18 February 2008

TIME IS UP !!!

“စစ်ကျွန်ဘ၀အောက် အနှစ် (၂၀)”
ပင့်ကူ
ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်
အနှစ် (၂၀) တိုင်ခဲ့ပြီ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး
မီးမနိုင်သေးဘူး
ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်အတွက်
တပ်မတော်က ၀င်ရောက်အာဏာထိမ်းသိမ်းခဲ့ရ
အနှစ်(၂၀)တိုင်ခဲ့ပြီ
၁၉၉၀
ပြည်သူ့သဘောထားကို မျက်ကွယ်ပြု
မာဖီယားအာဏာရူးတစ်စုရဲ့
ဖိနှိပ်ချုပ်ချယ်မှုအောက်
ငါတို့ရဲ့ ဒေါသတွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ငါတို့ရဲ့ အသံတွေ
အနှစ်(၂၀)ဆိုတာ မျိုးဆက်တစ်ဆက်
ဝိုင်အရက်လို
ငါတို့ရဲ့ သွေးတွေ
နောင်လာနောက်သားတွေ သောက်သုံးဖို့
လှောင်အိမ်ထဲက
စတေးခံ နှလုံးသားတွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
လူတစ်ယောက်ရဲ့ အခွင့်အရေးကို
မချစ်တတ်မှတော့
တိုင်းပြည်တစ်ပြည်ကို ချစ်တတ်ဖို့ဆိုတာ ဝေး
ဒီမိုကရေစီ ဆိုတာ မသိ
အခြေခံ ဥပဒေမရှိ
ထန်းရည်မူးနေတဲ့ တောသားတစ်ယောက်လို
အနောက်နိုင်ငံတွေကို အော်ဆဲ
သူတို့ဆောင်ပုဒ် ပြည်သူ့ ဆောင်ပုဒ် လုပ်လို့လုပ်
အာဏာနဲ့ ပတ်သက်လာရင်
ရတနာ သုံးပါးကိုတောင်
စော်ကားဖို့ဝန်မလေးတဲ့ကောင်တွေ
ဒင်းတို့ဥာဏ် တစ်ထွာတစ်မိုက်နဲ့
မြန်မာပြည် မျက်နှာငယ်ခဲ့ရ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ပြည်ထောင်စုကြီး မပြိုကွဲစေချင်ရင်
တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရချင်ရင်
ပြည်သူအများစုက လိုလားတောင့်တနေတဲ့
ကိုယ်ကျိုးစွန့်ဝံ့သူ
အာဇာနည် ဗိုလ်ချုပ်သမီးကို
လွှတ်လိုက်ပါ
သေနတ်ကြီး တကားကားနဲ့
ပြည်သူက မလိုလားတဲ့သူတွေ
တန်းလျားကို ပြန်ပါ
ခြံစောင့်ပါ
အဆီတစ်ထပ် အသားတစ်ထပ်နဲ့
ငါတို့ရဲ့  မြန်မာပြည်ကြီးလည်း
အရိုးပဲ ကျန်ခဲ့ပေါ့
အနှစ်(၂၀)တိုင်ခဲ့ပြီ
ဒါလီရဲ့  နာရီတွေလို
မျက်ရည်တွေ
ချွေးစက်တွေ
အိပ်မက်တွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ပြည်သူတွေရဲ့  လုပ်စာကို ထိုင်စား
ပြည်သူတွေရဲ့  သဘောထားကို ဆန့်ကျင်
ပြည်သူ့အာဏာကို သိမ်းပိုက်
ဘိန်းစားဆေးငတ် မပြတ်သည့်နှယ်
အာဏာစွဲနေတဲ့ အစိုးရ
ဘယ်မှာလဲ လူ့အခွင့်အရေး
ဘယ်မှာလဲ တရားမျှတမှု
လွတ်လပ်မှုနဲ့ ငါတို့ရဲ့ ကမ္ဘာ
ဘိန်းစားတွေ လက်ထဲ
တိုင်းပြည်ကို ထိုးအပ်ထားခဲ့ရတဲ့
သက္ကရာဇ်
အနှစ်(၂၀)တိုင်ခဲ့ပြီ
အနှစ်(၂၀)တိုင်ခဲ့ပြီ...

ပင့်ကူ
(8.8.08 သို့)

15 February 2008

SPDC = ENEMY OF THE STATE?

