26 December 2007

မစိုးရိမ်တိုက်သစ် ကထိန်ပွဲ ပြည်သူတွေ ပါဝင်နွှဲ





လက်ရှိ မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးရာဇာဓမ္မာဘိဝံသ


၁၃၆၉-ခု နတ်တော်လပြည့်နေ့ (၂၄၊ ၁၂၊ ၀၇) တနင်္လာနေ့ နံနက်က သံဃာ အပါး (၂၈၀၀) သီတင်းသုံးနေထိုင်သော မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် မစိုးရိမ် ကျောင်းတိုက် ကျောင်းဒကာများ ကြီးမှူးသော ဥပတ္ထမ္ဘက အဖွဲ့မှ စုပေါင်း မဟာဘုံကထိန် ပွဲကြီး ခင်းကျင်း လှူဒါန်းခဲ့သည်။

ထိုပွဲသည် အကြီးကျယ်ဆုံးသော ကထိန်ပွဲကြီး ဖြစ်ပြီး ပြည်သူ လူထု၏ ညီညွတ်မှုနှင့် စည်းလုံးမှုကို ပြသရာ ရောက်သော လူထု လှုပ်ရှားမှုပွဲကြီဒလည်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ ယင်းပွဲ လက်မခံရန်နှင့် စစ်အဆိုးရ၏ မန္တလေးတိုင်းမှူးမှ မိမိတို့ ခင်းကျင်းမည်ဖြစ်ကြောင်း တိုင်းမှူးမှ လာရောက် လျှောက်ထားသည်ကို မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် ဦးရာဇာဓမ္မာဘိဝံသမှ လုံးဝလက်မခံနိုင်ပါကြောင်း၊ မိမိတို့ ၀ိနည်းဥပဒေအရ ပထမလျှောက်ထားသော ဒကာကိုသာ ဦးစားပေး လက်ခံရမည် ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပယ်ချပြီမှ ယခုလို စည်းလုံးသော ပြည်သူလူထု၏ အလှူကို လက်ခံ ကျင်းပခဲ့ခြင်းဖြစ်သောကြောင့်ပေတည်း။

ထိုစဉ်က ကျွန်ုပ်တို့ သတင်းသမားများမှာ ဆရာတော်၏ ရဲရင့်မှုကိုသာ သတိပြုမိ၍ နာယကချုပ်ဆရာတော်၏ အမြှော်အမြင်ကြီးမှုကို သတိမပြုမိကြပေ။ နောက်အခါ မန္တလေးမြို့၊ အိမ်တော်ရာ ဘုရားအနောက်ဘက် ခင်မကန်ကျောင်းတိုက်၌ မန္တလေးတိုင်းမှူးမှ ယခင် မစိုးရိမ်တိုက်သစ်၌ကဲ့သို့ပင် ယခင် ကထိန်ဒကာကို ဖယ်ရှား၍ တိုင်းမှူးမှ ကထိန်ဝင်ခင်းစဉ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုများကို ခေါင်းဆောင်ပါဝင်သော ရဟန်းငယ်များကို ၀င်ရောက်မွှေနောက်ဖမ်းဆီးသည်ကို ကြားသိရမှသာလျှင် ဆရာတော်၏ အမြှော်အမြင်ကြီးမှုကို လက်ဖျားခါ အံ့ခြီးခဲ့ရပေသည်။ (ကဗျာဆရာ မင်းဆက် (ဦးသုမန)သည် ဤပုံစံမျိုးနှင့်ပင် အဖမ်းခံခဲ့ရသည်။)

ယခု ထိုကြီးကျယ်သော ပြည်သူ့ကထိန်ပွဲကြီး မစိုးရိမ်တိုက်သစ် ဓမ္မမဟိဒ္ဓိ ကျောင်းတော်ကြီး ဒုတိယထပ်၌ နံနက်(၅)နာရီ၊ မိနစ်(၃၀)တွင် သံဃာတော်များအား အာရုံမုန့်ဟင်းခါးဆွမ်း၊ ကော်ဖီမုန့်များ ဆက်ကပ်ခြင်း၊ နံနက်(၈)နာရီ (၃၀)မိနစ်တွင် စာသင်ပြီး၊ ကျမ်းပြီး၊ စာချဆရာတော်များမှ ဓမ္မမဟိဒ္ဓိ အပေါ်ဆုံးထပ်တွင် ပရိတ်အနုမောဒနာတရားများ ချီးမြှောက်ခြင်း၊ နံနက်(၉)နာရီတွင် ဒကာ၊ ဒကာမများနှင့် ပြည်သူလူထုတို့မှ ဆွမ်း၊ သင်္ကန်း၊ ဘောပင်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပြီး ဓမ္မမဟိဒ္ဓိ ဒုတိယထပ်တွင် သံဃာတော်များအားလုံး ဆွမ်းဘုန်းပေးကြသည်။

လာသမျှ ဧည့်ပရိတ်သတ်များနှင့် သီလရှင်ဆရာလေးများကို နံနက်(၉)နာရီမှ (၁၁)နာရီထိ ကျွေးမွေးဧည့်ခံခဲ့သည်။ စုစုပေါင်း အလှူတော်ငွေ ကုန်ကျစရိတ်ပေါင်း သိန်းငါးထောင် ခန့်ရှိမည်ဟု ဥပတ္ထမ္ဘက အဖွဲ့ဝင် ဥပါသကာတစ်ယောက်မှ ပြောကြားသည်။ ထို့ကြောင့် ဤစက်တင်ဘာ သံဃာ့လှုပ်ရှားမှု၌ ခေါင်းဆောင်ပါဝင်ခဲ့သော နာမည်ကြီး ဆရာဒကာ ညီညွတ်မှုနှင့် စည်းလုံးမှုကို ဖော်ထုတ်သော ကထိန်ပွဲကြီး ဖြစ်ပေသည်။

ယမထာ
ဒါတွေက စစ်အဆိုးရဖမ်းဆီးနှိပ်စက်မှာကို ကြောက်လို့ ရွာပြန်ကုန်ကြတဲ့ သံဃာတော်များအတွက်

23 December 2007

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် စုပေါင်း ကထိန်

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကြီးမှာ ပဉ္စမ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အလှူတော် မင်္ဂလာ ကို (၂၄၊ ၁၂၊ ၂၀၀၇) တနင်္လာနေ့ မှာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲတော့မှာပါ။
မန္တလေး စစ်တိုင်းမှူးရဲ့ ကပ်ဖားရပ်ဖား ကထိန်ကို ရဲရဲဝံ့ဝံ့ ငြင်းပယ်ပြီး ပြည်သူတွေရဲ့ တကယ့်အစစ်အမှန် သဒ္ဓါတရားကိုသာ မစိုးရိမ်တိုက်သစ် ဆရာတော်များက လက်ခံပြီး ခင်းကျင်းမယ့် ကထိန်ဖြစ်ပါတယ်။
သံဃာတော် စုစုပေါင်း (၂၈၀၀)ပါးအား ဆက်ကပ်လှူဒါန်းကြမှာ ဖြစ်ပါတယ်။

သတင်း အပြည့်အစုံကို ဆက်လက်ပြီး တင်ပြပေးဖို့ကြိုးစားပါ့မယ်။

ညိုကြီး

22 December 2007

Students and Politics

“ကျောင်းသားနှင့် နိုင်ငံရေး”
နေအဂ္ဂ

ယနေ့ ကျွန်ုပ်တို့ မျိုးဆက်သစ် ကျောင်းသားလူငယ်များကြားတွင် နိုင်ငံရေးနှင့် ပတ်သက်၍ အသိအမြင်နည်းမှု၊ နိုင်ငံရေး၏ သဘောသဘာဝကို နားလည်မှု နည်းပါးနေကြသည်ကို အားမလိုအားမရ ဖြစ်မိသည်။ ဤသည်မှာ ဆန်းတော့ မဆန်းပါ။ ယနေ့ အခါကာလတွင် အုပ်စိုးသူ အာဏာရှင်တို့အနေ ဖြင့် ၄င်းတို့၏ မတရားသဖြင့် နိုင်လိုမင်းထက်ပြုမူမှုများကို ဖုံးဖိနိုင်ရန်၊ ၄င်းတို့၏ မတရားအုပ်စိုးမှု သက်ဆိုးရှည်ရန်အတွက် ကျွန်ုပ်တို့အား စဉ်းစားဆင်ခြင်တွေးခေါ်တတ်လာစေနိုင်သော ပညာရေးမျိုးကို ဖန်တီးမပေးထားပေ။ များပြားလှသော ကျောင်းစရိတ်ကုန်ကျငွေများအတွက် ကျောင်းမြန်မြန်ပြီးရေး၊ ဘွဲ့မြန်မြန်ရရေးကိုသာ ဦးတည်သွားစေသော အလွတ်ကျက်ပညာရေးမျိုးသာ ပေးထားခြင်းသည် အမျိုးသားရေး၊ နိုင်ငံရေး အတွေးအခေါ်နည်းပါးရခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

အုပ်ထိန်းသူ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ နိုင်ငံရေး၌ စိတ်ဝင်စားသွားမည်ကို လွန်စွာ စိုးရိမ်ပူပန်ကြသည်။ ဤအတွက် အုပ်ထိန်းသူ မိဘများအားလည်း အပြစ်မတင်လို။ မိမိတို့၏ သားသမီးက နိုင်ငံရေး စိတ်ပါဝင်စားနေလျှင် သွားပြီ။ ထို့ထက်ကဲ၍ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွနေလျှင် ဘ၀ ပါ ပျက်ပြီ။ အဘယ့်ကြောင့် ကျွန်ုပ် ဤသို့ ဆိုရပါသနည်း။ ရှင်းပါမည်။

