19 November 2009

At Least 6 Men From Yadanabon Newspaper Were Arrested After Word Game

ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ



(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ထုတ် မန္တလေးအခြေစိုက် ရတနာပုံသတင်းစာ၌ " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟူသော နှိုးဆော်စာ ပါရှိလာရာ ယခုအခါ ရတနာပုံသတင်းစာမှ တာဝန်ရှိသူ (၆)ဦးထက် မနည်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ဆေးခြင်းခံနေရကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ ကြားသိရသည်။

ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်(Proofread) အရာရှိ  ဦးခင်မောင်စိုးနှင့် ကွန်ပျူတာစာစီခန်းမှ ကွန်ပျူတာသမားအပါအ၀င် (၆)ဦးခန့်မှာ ဖမ်းဆီး၊ နှိပ်စက်၊ စစ်ဆေးခြင်းခံနေရကြောင်းသိရသည်။ (ထပ်မံကြားသိရနိုင်သည့် ရတနာပုံသတင်းများကို အလျဉ်းသင့်လျှင် ဆက်လက် တင်ဆက်သွားပါဦးမည်။)

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) ရတနာပုံသတင်းစာ၌ " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ပါပြီးကတည်းက ရတနာပုံသတင်းစာမှ တာဝန်ရှိသူ အဆိုပါ (၆)ဦးထက် မနည်းကို ဖမ်းဆီးထားရာ ယနေ့အချိန်ထိ ထိုအဖမ်းဆီးခံများမှာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းလည်း မသိရသေး၊ ဘာလုပ်ခံထားရမှန်း (သေသလား/ရှင်သလား)လည်း မသိရသေးသဖြင့် အဖမ်းဆီးခံများ၏ မိသားစုများမှာ အလွန်တရာ တုန်လှုပ်၊ စိုးရိမ်၊ ဒေါသထွက်နေရကြောင်းလည်း နောက်ဆက်တွဲ ကြားသိရပါသည်။

ညိုကြီး

နောက်ဆက်တိုး

လက်ရှိ မန္တလေးမြို့မှ ရတနာပုံသတင်းစာမှာ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လက်အောက်ခံ ပြည်သူ့ဆက်ဆံရေးတပ်က စီမံခန့်ခွဲချုပ်ကိုင်နေသော သတင်းစာဖြစ်ကြောင်း၊
သတင်းစာတိုက်တွင်
စစ်တပ်အဖွဲ့ဝင်များလည်း ၀င်ရောက်လုပ်ကိုင်နေကြောင်း နောက်ဆက်တွဲ၏ နောက်ဆက်တိုးအဖြစ် သိရှိရကြောင်းပါ။

-----------------------------------------------------------------
ဆက်စပ်သတင်း




စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

15 November 2009

Mandalay Yadanabon Newspaper Said, " To Get Democracy, Let's Protest"

စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့

" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ်  ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)


ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ " ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။


နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် -
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
-----------------------


မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့ 
" ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)