08 February 2008

အရူးချီးပန်း လုံခြုံရေးတင်းကြပ်မှုများ

ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ကားလမ်း တစ်လျှောက်တို့၌ လုံခြုံရေး တင်းကြပ်ထား

-ကြားသိရသော သတင်းများအရ ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက်တွင် ကြိုးကြားကြိုးကြား စစ်တပ်ကင်းအဖွဲ့များ ချထားပြီး တာဝန်ကျစစ်သားများသည် လက်နက် အပြည့်အစုံ နှင့် အလှည့်ကျ ကင်းစောင့်နေကြကြောင်း သိရှိရသည်။
-မကြာမီက ဖြစ်ပွားခဲ့သော ပျဉ်းမနားဘူတာ၊ ရန်ကုန်ဘူတာ နှင့် ဖြူးမြို့နယ် ဗုံးပေါက်ကွဲမှုများအပြီးတွင် စစ်အဆိုးရက လုံခြုံရေးကို ဟန်ပြ တင်းကြပ်ထားခြင်း ဖြစ်နိုင်ကြောင်း ရထားစီး ခရီးသွားတစ်ဦးက သုံးသပ်ပြောကြားပါသည်။

-ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ ထားရှိပြီး မန္တလေးမှ ရန်ကုန်ဝင်ခါနီး နှင့် ရန်ကုန်မှ မန္တလေးသို့ ၀င်ခါနီးတို့တွင် ထိုစစ်ဆေးရေးဂိတ်များ၌ ကားပေါ်ပါ ခရီးသည်များအား လမ်းဆင်းလျှောက်စေပြီး မှတ်ပုံတင်ပြသစေကာ ဘာကိုမှန်းမသိ တစ်ဦးချင်း စစ်ဆေးနေကြကြောင်းလည်း ကားစီး ခရီးသွားတစ်ဦးထံမှ ကြားသိရပါသည်။

05 February 2008

COMPARING A HERO AND THE ZEROS

“အကြွင်းမဲ့ ယုံကြည်ချက်”
ဖိုးလမင်း
အမေရေ...
အမေ့အဖေ
အမေ့အဘိုး
လူမျိုးအတွက် အသက်စွန့်ဖူးတယ်
သူတို့အဖေ
သူတို့အဘိုး
ဘယ်သဝေထိုးနေကြတုန်း။

အမေရေ...
အမေ့အရည်အချင်း
ကျွန်တော်သိ
ပြည်သူသိ
ကမ္ဘာကတောင် သိတယ်
သူတို့အရည်အချင်း
ကျွန်တော်မသိ
ပြည်သူမသိ
ဘယ်သူမှ မသိ...။

အမေရေ...
အမေက ချစ်တတ်တယ်
လူတိုင်းအပေါ် စေတနာထားတယ်
ကျွန်တော်တို့လည်း အမေ့ကို ချစ်တယ်
သူတို့...?
ဘယ်သူ့ကို ချစ်ဖူးတုန်း
ဘယ်တုန်းက ညှာတာဖူးတုန်း
အလှည့်ကျရင် မနွဲ့ စတမ်းပေါ့ကွာ...
စစ်ဗိုလ်အရင့်အမာကြီးတွေ မျက်ရည်ဝဲရင် ကြည့်မကောင်းဘူး။

အမေရေ...
အမေ့အတ္ထုပ္ပတ္တိ တဲ့
စာအုပ်တွေထွက်တယ်
ရုပ်ရှင်တွေ ရိုက်မယ်
သူတို့လည်း ရေးကြမလို့
အမေကြားဖူးမှာပါ...
အလီသန်းရွှေနဲ့ ခိုးသားလေးဆယ် တဲ့...
ဇာတ်အိမ်ကတော့ ခိုင်တယ် အမေရေ...
စားတယ်...အိပ်တယ်...နိုးတယ်...ခိုးတယ်
စားတယ်...အိပ်တယ်...နိုးတယ်...ခိုးတယ်။

အမေရေ...
ကျွန်တော်တို့ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင်
ကြိုးစားပေးမိလို့ ဆိုပြီး
မျက်ကွယ်ကို အမေရောက်နေရတာ
တော်တော်ကို ကြာသွားခဲ့ပြီ
အဲဒါတောင်မှ
နိုင်ငံတော် အာဏာကို ဖြတ်လမ်းက လိုချင်တယ် ဆိုပြီး
ခွေးတွေ ၀ိုင်းဟောင်တာ ခံရသေးတယ်နော်။

အမေရေ...
အမေ့ ဖြတ်လမ်းကြီးကလည်း
ရှည်လှချည်လားဗျာ...
အမေ့ကို
လူတိုင်းက ပန်းတိုင်ရောက်စေချင်လှပြီ။

မျိုသိပ်မရတဲ့ ဆန္ဒတွေ
ပွင့်အံထွက်တဲ့နေ့တော့
အမေ့ကို
ငါတို့ကိုယ်တိုင် ကျောပိုးပြီး
ပန်းတိုင်ကို လိုက်ပို့မယ်...။

(မှတ်ချက်။ ။ သူတို့ = နေ့စဉ် သတင်းစာများ၏ ပင်တိုင် မျက်နှာဖုံးအလှရှင် ငတက်ပြားဇာတ်ထုပ်ထဲမှ အလှည့်ကျ ခေါင်းဆောင် မင်းသားကြီးများ)

ဖိုးလမင်း
2nd, Feb, 23:30

03 February 2008

PLAY THE FAIR GAME !!!

