11 December 2007

လူထုဒေါ်အမာပွဲက မပြီးဆုံးသော ဇာတ်လမ်းများ

(ပုံအသစ်များ ထပ်တင်ပေးလိုက်ပါတယ်)








(၂၉၊ ၁၁၊ ၀၀၇)ရက်က အမရပူရ၊ မဟာဂန္ဓာရုံမှာ ကျင်းပသွားတဲ့ လူထုဒေါ်အမာရဲ့ (၉၂)နှစ်မြောက် မွေးနေ့ပွဲမှာ တက်ကြွသော ကဗျာဆရာအချို့က အဝေးရောက်ကဗျာဆရာ အောင်ဝေးရဲ့ `အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ´ကဗျာကို ကဗျာဆရာများကြားနဲ့ လူထုဒေါ်အမာဆီ အရောက်ဖြန့်ဝေခဲ့ကြတာ အများအသိပါ။ အဲသလို ကဗျာဖြန့်ဝေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး ဖမ်းဆီးစစ်ဆေးခြင်းခံရတဲ့ ကဗျာဆရာကတော့ နွယ်စိမ်းဝေ အမည်ရ ကဗျာဆရာဖြစ်ပါတယ်။ (၃)ရက်လောက် စစ်ဆေးမေးမြန်းအပြီးမှာ အဲဒီကဗျာဆရာ နွယ်စိမ်းဝေ ကို စစ်ထောက်လှမ်းရေးက လွှတ်ပေးလိုက်ပါတယ်။ နွယ်စိမ်းဝေ ကလည်း လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြား သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးဖြေဆိုထုတ်လွှင့်သွားတာလည်း အများအသိပါ။

အဲဒီမှာ ဇာတ်လမ်းက ပြီးပြီလို့ ထင်စရာရှိပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ နွယ်စိမ်းဝေ ကနေ တစ်ဆင့် မီးခိုးကြွက်လျှောက် လိုက်လိုက်တာ အခုတော့ ကဗျာစာရွက်ဖြန့်ဝေမှုနဲ့ဆက်စပ်မှုရှိတဲ့ အခြား (ပုန်းအောင်းဆဲ)ကဗျာဆရာများပါ အဖမ်းခံထိဖို့ရာ ကိန်းဆိုက်နေပါတယ်။
သူတို့ စစ်အဆိုးရထောက်လှမ်းရေးဘက်က ဒီကိစ္စကို အကြီးကြီးလို့ ထင်နေသလားတော့ မသိပါဘူး။ ဥပမာပေါ့ဗျာ- ဒီ အောင်ဝေးကဗျာ ဖြန့်တာ ဘယ်သူ့ညွှန်ကြားချက်နဲ့လည်း၊ နောက်ကွယ်က ဘယ်အဖွဲ့အစည်းတွေက ကြိုးကိုင်နေသလဲ စသဖြင့်ပေါ့ ။

စစ်ထောက်လှမ်းရေးကတော့ နွယ်စိမ်းဝေ ကို အယောင်ပြ လွှတ်ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ အခြားကဗျာဆရာများ(ထို အောင်ဝေးကဗျာဖြန့်ဝေမှုနဲ့ ပတ်သက်သော အခြားကဗျာဆရာများ)ကို ဆက်လက်ပြီး လိုက်လံ ဖမ်းဆီးနေပြန်တဲ့အတွက် အခုတော့ အလိုက်ခံ ကဗျာဆရာများမှာ လွတ်မယ် ထင်ရသော နေရာများသို့ ပြေးပြီး ပုန်းရှောင်နေရကြောင်း သိရှိရပါတယ်။

ထိုသို့ ပုန်းရှောင်နေရခြင်းကြောင့်လည်း ထိုကဗျာဆရာများရဲ့ ၀င်ငွေကို မှီခိုနေရတဲ့ သူတို့မိသားစုဝင်များရဲ့ စားဝတ်နေရေးမှာ အကြပ်အတည်း၊ အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရပြန်ပါတယ်။

အဲဒါကြောင့် ပြောတာပေါ့။ ဇာတ်လမ်းတွေက မပြီးသေးပါဘူး ဆိုနေမှ။

ဆရာအောင်ဝေး...ရေ...ဆရာလည်း မကယ်နိုင်တော့ဘူးလား....?

No comments: