22 December 2007

Students and Politics

“ကျောင်းသားနှင့် နိုင်ငံရေး”
နေအဂ္ဂ

ယနေ့ ကျွန်ုပ်တို့ မျိုးဆက်သစ် ကျောင်းသားလူငယ်များကြားတွင် နိုင်ငံရေးနှင့် ပတ်သက်၍ အသိအမြင်နည်းမှု၊ နိုင်ငံရေး၏ သဘောသဘာဝကို နားလည်မှု နည်းပါးနေကြသည်ကို အားမလိုအားမရ ဖြစ်မိသည်။ ဤသည်မှာ ဆန်းတော့ မဆန်းပါ။ ယနေ့ အခါကာလတွင် အုပ်စိုးသူ အာဏာရှင်တို့အနေ ဖြင့် ၄င်းတို့၏ မတရားသဖြင့် နိုင်လိုမင်းထက်ပြုမူမှုများကို ဖုံးဖိနိုင်ရန်၊ ၄င်းတို့၏ မတရားအုပ်စိုးမှု သက်ဆိုးရှည်ရန်အတွက် ကျွန်ုပ်တို့အား စဉ်းစားဆင်ခြင်တွေးခေါ်တတ်လာစေနိုင်သော ပညာရေးမျိုးကို ဖန်တီးမပေးထားပေ။ များပြားလှသော ကျောင်းစရိတ်ကုန်ကျငွေများအတွက် ကျောင်းမြန်မြန်ပြီးရေး၊ ဘွဲ့မြန်မြန်ရရေးကိုသာ ဦးတည်သွားစေသော အလွတ်ကျက်ပညာရေးမျိုးသာ ပေးထားခြင်းသည် အမျိုးသားရေး၊ နိုင်ငံရေး အတွေးအခေါ်နည်းပါးရခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

အုပ်ထိန်းသူ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ နိုင်ငံရေး၌ စိတ်ဝင်စားသွားမည်ကို လွန်စွာ စိုးရိမ်ပူပန်ကြသည်။ ဤအတွက် အုပ်ထိန်းသူ မိဘများအားလည်း အပြစ်မတင်လို။ မိမိတို့၏ သားသမီးက နိုင်ငံရေး စိတ်ပါဝင်စားနေလျှင် သွားပြီ။ ထို့ထက်ကဲ၍ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွနေလျှင် ဘ၀ ပါ ပျက်ပြီ။ အဘယ့်ကြောင့် ကျွန်ုပ် ဤသို့ ဆိုရပါသနည်း။ ရှင်းပါမည်။

ယနေ့ အုပ်စိုးသူ အာဏာရှင်တို့သည် ၄င်းတို့အား တော်လှန်သော နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သူများ (အထူးသဖြင့် ကျောင်းသားလူငယ်များ) အား မတရားသဖြင့် ဖိနှိပ်မည်၊ ဖမ်းဆီးမည်၊ အစစ်အဆေး၊ အမေးအမြန်းမရှိ ထောင်ချမည်။ ကျောင်းသားဖြစ်နေလျှင် ကျောင်းမှ ရာသက်ပန် ထုတ်ပယ်မည်။ ထောင်ချမည်။ ဘယ်ဆီ ဘယ်မှန်းမသိသော တစ်နေရာရာသို့ ပို့လိုက်ကြမည်။ အချိန်တန်၍မှ အိမ်ပြန်မလာလျှင် ကျန်ရစ်သူ မိသားစုအနေဖြင့် မှန်းဆ၍သာ သပိတ်သွပ် အမျှဝေလိုက်ကြ ပေတော့။ ဤမျှ ဆိုးဝါးလှသော ဖြစ်ရပ်အတွက် အဘယ်ကဲ့သို့သော မိဘများက မိမိတို့ သားသမီးအပေါ် အဖြစ်ခံကြမည်နည်း။ ခက်ခဲလှသော စားဝတ်နေရေးကြားမှ ထားပေးရသော ကျောင်းအတွက် မိမိတို့၏ သားသမီးပညာရေး ဆုံးရှုံးစေချင်ကြမည်နည်း။ အနှစ်သာရ ကင်းမဲ့သော်လည်း ရရှိလာမည့် ဘွဲ့တံဆိပ်အတွက် ဂုဏ်ယူချင်ကြပေလိမ့်မည်။ ဤသို့ဤသို့သော အကြောင်း တရားများကို ထောက်၍ ကျွန်ုပ်တို့၏ မိဘများ အမှန်တကယ် ဖြစ်ပျက်နေသော အရှိ၊ အသိများကို မျက်ကွယ်ပြုလိုက်ကြသည်။ အုပ်စိုးသူ အာဏာရှင်တို့ အလိုကျဖို့ မိမိတို့ သားသမီးများကို နိုင်ငံရေးမလုပ်ကြနဲ့ တားမည်။
အထပ်ထပ်သတိပေးမည်။ “ကျောင်းသားနှင့် နိုင်ငံရေး ဘာဆိုင်သနည်း။ ကျောင်းသားပဲ ကိုယ့်စာကိုယ်ဖတ်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊
နိုင်ငံရေးဆိုတာ မင်းတို့နဲ့ မဆိုင်၊ အုပ်ချုပ်သူ(ယခုမူ စစ်ဗိုလ်)တို့နှင့်သာ ဆိုင်သည်” ဟု လေသံတွေ ပစ်ကြမည်။ ဒီလိုနဲ့ မိဘများမှာ
မိမိတို့သားသမီး ဆေးသမားဖြစ်မှာ မပူရ၊ နိုင်ငံရေး သမားဖြစ်ရမှာ ပူပန်နေကြရသည်။ တော်ပါပေတယ်...ကိုရွှေ နအဖ တို့ရယ်။

ကျွန်ုပ်အဘယ့်ကြောင့် ဤမျှလေရှည်နေရသနည်း ဟုဆိုသော် “ကျောင်းသားနှင့် နိုင်ငံရေး ဘာဆိုင်သနည်း” ဟု အပြောခံရတိုင်း
အခံရခက်လှသည်။ ကျွန်ုပ်တို့အား ဦးနှောက်မရှိ၊ အတွေးအခေါ်မရှိ၊ ဥမမည် စာမမြောက်၊ နှပ်ချေးတွဲလောင်း အဆင့်လောက် အောက်မေ့နေခြင်းကို ရင်ဘတ်ထဲ အပ်နဲ့ဆွသလို နာလှသည်။ ထိုစကားပြောသော ပညာရှိသုခမိန်ကြီးများကို “ကျွန်တော်တို့များ
မအဘူးမှတ်နေသလား”ဟုပင် ပြန်နော့လိုက်ချင်သည်။

ကျွန်ုပ်တို့ မ အ ကြပါ။ ကျွန်ုပ်တို့ မကြောက်တတ်ကြပါ။ ထို့ကြောင့် ရှင်းရှင်းပဲ ဖြေပါမည်။ ကျွန်ုပ်တို့သည် ကျောင်းသားဟု
ခေါ်ဝေါ်နေရသော်လည်း ကျွန်ုပ်တို့အားလုံး လူသားများ စင်စစ်ဖြစ်ကြပါသည်။ သို့အတွက် လူအဖွဲ့အစည်းနှင့် ဆိုင်သော အရေးအားလုံး (နိုင်ငံရေးအပါအ၀င်) ကျွန်ုပ်တို့နှင့် ဆိုင်ပါသည်။ အဘယ်အကြောင်းကြောင့် ကျွန်ုပ်တို့ လူ့အခွင့်အရေးကို အဆုံးရှုံး ခံကြရမည်နည်း။

နိုင်ငံရေး နှင့် ဆိုင်ပုံအကြောင်း ထပ်မံ ရှင်းပြပါဦးမည်။ နိုင်ငံရေး ဟု ဆိုလိုက်သည်နှင့် အများစု မှာ ပါတီများ၊ အာဏာများ၊ အစိုးရအဖွဲ့များကိုသာ ပြေး၍ မြင်လိုက်ကြသည်။်ဤသို့သော ပါတီနိုင်ငံရေးမျိုးကို ကျွန်ုပ်မဆိုလို။ မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်မှုများကို ဖော်ဆောင်သော အမျိုးသားနိုင်ငံရေးမှသည် လူနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်သော ကမ္ဘာ့နိုင်ငံရေးများကို ဆိုလိုပေသည်။ နိုင်ငံရေးဟူသည် မိမိကိုယ်တိုင်နှင့် သူတစ်ပါး တိုးတက်ကောင်းစားရေးအတွက် ကူညီသော လုပ်ဆောင်မှုပင်ဖြစ်သည်။ တစ်စုံတစ်ခုအတွက် ခက်ခဲနေသူအား ကူညီလိုက်ခြင်း(၀ါ) ထမင်းစားစရာမရှိသူအား ထမင်းစားရအောင် ကြံဆောင်ပေးခြင်းသည်ပင် နိုင်ငံရေးဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဟူသည် ရိုးစင်းပါသည်။ ဖြူစင်ပါသည်။ မြင့်မြတ်ပါသည်။ သို့သော် မတရားသဖြင့် အုပ်စိုးလိုသူ အာဏာရူး (ဥပမာ- လက်ရှိမြန်မာပြည် စစ်အဆိုးရ) တို့ကြောင့် နိုင်ငံရေးသည် ညစ်ထေးလာရသည်။ မာယာ ပရိယာယ် ကြွယ်ဝလာရခြင်းဖြစ်သည်။