အဲဒါ နအဖ ပါပဲ


ကြီးကြီးကျယ်ကျယ် အတွေးထုတ်
ရူးနေတဲ့ စိတ်ကူးနဲ့ နိုင်ငံကို အုပ်ချုပ်
အဟုတ်လုပ်လိုက်တော့ သောက်တလွဲ
မှန်းချက်တွေ ကွဲ၊ ပြည်သူ မွဲ
ချမ်းသာသွားတာက သူတို့ပါပဲ
အဲဒါ...။ ။


BLACK

13 February 2008

OUR FOREVER LEADER - AUNG SAN

(ငယ်ငယ်တုန်းက စာသင်ကျောင်းမှာ သင်အံခဲ့ရတဲ့ ကဗျာလေးကို ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတင်ဆက်လိုက်ပါသည် - BIGBBROWN)

“အောင်ဆန်းဇာနည်”


ဖေဖ၀ါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား။

ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။

10 February 2008

DON'T FORGET !

“ဖေဖော်ဝါရီ တစ်ဆယ့်နှစ် (သို့) ပြည်ထောင်စုနေ့”
BLACK

နှစ်တိုင်းနှစ်တိုင်း ရောက်ရောက်လာတဲ့
ဒီနေ့ရက်...
ဘိုးဘွားတွေရဲ့ သွေးချွေးတွေနဲ့ ထုဆစ်ခဲ့တဲ့
ဒီနေ့ရက်...
အခုတော့များ ဒီနေ့ရက်ဟာ...
ရေပေါ်ဆီသမားတွေရဲ့ အပေါ်ယံအယားဖျောက်မှုကြောင့်
အခုတော့များ ဒီနေ့ရက်ဟာ...
ပြက္ခဒိန်ပေါ်က နာမည်ခံအဖြစ်သာ ကျန်ခဲ့ပြီ။

ဖေဖော်ဝါရီ (၁၄) တဲ့...
မိ-မစစ် ဖ-မစစ် ချစ်သူများနေ့ ကတောင်
တစ်သားမွေး တစ်သွေးလှလှ ဖြစ်လို့
အခုတော့ ငါကိုယ်တိုင်တောင်
စွယ်စုံကျမ်းကြီး လှန်ကြည့်ရတော့မယ်...။ ။

BLACK

08 February 2008

အရူးချီးပန်း လုံခြုံရေးတင်းကြပ်မှုများ

ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ကားလမ်း တစ်လျှောက်တို့၌ လုံခြုံရေး တင်းကြပ်ထား

-ကြားသိရသော သတင်းများအရ ရန်ကုန်-မန္တလေး ရထားလမ်းတစ်လျှောက်တွင် ကြိုးကြားကြိုးကြား စစ်တပ်ကင်းအဖွဲ့များ ချထားပြီး တာဝန်ကျစစ်သားများသည် လက်နက် အပြည့်အစုံ နှင့် အလှည့်ကျ ကင်းစောင့်နေကြကြောင်း သိရှိရသည်။
-မကြာမီက ဖြစ်ပွားခဲ့သော ပျဉ်းမနားဘူတာ၊ ရန်ကုန်ဘူတာ နှင့် ဖြူးမြို့နယ် ဗုံးပေါက်ကွဲမှုများအပြီးတွင် စစ်အဆိုးရက လုံခြုံရေးကို ဟန်ပြ တင်းကြပ်ထားခြင်း ဖြစ်နိုင်ကြောင်း ရထားစီး ခရီးသွားတစ်ဦးက သုံးသပ်ပြောကြားပါသည်။

-ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များ ထားရှိပြီး မန္တလေးမှ ရန်ကုန်ဝင်ခါနီး နှင့် ရန်ကုန်မှ မန္တလေးသို့ ၀င်ခါနီးတို့တွင် ထိုစစ်ဆေးရေးဂိတ်များ၌ ကားပေါ်ပါ ခရီးသည်များအား လမ်းဆင်းလျှောက်စေပြီး မှတ်ပုံတင်ပြသစေကာ ဘာကိုမှန်းမသိ တစ်ဦးချင်း စစ်ဆေးနေကြကြောင်းလည်း ကားစီး ခရီးသွားတစ်ဦးထံမှ ကြားသိရပါသည်။

