01 October 2009

The Reality of Myanmar National League is To Make People Weak?

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော

(Nyo Gyi)


(ဓာတ်ပုံ - မန္တလေးထုတ် ပန်သစ္စာ အနုပညာဂျာနယ်၊ No. 3, Vol. 7၊ အချပ်ပိုမှ ရယူပါသည်)

(1, October, 009)

ယနေ့ ဗမာပြည်တွင်း၌ Myanmar National League ဆိုပြီး ဘောလုံးပွဲများ ကျင်းပနေသည်ကို အများသိပြီးဖြစ်သည်။ ဘောလုံးပွဲဆိုသည်မှာ အားကစားရေး၊ စီးပွားရေးကိစ္စဖြစ်သည်ဆိုသော်လည်း နိုင်ငံ့အရေးအမြင်အားဖြင့်ကြည့်လျှင်မူ ဘောလုံးပွဲကို ကျင်းပခဲ့သည့် စစ်အဆိုးရနှင့် ဘောလုံးအသင်းများကို ပိုင်ဆိုင်သည့် စစ်အဆိုးရအလိုတော်ရိလုပ်ငန်းရှင်ဆိုသူများ၏ ခြေလှမ်းများ၊ လုပ်ကွက်များကိုကား သတိထား စောင့်ကြည့်ရပါမည်။

ဘောလုံးပွဲများအတွက် ကျေးဇူးတင်ရမည်ဖြစ်သော်လည်း နောက်ကွယ်က အကြောင်းအရာများကို မျက်ခြေမပြတ် လေ့လာဆင်ခြင်သင့်သည်။

ပြည်သူတွေကို သွေးခွဲနေပြီလော

ပြည်သူတွေကို သွေးခွဲနေပြီလားဆိုသည့်အချက်မှာ အင်မတန်မှ အရေးကြီးလှသည်။

ယခုအခါ မန္တလေးကိုယ်စားပြုဆိုပြီး Yadanarbon FC၊ ရန်ကုန်ကိုယ်စားပြုဆိုပြီး Yangon United၊ မြစ်ဝကျွန်းပေါ်ဒေသကိုယ်စားပြုဆိုပြီး Delta United အစရှိသဖြင့် အသင်းများ ဖွဲ့စည်း တည်ထောင်ထားသော်လည်း အမှန်တကယ်တမ်း ထိုထိုဘောကလပ်အသင်းများနှင့် ပါဝင်သည့် ကစားသမားများသည် သူတို့ကိုယ်စားပြုသည့် တိုင်း/ပြည်နယ်များကို အမှန်တကယ်ကိုယ်စားပြုပါ၏လော။ ရှေးတုန်းက ကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများမှ အသင်းများလောက် ကိုယ့်နယ်များကို အမှန်အတိုင်း ကိုယ်စားပြုပါ၏လော။

မကြာမီ (၂၃၊ ၉၊ ၀၀၉) က မန္တလေးမြို့၊ ဗထူးကွင်း၌ Yadanarbon FC နှင့် Delta United တို့၏ ဘောလုံးပွဲ(ပူးတွဲပါဓာတ်ပုံ)အပြီး ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဆူပူသောင်းကျန်းမှုများက ပြည်သူတွေကို သွေးခွဲနေပြီလော ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေပါသည်။ အရင်က တစ်တိုင်းနှင့် တစ်တိုင်း၊ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အခင်အမင်မပျက် တည်ငြိမ်သွေးစည်းနေခဲ့သည်ကို ယခုလို MNL ဘောလုံးပြိုင်ပွဲများနှင့် ရန်တိုက်၊ သွေးခွဲပစ်လိုက်သည့်သဘောပင်။ စစ်အဆိုးရအနေနှင့် ယခုကဲ့သို့ ဘောလုံးပွဲများကို အသုံးပြုပြီး ပြည်သူများကို ရန်တိုက်၊ သွေးခွဲထားလိုက်ခြင်းအားဖြင့် ၁၉၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ စက်တင်ဘာအရေးအခင်းလိုမျိုး ပြည်သူအများ၏ သွေးစည်းညီညွတ်စွာလှုပ်ရှားလာနိုင်မှုများ နောက်ထပ်ဖြစ်မလာနိုင်ဟု ထင်ထားပုံရသည်။