ယနေ့ အုပ်စိုးသူ အာဏာရှင်တို့သည် ၄င်းတို့အား တော်လှန်သော နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ (အထူးသဖြင့် ကျောင်းသားလူငယ်များ) အား မတရားသဖြင့် ဖိနှိပ်မည်၊ ဖမ်းဆီးမည်၊ အစစ်အဆေး၊ အမေးအမြန်းမရှိ ထောင်ချမည်။ ကျောင်းသားဖြစ်နေလျှင် ကျောင်းမှ ရာသက်ပန် ထုတ်ပယ်မည်။ ထောင်ချမည်။ ဘယ်ဆီ ဘယ်မှန်းမသိသော တစ်နေရာရာသို့ ပို့လိုက်ကြမည်။ အချိန်တန်၍မှ အိမ်ပြန်မလာလျှင် ကျန်ရစ်သူ မိသားစုအနေဖြင့် မှန်းဆ၍သာ သပိတ်သွပ် အမျှဝေလိုက်ကြ ပေတော့။ ဤမျှ ဆိုးဝါးလှသော ဖြစ်ရပ်အတွက် အဘယ်ကဲ့သို့သော မိဘများက မိမိတို့ သားသမီးအပေါ် အဖြစ်ခံကြမည်နည်း။ ခက်ခဲလှသော စားဝတ်နေရေးကြားမှ ထားပေးရသော ကျောင်းအတွက် မိမိတို့၏ သားသမီးပညာရေး ဆုံးရှုံးစေချင်ကြမည်နည်း။ အနှစ်သာရ ကင်းမဲ့သော်လည်း ရရှိလာမည့် ဘွဲ့တံဆိပ်အတွက် ဂုဏ်ယူချင်ကြပေလိမ့်မည်။ ဤသို့ဤသို့သော အကြောင်း တရားများကို ထောက်၍ ကျွန်ုပ်တို့၏ မိဘများ အမှန်တကယ် ဖြစ်ပျက်နေသော အရှိ၊ အသိများကို မျက်ကွယ်ပြုလိုက်ကြသည်။ အုပ်စိုးသူ အာဏာရှင်တို့ အလိုကျဖို့ မိမိတို့ သားသမီးများကို နိုင်ငံရေးမလုပ်ကြနဲ့ တားမည်။
အထပ်ထပ်သတိပေးမည်။ “ကျောင်းသားနှင့် နိုင်ငံရေး ဘာဆိုင်သနည်း။ ကျောင်းသားပဲ ကိုယ့်စာကိုယ်ဖတ်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊
နိုင်ငံရေးဆိုတာ မင်းတို့နဲ့ မဆိုင်၊ အုပ်ချုပ်သူ(ယခုမူ စစ်ဗိုလ်)တို့နှင့်သာ ဆိုင်သည်” ဟု လေသံတွေ ပစ်ကြမည်။ ဒီလိုနဲ့ မိဘများမှာ
မိမိတို့သားသမီး ဆေးသမားဖြစ်မှာ မပူရ၊ နိုင်ငံရေး သမားဖြစ်ရမှာ ပူပန်နေကြရသည်။ တော်ပါပေတယ်...ကိုရွှေ နအဖ တို့ရယ်။

ကျွန်ုပ်အဘယ့်ကြောင့် ဤမျှလေရှည်နေရသနည်း ဟုဆိုသော် “ကျောင်းသားနှင့် နိုင်ငံရေး ဘာဆိုင်သနည်း” ဟု အပြောခံရတိုင်း
အခံရခက်လှသည်။ ကျွန်ုပ်တို့အား ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိ၊ ဥမမည် စာမမြောက်၊ နှပ်ချေးတွဲလောင်း အဆင့်လောက် အောက်မေ့နေခြင်းကို ရင်ဘတ်ထဲ အပ်နဲ့ဆွသလို နာလှသည်။ ထိုစကားပြောသော ပညာရှိသုခမိန်ကြီးများကို “ကျွန်တော်တို့များ
မအဘူးမှတ်နေသလား”ဟုပင် ပြန်နော့လိုက်ချင်သည်။

ကျွန်ုပ်တို့ မ အ ကြပါ။ ကျွန်ုပ်တို့ မကြောက်တတ်ကြပါ။ ထို့ကြောင့် ရှင်းရှင်းပဲ ဖြေပါမည်။ ကျွန်ုပ်တို့သည် ကျောင်းသားဟု
ခေါ်ဝေါ်နေရသော်လည်း ကျွန်ုပ်တို့အားလုံး လူသားများ စင်စစ်ဖြစ်ကြပါသည်။ သို့အတွက် လူအဖွဲ့အစည်းနှင့် ဆိုင်သော အရေးအားလုံး (နိုင်ငံရေးအပါအ၀င်) ကျွန်ုပ်တို့နှင့် ဆိုင်ပါသည်။ အဘယ်အကြောင်းကြောင့် ကျွန်ုပ်တို့ လူ့အခွင့်အရေးကို အဆုံးရှုံး ခံကြရမည်နည်း။

နိုင်ငံရေး နှင့် ဆိုင်ပုံအကြောင်း ထပ်မံ ရှင်းပြပါဦးမည်။ နိုင်ငံရေး ဟု ဆိုလိုက်သည်နှင့် အများစု မှာ ပါတီများ၊ အာဏာများ၊ အစိုးရအဖွဲ့များကိုသာ ပြေး၍ မြင်လိုက်ကြသည်။်ဤသို့သော ပါတီနိုင်ငံရေးမျိုးကို ကျွန်ုပ်မဆိုလို။ မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်မှုများကို ဖော်ဆောင်သော အမျိုးသားနိုင်ငံရေးမှသည် လူနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်သော ကမ္ဘာ့နိုင်ငံရေးများကို ဆိုလိုပေသည်။ နိုင်ငံရေးဟူသည် မိမိကိုယ်တိုင်နှင့် သူတစ်ပါး တိုးတက်ကောင်းစားရေးအတွက် ကူညီသော လုပ်ဆောင်မှုပင်ဖြစ်သည်။ တစ်စုံတစ်ခုအတွက် ခက်ခဲနေသူအား ကူညီလိုက်ခြင်း(၀ါ) ထမင်းစားစရာမရှိသူအား ထမင်းစားရအောင် ကြံဆောင်ပေးခြင်းသည်ပင် နိုင်ငံရေးဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဟူသည် ရိုးစင်းပါသည်။ ဖြူစင်ပါသည်။ မြင့်မြတ်ပါသည်။ သို့သော် မတရားသဖြင့် အုပ်စိုးလိုသူ အာဏာရူး (ဥပမာ- လက်ရှိမြန်မာပြည် စစ်အဆိုးရ) တို့ကြောင့် နိုင်ငံရေးသည် ညစ်ထေးလာရသည်။ မာယာ ပရိယာယ် ကြွယ်ဝလာရခြင်းဖြစ်သည်။

လူနှင့် လူ့အဖွဲ့အစည်း တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်မှုကို နိုင်ငံရေးဟု ကျွန်ုပ်ဆိုခဲ့ပြီ။ ယနေ့ ကျွန်ုပ်တို့ အပါအ၀င် အများပြည်သူ ကောင်းစားရေးအတွက် ကြီးစွာသော အနှောက်အယှက် အဟန့်အတား ဖြစ်နေသော ကိုယ်ကျိုးရှာ လက်နက်ကိုင် အာဏာရှင်တို့ကို တော်လှန်ရမည်။ အာဏာရှင် အုပ်ချုပ်မှုကို ဖျက်သိမ်း၍ လူ့အဖွဲ့အစည်းကို အမှန်တကယ် ကိုယ်စားပြုသော အုပ်ချုပ်ရေး အဖွဲ့အစည်းမျိုး၊ တရားဥပဒေကြီးစိုးသောသ (မတရားဥပဒေ မဟုတ်) လူ့အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်မှသာလျှင် ကျွန်ုပ်ဆိုခဲ့သော လူနှင့် လူ့အဖွဲ့အစည်းတိုးတက်ကောင်းစားရေး ဟူသော နိုင်ငံရေး ပန်းတိုင်ကို ချီတက်နိုင်ပေလိမ့်မည်။

ထိုအခါ ကျွန်ုပ်တို့ ကျောင်းသားလူငယ်များ မည်သည့် အခန်းကဏ္ဍမှ ပါဝင်ကြမည်နည်း။ ကျရာမှ တက်ကြွစွာ ပါဝင်ကြရပါလိမ့်မည်။ ကျွန်ုပ်၏ ရောင်းရင်းများ၊ ညီအစ်ကို မောင်နှမများ...သွေးကြောင်နေကြပါသလား။ အနှစ်သာရ ကင်းမဲ့သော ဘွဲ့တံဆိပ်အတွက် လက်ရှိပညာရေးကို ဖက်တွယ်နေကြလျှင် ကျွန်ုပ်တို့၏ နောက်မျိုးဆက် (New Generation) များလည်း ဆက်လက်၍ အနှစ်သာရ ကင်းမဲ့သော ဘွဲ့တံဆိပ်များကို ဆက်လက် တပ်ဆင်နေကြရပေလိမ့်မည်။ ခေတ်ဆိုး၊ စနစ်ဆိုး၊ အာဏာရှင်ဆိုးတို့ အုပ်စိုးမှုအောက်၌ ဆက်လက်၍ ဘ၀တွေ ပျက်နေကြရပေလိမ့်မည်။ ထို့ကြောင့် လက်ရှိ ကျွန်ုပ်တို့ တိုက်ပွဲဝင်ရမည်။ ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့ရသော်လည်း နောက်မျိုးဆက်တို့ ကောင်းစားပါလိမ့်မည်။ ဤအတွက် ကျွန်ုပ်တို့ ကျေနပ်နိုင်ပါလိမ့်မည်။

ရောင်းရင်းတို့....
ကျွန်ုပ်တို့ တိုက်ပွဲအတွက် ဓားတွေ၊ ကျည်ဆံတွေ၊ သေနတ်တွေ မလိုပါ။ တစ်ခုတည်းသော လိုအပ်ချက်မှာ ခိုင်မာဇွဲသန်သည့် စိတ်ဓာတ်တည်းဟူသော လက်နက်သာ လိုအပ်ပါသည်။ ကျွန်ုပ်အထက်တွင် မေးခဲ့သော မေးခွန်းများကို ဆင်ခြင်ပြီး စိတ်အားတွေမွေး၍ စိတ်ဓားတွေ သွေးကြပါလော့...။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ် [Photo: AFP] - ဧရာဝတီ အင်တာနက် မဂ္ဂဇင်း

နေအဂ္ဂ
၂၀၊ ၁၂၊ ၂၀၀၇

20 December 2007

ပဒေသရာဇ်စတိုင် ဘောပွဲတစ်ပွဲအကြောင်း

“မန္တလေးမြို့က မကြည့်ချင် ဘောပွဲတစ်ပွဲအကြောင်း”
BLACK


(ဒီရက်ပိုင်း အာဏာရူး သန်းရွှေတစ်ယောက် ပြင်ဦးလွင်မြို့မှာ ဗိုလ်သင်တန်းဆင်းပွဲ တက်ရောက်နေတာ အများအသိပါ။ သူတို့ နအဖ အထက်ပိုင်း ပုဂ္ဂိုလ်တွေဟာ အာဏာကို အလွဲသုံးစား လုပ်ကြတာဟာ အခုတော့ အသိဥာဏ်မကြွယ်ဝသေးတဲ့ ကျောင်းသားလူငယ်များထဲမှာပင် ပြောစရာတွေဖြစ်ကုန်ပါတယ်။ အကြောင်းကတော့ သန်းရွှေရဲ့ မြေးငယ်တစ်ယောက် (နာမည်မသိရ)ဟာ ဘယ်ကဘယ်လို စိတ်ရူးပေါက်ပြီး ဘောလုံးကန်ချင်စိတ်ပေါက်လာသလဲ မပြောတတ်ဘူး။ သူပူဆာလို့ သူ့အဘိုး ဘုရင်ရူး သန်းရွှေက မန္တလေး ဗထူးကွင်းကြီးထဲမှာ ဇွတ်ဘောပွဲတစ်ပွဲ စီစဉ်ကာ သူ့မြေးပါတဲ့အသင်းဘက်ကို ဇွတ်အနိုင်ပေးခိုင်းတဲ့ အကြောင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ ဘောပွဲက (၁၇၊ ဒီဇင်ဘာ၊ ၂၀၀၇) ရက်နေ့မှာ ကျင်းပသွားတာပါဗျာ။ -ညိုကြီး)