05 February 2008

COMPARING A HERO AND THE ZEROS

“အကြွင်းမဲ့ ယုံကြည်ချက်”
ဖိုးလမင်း
အမေရေ...
အမေ့အဖေ
အမေ့အဘိုး
လူမျိုးအတွက် အသက်စွန့်ဖူးတယ်
သူတို့အဖေ
သူတို့အဘိုး
ဘယ်သဝေထိုးနေကြတုန်း။

အမေရေ...
အမေ့အရည်အချင်း
ကျွန်တော်သိ
ပြည်သူသိ
ကမ္ဘာကတောင် သိတယ်
သူတို့အရည်အချင်း
ကျွန်တော်မသိ
ပြည်သူမသိ
ဘယ်သူမှ မသိ...။

အမေရေ...
အမေက ချစ်တတ်တယ်
လူတိုင်းအပေါ် စေတနာထားတယ်
ကျွန်တော်တို့လည်း အမေ့ကို ချစ်တယ်
သူတို့...?
ဘယ်သူ့ကို ချစ်ဖူးတုန်း
ဘယ်တုန်းက ညှာတာဖူးတုန်း
အလှည့်ကျရင် မနွဲ့ စတမ်းပေါ့ကွာ...
စစ်ဗိုလ်အရင့်အမာကြီးတွေ မျက်ရည်ဝဲရင် ကြည့်မကောင်းဘူး။

အမေရေ...
အမေ့အတ္ထုပ္ပတ္တိ တဲ့
စာအုပ်တွေထွက်တယ်
ရုပ်ရှင်တွေ ရိုက်မယ်
သူတို့လည်း ရေးကြမလို့
အမေကြားဖူးမှာပါ...
အလီသန်းရွှေနဲ့ ခိုးသားလေးဆယ် တဲ့...
ဇာတ်အိမ်ကတော့ ခိုင်တယ် အမေရေ...
စားတယ်...အိပ်တယ်...နိုးတယ်...ခိုးတယ်
စားတယ်...အိပ်တယ်...နိုးတယ်...ခိုးတယ်။

အမေရေ...
ကျွန်တော်တို့ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင်
ကြိုးစားပေးမိလို့ ဆိုပြီး
မျက်ကွယ်ကို အမေရောက်နေရတာ
တော်တော်ကို ကြာသွားခဲ့ပြီ
အဲဒါတောင်မှ
နိုင်ငံတော် အာဏာကို ဖြတ်လမ်းက လိုချင်တယ် ဆိုပြီး
ခွေးတွေ ၀ိုင်းဟောင်တာ ခံရသေးတယ်နော်။

အမေရေ...
အမေ့ ဖြတ်လမ်းကြီးကလည်း
ရှည်လှချည်လားဗျာ...
အမေ့ကို
လူတိုင်းက ပန်းတိုင်ရောက်စေချင်လှပြီ။

မျိုသိပ်မရတဲ့ ဆန္ဒတွေ
ပွင့်အံထွက်တဲ့နေ့တော့
အမေ့ကို
ငါတို့ကိုယ်တိုင် ကျောပိုးပြီး
ပန်းတိုင်ကို လိုက်ပို့မယ်...။

(မှတ်ချက်။ ။ သူတို့ = နေ့စဉ် သတင်းစာများ၏ ပင်တိုင် မျက်နှာဖုံးအလှရှင် ငတက်ပြားဇာတ်ထုပ်ထဲမှ အလှည့်ကျ ခေါင်းဆောင် မင်းသားကြီးများ)

ဖိုးလမင်း
2nd, Feb, 23:30

03 February 2008

PLAY THE FAIR GAME !!!

ဒီမယ် စစ်အဆိုးရ!!!
မင်းကိုငါပြောရဦးမယ်...
ကစားပွဲကို သန့်ရှင်းစင်ကြယ်စွာ ယှဉ်ပြိုင်စမ်းပါ
မီဒီယာကို မီဒီယာနဲ့ပဲ တိုက်စမ်းပါ


(စာလုံးများ ရှင်းလင်းစွာတွေ့မြင်နိုင်ရန် အပေါ်က “စာ-ပုံ” ပေါ် ကလစ်နှိပ်ပြီး ကြည့်ပါ)

အဖမ်းဆီးခံ ဘလော့ဂ်ဂါကြီး ကိုနေဘုန်းလတ် ... အမြန်လွတ်မြောက်ပါစေ...တောင်းဆုချွေသည်...

