30 December 2011

Mandalay, 16th Street Pin-Lal-Tite (The Ocean) Free Clinic

အခမဲ့ဆေးခန်းဖြစ်မြောက်ရေး ဖိတ်ကြားလွှာ



မန္တလေး၊ ၁၆ လမ်း၊ ၈၆ လမ်းနှင့် ၈၈ လမ်းကြား၊ ပင်လယ်တိုက် တွဲဖက် ဘုန်းတော်ကြီးသင် ကျောင်းဝင်းအတွင်း၌ အခမဲ့ဆေးခန်း ဖွင့်လှစ်နိုင်ရန် အခမဲ့ဆေးခန်းဖြစ်မြောက်ရေးကိစ္စ ဆွေးနွေးညှိနှိုင်းရန်အတွက် အကြံပြုချက်များရယူလိုပါသဖြင့် ကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်

နေ့ရက် - ၂၀၁၁ ခု၊ ဒီဇင်ဘာ (၃၁)ရက်၊ စနေနေ့
အချိန် - နေ့လည် (၁)နာရီ
နေရာ - ပင်လယ်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ၁၆ လမ်း၊ ၈၆ လမ်းနှင့် ၈၈ လမ်းကြား၊ မန္တလေးမြို့

28 December 2011

The Lady Fun Fair (Mandalay)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း) ရန်ပုံငွေ
The Lady Fun Fair
(၂၇၊ ၁၂၊ ၂၀၁၁)

From San & Suu


၂၀၁၁ ဒီဇင်ဘာ၊ ၂၅ ရက်နဲ့ ၂၆ ရက်များတွင် မန္တလေး၊ မဟာမြိုင်အပိုင်း(၁)၊ ဓမ္မပါလဘုရားပွဲ၌ မန္တလေးတိုင်း NLD ရန်ပုံငွေရှာဖွေရေးအတွက် The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်အား ၂ ရက်တာ ဖွင့်လှစ် ရောင်းချခဲ့ပါသည်။

From San & Suu


၂ ရက်တာ ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ဖွင့်လှစ်ရောင်းချခဲ့တဲ့ The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်တွင် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ကျပ်ငွေ ၁၀၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်တစ်ခု ကျပ် ၁၀၀၀နှင့် ကျပ် ၃၀၀၀၊ အင်္ကျီတစ်ထည် ကျပ် ၂၀၀၀၊ သော့ချိတ်တစ်ခု ကျပ် ၃၀၀၊ ဆွဲကြိုးတစ်ကုံး ကျပ် ၂၀၀၀၊ ဟန်းဆက်အလှဆင်ကြိုးတစ်ခု ကျပ် ၁၀၀၀၊ သောက်ရေခွက်တစ်ခွက် ကျပ် ၃၀၀၀ စသဖြင့် အမှတ်တရပစ္စည်းများ ရောင်းချခဲ့ပါသည်။

From San & Suu


ပြည်သူတွေရဲ့ ထာဝရအမေ သီချင်းCD၊ ပြည်သူတွေချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံပွဲအမှတ်တရ မှတ်တမ်း DVD နှင့် မန္တလေးတိုင်း NLD ကထိန်မှတ်တမ်း DVD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့်လည်း ရောင်းချခဲ့ပါသည်။

From San & Suu


အဆိုပါ အမှတ်တရ ပစ္စည်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း) တိုင်းရုံး၌လည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

ညိုကြီး


24 December 2011

NLD will publish "D-WAVE" News Bulletin Weekly

NLD ဒီလှိုင်း အပတ်စဉ် စာစောင်ထုတ်ဝေမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီမှတ်ပုံတင်ကျပြီးက "ဒီလှိုင်း" အမည်ရှိ အပတ်စဉ်စာစောင်ကို တနင်္လာနေ့တိုင်း ဖြန့်ချိထုတ်ဝေသွားမည်ဟု သိရသည်။ ပါတီအဖြစ် တည်ထောင်ခွင့်ရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ကျပြီးပါက ယင်းစာစောင်အား ထုတ်ဝေသွားမည်ဖြစ်သည။ ထိုစာစောင်အား မြန်မာသတင်းစာဆရာကြီးနှင့် NLD ဗဟိုကော်မတီဝင် ဟံသာဝတီဦးဝင်းတင်နှင့် စာရေးဆရာကြီး မောင်မိုးသူတို့မှ နာယကအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်၊ နီမိုလှိုင်တို့က အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါစာစောင်၌ အယ်ဒီတာအဖြစ် ပါဝင်မည့် ဆရာငြိမ်းသစ်မှ "စာစောင်ရဲ့ နာမည်ကို "ဒီလှိုင်း"လို့ ပေးထားပါတယ်။ ဒီမိုကရေစီရဲ့ လှိုင်းတွေလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒါ ထုတ်ဝေခွင့်ရတာနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့ ကျွန်တော်တို့လည်း လုပ်မယ်။ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေလည်း ၀ိုင်းရေးကြလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ပါတီစာစောင်၌ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများ၊ ပါတီစတင်တည်ထောင်စ ကာလမှ ယနေ့အထိ လုပ်ဆောင်မှုများ၊ ဆောင်ရွက်ချက်များ၊ ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းနှင့် နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးအုန်းကြိုင်မှလည်း "ဒီစာစောင်ကို ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ ထုတ်ဝေဖြန့်ချိသွားမှာပါ" ဟု ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

