31 May 2008

POETS AND WRITERS' ACTIVITIES FOR NARGIS VICTIMS

အထက် မြန်မာနိုင်ငံ စာပေအနုပညာရှင်များကလည်း နာဂစ်ဒုက္ခသည်များအတွက် အလှူငွေနှင့် ပစ္စည်းများ ကောက်ခံပေး လျက်ရှိနေပါတယ်။ အောက်မှာ နှိုးဆော်စာကို ဖော်ပြလိုက်ပါတယ်။


ရန်ကုန်စာပေသမားများရဲ့ နာဂစ်ဒုက္ခသည်များဆီ သွားရောက်လှူဒါန်းကြပုံများကိုတော့ အောက်ပါလိပ်စာတွင် ဖတ်ရှုနိုင်ပါသည်။
http://saveburma.sosblog.com/Burma-political-blog-b1/Yangon-writers-activities-b1-p43.htm#c_4

30 May 2008

The One Month Passing of U Kovida

29 May 2008

MEMORIAL CEREMONY FOR MASOEYEIN'S U KOVIDA

မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ ပျံလွန်တော်မူခြင်း တစ်လပြည့်အခမ်းအနား ဖိတ်စာများ
ပျံလွန်တော်မူပြီးဖြစ်တော်မူသော မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ အားရည်စူး၍ တစ်လပြည့် ကုသိုလ်ပြုပွဲကို ယနေ့ (၂၉၊ ၅၊ ၀၀၈)နေ့တွင် မစိုးရိမ်ကျောင်းတိုက်(အလယ်တိုက်ကြီး) တွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ သံဃာတော်အပါး (၇၀၀) ကျော်တို့အား ဆွမ်းလောင်းပြီး ပင့်သံဃာ (၁၀၀)ကျော်တို့အား ဆွမ်းကပ် လှူဒါန်း ရေစက်ချ အမျှအတန်းဝေခဲ့ပါသည်။

စောင်းမူမူသိန်းအဖွဲ့မှလည်း ဆရာတော်ဘုရားကြီးအား စောင်း+အဆို အနုပညာများဖြင့် ပူဇော်ကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိမစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဦးရာဇာဓမ္မာဘိဝံသက ရေစက်ချ အမျှအတန်းဝေပြီး ဆရာတော် ဦးကောဝိဒ၏ ငယ်ဘ၀ အတွေ့အကြုံများကို (၈၈ အရေးအခင်း၊ ပတ္တ္ဆနိကုဇ္ဇနကံဆောင်ခြင်း အစရှိသည်များ အပါအ၀င်) ဟောပြောခဲ့ပါသည်။ ဓမ္မစကြာဝတ်အသင်းမှလည်း သာသနာတော်ကို ဖျက်ဆီးစော်ကားသူတို့သည် ဆိုးဝါးစွာ ပျက်စီးစေတတ်ကြောင်းပါဝင်သော တေးထပ်များ၊ ဆရာတော်ကြီး၏ ဂုဏ်ကို ဖွဲ့ညွှန်သော တေးထပ်များဖြင့် ပူဇော်သီဆိုခဲ့ပါသည်။

(သတင်း ဓာတ်ပုံများကို နောက်ပိုင်းတွင် ဆက်လက် ဖော်ပြသွားပါမည် - BigBBrown)

28 May 2008

Masoeyane Monks are ready for 2nd time

Other pictures can be viewed at MASOEYANE MONKS' PHOTO ALBUM

(၂၉၊ ၅၊ ၀၀၈)နေ့မှာ နာဂစ်ဒေသ (လပွတ္တာကျေးရွာများ)သို့ ဒုတိယအကြိမ်မြောက် ကျပ်ငွေ (သိန်း လေးဆယ်ကျော်)နှင့် အခြား ပစ္စည်းများ(တန်ဖိုးငွေ သိန်းငါးဆယ်ကျော်ခန့်)နှင့်အတူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပါဦးမည်။ ပြည်တွင်း၊ ပြည်ပအလှူရှင်များ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

FREE BURMA

Free our leader, DAW AUNG SAN SU KYI
NOW !