01 February 2008

SPDC OF BURMA

State become a village comparing with the developed.
Peaceful manners become less than the others.
And...
Development of BURMA (Myanmar) is a dream in a closed envelope.
So,
Council (SPDC) means for being rich itself, the people poorer and poorer?
Thus, now-a-day,
State Peace and Development Council must be called as
STATE POOR AND DANGEROUS COUNCIL !!!

Nyo Gyi
(Image: The Head of Thandar Shwe (Than Shwe's daughter) wearing diamonds (=people's tears) at her wedding)

26 January 2008

စစ်အဆိုးရ ကျဆုံးရမည်

ဇန်န၀ါရီ (၂၁)ရက်၊ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်တွင် ပါရှိသော ကဗျာဆရာ စောဝေ၏ ဖေဖော်ဝါရီ ဆယ့်လေး ကဗျာကို အားကျသဖြင့် ကဗျာတစ်ပုဒ် ရေးဖွဲ့လိုက်ပါသည်။

အာဏာရူးကြီး မှူးကြီး သန်းရွှေ

အမှန်တကယ် အာဏာရူးနေသော စစ်အဆိုးရဦးဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အထိနာစေသော ကဗျာကို မဟားဒယားစိစစ်ဖြတ်တောက်နေသော စစ်အဆိုးရစာပေစိစစ်ရေးလက်မှ လွတ်ထွက်ပြီး ဇန်န၀ါရီ (၂၁)ရက်၊ တနင်္လာနေ့ထုတ် အချစ်ဂျာနယ်တွင် ပါရှိခဲ့ခြင်းမှာ အလွန်ပင် နှစ်ထောင်းအားရဖွယ်ကောင်းလှသော ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။

ကဗျာဆရာ စောဝေ အား အထူးလေးစားဂုဏ်ပြုအပ်ပါသည်။

20 January 2008

မီဒီယာကို မီဒီယာချင်း တိုက်နေတာပါတဲ့....

“တစ် ... နေရာယူ ... ၊ နှစ် ... အသင့်ပြင် ... ၊ သုံး ...”

(ဧရာဝတီ အင်တာနက် မဂ္ဂဇင်း က ပုံရယူပါသည်)

နောက်ဆုံးရရှိတဲ့ သတင်းများအရ www.blogger.com က ပြန်သုံးလို့ အဆင်ပြေနေပြန်ပါပြီတဲ့။ ဒါပေမဲ့ Internet Connection များကတော့ ဗမာပြည်ထုံးစံအတိုင်း အရမ်းနှေးနေတုန်းပါပဲ...တဲ့။

18 January 2008

မီဒီယာကို မီဒီယာချင်းတိုက်တာတဲ့လား

မြန်မာ့ဆက်သွယ်ရေးက ဘလော့ဂ်ဆိုဒ် ပိတ်ပင်

မဇ္ဈိမသတင်းဌာန
Thursday, 17 January 2008 17:37 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့နံနက်မှစ၍ ဘလော့ဂ် တင်၍ရသော www.blogger.com ကို ၀င်ရောက်ကြည့်ရှု သုံးစွဲမရအောင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။
ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီးချိန်မှစ၍ ဘလော့ဂ်များကို မြန်မာနိုင်ငံတွင်း ကြည့်ရှုခွင့်ကို အင်တာနက် ၀န်ဆောင်မှုပေးသော ပုဂံတယ်လီပေါ့ (Bagan Teleport) က တားမြစ်ခဲ့ပြီး ယခုအခါ နောက်ထပ် ကျန်ရှိသည့် အင်တာနက် ၀န်ဆောင်မှုပေးသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ဆသရ) အောက် အင်တာနက် သွယ်ထားသော ကွန်ပြူတာများမှ ကြည့်ရှုခွင့် မရခြင်း ဖြစ်သည်။ အင်တာနက် ၀န်ဆောင်မှု နှစ်ခုလုံးကိုတော့ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း စီမံခန့်ခွဲမှုဌာန ကွဲပြားခြင်း ဖြစ်သည်။
သို့သော် မဇ္ဈိမသတင်းဌာနက ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်မေးမြန်းရာတွင် အရာရှိတဦးက ပိတ်ပင်ခြင်း မဟုတ်ကြောင်းနှင့် မည်သည့်အတွက် ၀ဘ်ဆိုဒ်သို့ သွားရောက် ကြည့်ရှုမရသည်ကို မသိရှိကြောင်း ပြောဆိုလိုက်သည်။
နေပြည်တော်ရှိ ဆက်သွယ်ရေး ၀န်ထမ်းကလည်း ပိတ်ပင်ရန် တရားဝင် ညွန်ကြားချက် မရှိကြောင်း ပြောသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။
ဘလော့ဂ်များသည် ယမန်နှစ် စက်တင်ဘာလ ရဟန်းရှင်လူ အုံကြွသည့် အရေးတော်ပုံအတွင်း စစ်အစိုးရ လွန်စွာ ထိန်းချုပ်သည့်ကြားမှ မြန်မာပြည် အခြေအနေကို ပြင်ပကမ္ဘာက သိရှိအောင် စွမ်းဆောင်ရာတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။

