02 December 2011

Life's Light NGO Will Go To Kachin State And Donate to Victims of Civil War

ဘ၀အလင်း ပရဟိတအသင်း
ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား သွားရောက်လှူဒါန်းမည်


From Peace

(၁၊ ဒီဇင်ဘာ၊ ၂၀၁၁) နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့၊ ၈၆ လမ်း၊ ၃၈ လမ်းထောင့်ရှိ ကင်းဝန်မင်းကြီးဘုန်းကြီးကျောင်းတိုက်မှာ ဘ၀အလင်းပရဟိတအသင်းမှ ဦးဥတ္တမသာရ (ဖုန်း- ၀၉-၂၀၃၅၉၃၆)က ဦးဆောင်ပြီး "ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား ကူညီလှူဒါန်းရေး" စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသ စစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။

ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။

စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ်ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာသော ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန်သတ်မှတ်ထားသည့် အရပ်ဒေသများအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ညိုကြီး


------------------------------
From Peace

From Peace

လှူဒါန်းနိုင်သည့် နေရာများ


ဦးဥတ္တမသာရ - 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။

ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် - 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုတာတာ - 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုဇော်မင်းခိုင် - 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။

ကိုမြင့်သန်း - 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။

30 November 2011

Religions & NGOs From Mandalay Unite For Victims of Civil War

မန္တလေးမြို့၊ ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့
ကချင်ဒေသရှိ သွေးရင်းညီနောင်သားချင်း တိုင်းရင်းသားလူမျိုးများအတွက်
စာနာထောက်ထားမှု မေတ္တာပြဆုတောင်းခြင်း


(၃၀၊ နိုဝင်ဘာ၊ ၂၀၁၁)

From Peace

အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ ရွှေနှလုံးတော် ကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် (၃၀၊ ၁၁၊ ၂၀၁၁) နေ့လည် ၂ နာရီမှ ၄ နာရီကျော်ခန့်အထိ ကျင်းပခဲ့ပါသည်။

From Peace

အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ဆုတောင်းပွဲပြုလုပ်ရခြင်းအကြောင်းတင်ပြခြင်း - ဆရာတော်အရှင်ဦးစိန္တိတ (အာရှအလင်းရောင် ဆရာတော်)
၃။ အစ္စလာမ်မစ်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၎။ ဘဟာအီဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၅။ ဗုဒ္ဓဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၆။ ဟိန္ဒူသာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၇။ ခရစ်ယာန်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၈။ အလှူငွေ လှူဒါန်းမည့်လုပ်ငန်းအစီအစဉ်တင်ပြခြင်း
၉။ အလှူငွေ ကောက်ခံခြင်း
၁၀။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း

မှတ်ချက်။
အခမ်းအနားပြီးဆုံးပါက သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအသီးသီးမှ အမှုဆောင်လူကြီးများ အစည်းအဝေးကျင်းပခြင်း အစီအစဉ် ဆက်လက်ပြုလုပ်ပါမည်။

From Peace

တက်ရောက်သော အဖွဲ့အစည်းများ

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ YMCA၊ ဘဟာအီဘာသာမှ တာဝန်ရှိသူများ၊ မန္တလေးကရုဏာ၊ ပုလဲပရဟိတ၊ မဟာမြိုင် လူမှုကူညီရေးအသင်း၊ ဇနသုခ ရေသန့်အလှူတော်၊ ကရင်နှစ်ခြင်းခရစ်ယာန်၊ ကချင်နှစ်ခြင်းခရစ်ယာန်၊ ယေဇူးရွှေနှလုံးတော်၊ ရခိုင်သဟာရ၊ မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်)၊ YSCM၊ ချမ်းမြမေတ္တာလူမှုကူညီရေး၊ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများ၊ လောကပါလလူမှုရေး၊ ရတနာမွန်သွေးလှူရှင်အသင်း၊ ဗိသုကာလူမှုရေး၊ စိတ္တသုခလူမှုကူညီရေး၊ ဟိန္ဒူဘာသာမှ တာဝန်ရှိသူများ၊ ကလေးချစ်သူများကွန်ယက်၊ လွတ်လပ်သောသူငယ်ချင်းများအင်အားစု၊ ရတနာ့မေတ္တာ၊ မြင့်မြတ်ဧရာဝတီ

အစရှိသည့် မန္တလေးမြို့ခံ ဘာသာသာသနာပေါင်းစုံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းပေါင်းစုံမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ သတင်းထောက်များ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယခုစာရင်းတွင် ဖော်ပြရန်ကျန်ရှိသော ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများလည်း ရှိနိုင်ပါသည်။)