26 May 2008

MASOEYANE'S INVITATION TO DONATE

မန္တလေး-မစိုးရိမ်ကျောင်းတိုက်ကြီးဦးဆောင်သော
နာဂစ်လေဘေး ကယ်ဆယ်ရေး


Masoeyane's invitation to donate

http://picasaweb.google.com/zinmayko07/MasoeyaneSInvitationToDonate

မေ (၂၁)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးစောင်း၊ အဇုတ်ကြီး၊ ဖိုးလေးရွာ စုစုပေါင်း ကျေးရွာ(၃)ရွာအား မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော်များဦးဆောင်သောအဖွဲ့မှ လေဘေးသင့် ဒကာ၊ ဒကာမများသို့ အလှူခံရရှိသည့် ကျပ်သိန်းပေါင်း (၄၀)နှင့် တကွ အသုံးအဆောင်ပစ္စည်းများ ပေးပို့ ကူညီခဲ့ကြသည်။ ထိုသို့ ပေးပို့ ကူညီရာမှ အပြန်၌ လေဘေးဒုက္ခသည်တို့၏ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ များစွာ ပြုလုပ်ရန် ရှိသေးကြောင်း မစိုးရိမ်နာယကဆရာတော်များ မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြသည့်အတွက် မစိုးရိမ်ကျောင်းတိုက်တွင် အောက်ပါအစီအစဉ်အတိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များအနေဖြင့် မန္တလေး-မစိုးရိမ်ကျောင်းတိုက်ကြီးသို့ တိုက်ရိုက်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

ဆက်လက်လုပ်ဆောင်သွားမည့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များမှာ-

၁။ လေဘေး သင့်ရောက်ရာ ဒေသများကို လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပေးခြင်း
၂။ (အထူးသဖြင့်) လေဘေးဒဏ်သင့်၍ မိဘနှစ်ပါး ဆုံးရှုံးရသော မိဘမဲ့ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့ကို ပံ့ပိုးထောက်ပံ့ရန် လုပ်ဆောင်ခြင်း
၃။ လေဘေးဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး ပြည့်စုံစေရန် ဘက်စုံဆောင်ရွက်ပေးခြင်း
၎။ လိုအပ်လျှင် အခြား ကယ်ဆယ်ထောက်ပံ့ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(မြန်မာပြည်တွင်း)

နာယကဆရာတော်များအဖွဲ့
မစိုးရိမ်ကျောင်းတိုက်ကြီး
ဦးဓမ္မသာမီဘိဝံသ- ဖုန်း- ၀၉-၂၀၃၅၆၄၅
ဦးသီလာနန္ဒာဘိဝံသ-ဖုန်း-၀၉-၂၀၃၅၆၇၄

မစိုးရိမ်ကျောင်းတိုက်ကြီး
၈၇ လမ်း၊ ၃၆x၃၇ လမ်းကြား၊ မန္တလေး

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(ပြည်ပ)

ဦးပညာဇောတ
မော်စန္ဒရ၀မ်း မန္တလေးကျောင်းတိုက်
မယ်စရီယန်မြို့
ထိုင်းနိုင်ငံ
ဖုန်း- ၀၈၆-၁၈၂၉၅၂၆
Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank

BURMA MONKS' ACTIVITIES AFTER NARGIS

"ရဟန်းသံဃာများ၏ မေတ္တာ၊ ကရုဏာ၊ စေတနာ" နှင့်
"စစ်အဆိုးရ၏ အ၀ိဇ္ဇာ၊ တဏှာ၊ ဝေဒနာ"

(မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒ မန္တလေး၌ နာဂစ်တရားပွဲကျင်းပနေစဉ်)

ဗုဒ္ဓသာသနာ နေလို၊ လလို ထွန်းလင်းသော ဗမာပြည်ကြီးတွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာများသည် ပြည်သူပြည်သားများ ဒုက္ခကပ်ဆိုးတစ်ခုခုနှင့် တွေ့ကြုံခံစားရလေတိုင်း ရှေ့ဆုံးမှ ဦးဆောင်ကာ ပြည်သူပြည်သားများဘက်က ရပ်တည်လျက် ကာကွယ်၊ ကူညီ၊ ကယ်ဆယ်မြဲဖြစ်သည်။

လက်ရှိမျက်မှောက်ကာလ၏ အထင်ရှားဆုံးသာဓကများပေးရပါက-

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ၊ ရွှေဝါရောင်တော်လှန်ရေးကြီး