ဘုရင်ရူးနှင့် သူ၏ မြေးတော် ဘောရူး

နအဖ ဂိုဏ်းချုပ် သန်းရွှေတစ်ယောက် ပြင်ဦးလွင် DSA သင်တန်း ဆင်းလက်မှတ် ချီးမြှင့်ပွဲသို့ အလာ၌ ၄င်း၏ မြေးတော် (၉)တန်းကျောင်းသား တစ်ယောက်လည်း ပါလာလေ၏။
သန်းရွှေမှာ ဘုရင်ရူး ရူးနေသကဲ့သို့ သူ့မြေးကလေးမှာလည်း ဘောရူး ရူးနေသည်ဟုဆို၏။ ထိုဘောရူးမြေးကလေးမှာ ရှောင်တခင် အားကစားစိတ်ဓာတ်များ ပြင်းထန်လာပြီး သူ့အဘိုးအား ဘောပွဲတစ်ပွဲ ကန်ချင်ကြောင်း ပူဆာရာ သူ့အဘိုး ဘုရင်ရူးကြီး၏ အပါးတော်မြဲများဖြစ်ကြသော နိုင်ရာ၊ နိုင်ရာ အာဏာပိုင်များက မနေသာတော့ဘဲ (၁၇၊ ဒီဇင်ဘာ၊ ၂၀၀၇)ရက်နေ့တွင် မန္တလေး၊ ဗထူးကွင်းကြီးထဲ၌ ဇွတ်ဘောပွဲတစ်ပွဲ စီစဉ်လိုက်ကြောင်း သိရသည်။

ဘောပွဲက တရားမျှတမှု ?

ထိုမြေးတော်ကြောင်သည် မန္တလေးမြို့၊ အထက (၁) အသင်းဘက်မှ ကိုယ်စားပြုကာ ကျောနံပါတ် (၁၄)ဂျာစီဝတ်၍ အထက (၉) အသင်းနှင့် ကစားကြသည်ဆို၏။ ၄င်း ပွဲကို လာရောက်ကြည့်ရှုရန် နီးစပ်ရာ စာသင်ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများကို သမ္မန်စာဆင့်၍ မလာမနေရ လာအားပေးခိုင်းလေ၏။ ထိုပွဲအစီအစဉ်မှာ ပရိသတ်ကျောင်းသား၊ ကျောင်းသူများကို ၄င်း မြေးတော်ကြောင်ပါဝင်သော အထက(၁)အသင်းဘက်မှ ဇွတ်အားပေးခိုင်း၏။
ထို့အပြင် အခြားသတ်မှတ်ထားသော စည်းကမ်းများလည်း ရှိသေး၏။
-ထိုမြေးတော်ကြောင်ထံမှ ဘောလုံးကို ကြမ်းတမ်းစွာ မလုရ၊
-အထက(၁)ဘက်က တိုက်စစ်မှူးကျောင်းသားတစ်ယောက်ယောက်သည် ဂိုးသမားမရှိသော ဂိုးပေါက်ဝသို့ရောက်သည့်တိုင် ကိုယ်တိုင်ဂိုးမသွင်းရ၊
-ထိုမြေးတော်ကြောင်အား ဘောလုံးပေး၍ ဂိုးသွင်းစေရမည်၊
စသော ဘောလုံးစည်းမျဉ်းအသစ်များ ချမှတ်ကာ ပြိုင်ပွဲကို ကျင်းပသည်ဟူ၏။
ပရိသတ်ကျောင်းသားများ၏ အားပေးရပုံမှာလည်း အင်မတန် ထူးဆန်း၏။ အခြား ကျောင်းသားတစ်ဦးဦးက ဂိုးသွင်းလျှင် “ဂိုး” ဟူသော စကားလုံးကို ခပ်တိုးတိုးကလေး အော်ဟစ်ရပြီး သန်းရွှေ၏ မြေးတော်ကြောင်က ဂိုး သွင်းလိုက်လျှင်မူကား “ဂိုး”ဟူသော ထိုစကားလုံးကိုပင် အကျယ်ကြီး သံပြိုင် အော်ဟစ်ရသည် ဆို၏။
ပွဲအပြီးတွင်ကား သန်းရွှေ၏ မြေးတော်ကြောင်ပါဝင်သော အထက(၁)အသင်းက မျက်နှာမွဲ အထက(၉)အသင်းကို (၆-၂)ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူသွားလေသတည်း။

နောက်ဆက်တွဲသတင်း

ထိုဘောပွဲအပြီးနောက်ဆက်တွဲသတင်းအနေနှင့် ထိုဘောပွဲကို ဇွတ်အတင်း လိုက်ပါအားပေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများနှင့် ၄င်းတို့၏ မိဘများမှာ ကျောင်းပျက်၊ ကျူရှင်ပျက်၊ အလုပ်ပျက် ဖြစ်ကြရသဖြင့် ခေါင်းတရမ်းရမ်း၊ တက်တစ်ခေါက်ခေါက်ဖြင့် မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

BLACK

Golden Extra-Time

“ရွှေဝါရောင် အချိန်ပို”
ပင့်ကူ
(http://drlunswe.blogspot.com/ )ကနေ ပုံရယူပါသည်


ပါလက်စတိုင်းတွေအဖို့ လူဟာ လက်နက်တဲ့
ကျုပ်တို့ မြန်မာတွေအတွက်တော့
မေတ္တာတရားဟာ လက်နက်
ဘာပဲပြောပြော
သေနတ်ခေတ်ကုန်ပြီ
ဥာဏ်ပညာ စစ်တလင်းမှာ
လူယဉ်ကျေးတို့ရဲ့ တဘောင်
အစိမ်းကို အ၀ါလွှမ်းမည်
ဘုရားစင်ပေါ်က
ဖက်ဆစ်တွေရဲ့ သေနတ်
ကလေးတွေလက်ထဲက ကစားစရာဖြစ်ရမည်
သေနတ်ခေတ်ကုန်ပြီ
အရာရာကို သေနတ်နဲ့ ဆုံးဖြတ်လို့
မရတော့တဲ့ နေ့တစ်နေ့
ရွှေဝါရောင် ဒုတိယ တော်လှန်ရေး ဇာတ်သိမ်းဟာ
တရားအတိုင်း လာနေပြီ
ငရဲနဲ့ နိဗ္ဗာန်ကို မယုံကြည်သူတွေအတွက်
အန္ဓတွေအတွက်
အောင်ခြင်း(၈)ပါးဟာ လင်းလက်မြဲ လင်းလက်ဆဲ
အဖိနှိပ်ခံ ပြည်သူအားလုံးရဲ့ ကိုယ်စား
ဘုရားရဲ့ ကိုယ်ပွား
ရွှေဝါရောင်သပိတ်
ကျုပ်တို့ မြန်မာလူမျိုးတွေအတွက်
ဒါဟာ- သမိုင်းဝင်လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ရုံမက
ဗုဒ္ဓသာသနာဝင်မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့ရဲ့...
ဝမ်းနည်းစရာ
ဓမ္မနဲ့ အဓမ္မပြိုင်ပွဲ
နာကျင်အချိန်ပို ရောက်နေပါပေါ့....။ ။

ပင့်ကူ

18 December 2007

Silent Leader, Poet " MIN SET "

“ဦးသုမန (၀ါ) အသံတိတ် ခေါင်းဆောင် ကဗျာဆရာ မင်းဆက်”
ယမထာ
မင်းဆက် သည် ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေးတွင် ပြင်းထန်သော ယုံကြည်ချက်ဖြင့် ခေါင်းဆောင် ပါဝင်ခဲ့သော သံဃာတော်တစ်ပါးဖြစ်သည်။

မိမိ၏ အမှန်တရားယုံကြည်ချက်အတွက် တစ်နေ့တစ်နပ်သာ စားရသော ဆွမ်းတစ်နပ်ကိုပင် အငတ်ခံလျက် သံဃာ့လှုပ်ရှားမှုကြီး ထမြောက်အောင်မြင်ရန် မန္တလေးတွင် ဦးဆောင် လှုပ်ရှားခဲ့သည်။

သူသည် အသိဥာဏ် နိုးထစအရွယ်မှ ကြုံတွေ့ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံကြီးကို အသည်းထဲတွင် သံမှိုစွဲသလို စွဲမြဲစွာ မှတ်သား ခံပြင်းခဲ့ပုံကို သူကိုယ်တိုင်ရေး သူ့အတ္ထုပ္ပတ္တိ ကဗျာ ရှည်တွင် မျက်ရည်ဖြင့် ကမ္ဗည်းထိုး မှတ်တမ်းတင်ခဲ့သည်။

ပခုက္ကူ၊ ရန်ကုန်မြို့တို့တွင် ရွှေဝါရောင် မေတ္တာသုတ် သပိတ်တိုက်ပွဲများ ပေါ်ပေါက်လာသောအခါ မန္တလေးတွင် အလားတူ သပိတ်များ ပေါ်ပေါက်ရန် မဆုတ်မနစ် လုံ့လထုတ် ကြိုးပမ်းခဲ့သည်။

ထိုင်းနိုင်ငံထုတ် ဥတ္တမ ဂျာနယ်တို့တွင်လည်း နိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သော ကဗျာတို့ကို ရေးဖွဲ့ကူညီ အားပေးခဲ့သည်။

ယခုအခါ စစ်အဆိုးရ၏ ရက်စက်ယုတ်မာမှုတို့ကို ဖွင့်ချသော စာရွက်စာတမ်း ပြည်သူလူထုကြား ဖြန့်ဝေမှုဖြင့် စစ်ခွေးတို့၏ ရက်စက်စွာ ကိုက်ခဲမှုကို ခံယူတောင့်ခံရင်း မန္တလေး အိုးဘိုထောင်တွင် ထောင်နန်းစံ နေရရှာပေပြီ။

၎င်း မင်းဆက် ကား မိမိ အမှန်တရားအတွက် မဆုတ်မနစ် ဖော်ထုတ်ဝံ့သော အသံတိတ် သံမဏိ သူရဲကောင်း ပါပေတည်း။

ယမထာ

(ထို ကဗျာဆရာ မင်းဆက် (ဦးသုမန) သည် လက်ရှိ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှ အဖမ်းဆီးခံ သံဃာ (၆၀)ခန့် တွင် တစ်ပါးအပါအ၀င်ဖြစ်သည်။ ယခုအခါ ထောင်ဝင်စာ တွေ့ဖို့ရန် အခက်အခဲများစွာ ရှိနေသဖြင့် ထို သံဃာတော်များ၏ အခြေအနေများကို ဂဃနဏ မသိရှိရသေးကြောင်း သိရသည်။ - ညိုကြီး)

---------------------------------------------------------------------------

(ထို အဖမ်းဆီးခံ ကဗျာဆရာ မင်းဆက် (ဦးသုမန) ၏ ကဗျာတစ်ပုဒ်အား ဖော်ပြအပ်ပါသည်)

“၈၄-လမ်း လို့ ခေါ်လို့ ရမလား”
မင်းဆက်
(above picture taken from www.dpsmap.com)