ဒီမယ် စစ်အဆိုးရ!!!
မင်းကိုငါပြောရဦးမယ်...
ကစားပွဲကို သန့်ရှင်းစင်ကြယ်စွာ ယှဉ်ပြိုင်စမ်းပါ
မီဒီယာကို မီဒီယာနဲ့ပဲ တိုက်စမ်းပါ


(စာလုံးများ ရှင်းလင်းစွာတွေ့မြင်နိုင်ရန် အပေါ်က “စာ-ပုံ” ပေါ် ကလစ်နှိပ်ပြီး ကြည့်ပါ)

အဖမ်းဆီးခံ ဘလော့ဂ်ဂါကြီး ကိုနေဘုန်းလတ် ... အမြန်လွတ်မြောက်ပါစေ...တောင်းဆုချွေသည်...

01 February 2008

SPDC OF BURMA

State become a village comparing with the developed.
Peaceful manners become less than the others.
And...
Development of BURMA (Myanmar) is a dream in a closed envelope.
So,
Council (SPDC) means for being rich itself, the people poorer and poorer?
Thus, now-a-day,
State Peace and Development Council must be called as
STATE POOR AND DANGEROUS COUNCIL !!!

Nyo Gyi
(Image: The Head of Thandar Shwe (Than Shwe's daughter) wearing diamonds (=people's tears) at her wedding)

26 January 2008

စစ်အဆိုးရ ကျဆုံးရမည်

ဇန်န၀ါရီ (၂၁)ရက်၊ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်တွင် ပါရှိသော ကဗျာဆရာ စောဝေ၏ ဖေဖော်ဝါရီ ဆယ့်လေး ကဗျာကို အားကျသဖြင့် ကဗျာတစ်ပုဒ် ရေးဖွဲ့လိုက်ပါသည်။

အာဏာရူးကြီး မှူးကြီး သန်းရွှေ

အမှန်တကယ် အာဏာရူးနေသော စစ်အဆိုးရဦးဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အထိနာစေသော ကဗျာကို မဟားဒယားစိစစ်ဖြတ်တောက်နေသော စစ်အဆိုးရစာပေစိစစ်ရေးလက်မှ လွတ်ထွက်ပြီး ဇန်န၀ါရီ (၂၁)ရက်၊ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်တွင် ပါရှိခဲ့ခြင်းမှာ အလွန်ပင် နှစ်ထောင်းအားရဖွယ်ကောင်းလှသော ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။

ကဗျာဆရာ စောဝေ အား အထူးလေးစားဂုဏ်ပြုအပ်ပါသည်။

20 January 2008

မီဒီယာကို မီဒီယာချင်း တိုက်နေတာပါတဲ့....

“တစ် ... နေရာယူ ... ၊ နှစ် ... အသင့်ပြင် ... ၊ သုံး ...”

(ဧရာဝတီ အင်တာနက် မဂ္ဂဇင်း က ပုံရယူပါသည်)

နောက်ဆုံးရရှိတဲ့ သတင်းများအရ www.blogger.com က ပြန်သုံးလို့ အဆင်ပြေနေပြန်ပါပြီတဲ့။ ဒါပေမဲ့ Internet Connection များကတော့ ဗမာပြည်ထုံးစံအတိုင်း အရမ်းနှေးနေတုန်းပါပဲ...တဲ့။

18 January 2008

မီဒီယာကို မီဒီယာချင်းတိုက်တာတဲ့လား

မြန်မာ့ဆက်သွယ်ရေးက ဘလော့ဂ်ဆိုဒ် ပိတ်ပင်

မဇ္ဈိမသတင်းဌာန
Thursday, 17 January 2008 17:37 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့နံနက်မှစ၍ ဘလော့ဂ် တင်၍ရသော www.blogger.com ကို ၀င်ရောက်ကြည့်ရှု သုံးစွဲမရအောင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီးချိန်မှစ၍ ဘလော့ဂ်များကို မြန်မာနိုင်ငံတွင်း ကြည့်ရှုခွင့်ကို အင်တာနက် ၀န်ဆောင်မှုပေးသော ပုဂံတယ်လီပေါ့ (Bagan Teleport) က တားမြစ်ခဲ့ပြီး ယခုအခါ နောက်ထပ် ကျန်ရှိသည့် အင်တာနက် ၀န်ဆောင်မှုပေးသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ဆသရ) အောက် အင်တာနက် သွယ်ထားသော ကွန်ပြူတာများမှ ကြည့်ရှုခွင့် မရခြင်း ဖြစ်သည်။ အင်တာနက် ၀န်ဆောင်မှု နှစ်ခုလုံးကိုတော့ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း စီမံခန့်ခွဲမှုဌာန ကွဲပြားခြင်း ဖြစ်သည်။
သို့သော် မဇ္ဈိမသတင်းဌာနက ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်မေးမြန်းရာတွင် အရာရှိတဦးက ပိတ်ပင်ခြင်း မဟုတ်ကြောင်းနှင့် မည်သည့်အတွက် ၀ဘ်ဆိုဒ်သို့ သွားရောက် ကြည့်ရှုမရသည်ကို မသိရှိကြောင်း ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ ဆက်သွယ်ရေး ၀န်ထမ်းကလည်း ပိတ်ပင်ရန် တရားဝင် ညွန်ကြားချက် မရှိကြောင်း ပြောသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။
ဘလော့ဂ်များသည် ယမန်နှစ် စက်တင်ဘာလ ရဟန်းရှင်လူ အုံကြွသည့် အရေးတော်ပုံအတွင်း စစ်အစိုးရ လွန်စွာ ထိန်းချုပ်သည့်ကြားမှ မြန်မာပြည် အခြေအနေကို ပြင်ပကမ္ဘာက သိရှိအောင် စွမ်းဆောင်ရာတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။