-ဆင်းရဲဒုက္ခဘေးတွင်းသက်ဆင်း၍ မင်းဆိုးမင်းညစ်အောက်တွင် လူ့အခွင့်အရေးများဆုံးရှုံးနေရသော ဗမာတိုင်းသူပြည်သားများအတွက် ဗမာပြည်မြို့ကြီးများတွင် မေတ္တာပို့၊ စီတန်း၊ လှည့်လည်ခဲ့ကြသည်၊ စစ်အဆိုးရ၏ သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုများကို ရဲရဲတောက် ခံဝံ့ကြသည်ကို ကမ္ဘာကပင် သိမြင်ခဲ့ကြသည်။

ယခုတစ်ဖန် ၂၀၀၈ ခုနှစ်၊ မေလ၊ နာဂစ်လေမုန်တိုင်းကြီး

-ပြီးခဲ့သည့် ၂၀၀၈၊ မေလ (၂) နှင့် (၃)ရက်များတွင် ဘင်္ဂလားပင်လယ်အော်၌ စတင်ဖြစ်ပေါ်ပြီး လေတိုက်နှုန်း တစ်နာရီမိုင် (၁၂၀)မှ မိုင်(၂၀၀)ခန့်အထိ ရှိသော နာဂစ်လေမုန်တိုင်းကြီးသည် ဗမာပြည်အောက်ပိုင်း- ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန် နှင့် ကရင်ပြည်နယ်များကို ကို ပြင်းစွာ ၀င်ရောက်တိုက်ခတ်ခဲ့သည်ကို အများသိပြီးဖြစ်သည်။
-စစ်အဆိုးရ၏ မိုးလေ၀သ သတင်းထုတ်ပြန်မှုအားနည်းခြင်း၊ သတိပေးမှု အားနည်းခြင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ထက် ဘာမဟုတ်သည့် အာဏာကို မက်မောတွယ်ဖက်ကာ စစ်အာဏာသက်ဆိုးရှည်စေမည့် မေလ(၁၀)ရက်နေ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးကိုသာ သည်းကြီးမည်းကြီး စောက်ချ လုပ်ကိုင်ခဲ့ခြင်းတို့ကြောင့် နဂိုကတည်းက စစ်အဆိုးရနှိပ်စက်မှုကြောင့် ဆင်းရဲမွဲတေနေသော ပြည်သူပြည်သားများမှာ နာဂစ်လေမုန်တိုင်း၏ ဖဲ့ခြွေမှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ လွင့်ပါးပျောက်ဆုံးခဲ့ကြရသည်။
-လေမုန်တိုင်းနှင့်တွဲပါလာသော ဒီရေလှိုင်းလုံးများမြင့်တက်မှုကြောင့် ကျေးရွာလိုက်ပျောက်ဆုံး၊ သေဆုံးမှုများ ဖြစ်ပွားခဲ့ရသည်။
-ယခုအခါ ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုများအရ နာဂစ်မုန်တိုင်းကြောင့် သေဆုံး+ပျောက်ဆုံးသူဦးရေ (တစ်သိန်းကျော်၊ နှစ်သိန်းနီးပါး)ခန့်၊ အိုးအိမ်ပျောက်ဆုံး မွဲပြာကျသူ (တစ်သန်းခွဲ-နှစ်သန်းနီးပါး)ခန့်ရှိသွားပြီဖြစ်သည်။
-ယခုနာဂစ်မုန်တိုင်းခံဒေသစုစုပေါင်းသည် ဗမာပြည်၏ ၆၅% သော ဆန်၊ ၈၀% သော စိုက်ပျိုးရေး၊ ၅၀%သော အသားထုတ်လှုပ်မှုနှင့် ၄၀% သော ၀က်သားထုတ်လုပ်မှုရှိသော ဒေသများဖြစ်သည်။ မုန်တိုင်းအသင့်ခံရဆုံး ဧရာဝတီတိုင်း၏ အထက်ပါလုပ်ငန်းများမှာ အလုံးစုံနီးပါး ပျက်သုဉ်းသွားချေပြီ။ လူဦးရေအထူထပ်ဆုံး ဧရာဝတီတိုင်းလည်း ဖြစ်ပြန်သဖြင့် အသေအပျောက်အများဆုံးလည်း ဖြစ်သွားရချေပြီ။
-မုန်တိုင်းဒဏ်သင့်ခံဒေသများတွင်နေထိုင်သော စုစုပေါင်းလူဦးရေသည် (၂၄)သန်းခန့်ရှိသည်။ ဗမာပြည်ကြီးတစ်ခုလုံး၏ လူဦးရေသည်(၅၅.၄)သန်းခန့်ရှိသည်။ ထို့ကြောင့် မုန်တိုင်းသင့်ခံလူဦးရေသည် တွက်လျှင် ဗမာတစ်ပြည်လုံး၏ ၄၃ ရာခိုင်နှုန်းခန့်သော်မျှရှိသည်။
-မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် စစ်အဆိုးရက အေးတိအေးစက်နှင့် ရက်စက်မျက်ကွယ်ပြုနိုင်သလောက် ရဟန်းသံဃာတော်များကတော့ အစောဆုံး၊ အမြန်ဆုံး၊ အတက်ကြွဆုံး နာဂစ်ဒုက္ခသည်များအတွက် ကူညီ၊ ကယ်ဆယ်ရေးများ စတင်ခဲ့ကြသည်။

