20 March 2009

MYANMAR TELEPORT ANNOUNCEMENT

http://www.myantel.net.mm/anno200309.htm

16 March 2009

KO AUNG TOE'S JOKES

“ကိုကိုအောင်တိုးရဲ့ အလွဲတကာ့ လွဲလွဲလွဲလွဲ များအကြောင်း”
- ညိုကြီး -


“ငိုချင်ရင် ဒီမိုရေဒီယိုတွေသတင်းတွေ နားထောင်၊ ရယ်ချင်ရင် စစ်အဆိုးရသတင်းစာ ဖတ်” တဲ့။
(ဟုတ်တယ်လေ၊ ဒီမိုသတင်းတွေကြားရရင် ဘယ်သူက အဖမ်းခံရပြန်ပြီဟဲ့၊ ဘယ်သူ့ကို ဘယ်နှနှစ် ထောင်ချလိုက်ပဟဲ့၊ ဘယ်သူ့ကိုတော့ မိသားစုနဲ့ ဝေးရာ ဘယ်ထောင်ကို ပို့လိုက်ပြီဟဲ့၊ ဘယ်သူကတော့ ထောင်ထဲ ဘာဖြစ်နေပြီဟဲ့၊ ဘယ်သူကတော့ ဘယ်ပြေးနေရပြီဟဲ့ အစသဖြင့်ပေါ့ခင်ဗျာ...။ ငိုစရာတွေချည်း ကြားနေရတယ်။)

အဲ စစ်အဆိုးရသတင်းစာဖတ်မိပြီဆိုရင်တော့ ရယ်ဖို့သာ ပြင်ထားပေတော့ဗျာ။ နာဂစ်မုန်တိုင်းကျ ပြည်သူတွေကိုတောင် အရေးဂရုမစိုက်ဘဲ ကျင်းပပြီးစီးခဲ့တဲ့ အခြေခံဥပဒေ ဇွတ်အတည်ပြု ရေးသတင်းတွေကို ဖတ်ရလား ဖတ်ရရဲ့၊ အမယ် လျှပ်စစ်မီးကို အခုပုံမှန်မလာလို့ စိတ်မပျက်ကြပါနဲ့၊ နောက်ဆို လျှပ်စစ်မီးပေးတာ ပိုလွန်းလို့ နိုင်ငံခြားတောင် တင်ပို့ရောင်းချမယ်- ဘာညာနဲ့ “ဆင့်လစိ Dog မျှော်” ၀ါဒတွေကိုလည်း ဖတ်ရရဲ့(ဖတ်ပြီးသားစစ်အဆိုးရ လျှပ်စစ် ဆောင်းပါး ပြန်စဉ်းစားရင်တောင် ဓာတ်လိုက်ချင်တယ်ဗျာ)။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး စစ်ဒီမိုကရေစီဆိုတာကြီး ပေးဦးမယ်ဆိုတာမျိုးလည်း မစားရ ၀ခမန်း ဖတ်ရရဲ့။ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလွန်းလို့ ပြည်ပအလုပ်သမားတွေ ပြန်လာကြပါဆိုပြီး မဟုတ်ကဟုတ်က၊ ပီဘိဟာသတွေကိုလည်း ဖတ်ရရဲ့။ တကယ့်ကို ရယ်စရာကောင်းတာတွေချည်း ဖတ်နေရတော့တာပဲဗျာ။ ဒါတောင် စစ်အဆိုးရ တီဗွီသတင်းတွေ မကြည့်မိသေးလို့ ကြည့်မိရင် “မြင်ရမြင်ရ မျက်စိနာ၊ ကြားရ ကြားရ နားနာ” ဖြစ်နေဦးမယ်။

ဒီလိုနဲ့ ၂၀၀၉၊ မတ်၊ ၁၅ ရက်နေ့ထုတ် စစ်အဆိုးရ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃) က သတင်းတစ်ခု ဖတ်မိရာက အတော်မသတ် ရယ်ချင်မိ၊ ပြုံးမိလာပါတော့တယ်။

သတင်းခေါင်းစည်းက “တရားစီရင်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရေးရာများ မျက်ခြည်မပြတ်လေ့လာ”

အသေအချာ ဖတ်ကြည့်လေ ရယ်စရာကောင်းလေပဲ။
စစ်အဆိုးရ တရားသူကြီးချုပ် ဦးအောင်တိုးက တရားရုံးချုပ်(မန္တလေး)၊ မန္တလေးတိုင်း၊ ခရိုင်၊ မြို့နယ်တရားရုံးများက တရားသူကြီးများကို သြ၀ါဒပေးသတဲ့။

“ယနေ့အချိန်သည် နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နေသည့်ကာလဖြစ်ကြောင်း” တဲ့။

တကယ့်အဖြစ်မှန်က စစ်အဆိုးရခေါင်းဆောင်ပိုင်းတွေနဲ့ အပေါင်းအပါတွေဟာ ယနေ့အချိန်မှာ နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သယောင် ဟန်ဆောင်ပန်ဆောင် ဟိုလုပ်ဒီလုပ် လုပ်ပြပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို မိမိတို့ အိပ်ကပ်ထဲ ရောက်နိုင်သမျှ ရောက်အောင် စီမံကိန်းများ တစ်ခုပြီးတစ်ခုဆွဲကာ ကိုယ်ကျိုးရှာရေးမဟုတ်လား ခင်ဗျာ။