---------------------------------------------------------------------------------------

(နအဖ သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို တော့ ပိတ်လေးပိတ် ကို စွန့်လွှတ်ရမတဲ့။ သူတို့ နအဖကကျတော့ ပိတ်လိုက်တဲ့ အပိတ်။ ပြည်သူကို မျက်စိပိတ်၊ နားပိတ်၊ အတွေးအခေါ်ပိတ်၊ အသိဥာဏ်ပိတ်၊ လွတ်လပ်ခွင့်ပိတ်၊ တောင်းဆိုခွင့်ပိတ်၊ တင်ပြခွင့်ပိတ်၊ ဝေဖန်ခွင့်ပိတ်...ကဲ ကောင်းကြသေးရဲ့လား။ အရပ်ကတို့ရေ...။ ကိုသန်းရွှေ ခင်ဗျားရဲ့ ပိတ်ထောင်ချီပိတ်တွေကိုရော ဘယ်တော့စွန့်လွှတ်မလဲ။ ခင်ဗျားက မစွန့်လွှတ်ရင် ခင်ဗျားကို စွန့်လွှတ်ရလိမ့်မယ်။ -ညိုကြီး)

15 January 2008

POEM for SPDC (State Poor and Dangerous Council)

“ကိုယ့်လူ...သူ့ဘက်သား”

ဖိုးလမင်း












●တိုင်းပြည်နဲ့ လူမျိုးအတွက်တဲ့လား...?
တော်ပါတော့
ကြားဖူးပေါင်းများလှပါပြီ

●တစ်မျိုးသားလုံး တိုးတက်ရေးဆိုလားပဲ...?
လေပေါမနေပါနဲ့
ဘာမှ မမြင်ရသေးဘူး

●ငတ်လို့သေတဲ့ မသာ မရှိဘူး ဆိုကွ...?
ကြားလို့တော့ ကောင်းပါရဲ့
ပြတ်လို့သေသွားတဲ့ ဘ၀တွေကတော့ ဒုနဲ့ဒေး

●မြစ်ကူးတံတားတွေကို လက်ညှိုးထိုးပြဦးမလို့လား...?
အိပ်ကပ်ထဲက တစ်ထောင်တန်ယူပြီး နေကြာစေ့တစ်ထုပ်ဝယ်လာပေးတာပါ
ငါတော့ မပျော်တတ်ဘူး သူငယ်ချင်း...

●တစ်ချိန်မှာ
သမိုင်းက မေးလာလိမ့်မယ်
ပြည်သူ့ တပ်မတော်လား...?
ဘဘတို့ တပ်မတော်လား...?

●ခွာသံပေးတတ်ရုံလေးနဲ့တော့
ငါတို့ ပြည်သူရဲ့ မေတ္တာ
မလိုချင်ပါနဲ့ဦးကွာ...။ ။

ဖိုးလမင်း
(၉၊ ၁၊ ၂၀၀၈)

(မှတ်ချက်- ယခုခေတ် မြန်မာပြည် နေကြာစေ့ တစ်ထုပ် (အလွန်ဆုံး) ၃၀၀ ကျပ်ခန့်သာရှိ - ညိုကြီး)

14 January 2008

A POEM of KINDNESS

“မေတ္တာသည်သာ...”
ညိုကြီး
(ကိုထိုက်ဘလော့ဂ်မှ ကာတွန်းပုံ ရယူပါသည်)


လူအချင်းအချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ...
ဆရာတော်သံဃာများက မေတ္တာတော်တွေပို့ဝေ...
ရရောရပါလေရဲ့လား...
မေတ္တာဓာတ်ကို
သေနတ်နဲ့ ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား...
မေတ္တာတရားကို
တုတ်၊ ဓားလက်နက်တွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား...
မေတ္တာစိတ်နှလုံးကို
မျက်ရည်ယိုဗုံးသုံးပြီး ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား...
နိုင်ငံရေးဆိုတာမှာ
အသက်၊ သွေး၊ ချွေး...တွေဟာလည်း အရင်းခံပေါ့
အနင်းခံ၊ အဖိခံ ပြည်သူတွေအတွက်တော့
သေရတာက နေရတာထက်တောင် ပိုကောင်းနေသလိုလို...။

ငါစံ နင်ခံ တရားတွေ ကြီးစိုး
တုတ်၊ ဓား၊ သေနတ်မိုးတွေ ကြီးစိုး
ခေတ်ကလည်း ခေတ်ဆိုး...။

