`` တို့မြို့လေးရဲ့  ရှစ်လေးလုံး ´´
မှန်ထဲမှာ ကိုယ့်ဖာသာကို ပြန်ကြည့်ရင်း
အံကို တင်းတင်းကြိတ်ပြီး
ပုဝါနီစည်းထားတဲ့ မျက်နှာ
နက်ဖန်ဘာဖြစ်မယ်ဆိုတာ
အဲဒီညက
ငါသေချာမသိပါ ။
ကြောက်လည်း ကြောက်ခဲ့
ရဲလည်း ရဲခဲ့
နှလုံးသွေးတွေလည်း ပွက်ပွက်ဆူခဲ့ ။
မနက် ကျောင်းတက်လမ်းမှာ
ခါတိုင်းထက် တိတ်ဆိတ်နေတဲ့ လမ်းမ
ငါ့ အသက်ရှုသံတောင် ငါပြန်ကြားနေရတယ် ။
အဲဒီလမ်းမပေါ်
နေ့လည် ၁၁ နာရီအကျော်မှာ
သမိုင်းဝင်မယ့် တေးသွား
ငါတို့ ကျောင်းသားတွေ
ပြိုင်တူ ဟစ်ကြွေးသံဝေခဲ့မယ်လို့
တွေးလည်း တွေးပေရဲ့
သေတော့မသေချာခဲ့ ။
ဒါပေမဲ့
ငါတို့တွေ ဟစ်ကြွေးခဲ့ကြတယ်
ဘယ်လိုအန္တရာယ် ကြုံမယ်မှန်းမသိဘဲ
ပုဝါနီလေးတွေ စည်းနှောင်ဆဲ
ငါတို့ကျောင်းသားတွေ ရဲခဲ့တယ်။
မိုးသည်းသည်းထဲမှာ
ခြိမ်းခြောက်လာတဲ့ သေနတ်သံ ကျည်သံတွေကို ဖယ်ရှား
မြို့သူမြို့ သားအပေါင်း ခြံရံလို့
တို့မြို့ရဲ့  ရှစ်လေးလုံး အောင်ပွဲသံ
မိုးယံကို ချီခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ဆီကပေါ့ ။ ။
အမည်မသိစာဆို
----------------------------------------
ပေးပို့သူ - ဖိုးရှုပ် (ဒဂုံ အဝေးသင်) Student