ထင်ရှားသော ရဟန်း၊ သံဃာ၊ ဆရာတော်များ၏ စွမ်းဆောင်မှုများ

-စစ်ကိုင်း-သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဥာဏိဿရသည် ဘိုကလေးနယ်ကို အခြေပြု၍ ကျေးရွာများတွင် ဆေးကုသရေးစခန်းများ (၅)ခန်းဖွင့်လှစ်ပြီး ကယ်ဆယ်ကုသလျက်ရှိသည်။ အခြားကူညီမှုများလည်း ပေးလျက်ရှိသည်။ မုန်တိုင်းထဲတွင် အသက်ဆုံးရှုံးသွားသော မိဘမဲ့ကလေးများအတွက်လည်း ကူညီလျက်ရှိသည်။ ဒကာ၊ ဒကာမများကလည်း ဆရာတော်ကြီးကို အမြဲမပြတ်လှူဒါန်းလျက်ရှိသည်။
-ဓမ္မစေတီဆရာတော် ဦးကောသလ္လ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒ၊ ဦးသုမင်္ဂလ အစရှိသည့် တရားဟော ဓမ္မကထိကများကလည်း နာဂစ်လေဘေး ကူညီရေးအတွက် နယ်မြို့အစုံ တရားဟောပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကာ အလှူခံလျက်ရှိပြီး မုန်တိုင်းဒဏ်သင့်ရာ ဒေသများသို့ ပို့ဆောင် ကယ်ဆယ်လျက်ရှိသည်။
-အရှင် ဆေကိန္ဒသည်လည်း အမြဲမပြတ် သွားရောက်ကူညီလျက်ရှိသည်။
-မန္တလေး မစိုးရိမ်ကျောင်းတိုက်၊ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် အစရှိသည့် ကျောင်းတိုက်ကြီးများမှ သံဃာတော်များကလည်း ဦးဆောင်ကာ အလှူငွေ၊ ပစ္စည်းများ ခံယူ၊ စုစည်း၍ နာဂစ်ဒေသသို့ ပို့ဆောင် ကယ်ဆယ်လျက်ရှိသည်။