ပြည်သူတွေကို အာရုံပြောင်းနေပြီလော

ထိုအချက်မှာလည်း ထင်သာမြင်သာရှိသည်။

စစ်အဆိုးရ၏ မကောင်းမှုများကို အလေးဂရုမပြုနိုင်တော့ဘဲ ပြည်သူအားလုံး ဘောလုံးပြီးရင်း ဘောလုံးဖြစ်နေအောင် အာရုံပြောင်းလိုက်သည့်သဘော။

သေချာကြည့်လျှင် သိနိုင်သည်။

ယခုအခါ စစ်အဆိုးရသည် ဗမာပြည်သူ၊ ပြည်သားများအား စားဝတ်နေရေးကြပ်တည်းမှု၊ တစ်လုံး-နှစ်လုံး-သုံးလုံး လောင်းကစားမှု၊ နိုင်ငံခြားဘောလုံးပွဲ၊ ပြည်တွင်းဘောလုံးပွဲ၊ အရက်-ဘီယာ-မူးယစ်ဆေးဝါး-စင်တင်တေးဂီတ-ကာမရောင်းဝယ်ဖောက်ကားရေး-လူကုန်ကူးမှု-မှောင်ခို-လာဘ်စားခြင်း အစရှိသည်များ အကြား  ညှပ်ပူညှပ်ပိတ် ပိတ်မိနေအောင် ပြုလုပ်ရက်စက်နေပေပြီ။ မှိုင်းတိုက်နေပေပြီ။

စစ်အဆိုးရသည် သူတို့၏ မကောင်းမှု၊ ယုတ်မာမှုများအတွက် ပြည်သူများဘက်က စွဲချက်တင်၊ ရှုံ့ချ၊ ဆန္ဒထုတ်ဖော်လာမည့်အာရုံကို အခြားတစ်ဖက်သို့  ပြောင်းဖို့ အစဉ်တစိုက်ကြိုးစားနေသည်မှာ သိသာလှပေသည်။ MNL ဘောလုံးပွဲများသည် အာရုံပြောင်းကိရိယာများထဲက တစ်ခုအပါအ၀င်ပေလော။

ပြည်သူတွေကို လှည့်ဖြားရိုက်စားနေပြီလော

၎င်းအချက်မှာ စေ့စေ့တွေးလေ ရေးရေးမကဘဲ ပြုးပြူးကြီး ပေါ်လာလေပင်ဖြစ်သည်။

MNL ဘောလုံးကလပ်များကို တည်ထောင်ထားသည့် စစ်အဆိုးရအလိုတော်ရိ လုပ်ငန်းရှင်ဆိုသူများသည် သူတို့၏ တရားမ၀င်၊ ရိုက်စား၊ လှည့်ဖြား၊ စစ်အဆိုးရဖက်စပ်စီးပွားရေးလုပ်ငန်းများကို ပြည်သူအများ သတိမထားမိအောင် ဘောလုံးနှင့် အချိုသကာဖုံးလိုက်ခြင်း၊ ဘောလုံးနှင့် ပြည်သူများကို အချိုသတ်လိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ဘောလုံးကို ဗန်းပြပြီး အခြားတစ်ဖက်က တရားမ၀င်အခြားစီးပွားရေးလုပ်ငန်းများကို စစ်အဆိုးရနှင့် ပင်းကာ ပိုမိုရိုက်စားလုပ်တော့မည်မှာ အသေအချာပင်။