ကဲ... အခုတော့
ဗုံးမိုးတွေ တအုံးအုံးရွာချ (ဟိုနေရာ၊ ဒီနေရာ...)
သေရတဲ့သူတွေ လွတ်မြောက်လမ်းပွင့်
နေခဲ့ရတဲ့ငါတို့မှာဖြင့်...
ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားကြမလဲ...
ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားရမလဲ...
မေးခွန်းများနဲ့အိပ်မက်တွေကိုပဲ ဆက်မက်ရမလို။ ။

ညိုကြီး

09 January 2008

ခေတ်သစ် သင်္ကြန်စာ

(ကျွန်တော့် Email ဆီကို သူငယ်ချင်း တစ်ယောက် လက်ဆင့်ကမ်းပေးပို့လိုက်တဲ့ “ခေတ်သစ် သင်္ကြန်စာ” လေးကို ဖော်ပြပေးလိုက်ပါတယ်။ -ညိုကြီး)

DOWNLOAD

သျှီ ...သျှီ... ဤနေ့ဤရက်ကား မင်္ဂလာအပေါင်း ခညောင်းသည့် ငါတို့ လွတ်လပ်ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယပေတည်း။

နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေး၏ အနှစ်သာရကား ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်(သားငါးမပါ)၊ ဖယောင်းတိုင် (မီးပျက်သောကြောင့်)၊ အချုပ်ကား၊ လက်ထိပ်၊ ထောင်ဝင်စာတို့ ဖြစ်အံ့။ လွတ်လပ်ရေး ရအောင် တိုက်ယူပေးမိသော သခင်ကြီးများသည် လွတ်လပ်ရေးကာလက လူမဖြစ်သေးသော ယခု ယူနီဖောင်းဝတ် သတ္တ၀ါအများက မိမိတို့သာ လွတ်လပ်ရေး ကျေးဇူးရှင်များဖြစ်ကြောင်း ပြောဟော လွှင့်ထုတ် နေကြသည်ကို ကြားရရှာအံ့။

ကန်တော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နောင်လာနောက်သားတို့အား "ဒုတိယလွတ်လပ်ရေးကို လက်နက်နဲ့တော့ ယောင်လို့မှ မတိုက်လေနဲ့။ တိုက်ပေးတဲ့ စစ်တပ်ကို တသက်လုံး ကျေးဇူးတင်လို့မဆုံး ရှိခိုးနေရမယ်"ဟု လက်ဝါးကာပြတားမြစ်အံ့။

ဤရက်ဝယ် မြန်မာပြည်သား လူအများတို့သည် ထမင်းကို အမျိုးမျိုး အဖုံဖုံသော အသီးအရွက်တို့ဖြင့် စားကြအံ့။ မြစိမ်းရောင် လွှမ်းသော မြေ၌ ထမင်းဝိုင်းသည်လည်း မြစိမ်းရောင် အသွင်ဆောင်အံ့။ အိမ်ရှင်မတို့သည်
အိမ်ဦးနတ်နှင့် သားသမီးများအား သက်သတ်လွတ် စားကြရန် ဟောပြော စည်းရုံးအံ့။ သို့မဟုတ်ပါကလည်း ခြေလေးချောင်းသား ရှောင်ကြဉ်ရန် စည်းရုံးအံ့။

ငါးမြစ်ချင်း၊ ငါးပုတ်သင်နှင့် ရေသတ္တ၀ါ အသေးအမွှား မှန်သမျှ မြန်မာအိမ်ရှင်မတို့နှင့် ကျွမ်းဝင်အံ့။ (မှတ်ချက် - ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ပုစွန်တုတ်ကြီးများ မပါ။) မဟာသင်္ကြန် မကျရောက်သေးသော်လည်း သင်္ကြန်စာပါ ကြိုဟောရလျှင် ကြက်တို့၏ အဓိပတိကား ဈေးသက်သာသော စီပီကြက်၊ ခြေလေးချောင်းတို့၏ အဓိပတိကား အဆီများ အစားခံသော ၀က်၊ လူတို့၏ အဓိပတိကား ဆန်သည်၊ ကောက်ပဲသီးနှံတို့၏ အဓိပတိကား ကန်စွန်း၊ ထမင်းဝိုင်း၏ အဓိပတိကား အချိုမှုန့် ဖြစ်အံ့။

ရွှေဆိုင်ရှင်၊ ရတနာဆိုင်၇ှင်၊ ဖက်ရှင် အ၀တ်အစားဆိုင်ရှင်အများသည်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးနှင့် မြေးများ မိမိတို့ဆိုင်သို့ မျက်စိလည် လမ်းမှား၍ လာရောက် အားမပေးရန် ဆုတောင်းကြရလတ္တံ့။ လာအားပေးလျှင် တပြားမှ မပေးဘဲ ကြိုက်ရာ အကုန်မ,၍ ဆိုင်မှ ထွက်သွားကြကြောင်း သတင်းကြီးသောကြောင့်တည်း။

တပ်မတော်သည် နိုင်ငံတော်အတွက် နေ့မအားညမအား ရသမျှ အကုန်ခိုးခြင်း၊မျိုခြင်း၊ ဆို့ခြင်းတို့ဖြင့် အလုပ်များရှာအံ့။ ၀ါသနာပါလျက် ပြည့်တန်ဆာ မဖြစ်ရရှာသူတို့သည် ဗိုလ်ကတော်ဖြစ်ရန် အားထုတ်အံ့။