---------------------------------------------------------------------------------------

(နအဖ သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို တော့ ပိတ်လေးပိတ် ကို စွန့်လွှတ်ရမတဲ့။ သူတို့ နအဖကကျတော့ ပိတ်လိုက်တဲ့ အပိတ်။ ပြည်သူကို မျက်စိပိတ်၊ နားပိတ်၊ အတွေးအခေါ်ပိတ်၊ အသိဥာဏ်ပိတ်၊ လွတ်လပ်ခွင့်ပိတ်၊ တောင်းဆိုခွင့်ပိတ်၊ တင်ပြခွင့်ပိတ်၊ ဝေဖန်ခွင့်ပိတ်...ကဲ ကောင်းကြသေးရဲ့လား။ အရပ်ကတို့ရေ...။ ကိုသန်းရွှေ ခင်ဗျားရဲ့ ပိတ်ထောင်ချီပိတ်တွေကိုရော ဘယ်တော့စွန့်လွှတ်မလဲ။ ခင်ဗျားက မစွန့်လွှတ်ရင် ခင်ဗျားကို စွန့်လွှတ်ရလိမ့်မယ်။ -ညိုကြီး)

15 January 2008

POEM for SPDC (State Poor and Dangerous Council)

“ကိုယ့်လူ...သူ့ဘက်သား”

ဖိုးလမင်း












●တိုင်းပြည်နဲ့ လူမျိုးအတွက်တဲ့လား...?
တော်ပါတော့
ကြားဖူးပေါင်းများလှပါပြီ

●တစ်မျိုးသားလုံး တိုးတက်ရေးဆိုလားပဲ...?
လေပေါမနေပါနဲ့
ဘာမှ မမြင်ရသေးဘူး

●ငတ်လို့သေတဲ့ မသာ မရှိဘူး ဆိုကွ...?
ကြားလို့တော့ ကောင်းပါရဲ့
ပြတ်လို့သေသွားတဲ့ ဘ၀တွေကတော့ ဒုနဲ့ဒေး

●မြစ်ကူးတံတားတွေကို လက်ညှိုးထိုးပြဦးမလို့လား...?
အိပ်ကပ်ထဲက တစ်ထောင်တန်ယူပြီး နေကြာစေ့တစ်ထုပ်ဝယ်လာပေးတာပါ
ငါတော့ မပျော်တတ်ဘူး သူငယ်ချင်း...

●တစ်ချိန်မှာ
သမိုင်းက မေးလာလိမ့်မယ်
ပြည်သူ့ တပ်မတော်လား...?
ဘဘတို့ တပ်မတော်လား...?

●ခွာသံပေးတတ်ရုံလေးနဲ့တော့
ငါတို့ ပြည်သူရဲ့ မေတ္တာ
မလိုချင်ပါနဲ့ဦးကွာ...။ ။

ဖိုးလမင်း
(၉၊ ၁၊ ၂၀၀၈)

(မှတ်ချက်- ယခုခေတ် မြန်မာပြည် နေကြာစေ့ တစ်ထုပ် (အလွန်ဆုံး) ၃၀၀ ကျပ်ခန့်သာရှိ - ညိုကြီး)

14 January 2008

A POEM of KINDNESS

“မေတ္တာသည်သာ...”
ညိုကြီး
(ကိုထိုက်ဘလော့ဂ်မှ ကာတွန်းပုံ ရယူပါသည်)


