"တို့ဘ၀ တို့ကမ္ဘာ"
ရှေးရေစက်လား
ချိန်းဆိုမထားဘဲ ရောက်လာတယ်။
နေရဉ္ဇရာ
စစ်ပွဲတွေ ရပ်တန့်စေတဲ့ တမန်တော်
သွေးသားထဲက ပွင့်အန်ထွက်လာတဲ့ မေတ္တာတရား
လူကြီးတွေ သင်ယူရမယ့် ကလေးငယ်။
လူမှန်း မသိတတ်ခင်
ရင်ခွင်ပိုက်ဘဝ
မိဘတွေနဲ့ လေဆန် နေဆန်လို့။
လူ့ ဘ၀ဆိုတာ
ရဲရင့်သူတွေအတွက် စစ်မြေပြင်
သူရဲဘောကြောင်သူတွေအတွက် သင်္ချိုင်း။
လေပြင်းတွေဆီ ရင်ကော့ခေါင်းမော့လို့
ဒုက္ခသစ္စာကို ပြက်ရယ်ပြုလို့
လောကလမ်းပေါ် လက်တွဲလျှောက်ကြမယ်။
ကဗျာဆရာ့သမီးဟာ
လောကဓံကို မျက်နှာချင်းဆိုင်ရဲရမှာပေါ့
မနက်ဖြန်ကို မတွေးနဲ့
ဒီနေ့ ဘယ်လိုအသက်ရှင်မလဲ စဉ်းစား
ဖက်ရှင်လှလှနဲ့
စိတ်လှပအောင် ကြိုးစားဖို့
အတွေးအခေါ်လည်း လိုသေးတာပဲ နေရဉ္ဇရာ။
လူတိုင်း ပြောကြသလို ငွေက အရေးကြီးပါတယ်
လူတစ်ယောက်
ငွေးကျေးကျွန်ဖြစ်မသွားဖို့ ပိုအရေးကြီးပါတယ်။
ငွေကြေးဝါဒီတွေ ဗြောင်းဆန်လို့
လူစင်စစ်က ၀ံပုလွေဖြစ်သွားကြတာတွေ
မိတ်ဆွေချင်း
နောက်ကျောဓားထိုးကြတာတွေ။
မိုးခါးရေသောက်ပြီး
ရူးချင်ယောင်ဆောင်နေကြတဲ့ ကမ္ဘာ
ငါတို့ ဖြတ်နေရတဲ့ နှစ်ကာလဟာ
ခေးအော့စ်သီဝရီနဲ့။
ငယ်စဉ်က အမေဆုံးမဖူးတဲ့ စကား
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့။
ကိလေသာ ကြိုးမျှင်တွေနဲ့ ပုထုဇဉ်
လောကအမြင်နဲ့ အသက်ရှင်ကြစို့။
တရားကို နတ်ကောင်းစောင့်သတဲ့
လူတွေကို ကြောက်လို့သာ ကိုယ်ယောင်ဖျောက်နေရရှာ
အမှန်တရားဆိုတာ
လူ့လောကမှာ ရှိနေနိုင်ပါသေးတယ် နေရဉ္ဇရာ။
အောင်ရင်ငြိမ်း
(အောင်ရင်ငြိမ်း၏ "တစ်ကိုယ်ရေ အာသာဖြေခြင်း စာသားများ" စာအုပ်မှ...)
သမီးလေး နေရဉ္ဇရာအောင်ရင်ငြိမ်းသို့ အမှတ်တရ။
၂၊ ဖေဖော်ဝါရီ၊ ၂၀၀၇