘယ်နားမီးလောင်သွားတယ်´ ဆိုတဲ့ အဖြေလေးတွေပဲ စီစီညံနေတော့တာပါပဲ..တဲ့ခင်ဗျာ။

28 February 2008

FIRE IS SMALLER THAN YADANARPON

ဒေါ်နှင်းနှင်းမော် မီး သူ့ဝိုင်းထဲက အဆောင်များလောင်ပြီး ပြီးဆုံးသွား

(၂၈၊ ၂၊ ၀၀၈)

နံနက် (၉း၃၀)ကျော်ခန့်က အလန့်တကြားတောက်လောင်ခဲ့သောမီးမှာ မွန်းတည့် (၁၂း၀၀)နာရီခန့် ရောက်သောအခါ ငြိမ်းသွားပြီဖြစ်သည်။

ဘယ်ကစ
ဒေါ်နှင်းနှင်းမော်ကျူရှင်ဘော်ဒါဆောင် မီးဖိုဆောင်မှ စ လောင်။

ဘယ်တွေဆက်လောင်
ဒေါ်နှင်းနှင်းမော်ကျူရှင်ဘော်ဒါဆောင်ဝင်းထဲရှိ ကျောင်းသား၊ ကျောင်းသူများထားရာ နှစ်ထပ်ဆောင် တစ်ခု၊ မီးဖိုဆောင် နှင့် အခြားအဆောက်အဦတစ်ခု မီးထဲ ပါသွား။ အိမ်နီးနားချင်း အိမ် - အိမ်ခေါင်မိုး မီးထဲပါ။

ဘယ်သူတွေ မီးငြှိမ်းသတ်
မန္တလေးမြို့ပေါ်က မီးသတ်ကားများအလျင်အမြန်ရောက်ရှိငြှိမ်းသတ်။ ဘော်ဒါဆောင်ကျောင်းသားများ၊ ရပ်ကွက်သူ၊ ရက်ကွက်သားများ ကူညီ ငြှိမ်းသတ်။

ကျောင်းသူ၊ ကျောင်းသားများ အခြေအနေ
မီးလောင်စဉ်တွင် ကျောင်းသူ၊ ကျောင်းသားအချို့မှာ ကြောက်လန့်တကြားငိုယိုလျက်ရှိကြောင်း သိရှိရ။ မီးထဲပါ အဆောင်များမှ ကျောင်းသား၊ ကျောင်းသူများ၏ စာရွက်စာတမ်းများ မီးထဲပါသွားသဖြင့် စာကျက်ရာတွင် အခက်အခဲအချို့ရှိဖွယ်ရှိ။

ပြင်းထန်သောဒဏ်ရာရခြင်း၊ သေဆုံးခြင်းမရှိဟုဆို။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးမှာ လာမည့် မတ်လ (၁၀)ရက်နေ့တွင် စတင် ဖြေဆိုရတော့မည်ဖြစ်ပါသည်။

PHOTOS OF NEW FIRE CASE AT MANDALAY

မန္တလေး- ပြည်ကြီးမျက်ရှင်အရပ်တွင် မီးစတင် လောင်ကျွမ်းနေသော ဓာတ်ပုံများ။ နောက်ထပ် အိမ်ခြေ ဘယ်လောက် ထပ်ပြီး မီးထဲ ပါသွားပြီကိုလည်း မသိရှိရသေးပါ။




လောလောဆယ် မန္တလေးမှာ မီးထပ်လောင်

စတင်လောင်ကျွမ်းချိန် - နံနက် (၉း၃၀)ခန့်- (၂၈၊ ၂၊ ၀၀၈)။

မန္တလေး - ပြည်ကြီးမျက်ရှင်အရပ် (၆၃ x ၆၅ ကြား)၊ (၃၃ x ၃၂ ကြား) ဒေါ်နှင်းနှင်းမော် ကျူရှင် ဘော်ဒါဆောင်ကပ်ရက်အိမ်မှစတင်ပြီး မီးလောင်နေကြောင်းသိရသည်။ မီးသတ်ကားများ အပြေးအလွှားသွား နှိမ်နင်းလျက်ရှိပြီး ဒေါ်နှင်းနှင်းမော် ကျူရှင်(အထူးသဖြင့် ၁၀ တန်း) ဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း သိရှိရသည်။