လူအချင်းအချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ...
ဆရာတော်သံဃာများက မေတ္တာတော်တွေပို့ဝေ...
ရရောရပါလေရဲ့လား...
မေတ္တာဓာတ်ကို
သေနတ်နဲ့ ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား...
မေတ္တာတရားကို
တုတ်၊ ဓားလက်နက်တွေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား...
မေတ္တာစိတ်နှလုံးကို
မျက်ရည်ယိုဗုံးသုံးပြီး ရင်ဆိုင်ဖြေရှင်းလို့ရကြေးလား...
နိုင်ငံရေးဆိုတာမှာ
အသက်၊ သွေး၊ ချွေး...တွေဟာလည်း အရင်းခံပေါ့
အနင်းခံ၊ အဖိခံ ပြည်သူတွေအတွက်တော့
သေရတာက နေရတာထက်တောင် ပိုကောင်းနေသလိုလို...။

ငါစံ နင်ခံ တရားတွေ ကြီးစိုး
တုတ်၊ ဓား၊ သေနတ်မိုးတွေ ကြီးစိုး
ခေတ်ကလည်း ခေတ်ဆိုး...။

ကဲ... အခုတော့
ဗုံးမိုးတွေ တအုံးအုံးရွာချ (ဟိုနေရာ၊ ဒီနေရာ...)
သေရတဲ့သူတွေ လွတ်မြောက်လမ်းပွင့်
နေခဲ့ရတဲ့ငါတို့မှာဖြင့်...
ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားကြမလဲ...
ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားရမလဲ...
မေးခွန်းများနဲ့အိပ်မက်တွေကိုပဲ ဆက်မက်ရမလို။ ။

ညိုကြီး

09 January 2008

ခေတ်သစ် သင်္ကြန်စာ

(ကျွန်တော့် Email ဆီကို သူငယ်ချင်း တစ်ယောက် လက်ဆင့်ကမ်းပေးပို့လိုက်တဲ့ “ခေတ်သစ် သင်္ကြန်စာ” လေးကို ဖော်ပြပေးလိုက်ပါတယ်။ -ညိုကြီး)

DOWNLOAD

သျှီ ...သျှီ... ဤနေ့ဤရက်ကား မင်္ဂလာအပေါင်း ခညောင်းသည့် ငါတို့ လွတ်လပ်ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယပေတည်း။

နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေး၏ အနှစ်သာရကား ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်(သားငါးမပါ)၊ ဖယောင်းတိုင် (မီးပျက်သောကြောင့်)၊ အချုပ်ကား၊ လက်ထိပ်၊ ထောင်ဝင်စာတို့ ဖြစ်အံ့။ လွတ်လပ်ရေး ရအောင် တိုက်ယူပေးမိသော သခင်ကြီးများသည် လွတ်လပ်ရေးကာလက လူမဖြစ်သေးသော ယခု ယူနီဖောင်းဝတ် သတ္တ၀ါအများက မိမိတို့သာ လွတ်လပ်ရေး ကျေးဇူးရှင်များဖြစ်ကြောင်း ပြောဟော လွှင့်ထုတ် နေကြသည်ကို ကြားရရှာအံ့။

ကန်တော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နောင်လာနောက်သားတို့အား "ဒုတိယလွတ်လပ်ရေးကို လက်နက်နဲ့တော့ ယောင်လို့မှ မတိုက်လေနဲ့။ တိုက်ပေးတဲ့ စစ်တပ်ကို တသက်လုံး ကျေးဇူးတင်လို့မဆုံး ရှိခိုးနေရမယ်"ဟု လက်ဝါးကာပြတားမြစ်အံ့။

ဤရက်ဝယ် မြန်မာပြည်သား လူအများတို့သည် ထမင်းကို အမျိုးမျိုး အဖုံဖုံသော အသီးအရွက်တို့ဖြင့် စားကြအံ့။ မြစိမ်းရောင် လွှမ်းသော မြေ၌ ထမင်းဝိုင်းသည်လည်း မြစိမ်းရောင် အသွင်ဆောင်အံ့။ အိမ်ရှင်မတို့သည်
အိမ်ဦးနတ်နှင့် သားသမီးများအား သက်သတ်လွတ် စားကြရန် ဟောပြော စည်းရုံးအံ့။ သို့မဟုတ်ပါကလည်း ခြေလေးချောင်းသား ရှောင်ကြဉ်ရန် စည်းရုံးအံ့။