ခန့်ခန့်(မောရ၀တီ)

{NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၆)၊ ၂၇-၁၂-၂၀၁၁၊ အင်္ဂါ
မှ ကူးယူဖော်ပြသည်}

22 December 2011

Association of Myanmar Poets (A.M.P)

Association of Myanmar Poets (A.M.P)
မြန်မာနိုင်ငံကဗျာဆရာများအသင်း
ဖွဲ့စည်းရေး မန္တလေးမှာ စည်းဝေး


From Historic Poems


နေရာ - မင်းသီဟ (၇၈ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား)
အချိန် - နေ့ ၁ နာရီ
နေ့ရက် - ၂၁၊ ၁၂၊ ၂၀၁၁

From Historic Poems


မြန်မာနိုင်ငံကဗျာဆရာများအသင်း (Association of Myanmar Poets (A.M.P)) ဖွဲ့စည်းရေးအတွက် ရန်ကုန်မှ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီနှင့် ရန်ကုန်မှ ခရမ်းပြာထက်လူ၊ မောင်ဖီလာ၊ ခန့်မင်းထက်၊ တပ်ဦးလ၊ မာန်ထက်သာစသည့် ကဗျာဆရာများ၊ မန္တလေးမှ ကဗျာဆရာ ပိုင်စိုးဝေ၊ ကိုငြိမ်း(မန္တလေး)၊ မောင်သင်းပန်၊ နေမျိုး၊ မောင်တင်သစ်၊ မောင်နီဦး၊ ဇော်ထိန်၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ မောင်နိုင်လင်း(ကောလင်း)၊ နေညိုအောင်၊ ကိုအောင်၊ မိုသျှန်း၊ စံညိမ်းဦး၊ သာဇော်၊ ရိုးဒီ၊ ဈန်လွင်၊ အလတ်ကောင်၊ ညီမိုးအေး၊ မင်းနဒီခ၊ အိုက်လူအောင်၊ ထွဏ်းသွေးအိမ်၊ ထွဏ်းလွင်သွယ်(ဆူးဖြူရိပ်)၊ ထူးညို၊ မင်းချမ်းငြိမ်း စသည့်ကဗျာဆရာများ၊ ကျောက်ဆည်မှ လင်းခါး၊ ရေဦးမှ ကျော်ရင်မောင်(ရေဦး)၊ ပြည်မှ တိုးနှောင်မိုး စသည့်ကဗျာဆရာများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပြင်ဦးလွင်မှ နွယ်စိမ်းဝေနှင့် တောင်ကြီးသို့ ခရီးထွက်နေသည့် မိုးရင့်ကြယ်တို့ကလည်း တယ်လီဖုန်းဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။

မန္တလေးမှ စာရေးဆရာ ခင်အောင်ဝင့် နှင့် အခြားစာရေးဆရာများ၊ ကဗျာချစ်သူများ၊ သတင်းသမားများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စိမ်းရောင်စိုဥက္ကဌ ကဗျာဆရာ အယ်ဒီတာ မောင်တင်သစ် (ဂျင်းအင်္ကျီ အပြာနှင့်)
From Historic Poems


From Historic Poems


From Historic Poems


From Historic Poems

21 December 2011

Buddha Tooth, General Aung San & Daw Aung San Suu Kyi

မန္တလေး၊ ဗုဒ္ဓမြတ်စွယ်တော်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်

From San & Suu


တရုတ်မှ မြန်မာပြည်သို့ ဒေသစာရီကြွချီလာသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်၌ ၁၆ ရက်၊ ရန်ကုန်၌ ၁၆ ရက် ကြာ အပူဇော်ခံပြီးနောက် ယခုအခါ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၌ (၈၊ ၁၂၊ ၂၀၁၁) မှ (၂၃၊ ၁၂၊ ၂၀၁၁) ထိ ၁၆ ရက်ကြာ အပူဇော်ခံလျက်ရှိပါသည်။