မြန်မာပြည်သား လူအများတို့သည် ကျန်းမာရေး လိုက်စားအံ့။ ဘတ်စကားခ ဈေးကြီး၍ လမ်းလျှောက်ကြကုန်သောကြောင့်တည်း။ အိုလံပစ် လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာတို့ နိုင်ငံနှင့်ချီ၍ ပါဝင်ယှဉ်ပြိုင်လျှင် အထူး ဗိုလ်စွဲအံ့။

သွားပါများ ခရီးရောက်ဟူသော မောင်ပေါက်ကျိုင်းစကားကို မြန်မာတို့ အထူး လိုက်နာအံ့။ ပြည်ပချည်းသာ ထွက်ဖို့ စိုင်းပြင်းလတ္တံ့။ လူငယ်တို့ နှုတ်ဖျားဝယ် ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ကြီးစိုးအံ့။ ပတ်စပို့ မတတ်နိုင်သူတို့ကား မလေးရှားသို့ ရေကြောင်းမှ ချီတက်အံ့။ သို့မဟုတ် ထိုင်းနိုင်ငံသို့ ကုန်းကြောင်းမှ ချီတက်အံ့။

ဘာသာစကား သင်တန်းများ ခေတ်စားအံ့။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စကားများ သင်ကြားလိုသူ ပေါအံ့။ မြန်မာတို့ မသင်ကြားလိုသော တိုင်းခြား ဘာသာစကားများကား ဆိုမာလီ၊ ရ၀မ်ဒါ၊ လာအို စကားတို့တည်း။

လွတ်လပ်ရေး နှစ် ၆၀ ပြည့်သည့် ၂၀၀၈ နှစ်ကာလ၀ယ် မြန်မာတို့သည် ကွန်ပျူတာအား မည်သို့မည်ပုံ ဖွင့်ရကြောင်း၊ ခလုတ်မည်သို့ နှိပ်ရကြောင်း သင်တန်းများတက်၍ ငွေကုန်ခံ သင်ယူနေကြသည်ကို အံ့သြဖွယ် တွေ့ရှိရအံ့။ ဘီလ်ဂိတ် သိသော် ရင်ကျိုးဖွယ်တည်း။

စားအုန်းဆီ ကျေးဇူးကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စသည်များ တိုးပွားအံ့။ ဤကား တပ်မတော်အစိုးရ၏ ကျေးဇူးတည်း။ တပ်မတော်သည် လပိုင်းအတွင်း ပျက်သော လမ်းများကို အံ့ဘနန်း တည်ဆောက်အံ့။ တပ်မတော်အစိုးရ လက်ထက်တွင် နှစ်စဉ် လမ်းပြင်ရအံ့။ အကြောင်းမှာ သူတပါး နိုင်ငံတွင် ၁၀ နှစ် မှ တခါ ပြင်ရသော လမ်းများကို တပ်မတော်အစိုးရ ကယ်တင်ထားသော မြန်မာနိုင်ငံတွင် နှစ်စဉ် ပြင်ရသောကြောင့်တည်း။

ပြည်သူတို့သည် ငါးပိရည် တို့စရာတို့ဖြင့်လည်းကောင်း၊ စစ်ဗိုလ်ကြီးငယ်တို့သည် ကြက်ပေါင်ကိုက် ဘီယာကျိုက်၍လည်းကောင်း လွတ်လပ်ရေး အရသာကို အသီးသီး ခံစားကြကုန်အံ့။

ပြည်သူတို့ ခံစားရမည့် လွတ်လပ်ရေး၏ အရသာကား အချိုမှုန့် များအံ့။ သားငါးနည်းအံ့။ ဆန်ကြမ်းအံ့။ လက်ဖက်ရည်ဖြစ်မူ ချက်နို့ဆီလွှမ်းအံ့။ လွတ်လပ်ရေး ရသည်မှ နှစ်ပေါင်းခြောက်ဆယ် ပြည့်အပ်သော် မြန်မာနိုင်ငံသည် နွားနှင့် လယ်ထွန်နိငု သည်အထိ ကမ္ဘာကို ရင်ဘောင်တန်းအံ့။

လျှပ်စစ်မီး တီထွင်ခဲ့သူ သောမတ် အယ်ဒီဆင်ကို မြန်မာတို့ နေ့စဉ် ဂုဏ်ပြုအံ့။ အယ်ဒီဆင်၏ ချက်ကြွေ အမေရိကားတွင် ၎င်းမွေးနေ့ရောက်တိုင်းသာ နယူးယောက်တမြို့လုံး ခေတ္တ မီးအမှောင်ချ၍ ဂုဏ်ပြုသော်လည်း မြန်မာနိုင်ငံသည် ညစဉ်၊ ရံခါ ညလုံးပေါက် ဂုဏ်ပြုအံ့။ အမြဲ မီးပျက်နေသဖြင့် အယ်ဒီဆင်သည် မြန်မာနိုင်ငံတွင် အမြဲ ဂုဏ်ပြုခံရသူ ဖြစ်လတ္တံ့။