နောက်တစ်ခု ကိုအောင်တိုး ပြောပြန်တာက-
“တရားစီရင်ရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဥပဒေနှင့်အညီ စီရင် ဆုံးဖြတ်ကြမည့်အချက်သည် အဓိကကျကြောင်း၊ အမှန်တရားကို ရှာဖွေရာတွင် လွယ်လွယ်ဖြင့် မဆုံးဖြတ်ဘဲ သေသေချာချာ စဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်သွားရန်လိုကြောင်း၊ တစ်မှုနှင့် တစ်မှု မတူညီသဖြင့် သက်သေခံအထောက်အထားများနှင့် ဥပဒေအဆိုအမိန့်များအား ချိန်ကိုက်ပြီး မိမိ၏ ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီး ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း” ပါတဲ့။

လွဲပြန်ပြီ ကိုအောင်တိုးရေ...။
ဥပဒေနှင့်အညီဆိုတာ စစ်အဆိုးရတည်မြဲရေး၊ စစ်အဆိုးရ ခိုးတာ၊ ၀ှက်တာ၊ ကလိန်ကျတာတွေကို ဥပဒေနှင့် အညီကာကွယ်ပေးရေး၊ အတိုက်အခံနိုင်ငံရေး-တော်လှန်ရေးသမားတွေကို တတ်နိုင်သမျှ ထောင်ဒဏ်များများချရေးကို ပြောတာလား ကိုအောင်တိုးခင်ဗျာ။
“အမှန်တရားကို ရှာဖွေရာတွင်” ဆိုပြီး ပြောတော့ အမှန်တရား ဆိုတဲ့စကားလုံးကို ကိုအောင်တိုးပါးစပ်က ထွက်ရဲတာ အံ့ပါရဲ့ဗျာ။ “အရူးပါးစပ်က ချဲဂဏန်းထွက်” သလိုဖြစ်နေပြီလေ။
“လွယ်လွယ်မဆုံးဖြတ်ဘဲ သေသေချာချာစဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်” ဆိုတော့ ဒီမိုကရေစီရရှိရေး၊ ဗမာပြည် လူ့အခွင့်အရေးအစစ်အမှန်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အဖွဲ့ဝင်တွေ၊ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အရှင်ဂမ္ဘီရနဲ့ စက်တင်ဘာ ရဟန်းသံဃာတော်တော်တွေ၊ ခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားတွေ၊ ကျော်ကိုကိုအပါအ၀င် တိုက်ပွဲဝင် ကျောင်းသားကျောင်းသူတွေ အစသဖြင့်ကို ထောင်ဒဏ် (၆၅)နှစ် စသဖြင့် ကိုအောင်တိုးတို့ တရားရုံးတွေက ချမှတ်ဖမ်းဆီး၊ နှိပ်စက်နေတာဟာ လွယ်လွယ်မဆုံးဖြတ်ဘဲ စစ်အဆိုးရအကြိုက် (နီးရာဓား ကြောက်လို့လို့ မပြောနဲ့နော်၊ စကားလုံးက ရိုးနေပြီ) သေသေချာချာစဉ်းစားပြီးမှ ချမှတ်နေတာလားခင်ဗျာ။
“မိမိ၏ ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီးဆုံးဖြတ်ကြ” ဆိုတော့ကာ ပိုလို့သာ ရယ်စရာကောင်းတော့ပြီပ။ သြော် ကိုအောင်တိုးတို့ ရိုးသားချက်ကတော့ ကမ်းကို ကုန်ပါလေရောလားဗျာ။

နောက်လည်းလာချည်သေးရဲ့။ ကိုအောင်တိုးပြောပြန်တာက-
“တည်ကြည်ခိုင်ခံ့သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေသဖြင့် ၀န်ထမ်းများကလည်း မခိုမကပ်လုပ်ဆောင်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရန်၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူရန်၊ နိုင်ငံတော်ကြီး ခေတ်မီဖွဲ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ စေတနာထား ဆောင်ရွက်မှုများကိုလည်း ပြည်သူများ ရှင်းရှင်းလင်းလင်းသိရှိအောင် ၀န်ထမ်းများက အသိပေးကြရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး ခံယူချက်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကို အခါမလပ် ထိန်သိမ်းလိုက်နာကြရန် အရေးကြီးကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ၀န်ထမ်းအားလုံးသည် နိုင်ငံတော်အပေါ် ထားအပ်သော ကတိက၀တ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပါတဲ့ခင်ဗျာ။