ခေါင်းပေါ်က နှင်းဆီဝါလေး ပြုတ်ကျတာ မြင်ရတော့
ကျွန်တော် ၀မ်းနည်းရမှန်း သိနေသလို၊ ဒါလည်း မသေချာ
သေချာတာက ပူလောင်သူအတွက်ဆို
ရေအေးလေးတစ်ခွက်ဟာ ငါးဆယ်ကျပ်တဲ့၊ နောက်ပြီး
ဖရဲသီးစိပ်၊ နာနတ်သီးစိပ်၊ မြေပဲပြုတ် စသဖြင့်ပေါ့
ဈေးကွက် မြှင့်တင်ရေးလို မြို့ကို ပြတဲ့ လမ်းမပေါ် လမ်းလျှောက်လို့
မယုံကြည့်နေ ဟိုရှောက် ဒီရှောက်
မယုံ မရှိနဲ့ ဒီနားတ၀ိုက်မှာနေတဲ့ ရှောက်သီးတွေပဲ ဆိုတာ
တစ်ခုခုနဲ့ တေ့တေ့ဆိုင်ဆိုင် အခုတော့---
ရွှေဆိုင်နဲ့ အပေါင်ဆိုင်ကြားက ဘ၀တွေ ဘ၀တွေ
အောင်မြင်လာတဲ့တစ်နေ့ အဲဒီလမ်းနာမည် အကုန်ဝယ်လို့ရတယ်
ဒါပေမဲ့ အခုတော့ ခြေတစ်ပျက်လို မတ်တပ်ရပ်
အိုးမဲ့ အိမ်မဲ့တွေလို နေထိုင်၊ နောက်တစ်ခါ စစ်မီး အကြွင်းတွေလို
သက်ပြင်းတွေကို အကြိမ်ပေါင်းမြောက်များစွာ ခါထုတ်
ဟုတ်မှ ဟုတ်ပါ့မလား ကိုယ့်လူတို့
လမ်းဖယ်ပေးစမ်းပါ ခဏလေးအတွင်းမှာပဲ ဖြစ်ဖြစ်
နောက်ထပ် ပျင်းစရာတွေ လာတော့မယ်ဆိုတာ၊ ထီဆိုင်နဲ့
စတိုးဆိုင်နဲ့၊ ဘဏ်တိုက်နဲ့၊ စာအုပ်တိုက်နဲ့
တစ်ခုခုနဲ့ ၀င်တိုက်မိမလို ဖြစ်ရတဲ့အကြောင်း၊ အကြောင်းမျိုးစုံနဲ့
နောက်ထပ်လူတစ်ယောက်၊ နောက်ထပ် သမိုင်းသစ်တွေ ထမ်းလို့
နောက်ထပ်လူတစ်ယောက် ဘာဖြစ်မယ် ထင်သလဲ
ရာသီဥတုက နေနဲ့ည မကွဲပြားတော့ မလည်မ၀ယ်
ငွေရေး ကြေးရေး ချို့တဲ့သူတွေရယ်
လူမှုရေး စားဝတ်နေရေး အဆင်မပြေသူတွေရယ်
ဟုတ်တယ်၊ အတူနေတော့လည်း တဂျက်ဂျက်ပဲတဲ့
ကားဘရိတ်အုပ်သံ၊ လမ်းကို အလျှားလိုက် ဆွဲခေါ်သွားတဲ့ သံတိုသံရှည်
အဲဒါလည်း အလန့်တကြားတွေပါပဲ
ကြာရင် လန့်ဖျား ဖျားရတော့မယ်၊ အဆောက်အုံများ
ကြော်ငြာ ဆိုင်းဘုတ်များ ဟိုမှာ ရောဂါဘယ တစ်ခုလို ချောင်းမြောင်းလို့
ဘယ်လိုလဲ နေ့ရှိသ၍ ပူပူနွေးနွေး အပူငွေ့တွေနဲ့
ကျွန်တော်ဘယ်သူလဲဆိုတာ၊ အဲဒါလည်း မသေချာ၊ လူကို ချာချာလည်အောင်
ဟိုနားခဏတဖြုတ် ဒီနားခဏတဖြုတ်ဆိုပြီး၊ ဆိုပြီးတော့
ဖြုတ်ကောင်တွေလို လမ်းလျှောက်ရင်း တဖြုတ်ဖြုတ်ကြွေနေတဲ့လမ်း
ရှစ်ဆယ့်လေးလမ်းလို့ ခေါ်လို့ရမလား။ ။

မင်းဆက်

နေရပ်လိပ်စာ (အဖမ်းမခံရခင်က)
--------------------------

မင်းဆက်
ဦးသုမန (၉/မဟမ (သ) ၀၀၁၈၂၈)
သဒ္ဓမ္မပါလ ဆွမ်းစားဆောင်
လေသာကျောင်းတိုက်
၃၈+၈၉ လမ်းထောင့်
မန္တလေး

16 December 2007

ကဗျာဆရာများ၏ အခါတော်ပေး သ၀ဏ်

“ပြည်သူလူထုသို့ ကဗျာဆရာများ၏ အခါတော်ပေး သ၀ဏ်”
ယမထာ


ကျွန်ုပ်တို့ ပြည်တော်ဝင်ချိန်နီးပါပြီ။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲတွင် ဘယ်ခေတ် ဘယ်အချိန်နဲ့ပင်ဖြစ်ပစေ။ ဓမ္မကသာလျှင် မုချ အောင်ပွဲခံရမည်ဖြစ်ပါသည်။
ပြီးခဲ့သော နိုဝင်ဘာ ၂၉ ရက်နေ့က အမေလူထု ဒေါ်အမာ မွေးနေ့တွင် ကျွန်ုပ်တို့ ကဗျာဆရာများသည် မိမိတို့ ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပုံကို ပြည်သူလူထုကြီး အသိပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့ လုပ်ခဲ့သော အလုပ်မှာ အမှန်တရား ဘက်တော်သားတစ်ယောက်၏ ပေးပို့လိုသော ရင်တွင်းခံစားချက်ကို သူသိစေလိုသော အမှန်တရား အမေ့ထံ အရောက်ပေးပို့ပေးယုံ ၀န်ဆောင်မှုလေးသာ ဖြစ်သည်။ ဘာမျှ မပြောပမလောက်။
သို့သော် တစ်စိတ်ကို တစ်အိတ်လုပ်တတ်ကြသော စစ်ခွေးတို့၏ ထုံးစံအတိုင်း ကျွန်ုပ်တို့ ရိုးသားသော အမှန်တရားလိုလားသော ကဗျာဆရာများကို ထိုစစ်ခွေးများက လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြ၏။

မပူပါနှင့် ပြည်သူလူထုကြီးခင်ဗျား။

ယခုအခါ၌ အမှန်တရား ဘက်တော်သားများသည် ပုန်းအောင်း တိမ်းရှောင်နေကြရ၏။ ရဟန်း၊ သံဃာတော်များလည်း မိမိတို့ တရား၊ ဘာဝနာ စီးဖြန်းရာ ကျောင်းသင်္ခမ်းများကို စွန့်ခွာ၍ တိမ်းရှောင်နေကြရ၏။ သို့သော် ဓမ္မဘက်တော်သားများ တိမ်းရှောင်နေရခြင်းသည် ယာယီအခိုက်အတန့်မျှသာတည်း။

မည်မျှပင် ပုန်းအောင်းတိမ်းရှောင်နေသည်ဖြစ်ပစေ၊ ကောင်းကင်မှာပဲ ပုန်းရှောင်ရှောင်၊ ရေထဲမှာပင် ငုပ်ရှောင်ရှောင်၊ ဂူထဲမှာပင် အောင်းရှောင်ရှောင်၊ အမှန်တရားတို့ရှိသည့်နေရာသို့ “အောင်ပွဲသည်” တွေ့အောင်ရှာ၍ ဆိုက်ရောက်လာမည်မှာ မုချ ဖြစ်ပေသည်။

ထိုအောင်ပွဲကို ကြိုဆိုရန် ပြည်သူလူထုကြီးသည် စိတ်ဓာတ်ကို ကြံ့ကြံ့ခံ၍ စောင့်ဆိုင်းနေပါရန် အောက်ပါ ကဗျာဖြင့် တိုက်တွန်း ဆော်သြော်လိုက်ရပါသည်။

ဓမ္မဘက်တော်သားများ မုချ အောင်ပွဲ ခံရမည်။

စစ်ဓနရှင်ဝါဒ ကျဆုံးပါစေ။
-------------------------------------------------------------------------------------

“ဆောင်းပြပွဲ”

မသေချာမှု တစ်ခုက
မသေချာမှု တစ်ခုပေါ်ပြိုလဲ
နောက်ထပ်မသေချာမှုတွေ
တစ်သီတစ်တန်းကြီး ထွက်ကျလာ။

အမှောင်ထဲမှာ အရုပ်မရှာပါနဲ့
ရှုခင်းတွေက ရှိပြီးသား
မင်းလိုအပ်တာ အလင်းရောင်။

ဖွင့်ပါ
ပြတင်းပေါက်ကို
ရဲရဲဖွင့်ပါ...
ဒီရာသီမှာ
ပန်းသစ် မပွင့်ချင် နေပါစေ
ပေါက်ပြီးသစ်ပင်တွေ မသေဖို့နဲ့
ပွင့်ပြီးပန်းတွေ မကြွေဖို့
ဂရုစိုက်... ။ ။

ယမထာ

15 December 2007

MYANMAR means MILITARY ?