အသေအပျောက်၊ ဒဏ်ရာရစာရင်း မသိရှိရသေးပါ။

27 February 2008

CORRELATED NEWS ABOUT YADANARPON

“ရတနာပုံဈေးမီး နောက်ဆက်တွဲသတင်းတို-ထွာ”

၁။ “အဆင့်မြင့်ရတနာပုံဈေးအား ယာယီအားဖြင့် ၇၉ လမ်း၊ ၃၁ x ၃၄ လမ်းကြား နှင့် ၇၉ လမ်း၊ ၂၇ x ၂၉ လမ်းကြားတွင် နေရာချထားပေးမည်ဖြစ်ပါသည်” > ဥက္ကဌ-ဈေးအကျိုးတော်ဆောင်အဖွဲ့ ဟု မီးသင့်ခံ ရတနာပုံဈေးပတ်ပတ်လည် လမ်းထိပ်များတွင် စာတမ်းဘုတ်များ ထောင်ထားကြောင်းတွေ့ရှိရ။

၂။ ရတနာပုံဈေး မီးထဲပါသွားသောအချို့ဈေးဆိုင်ပိုင်ရှင်များ(အထူးသဖြင့် တရုတ်လူမျိုးဈေးဆိုင်ပိုင်ရှင်များ)က ဈေးချိုအနီး မန်းမြန်မာပလာဇာဆိုင်ခန်းလွတ်များနှင့် ဈေးချိုပလာဇာဆိုင်ခန်းလွတ်များကို ကန်ထရိုက်တာများထံ အမြန် လိုက်လံဝယ်ယူနေကြကြောင်းသိရှိရ။
ယခင် ယင်းပလာဇာဆိုင်ခန်းလွတ်များမှာ ၀ယ်သူမရှိသလောက်နည်းပါးပြီး ယခုလို ရတနာပုံဈေး မီးဘေးသင့်သွားမှသာ အလုအယက် လိုက်လံဝယ်ယူခြင်းခံနေရကြောင်းသိရှိရ။

၃။ ရတနာပုံဈေးမီးဘေးအောက် ဒုက္ခရောက်နေသော ညချမ်းများတွင် ဈေးချိုတော်ဈေး “သမ၀ါယမအသင်းလီမိတက်အထူးဈေးပွဲတော်” မှာမူ ခြိမ့်ခြိမ့်သဲ ကျင်းပ မပျက်ရှိနေကြောင်း သိရှိရ။ (ပူးတွဲပါ ပုံ)

၎။ ယမန်နေ့များက တောက်လောင်ခဲ့သော ရတနာပုံဈေးမီးမှ ထွက်ရှိလာသော မီးခိုးငွေ့များကြောင့် ယနေ့အခါ(၂၇၊ ၂၊ ၀၀၈)၀ယ် မန္တလေးမြို့လယ်ခေါင်တစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းလျက်ရှိနေကြောင်းသိရှိရ။

OTHER BLOGS FOR YADANARBON NEWS

ရတနာပုံဈေးမီးအကြောင်းဖော်ပြထားတဲ့ အခြား မြန်မာဘလော့ဂ်လိပ်စာများကို
ဗားမားတူဒေးမီဒီယာမှာ တစုတစည်းတည်း တွေ့ရှိရတဲ့အတွက် သွားရောက်ကြည့်ရှုနိုင်ကြစေရန် အညွှန်းပေးလိုက်ရပြန်ပါတယ်။ (အောက်က ဗားမားတူဒေးလိပ်စာလေးကို ကလစ်နှိပ်ပါ)

http://blogger.burmatodaymedia.com/index.htm

NEW PHOTOS OF YADANARBON

ရတနာပုံဈေး မီးလောင်ဓာတ်ပုံအသစ်များကို “ခံစားချက်ပြင်းတဲ့ မိုးကုတ်သား (Native Mogok)” ဘလော့ဂ်တွင် ထပ်မံ တွေ့ရှိရပါသဖြင့် သွားရောက်ကြည့်ရှုနိုင်ကြစေရန် အောက်တွင် Link Address ပေးလိုက်ပါသည်။ Address တစ်ခုခုကို Click နှိပ်ပြီး ကြည့်ရှုတော်မူကြပါကုန်။

http://nettar.myanmarbloggers.org/2008/02/ya-da-nar-pone-zay.html

(သို့မဟုတ်)

http://s244.photobucket.com/albums/gg38/koaungchan/yadanarpone%20zay/

26 February 2008

Until the next day after....

၂၅ ရက်နေ့ မနက်ပိုင်းက စလောင်တဲ့ ရတနာပုံဈေး မီး ... ၂၆ ရက်နေ့ ထိ ငြှိမ်းသတ်လို့ မပြီးစီးနိုင်သေး....
မန္တလေး နန်းမြို့ ကျုံးထဲက ရေတွေသာ မီးသတ်ကားတွေ ခပ်လို့ ကုန်ရော့မယ်...

PHOTOS OF YADANARBON MARKET FIRE CASE

“မန္တလေး-ရတနာပုံဈေး မီးဘေးသင့်ခံနေရသော ဓာတ်ပုံများ”

(www.planet.com.mm/forums လိပ်စာအောက်က General ကဏ္ဍမှ ChitChat အခန်း- “ပလန်းနက်သတင်းစာ” ခေါင်းစဉ်အောက်တွင် Julydream ဆိုသော ပလန်းနက် ယူဇာတစ်ယောက်က ရတနာပုံဈေးမီးလောင်နေသောပုံများ ပို့စ်တင်ထားကြောင်း တွေ့ရှိရပါသဖြင့် ဓာတ်ပုံများကို တစ်ဆင့် ကူးယူဖော်ပြပေးလိုက်ပါသည်- ညိုကြီး)


ပလန်းနက် ယူဇာ (Planet User) - Julydream အား ဓာတ်ပုံများဖော်ပြပေးခဲ့သည့် အတွက် ဒီနေရာမှနေပြီး ကျေးဇူးစကားဆိုလိုက်ပါတယ်...။
(Special thanks to JULYDREAM (planet.com.mm user) for above photos)

MANDALAY YADANARPON MARKET IN FIRE

25 February 2008

MANDALAY YADANARBON MARKET IN FIRE

“မန္တလေး- ရတနာပုံဈေး မီးလောင်၊ မြန်မာကျပ်ငွေ သန်းပေါင်းများစွာ ဆုံးရှုံးသွား...”

(၂၅၊ ဖေဖော်ဝါရီ၊ ၀၀၈ - မြန်မာစံတော်ချိန် ည (၁၀)နာရီ)

“ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ...မညှာတာ ဘယ်သူ့မှ မထောက်တာ...သူခိုး-ဓားပြထက် ဆိုးတဲ့ရန်သူဟာ...”
အဲသလို...မီးသတိပေး သီချင်းသံတွေ မန္တလေးမှာ မကြားရမီ မီးများကတော့ မကြာခဏ တောက်လောင်နေပါပြီ။

အဆိုးဝါးဆုံးမီး

၂၀၀၈ ခုနှစ်၊ မန္တလေးမီးများထဲမှာတော့ ယနေ့ (၂၅၊ ၂၊ ၀၀၈)မှာ လောင်တဲ့ ရတနာပုံဈေးမီးကတော့ အဆိုးတကာ့ အဆိုးဝါးဆုံးဖြစ်လို့သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ကာ အထပ်ငါးထပ်ရှိတဲ့ ရတနာပုံဈေးရဲ့ ရှိရှိသမျှအားလုံးနီးပါး ဆုံးရှုံးသွားရလို့ပါ။

ရတနာပုံဈေးမှာ ဘာတွေရှိလဲ

မြေညီထပ်- အ၀တ်အထည်ဆိုင်များ(ယခင် တရုတ်တန်းဈေး)၊
ပထမထပ်- Sky Walk Shopping Mall (စားသောက်ဆိုင်များ၊ သူဌေးသုံး အ၀တ်အထည်အရောင်းဆိုင်များ၊ Orange Super market။ MK fashion shop စတဲ့ အမယ်စုံပစ္စည်းများ ရောင်းချရာ အအေးခန်းမှန်လုံအထပ်)၊
ဒုတိယထပ်-Relax Restaurant (ဘိလိယက်ခုံများ၊ စားသောက်ခန်းမနှင့် ကာရာအိုကေခန်းမများ တည်ရှိရာနေရာ၊ မန္တလေး ညမင်းသားများ ကျင်လည်ကျက်စားရာနေရာ)၊
တတိယထပ်- MICT park (မန္တလေးရဲ့ IT နည်းပညာများ သင်ကြား၊ ရောင်းဝယ်ဖောက်ကားရာနေရာ)
စသဖြင့် တည်ရှိပြီး အနယ်နယ်၊ အရပ်ရပ်နှင့် မန္တလေးမြို့ပေါ်မှ ဈေးဝယ်များ၊ အလည်လာ လျှောက်ကြည့်သူများ၊ ကွန်ပျူတာသင်တန်းတက်သူများ၊ နည်းပညာဝယ်ယူသူများ အစသဖြင့် နေ့စဉ် စည်ကားနေကျ ဈေးကြီးတစ်ခု ဖြစ်ပါတယ်။

ဘယ်အချိန်မှာ မီး စလောင်ကျွမ်းတာလဲ

ဈေးဆိုင်များ ဖွင့်ကာစ နံနက် (၈)နာရီမှာ စလောင်ကျွမ်းတာပါ။

ဘယ်က စ လောင်ကျွမ်းတာလဲ

လက်ရှိ အချိန်(၂၅၊၂၊၀၀၈-မြန်မာစံတော်ချိန် ည ၁၀ နာရီ) အထိတော့ ဘယ်က စလောင်ကျွမ်းတယ်ဆိုတာ တိတိကျကျ ဘယ်သူမှ မသိရသေးပါဘူး။ ကောလဟာလတွေကတော့ အမွှေးတိုင်ထွန်းရင်းက စတယ်-ပန်းကန်ဆိုင်တွေက ကောက်ရိုးကို မီးကူးတယ်၊ Relax က စလောင်တယ် အစသဖြင့် မျိုးစုံပြောနေကြတာပါပဲ။

ဘာတွေလောင်ကုန်တာလဲ

မြေညီထပ်က အ၀တ်အထည်ဆိုင် အနည်းငယ်မှ ပစ္စည်း အနည်းငယ် ဆွဲထုတ်လို့ရတာက လွဲရင် ကျန်တဲ့ ဈေးဆိုင်၊ ကျန်တဲ့ အထပ် အကုန် မီးဘေးသင့်ကုန်တော့တာပါပဲ။ ဆုံးရှုံးသွားမယ့် တန်ဖိုးပမာဏကို ခန့်မှန်းကြည့်ရုံနဲ့တင် ကြက်သီးမွေးညှင်းထဖွယ်ရာ ဖြစ်ပါတယ်။

မီးသတ်...မြန်မာ့မီးသတ်...အရံမီးသတ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်မှု?

လူသာသတ်တတ်ပြီး မီးမသတ်တဲ့ စစ်အဆိုးရ အုပ်ချုပ်နေတဲ့ တိုင်းပြည်ဆိုတော့လည်း စဉ်းစားသာကြည့်ကြပါကုန်တော့။ မီးသတ်ကားတွေကတော့ အစီးများစွာလာရောက် မီးငြှိမ်းသတ်ကြပါတယ်။ သို့သော်လည်း မီးကို ပက်တဲ့ရေအားက မီးရှိရာကို ဘယ်လိုမှ မရောက်နိုင်ဘူးဖြစ်နေပါတယ်။ အဆောက်အအုံထဲကိုလည်း ဘယ်သူမှဝင်ပြီး မီးမငြှိမ်းရဲဘူးဖြစ်နေပါတယ်။ အောက်စီဂျင်ဘူးပါ အကာအကွယ်များမရှိတဲ့ မြန်မာ့မီးသတ် ဘယ် မီးကို ဘယ်လို ၀င်သတ်မှာပါလဲ။ ကရိန်းတပ် မီးသတ်ကား နှစ်စီးရဲ့ ရေပက်အားကလည်း လောင်နေတဲ့ မီးနဲ့ယှဉ်ကြည့်လိုက်တော့ တကယ့်ကို မဖြစ်စလောက်ပါ။ ဟောလီးဝုဒ်ရုပ်ရှင်ကားတွေကြည့်ဖူးတဲ့ မန္တလေးမြို့သားတွေရဲ့ ပါးစပ်တွေကတော့ ရဟတ်ယာဉ်ကြီးတွေနဲ့ မီးသတ်ပေးဖို့ မျှော်လင့်တဲ့ စကားတွေ ရေရွတ်မြည်တမ်းနေကြလေရဲ့။