ကိုအောင်တိုးရာ၊ ခင်ဗျားဗျာ...။ တမင်တကာများ “ပြောင်းပြန်သီအိုရီ” ကို သုံးပြီး သြ၀ါဒစကား ပြောလေသလားအောက်မေ့ရတယ်။ ပြောသမျှ ပြောင်းပြန်ချည်းပဲ ဖြစ်နေတယ်ခင်ဗျ။ စကားလုံးတစ်လုံးကို တစ်ခါဖတ်မိလေ တစ်ခါ ရယ်ရလေဖြစ်နေပြီ။ နီကိုရဲရဲ့ အလွဲများလို “ကိုအောင်တိုးရဲ့ အလွဲများ” ဆိုပြီး ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ သပ်သပ်ရေးရမလိုဖြစ်နေပြီဗျို့။

အခုတော့ “ဟုတ်မှလည်း လုပ်ပါ” အစား “မဟုတ်မှလည်း လုပ်ပါ” ဆိုပြီးပဲ ပြောလိုက်ချင်မိပါရဲ့ ကိုအောင်တိုးရေ...။
ခင်ဗျားဗျာ။ အတော် ရယ်စရာကောင်းတဲ့လူ။ အတော်နောက်တဲ့လူ။
သွား... လူဆိုး၊ သူခိုး၊ ငတိုး။

ညိုကြီး
(၁၆၊ မတ်၊ ၀၀၉)
--------------------------------------------------------------------------------------------------
ရယ်ချင်သူများ (၁၅၊ မတ်၊ ၀၀၉)နေ့ထုတ် စစ်အဆိုးရမြန်မာ့အလင်း သတင်းစာဖတ်ချင်သေးရင် အောက်က LINK ကို နှိပ်ပြီး ဖတ်ရယ်တော်မူကြပါ။

11 March 2009

ELECTRICITY AND FIRE

မီး
တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကား စတင်ပြီ
လျှပ်စစ်မီးကား ပုံမှန်မလာသေး
ညများကား မှောင်လှပါဘိသည်
ကျောင်းသားများမှာ ဖယောင်းတိုင်ကိုယ်စီနှင့် ။

မီးဘေးကား ကြောက်ရပါမည်
လောင်နေကျအတိုင်းလည်း လောင်နေပါ၏
သင့်ကြောင့်မီးမလောင်ပါစေနှင့်...တဲ့
စစ်အဆိုးရကြောင့်တော့ နှစ်စဉ် မီး ပုံမှန် လောင်သည် ။
လာရမည့် မီးမှာ ပုံမှန် မလာဘဲ
မလောင်သင့်သည့် မီးများသာ လောင်မြဲလောင်လျက်ရှိချေပြီတည်း ... ။ ။
ညိုကြီး
-----------------------------------------------------------------------------------------
(မတ်လ၊ ၁၁၊ ၀၀၉) ရက်နေ့မှ စတင်ပြီး ဗမာပြည်တစ်ဝှမ်း ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲကြီးသို့ ၀င်ရောက် ဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် ရည်ညွှန်းဖွဲ့ဆိုပါသည်။

09 March 2009

KNOWLEDGE

06 March 2009

PEOPLE IN WIRE

ဝိုင်ယာကြိုးထဲက လူတွေ
- ဇော်ထိန် -



( click the scan picture to see words of poem clearly)


“ကြယ်များနဲ့အတူ” ခေတ်ပေါ်ကဗျာစာအုပ်
ပထမအကြိမ်၊ ဇန်န၀ါရီ
လင်းသစ်ရောင်စဉ် - စိတ်ယဉ်ကျေးမှုလှိုင်းများ စာအုပ်တိုက်မှ ကူးယူဖော်ပြသည်။

02 March 2009

THE RICH POOR BURMA

“ပလ္လင်ပေါ်မှ မဆင်းသက်ရဲသူများအကြောင်းရုပ်ရှင်”

ဆင်းရဲတာကို ဆင်းရဲတယ်ဆိုပြီး
ဆင်းရဲသူတွေအကြောင်းရိုက်တဲ့
ဆင်းရဲသား ရုပ်ရှင်ကားထဲမှာ
ဆင်းရဲပြမိမှာကိုတောင်
မဆင်းရဲရဘူးဆိုပြီး
ဆင်းရမှာကြောက်တဲ့သူတွေက
စိတ်ဆင်းရဲကောင်းလောက်အောင် ညွှန်ကြားတယ်။

အမှန်တကယ် ဆင်းရဲပါကြောင်း
အမှန်အတိုင်း ဆင်းရဲမပြရဘူးဆိုမှတော့
ဆင်းရဲမှု နွံဗမာထဲက ဆင်းရဲသူ၊ ဆင်းရဲသားတွေ
အဟုတ်တကယ် ဆင်းရဲကြောင်းကို ဘယ်သူတွေက ဘယ်လိုလုပ် သိလာပါ့မလဲ
ဆင်းရဲမှုအတွက် ဘယ်လိုလုပ်ပြီး စာနာ-သနား-မေတ္တာထား-ကူညီကြပါ့မလဲ
သြော်... ဆင်းရဲသူတွေခမျာ...
လွတ်လွတ်လပ်လပ် မဆင်းရဲရရှာတဲ့ဘ၀...။ ။

(ဆင်းရဲသား)
ညိုကြီး

Weekly Eleven News Journal, No. 20, Vol. 4, Feb, 25, Wednesday, 2009 မှ အောက်ပါသတင်းအရ အထက်ပါကဗျာအားရေးသည်။