မြန်မာပြည်က အစိမ်းရောင်

(ဗိုလ်အလောင်းအလျာများ လမ်းသလားနေပုံ)


အစိမ
်းရောင်တွေ သိပ်များလွန်းတယ်ကွယ်...
-အဆောက်အဦးတွေက...စိမ်း
-ဆေးဆရာက...စိမ်း
-သင်္ဘောမောင်း...စိမ်း
-လေယာဉ်မောင်း...စိမ်း
-ရုံးလောကလည်း...စိမ်း
-နိုင်ငံရပ်ခြားသွားရတော့လည်း...စိမ်း
-အရာရှိတွေလည်း...စိမ်း
-မွေးနေ့ကြော်ငြာထဲလည်း...စိမ်း
-နာရေးကြော်ငြာလည်း...စိမ်း
-Chatting ထဲတောင်လိုက်ပြီး...စိမ်း
-တစ်အိမ်တစ်ယောက်လိုက်ပြီး...စိမ်း
-မိသားစုတိုင်းလိုက်ပြီး...စိမ်း
-ကောင်မလေးတွေကလည်း...(သည်းသည်းလှုပ်)စိမ်း
အစိမ်းရောင်မှ စည်းကမ်းရှိ နည်းလမ်းသိသတဲ့...
အစိမ်းရောင်မှ ဘ၀အာမခံချက်ရှိသတဲ့...
အစိမ်းရောင်မှ ဂုဏ်တက်သတဲ့...
အစိမ်းရောင်နဲ့ဆို အကြောက်တရားကင်းသတဲ့...
အစိမ်းရောင်နဲ့ဆို လက်မထောင်နိုင်သတဲ့...
အစိမ်းရောင်နဲ့ဆို မွဲခြင်းတရားကင်းသတဲ့...
အစိမ်းရောင်သာ မသေသောအရောင်တဲ့...
အစိမ်းရောင်သာ အောင်မြင်သောအရောင်တဲ့...
အစိမ်းရောင်သာ အားလုံးအထက်က အရောင်တဲ့...
မှားယွင်းနေတဲ့ အစိမ်းရောင်တောင် မှန်တဲ့ အခြားအရောင်တွေထက် ပိုမှန်သတဲ့...
ကျိုးပြတ်နေတဲ့ အစိမ်းရောင်တောင် သန်မာတဲ့အခြားအရောင်တွေထက် ပိုအသုံးကျသတဲ့...
အစိမ်းရောင် လုပ်မိပြုမိတဲ့ အပြစ်တွေတောင်မှ (သေးသေးကြီးကြီး) ပြစ်မှုမမြောက်ဘူးတဲ့...
သူလည်း စိမ်း...
ကိုယ်လည်း စိမ်း...
တစ်လောကလုံး စိမ်း...
(အို)...စိမ်းပြီးရင်း စိမ်း...
စိမ်းဆိုမှ စိမ်း...
စိမ်းစိမ်းစိမ်းစိမ်းစိမ်း....။ ။

ညိုကြီး
(၄၊ စက်တင်ဘာ၊ ၂၀၀၆)

(၂၀၀၆၊ စက်တင်ဘာတုန်းက ကျွန်တော် http://myartsformypeople.blogspot.com ဆိုပြီး ဘလော့ဂ်တစ်ခု လုပ်ခဲ့ဖူးပါတယ်။ အဲဒီ ဘလော့ဂ်မှာတုန်းက ရေးခဲ့တဲ့ ကဗျာလေးကို ဒီဘလော့ဂ်မှာ ပြန်ပြီး ကူးယူဖော်ပြလိုက်ပါတယ်။)

13 December 2007

ကဗျာတစ်ခုတည်းနဲ့ ကိစ္စပြီးမပြီး...?

“ကြောင်”



(လူထုဒေါ်အမာမွေးနေ့ပွဲနေ့- ကဗျာရွတ်ပွဲမှာ နွယ်စိမ်းဝေ ထ, ရွတ်ဆိုသော ကဗျာ)


ယုံကြည်ချက်ဟာ
လက်သည်းဖွက်ထားတဲ့
ကြောင်
တစ်သက်လုံး
သူ့ကို လှောင်ပိတ်ထားလည်း
သူ့မှာ လက်သည်းတွေ ရှိတယ်။
အခု
အဲဒီ လက်သည်းတွေနဲ့
သံတိုင်တွေကို ကုတ်ခြစ်နေတယ်။
ကြောင်...
အဲဒီကြောင်ဟာ
ဘယ်တော့မှ
သွေးမကြောင်ဘူး။

- နွယ်စိမ်းဝေ


-----------------------------------------------------------------------------------------------------

“အရောင်ပြောင်းသွားတဲ့ ကြောင်လက်သည်း”


အတ္တတွေကို

ကြောင်လက်သည်းလို ၀ှက်ထားခဲ့တယ်။
ခဏလေး...
သူ့ကို လှောင်ပိတ်လိုက်တော့
အတ္တတွေက

သူ့နှလုံးသားကို လောင်မြိုက်သွားတယ်။
ကြောင်...
အဲဒီကြောင်ဟာ
ဘယ်တော့မှ သွေးမကြောင်ဘူး ဆိုခဲ့ပေမဲ့
အခုတော့
သွေးပျက်နေ
ပြီ။

- နေအဂ္ဂ

(နွယ်စိမ်းဝေ ဖမ်းဆီးစစ်ဆေးခံရာမှ လွတ်လာပြီး နောက်ပိုင်းကိစ္စများအတွက် ကဗျာဆရာတစ်ဦးမှ ခံစားရေးသားသောကဗျာ)


11 December 2007

လူထုဒေါ်အမာပွဲက မပြီးဆုံးသော ဇာတ်လမ်းများ

(ပုံအသစ်များ ထပ်တင်ပေးလိုက်ပါတယ်)








(၂၉၊ ၁၁၊ ၀၀၇)ရက်က အမရပူရ၊ မဟာဂန္ဓာရုံမှာ ကျင်းပသွားတဲ့ လူထုဒေါ်အမာရဲ့ (၉၂)နှစ်မြောက် မွေးနေ့ပွဲမှာ တက်ကြွသော ကဗျာဆရာအချို့က အဝေးရောက်ကဗျာဆရာ အောင်ဝေးရဲ့ `အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ´ကဗျာကို ကဗျာဆရာများကြားနဲ့ လူထုဒေါ်အမာဆီ အရောက်ဖြန့်ဝေခဲ့ကြတာ အများအသိပါ။ အဲသလို ကဗျာဖြန့်ဝေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပထမဆုံး ဖမ်းဆီးစစ်ဆေးခြင်းခံရတဲ့ ကဗျာဆရာကတော့ နွယ်စိမ်းဝေ အမည်ရ ကဗျာဆရာဖြစ်ပါတယ်။ (၃)ရက်လောက် စစ်ဆေးမေးမြန်းအပြီးမှာ အဲဒီကဗျာဆရာ နွယ်စိမ်းဝေ ကို စစ်ထောက်လှမ်းရေးက လွှတ်ပေးလိုက်ပါတယ်။ နွယ်စိမ်းဝေ ကလည်း လွတ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြား သတင်းဌာနတစ်ခုနဲ့ အင်တာဗျူးဖြေဆိုထုတ်လွှင့်သွားတာလည်း အများအသိပါ။

အဲဒီမှာ ဇာတ်လမ်းက ပြီးပြီလို့ ထင်စရာရှိပါတယ်။

ဒါပေမဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ နွယ်စိမ်းဝေ ကနေ တစ်ဆင့် မီးခိုးကြွက်လျှောက် လိုက်လိုက်တာ အခုတော့ ကဗျာစာရွက်ဖြန့်ဝေမှုနဲ့ဆက်စပ်မှုရှိတဲ့ အခြား (ပုန်းအောင်းဆဲ)ကဗျာဆရာများပါ အဖမ်းခံထိဖို့ရာ ကိန်းဆိုက်နေပါတယ်။
သူတို့ စစ်အဆိုးရထောက်လှမ်းရေးဘက်က ဒီကိစ္စကို အကြီးကြီးလို့ ထင်နေသလားတော့ မသိပါဘူး။ ဥပမာပေါ့ဗျာ- ဒီ အောင်ဝေးကဗျာ ဖြန့်တာ ဘယ်သူ့ညွှန်ကြားချက်နဲ့လည်း၊ နောက်ကွယ်က ဘယ်အဖွဲ့အစည်းတွေက ကြိုးကိုင်နေသလဲ စသဖြင့်ပေါ့ ။

စစ်ထောက်လှမ်းရေးကတော့ နွယ်စိမ်းဝေ ကို အယောင်ပြ လွှတ်ပေးလိုက်ပြီးတဲ့ နောက်ပိုင်းမှာ အခြားကဗျာဆရာများ(ထို အောင်ဝေးကဗျာဖြန့်ဝေမှုနဲ့ ပတ်သက်သော အခြားကဗျာဆရာများ)ကို ဆက်လက်ပြီး လိုက်လံ ဖမ်းဆီးနေပြန်တဲ့အတွက် အခုတော့ အလိုက်ခံ ကဗျာဆရာများမှာ လွတ်မယ် ထင်ရသော နေရာများသို့ ပြေးပြီး ပုန်းရှောင်နေရကြောင်း သိရှိရပါတယ်။

ထိုသို့ ပုန်းရှောင်နေရခြင်းကြောင့်လည်း ထိုကဗျာဆရာများရဲ့ ၀င်ငွေကို မှီခိုနေရတဲ့ သူတို့မိသားစုဝင်များရဲ့ စားဝတ်နေရေးမှာ အကြပ်အတည်း၊ အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်း သိရှိရပြန်ပါတယ်။

အဲဒါကြောင့် ပြောတာပေါ့။ ဇာတ်လမ်းတွေက မပြီးသေးပါဘူး ဆိုနေမှ။

ဆရာအောင်ဝေး...ရေ...ဆရာလည်း မကယ်နိုင်တော့ဘူးလား....?

အကျဉ်းကျ သံဃာများ (နောက်ဆုံးရ သတင်း)

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် ဆက်စပ်မှုရှိသော သံဃာတော်များကို စစ်အဆိုးရက မတရားသဖြင့် ဖမ်းဆီးအကျဉ်းချထားသည်ကို တစ်ကမ္ဘာလုံးက သိရှိပြီးဖြစ်သည်။
နောက်ဆုံးရရှိသောသတင်းများအရ ယခုအခါ မန္တလေး အိုးဘိုအကျဉ်းထောင်တစ်ခုထဲတွင်ပင် အဖမ်းဆီးခံ သံဃာတော်စုစုပေါင်း (၆၀)ခန့် ရှိကြောင်း သိရှိရသည်။
ထို အဖမ်းဆီးခံ သံဃာတော်များကို ထောင်ဝင်စာတွေ့ဖို့ရာ အလွန်ခက်ခဲနေကြောင်းလည်း သိရသည်။
ထို အဖမ်းဆီးခံ သံဃာတော်များ၏ ကျန်းမာရေးအခြေအနေများကိုလည်း ရေရေရာရာမသိရှိရသဖြင့် မိသားစုဝင်များအနေဖြင့် အလွန်အမင်း စိုးရိမ်နေကြကြောင်းလည်း သိရသည်။

ဘာသာ၊ သာသနာ အတွက် ၀မ်းနည်းဖွယ်ရာ၊ စိတ်မကောင်းဖြစ်ဖွယ်ရာ သတင်းဆိုးတစ်ရပ်ဖြစ်ပါသည်။

09 December 2007

DEPRESSION OF HUMAN RIGHT

Bad Electricity,


Minus Economy,

Poor Educational Status,

Unhealthy Health Standard,

Turtle Speed Developing Country,

Military Governing Corrupted Country,

Myanmar!

We are now under Pressure,

Not Pleasure.

What should we do?

Or

What must we do?


