04 December 2007

ကဗျာဆရာတစ်ယောက်ကတော့ တကယ်ပါသွားရှာပြီ

လူထုဒေါ်အမာ မွေးနေ့မှာ ကဗျာရွတ်ပွဲ ဆင်နွှဲခဲ့ကြသော ကဗျာဆရာအုပ်စုတစ်စု

အသက်(၉၂)နှစ်ပြည့် လူထုဒေါ်အမာ မွေးနေ့ပွဲမှာ အောင်ဝေး ရဲ့ ကဗျာစာရွက်မိတ္တူများကို တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့် ဝေငှခဲ့သော နာမည်ကြီး ကဗျာဆရာမှာ ယခုအခါ ဖမ်းဆီးခံလိုက်ရပြီဟု နအဖ ထောက်လှမ်းရေးတစ်ဦးထံမှ သတင်း အတိအကျ ရရှိပါသည်။
(ထိုကဗျာဆရာ၏ အမည်မှာ စနေနံနှင့် စပြီး ဗုဒ္ဓဟူးနံနှင့် ဆုံးသော နာမည်သုံးလုံးပါ ကဗျာဆရာဖြစ်သည်။ ကလောင်အမည်ရင်းကို မဖော်ပြရခြင်းမှာ သူ၏ ကလောင်ရှေ့ရေးကို ငဲ့ကွက်သောအားဖြင့် ဖြစ်ပါသည်။)

စစ်အဆိုးရ၏ မျက်မုန်းကျိုး လိုက်လံရှာဖွေခြင်းခံနေသော အခြားကဗျာဆရာများမှာမူ ယခုအခါ လွတ်မည်ဟုထင်ရသော နေရာများတွင် ပုန်းခိုနေရကြောင်း သတင်းရရှိပါသည်။

ထိုကဲ့သို့ ထွက်ပြေးနေရသော ကဗျာဆရာများထဲမှ တစ်ဦးက ``ကျုပ်တို့က ကဗျာစာရွက်လေးတွေပဲ ဝေတဲ့ဟာဗျာ။ ဘာမှ အကြမ်းဖက်တာလည်း မပါဘူး။ ရက်စက်တာလည်း မပါဘူး။ သူတို့ပြောပြောနေတဲ့ ဆူပူဆန္ဒပြတဲ့ဟာမျိုးလည်း မဟုတ်ဘူး။ အခုဟာက ကျုပ်တို့ကို ရာဇ၀တ်သားတွေ လိုက်ဖမ်းသလိုကို သည်းကြီးမည်းကြီး လိုက်ဖမ်းနေကြတာဗျ။ ရယ်စရာအတော်ကောင်းတဲ့ စစ်အဆိုးရပါပဲဗျာ။ ဒါပေမဲ့ ကျုပ်တို့ကတော့ အခုပုန်းနေရင်းက အဖမ်းခံလိုက်ရရင်လည်း ကြောက်သွားမှာ မဟုတ်ဘူး။ အဖမ်းခံရတာက လွတ်လာရင် ကိုယ့်တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ ဆက်လုပ်သွားရမှာပါပဲဗျာ။ အခုအဖမ်းခံလိုက်ရတဲ့ ကျုပ်တို့သူငယ်ချင်းကြီးလည်း အဲသလို စိတ်ဓာတ်မျိုးရှိပါလိမ့်မယ်။´´ ဟု ပြောကြားသွားကြောင်းလည်း သတင်းရရှိပါသည်။

1 comment:

Anonymous said...

အခုလို မျိုးချစ်စိတ်အပြည့်နဲ့ လုပ်ကိုင်နေတဲ့ အနုပညာသမားများကို လေးစားပါတယ် ။ စစ်ခွေးတွေရဲ့ ရန်နဲ့ မိမိလုံခြုံရေးအတွက်လည်း သတိရှိကြပါ :)