လူနှင့် လူ့အဖွဲ့အစည်း တိုးတက်ကောင်းစားရေးအတွက် လုပ်ဆောင်မှုကို နိုင်ငံရေးဟု ကျွန်ုပ်ဆိုခဲ့ပြီ။ ယနေ့ ကျွန်ုပ်တို့ အပါအ၀င် အများပြည်သူ ကောင်းစားရေးအတွက် ကြီးစွာသော အနှောက်အယှက် အဟန့်အတား ဖြစ်နေသော ကိုယ်ကျိုးရှာ လက်နက်ကိုင် အာဏာရှင်တို့ကို တော်လှန်ရမည်။ အာဏာရှင် အုပ်ချုပ်မှုကို ဖျက်သိမ်း၍ လူ့အဖွဲ့အစည်းကို အမှန်တကယ် ကိုယ်စားပြုသော အုပ်ချုပ်ရေး အဖွဲ့အစည်းမျိုး၊ တရားဥပဒေကြီးစိုးသောသ (မတရားဥပဒေ မဟုတ်) လူ့အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်မှသာလျှင် ကျွန်ုပ်ဆိုခဲ့သော လူနှင့် လူ့အဖွဲ့အစည်းတိုးတက်ကောင်းစားရေး ဟူသော နိုင်ငံရေး ပန်းတိုင်ကို ချီတက်နိုင်ပေလိမ့်မည်။

ထိုအခါ ကျွန်ုပ်တို့ ကျောင်းသားလူငယ်များ မည်သည့် အခန်းကဏ္ဍမှ ပါဝင်ကြမည်နည်း။ ကျရာမှ တက်ကြွစွာ ပါဝင်ကြရပါလိမ့်မည်။ ကျွန်ုပ်၏ ရောင်းရင်းများ၊ ညီအစ်ကို မောင်နှမများ...သွေးကြောင်နေကြပါသလား။ အနှစ်သာရ ကင်းမဲ့သော ဘွဲ့တံဆိပ်အတွက် လက်ရှိပညာရေးကို ဖက်တွယ်နေကြလျှင် ကျွန်ုပ်တို့၏ နောက်မျိုးဆက် (New Generation) များလည်း ဆက်လက်၍ အနှစ်သာရ ကင်းမဲ့သော ဘွဲ့တံဆိပ်များကို ဆက်လက် တပ်ဆင်နေကြရပေလိမ့်မည်။ ခေတ်ဆိုး၊ စနစ်ဆိုး၊ အာဏာရှင်ဆိုးတို့ အုပ်စိုးမှုအောက်၌ ဆက်လက်၍ ဘ၀တွေ ပျက်နေကြရပေလိမ့်မည်။ ထို့ကြောင့် လက်ရှိ ကျွန်ုပ်တို့ တိုက်ပွဲဝင်ရမည်။ ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့ရသော်လည်း နောက်မျိုးဆက်တို့ ကောင်းစားပါလိမ့်မည်။ ဤအတွက် ကျွန်ုပ်တို့ ကျေနပ်နိုင်ပါလိမ့်မည်။

ရောင်းရင်းတို့....
ကျွန်ုပ်တို့ တိုက်ပွဲအတွက် ဓားတွေ၊ ကျည်ဆံတွေ၊ သေနတ်တွေ မလိုပါ။ တစ်ခုတည်းသော လိုအပ်ချက်မှာ ခိုင်မာဇွဲသန်သည့် စိတ်ဓာတ်တည်းဟူသော လက်နက်သာ လိုအပ်ပါသည်။ ကျွန်ုပ်အထက်တွင် မေးခဲ့သော မေးခွန်းများကို ဆင်ခြင်ပြီး စိတ်အားတွေမွေး၍ စိတ်ဓားတွေ သွေးကြပါလော့...။

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ် [Photo: AFP] - ဧရာဝတီ အင်တာနက် မဂ္ဂဇင်း