-NYO GYI

(2/3, Nov, 007)

07 December 2007

အောင်ဆန်း စိတ်ဓာတ် (Aung San Spirit)


( စတုတ္ထအကြိမ်၊ ၁၉၆၉၊ သြဂုတ်လထုတ်၊ အောင်သန်း(ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်း) ရေးသော “အောင်သန်း၏ အောင်ဆန်း” စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ စာမျက်နှာ ၅၃-၅၇ -သတ်ပုံမူရင်းအတိုင်း)


သခင်အောင်ဆန်းသည် မိခင်ကို အလွန်ချစ်ပါသည်။ ကျွန်တော်တို့အစ်ကိုတွေ ချစ်သည်ထက် ပို၍ ချစ်ပါသည်။ မိခင်ကလည်း အခြားသားများအပေါ်ထက် အငယ်ဆုံးသားကလေးအပေါ်တွင် သံယောဇဉ်ပိုပါသည်။ သို့ပါလျက် သခင်အောင်ဆန်းသည် မိခင်အပေါ် စိမ်းကားသလို ဖြစ်နေသည်မှာ အခြားကြောင့်မဟုတ်၊ တိုင်းပြည်အတွက် အသက်နှင့် ခန္ဓာကိုယ်ကို လှူထားသောကြောင့်ဖြစ်သည် ဟု ယူဆရန်ရှိသည်မှအပ အခြားအကြောင်းများ မရှိနိုင်ပါ။ သခင်အောင်ဆန်းအဖို့ စားလည်း နိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး ဖြစ်နေပါသည်။ နိုင်ငံရေးသာလျှင် အမိ... နိုင်ငံရေးသာလျှင်အဖ...နိုင်ငံရေးသာလျှင် ဆွေမျိုးသားချင်း ဖြစ်နေပါသည်။

ထို့ကြောင့်ပင် စာရေးဆရာ ဒဂုန်တာရာက ၁၉၄၆ ခုနှစ်တွင် ထုတ်ဝေသော “တာရာမဂ္ဂဇင်း”၌ “အောင်ဆန်း-သို့မဟုတ်-အရိုင်း” ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။
“သူ့တွင် နိုင်ငံရေး ၀ိဥာဉ်ကား ပြင်းထန်လှ၏။ နိုင်ငံရေး တခုတည်းသာလုပ်သော လူတဦးဖြစ်၏။ သူသည်...ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏၊ ကိစ္စမရှိ၊ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်၊ “တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာလုပ်သော နိုင်ငံရေး သတ္တ၀ါဖြစ်၏” ထို့ကြောင့် ကိစ္စမရှိ။”

သခင်အောင်ဆန်း၏ ရိုင်းပုံ၊ ကြမ်းပုံ တို့ကို သခင်တင်မောင်(ကျုံမငေး)ကလည်း ၄-၁-၆၃ နေ့ထုတ် ကြေးမုံသတင်းစာတွင် အောက်ပါအတိုင်း ရေးခဲ့ပါသည်။
“၁၉၄၀ ခုနှစ်၊ ဇန်န၀ါရီလတွင် တို့ဗမာ အစည်းအရုံးကြီး၏ အမှုဆောင် အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်။ အမှုဆောင်အားလုံး မန္တလေးရုံးတော်ကြီးရှိ ဦးဘဦးတိုက်ကြီးတွင် တည်းခိုကြသည်။ အစည်းအဝေးကိုလည်း ထိုတိုက်မှာပင် ကျင်းပလေသည်။
အမှုဆောင် အစည်းအဝေး ကျင်းပနေဆဲမှာပင် ဗြိတိသျှလေဘာပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဆာစတက်ဖို့ကရစ်ပ်သည် ဗမာပြည်၏ အခြေအနေကို လေ့လာရန် ရောက်ရှိလာလေသည်။ ဗမာပြည်မလာမီကလေးကပင် ၄င်းအား လေဘာပါတီမှ ထုတ်ပယ်ခံထားရလေသည်။ အကြောင်းမှာ စစ်အတွင်းတွင် ဖက်ဆစ်ဆန့်ကျင်ရေးတပ်ပေါင်းစုတခု ဖွဲ့သင့်သည်ဟု ပါတီတွင် အကြံပေးမိသည့်အတွက် ဖြစ်လေသည်။

ဗမာပြည်တွင် ဦးတင်ထွဋ်အိမ်၌ ခေတ္တတည်းခိုပြီး တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလိုသည့်အတွက် မန္တလးသို့ လိုက်ပါလာခဲ့လေသည်။ ဆာစတက်ဖို့ကရစ်ပ်အား သခင်ကျော်စိန်(ယခု ပြည်သူ့စာပေတိုက်)က မန္တလေးသို့ လိုက်ပို့ရလေသည်။ မန္တလေးတွင် ထိုလေဘာပါတီ ခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံးအမှုဆောင်များ ဆွေးနွေးကြပုံမှာ ကျွန်တော့် တသက်တာတွင် မမေ့နိုင်အောင် ရှိတော့သည်။
“ဆွေးနွေးပွဲကို သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်လေးမောင်တို့အား ဦးဆောင်ဆွေးနွေးရန် သတ်မှတ်ထားကြပါသည်။ သခင်မြမှာ မန္တလေးတွင် ကြာရှည်မနေနိုင်ဘဲ အစည်းအရုံးတာဝန်များနှင့်ပင် ရန်ကုန်သို့ပြန်သွားရလေသည်။ ဆွေးနွေးပွဲတွင် ကရစ်ပ်၏ လက်ျာဘက်က သခင်ကျော်စိန်၊ သခင်လေးမောင်၊ သခင်လှဘော်၊ သခင်ထိပ်တင်ကိုယ်တော်ကြီးတို့က ထိုင်နေကြ၏။ လက်ဝဲဘက်တွင် သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျွန်တော်တို့ ထိုင်နေကြသည်။

“ကရစ်ပ်က...“ဗမာပြည်ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံးနဲ့ ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျွန်တော်နားလည်တာနဲ့ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တညလဲ အိပ်မိရော၊ ကျွန်တော်သိထားတာတွေဟာအားလုံး အမြီးနဲ့ ခေါင်းနဲ့ လွဲနေတာ တွေ့ရပါတယ်။” ဟုပြောယင်း ဟားတိုက် ရယ်လိုက်ပါသည်။ “ကျွန်တော် သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားကလေးတွေ၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ၊ သူပုန်ထဘို့ သွေးဆူနေတဲ့ သူကလေးတွေ၊ ပညာမဲ့ အလုပ်လက်မဲ့ကလေးတွေ စုပေါင်း ပါဝင်တဲ့ အစည်းအရုံးကြီးဘဲလို့ နားလည်လာခံပါတယ်။ အခုမှ ဒီလိုမဟုတ်မှန်း သိပါတော့တယ်....”။

သခင်အောင်ဆန်းက ရယ်လျက် “ဒါဟာ ဓမ္မတာပါဘဲ။ အုပ်စိုးသူဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုဘဲ သဘောထားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုဘဲ သတင်းပေးကြမှာပါဘဲ။ တခု ကျွန်တော်ပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုဘဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်းဖြစ်နေရတယ်ဆိုရင်လဲ ဘယ်သူ့အပြစ်လဲ။ ဗြိတိသျှအုပ်စိုးခြင်းအောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တခုအနေနဲ့ ဗြိတိသျှလူမျိုးတွေဘဲ ရှက်စရာကောင်းနေမှာပေါ့။”

ကရစ်ပ်။ ။“ကျွန်တော်တခု မေးစမ်းပါရစေ၊ စပ်စုတယ်လို့လဲ မထင်ပါနဲ့။ ရင်းရင်းနှီးနှီးသဘောထားလို့ မေးရဲတာပါ။ ခင်ဗျားတို့က အခု အင်္ဂလိပ်လက်အောက်ခံဘ၀က လွတ်အောင် ကြိုးပမ်းနေကြတယ်။ လွတ်လပ်ရေးကို ဘယ်နည်းနဲ့ရအောင် လုပ်ကြမှာလဲ”။

သခင်အောင်ဆန်း။ ။“နည်းကတော့ ကျွန်တော်တို့ တရားတယ်ထင်တဲ့နည်းနဲ့ ရအောင်လုပ်ယူရမှာဘဲ”။

ကရစ်ပ်။ ။“မစ္စတာ အောင်ဆန်းပြောတာ နားမလည်သေးပါဘူး။ ထပ်ရှင်းပြပါအုန်း”။

သခင်အောင်ဆန်း။ ။“ရှင်းပါတယ်။ တရားတယ်ထင်တဲ့နည်းဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ်လို့ ဆိုတာဘဲ။ ဥပမာဗျာ ခင်ဗျားအိတ်ထဲမှာ ထည့်ထားတဲ့ ဖောင်တိန်ဟာ ကျွန်တော်ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ကျွန်တော့ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့။ ကျွန်တော်က ခင်ဗျားကို တောင်းပန်ပြီး ပြန်ပေးပါဗျာလို့ ချော့တောင်းမယ်၊ မရရင် နောက်တနည်းနဲ့ တောင်းမယ်။ အဲဒီလို မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလားဆိုပြီး ခြိမ်းခြောက်တောင်းမယ်။ ဒါနဲ့မရရင် ဟောဒီလို အတင်းလုယူမယ်”။

သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ ကရစ်ပ်၏ အိတ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိတ်ကြီး ပြဲ၍ ပါလာတော့သည်။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အင်္ကျီပြဲသည်ကိုပင် အားမနာတတ်၊ အလိုက်မသိတတ်ဘဲ ဆက်၍ ပြောသေး၏ “ကဲ အဲဒီနည်းဟာ ကျွန်တော်တရားတယ်ထင်တဲ့နည်းဘဲ။ ကျွန်တော့ ဖောင်တိန်ပြန်ရတာလိုရင်းဘဲ”

ကရစ်ပ်မှာ ဘာမျှမပြောနိုင်။ အားရပါးရ ဟားတိုက်၍သာ ရယ်မောနေရရှာတော့၏။

သခင်အောင်ဆန်းက ဆက်ပြီး “ကဲ အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား။ ကျွန်တော့်မှာတော့ ကျွန်တော်ဖောင်တိန် ပြန်ရပါရဲ့။ ခင်ဗျားမှာတော့ အင်္ကျီအိပ်အပြဲခံရတာသာ အဖတ်တင်တာပေါ့။ စောစောက ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး။ ကျွန်တော်လက်တောင် တော်တော်နာသွားတယ်။ ခု-ကျွန်တော်ပြောနေတာတွေဟာ အပိုပြောနေတာလဲမပါဘူး။ ချိမ်းခြောက်နေတာလဲ မဟုတ်ဖူး။ တကယ်ဖြစ်လာနိုင်တဲ့သဘောကို ပြေပြနေတာဘဲ။´

ကရစ်ပ်မှာ ဘာမှ မပြောနိုင်၊ အူတက်မတတ် ဖြစ်နေရှာသည်။ နောက်အတန်ကြာမှ “အို ချစ်စရာကောင်းတဲ့ အောင်ဆန်း ချစ်စရာကောင်းတဲ့ အောင်ဆန်း” ဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည်။ ။


(ကဲ... အခုလည်း စစ်ကျွန်ဘ၀ကျရောက်နေတဲ့ ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအနေနဲ့ မြန်မာ့လွတ်လပ်ရေး (မြန်မာ့လူ့အခွင့်အရေး)ကို ယုတ်မာဆိုးသွမ်းတဲ့ စစ်အဆိုးရဖက်ဆစ် ဆီကနေ ဘယ်လို တိုက်ယူကြရပါ့မလဲလို့... မောင်ညိုကြီး က...မေးလိုက်ပါရစေတော့.......)