News Source: http://www.weeklyeleven.com/ant001/l_ant001.php?id=7

26 February 2009

NEW BURMA

“ နယူးဗားမား ”
- ချမ်းတိုင်းကျော် (မန္တလေး) -


(Photo Title - Night Show of Burma)

(ကမ္ဘာမကြေ... ဗမာပြည်...
ဒါဒို့ပြည်...ဒါဒို့မြေ...ဒို့ပိုင်တဲ့မြေ)
အစချီလိုက်ပြီး...
ကျွန်တော်တွေးတောနေမိတယ်
ဗမာ...ဘာလို့ မြန်မာဖြစ်သွားပါလိမ့်
ရတနာပုံမ်...ဘာလို့ မန္တလေးဖြစ်သွားတာကို
အံ့သြမိနေလေရဲ့
ဗမာဆိုတာ ဗမာပဲပေါ့
ရတနာပုံမ်ဆိုတာ ရတနာပုံမ်ပဲပေါ့
ရှေးလူတွေခေါ်နေကြ ယိုးဒယား
အခု ထိုင်းလင်း လို့ နာမည်ပြောင်းလိုက်တော့
တော်တော်လေး အခြေအနေကောင်းလာတယ်လေ
ဒါဘယ်သူသိသလဲ- ဒါတွေကို ဘယ်သူသိသလဲ
ကုန်းဘောင်ခေတ်စခဲ့တဲ့ အလောင်းမင်းတရားကြီး
ယိုးဒယားကို စစ်နိုင်တော့
အဲ့ဒီအချိန်...အဲ့ဒီကာလ
ဗမာတွေကွ...ဒို့ဗမာဟေ့...လို့ ကြွေးကြော်ကြတာ
ဂုဏ်ကျက်သရေ ရှိလောက်တဲ့ ကြွေးကြော်သံတွေ
ဗမာသား/သူတွေ အော်ဆိုခဲ့တဲ့ သီချင်းသံများ
ရှိနေသ၍...သူတို့ခများ...ဘယ်လို...ဘယ်လို
ငိုကြွေးသံတွေနဲ့ ဒို့ဗမာ့ဘုရင်ကို
လက်ဦးချကာ ထိုင်ရှိခိုးကြပါသေးတယ်
အဲ့ဒါတွေ နှောင်းခဲ့ပါပြီ...ပြီးခဲ့ပါပြီ
ယခု-ကျွန်တော်တို့လည်း ဗမာကို နယူးလို့ တပ်ပေးလိုက်ရင်
နယူးဗားမား ဖြစ်သွားမှာပေါ့
အို...ဘားမား...ဘာလုပ်မှာလဲ ။ ။

ချမ်းတိုင်းကျော် (မန္တလေး)

20 February 2009

Region of Nile River (BURMA POEM)


(Photo Title - Burma Girls)

`` နိုင်းမြစ်ဝှမ်း ´´

ဒုက္ခကို ရှာဖွေထုဆစ်ကြ
အီဂျစ်ဘုရင်တွေ နိုင်းမြစ်ဝှမ်းမှာ ။

ပိရမစ်ကြီးတွေကို ဖဲ့လိုက်ရင်
သွေးတွေ ထွက်လာမယ်
အံကြိတ်သံတွေ ထွက်လာမယ်
ကျိန်စာသံတွေ ထွက်လာမယ်
ပိရမစ်ကြီးတွေဟာ
ကျောက်တုံးတွေမဟုတ်ကြောင်း
ကျွန်တွေဖြစ်ကြောင်း
သုံ့ပန်းတွေဖြစ်ကြောင်း
လူသားတွေဖြစ်ကြောင်း
ဘ၀တွေဖြစ်ကြောင်း သိရှိလာမယ် ။

ဘ၀တွေဟာ
ပိရမစ်ကြီးမြင့်တက်လာဖို့
ကျောက်တုံးသက်သက်ဖြစ်ခဲ့ကြောင်း
သူတို့လွတ်လပ်မှုဟာ
ပိရမစ်ထဲက ကျောက်တုံးတွေလို
စားရတဲ့အစာဟာ
ကျောက်တုံးတွေရွေ့လျားဖို့
သိမိတဲ့စိတ်ဟာ
ကြာပွတ်ကိုကြောက်တတ်ဖို့ပဲလို့
စာနာစွာဖြင့်
ပိရမစ်ကြီးတွေက ပြောပြလာတယ် ။

ကျွန်တော်တို့ဟာ
လူ့စနစ်တစ်ခုရဲ့ ရလဒ်ဖြစ်ကြောင်း
အတိတ်တစ်ခုရဲ့ သဲလွန်စဖြစ်ကြောင်း
ကျွန်တော်တို့ဟာ ဘာမှ မဟုတ်ကြောင်း
ဒီဘာမှ မဟုတ်တာဖြစ်ဖို့ကိုပဲ
ဘ၀တွေ ထင်းဖြစ်ခဲ့ရ
ရင်ဘတ်တွေ မီးဖိုဖြစ်ခဲ့ရ
ဒါတွေဟာ
အနာကြီးထဲက ပေါက်ထွက်လာတဲ့
ပြည်တွေ ဖြစ်ကြောင်း
ပိရမစ်ကြီးတွေက ပြောပြလာတယ်... ။ ။