နေအဂ္ဂ
၂၀၊ ၁၂၊ ၂၀၀၇

20 December 2007

ပဒေသရာဇ်စတိုင် ဘောပွဲတစ်ပွဲအကြောင်း

“မန္တလေးမြို့က မကြည့်ချင် ဘောပွဲတစ်ပွဲအကြောင်း”
BLACK


(ဒီရက်ပိုင်း အာဏာရူး သန်းရွှေတစ်ယောက် ပြင်ဦးလွင်မြို့မှာ ဗိုလ်သင်တန်းဆင်းပွဲ တက်ရောက်နေတာ အများအသိပါ။ သူတို့ နအဖ အထက်ပိုင်း ပုဂ္ဂိုလ်တွေဟာ အာဏာကို အလွဲသုံးစား လုပ်ကြတာဟာ အခုတော့ အသိဥာဏ်မကြွယ်ဝသေးတဲ့ ကျောင်းသားလူငယ်များထဲမှာပင် ပြောစရာတွေဖြစ်ကုန်ပါတယ်။ အကြောင်းကတော့ သန်းရွှေရဲ့ မြေးငယ်တစ်ယောက် (နာမည်မသိရ)ဟာ ဘယ်ကဘယ်လို စိတ်ရူးပေါက်ပြီး ဘောလုံးကန်ချင်စိတ်ပေါက်လာသလဲ မပြောတတ်ဘူး။ သူပူဆာလို့ သူ့အဘိုး ဘုရင်ရူး သန်းရွှေက မန္တလေး ဗထူးကွင်းကြီးထဲမှာ ဇွတ်ဘောပွဲတစ်ပွဲ စီစဉ်ကာ သူ့မြေးပါတဲ့အသင်းဘက်ကို ဇွတ်အနိုင်ပေးခိုင်းတဲ့ အကြောင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။ ဘောပွဲက (၁၇၊ ဒီဇင်ဘာ၊ ၂၀၀၇) ရက်နေ့မှာ ကျင်းပသွားတာပါဗျာ။ -ညိုကြီး)

ဘုရင်ရူးနှင့် သူ၏ မြေးတော် ဘောရူး

နအဖ ဂိုဏ်းချုပ် သန်းရွှေတစ်ယောက် ပြင်ဦးလွင် DSA သင်တန်း ဆင်းလက်မှတ် ချီးမြှင့်ပွဲသို့ အလာ၌ ၄င်း၏ မြေးတော် (၉)တန်းကျောင်းသား တစ်ယောက်လည်း ပါလာလေ၏။
သန်းရွှေမှာ ဘုရင်ရူး ရူးနေသကဲ့သို့ သူ့မြေးကလေးမှာလည်း ဘောရူး ရူးနေသည်ဟုဆို၏။ ထိုဘောရူးမြေးကလေးမှာ ရှောင်တခင် အားကစားစိတ်ဓာတ်များ ပြင်းထန်လာပြီး သူ့အဘိုးအား ဘောပွဲတစ်ပွဲ ကန်ချင်ကြောင်း ပူဆာရာ သူ့အဘိုး ဘုရင်ရူးကြီး၏ အပါးတော်မြဲများဖြစ်ကြသော နိုင်ရာ၊ နိုင်ရာ အာဏာပိုင်များက မနေသာတော့ဘဲ (၁၇၊ ဒီဇင်ဘာ၊ ၂၀၀၇)ရက်နေ့တွင် မန္တလေး၊ ဗထူးကွင်းကြီးထဲ၌ ဇွတ်ဘောပွဲတစ်ပွဲ စီစဉ်လိုက်ကြောင်း သိရသည်။

ဘောပွဲက တရားမျှတမှု ?