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၏ မြောက်ဘက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံတော်၊ စာအုပ်စာတမ်းများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD များ၊ မူဗီကလစ် VCD များ သူ့ထက်ငါ အပြိုင်ရောင်းချလျက်ရှိပါသည်။

From San & Suu


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ၁၅၀၀ ကျပ်ထိ ဈေးအမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ရောင်းချနေပြီး မိန့်ခွန်း VCD/CD များနှင့် မူဗီကလစ် VCD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရသည်။

From San & Suu


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD၊ မူဗီကလစ် VCD များ ရောင်းသူဈေးသည်များမှာ ၂၀ ယောက်ကျော်မက ရှိပြီး အ၀ယ်လိုက်လျက် ရှိကြောင်းလည်း သတင်းရရှိပါသည်။

ညိုကြီး


www.facebook.com/nyogyi


17 December 2011

Daw Aung San Suu Kyi's 2011 Timeline

2011 ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားမှတ်တမ်း

(၂၀-၁၂-၂၀၁၁ အင်္ဂါ ထုတ်
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်
အတွဲ (၇)၊ အမှတ် (၂၅)မှ ကူးယူဖော်ပြပါသည်)

From San & Suu


From San & Suu


NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၏ Email
newswatchjournal@gmail.com

16 December 2011

San and Suu

ဆန်း နှင့် စု

ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်
(16.12.2011)

From San & Suu


HIV/AIDS Prevention and Care Sector မှ ထုတ်ဝေဖြန့်ချိသော ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်အား တစ်ခုလျှင် ၃၀၀၀ ကျပ်နှုန်းနှင့် ဗမာပြည်တွင်း၌ ရောင်းချလျက်ရှိပါသည်။

(အထက်က ဓာတ်ပုံမှာ မန္တလေး၊ ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဂျာနယ်အရောင်းဆိုင်တစ်ဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြက္ခဒိန်များ ရောင်းချလျက်ရှိသည်ကို တွေ့မြင်ရပုံဖြစ်ပါသည်)

From San & Suu


အထက်ပါ ပြက္ခဒိန်အား ဆက်သွယ်ဝယ်ယူရန်-

HIV/AIDS Prevention and Care Sector
အမှတ် (၃၇၆)၊ ကမ္ဘောဇ(၂)လမ်း၊ ၁၈(ခ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်။
အမှတ် (၆၃၁)၊ ၁၁ - လမ်း၊ ၇ - ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉ ၅၀၂၄၀၅၆၊ ၀၉ ၅၀၅ ၃၈၀၅၊ ၀၁ - ၅၆၉၃၄၆
Email: maylin1989@gmail.com, thrimyanmar24@gmail.com

-------------------------------------------------------

မန်းက ကထိန်ဘုရားပွဲများမှာ ဆန်း နဲ့ စု ပိုစတာများ အပြိုင်လှူဒါန်း
(၁၃၊ ဒီဇင်ဘာ၊ ၂၀၁၁)

From San & Suu


မန္တလေးမှာ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလများရောက်ရင် ရပ်ကွက်အလိုက် ကထိန်ပွဲ၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ အဲဒီ ကထိန်ပွဲ၊ ဘုရားပွဲများမှာ မဏ္ဍပ်ထိုးကာ ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းဖို့ အလှူရှင်များရဲ့ လှူဒါန်းမှုအစုစုကို ပြသထားတတ်တဲ့ ဓလေ့မျိုးလည်းရှိပါတယ်။

From San & Suu


ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း မန်း ရပ်ကွက်အလှူပွဲများက အလှူပြ မဏ္ဍပ်များမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပိုစတာများကို ငွေကြေးအလှူဒါနများနဲ့ တွဲပြီး လှူဒါန်းလာကြတာတွေ့ရပါတယ်။

၂၇ လမ်း၊ ၇၇ လမ်းနှင့် ၇၆ လမ်းကြားမှာ ခင်းကျင်းပြသခဲ့တဲ့ ရပ်ကွက်အလှူပွဲတစ်ခုရဲ့မဏ္ဍပ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပိုစတာများချည်း ချိတ်ဆွဲထားတာမျိုးတောင် ရှိတယ်လို့ မြင်တွေ့ခဲ့ရတဲ့ မန်းကဗျာဆရာတစ်ဦးက ညိုကြီးကို ပြောကြားခဲ့ပါတယ်။

အပေါ်က ပုံကတော့ (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁)ညမှာတွေ့ရတဲ့ မန္တလေး၊ ၂၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ရပ်ကွက်အလှူပွဲရဲ့ မဏ္ဍပ်က ပုံတွေဖြစ်ပါတယ်။

-------------------------------------------------------
မန္တလေးညဈေးတန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်
(29, Nov, 2011)