လူငြိမ်း

18 February 2009

MYA YEE NANDAR FIRE (2)

နာဂစ်အပြီး ရင့်သန်လာသော ပရဟိတစိတ်ဓာတ်
(သို့မဟုတ်)
မြရည်နန္ဒာမီးဘေးသို့ လာရောက်လှူဒါန်းနေကြ
(၁၈၊ ဖေဖော်ဝါရီ၊ ၀၀၉)

မန္တလေး၊ ချမ်းမြသာစည်၊ မြရည်နန္ဒာမြို့သစ်မှာ (၉၊၉၊၀၀၉)နေ့ညနေက လောင်သောမီးကြောင့် (ဗ/၁၄)ရပ်ကွက်ရှိ အိမ်ခြေ (၇၆)အိမ်၊ အိမ်ထောင်စု (၇၆)စု၊ လူဦးရေ ကျား(၁၅၀)၊ မ(၁၈၇)ဦး ပေါင်း (၃၇၇)ဦး၊ (ဗ/၁၇)ရပ်ကွက်တွင် အိမ်ခြေ (၁၃၆)အိမ်၊ အိမ်ထောင်စု(၁၄၀) စု၊ လူဦးရေ ကျား (၂၉၃)ဦး၊ မ (၃၂၄)ဦး၊ ပေါင်း (၇၁၆)ဦး၊ (ဗ/၁၈)ရပ်ကွက်တွင် အိမ်ခြေ (၁၃၅)အိမ်၊ အိမ်ထောင်စု(၃၄၈)စု၊ လူဦးရေ ကျား (၃၆၂)ဦး၊ မ(၃၄၄)ဦး၊ ပေါင်း (၇၀၆)ဦး၊ စုစုပေါင်း အိမ်ခြေ (၃၄၇)အိမ်၊ အိမ်ထောင်စု (၃၄၈)စု၊ လူဦးရေ ကျား (၈၀၅)ဦး၊ မ(၈၅၅)ဦး၊ ပေါင်း (၁၆၆၀)ဦးတို့ အိုးမဲ့အိမ်မဲံဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ယခု အခါ မန္တလေးမြို့ခံ ရဟန်းသံဃာတော်များ၊ အခြားအလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ အစရှိသဖြင့်တို့က ဆန်၊ ဆီ၊ ဆေး၊ ဆား မှ အစ အ၀တ်အထည်အဆုံးကို (ဗ-၂၅) ဓမ္မာရုံ အလှူခံဌာနသို့ နေ့စဉ်လာရောက်လှူဒါန်းနေကြကြောင်းသိရပါသည်။
FIRE PHOTOS slideshow ALBUM (2)
MYA YEE NANDAR FIRE (1) - မြရည်နန္ဒာမီး

15 February 2009

Aww P Kyal's Cartoon from Idea Magazine (Feb, 009)

အော်ပီကျယ်၏ ကာတွန်းလက်ရာ
(Idea Magazine, Feb, 200ု9)

13 February 2009

AUNG SAN'S LOVE

အာဇာနည်ဗိုလ်ချုပ်၏ ကျေးဇူးတရား

(အတွေးအမြင်၊ အမှတ်(၂၀၃)၊ ဖေဖော်ဝါရီ၊ ၂၀၀၉၊ စာမျက်နှာ (၅-၆)မှ ခေါင်းကြီး)


ဖေဖော်ဝါရီ (၁၂)ရက်- ၆၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ နှင့်

ဖေဖော်ဝါရီ (၁၃)ရက်- ၉၄ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

များအတွက် ဂုဏ်ပြုတင်ဆက်သည် ။

Photos taken from : http://aklatt2008.multiply.com/photos/album/4/

GW's AcTiOn 4 AuNg SaN's BiRtHdAy !!!



တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်မည့်မြန်မာ့သူရဲကောင်း အာဇာနည် သခင်အောင်ဆန်း၏မွေးနေ့ကို ရည်စူး၍ ဂုဏ်ပြုလှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ပါသည်။
ယခုလှုပ်ရှားမှုကို ၂၀၀၈ နိုဝင်ဘာလမှစတင်ပြီး တိတ်တဆိတ်လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။ မြန်မာပြည်တွင်းနေ့စဉ်အသုံးပြုနေသော ငွေစက္ကူများပေါ်တွင် သခင်အောင်ဆန်းပုံများကို ရိုက်နှိပ်ပြီး လက်လှမ်းမီသမျှဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။
--
regards
moethway
Generation Wave

WELCOME. UNITY

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)
ညီညွတ်ရေးပန်ကြားချက်အား ကြိုဆိုခြင်း

နေ့စွဲ၊ ၁၁-၂-၀၉

၂၀၀၉ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့က ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှတဆင့် ထုတ်လွှင့်ခဲ့သော “အင်္ဂါဝတ်ပြု ဆုတောင်းသူများ”၏ ပန်ကြားချက်အား ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) မှ အလေးအနက် ကြိုဆိုအပ်ပါသည်။