အံ့သြကုန်နိုင်ဖွယ်၊ ဗုဒ္ဓဘာသာအတွက် ဂုဏ်ယူဖွယ်ရာ ရဟန်းသံဃာတော်များရဲ့ စွမ်းဆောင်မှု

မီးသတ်တပ်ဖွဲ့ဝင်တွေ မစွမ်းနိုင်တဲ့ အလုပ်ကို စက်တင်ဘာတုန်းက စစ်အဆိုးရကို ဆန့်ကျင်ကာ ပြည်သူတွေ အတွက် မေတ္တာဓာတ်တွေ ပို့သ စီတန်းလမ်းလျှောက်ခဲ့ကြတဲ့ ရဟန်းသံဃာတော်များက ဒီတစ်ခါ ရတနာပုံဈေး မီးလောင်ရာမှာ လည်း စွမ်းဆောင်ပြခဲ့ပါတယ်။
ရဟန်းသံဃာတော်တွေဟာ မီးသတ်ကားတွေပေါ် တက်ရောက်ကာ မီးသတ်ပိုက်ကို ကိုင်စွဲလို့တစ်မျိုး၊
ရတနာပုံဈေး အထပ်မြင့်ကြီးပေါ်ထိ အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ တက်ရောက်ကာ ပစ္စည်းများ ကူညီ၊ သယ်ထုတ်ပေးခြင်းက တစ်ဖုံ
အမျိုးမျိုး၊ အစုံစုံ ပြည်သူ့ဘက်က ရပ်တည်ခဲ့ကြပါတယ်။

လားလားနဲ့ ဘယ်သူတွေ ကားယားကားယား လုပ်နေကြလဲ

မီးလောင်တဲ့ ကိစ္စနဲ့ ဆိုင်မဆိုင်တော့ မသိဘူး။ စစ်အဆိုးရရဲ့ စစ်တပ်တွေကတော့ သေနတ်ကြီးတွေ တကားကားနဲ့ မီးလောင်နေတဲ့ ဈေးကြီးဘေးမှာ ပတ်ပတ်လည် ထိုင်နေကြလေရဲ့။
ပြီးတော့ ယာဉ်ထိန်းရဲတွေ (သူတို့ကတော့ တကယ်လိုအပ်ပါတယ်)၊
ပြီးတော့ စွမ်းအားရှင်တွေ၊ ရိုးရိုးရဲတွေ...
ရတနာပုံဈေး ပတ်ပတ်လည် လမ်းတွေထဲမှာလည်း လူတွေက ပင်လယ်လို ဝေလို့ (တစ်ချို့က ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ၀န်ထမ်းတွေ၊ တစ်ချို့က ပွဲကြည့်ပရိတ်သတ်၊ တစ်ချို့က ကူညီမယ့် ပရိတ်သတ်၊ တစ်ချို့က တောကြောင်တွေ...

မီးက ဘယ်အချိန်ထိ လောင်နေဦးမှာလဲ

အခု ပို့စ် တင်နေတဲ့ ည (၁၀)နာရီထိ မီးခိုးတွေကတော့ တအူအူ ထွက်နေတုန်းပါပဲ။ ရတနာပုံဈေးကြီးကတော့ အကုန် ကုန်ရှာလေပြီ။ ယာဉ်ထိန်းရဲ တစ်ယောက်ကတော့ ပွဲကြည့်ပရိသတ်ကို ပြောလိုက်တယ်။ “နောက်တစ်နေ့မနက် (၂၆ ရက် မနက်) ၁၀ နာရီတိုင်လို့မှ မီးကို မနိုင်ရင် အထက်က သူတို့ကို ရှယ်ထောင်းမယ်” ဆိုပဲ။
အဲတော့ ဘေးက မီးဘေးသင့်ခံ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြန်ပြောရှာတယ်။
“အဲဒီအချိန်မှ မီးကို မနိုင်ရင်လည်း မန္တလေးတစ်မြို့လုံး မီးလောင်ခံရရုံ ရှိတော့မပေါ့..” တဲ့။