ထိုမြေးတော်ကြောင်သည် မန္တလေးမြို့၊ အထက (၁) အသင်းဘက်မှ ကိုယ်စားပြုကာ ကျောနံပါတ် (၁၄)ဂျာစီဝတ်၍ အထက (၉) အသင်းနှင့် ကစားကြသည်ဆို၏။ ၄င်း ပွဲကို လာရောက်ကြည့်ရှုရန် နီးစပ်ရာ စာသင်ကျောင်း၏ ကျောင်းသား၊ ကျောင်းသူများကို သမ္မန်စာဆင့်၍ မလာမနေရ လာအားပေးခိုင်းလေ၏။ ထိုပွဲအစီအစဉ်မှာ ပရိသတ်ကျောင်းသား၊ ကျောင်းသူများကို ၄င်း မြေးတော်ကြောင်ပါဝင်သော အထက(၁)အသင်းဘက်မှ ဇွတ်အားပေးခိုင်း၏။
ထို့အပြင် အခြားသတ်မှတ်ထားသော စည်းကမ်းများလည်း ရှိသေး၏။
-ထိုမြေးတော်ကြောင်ထံမှ ဘောလုံးကို ကြမ်းတမ်းစွာ မလုရ၊
-အထက(၁)ဘက်က တိုက်စစ်မှူးကျောင်းသားတစ်ယောက်ယောက်သည် ဂိုးသမားမရှိသော ဂိုးပေါက်ဝသို့ရောက်သည့်တိုင် ကိုယ်တိုင်ဂိုးမသွင်းရ၊
-ထိုမြေးတော်ကြောင်အား ဘောလုံးပေး၍ ဂိုးသွင်းစေရမည်၊
စသော ဘောလုံးစည်းမျဉ်းအသစ်များ ချမှတ်ကာ ပြိုင်ပွဲကို ကျင်းပသည်ဟူ၏။
ပရိသတ်ကျောင်းသားများ၏ အားပေးရပုံမှာလည်း အင်မတန် ထူးဆန်း၏။ အခြား ကျောင်းသားတစ်ဦးဦးက ဂိုးသွင်းလျှင် “ဂိုး” ဟူသော စကားလုံးကို ခပ်တိုးတိုးကလေး အော်ဟစ်ရပြီး သန်းရွှေ၏ မြေးတော်ကြောင်က ဂိုး သွင်းလိုက်လျှင်မူကား “ဂိုး”ဟူသော ထိုစကားလုံးကိုပင် အကျယ်ကြီး သံပြိုင် အော်ဟစ်ရသည် ဆို၏။
ပွဲအပြီးတွင်ကား သန်းရွှေ၏ မြေးတော်ကြောင်ပါဝင်သော အထက(၁)အသင်းက မျက်နှာမွဲ အထက(၉)အသင်းကို (၆-၂)ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူသွားလေသတည်း။

နောက်ဆက်တွဲသတင်း

ထိုဘောပွဲအပြီးနောက်ဆက်တွဲသတင်းအနေနှင့် ထိုဘောပွဲကို ဇွတ်အတင်း လိုက်ပါအားပေးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများနှင့် ၄င်းတို့၏ မိဘများမှာ ကျောင်းပျက်၊ ကျူရှင်ပျက်၊ အလုပ်ပျက် ဖြစ်ကြရသဖြင့် ခေါင်းတရမ်းရမ်း၊ တက်တစ်ခေါက်ခေါက်ဖြင့် မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

BLACK

Golden Extra-Time

“ရွှေဝါရောင် အချိန်ပို”
ပင့်ကူ
(http://drlunswe.blogspot.com/ )ကနေ ပုံရယူပါသည်


ပါလက်စတိုင်းတွေအဖို့ လူဟာ လက်နက်တဲ့
ကျုပ်တို့ မြန်မာတွေအတွက်တော့
မေတ္တာတရားဟာ လက်နက်
ဘာပဲပြောပြော
သေနတ်ခေတ်ကုန်ပြီ
ဥာဏ်ပညာ စစ်တလင်းမှာ
လူယဉ်ကျေးတို့ရဲ့ တဘောင်
အစိမ်းကို အ၀ါလွှမ်းမည်
ဘုရားစင်ပေါ်က
ဖက်ဆစ်တွေရဲ့ သေနတ်
ကလေးတွေလက်ထဲက ကစားစရာဖြစ်ရမည်
သေနတ်ခေတ်ကုန်ပြီ
အရာရာကို သေနတ်နဲ့ ဆုံးဖြတ်လို့
မရတော့တဲ့ နေ့တစ်နေ့
ရွှေဝါရောင် ဒုတိယ တော်လှန်ရေး ဇာတ်သိမ်းဟာ
တရားအတိုင်း လာနေပြီ
ငရဲနဲ့ နိဗ္ဗာန်ကို မယုံကြည်သူတွေအတွက်
အန္ဓတွေအတွက်
အောင်ခြင်း(၈)ပါးဟာ လင်းလက်မြဲ လင်းလက်ဆဲ
အဖိနှိပ်ခံ ပြည်သူအားလုံးရဲ့ ကိုယ်စား
ဘုရားရဲ့ ကိုယ်ပွား
ရွှေဝါရောင်သပိတ်
ကျုပ်တို့ မြန်မာလူမျိုးတွေအတွက်
ဒါဟာ- သမိုင်းဝင်လှုပ်ရှားမှုတစ်ခု ဖြစ်ခဲ့ရုံမက
ဗုဒ္ဓသာသနာဝင်မှတ်တမ်းတစ်ခုလည်းဖြစ်ခဲ့ရဲ့...
ဝမ်းနည်းစရာ
ဓမ္မနဲ့ အဓမ္မပြိုင်ပွဲ
နာကျင်အချိန်ပို ရောက်နေပါပေါ့....။ ။

ပင့်ကူ

18 December 2007

Silent Leader, Poet " MIN SET "