ဖေဖေါ်ဝါရီလသည် ပြည်ထောင်စုကြီးတခုလုံးအတွက် ညီညွတ်ရေးကို ဖေါ်ဆောင်ပေးနိုင်ခဲ့သော သမိုင်းဝင် နေ့ရက် နှင့်လည်း တိုက်ဆိုင်နေပေသည်။ ၁၉၉၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရလဒ်အရ ပြည်သူ လူထုအကျိုး သယ်ပိုးရန် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အမျိုးသားညွန့်ပေါင်းအစိုးရသည် လူထုကဖြစ်စေလိုသော ညီညွတ်ရေးအား လေးအနက်ထားပါသည်။ ညီညွတ်ရေးအတွက် ရည်ရွယ်ကာ “ညွန့်ပေါင်းအစိုးရ”ဟူ၍ ဖြစ်လာခဲ့ခြင်းလည်းဖြစ်ပါသည်။

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်တွင်ကျင်းပခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ညီလာခံ၌လည်း လွှတ်တော် ကိုယ်စားလှယ်များအတွင်း ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ အကောင်းဆုံး အဖြေရှာခြင်း၊ အားလုံး လက်ခံဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ဆက်လက်၍လည်း ပိုမိုတူညီ၊ ညီညွတ်မည့် လုပ်ငန်းရပ်ကိုပါ သဘောတူခဲ့ကြပါသည်။
လွှတ်တော်ကိုယ်စားလှယ်များအတွင်း၌သာမက ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများအပြင် နိုင်ငံတကာရောက် မြန်မာ့လူမှုအဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းတိုင်ပင်သည့်အစည်းအဝေးကြီးတရပ်ကိုလည်း အောင်မြင်စွာ ကျင်းပခဲ့ပါသေးသည်။ ယင်းအစည်းအဝေးကြီးမှ “ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ” ဟူသည့် (မာလာဟိုက်)ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်၏အချုပ်မှာ “ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရန်ဟူသည့် ဘုံရည်မှန်းချက်များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ်တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။” ဟုဖြစ်ရာ ဖွဲ့စည်းမှုဆိုင်ရာ ညီညွတ်မှုကိုသာမက လုပ်ငန်းဆိုင်ရာတူညီမှုအတွက်ကိုပါ အတူတကွ ဆောင်ရွက်ရန်ဖြစ်ပါသည်။

သို့အတွက် အမျိုးသားညွန့်ပေါင်းအစိုးရအနေဖြင့် ညီညွတ်ရေးအတွက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြည်တွင်းခေါင်းဆောင်မှုနှင့် လုပ်ဖေါ်ကိုင်ဖက်များအား လေးစားစွာ ကတိပြု ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

Media contact: ဒေါက်တာတင့်ဆွေ၊ +91 981-000-3286

10 February 2009

MYA YEE NANDAR FIRE

မြရည်နန္ဒာမီး
(၁၀၊ ဖေဖော်ဝါရီ၊ ၀၀၉)
မန္တလေးမြို့သစ်၊ မြရည်နန္ဒာရပ်ကွက်တွင် (၉၊ ဖေဖော်ဝါရီ၊ ၀၀၉) ရက်နေ့ ညနေ (၃)နာရီခန့်တွင် စတင် လောင်ကျွမ်းသော မီးမှာ ညနေ (၅)နာရီခန့်တွင် ငြိမ်းသွားကြောင်း သိရသည်။

မြရည်နန္ဒာရပ်ကွက်၊ ၅၅ လမ်းနှင့် ၅၄ လမ်းကြား၊ ခတ္တာလမ်းနှင့် ပိတောက်လမ်းကြားတွင် လောင်ကျွမ်းခြင်းဖြစ်ပြီး အိမ်ခြေ (၃၀၀)ကျော်ခန့်နှင့်အတူ ကားများ၊ ဆိုင်ကယ်များနှင့် အခြား အသုံးအဆောင်ပစ္စည်းများ မီးထဲပါသွားကြောင်း သိရသည်။

ဝပ်ရှော့နှင့် မှောင်ခိုဓာတ်ဆီအရောင်းဆိုင် တွဲထားသော အိမ်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်ကာ လူအသေအပျောက်များ (၃ ဦးခန့်) ရှိကြောင်းလည်း သိရသည်။
(တစ်ကမ္ဘာလုံး လောင်စာဆီ ဈေးနှုန်းကျဆင်းနေချိန်၌ ကျွန်ုပ်တို့ ဗမာပြည်ကြီးတွင် စစ်အဆိုးရမှ လောင်စာဆီဈေးနှုန်းများ ချမပေးဘဲ ထားရှိသောကြောင့် ယခုကဲ့သို့ မီးဘေးဖိတ်ခေါ် မှောင်ခို လောင်စာဆီအရောင်းဆိုင်များ တစ်နိုင်ငံလုံး မြက်လို ပေါလျက်ပင်ရှိပါသေးရာ ရှေ့ဆက်၍ မီးသတင်းများ ထပ်မံ ကြားကြရဖွယ်ရှိပါသေးသည်။)