စစ်အဆိုးရ၏ လုပ်ဆောင်ချက်များ


-စစ်အဆိုးရ၏ လုပ်ဆောင်ချက်များကတော့ဖြင့် စိတ်ပျက်ဖွယ်၊ ဒေါသထွက်ဖွယ်တွေက များသည်။
၁။ မိုးလေ၀သ သတင်း ကြိုတင်ထုတ်ပြန်မှု မတိကျ၊ မှားယွင်း၊ အားနည်းခြင်း
၂။ အန္တရာယ် သတိပေးမှု မတိကျ၊ မှားယွင်း၊ အားနည်း၊ ပေါ့လျော့ခြင်း
၃။ မုန်တိုင်းကြီးကျရောက်ပြီးသောအခါ၌လည်း ကယ်ဆယ်ရေးလုပ်ငန်း နှောင့်နှေး၊ ကြန့်ကြာ၊ ညံ့ဖျင်းခြင်း
၎။ နိုင်ငံတကာမှ အကူအညီများပေးပါမည်၊ ကယ်ဆယ်ရေးလုပ်သားများ အမြန်လွှတ်ပေးပါမည်ဟု ခခယယ ပြောဆိုနေသည့်တိုင် စစ်အဆိုးရကတော့ သူတို့အာဏာတည်မြဲရေး အခြေခံဥပဒေအတည်ပြုပွဲကို အနှောင့်အယှက်ဖြစ်မည်စိုးပြီး အလွယ်တကူ လက်မခံခဲ့၊ ငြင်းဆန်ခဲ့၊ တွေဝေခဲ့ခြင်း များ အထင်အရှားဖြစ်သည်။
(အခြေခံဥပဒေ အတည်ပြုရေး မဲပေးနေ့ မေလ (၁၀)၊ (၂၄)ရက် များ ကုန်လွန်သည်အထိ အချိန်ဆွဲထားခြင်းဖြစ်သည်။ တကယ်တော့ စစ်အဆိုးရအဖွဲ့ဝင်များသည် "ဘယ်သူသေသေ ငရွှေမာလျှင် ပြီးရော" လူစားမျိုးများသာ ဖြစ်ကြပုံရသည်။)
၅။ နိုင်ငံတကာမှ ကယ်ဆယ်ရေးပစ္စည်းများ ဗမာပြည်တွင်းရောက်လာတော့လည်း ဒုက္ခသည်များထံသို့ မပို့ဘဲ ဈေးကွက်ထဲရောက်သည့် ဟာကရောက် ဖြစ်ကုန်တာလည်းရှိသည်။ ဒုက္ခသည်အတူတူချင်း ကြံဖွတ်ဒုက္ခသည်၊ စစ်သားဒုက္ခသည်၊ ရယကအဖွဲ့ဝင်ဒုက္ခသည်၊ စွမ်းအားရှင် ဒုက္ခသည် အစရှိသဖြင့် စစ်အဆိုးရ လက်ကိုင်တုတ်ဒုက္ခသည်များကို အခြားသာမန်ဒုက္ခသည်များထက် မျက်နှာလိုက်ပြီး ဝေပုံမကျတာမျိုးလည်း ရှိသေးသည်။
၆။ နောက်ဆုံး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းကိုယ်တိုင် မောင်သန်းရွှေကိုလာတွေ့ပြီး "မင်း နိုင်ငံတကာ အကူအညီကို လက်ခံ၊ လက်မခံရင် အတင်းဝင်ရောက် ကယ်တင်ရလိမ့်မယ်" ဟု မာန်မဲ ပြောဆိုတော့မှ စစ်အဆိုးရက နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို လက်ခံတော်မူလေသည်။
၇။ သို့သော်လည်း "ဆောက်ဖြစ်မှ ကျောင်းဒကာ" ဆိုသည့် မူအတိုင်း စစ်အဆိုးရ၏ ခြေလှမ်းယုတ်၊ ခြေလှမ်းမှားများကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမည်သာ ဖြစ်တော့သည်။

ညိုကြီး
26.May.008
REF:
- Communicable diseases risk assessment and interventions, Cyclone Nargis: Myanmar, May 2008, WHO
-News from Internet Websites and Blogs and Setallite

25 May 2008

SITAGU SAYADAW'S KINDNESS

နာဂစ်မုန်တိုင်းကယ်ဆယ်ရေးအတွက်
သီတဂူဆရာတော် အရှင်ဥာဏိဿရ
ပြည်ပတွင် တရားပွဲလှည့်လည်ကျင်းပမည်

ဂျေမိုး
မေ ၂၄၊ ၂၀၀၈
(မိုးမခ Multimedia)

စင်္ကာပူ။ ။ သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် စင်္ကာပူနိုင်ငံ Eunos MRT အနီးရှိ မင်္ဂလာဝိဟာရကျောင်းတိုက်၌ (၂၅)ရက်နေ့ ညနေ (၈)နာရီတွင် ဓမ္မတရားတော်ဟောကြားမည်ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီးသည် ထိုင်းနိုင်ငံသံဃာ့ရာဇာမှ လေမုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် အလှုငွေလက်ခံပေးဖို့ရာ ဖိတ်ကြားခြင်းကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုရောက်ရှိလျှက်ရှိနေပြီး စင်္ကာပူနိုင်ငံသို့ ဆက်လက်ကြွချီလာမည်ဟုသိရသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသောဒေသရှိ ပြည်သူများအတွက် လိုအပ်နေသော ဆေးဝါးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများကို စင်္ကာပူနိုင်ငံမှာ ဝယ်ယူမည်ဟုသိရှိရသည်။

နာဂစ်မုန်တိုင်းတိုက်ခိုက်အပြီး ရက်ပိုင်းအတွင်းမှာပင် ဆရာတော်အရှင်ဥာဏိဿရ ကိုယ်တော်တိုင် လေမုန်တိုင်းဒဏ်ခံရသော ဒေသများသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။