From San & Suu


မန္တလေး၊ ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၉ လမ်းကြား၊ ညဈေးတန်းမှာ ရှိတဲ့ ပိုစတာအရောင်းဆိုင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဓာတ်ပုံ ဗွီနိုင်း ပိုစတာများရောင်းချနေတာ တွေ့ရတာဖြစ်ပါတယ်။

From San & Suu


ဆန်းနဲ့ စု ဗွီနိုင်းပိုစတာများကို ကျပ်ငွေ ၅၀၀ မှ ကျပ်ငွေ ၂၅၀၀ အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။

ညိုကြီး

-------------------------------------------------------

(Nyo Gyi တင်ထားသော Video Clip နှင့် ဓာတ်ပုံများကို

www.facebook.com/nyogyi

(or)
https://www.facebook.com/media/albums/?id=100000008066345

တွင်လည်း အားပါးတရ ကြည့်ရှုနိုင်ပါသည်)

04 December 2011

Mandalay Thukha-Yeik-Myone Care Centre for Children Living with HIV/AIDS

HIV ပိုးရှိ မိဘမဲ့ကလေးသူငယ်များအတွက်
မန္တလေးမြို့၌ "သစ္စဝေဒဂူ သုခရိပ်မြုံ" လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ တည်ထောင်ကြောင်း မိတ်ဆက်ခြင်း၊ အလှူငွေလက်ခံခြင်းနှင့် အကြံပြုဆွေးနွေးခြင်း အခမ်းအနား


From Mandalay Thitsa Wai Da Gu Thukha Yeik Myone


From Mandalay Thitsa Wai Da Gu Thukha Yeik Myone

နေ့ရက် - ၄၊ ဒီဇင်ဘာ၊ ၂၀၁၁
နေရာ - Oriental House ခန်းမအပေါ်ထပ်၊ မန္တလေး
အချိန် - နေ့လည် ၁ နာရီခွဲမှ စတင်ပြီး ၃ နာရီကျော်ခန့်တွင် ပြီးဆုံး

From Mandalay Thitsa Wai Da Gu Thukha Yeik Myone

အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ မြို့မိမြို့ဖတစ်ဦးဖြစ်သော ဦးသိန်းတန်က အဖွင့်စကားပြောကြားခြင်း
၃။ ရန်ကုန်မြို့၊ သုခရိပ်မြုံမှ စာရေးဆရာမ သန်းမြင့်အောင်က မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ ပေါ်ပေါက်လာရေးကြိုးပမ်းနေမှုနှင့် အထွေထွေဆွေးနွေးတင်ပြခြင်း
၎။ အလှူရှင်များ၏ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းမှုကို လက်ခံခြင်း
၅။ တက်ရောက်လာသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ အထွေထွေဆွေးနွေးအကြံပြုကြခြင်း
၆။ စာရေးဆရာမ သန်းမြင့်အောင်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခြင်း
၇။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း

(ယခုအခမ်းအနားကျင်းပရာနေရာကို မန္တလေး Oriental House ပိုင်ရှင် ဒေါက်တာ ဦးကိုလေး+ဒေါ်ခင်စောဦးတို့က ဒါနပြုလှူဒါန်းသည်)

အမရသုခ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းမှ ဒေါက်တာဇော်မြင့်မောင် (NLD) ဆွေးနွေးနေစဉ်
From Mandalay Thitsa Wai Da Gu Thukha Yeik Myone

ယနေ့ အလှူခံရရှိသမျှမှာ ကျပ်ငွေစုစုပေါင်း ၂၃ သိန်းကျော်နှင့် ပစ္စည်းတန်ဖိုး ကျပ် ၁၅ သိန်းခန့် ဖြစ်ပါသည်။

ပန်တျာဒေါ်ဌေးဌေးမြင့်မိသားစုက အလှူငွေ ကျပ် ၁ သိန်း ထည့်ဝင်လှူဒါန်းစဉ်
From Mandalay Thitsa Wai Da Gu Thukha Yeik Myone

(၆၊ ဒီဇင်ဘာ၊ ၂၀၁၁) နံနက် ၉ နာရီခွဲတွင် မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟော၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာအနီး၊ ရေတံခွန်တောင်ခြေ၊ ပုသိမ်ကြီးမြို့နယ်တွင် အကျိုးတော်ဆောင်များ အစည်းအဝေးရှိပါသေးကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ညိုကြီး

----------------------------
မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟောသို့ အောက်ပါ ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက တစ်ဆင့် လှူဒါန်းနိုင်ပါသည်