ဆိုမာလီ၊ ကင်ညာ၊ ဇင်ဘာဘွေ နိုင်ငံတို့သည် ၎င်းတို့ ဆွတ်ခူးထားအပ်သော ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက လုယူဆွတ်ခူးမည့်ဘေးနှင့် ရင်ဆိုင်ရအံ့။ ဘောလုံးပွဲတွင် နိုင်ငံတကာကို ရှုံးသော တပ်မတော် အစိုးရသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖလားကို နိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ရန် ကြီးစွာ အားထုတ်လတ္တံ့။

x x x

အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း

Filename: Thingyan Sar -1-2008
Directory: E:\DEMOCRaCY\Letter
Template: C:\Documents and Settings\aungthu\application Data\Microsoft\Templates\Normal.dot
Title: သျှီ
Author: aungthu
Creation Date: 1/8/2008 2:41 PM
Change Number: 1
Last Saved On: 1/8/2008 2:43 PM
Last Saved By: aungthu

08 January 2008

SEPTEMBER HERO FOR MYANMAR

လက်ရှိမြန်မာပြည် စစ်အဆိုးရကို အထိနာစေသော စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး၏ ရဟန်းသူရဲကောင်း အရှင်ဂမ္ဘီရ အား ရှိခိုးဦးညွှတ် အလေးပြုအပ်ပါသည်။
စစ်အဆိုးရ၏ ဖမ်းဆီးနှိပ်စက်ခြင်းမှ အရှင်မြတ်ဘုရား အမြန်ဆုံးကင်းလွတ်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။

06 January 2008

MYANMAR INDEPENDENCE DAY TOPIC

(နယ်ချဲ့များလက်မှ လွတ်မြောက်ကာ ကျွန်တော်တို့မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ် ဇန်န၀ါရီ (၄)ရက်နေ့တွင် ကြေညာအပ်သော “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ကြီးကို ပြန်လည် ဖော်ထုတ် တင်ပြလိုက်ရပါသည်။ ယခုခေတ် မြန်မာပြည်စစ်အဆိုးရ လုပ်ကိုင်ကျင့်ကြံနေပုံများမှာ “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ပါ ရည်ရွယ်ချက်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပုံကို တွေ့ရှိနိုင်ပါသည်။
စာလုံးပေါင်းသတ်ပုံများကို ယခုခေတ်မြန်မာစာလုံးပေါင်းသတ်ပုံများအတိုင်း ပြုပြင်ထားပါသည်။
- ညိုကြီး)

(ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ပုံရယူပါသည်)

“ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”

အောင်စေသတည်း...။

၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော်(၉)ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်၊ တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤ ငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ...။

၂။ ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည် လိုရာမက ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမြတ်မွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါမြတ်အပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း သုံးမကုန်နိုင်သော ပဒေသာအစစ် အနှစ်သာရပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် စသည်ဖြင့် တစ်သွေးတစ်သားတစ်မိဖွားဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြကုန်၏။ တကောင်းသရေခေတ္တရာ ပုဂံ မြင်စိုင်း စစ်ကိုင်း ပင်းယ အင်းဝ ကုန်းဘောင် ထိုနောင် မန္တလေး အထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါတဲ့ပမာသို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအသင်္ချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ ညှိုးလျှော်နွမ်းလျ မထွန်းမပ ဖြစ်သကဲ့သို့ ငါတို့လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးသည်လည်း လွန်ခဲ့သော နှစ်ပေါင်းလေးရာက ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် ဖုံးအုပ်ခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြိုက်ကြုံ တွေ့ဆုံမိ၍ ပထမအင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏ လွတ်လပ်သော ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရဲကာ ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါ လရောင်သည် ပကတိ အသရေကို ပြန်၍ ဆောင်နိုင်လေသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ်ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ...။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေးကောင်းကင် တိမ်တင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်ပါ။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ခေါင်းဆောင်မှူးတို့၏ မဆုပ်မနစ်သော လုံ့လ မလျှော့သော ၀ီရိယ ဆီမီးတန်ဆောင်တို့ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ ၀ရဇိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျှော့မလို ထိုထိုဆိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့်ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူးအာဏာမြတ် ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ...။

၎။ ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ ကောင်းကျိုးချမ်းသာကို မလိုလား...။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ၊ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတစ်ဝှန်းကို တစ်သွေးတစ်သားတည်းဟူသော ကကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကကြိုးထူး ဤအကျိုး(၃)ပါးနှင့် ကမ္ဘာဆုံးတိုင် တည်တန့်ခိုင်မြဲအောင် ရစ်ပါတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ...။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက၄င်း ယခု မျက်မှောက်တွင်၎င်း နေင်လာလတ္တံ့သော အနာဂါတ်ကာလ၌၄င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့ အမွေအနှစ်အပိုင်ပစ္စည်း ကျိုးခံစားရသည် ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူအပေါင်းတို့၏ ပထမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်းတို့၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွမ်းမပြီ ပကတိ သန့်ရှင်းဖြူစင်သော မူလလူဝါဒနှင့် လျော်ညီစွာ စည်းကမ်းဥပဒေ သေချာထင်ရှား ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသော အခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ...။

၆။ သိကြကုန်လော့...ယနေ့ မင်္ဂလာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ...။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်ဆောက်မည်....။ ငါတို့သည် လွတ်လပ်သော နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်ပါမည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်...။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်...။ ဤငါတို့ ကြေငြာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း...။ ။