From Peace

စစ်ဒုက္ခသည်များထံ သွားရောက်လှူဒါန်းမည်

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း စစ်မက်ဖြစ်ပွားလျက်ရှိသော ကချင်ဒေသရှိ စစ်ဘေးဒဏ်သင့်ဒုက္ခသည်များကို မန္တလေးမြို့၊ ဘာသာပေါင်းစုံကရုဏာရှင်များအဖွဲ့က အကူအညီများသွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

စစ်ဒုက္ခသည်များအတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်ရပါသည်။

ညိုကြီး

--------------------
Video File

https://www.facebook.com/video/video.php?v=319583231385276


27 November 2011

Nyo Gyi Blog's 4th Year Birthday

ညိုကြီး Blog လေးနှစ်ပြည့် မွေးနေ့ - 26, November, 2011

www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က
"သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်"
ဆိုတဲ့ ပထမဆုံးသော Blog Post တစ်ခု စတင်ဖန်တီးခဲ့တဲ့ ကျွန်တော် ညိုကြီးရဲ့
Blog: Myanmar Political News, Art And Idea
သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်အရောက်မှာ သက်တမ်း (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Blogger အဖြစ် ရှင်သန်နေထိုင်ဖြစ်ခဲ့တဲ့ ဒီ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာ့နိုင်ငံရေးလောကအကြောင်း မြည်းစမ်းခွင့်ရခဲ့ပြီး အတွေးအမြင်တွေ၊ အသိတွေ များစွာတိုးခဲ့ရတဲ့အပြင် ခင်မင်စရာမိတ်ဆွေများစွာလည်း ရရှိခဲ့ပါတယ်။

သတိထားဆင်ခြင်စရာတွေ၊ ရင်ခုန်စရာတွေ၊ စိတ်ညစ်စရာတွေ၊ ထိတ်လန့်စရာတွေ၊ အံ့သြစရာတွေ၊ အာရုံနောက်စရာတွေ၊ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပြီး ခွန်အားတွေ၊ အကြံဥာဏ်တွေ၊ ကူညီမှုတွေ၊ အားပေးမှုတွေ၊ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ပြည်တွင်းက ရေးသားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး Blogger တစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ မသေးလှဘူးဆိုတာကိုတော့ ဋီကာချဲ့ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျဉ်းကတော့ အားလုံးသိတော်မူတဲ့အတိုင်း အခြေအနေ သိပ်မဟန်သေးပါဘူး။ ကျွန်တော်တို့ရဲ့ Blogger နောင်တော်ရဲဘော်ကြီး နေဘုန်းလတ် အပါအ၀င် မင်းကိုနိုင်၊ အရှင်ဂမ္ဘီရစတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်မြောက်သေးဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇာဂနာ၊ ဇေယျာသော် တို့ကတော့ အကျဉ်းသားဘ၀ကလွတ်မြောက်ပြီး လှုပ်ရှားခွင့်ရနေပြီ။ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွား၊ အချင်းများနေတာတွေ မရပ်သေးဘူး။ ဆင်းရဲအသိမဲ့နေတဲ့ ပြည်သူတွေကလည်း ဆင်းရဲအသိမဲ့နေမြဲပဲ။ လူလည်လူရှုပ်တွေကလည်း လည်လို့ရှုပ်လို့ကောင်းနေဆဲပဲ။

ကနေ့ကာလမှာ တွေဝေစရာတွေပိုများလာပြီး ရန်သူမိတ်ဆွေတွေလည်း ပိုရောထွေးလာခဲ့ပါပြီ။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ခဲ့မှုတွေ (ဥပမာ- ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိတာတွေမှာ စစ်အာဏာရှင်တွေကြောင့် သေဆုံး၊ ပျောက်ဆုံး၊ အဖမ်းခံထိ၊ မိသားစုပျက်၊ ဘ၀ပျက်ခဲ့ရမှုတွေ)အတွက် သမိုင်းကြွေးဟာ မကြေသေးဘူး။ သမိုင်းကြွေးကို ဘယ်လိုအကြေဆပ်မလဲ၊ ဘယ်တော့အကြေဆပ်မလဲဆိုတာ သိပ်စိတ်ဝင်စရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

မိုးကုတ်ဦးမြမောင် ဆွေမျိုးတွေအသတ်ခံရတဲ့ ရန်ကုန်၊ ငါးလောင်းပြိုင်လူသတ်မှုတရားခံ ကိုလည်း ကြံ့ ဖွတ် အစိုးရက ခုထိ မဖော်ထုတ်ပြသေးဘူး။

မတရားမှုတွေ၊ အထာမကျမှုတွေဟာ ဗမာပြည်နေရာတိုင်းမှာ ရှိနေဆဲပါပဲ။

တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ !

ညိုကြီး

www.bigbbrown.blogspot.com
www.facebook.com/nyogyi

www.bigbbrown.multiply.com/journal
www.bigbbrown.wordpress.com
www.nyogyi.wordpress.com