04 December 2007

မစိုးရိမ်ကျောင်းတိုက် ရာပြည့်ပွဲတော်

(၄၊ ဒီဇင်ဘာ၊ ၀၀၇ - အင်္ဂါ)

(သတင်းများကို မန္တလေးမြို့ထုတ် ရတနာပုံသတင်းစာ(၂-၁၂-၀၀၇)မှလည်း ကိုးကားပါတယ်။ ဓာတ်ပုံများကတော့ ကျွန်တော့်ဘလော့ဂ်ရဲ့ မူပိုင်ဖြစ်ပါတယ်)

၃၅ လမ်းပေါ်က မြင်ကွင်း

ကျောင်းတိုက် မျက်နှာစာ တစ်ခု

မစိုးရိမ်ကျောင်းတိုက် အတွင်းက နာရီစင်

မြန်မာ့သမိုင်း၊ မြန်မာ့ဗုဒ္ဓဘာသာသမိုင်း၊ မန္တလေးမြို့ဗုဒ္ဓဘာသာသမိုင်းမှာ အထင်ကရဖြစ်တဲ့ မန္တလေး-မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ နှစ်တစ်ရာပြည့်ပွဲတော်ကို ၂၀၀၇၊ ဒီဇင်ဘာ (၂၊ ၃၊ ၄)ရက်များမှာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားပါတယ်။

အထိမ်းအမှတ်ပြခန်း

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး(သံဃာတော်များရဲ့ ရဲဝံ့သော ပြယုဂ်)အတွင်း မန္တလေး-မစိုးရိမ်ကျောင်းတိုက်မှ သံဃာများရဲ့ သမိုင်းဝင် ဆောင်ရွက်ချက်များမှာ ယခုအခါ ပူပူနွေးနွေးပဲ ရှိသေးတာပါ။

ယခုလည်း နအဖ စစ်ထောက်လှမ်းရေးများ ခြေချင်းလိမ်နေတဲ့ ကြားမှာပဲ မစိုးရိမ်၊ ရာပြည့်ပွဲကို ကျင်းပသွားပါတယ်။

အထိမ်းအမှတ် မှတ်တမ်း

နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် နေ့စဉ်သံဃာတော် အပါး ၁၀၀၀ တို့ကို ဆွမ်းလောင်းလှူခြင်း၊ ဆွမ်းဆက်ကပ်ခြင်းနှင့် ကြည်ညိုသဒ္ဓါပွားစေရန် သံဃာတော်များရဲ့ သင်္ဂါယနာတင်သရုပ်ဖော်အခမ်းအနားများ ကျင်းပခြင်း စသဖြင့် ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ သီတဂူဆရာတော်တရားပွဲနှင့် မြို့မအပျော်တမ်းတေးဂီတအဖွဲ့၊
ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ ခင်မကန်တိုက် မိုးတားကျောင်း ဆရာတော်တရားပွဲနှင့် မြတရာအငြိမ့်၊
ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ တိပိဋကဓရ ယောဆရာတော်တရားပွဲနှင့် ရွှေမြန်မာတေးဂီတအငြိမ့်ခန်း....
စသဖြင့် စည်ကားစွာ ကျင်းပသွားပါတယ်။

အငြိမ့်

ပွဲတော်ရက်များအတွင်း သတင်းပြန်ကြားရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီမဏ္ဋပ်မှာ နှစ်တစ်ရာပြည့် အထိမ်းအမှတ်စာအုပ်တစ်အုပ် ၃၀၀၀ ကျပ်၊ မစိုးရိမ်သမိုင်းနှင့် သာသနာဝင်စာအုပ် တစ်အုပ် ၃၀၀၀ ကျပ်၊ ပြက္ခဒိန်တစ်ခု ၅၀၀ ကျပ်၊ မစိုးရိမ်နှစ်တစ်ရာပြည့်တေးအလင်္ကာ VCD ခွေတစ်ချပ် ၁၂၀၀ ကျပ် နှုန်း များဖြင့် ရောင်းချပေးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း/ပြန်ကြားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီ

မစိုးရိမ်ရဲ့ နှစ်တစ်ရာပြည့်ပွဲတော်ကြီးမှာ တကယ့်ကို သတိရစရာဖြစ်ရတာကတော့ မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်ကောဝိဒါဘိဝံသ (ယခုအခါ သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် - ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ) ဖြစ်ပြီး ယခုအခါ ဆရာတော်ဘုရားကြီးမှာ မြန်မာပြည် စစ်အဆိုးရ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ဗုဒ္ဓသာသနာတော် ညှိုးမှိန် ရခြင်းများကို ပြည်ပမှ စွမ်းစွမ်းတမံ ကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။

ပြခန်းမှာ တွေ့ရတဲ့ ဆရာတော်ကြီး ဦးကောရဲ့ ပုံတော်

(ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ အကြောင်း ကို http://aoab.blogspot.com/2007/11/blog-post_3793.html တွင် ဖတ်ရှုနိုင်ပါသည်။)

(သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အကြောင်းကို http://sasanamoli.blogspot.com/ တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။)

ပြခန်းမှာ တွေ့ရတဲ့ ဆရာတော်ကြီး ဦးကောရဲ့ ဆုံးမစာ

( မူပိုင် - ညိုကြီး )

ကဗျာဆရာတစ်ယောက်ကတော့ တကယ်ပါသွားရှာပြီ

လူထုဒေါ်အမာ မွေးနေ့မှာ ကဗျာရွတ်ပွဲ ဆင်နွှဲခဲ့ကြသော ကဗျာဆရာအုပ်စုတစ်စု

အသက်(၉၂)နှစ်ပြည့် လူထုဒေါ်အမာ မွေးနေ့ပွဲမှာ အောင်ဝေး ရဲ့ ကဗျာစာရွက်မိတ္တူများကို တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့် ဝေငှခဲ့သော နာမည်ကြီး ကဗျာဆရာမှာ ယခုအခါ ဖမ်းဆီးခံလိုက်ရပြီဟု နအဖ ထောက်လှမ်းရေးတစ်ဦးထံမှ သတင်း အတိအကျ ရရှိပါသည်။
(ထိုကဗျာဆရာ၏ အမည်မှာ စနေနံနှင့် စပြီး ဗုဒ္ဓဟူးနံနှင့် ဆုံးသော နာမည်သုံးလုံးပါ ကဗျာဆရာဖြစ်သည်။ ကလောင်အမည်ရင်းကို မဖော်ပြရခြင်းမှာ သူ၏ ကလောင်ရှေ့ရေးကို ငဲ့ကွက်သောအားဖြင့် ဖြစ်ပါသည်။)

စစ်အဆိုးရ၏ မျက်မုန်းကျိုး လိုက်လံရှာဖွေခြင်းခံနေသော အခြားကဗျာဆရာများမှာမူ ယခုအခါ လွတ်မည်ဟုထင်ရသော နေရာများတွင် ပုန်းခိုနေရကြောင်း သတင်းရရှိပါသည်။

ထိုကဲ့သို့ ထွက်ပြေးနေရသော ကဗျာဆရာများထဲမှ တစ်ဦးက ``ကျုပ်တို့က ကဗျာစာရွက်လေးတွေပဲ ဝေတဲ့ဟာဗျာ။ ဘာမှ အကြမ်းဖက်တာလည်း မပါဘူး။ ရက်စက်တာလည်း မပါဘူး။ သူတို့ပြောပြောနေတဲ့ ဆူပူဆန္ဒပြတဲ့ဟာမျိုးလည်း မဟုတ်ဘူး။ အခုဟာက ကျုပ်တို့ကို ရာဇ၀တ်သားတွေ လိုက်ဖမ်းသလိုကို သည်းကြီးမည်းကြီး လိုက်ဖမ်းနေကြတာဗျ။ ရယ်စရာအတော်ကောင်းတဲ့ စစ်အဆိုးရပါပဲဗျာ။ ဒါပေမဲ့ ကျုပ်တို့ကတော့ အခုပုန်းနေရင်းက အဖမ်းခံလိုက်ရရင်လည်း ကြောက်သွားမှာ မဟုတ်ဘူး။ အဖမ်းခံရတာက လွတ်လာရင် ကိုယ့်တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ ဆက်လုပ်သွားရမှာပါပဲဗျာ။ အခုအဖမ်းခံလိုက်ရတဲ့ ကျုပ်တို့သူငယ်ချင်းကြီးလည်း အဲသလို စိတ်ဓာတ်မျိုးရှိပါလိမ့်မယ်။´´ ဟု ပြောကြားသွားကြောင်းလည်း သတင်းရရှိပါသည်။

03 December 2007

Pamphlet Campaign ကို ထောက်ခံကြိုဆိုပါသည် အရှင်ဘုရား



သီရိလင်္ကာရောက်မြန်မာရဟန်းတော်များအဖွဲ့မှ နိုင်ငံကတာလေဆိပ်များ၌ ဝေငှမည့် (Pamphlet Campaign) လက်ကမ်းစာစောင်ပုံစံဖြစ်ပါသည်။ Pamphlet Campaign အစီအစဉ်ကို (03/ 12/ 2007) နေ့မှ စတင်၍ သီရိလင်္ကာနိုင်ငံ ကိုလံဘိုလေဆိပ်၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်များ အတွင်း ခရီးသွားသံဃာတော်များက စတင်ဆောင်ရွက် သွားတော့မည်ဖြစ်သည်။

02 December 2007

လူတွေကို စစ်ခွေးတွေ လိုက်ကိုက်နေကြပြီ

(၂၉.၁၁.၀၀၇)ရက်နေ့က လူထုဒေါ်အမာမွေးနေ့ပွဲတွင် တော်လှန်ရေးကဗျာဆရာ အောင်ဝေး၏ ``အမေ နဲ့ သား (သို့မဟုတ်) ´သ´ ၀ဂ်ကထာ´´ ကဗျာကို ပရိတ်သတ်နှင့် အမေလူထုဒေါ်အမာတို့ထံ ဖြန့်ဝေခဲ့ကြသော တော်လှန်ရေး ကဗျာဆရာများ ကို ယခုအခါ နအဖ စစ်ထောက်လှမ်းရေးများ က အမဲလိုက်သလို လိုက်လံ ဖမ်းဆီးလျက် ရှိချေပြီ။
(လူကို ခွေးက လိုက်ကိုက်ဖို့ ကြိုးစားသလိုပေါ့ဗျာ။)

ထိုနေ့က ကဗျာစာရွက်ကို အားကြိုးမာန်တက် ဖြန့်ဝေပေးခဲ့သော နာမည်ကြီးကဗျာဆရာတစ်ဦးမှာလည်း ဖမ်းဆီးခံရပြီဟု သတင်းထွက်နေသည်။

ထိုကဗျာ ဖြန့်ဝေမှုနှင့် တွင် ပါဝင်ပတ်သက်ခဲ့သော အခြားကဗျာဆရာတစ်ချို့မှာလည်း လွတ်မည်ဟု ထင်ရသော နေရာများသို့ တိမ်းရှောင်ပုန်းအောင်းနေရကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိရပါသည်။

(စစ်ခွေးများ၏ လိုက်အကိုက်ခံနေရသော အထက်ပါ ကဗျာဆရာများ၏ နာမည်များကို အခြေအနေအရ ချန်လှပ်ထားခဲ့ရပါသည်ခင်ဗျား။)
(ထိုသတင်းကို အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းနေပါသည်။ သေချာလျှင် ထပ်ပြောပြပါမည်ခင်ဗျား)

ကယ်တော်မူကြပါဦးဗျို့..................
ကယ်တော်မူကြပါဦးဗျို့..................
ကယ်တော်မူကြပါဦးဗျို့..................

