အရှင်ရာဟုလာ
ဘုရားရှင်ရဲ့ သံဃာ့အဖွဲ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော်အောင် ရှည်ကြာခဲ့ပါပြီ။ ဒီလို အရှည်တည်နိုင်ခြင်းရဲ့ အကြောင်းအရင်း၊ အသက်ဟာ "၀ိနည်း" ဆိုတဲ့ စည်းကမ်း ဥပဒေဘဲ ဖြစ်ပါတယ်။
ဝိနည်းတော်ဟာ သာသနာတော်ရဲ့ အသက်ပါ (၀ိနယော နာမ သာသနဿ အာယု)။ သာသနာရဲ့ အသက်ဖြစ်တဲ့အတွက် ၀ိနည်းတရားတော်ကို သံဃာတော်တွေက ဆောင်ထားရတာပါ။ ထို့ကြောင့်ပဲ သာသနာတော်ရဲ့အသက်ဟာ သံဃာတော်တွေပဲ ဖြစ်ပါတယ်။ ဒီလို သံဃာတော်တွေဟာ ပဓာနကျ နေတဲ့အတွက် ဘုရားရှင်လက်ထက်ကတည်းက ၀ိနည်းတရားတော်တွေကို သင်ခြင်း၊ ကျင့်ခြင်း (သိက္ခာကရဏီယ) တွေကို အားထုတ်ခဲ့ကြတာပါ။
ရှေးဦးစွာ ၀ိနည်းတော်တွေကို သိဖို့အတွက်၊ နားလည်ဖို့အတွက် သင်ယူရပါတယ်။ ဘုရားရှင်ဟာ ၀ိနည်းတရားတော်တွေကို ဘာကြောင့်ပညတ်တယ်၊ ဘယ်နေရာမှာ ပညတ်တယ် စတာတွေကို အကြောင်း ၀တ္ထုတွေနဲ့ အကျယ်တ၀င့် ဟောခဲ့တာတောင်မှ ၀ိနည်းစည်းကမ်းတွေကို မြတ်နိုးတော်မူကြကုန်သော သီလ၊ သမာဓိ၊ ပညာ အဖက်ဖက်က ပြည့်စုံကြတဲ့ ဆရာတော်တွေက အဋ္ဌကထာကျမ်းတော်တွေ၊ ဋီကာကျမ်းတွေကို ရေးသားခဲ့ကြပါတယ်။
ဘယ်အရာမဆို နားလည်မှ မြတ်နိုးခြင်း၊ လက်ခံခြင်း၊ ကျင့်သုံးခြင်း ဆိုတာကို ဆောင်ရွက် အားထုတ်ကြတာပါ။ နားလည်လက်ခံပြီး လက်တွေ့ကျင့်သုံးခြင်း၊ အသုံးပြုခြင်း မှသည် တိုးတက်ခြင်း စည်ပင်ပြန့်ပွားခြင်းကို သွားရတာပါ။
ဘုရားရှင်ရဲ့ သာသနာတော် ၂၅၀၀ ကျော်သည်အထိ ရှင်သန်နေတာဟာ ၀ိနည်းစည်းကမ်းတွေကို နားလည်အောင် ကြိုးစားကြခြင်း၊ သင်ယူကြခြင်းတို့ဟာ အဓိက ဖြစ်ပါတယ်။ ဒါဟာ ဘုရားရှင်ရဲ့ အဖွဲ့အစည်းပါ။
အဖွဲ့အစည်းရှိပြီဆိုလျှင် စည်းကမ်းဥပဒေဆိုတာ ရှိကြရမြဲ ဖြစ်ပါတယ်။ စည်းကမ်းဥပဒေရှိပြီဆိုလျှင် နားလည်ဖို့ သင်ယူကြ၊ အကျယ်တ၀င့်ရှင်းပြကြ စတာတွေ လုပ်ကြရတာပါ။ ဦးဇင်းတို့ရဲ့ မြန်မာနိုင်ငံကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကို အကျယ်တ၀င့် ရှင်းပြခြင်း၊ သင်ယူကြခြင်း လုံးဝ မရှိကြပါဘူး၊ စာအုပ်တောင် လုံလုံလောက်လောက် ထုတ်မပေးနိုင်ပါဘူး။ ဒီစာအုပ်တွေဟာ တစ်အိမ်တစ်အုပ် ရှိနေရမှာ ဖြစ်ပါတယ်။ ဘယ်သူမှ အလွတ် မကျက်နိုင်ပါဘူး။