လူမှုကူညီရေးအသင်းများ

ဗြဟ္မစိုရ်၊ နိဗ္ဗာန်သုခ၊ ချမ်းမြသုခ၊ အမရသုခ၊ ဘ၀အလင်း၊ အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ရတနာ့မေတ္တာ

လူပုဂ္ဂိုလ်များ

ဦးထွန်းဦး (ထွန်းဦးစာပေ)
စာရေးဆရာ ညီပုလေး၊ ညီစေမင်း၊ ရွှေနောင်ရိုး
ဒေါက်တာဦးကိုလေး+ဒေါ်ခင်စောဦး (Oriental House, Mandalay)

02 December 2011

Life's Light NGO Will Go To Kachin State And Donate to Victims of Civil War

ဘ၀အလင်း ပရဟိတအသင်း
ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား သွားရောက်လှူဒါန်းမည်


From Peace

(၁၊ ဒီဇင်ဘာ၊ ၂၀၁၁) နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့၊ ၈၆ လမ်း၊ ၃၈ လမ်းထောင့်ရှိ ကင်းဝန်မင်းကြီးဘုန်းကြီးကျောင်းတိုက်မှာ ဘ၀အလင်းပရဟိတအသင်းမှ ဦးဥတ္တမသာရ (ဖုန်း- ၀၉-၂၀၃၅၉၃၆)က ဦးဆောင်ပြီး "ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား ကူညီလှူဒါန်းရေး" စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသ စစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။

ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။

စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ်ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာသော ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန်သတ်မှတ်ထားသည့် အရပ်ဒေသများအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ညိုကြီး


------------------------------
From Peace

From Peace

လှူဒါန်းနိုင်သည့် နေရာများ


ဦးဥတ္တမသာရ - 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။

ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် - 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုတာတာ - 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုဇော်မင်းခိုင် - 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။

ကိုမြင့်သန်း - 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။

30 November 2011

Religions & NGOs From Mandalay Unite For Victims of Civil War

မန္တလေးမြို့၊ ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့
ကချင်ဒေသရှိ သွေးရင်းညီနောင်သားချင်း တိုင်းရင်းသားလူမျိုးများအတွက်
စာနာထောက်ထားမှု မေတ္တာပြဆုတောင်းခြင်း


(၃၀၊ နိုဝင်ဘာ၊ ၂၀၁၁)

From Peace

အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ ရွှေနှလုံးတော် ကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် (၃၀၊ ၁၁၊ ၂၀၁၁) နေ့လည် ၂ နာရီမှ ၄ နာရီကျော်ခန့်အထိ ကျင်းပခဲ့ပါသည်။

From Peace

အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ဆုတောင်းပွဲပြုလုပ်ရခြင်းအကြောင်းတင်ပြခြင်း - ဆရာတော်အရှင်ဦးစိန္တိတ (အာရှအလင်းရောင် ဆရာတော်)
၃။ အစ္စလာမ်မစ်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၎။ ဘဟာအီဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၅။ ဗုဒ္ဓဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၆။ ဟိန္ဒူသာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၇။ ခရစ်ယာန်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၈။ အလှူငွေ လှူဒါန်းမည့်လုပ်ငန်းအစီအစဉ်တင်ပြခြင်း
၉။ အလှူငွေ ကောက်ခံခြင်း
၁၀။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း

မှတ်ချက်။
အခမ်းအနားပြီးဆုံးပါက သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအသီးသီးမှ အမှုဆောင်လူကြီးများ အစည်းအဝေးကျင်းပခြင်း အစီအစဉ် ဆက်လက်ပြုလုပ်ပါမည်။

From Peace

တက်ရောက်သော အဖွဲ့အစည်းများ

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ YMCA၊ ဘဟာအီဘာသာမှ တာဝန်ရှိသူများ၊ မန္တလေးကရုဏာ၊ ပုလဲပရဟိတ၊ မဟာမြိုင် လူမှုကူညီရေးအသင်း၊ ဇနသုခ ရေသန့်အလှူတော်၊ ကရင်နှစ်ခြင်းခရစ်ယာန်၊ ကချင်နှစ်ခြင်းခရစ်ယာန်၊ ယေဇူးရွှေနှလုံးတော်၊ ရခိုင်သဟာရ၊ မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်)၊ YSCM၊ ချမ်းမြမေတ္တာလူမှုကူညီရေး၊ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများ၊ လောကပါလလူမှုရေး၊ ရတနာမွန်သွေးလှူရှင်အသင်း၊ ဗိသုကာလူမှုရေး၊ စိတ္တသုခလူမှုကူညီရေး၊ ဟိန္ဒူဘာသာမှ တာဝန်ရှိသူများ၊ ကလေးချစ်သူများကွန်ယက်၊ လွတ်လပ်သောသူငယ်ချင်းများအင်အားစု၊ ရတနာ့မေတ္တာ၊ မြင့်မြတ်ဧရာဝတီ