ဘောလုံးပွဲများ ကျင်းပပေးသဖြင့် ကျေးဇူးရှင်ကြီးများဟုပင် ပြည်သူတွေက ထင်ကြလိမ့်ဦးမည်။ တကယ်တော့ ၀က်ဆီဖြင့် ၀က်သားကိုပြန်ကြော်ပြနေခြင်းပင်။ ပြည်သူတွေဆီက မတရားလှည့်ဖြားရိုက်စားလုပ်ယူထားသည့် ငွေကြေးတွေနှင့် (တစ်နည်းအားဖြင့်) ပြည်သူပိုင် ဘဏ္ဍာ ဥစ္စာ သယံဇာတများကို မှောင်ခိုလုပ်စား၊ ဈေးတင်အမြတ်ကြီးစား၊ အခွန်ရှောင်၍ ရရှိထားသည့် ငွေကြေးတွေနှင့် ယခုလို MNL ဘောလုံးပြိုင်ပွဲများကို စစ်အဆိုးရနှင့် စစ်အဆိုးရအလိုတော်ရိများက ကျင်းပပေးနေခြင်း ဖြစ်ပေသည်။

ဤစာကို နိဂုံးချုပ်ရလျှင်

ရိုးသားသည့် သမာအာဇီဝ ပြည်သူများအနေဖြင့် စစ်အဆိုးရနှင့် သူ့အလိုတော်ရိများ၏ မာယာအချိုသုတ်လိမ်းထားသည့် ခြေလှမ်းများ၊ လုပ်ကွက်များကို မျက်ခြေမပြတ် စောင့်ကြည့်-စစ်ဆေး-ဆင်ခြင်-သုံးသပ်-အကဲခတ်-ဖော်ထုတ်ရန်လိုအပ်သည်။ ဘောလုံးဆိုတိုင်း အရမ်းလိုက်မလုံးမိဖို့ လိုအပ်သည်။ လုံးရင်း၊ လုံးရင်းနှင့် လုံးခြာလည် လိုက်သွားနိုင်သည့် အဖြစ်တွေ ဒုနှင့်ဒေးရှိကြောင်း ပြည်သူအပေါင်းတို့သိထားရန် လိုအပ်ပါတော့သည်။         ။

ညိုကြီး
(၁၊ အောက်တိုဘာ၊ ၀၀၉)

စကားအချပ်ပို။   ။

အထူးတလည် စုဆောင်းစရာမလိုဘဲ စုဝေးတတ်သော လူစုလူဝေးကြီးများကို ဘောလုံးပွဲများတွင် တွေ့ရလေ့ရှိရာ ဘောလုံးပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒပြပွဲကြီးတစ်ရပ်ဖြစ်ပွားလာအောင် ဘောပွဲကြည့်လာပြည်သူများအနေနှင့် ကြိုးစားသင့်ပါကြောင်း အကြံကောင်း ပေးအပ်ပါသည်။ ဆဲဆိုသည့်အသံများအစား တောင်းဆိုသည့် အသံများကို ပြိုင်တူဟစ်ကြွေးကြပါစို့။

--------------------------------------------------------------------------------

29 September 2009

BEWARE OF MILITARY DOGS in MYANMAR!

သတိ ခွေးကိုက်တတ်သည်
(Dr Che Burma)

စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။

နှစ်ကြီးနိုင်ငံရေးအကျဉ်းကျဟော
င်းအနည်းငယ်မျှကိုသာ
ခေတ္တလွှတ်ပေးလိုက်ပြီး
ထောင်လူလဲလှယ်ရေး အစီအစဉ်အရ
တော်လှန်လူသစ်များစွာကို ဆက်လက်ဖမ်းဆီးလျက်ရှိပါသည် ။

စက်တင်ဘာကို ကြောက်၍သော်လည်းကောင်း
၂၀၁၀ မတိုင်ခင် ရှင်းလင်းသုတ်သင်ထားသည့် အနေနှင့်လည်းကောင်း
ပြည်သူ့အရေးတက်ကြွလှုပ်ရှားတတ်သူများစွာကို
စစ်အဆိုးရ ထောက်ခွေးများက
အတင်းကာရော ပိုးစိုးပက်စက် လိုက်လံ ဖမ်းဆီးလျက်ရှိပါသည် ။