02 January 2008

JANUARY POEM

`ဇန်န၀ါရီ´
ပင့်ကူ


ပြည်သူက တင်မြှောက်တဲ့ သမ္မတဆိုတာ
ဘယ်တော့မှ မတိမ်ကောဘူး။
(လင်ကွန်း)

ဇန်န၀ါရီ အတု
လရောင် အတု
နေရောင် အတု
ပန်းပွင့် အတု
အတုတွေနဲ့
ဇန်န၀ါရီဟာ
မြင်မကောင်း ရှုမကောင်း
အနူလက်စွပ် ၀တ်ထားသလို
လက်တစ်ဆုပ်စာ လူတစ်စုရဲ့
လက်ထဲ
ဇန်န၀ါရီဟာ
စိန်စီသောည ဇာတ်ကားကို ရိုက်လို့
ဇန်န၀ါရီဟာ
လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ပိတ်ပင်လို့
ဇန်န၀ါရီဟာ
လူ့အခွင့်အရေးကို ချိုးဖောက်လို့
ဇန်န၀ါရီဟာ
သူ့ကိုယ်သူ ၀ါဒဖြန့်လို့
ဇန်န၀ါရီဟာ
သူ့ကိုယ်သူ ထောက်ခံလို့
ဇန်န၀ါရီဟာ
သူများစီးပွားရေးကို တုတ်နဲ့ထိုးလို့
ဇန်န၀ါရီဟာ
အလင်းဆိုင်ယဉ်ကျေးမှုကို ရိုက်ချိုးလို့
လျှပ်စစ်မီးတောင် မနိုင်သေးတဲ့
ဇန်န၀ါရီဟာ
သာပေါင်းညာစားတွေနဲ့ပေါင်းပြီး
သွေးကြီးလို့
ဇန်န၀ါရီဟာ
မိန်းမတစ်ယောက်ကိုတောင်
ပိတ်လှောင်ထားရတဲ့ သတ္တိတွေနဲ့
ဇန်န၀ါရီဟာ
ဇန်န၀ါရီဟာ ဘယ်မှာလဲ
ဇန်န၀ါရီဟာ
ဗိုလ်ချုပ်နဲ့အတူ ကျဆုံးခဲ့ပေါ့
ဇန်န၀ါရီဟာ
ပြည်တွင်းစစ်ဖြစ်ခဲ့ပေါ့
ဇန်န၀ါရီဟာ
ပြည်သူတွေကို သတ်ခဲ့ပေါ့
သံဃာတွေကို ဖမ်းခဲ့ပေါ့
အို...ဇန်န၀ါရီ
သခင်အောင်ဆန်းရဲ့ ဇန်န၀ါရီ
ပြည်သူတွေအားလုံးရဲ့ ဇန်န၀ါရီ
ဇန်န၀ါရီဟာ ဘယ်မှာလဲ
ဇန်န၀ါရီဟာ ပိုက်ဆံလား
ဇန်န၀ါရီဟာ လက်နက်လား
ခင်ဗျားဟာ ဇန်န၀ါရီလား
ကျွန်တော်ဟာ ဇန်န၀ါရီလား
ဇန်န၀ါရီဟာ
အစိမ်းရောင်ခွေးသွားစိတ်တွေကြား
တစ်စစီ ကြေမွသွားနေပေါ့
ဇန်န၀ါရီ ။ ။

ပင့်ကူ
(၄.၁.၀၈)

26 December 2007

မစိုးရိမ်တိုက်သစ် ကထိန်ပွဲ ပြည်သူတွေ ပါဝင်နွှဲ





လက်ရှိ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးရာဇာဓမ္မာဘိဝံသ


၁၃၆၉-ခု နတ်တော်လပြည့်နေ့ (၂၄၊ ၁၂၊ ၀၇) တနင်္လာနေ့ နံနက်က သံဃာ အပါး (၂၈၀၀) သီတင်းသုံးနေထိုင်သော မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် မစိုးရိမ် ကျောင်းတိုက် ကျောင်းဒကာများ ကြီးမှူးသော ဥပတ္ထမ္ဘက အဖွဲ့မှ စုပေါင်း မဟာဘုံကထိန် ပွဲကြီး ခင်းကျင်း လှူဒါန်းခဲ့သည်။

ထိုပွဲသည် အကြီးကျယ်ဆုံးသော ကထိန်ပွဲကြီး ဖြစ်ပြီး ပြည်သူ လူထု၏ ညီညွတ်မှုနှင့် စည်းလုံးမှုကို ပြသရာ ရောက်သော လူထု လှုပ်ရှားမှုပွဲကြီဒလည်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ ယင်းပွဲ လက်မခံရန်နှင့် စစ်အဆိုးရ၏ မန္တလေးတိုင်းမှူးမှ မိမိတို့ ခင်းကျင်းမည်ဖြစ်ကြောင်း တိုင်းမှူးမှ လာရောက် လျှောက်ထားသည်ကို မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးရာဇာဓမ္မာဘိဝံသမှ လုံးဝလက်မခံနိုင်ပါကြောင်း၊ မိမိတို့ ၀ိနည်းဥပဒေအရ ပထမလျှောက်ထားသော ဒကာကိုသာ ဦးစားပေး လက်ခံရမည် ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပယ်ချပြီမှ ယခုလို စည်းလုံးသော ပြည်သူလူထု၏ အလှူကို လက်ခံ ကျင်းပခဲ့ခြင်းဖြစ်သောကြောင့်ပေတည်း။