အစရှိသည့် မန္တလေးမြို့ခံ ဘာသာသာသနာပေါင်းစုံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းပေါင်းစုံမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ သတင်းထောက်များ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယခုစာရင်းတွင် ဖော်ပြရန်ကျန်ရှိသော ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများလည်း ရှိနိုင်ပါသည်။)

From Peace

စစ်ဒုက္ခသည်များထံ သွားရောက်လှူဒါန်းမည်

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း စစ်မက်ဖြစ်ပွားလျက်ရှိသော ကချင်ဒေသရှိ စစ်ဘေးဒဏ်သင့်ဒုက္ခသည်များကို မန္တလေးမြို့၊ ဘာသာပေါင်းစုံကရုဏာရှင်များအဖွဲ့က အကူအညီများသွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

စစ်ဒုက္ခသည်များအတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်ရပါသည်။

ညိုကြီး

--------------------
Video File

https://www.facebook.com/video/video.php?v=319583231385276


27 November 2011

Nyo Gyi Blog's 4th Year Birthday

ညိုကြီး Blog လေးနှစ်ပြည့် မွေးနေ့ - 26, November, 2011

www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က
"သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်"
ဆိုတဲ့ ပထမဆုံးသော Blog Post တစ်ခု စတင်ဖန်တီးခဲ့တဲ့ ကျွန်တော် ညိုကြီးရဲ့
Blog: Myanmar Political News, Art And Idea
သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်အရောက်မှာ သက်တမ်း (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Blogger အဖြစ် ရှင်သန်နေထိုင်ဖြစ်ခဲ့တဲ့ ဒီ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာ့နိုင်ငံရေးလောကအကြောင်း မြည်းစမ်းခွင့်ရခဲ့ပြီး အတွေးအမြင်တွေ၊ အသိတွေ များစွာတိုးခဲ့ရတဲ့အပြင် ခင်မင်စရာမိတ်ဆွေများစွာလည်း ရရှိခဲ့ပါတယ်။

သတိထားဆင်ခြင်စရာတွေ၊ ရင်ခုန်စရာတွေ၊ စိတ်ညစ်စရာတွေ၊ ထိတ်လန့်စရာတွေ၊ အံ့သြစရာတွေ၊ အာရုံနောက်စရာတွေ၊ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပြီး ခွန်အားတွေ၊ အကြံဥာဏ်တွေ၊ ကူညီမှုတွေ၊ အားပေးမှုတွေ၊ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ပြည်တွင်းက ရေးသားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး Blogger တစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ မသေးလှဘူးဆိုတာကိုတော့ ဋီကာချဲ့ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျဉ်းကတော့ အားလုံးသိတော်မူတဲ့အတိုင်း အခြေအနေ သိပ်မဟန်သေးပါဘူး။ ကျွန်တော်တို့ရဲ့ Blogger နောင်တော်ရဲဘော်ကြီး နေဘုန်းလတ် အပါအ၀င် မင်းကိုနိုင်၊ အရှင်ဂမ္ဘီရစတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်မြောက်သေးဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇာဂနာ၊ ဇေယျာသော် တို့ကတော့ အကျဉ်းသားဘ၀ကလွတ်မြောက်ပြီး လှုပ်ရှားခွင့်ရနေပြီ။ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွား၊ အချင်းများနေတာတွေ မရပ်သေးဘူး။ ဆင်းရဲအသိမဲ့နေတဲ့ ပြည်သူတွေကလည်း ဆင်းရဲအသိမဲ့နေမြဲပဲ။ လူလည်လူရှုပ်တွေကလည်း လည်လို့ရှုပ်လို့ကောင်းနေဆဲပဲ။

ကနေ့ကာလမှာ တွေဝေစရာတွေပိုများလာပြီး ရန်သူမိတ်ဆွေတွေလည်း ပိုရောထွေးလာခဲ့ပါပြီ။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ခဲ့မှုတွေ (ဥပမာ- ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိတာတွေမှာ စစ်အာဏာရှင်တွေကြောင့် သေဆုံး၊ ပျောက်ဆုံး၊ အဖမ်းခံထိ၊ မိသားစုပျက်၊ ဘ၀ပျက်ခဲ့ရမှုတွေ)အတွက် သမိုင်းကြွေးဟာ မကြေသေးဘူး။ သမိုင်းကြွေးကို ဘယ်လိုအကြေဆပ်မလဲ၊ ဘယ်တော့အကြေဆပ်မလဲဆိုတာ သိပ်စိတ်ဝင်စရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

မိုးကုတ်ဦးမြမောင် ဆွေမျိုးတွေအသတ်ခံရတဲ့ ရန်ကုန်၊ ငါးလောင်းပြိုင်လူသတ်မှုတရားခံ ကိုလည်း ကြံ့ ဖွတ် အစိုးရက ခုထိ မဖော်ထုတ်ပြသေးဘူး။

မတရားမှုတွေ၊ အထာမကျမှုတွေဟာ ဗမာပြည်နေရာတိုင်းမှာ ရှိနေဆဲပါပဲ။

တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ !

ညိုကြီး

www.bigbbrown.blogspot.com
www.facebook.com/nyogyi

www.bigbbrown.multiply.com/journal
www.bigbbrown.wordpress.com
www.nyogyi.wordpress.com

24 November 2011

Stop the Civil War! We Want Peace!

မန္တလေး၊ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှ ငြိမ်းချမ်းရေးတောင်းဆိုပွဲ

နိုဝင်ဘာ ၂၄၊ ၂၀၁၁ (ကြာသပတေးနေ့)

From Peace

ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲနှင့် တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များ၏ ငြိမ်းချမ်းရေးတောင်းဆိုပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်းများ ဟောပြောခဲ့ပါတယ်။

From Peace


အခမ်းအနားအပြီးမှာ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များက

၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်

ဟူသော စာတမ်းများကိုင်ဆောင်ကာ

"စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။
ရှုံးသူလည်း ဒုက္ခရောက်၏။
အမြန်ဆုံး ရပ်ပေးပါ။"

ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများရွတ်ဆိုခဲ့ပါတယ်။

ညိုကြီး

From Peace


From Peace


(မနက်ဖြန် (၂၅၊ နိုဝင်ဘာ၊ ၂၀၁၁)၊ နေ့ ၂ နာရီမှ ညနေ ၄ နာရီအထိလည်း အထက်ပါ ကံတက်ကုန်း(မစိုးရိမ်)ကျောင်းတိုက်မှာပင် ကလေးချစ်သူများကွန်ယက်မှ ကြီးမှူး၍ "နယ်မြေလုံခြံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီလှူဒါန်းရန် အလှူငွေလက်ခံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ" ကျင်းပဦးမည်ဖြစ်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။)


Video Clip
https://www.facebook.com/video/video.php?v=316117248398541

23 November 2011

Myanmar-Thabin-Ah-Hla-Sin-Thumyar And Pakokku Flood Victims

"မြန်မာ့သဘင် အလှဆင်သူများ" လည်း ပခုက္ကူရေဘေးဒုက္ခသည်များအတွက် အလှူခံထွက်



မန္တလေးမှ ဇာတ်မင်းသားလေးများ ပေါင်းစည်းတည်ထောင်ထားသော "မြန်မာ့သဘင် အလှဆင်သူများ" အဖွဲ့သည်
"ပခုက္ကူရေဘေးဒုက္ခသည်များအတွက် ပရိသတ်များနှင့် ကျွန်တော်တို့ သူစိမ်းတွေလိုမနေဘဲ ကူညီကြပါစို့။ ကသောလက်ဖြင့် လှူကြမည်"
စာတမ်းများချိတ်ဆွဲထားသော ကုန်တင်ကားကြီးဖြင့် မန္တလေးမြို့ပေါ်တွင် ၂၀၁၁၊ နိုဝင်ဘာ၊ ၂၀၊ ၂၁၊ ၂၂ (၃) ရက်တာမျှ နံနက် ၈ နာရီမှ ည ၈ နာရီတိုင်တိုင် သီဆိုဖျော်ဖြေ အလှူခံထွက်ခဲ့ကြောင်း သတင်းရရှိပါ၏။







(မန္တလေး မြို့မ တူရိယာအသင်းကြီးကလည်း ပြီးခဲ့သော ရက်သတ္တပတ်များအတွင်းက ယခုကဲ့သို့ပင် မန္တလေးမြို့တွင်း လှည့်လည်သီဆိုတီးခတ်ဖျော်ဖြေကာ ပခုက္ကူရေဘေးဒုက္ခသည်များအတွက် အလှူခံထွက်ခဲ့ပါသည်။

မြို့မသတင်းများကို
http://myomamusic.com/ တွင်လည်းကောင်း၊
Facebook ပေါ်က Myo Ma
https://www.facebook.com/pages/Myo-Ma/335176251444
တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။)

ညိုကြီး

19 November 2011

Poet Tin Moe's 78th Birthday

၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ဖွား ကဗျာဆရာကြီး တင်မိုး အမှတ်တရ