အသေအပျောက်၊ ဒဏ်ရာရ စာရင်း

ရတနာပုံဈေးကြီး မီးလောင်ရာမှာ အခု ပို့စ် တင်နေတဲ့ ည (၁၀)နာရီထိ အသေအပျောက် လုံးဝမရှိပါကြောင်း၊ မီးနဲ့ ပတ်သက်လို့ ဆေးရုံကို ရောက်ရှိလာသူ စုစုပေါင်း (၂၃)ယောက်ရှိပြီး၊ (၉)ယောက်မှာ ပြင်ပလူနာ များအဖြစ်သာ ကုသမှု ခံယူကာ အိမ်ပြန်သွားကြကြောင်း မန္တလေးဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ဒဏ်ရာရသူများထဲတွင် ရဟန်းသံဃာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပါဝင်ပါသည်။

ဘယ်သူ့မှာ တာဝန်ရှိလဲ ?

“ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ...မညှာတာ ဘယ်သူ့မှ မထောက်တာ...သူခိုး-ဓားပြထက် ဆိုးတဲ့ရန်သူဟာ...”
သီချင်းသံတွေ မန္တလေးမှာ မကြားရမီ မီးများကတော့ မကြာခဏ တောက်လောင်နေပါပြီ။

တကယ်တမ်း

တကယ်တမ်း လောင်တဲ့ မီးမှာကော၊ လောင်အောင်လုပ်တဲ့သူမှာကောထက်...လောင်နေတဲ့ မီးကို နိုင်အောင် မနှိမ်နင်းနိုင်တဲ့၊ နှိမ်နင်းနိုင်တဲ့ နည်းစနစ်၊ နည်းပညာ၊ စိတ်ဓာတ်မရှိတဲ့ စစ်အဆိုးရမှာ လုံးဝ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်။
ဒါကြောင့်-
“ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ...မညှာတာ ဘယ်သူ့မှ မထောက်တာ...သူခိုး-ဓားပြထက် ဆိုးတဲ့ရန်သူဟာ...နအဖ စစ်အဆိုးရ မှလွဲ၍ မှတစ်ပါး အခြားမရှိလေပြီကော....”။ ။

ညိုကြီး

24 February 2008

IF REQUIRED..., WE MUST...!

မင်းမှာ လုပ်ချင်၏။ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။
ပဲဟင်းကို ရှုပ်ချင်၏။ နှုတ်ခမ်းမွှေးကို အနုတ်ခံဝံ့ မခံဝံ့။
မှိုနှင့်မျှစ်ကို နုတ်ချင်၏။ ကျဉ်တုတ်ခံဝံ့ မခံဝံ့။


(ကျည်းကန်ရှင်ကြီး မေတ္တာစာမှ)

၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ပထမအကြိမ်ထုတ်- မောင်သာရ၏ “ကျဉ်တုတ်ခံဝံ့ မခံဝံ့” ၀တ္ထုစာအုပ် မျက်နှာစာ အဖွင့်မှ ဖော်ပြချက်ဖြစ်ပါသည်။

18 February 2008

TIME IS UP !!!

“စစ်ကျွန်ဘ၀အောက် အနှစ် (၂၀)”
ပင့်ကူ
ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်
အနှစ် (၂၀) တိုင်ခဲ့ပြီ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး
မီးမနိုင်သေးဘူး
ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်အတွက်
တပ်မတော်က ၀င်ရောက်အာဏာထိမ်းသိမ်းခဲ့ရ
အနှစ်(၂၀)တိုင်ခဲ့ပြီ
၁၉၉၀
ပြည်သူ့သဘောထားကို မျက်ကွယ်ပြု
မာဖီယားအာဏာရူးတစ်စုရဲ့
ဖိနှိပ်ချုပ်ချယ်မှုအောက်
ငါတို့ရဲ့ ဒေါသတွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ငါတို့ရဲ့ အသံတွေ
အနှစ်(၂၀)ဆိုတာ မျိုးဆက်တစ်ဆက်
ဝိုင်အရက်လို
ငါတို့ရဲ့ သွေးတွေ
နောင်လာနောက်သားတွေ သောက်သုံးဖို့
လှောင်အိမ်ထဲက
စတေးခံ နှလုံးသားတွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
လူတစ်ယောက်ရဲ့ အခွင့်အရေးကို
မချစ်တတ်မှတော့
တိုင်းပြည်တစ်ပြည်ကို ချစ်တတ်ဖို့ဆိုတာ ဝေး
ဒီမိုကရေစီ ဆိုတာ မသိ
အခြေခံ ဥပဒေမရှိ
ထန်းရည်မူးနေတဲ့ တောသားတစ်ယောက်လို
အနောက်နိုင်ငံတွေကို အော်ဆဲ
သူတို့ဆောင်ပုဒ် ပြည်သူ့ ဆောင်ပုဒ် လုပ်လို့လုပ်
အာဏာနဲ့ ပတ်သက်လာရင်
ရတနာ သုံးပါးကိုတောင်
စော်ကားဖို့ဝန်မလေးတဲ့ကောင်တွေ
ဒင်းတို့ဥာဏ် တစ်ထွာတစ်မိုက်နဲ့
မြန်မာပြည် မျက်နှာငယ်ခဲ့ရ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ပြည်ထောင်စုကြီး မပြိုကွဲစေချင်ရင်
တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရချင်ရင်
ပြည်သူအများစုက လိုလားတောင့်တနေတဲ့
ကိုယ်ကျိုးစွန့်ဝံ့သူ
အာဇာနည် ဗိုလ်ချုပ်သမီးကို
လွှတ်လိုက်ပါ
သေနတ်ကြီး တကားကားနဲ့
ပြည်သူက မလိုလားတဲ့သူတွေ
တန်းလျားကို ပြန်ပါ
ခြံစောင့်ပါ
အဆီတစ်ထပ် အသားတစ်ထပ်နဲ့
ငါတို့ရဲ့  မြန်မာပြည်ကြီးလည်း
အရိုးပဲ ကျန်ခဲ့ပေါ့
အနှစ်(၂၀)တိုင်ခဲ့ပြီ
ဒါလီရဲ့  နာရီတွေလို
မျက်ရည်တွေ
ချွေးစက်တွေ
အိပ်မက်တွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ပြည်သူတွေရဲ့  လုပ်စာကို ထိုင်စား
ပြည်သူတွေရဲ့  သဘောထားကို ဆန့်ကျင်
ပြည်သူ့အာဏာကို သိမ်းပိုက်
ဘိန်းစားဆေးငတ် မပြတ်သည့်နှယ်
အာဏာစွဲနေတဲ့ အစိုးရ
ဘယ်မှာလဲ လူ့အခွင့်အရေး
ဘယ်မှာလဲ တရားမျှတမှု
လွတ်လပ်မှုနဲ့ ငါတို့ရဲ့ ကမ္ဘာ
ဘိန်းစားတွေ လက်ထဲ
တိုင်းပြည်ကို ထိုးအပ်ထားခဲ့ရတဲ့
သက္ကရာဇ်
အနှစ်(၂၀)တိုင်ခဲ့ပြီ
အနှစ်(၂၀)တိုင်ခဲ့ပြီ...

ပင့်ကူ
(8.8.08 သို့)

15 February 2008

SPDC = ENEMY OF THE STATE?

အဲဒါ နအဖ ပါပဲ


ကြီးကြီးကျယ်ကျယ် အတွေးထုတ်
ရူးနေတဲ့ စိတ်ကူးနဲ့ နိုင်ငံကို အုပ်ချုပ်
အဟုတ်လုပ်လိုက်တော့ သောက်တလွဲ
မှန်းချက်တွေ ကွဲ၊ ပြည်သူ မွဲ
ချမ်းသာသွားတာက သူတို့ပါပဲ
အဲဒါ...။ ။


BLACK