“ဦးသုမန (၀ါ) အသံတိတ် ခေါင်းဆောင် ကဗျာဆရာ မင်းဆက်”
ယမထာ
မင်းဆက် သည် ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေးတွင် ပြင်းထန်သော ယုံကြည်ချက်ဖြင့် ခေါင်းဆောင် ပါဝင်ခဲ့သော သံဃာတော်တစ်ပါးဖြစ်သည်။

မိမိ၏ အမှန်တရားယုံကြည်ချက်အတွက် တစ်နေ့တစ်နပ်သာ စားရသော ဆွမ်းတစ်နပ်ကိုပင် အငတ်ခံလျက် သံဃာ့လှုပ်ရှားမှုကြီး ထမြောက်အောင်မြင်ရန် မန္တလေးတွင် ဦးဆောင် လှုပ်ရှားခဲ့သည်။

သူသည် အသိဥာဏ် နိုးထစအရွယ်မှ ကြုံတွေ့ခဲ့သော ရှစ်လေးလုံး အရေးတော်ပုံကြီးကို အသည်းထဲတွင် သံမှိုစွဲသလို စွဲမြဲစွာ မှတ်သား ခံပြင်းခဲ့ပုံကို သူကိုယ်တိုင်ရေး သူ့အတ္ထုပ္ပတ္တိ ကဗျာ ရှည်တွင် မျက်ရည်ဖြင့် ကမ္ဗည်းထိုး မှတ်တမ်းတင်ခဲ့သည်။

ပခုက္ကူ၊ ရန်ကုန်မြို့တို့တွင် ရွှေဝါရောင် မေတ္တာသုတ် သပိတ်တိုက်ပွဲများ ပေါ်ပေါက်လာသောအခါ မန္တလေးတွင် အလားတူ သပိတ်များ ပေါ်ပေါက်ရန် မဆုတ်မနစ် လုံ့လထုတ် ကြိုးပမ်းခဲ့သည်။

ထိုင်းနိုင်ငံထုတ် ဥတ္တမ ဂျာနယ်တို့တွင်လည်း နိုင်ငံအတွက် ထူးချွန်ပြောင်မြောက်သော ကဗျာတို့ကို ရေးဖွဲ့ကူညီ အားပေးခဲ့သည်။

ယခုအခါ စစ်အဆိုးရ၏ ရက်စက်ယုတ်မာမှုတို့ကို ဖွင့်ချသော စာရွက်စာတမ်း ပြည်သူလူထုကြား ဖြန့်ဝေမှုဖြင့် စစ်ခွေးတို့၏ ရက်စက်စွာ ကိုက်ခဲမှုကို ခံယူတောင့်ခံရင်း မန္တလေး အိုးဘိုထောင်တွင် ထောင်နန်းစံ နေရရှာပေပြီ။

၎င်း မင်းဆက် ကား မိမိ အမှန်တရားအတွက် မဆုတ်မနစ် ဖော်ထုတ်ဝံ့သော အသံတိတ် သံမဏိ သူရဲကောင်း ပါပေတည်း။

ယမထာ

(ထို ကဗျာဆရာ မင်းဆက် (ဦးသုမန) သည် လက်ရှိ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲမှ အဖမ်းဆီးခံ သံဃာ (၆၀)ခန့် တွင် တစ်ပါးအပါအ၀င်ဖြစ်သည်။ ယခုအခါ ထောင်ဝင်စာ တွေ့ဖို့ရန် အခက်အခဲများစွာ ရှိနေသဖြင့် ထို သံဃာတော်များ၏ အခြေအနေများကို ဂဃနဏ မသိရှိရသေးကြောင်း သိရသည်။ - ညိုကြီး)

---------------------------------------------------------------------------

(ထို အဖမ်းဆီးခံ ကဗျာဆရာ မင်းဆက် (ဦးသုမန) ၏ ကဗျာတစ်ပုဒ်အား ဖော်ပြအပ်ပါသည်)

“၈၄-လမ်း လို့ ခေါ်လို့ ရမလား”
မင်းဆက်
(above picture taken from www.dpsmap.com)