လေမုန်တိုင်းတိုက်ခိုက်ခံရသောဒေသ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ ဆရာတော်ဘုရားကြီးနှင့် ဘီဘီစီ မြန်မာပိုင်း ရေဒီယိုမေးမြန်းခန်းတွင် …

"ဘုန်းကြီးရောက်တဲ့နယ်မြေတခွင်မှာ လူတွေဒုက္ခဖြစ်ပြီးတော့ မသေဘဲနဲ့ကျန်နေတဲ့သူတွေက ရာခိုင်နှုန်း ၈၀-၉၀ လောက်အားလုံး ဘုန်းကြီးကျောင်းတွေမှာ မှီခိုနေကြတာတွေ့ရတယ် ဘုန်းကြီးကျောင်းတွေကလဲပဲ အမိုးတွေမရှိတာကများတော့ စိုစိုစွတ်စွတ်နဲ့ နေကြရတာကို တွေ့ရတယ် ပျက်သွားတဲ့ရွာတွေကို ပြန်ဆောက်ဖို့အနေအထားကတော့ ဒကာကြီး အတော်ကိုမျှော်လင့်ချက်ဝေးတဲ့အနေအထားရှိတယ်"

"ရွာတွေကဆောက်တုန်းကလဲပဲ ဓနိလေးတွေ လမုပင်လေးတွေ၊ ဝါးလုံးလေးတွေ နဲ့ဆောက်တော့ ဒီလောက်ပြင်းထန်တဲ့လေကြားမှာ ဒီသစ်တိုသစ်စတွေဟာ အကုန်တစမကျန် ဝါးလေးတွေ၊ဓနိတွေ၊လမုပင်လေးတွေ အကုန်လွင့်ကုန်တာ မြင်ကွင်းက… တခါတည်း ငုပ်တုတ်ငုပ်တုတ်နဲ့ တိုင်ငုပ်တိုလေးတွေပဲကျန်တော့ ဒီနေရာမှာ ဒီလူတွေဟာ အိမ်ပြန်ဆောက်နိုင်ဖို့တော်တော်ခက်မယ်ဒကာကြီး"

"ပြီးတော့လယ်ကွင်းတွေကလဲ အကုန်လုံး ဆားငံရေတွေဝင်သွားတော့ လယ်ပြန်လုပ်နိုင်ဖို့လဲပဲ တော်တော်ခက်မယ် နွားတွေကျွဲတွေကလဲပဲ မကျန်သလောက်ဖြစ်နေတယ် အကုန်လုံး လေထဲလွင့် ရေမြုပ်ပြီးတော့ သေကုန်ကျတော့ ကျွဲနွားမရှိတဲ့ခမျာမှာလဲပဲ လယ်ထွန်ဖို့ခက်မယ် မျိုး-တွေလဲရဖို့မလွယ်ဘူး အဲဒီတော့အခက်အခဲတွေကြားထဲက ပြည်လည်ထူထောင်ဖို့ဆိုတာ အများကြီးအများကြီးလိုသေးတယ် အကူအညီအထောက်အပံ့တွေလိုမှာပါ"

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များဝင်ခွင့်ပေးလိုက်တဲ့ကိစ္စနှင့်ပတ်သက်ပြီးမိန့်ကြားရာမှာ …

"ဘုန်းကြီးကတော့ အကောင်းမြင်တဲ့ဘက်ကနေကြည့်ပြီး ဒါဟာ အလွန်အလားအလာကောင်းတဲ့ လက္ခဏာပဲလို့ ဘုန်းကြီးကတော့ ဒီလိုတွက်ပါတယ် သို့သော်လည်းပဲ နိုင်ငံတကာဆိုတော့ နိုင်ငံပေါင်း ဘယ်လောက်များများက လာပြီးတော့ ဘယ်လိုပစ္စည်းမျိုးတွေစပေးမလဲဆိုတာ ရှေးဦးစွာ Survey လုပ်တဲ့အနေနဲ့ ကွင်းဆင်းကြည့်ရှုဖို့ကိစ္စမှာ Transport တွေဘာတွေ တော်တော်များများလိုလိမ့်မယ်။ ဒကာကြီး ရေယာဉ်တွေလိုမယ် ကောင်းကင်က ဖြတ်သွားကြည့်တာလောက်နဲ့ မလုံလောက်ဘူး အဲဒီအပျက်အစီးတွေကိုသွားကြည့်ဖို့ရာ လမ်းတွေဖောက်ပေးဖို့လိုလိမ့်မယ်…. ဆိုတော့ ကြာမယ် ဒကာကြီး…. ကြာလိမ့်မယ်ထင်တယ်… ပြီးတော့ ဘယ်လောက်ပဲ နိုင်ငံတကာက ပေးပေး ဒီဧရိယာကြီးအနေအထားကကို အလွန်ခက်ခဲတဲ့ အနေအထားဖြစ်နေတယ် ထိထိရောက်ရောက် ရှိမှရှိပါ့မလားဆိုတာကို ဘုန်းကြီးလဲ စိတ်ထဲတွေးပြီးတော့ စိတ်ထဲသိပ်တော့မကောင်းဘူး စိတ်ပူတယ်ဒကာကြီး"