ယခုကာလအတွင်း
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး အစရှိသဖြင့်မြို့များမှ
တော်လှန် တက်ကြွ မှန်ကန် လူငယ်/လတ်/ကြီးများစွာ
မတရားဘဲ အဖမ်းခံခဲ့ရပြီး ဖြစ်ပါသည်
အချို့တော်လှန်လူများမှာလည်း ပုန်းလျှိုး/ကွယ်လျှိုး/ပြေးလျှိုးနေ- နေရလျက်ရှိပါသည် ။

ထိုသည့်အခိုက် လက်ရှိတော်လှန်ရေးဒီရေမှာကား
ပြည်တွင်း/ပြည်ပ  အခြေအနေမကောင်းလှပါ
ပြည်ပမှာလည်း တကွဲတပြား
ပြည်တွင်းမှာလည်း တကွဲတပြား
ပွဲလန့်စဉ် ဖျာယူပြေးချင်သူများလည်း ပေါလွန်းလာပါသည် ။

ပထမ/ဒုတိယ/တတိယအုပ်စု အစရှိသဖြင့်
ဘာအုပ်စု၊ ညာအုပ်စုများ
ဗမာ့နိုင်ငံရေးလောကအတွင်း ပေါ်ထွန်းနေပြီဟုလည်း
ထူးဆန်းစွာ ကြားသိရပါသေးသည် ။

အမှန်တကယ်တမ်း ဗမာ့နိုင်ငံရေးလောကတွင်
စစ်ခွေးနှင့် လူကောင်းဟူ၍
ရှင်းရှင်းလင်းလင်း နှစ်မျိုးနှစ်စားသာ ခွဲခြားမြင်ရပါသည်
ကျေးဇူးပြု၍ ဟိုလိုဒီလိုမလုပ်ဘဲ
မေးခွန်းနှစ်ခုအနက် အဖြေတစ်ခုကိုသာ ရွေးစေလိုသည်
သင်သည်
၁။ စစ်ခွေးအာဏာရှင်စနစ်ထောက်ခံသူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်ခံသည်)
၂။ စစ်ခွေးအာဏာရှင်စနစ်ဆန့်ကျင်သူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်မခံပါ)
စူးစမ်း၊ ကျော်ဝင်းနှင့် အခြားရွေးကောက်ပွဲဝင်/ထောက်ခံအုပ်စုတွေလိုတော့
ဝါးတားတား ရူးတူးတူး ယောင်တောင်တောင် သွားရေတမြားမြားလုပ်မနေပါနှင့်
အမှန်ကိုသာ စိတ်ထဲပါသည့်အတိုင်းဖြေပါလေ
ပြတ်သားရမည့်အချိန်ကား နီးသထက်နီးလာပြီ ။

ဒါနဲ့ စကားမပြတ်
ထပ်၍ သတိပေးချင်ပါသေးသည်
စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။        ။

ဒေါက်တာချေဗားမား
(၂၈၊ စက်တင်ဘာ၊ ၀၀၉)

27 September 2009

HANTHAWADDY

၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟံသာဝတီသတင်းဌာန ကို ဖွင့်လှစ်လိုက်ကြောင်း အကြောင်းကြားခြင်း

သို့

နယ်ပယ်အသီးသီးမှ မိတ်ဆွေများရှင့်

၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဟံသာဝတီသတင်းဌာနကို ဖွင့်လှစ်လိုက်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
 ကျွန်မတို့ ဟံသာဝတီသတင်းဌာနသို့
အယ်ဒီတာထံ ပေးစာအပါအ၀င်
သတင်း၊ ဆောင်းပါး (ဝေဖန်ချက်၊ ထင်မြင်ချက်) ကဗျာ၊ ဓါတ်ပုံ၊ ဗွီဒီယို ၊ ဟာသ ကာတွန်းများ ပေးပို့ကြပါရန်
ဖိတ်ခေါ်အပ်ပါသည်။
ပေးပို့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဆက်သွယ်ရန်

info.hanthawaddy@gmail.com
editor.hanthawaddy@gmail.com

www.hanthawaddy.org