ခေါင်းပေါ်က နှင်းဆီဝါလေး ပြုတ်ကျတာ မြင်ရတော့
ကျွန်တော် ၀မ်းနည်းရမှန်း သိနေသလို၊ ဒါလည်း မသေချာ
သေချာတာက ပူလောင်သူအတွက်ဆို
ရေအေးလေးတစ်ခွက်ဟာ ငါးဆယ်ကျပ်တဲ့၊ နောက်ပြီး
ဖရဲသီးစိပ်၊ နာနတ်သီးစိပ်၊ မြေပဲပြုတ် စသဖြင့်ပေါ့
ဈေးကွက် မြှင့်တင်ရေးလို မြို့ကို ပြတဲ့ လမ်းမပေါ် လမ်းလျှောက်လို့
မယုံကြည့်နေ ဟိုရှောက် ဒီရှောက်
မယုံ မရှိနဲ့ ဒီနားတ၀ိုက်မှာနေတဲ့ ရှောက်သီးတွေပဲ ဆိုတာ
တစ်ခုခုနဲ့ တေ့တေ့ဆိုင်ဆိုင် အခုတော့---
ရွှေဆိုင်နဲ့ အပေါင်ဆိုင်ကြားက ဘ၀တွေ ဘ၀တွေ
အောင်မြင်လာတဲ့တစ်နေ့ အဲဒီလမ်းနာမည် အကုန်ဝယ်လို့ရတယ်
ဒါပေမဲ့ အခုတော့ ခြေတစ်ပျက်လို မတ်တပ်ရပ်
အိုးမဲ့ အိမ်မဲ့တွေလို နေထိုင်၊ နောက်တစ်ခါ စစ်မီး အကြွင်းတွေလို
သက်ပြင်းတွေကို အကြိမ်ပေါင်းမြောက်များစွာ ခါထုတ်
ဟုတ်မှ ဟုတ်ပါ့မလား ကိုယ့်လူတို့
လမ်းဖယ်ပေးစမ်းပါ ခဏလေးအတွင်းမှာပဲ ဖြစ်ဖြစ်
နောက်ထပ် ပျင်းစရာတွေ လာတော့မယ်ဆိုတာ၊ ထီဆိုင်နဲ့
စတိုးဆိုင်နဲ့၊ ဘဏ်တိုက်နဲ့၊ စာအုပ်တိုက်နဲ့
တစ်ခုခုနဲ့ ၀င်တိုက်မိမလို ဖြစ်ရတဲ့အကြောင်း၊ အကြောင်းမျိုးစုံနဲ့
နောက်ထပ်လူတစ်ယောက်၊ နောက်ထပ် သမိုင်းသစ်တွေ ထမ်းလို့
နောက်ထပ်လူတစ်ယောက် ဘာဖြစ်မယ် ထင်သလဲ
ရာသီဥတုက နေနဲ့ည မကွဲပြားတော့ မလည်မ၀ယ်
ငွေရေး ကြေးရေး ချို့တဲ့သူတွေရယ်
လူမှုရေး စားဝတ်နေရေး အဆင်မပြေသူတွေရယ်
ဟုတ်တယ်၊ အတူနေတော့လည်း တဂျက်ဂျက်ပဲတဲ့
ကားဘရိတ်အုပ်သံ၊ လမ်းကို အလျှားလိုက် ဆွဲခေါ်သွားတဲ့ သံတိုသံရှည်
အဲဒါလည်း အလန့်တကြားတွေပါပဲ
ကြာရင် လန့်ဖျား ဖျားရတော့မယ်၊ အဆောက်အုံများ
ကြော်ငြာ ဆိုင်းဘုတ်များ ဟိုမှာ ရောဂါဘယ တစ်ခုလို ချောင်းမြောင်းလို့
ဘယ်လိုလဲ နေ့ရှိသ၍ ပူပူနွေးနွေး အပူငွေ့တွေနဲ့
ကျွန်တော်ဘယ်သူလဲဆိုတာ၊ အဲဒါလည်း မသေချာ၊ လူကို ချာချာလည်အောင်
ဟိုနားခဏတဖြုတ် ဒီနားခဏတဖြုတ်ဆိုပြီး၊ ဆိုပြီးတော့
ဖြုတ်ကောင်တွေလို လမ်းလျှောက်ရင်း တဖြုတ်ဖြုတ်ကြွေနေတဲ့လမ်း
ရှစ်ဆယ့်လေးလမ်းလို့ ခေါ်လို့ရမလား။ ။

မင်းဆက်

နေရပ်လိပ်စာ (အဖမ်းမခံရခင်က)
--------------------------

မင်းဆက်
ဦးသုမန (၉/မဟမ (သ) ၀၀၁၈၂၈)
သဒ္ဓမ္မပါလ ဆွမ်းစားဆောင်
လေသာကျောင်းတိုက်
၃၈+၈၉ လမ်းထောင့်
မန္တလေး

