ယခု ကိုမော်မင်းသန်း၏ ကမ္ဘာ့ဂီတမှော်ရုံတော ဆိုသည့် မဟာဂီတဂန္ထ၀င်ပညာရှင်များအကြောင်း ရေးထားသောစာအုပ်ကို ဖတ်ကြည့်လိုက်သောအခါ ၁၇ ရာစုမှသည် ၂၀ ရာစုခေတ်သစ်နှောင်းပိုင်း ဂီတပညာရှင်များ၏ အကြောင်းကို အတော်ရှာဖွေစုဆောင်း လေ့လာရေးသားထားသည်ကို တွေ့ရသဖြင့် သူ့ကို ချီးကျူးမိပါသည်။
သူရှာဖွေပြုစုရေးသားထားသည်မှာ ၁၇ ရာစု၊ ဘားရော့ခေတ်(Baroque period) ဂျေအက်စ်ဘာ့ခ်မှ စတင်ပြီး ဂန္ထ၀င်ခေတ် (Classical period)၊ ရိုမန်တစ်ခေတ် (Romantic period) မှသည် အင်ပရက်ရှင်းနစ် ဂီတသမား ဒဗူဆီ၊ အိပ်စ်ပရက်ရှင်းနစ် ဂီတသမား အာနိုးရွှန်းဘာ့ဂ်အထိ၊ စပိန်ဂီတထဲမှဆိုလျှင် အယ်လ်ဘန်းနစ်၊ ဒယ်ဖားလျားမှသည် ကလပ်ဆီကယ်ဂစ်တာသမား ဆီဂိုးဗီးယားအထိ လေ့လာရှာဖွေ ရေးသားထားသည်ကို တွေ့ရပါသည်။
ဂီတပညာရှင်များ၏ဘ၀၊ သူတို့၏ ကိုယ်ရည်ကိုယ်သွေး၊ သူတို့၏ စွမ်းဆောင်ချက်များကိုလည်း ကမ္ဘာ့ဂီတမှော်ရုံတော စာအုပ်တွင် ဖတ်ရှုရပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင် မြန်မာမဟာဂီတမှအစ စူဠဂီတအထိ ရေစုံမျောနေပြီဟု ပြောဆိုနေချိန်တွင် ယခုစာအုပ်သည် ဆီးနှင်းများ ပိန်းပိတ်နေသော အမှောင်ထဲမှ နေရောင်ခြည်လေး လင်းလာသကဲ့သို့ ဖြစ်နေပါသည်။
သိမ်းမောင် (စန္ဒယား) ၏ အမှာစာ... မှ
------------------------------------------------------- ကျွန်တော်သည် ၁၉၉၂ မှစတင်၍ မဂ္ဂဇင်းများတွင် နိုင်ငံတကာဂီတဆောင်းပါးများ ရေးခဲ့ပါသည်။ ယခုအခါ မဂ္ဂဇင်းများတွင် ကျွန်တော်ရေးခဲ့သော ဂီတဆောင်းပါးများကို စုစည်းပြီး ကမ္ဘာ့ဂီတမှော်ရုံတော အမည်ဖြင့် စာအုပ်ထုတ်ခွင့်ရခဲ့ပါသည်။ ကျွန်တော်ရေးသားထားသော ဂီတဆောင်းပါးများထဲမှ ဥရောပဂီတ ကွန်ပိုဆာများနှင့် ဆင်ဖိုနီအော်ခတ်စတြာအကြောင်း ပတ်သက်သော ဆောင်းပါးများကို သီးသန့်စုစည်းထားခြင်း ဖြစ်ပါသည်။
မော်မင်းသန်း ၏ အမှာစာ...မှ