ဦးဇင်းတို့ မစိုးရိမ်တိုက်မှာတော့ ကျောင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေကို ကျောက်စာနဲ့ ထုထားပါတယ် (ပါဠိလို)။ အဆောင်တိုင်း အဆောင်တိုင်းမှာ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေကို မှန်ဘောင်ကွပ်ပြီး ချိတ်ဆွဲ ပေးထားပါတယ်။ ဒီ စည်းမျဉ်းတွေဟာ စာသင်သား သံဃာတွေအတွက်ချည်းသာ မဟုတ်ဘဲ၊ နာယက ဆရာတော်ကြီးတွေက အစ လိုက်နာကြရတာပါ။ အပြစ်ပေးခံရတဲ့ စာသင်သား သံဃာတော်တွေဟာ ဥပဒေနဲ့ ညီ မညီ သိနိုင်သလို၊ ဥပဒေနဲ့မညီလျှင် စောဒက တက်လို့ရပါတယ်။
မြန်မာပြည်ရဲ့ စစ်ခေါင်းဆောင်တွေလုပ်ပုံကတော့ ဥပဒေကို ရေးဆွဲပြီးပြီလို့သာ ကြေညာပြီး ချမပြရဲ ရှင်းမပြရဲ ဖြစ်နေတဲ့အပြင် ၀ှက်ထား၊ ဖျောက်ထား၊ မျက်ကွယ်ပြု၊ မမြင်ယောင် ဆောင်ထားပါတယ်။ ဒီလို ဖျောက်ထားပြီး ရှင်းမပြရဲတဲ့ ဥပဒေကို ဗြောင်ကျကျ လိမ်ညာပြီး၊ ခြောက်လှန့်ပြီး ပြည်သူကို အတည်ပြုခိုင်းပါတယ်။ ဒီနည်းနဲ့ ဥပဒေကို ဘယ်သူကျင့်သုံးမလဲ။ ကျင့်သုံးသူ မရှိတဲ့ ဥပဒေနဲ့ နိုင်ငံတော် တိုးတက်ဖို့ ဘယ်လိုများလုပ်ကြမှာလဲ။ စစ်ခေါင်းဆောင်တွေ အတည်ပြုပေးလိုက်တဲ့ မြန်မာဒီမိုကရေစီနိုင်ငံကြီးကတော့ မယုံလျှင် ပုံပြင်လို့သာ မှတ်ကြပေတော့။
ဒီနေ့ ပြည်သူလူထုက အတည်ပြုပေးထားတဲ့ ဥပဒေကို နိုင်ငံရေးသမားမဟုတ်တဲ့ စီးပွါးရေးသမားရဲ့ လက်ထက် ရောက်သွားတဲ့အတွက် ထိုင်း ဒီမိုကရေစီ နိုင်ငံကြီးကတော့ ပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။ နိုင်ငံရေး စီးပွါးရေး လုံခြုံရေး ပညာတွေကို မသင်ခဲ့ရ၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကလည်း နားမလည်တဲ့ စစ်ခေါင်းဆောင်တွေ အတည်ပြုထားတဲ့ အနာဂတ် မြန်မာနိုင်ငံတော်ကြီးကို
အို… အသင်ပြည်သူအားလုံးတို့ စဉ်းစားကြပါကုန်
အို… တက္ကသိုလ်ပညာရှိ ပါမောက္ခဆရာကြီးတို့ စဉ်းစားကြပါကုန်
အို… ကျောင်းသားလူငယ်တို့ စဉ်းစားကြပါကုန်
အို… ကုန်သည်ကြီးများတို့ စဉ်းစားကြပါကုန်
ဆရာတော်ဘုရားကြီးတို့ ဆုံးမကြပါကုန်
ဒီနေရာမှာ ကျေးလက်မှာ တွင်ကျယ်တဲ့ စကားပုံလေးတစ်ခုကို ပြောပြချင်ပါတယ်။ "အရူးဘုံမြှောက် ချီးခြောက်ကောက်စား" ဟူသတည်း။
(2/ December/ 2008)