လောင်ကျွမ်းချိန်တွင် ထုံးစံအတိုင်း မန္တလေးမြို့ခံ သံဃာတော်များမှ ကားများနှင့် ရောက်ရှိလာပြီး အင်တိုက်အားတိုက် မီးငြှိုမ်းသတ်ခဲ့ကြကြောင်းသိရသည်။ လာရောက် မီးသတ်သော စစ်အဆိုးရမီးသတ်ကားများအနက် အချို့မှာ ရေမပါလာခြင်း၊ ရေတွန်းစက်ပျက်နေခြင်းများရှိခဲ့ကြောင်းလည်း သိရသည်။

မီလောင်သောအချိန်သည် မန္တလေးမြို့ ဗထူးဘောလုံးကွင်းတွင် ပြည်နယ်နှင့် တိုင်း ဘောလုံးပြိုင်ပွဲ- ဗိုလ်လုပွဲ- (မန္တလေးတိုင်းနှင့် မကွေးတိုင်း) ကန်နေချိန်လည်း ဖြစ်သည်။ ထို့ကြောင့် ဘောလုံးပွဲ ကြည့်ဖို့ စစ်အဆိုးရ၏ ဇွတ်အတင်း အခေါ်ခံရသော မြရည်နန္ဒာ ရပ်ကွက်သားအချို့မှာ ဗထူးကွင်းမှ မြို့သစ် မြရည်နန္ဒာသို့ အပြေးပြန်သော်လည်း အိမ်များ မီးထဲ ပါသွားသည်နှင့်သာ ကြုံကြရသည်လည်း ရှိကြောင်း သိရသည်။
(စကားချပ် - ဗိုလ်လုပွဲတွင် အိမ်ရှင် မန္တလေးတိုင်းအသင်းကသာ ဗိုလ်စွဲသွားပါ၏။)
BigBBrown
-----------------------------------------------------------------------------------------------------------------
FIRE PHOTOS slideshow ALBUM

17th SHWE KYIN MEETING

(၁၇) ကြိမ်မြောက် ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေးကြီး ကျင်းပ ပြီးစီး

(၈၊ ဖေဖော်ဝါရီ၊ ၀၀၉)


သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ်သံဃာ့အစည်းအဝေးကြီးကို ၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလဆန်း (၁၂-၁၃-၁၄)ရက်များ (၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ ၆-၇-၈)တွင် မန္တလေးမြို့၊ မန္တလေးတောင်တော် မြောက်ဘက်အဆင်း၊ မတ္တရာကားလမ်းမအနီး `မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး´ တွင် ကျင်းပ ပြီးစီးခဲ့သည်။ ထို မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းက ပထမ ရွှေကျင်ဆရာတော်ကြီးအား ၁၂၂၂-ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဗမာတစ်နိုင်လုံးရှိ ရွှေကျင်ဂိုဏ်းဝင်သံဃာတော်ငါးသောင်းခန့်တို့၏ ကိုယ်စား သာသနာပိုင်၊ ဒုတိယသာသနာပိုင်၊ ရတ္တညူမဟာနာယက၊ ဂိုဏ်းလုံးဝန်ဆောင်နာယက၊ ၀ိနည်းပြန်ဌာနများ၏ ဥက္ကဌ၊ တိုင်းမြို့နယ်သံဃနာယက ဥက္ကဌ စသဖြင့် သံဃာ့ကိုယ်စားလှယ်တစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံတလွားရှိ ပြည်ပသာသနာပြုဆရာတော်များလည်း ကြွရောက်တော်မူကြောင်း သိရသည်။

အစည်းအဝေးကာလအတွင်း ရွှေကျင်ဂိုဏ်းနှင့် စပ်လျဉ်းသော အကြောင်းအရာများကို စာပေပညာရှင် ဆရာတော် (၇) ပါးတို့က စာတမ်း (၇)စောင် ပြုစုတင်သွင်း ဖတ်ကြားတော်မူရန် စီစဉ်ခဲ့ကြောင်းသိရသည်။

၁။ ဆာလင်းကြီးဆရာတော် ဘဒ္ဒန္တအာဒိစ္စ၀ံသ
၂။ ၀ါးချက်၊ ကျစွာဆရာတော် ဘဒ္ဒန္တလက္ခဏ
၃။ မန္တလေး၊ မတ္တရာသူဃေးဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ
၎။ မန္တလေး၊ စည်ရှင် နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဥာနာဘိဝံသ
၅။ ပဲခူး၊ ကြခတ်ဝိုင်း တိုက်အုပ်ဆရာတော် ဘဒ္ဒန္တညေယျဓမ္မာဘိဝံသ
၆။ အမရပူရ၊ မဟာဂန္ဓာရုံ နာယက စာချဆရာတော် ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ
၇။ ဓနုဖြူမြို့၊ စံကင်း အတုလဂုဏ်ရောင်ဆရာတော် ဇယမေဒနီ အရှင်နန္ဒိယ