ပုံ ၁
ပုံ ၂

From Historic Poems

ဆရာကြီး တင်မိုး၏ မွေးနေ့ အမှတ်တရပွဲတစ်ပွဲကို (၁၈၊ ၁၁၊ ၂၀၁၁) နေ့၌ အမရပူရ၊ တောင်သမန်၊ မယ်ဇယ်ပင်တန်းတွင် မန္တလေးမြို့မှ စာပေသမားအချို့က အကျဉ်းချုံးကျင်းပခဲ့ကြောင်း သိရပါသည်။

(ဆရာကြီး တင်မိုးသည် ၂၀၀၇ နှစ်တွင် LA ၌ ကွယ်လွန်ခဲ့ပါသည်။)

ညိုကြီး

18 November 2011

An Announcement From Masoeyein Monastery About Peace Monks

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

From Monks Ask for Peace in Mdy (Nov, 2011)
၁၆-၁၁-၂၀၁၁ နေ့က ဖြစ်ပျက်ခဲ့သော ငြိမ်းချမ်းရေးဆရာတော်များကိစ္စနှင့် ပတ်သက်၍ သံဃာတော်အချို့က ၄င်းတို့၏ အမြင်များ၊ ခံစားချက်များကို ကဗျာ၊ စာများ အနေဖြင့် မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)တွင်း ရှိ ကြော်ငြာဘုတ် (Facebook မှာဆို မစိုးရိမ် Wall ပေါ့ဗျာ) တွင် ကပ်တင်ဖော်ပြလျက်ရှိရာ မစိုးရိမ်တိုက်ဟောင်း၊ ပါဠိနယူပဒေသကျောင်းမှ ဆရာတော်ကြီး ဘန္ဒန္တ၀ိစိတ္တာဘိဝံသ က အဆိုပါ ကြော်ငြာဘုတ်ဘေးတွင် ဤကဲ့သို့ ရှင်းချက်ထုတ်ပြန်စာ ကပ်ထားပါကြောင်း။
------------------------------------

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

၁၆-၁၁-၂၀၁၁ ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မိမိထံသို့ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မိမိတို့၏ ထင်မြင်ယူဆချက်များကို စာရေး၍ ကြော်ငြာဘောတွင်ကပ်ခြင်း စသည်တို့ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

(မှတ်ချက်)။ သက်ဆိုင်ရာ ကျောင်းဘုန်းကြီး၏ ထောက်ခံချက် ယူလာပါရန် ။

ဘန္ဒန္တ၀ိစိတ္တာဘိဝံသ
ပါဠိနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်။

16 November 2011

Monks for Peace in Mdy, Masoeyein (16, Nov, 2011)

မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)



ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။





အခမ်းအနားအပြီးတွင် "သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ" အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။

ညိုကြီး

ဆက်စပ်သတင်းများကို အောက်ပါ link များတွင် ဖတ်ပါ

၁။

"မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်"

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

၂။

"မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ"

http://bigbbrown.blogspot.com/2011/11/latest-news-about-monks-demonstration.html

ဓာတ်ပုံများကို

www.facebook.com/nyogyi
တွင်လည်းကောင်း
https://picasaweb.google.com/116723507462397308445/MonksAskForPeaceInMdyNov2011
တွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။


15 November 2011

Latest News about Monks' Demonstration of Mandalay (9:30 PM, Nov 15, 2011)

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

From Monks Ask for Peace in Mdy (15.11.2011)

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁

၁။

မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်း တင်ခြေရာခံခြင်းများရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။

၂။

မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေး တရားများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်း

သိရသည်။ ၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

၃။

ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။

ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။

၎။

‎"Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။

ညိုကြီး

သတင်းရေးချိန် - 9:30 PM, 2011, Nov 5


ဆက်စပ်သတင်းကို

"မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်"

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

တွင် ဖတ်ပါ။

Monks Ask For Peace in Mandalay (Video and Images) (Nov, 15, 2011)

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်

From Monks Ask for Peace in Mdy (15.11.2011)


Nyo Gyi's Video Clips on Facebook
https://www.facebook.com/video/?id=100000008066345



နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။
တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။



အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Photo & Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။

ညိုကြီး
(သတင်းရေးတင်ချိန် = 11:59 AM, Nov, 15, 2011)

(video 3gp ဖိုင် download လုပ်ရန် link ပေးလိုက်ပါသည်။
http://www.mediafire.com/?yb6pn88w4s7g8m3)

From Monks Ask for Peace in Mdy (15.11.2011)


From Monks Ask for Peace in Mdy (15.11.2011)

သပိတ်မှောက် သံဃာတော်များအား မန္တလေးပြည်သူလူထုက ဆွမ်း၊ ရေ ဆက်ကပ်လှူဒါန်းနေကြစဉ်