အနာဂတ်မှာ လက်တွဲလုပ်ဆောင်ဖို့နဲ့ပတ်သက်ပြီး ဆရာတော်ကြီးမှ …

"အကုန်လုံးက လက်တွဲဖို့တော့လိုနေပြီ ဒကာကြီး ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးနဲ့ကြည့်မယ်ဆိုရင်လဲ ခရစ်ယာန်ရွာတွေကော အစ္စလမ်ရွာတွေကော ဗုဒ္ဓဘာသာရွာတွေ ခံရတာပဲ။ နိုင်ငံရေးနဲ့ကြည့်ရင်လဲပဲ လက်ရှိနိုင်ငံတော်အစိုးရကို အားပေးထောက်ခံတဲ့သူတွေကိုကော နိုင်ငံတော်အစိုးရကို ချချင်တဲ့သူတွေရောအကုန်လုံး ခံရတဲ့နေရာမှာ အတူတူပဲလေ၊ အရပ်သားလဲခံရသလို အဲဒီအရပ်မှာ စစ်သူ စစ်သားတွေလဲ ခံကြရတာပဲ၊ ဘာသာရေးကင်းမဲ့တဲ့သူတွေ ခံရသလို ဘာသာရေးခေါင်းဆောင်တွေလည်း ခံရတာပဲ။ ဒုက္ခဆိုလို့ရှိရင် ခံစားရတာအကုန်လုံး တူညီနေတဲ့အတွက်မို့ ဒီအဖြေရှာတဲ့အခါမှာလဲ အကုန်လုံးတူဖို့လိုတယ် တူညီတဲ့ Common Platform တစ်ခုကို ဘုန်းကြီးတို့တည်ဆောက်ရမယ် ဘာသာရေးရှုဒေါင့် လူမှုရေးရှုဒေါင့် နိုင်ငံရေးရှုဒေါင့် အဲဒီရှုဒေါင့်တွေက ကြည့်တာတွေကို ခဏရပ်တန့်ပြီးတော့ အကုန်လုံးတစ်ခါတည်း ဂရုဏာစိတ်ဓါတ်နဲ့ ဂရုဏာစိတ်ဓါတ် common Platform ပေါ့ဗျာ။ အဲဒါလေးအပေါ်မှာ အတူတကွ လက်တွဲလျှောက်လှမ်း သွားရင်တော့ အနာဂတ်မှာ အတော်ကောင်းတဲ့အလားအလာရှိတယ်လို့ ဘုန်းကြီးတော့ ဒီလိုပဲထင်တာပါပဲ"

ဟုမိန့်ကြားသွားပါတယ်။

စင်္ကာပူတရားပွဲအပြီးတွင် ဆရာတော်ဘုရားကြီးဟာ မြန်မာပြည်ကို ပြန်လည်ကြွချီမည်လို့ သိရသည်။

About NARGIS, After NARGIS,

"နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ဖြစ်ရပ်ဆိုးများ"
http://www.mizzimaburmese.com/news/1177-2008-05-23-09-32-32

"လူသန်းပေါင်းများစွာကို ဒုက္ခရောက်ပျက်စီးစေသော Cyclone Nargis အကြောင်း တစေ့တစောင်း "
http://en.wikipedia.org/wiki/Cyclone_Nargis

"ငါးကြောင့် ရောဂါကူးမည်မဟုတ်ဟု ဆရာဝန် ပြောကြား"
http://www.mizzimaburmese.com/news/inside-burma/1/1182-2008-05-24-07-54-58