ငါးမြစ်ချင်း၊ ငါးပုတ်သင်နှင့် ရေသတ္တ၀ါ အသေးအမွှား မှန်သမျှ မြန်မာအိမ်ရှင်မတို့နှင့် ကျွမ်းဝင်အံ့။ (မှတ်ချက် - ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ပုစွန်တုတ်ကြီးများ မပါ။) မဟာသင်္ကြန် မကျရောက်သေးသော်လည်း သင်္ကြန်စာပါ ကြိုဟောရလျှင် ကြက်တို့၏ အဓိပတိကား ဈေးသက်သာသော စီပီကြက်၊ ခြေလေးချောင်းတို့၏ အဓိပတိကား အဆီများ အစားခံသော ၀က်၊ လူတို့၏ အဓိပတိကား ဆန်သည်၊ ကောက်ပဲသီးနှံတို့၏ အဓိပတိကား ကန်စွန်း၊ ထမင်းဝိုင်း၏ အဓိပတိကား အချိုမှုန့် ဖြစ်အံ့။

ရွှေဆိုင်ရှင်၊ ရတနာဆိုင်၇ှင်၊ ဖက်ရှင် အ၀တ်အစားဆိုင်ရှင်အများသည်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးနှင့် မြေးများ မိမိတို့ဆိုင်သို့ မျက်စိလည် လမ်းမှား၍ လာရောက် အားမပေးရန် ဆုတောင်းကြရလတ္တံ့။ လာအားပေးလျှင် တပြားမှ မပေးဘဲ ကြိုက်ရာ အကုန်မ,၍ ဆိုင်မှ ထွက်သွားကြကြောင်း သတင်းကြီးသောကြောင့်တည်း။

တပ်မတော်သည် နိုင်ငံတော်အတွက် နေ့မအားညမအား ရသမျှ အကုန်ခိုးခြင်း၊မျိုခြင်း၊ ဆို့ခြင်းတို့ဖြင့် အလုပ်များရှာအံ့။ ၀ါသနာပါလျက် ပြည့်တန်ဆာ မဖြစ်ရရှာသူတို့သည် ဗိုလ်ကတော်ဖြစ်ရန် အားထုတ်အံ့။

မြန်မာပြည်သား လူအများတို့သည် ကျန်းမာရေး လိုက်စားအံ့။ ဘတ်စကားခ ဈေးကြီး၍ လမ်းလျှောက်ကြကုန်သောကြောင့်တည်း။ အိုလံပစ် လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာတို့ နိုင်ငံနှင့်ချီ၍ ပါဝင်ယှဉ်ပြိုင်လျှင် အထူး ဗိုလ်စွဲအံ့။

သွားပါများ ခရီးရောက်ဟူသော မောင်ပေါက်ကျိုင်းစကားကို မြန်မာတို့ အထူး လိုက်နာအံ့။ ပြည်ပချည်းသာ ထွက်ဖို့ စိုင်းပြင်းလတ္တံ့။ လူငယ်တို့ နှုတ်ဖျားဝယ် ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ကြီးစိုးအံ့။ ပတ်စပို့ မတတ်နိုင်သူတို့ကား မလေးရှားသို့ ရေကြောင်းမှ ချီတက်အံ့။ သို့မဟုတ် ထိုင်းနိုင်ငံသို့ ကုန်းကြောင်းမှ ချီတက်အံ့။

ဘာသာစကား သင်တန်းများ ခေတ်စားအံ့။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စကားများ သင်ကြားလိုသူ ပေါအံ့။ မြန်မာတို့ မသင်ကြားလိုသော တိုင်းခြား ဘာသာစကားများကား ဆိုမာလီ၊ ရ၀မ်ဒါ၊ လာအို စကားတို့တည်း။

လွတ်လပ်ရေး နှစ် ၆၀ ပြည့်သည့် ၂၀၀၈ နှစ်ကာလ၀ယ် မြန်မာတို့သည် ကွန်ပျူတာအား မည်သို့မည်ပုံ ဖွင့်ရကြောင်း၊ ခလုတ်မည်သို့ နှိပ်ရကြောင်း သင်တန်းများတက်၍ ငွေကုန်ခံ သင်ယူနေကြသည်ကို အံ့သြဖွယ် တွေ့ရှိရအံ့။ ဘီလ်ဂိတ် သိသော် ရင်ကျိုးဖွယ်တည်း။