30 November 2007

POEM FOR THE EVIL

" DON'T " LAW
(Declaration to Myanmar Military Junta)

Don't use guns,
They are holy men.
Don't torture them,
They are people's men.
If u continue,
The people will do continuous protests.
If the protests are continuous,
You will go away or pass away!!!

Nyo Gyi

29 November 2007

မဟာဂန္ဓာရုံမှာ နွှဲတဲ့ လူထုပွဲ (အမေလူထုဒေါ်အမာမွေးနေ့ပွဲ)

(၂၉၊ နိုဝင်ဘာ၊ ၀၀၇-ကြာသပတေး)


ဓာတ်ပုံ -ညိုကြီး

(၉၂)နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့ကို ယခင်နှစ်များနှင့်မတူ အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြုလုပ် ကျင်းပသည်။


အနယ်နယ်၊ အရပ်ရပ်မှ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များ အစုံအလင် တက်ရောက်ကြသည်။

ရန်ကုန်
မှ မောင်မိုးသူ၊ မောင်တင်သစ်၊ ပန်းချီဆရာ အေးကို၊ ဒီဇိုင်းနာ ထွန်းဝင်းငြိမ်း၊ စာရေးဆရာမ သွေး(စစ်ကိုင်း) စသည့် စာရေးဆရာများ၊


ပြင်ဦးလွင်မှ ကဗျာဆရာ နွယ်စိမ်းဝေ၊ ညိုဦးလွင်၊ ၀တ္ထုတိုဆရာ မောင်သင်းထုံ(ကျောက်မဲ) စသည့် စာရေးဆရာများ၊
ကျောက်ဆည်မှ ကဗျာဆရာ တည်ဘွားဦး၊ တင်လတ်ကို၊ ရင်မြတ်ကို၊ ညွန့်လွင်(စက်မှုတက္ကသိုလ်) စသည့် စာရေးဆရာများ၊
ပလိပ်မှ တင်ညွန့်မြိုင်(သာစည်)နှင့် ကဗျာဆရာလူငယ်များ၊
အမရပူရမှ မောင်ကိုကို(အမရပူရ) စသည့် စာရေးဆရာများ၊
မြို့ခံစာရေးဆရာများဖြစ်သည့် ကာတွန်းတွတ်တွတ်၊ နေ၀င်းမြင့်၊ ညိုထွန်းလူ၊ ခင်ဇော်မြင့်၊ ဥက္ကာကျော်၊ စံညိမ်းဦး၊ မောင်ကြည်သာ(တောင်တွင်း)၊ မောင်စိုးသစ်၊ ရိုးဒီ၊ မင်းနဒီခ၊ ကျော်ရင်မြင့်၊ သဲယုဝေ(ဆေးမန်း)
စသဖြင့် မျိုးဆက်ဟောင်း/သစ် စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များ တက်ရောက်ကြသည်။

အထူးသဖြင့် နိုင်ငံခြားသား/သူများကလည်း စိတ်ပါဝင်စားစွာ တက်ရောက် လေ့လာဓာတ်ပုံရိုက်၊ မှတ်တမ်းယူ ကြသည်များလည်း အယောက်(၃၀)ခန့် ရှိပါသည်။


အထူးအထူးသဖြင့်မှာကား.....
စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များ၊ ကြံ့ဖွတ်အဖွဲ့ဝင်များ အယောက်(၅၀)ခန့် တက်ရောက်စောင့်ကြည့် သတင်း ယူကြခြင်းပင် ဖြစ်သည်။

(စစ်ထောက်နှင့် ကြံ့ဖွတ် အပေါင်းအပါများ)

သို့သော်လည်း တော်လှန်ရေးကဗျာဆရာအချို့က စစ်ထောက်လှမ်းရေးများ စောင့်ကြည့်နေသည့်ကြားမှ အဝေးရောက်ကဗျာဆရာ အောင်ဝေး ၏ “အမေနဲ့ သား (သို့) “သ”၀ဂ်ကထာ (အမေလူထုဒေါ်အမာ ၉၂နှစ်ပြည့် မွေးနေ့သို့ …)” ကဗျာအား အမေလူထုဒေါ်အမာနှင့် အခြားကဗျာပရိတ်သတ်များသို့ ဖြန့်ဝေခဲ့ပါသည်။ (အဆိုပါ အောင်ဝေး၏ ကဗျာအား http://drlunswe.blogspot.com တွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။)

ကဗျာဆရာမောင်နွေထက်မှလည်း “အမေ့အတွက် အမေကဗျာ အား ပေးဝေခဲ့ပါသည်။

တက်ကြွသော မိန်းကလေးတစ်ဦးမှလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများပါ တီရှပ်တစ်ထည်ကို အမေလူထုဒေါ်အမာအား လက်ဆောင်ပေးခဲ့ပါသည်။

နံနက် (၁၀)နာရီ မှ (၁၂)နာရီထိ
-အမေလူထုဒေါ်အမာနှင့် သူ၏ ညီမဖြစ်သူတို့က ဦးဆောင်ပြီး သံဃာတော် အပါး(၁၀၀၀)အား ဆွမ်း၊ ခဲဖွယ်ဘောဇင်များ ဆက်ကပ်လှူဒါန်း ကြသည်။ လူပရိသတ်များအားလည်း ထမင်း၊ ကသည်း ၀က်သားဟင်းချက်၊ ကြာဇံဟင်းချက် စသဖြင့် ကျွေးမွေးပါသည်။



ဆက်လက်ပြီး စာရေးဆရာမ ငြိမ်းရွှေလီ၏ အစ်မ ဒေါ်ခင်ပွားမှ နာမကျန်းစာရေးဆရာများဖြစ်သော အေးမင်းစော၊ နီဟိန်း၊ အနှစ်(နဘူးအိုင်)တို့အား ကျန်းမာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ပါသည်။

ပြီးနောက် တောင်သမန်အင်းစောင်း မယ်ဇယ်တန်းရိပ်တွင် ကဗျာဆရာများက “စုပေါင်းကဗျာရွတ်ပွဲ” ကျင်းပပါသည်။


ရွတ်ဆိုသော ကဗျာခေါင်းစဉ်တချို့မှာ....
-ရှင်ကွဲ၊
-ကြောင်၊
-သွေးလွန်နေတဲ့ အမြန်ချော၊
-အိပ်မက်ဝါ၊
-Black
-အရေးအခင်း၊
-လေထဲက ဘောလုံးတွေ၊
-လွမ်းဆွတ်ခြင်း သစ်ပင်၊
-ဇီဇ၀ါနဲ့ ဒီကမ္ဘာ
-မစားရတဲ့ သစ်သီးများ အမှန်တရားဆီ အကူးအပြောင်း၊
-နှင်းနှင်းရီကို ဝေတဲ့နှင်း၊
-အိုစမာ၊
-လှိုင်းလိုလို လှေလိုလို မြို့ကြီး၊
-ကဗျာပြားပြီ
.....စသည့် ကဗျာများကို အနယ်နယ်အရပ်ရပ်မှ ကဗျာဆရာအသီးသီးက အားကြိုးမာန်တက် ရွတ်ဆိုကြပြီး နောက်ဆုံးပိတ်အနေဖြင့် “ပြည်တော်ဝင်”သီချင်းဖြင့် အမေ လူထုဒေါ်အမာ၏ (၉၂)မြောက် မွေးနေ့ကို ဂုဏ်ပြုရင်း ညနေ(၃)နာရီခန့်တွင် ကဗျာရွတ်ပွဲကို ရုပ်သိမ်းခဲ့ပါသည်။


(မူပိုင် - ညိုကြီး)

28 November 2007

၉၂ ပြည့် လူထုအမေမာ မွေးနေ့ မဟာဂန္ဓာရုံ၌ ကျင်းပမည်

(၂၉၊ နိုဝင်ဘာ၊ ၂၀၀၇) တွင် ကျင်းပမည့် ၉၂ ပြည့် လူထုဒေါ်အမာ မွေးနေ့ ကို အမရပူရ၊ မဟာဂန္ဓာရုံ၌ ကျင်းပမည်ဟု ကဗျာဆရာတစ်ဦးက သတင်းပေးသည်။

``အမေမာ မွေးနေ့ကို ဒီနှစ်တော့ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းမှာ လုပ်မယ်။ မဖြစ်ဖြစ်အောင် လုပ်မယ်။ ဘုန်းဘုန်းတွေကလည်း မဖြစ်ဖြစ်အောင် လုပ်ပေးမယ်လို့ မိန့်ကြားပါတယ်။ ´´
ဟုပြောကြားသွားပါသည်။

လူထုဒေါ်အမာမွေးနေ့ကို နှစ်စဉ် အမရပူရ၊ ဦးပိန်တံတားအနီးရှိ တောင်လေးလုံးကျောင်းတိုက်၊ (ဆရာတော် ဦးပညာကျောင်း)တွင် ပြုလုပ်လေ့ရှိသော်လည်း မနှစ်က စ၍ စစ်အဆိုးရက တောင်လုံးလေးကျောင်းတိုက်တွင် ပြုလုပ်ခွင့်မပေးတော့သဖြင့် ပြီးခဲ့သည့်နှစ်က လူထုဒေါ်အမာမွေးနေ့ကို သူ့သမီးဖြစ်သူ၏ နေအိမ်တွင် ပြုလုပ်ခဲ့ရသည်။
ဒီနှစ်မှာတော့ ဦးပိန်တံတားအနီး မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ရာ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှင့် ဆက်စပ်နေခြင်း၊ ဦးပိန်တံတားအနီးမှာ မဖြစ်ဖြစ်အောင် မွေးနေ့ပွဲကျင်းပခြင်း စသည်တို့ကြောင့် စစ်အဆိုးရ၏ အနီးကပ်စောင့်ကြည့်ခြင်းကို ဒီနှစ်မွေးနေ့ပွဲ တွင် ပိုမိုခံယူရဖွယ်ရှိပါသည်။

(မွေးနေ့ပွဲသတင်းများကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရန် ကြိုစားသွားမည်ဖြစ်ပါသည်။ - ညိုကြီး)

27 November 2007

မယုံလေနဲ့ သတိထား

26 November 2007

သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်


http://drlunswe.blogspot.com/ ကနေ ပုံရယူပါသည်

မြန်မာစစ်အဆိုးရကို အထိနာစေသော ၂၀၀၇၊ စက်တင်ဘာ သံဃာတော် အရေးအခင်း (Golden Revolution) ၌ သံဃာတော်တို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ဖူးသည်ကစ၍ မောင်ညိုကြီး တစ်ယောက် မြန်မာ့နိုင်ငံရေးလောကထဲသို့ စတင် ၀င်ရောက်ပါသည်။