16 December 2007

ကဗျာဆရာများ၏ အခါတော်ပေး သ၀ဏ်

“ပြည်သူလူထုသို့ ကဗျာဆရာများ၏ အခါတော်ပေး သ၀ဏ်”
ယမထာ


ကျွန်ုပ်တို့ ပြည်တော်ဝင်ချိန်နီးပါပြီ။ ဓမ္မနဲ့ အဓမ္မတိုက်ပွဲတွင် ဘယ်ခေတ် ဘယ်အချိန်နဲ့ပင်ဖြစ်ပစေ။ ဓမ္မကသာလျှင် မုချ အောင်ပွဲခံရမည်ဖြစ်ပါသည်။
ပြီးခဲ့သော နိုဝင်ဘာ ၂၉ ရက်နေ့က အမေလူထု ဒေါ်အမာ မွေးနေ့တွင် ကျွန်ုပ်တို့ ကဗျာဆရာများသည် မိမိတို့ ကျရာ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပုံကို ပြည်သူလူထုကြီး အသိပင် ဖြစ်ပါသည်။
ကျွန်ုပ်တို့ လုပ်ခဲ့သော အလုပ်မှာ အမှန်တရား ဘက်တော်သားတစ်ယောက်၏ ပေးပို့လိုသော ရင်တွင်းခံစားချက်ကို သူသိစေလိုသော အမှန်တရား အမေ့ထံ အရောက်ပေးပို့ပေးယုံ ၀န်ဆောင်မှုလေးသာ ဖြစ်သည်။ ဘာမျှ မပြောပမလောက်။
သို့သော် တစ်စိတ်ကို တစ်အိတ်လုပ်တတ်ကြသော စစ်ခွေးတို့၏ ထုံးစံအတိုင်း ကျွန်ုပ်တို့ ရိုးသားသော အမှန်တရားလိုလားသော ကဗျာဆရာများကို ထိုစစ်ခွေးများက လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြ၏။

မပူပါနှင့် ပြည်သူလူထုကြီးခင်ဗျား။

ယခုအခါ၌ အမှန်တရား ဘက်တော်သားများသည် ပုန်းအောင်း တိမ်းရှောင်နေကြရ၏။ ရဟန်း၊ သံဃာတော်များလည်း မိမိတို့ တရား၊ ဘာဝနာ စီးဖြန်းရာ ကျောင်းသင်္ခမ်းများကို စွန့်ခွာ၍ တိမ်းရှောင်နေကြရ၏။ သို့သော် ဓမ္မဘက်တော်သားများ တိမ်းရှောင်နေရခြင်းသည် ယာယီအခိုက်အတန့်မျှသာတည်း။

မည်မျှပင် ပုန်းအောင်းတိမ်းရှောင်နေသည်ဖြစ်ပစေ၊ ကောင်းကင်မှာပဲ ပုန်းရှောင်ရှောင်၊ ရေထဲမှာပင် ငုပ်ရှောင်ရှောင်၊ ဂူထဲမှာပင် အောင်းရှောင်ရှောင်၊ အမှန်တရားတို့ရှိသည့်နေရာသို့ “အောင်ပွဲသည်” တွေ့အောင်ရှာ၍ ဆိုက်ရောက်လာမည်မှာ မုချ ဖြစ်ပေသည်။

ထိုအောင်ပွဲကို ကြိုဆိုရန် ပြည်သူလူထုကြီးသည် စိတ်ဓာတ်ကို ကြံ့ကြံ့ခံ၍ စောင့်ဆိုင်းနေပါရန် အောက်ပါ ကဗျာဖြင့် တိုက်တွန်း ဆော်သြော်လိုက်ရပါသည်။

ဓမ္မဘက်တော်သားများ မုချ အောင်ပွဲ ခံရမည်။

စစ်ဓနရှင်ဝါဒ ကျဆုံးပါစေ။
-------------------------------------------------------------------------------------

“ဆောင်းပြပွဲ”

မသေချာမှု တစ်ခုက
မသေချာမှု တစ်ခုပေါ်ပြိုလဲ
နောက်ထပ်မသေချာမှုတွေ
တစ်သီတစ်တန်းကြီး ထွက်ကျလာ။

အမှောင်ထဲမှာ အရုပ်မရှာပါနဲ့
ရှုခင်းတွေက ရှိပြီးသား
မင်းလိုအပ်တာ အလင်းရောင်။

ဖွင့်ပါ
ပြတင်းပေါက်ကို
ရဲရဲဖွင့်ပါ...
ဒီရာသီမှာ
ပန်းသစ် မပွင့်ချင် နေပါစေ
ပေါက်ပြီးသစ်ပင်တွေ မသေဖို့နဲ့
ပွင့်ပြီးပန်းတွေ မကြွေဖို့
ဂရုစိုက်... ။ ။

ယမထာ