စားအုန်းဆီ ကျေးဇူးကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စသည်များ တိုးပွားအံ့။ ဤကား တပ်မတော်အစိုးရ၏ ကျေးဇူးတည်း။ တပ်မတော်သည် လပိုင်းအတွင်း ပျက်သော လမ်းများကို အံ့ဘနန်း တည်ဆောက်အံ့။ တပ်မတော်အစိုးရ လက်ထက်တွင် နှစ်စဉ် လမ်းပြင်ရအံ့။ အကြောင်းမှာ သူတပါး နိုင်ငံတွင် ၁၀ နှစ် မှ တခါ ပြင်ရသော လမ်းများကို တပ်မတော်အစိုးရ ကယ်တင်ထားသော မြန်မာနိုင်ငံတွင် နှစ်စဉ် ပြင်ရသောကြောင့်တည်း။

ပြည်သူတို့သည် ငါးပိရည် တို့စရာတို့ဖြင့်လည်းကောင်း၊ စစ်ဗိုလ်ကြီးငယ်တို့သည် ကြက်ပေါင်ကိုက် ဘီယာကျိုက်၍လည်းကောင်း လွတ်လပ်ရေး အရသာကို အသီးသီး ခံစားကြကုန်အံ့။

ပြည်သူတို့ ခံစားရမည့် လွတ်လပ်ရေး၏ အရသာကား အချိုမှုန့် များအံ့။ သားငါးနည်းအံ့။ ဆန်ကြမ်းအံ့။ လက်ဖက်ရည်ဖြစ်မူ ချက်နို့ဆီလွှမ်းအံ့။ လွတ်လပ်ရေး ရသည်မှ နှစ်ပေါင်းခြောက်ဆယ် ပြည့်အပ်သော် မြန်မာနိုင်ငံသည် နွားနှင့် လယ်ထွန်နိငု သည်အထိ ကမ္ဘာကို ရင်ဘောင်တန်းအံ့။

လျှပ်စစ်မီး တီထွင်ခဲ့သူ သောမတ် အယ်ဒီဆင်ကို မြန်မာတို့ နေ့စဉ် ဂုဏ်ပြုအံ့။ အယ်ဒီဆင်၏ ချက်ကြွေ အမေရိကားတွင် ၎င်းမွေးနေ့ရောက်တိုင်းသာ နယူးယောက်တမြို့လုံး ခေတ္တ မီးအမှောင်ချ၍ ဂုဏ်ပြုသော်လည်း မြန်မာနိုင်ငံသည် ညစဉ်၊ ရံခါ ညလုံးပေါက် ဂုဏ်ပြုအံ့။ အမြဲ မီးပျက်နေသဖြင့် အယ်ဒီဆင်သည် မြန်မာနိုင်ငံတွင် အမြဲ ဂုဏ်ပြုခံရသူ ဖြစ်လတ္တံ့။

ဆိုမာလီ၊ ကင်ညာ၊ ဇင်ဘာဘွေ နိုင်ငံတို့သည် ၎င်းတို့ ဆွတ်ခူးထားအပ်သော ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက လုယူဆွတ်ခူးမည့်ဘေးနှင့် ရင်ဆိုင်ရအံ့။ ဘောလုံးပွဲတွင် နိုင်ငံတကာကို ရှုံးသော တပ်မတော် အစိုးရသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖလားကို နိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ရန် ကြီးစွာ အားထုတ်လတ္တံ့။

x x x

အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း

Filename: Thingyan Sar -1-2008
Directory: E:\DEMOCRaCY\Letter
Template: C:\Documents and Settings\aungthu\application Data\Microsoft\Templates\Normal.dot
Title: သျှီ
Author: aungthu
Creation Date: 1/8/2008 2:41 PM
Change Number: 1
Last Saved On: 1/8/2008 2:43 PM
Last Saved By: aungthu

08 January 2008

SEPTEMBER HERO FOR MYANMAR

လက်ရှိမြန်မာပြည် စစ်အဆိုးရကို အထိနာစေသော စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး၏ ရဟန်းသူရဲကောင်း အရှင်ဂမ္ဘီရ အား ရှိခိုးဦးညွှတ် အလေးပြုအပ်ပါသည်။
စစ်အဆိုးရ၏ ဖမ်းဆီးနှိပ်စက်ခြင်းမှ အရှင်မြတ်ဘုရား အမြန်ဆုံးကင်းလွတ်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။