ထိုစဉ်က ကျွန်ုပ်တို့ သတင်းသမားများမှာ ဆရာတော်၏ ရဲရင့်မှုကိုသာ သတိပြုမိ၍ နာယကချုပ်ဆရာတော်၏ အမြှော်အမြင်ကြီးမှုကို သတိမပြုမိကြပေ။ နောက်အခါ မန္တလေးမြို့၊ အိမ်တော်ရာ ဘုရားအနောက်ဘက် ခင်မကန်ကျောင်းတိုက်၌ မန္တလေးတိုင်းမှူးမှ ယခင် မစိုးရိမ်တိုက်သစ်၌ကဲ့သို့ပင် ယခင် ကထိန်ဒကာကို ဖယ်ရှား၍ တိုင်းမှူးမှ ကထိန်ဝင်ခင်းစဉ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုများကို ခေါင်းဆောင်ပါဝင်သော ရဟန်းငယ်များကို ၀င်ရောက်မွှေနောက်ဖမ်းဆီးသည်ကို ကြားသိရမှသာလျှင် ဆရာတော်၏ အမြှော်အမြင်ကြီးမှုကို လက်ဖျားခါ အံ့ခြီးခဲ့ရပေသည်။ (ကဗျာဆရာ မင်းဆက် (ဦးသုမန)သည် ဤပုံစံမျိုးနှင့်ပင် အဖမ်းခံခဲ့ရသည်။)

ယခု ထိုကြီးကျယ်သော ပြည်သူ့ကထိန်ပွဲကြီး မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိ ကျောင်းတော်ကြီး ဒုတိယထပ်၌ နံနက်(၅)နာရီ၊ မိနစ်(၃၀)တွင် သံဃာတော်များအား အာရုံမုန့်ဟင်းခါးဆွမ်း၊ ကော်ဖီမုန့်များ ဆက်ကပ်ခြင်း၊ နံနက်(၈)နာရီ (၃၀)မိနစ်တွင် စာသင်ပြီး၊ ကျမ်းပြီး၊ စာချဆရာတော်များမှ ဓမ္မမဟိဒ္ဓိ အပေါ်ဆုံးထပ်တွင် ပရိတ်အနုမောဒနာတရားများ ချီးမြှောက်ခြင်း၊ နံနက်(၉)နာရီတွင် ဒကာ၊ ဒကာမများနှင့် ပြည်သူလူထုတို့မှ ဆွမ်း၊ သင်္ကန်း၊ ဘောပင်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပြီး ဓမ္မမဟိဒ္ဓိ ဒုတိယထပ်တွင် သံဃာတော်များအားလုံး ဆွမ်းဘုန်းပေးကြသည်။

လာသမျှ ဧည့်ပရိတ်သတ်များနှင့် သီလရှင်ဆရာလေးများကို နံနက်(၉)နာရီမှ (၁၁)နာရီထိ ကျွေးမွေးဧည့်ခံခဲ့သည်။ စုစုပေါင်း အလှူတော်ငွေ ကုန်ကျစရိတ်ပေါင်း သိန်းငါးထောင် ခန့်ရှိမည်ဟု ဥပတ္ထမ္ဘက အဖွဲ့ဝင် ဥပါသကာတစ်ယောက်မှ ပြောကြားသည်။ ထို့ကြောင့် ဤစက်တင်ဘာ သံဃာ့လှုပ်ရှားမှု၌ ခေါင်းဆောင်ပါဝင်ခဲ့သော နာမည်ကြီး ဆရာဒကာ ညီညွတ်မှုနှင့် စည်းလုံးမှုကို ဖော်ထုတ်သော ကထိန်ပွဲကြီး ဖြစ်ပေသည်။

ယမထာ
ဒါတွေက စစ်အဆိုးရဖမ်းဆီးနှိပ်စက်မှာကို ကြောက်လို့ ရွာပြန်ကုန်ကြတဲ့ သံဃာတော်များအတွက်

23 December 2007

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် စုပေါင်း ကထိန်

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီးမှာ ပဉ္စမ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာ ကို (၂၄၊ ၁၂၊ ၂၀၀၇) တနင်္လာနေ့ မှာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲတော့မှာပါ။
မန္တလေး စစ်တိုင်းမှူးရဲ့ ကပ်ဖားရပ်ဖား ကထိန်ကို ရဲရဲဝံ့ဝံ့ ငြင်းပယ်ပြီး ပြည်သူတွေရဲ့ တကယ့်အစစ်အမှန် သဒ္ဓါတရားကိုသာ မစိုးရိမ်တိုက်သစ် ဆရာတော်များက လက်ခံပြီး ခင်းကျင်းမယ့် ကထိန်ဖြစ်ပါတယ်။
သံဃာတော် စုစုပေါင်း (၂၈၀၀)ပါးအား ဆက်ကပ်လှူဒါန်းကြမှာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံကို ဆက်လက်ပြီး တင်ပြပေးဖို့ကြိုးစားပါ့မယ်။

ညိုကြီး