(ကြားသိရသော သတင်းများအရ အမှတ်စဉ် ၅/- ပဲခူးကြခတ်ဝိုင်းဆရာတော်နှင့် အဖွဲ့ အစည်းအဝေးသို့ လာရောက်ခြင်း မရှိကြောင်း သိရသည်။ အတိအကျ၊ အသေးစိတ် မသိရှိရပါ။)

ညစဉ်တရားပွဲများ ကျင်းပခဲ့ပြီး
ပထမည - ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ
ဒုတိယည - တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ
တတိယည - သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ
တို့က အသီးသီး တရားတော်များ ဟောကြားတော်မူခဲ့ကြသည်။

(မန္တလေးမြို့ကို ၁၂၂၁-ခုနှစ်တွင် တည်ခဲ့သောကြောင့် ၁၃၇၁-ခုနှစ်တွင် မန္တလေးမြို့တည်နန်းတည်နှစ်ပေါင်း (၁၅၀)ပြည့်မည်။ ရွှေကျင်ဂိုဏ်းကြီးမှာလည်း ၁၂၂၂-ခုနှစ်တွင် စတင်ပေါ်ထွန်းခဲ့ရာ လာမည့် ၁၃၇၂-ခုနှစ်တွင် နှစ်ပေါင်း (၁၅၀)ပြည့်မည် ဖြစ်ပါသည်။)

ညိုကြီး

ဓာတ်ပုံများ- BigBBrown

အရေးအသားအားလုံးနီးပါး ချုံ့ကိုးကား -
(၃၊ ၂၊ ၀၀၉)နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာ၊ စာမျက်နှာ-၅ တွင် ဖော်ပြပါရှိသည့် `ဇယမေဒနီ အရှင်နန္ဒိယ (ဓမ္မာစရိယ၊ ဒီဃဘာဏက)´ ၏ `(၁၇) ကြိမ်မြောက် ရွှေကျင်ဂိုဏ်း သံဃာ့အစည်းအဝေးကြီး´ ဆောင်းပါး ။

ဓာတ်ပုံများ ပြခန်း




ရွှေကျင်ဆရာတော်ဘုရားကြီးများ၏ ရုပ်တုများ ပြခန်း

ပထမရွှေကျင်ဆရာတော်ဘုရားကြီးရုပ်ထု

08 February 2009

ACADEMY POEM or SILENT POEM

“အကယ်ဒမီ ကဗျာ”
သို့မဟုတ်
“အသံတိတ် ကဗျာ”
- ညိုကြီး -



ဗမာ
ရိုဟင်ဂျာ
အာဖရိကား
နှင့် အခြားသော
အတိုက်အခိုက်၊ အကျအဆုံး၊ အရှုံးအနိုင်များ ။

ဒုက္ခတွေကို ခေါင်းပေါ်တင်ရွက်ပြီး
ကမ္ဘာ့ရွာထဲ ဈေးလှည့်လည်ရောင်းရတယ်
အသံတွေ နာ
မျက်လုံးတွေ နာ
စိတ်တွေ နာ ။

မျှော်လင့်ချက်
အစွမ်းအစ
ဘဝ
ဝယ်သူမဲ့ ပုပ်သိုးသွားနိုင်တဲ့ အိပ်မက် ။

လိုချင်ရမ္မက်တွေနဲ့
အာသာဆန္ဒအမိုက်အမဲတွေနဲ့
ထွေးရောယှက်တင်ဖြစ်နေကြ
ပဋိပက္ခတွေ
အတ္တဟိတတွေ
ထွန်းကားမွေးယူနေကြ ။

ကယ်တော်မူပါ မြတ်စွာဘုရား
စောင့်ရှောက်တော်မူပါ ဘုရားသခင်
ဘာသာတရားကို ပြက်ရယ်ပြုပြီး စစ်တွေခင်းကြ
သေနတ်၊ ငွေ၊ အာရုံတွေနောက်လိုက်ကြ ။

လူဆိုးနဲ့ သဘာဝဆိုးတွေ ပေါင်းစည်းမိပြီး
အန္တရာယ်မုန်တိုင်းတွေလည်း ဆင်ကုန်ကြပြီ ။

အများနဲ့ ကိုယ့်ကောင်းကျိုးလွန်ပွဲမှာ
ဘယ်မိုးတွေ စွေလာမှာပါလဲ ။

ကိုယ်ကျိုးသမားတွေ ကိုယ်ကျိုးနည်းပါစေ
ပရဟိတများသာ ဖွံ့ထွားကြီးပွားစေ ။ ။

ညိုကြီး

(၃၊ ဖေဖော်ဝါရီ၊ ၀၀၉)
http://bigbbrown.blogspot.com

-----------------------------------------------------------------------------------------------------------------
(“သစ်ခက်သံလွင်”ဘလော့ဂ်မှ ခင်လွန်း၏ “ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း” ကဗျာကိုဖတ်မိပြီး “အသံတိတ်ကဗျာ” ကို ရေးမိသည်။)

ခင်လွန်း၏ “ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း”
http://thitkhetthanlwin.blogspot.com/2009/01/blog-post_31.html