"အဝေးရောက် ငှက်ကလေးတွေ ဖတ်ဖို့ ကဗျာ"
by Aung Yin Nyein
လေထဲ စက္ကူစွန်လေးတွေ ၀ဲပျံ
ကလေးတွေ
ဆော့ကစားနေတာ မြင်တိုင်း လွမ်းမိတယ်။
ဖိုးဇံနဲ့ ပီတိ
ကဗျာဆရာတစ်ယောက်မွေးဖွားဖို့
လူမသိ သူမသိ စတေးခံခဲ့ရတဲ့ သားကောင်တွေ။
စိတ်ကူးယဉ်ကမ္ဘာထဲမှာ
မင်းတို့နဲ့ အတူဆော့မယ်
အင်္ဂလိပ်စကားပြောသင်ပေးမယ်။
ရောင်စုံအရုပ်တွေ ပန်းချီဆွဲပြမယ်။
စဉ်းစားတတ်တဲ့ အရွယ်ဆို
လူတွေအကြောင်း၊ ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာအကြောင်း
လူ့ဘ၀ဟာ တ၀ီဝီ
အော်မြည်နေတဲ့ စက်ယန္တရားကြီးဖြစ်တဲ့အကြောင်း
ပြောပြမယ်။
အခုတော့ တစ်မြို့စီ ဝေးကွာလို့
မင်းတို့လည်း အဖေမရှိတဲ့ ကစားကွင်းထဲမှာ
ငါလည်း အဝေးစစ်မြေပြင်မှာ
ဒဏ်ရာကိုယ်စီ။
ငါဟာ မင်းတို့အနာဂတ်ကို မျက်နှာလွှဲလို့
ယောက်ျားမာနကို အနုပညာနဲ့ မောင်းနှင်သူ
နတ္ထိဝါဒီပါ
အယူခံဝင်စရာ မရှိပါဘူး။
လူဆိုတာ ကိုယ့်အတ္တကိုယ်တည်ဆောက်နေကြတဲ့ ဗိသုကာတွေ
လူတစ်ယောက်ရဲ့ အမှန်တရားဆိုတာ
အခြားတစ်ယောက်အမြင်မှာ
အမှားဖြစ်နေနိုင်တဲ့ ဒဿန
ဥာဏ်ပညာရှိသူ
မင်းတို့မေမေ ဆုံးမစကားပြောရဲ့လား။
ငါဟာ မင်းတို့မသိနိုင်တဲ့ အဓိပ္ပာယ်တွေနဲ့
ကဗျာဆရာ
ဒီမှာ အိပ်ရာဝင်ပုံပြင်နားထောင်ကြမလား။
မင်းတို့ရွတ်ဖို့
ကလေးကဗျာတွေလည်း ရေးထားတယ်။
သားတို့ရေ... သူငယ်ချင်တွေနဲ့ ဆော့ရင်း ပျော်ရွှင်မှုကို ရှာ
ကျောင်းစာတွေ သင်ရင်း လူ့ဘ၀ကို သင်ယူပါ
သတိရရင် ဖုန်းဆက်ပါ
စာရေးတတ်ရင် စာတစ်စောင်လောက် ရေးလိုက်ပါ။
အခု
သားအဖအဖြစ်ဟာ ဖြတ်တောက်လို့
လူ့ဘ၀ ၀င်္ကပါ
သံသရာဇာတ်လမ်းရှည်
တစ်နေ့နေ့ပြန်ဆုံနိုင်ကြဦးမှာလား။
လောက ဘာမှမရေရာ
ငါ့မှာ မင်းတို့
ငယ်နာမည်တွေ ရေရွတ်လို့
ဟိုးအဝေးမှာ လေထဲ စက္ကူစွန်ကလေးတွေ ၀ဲပျံလို့
အဖေဆိုတာ
မိသားစုဆီ
ပြန်မလာဖြစ်တော့တဲ့ ငှက်တစ်ကောင်သာ။
အောင်ရင်ငြိမ်း
၂၂ မေ ၂၀၀၆
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၆
(အောင်ရင်ငြိမ်း၏ "တစ်ကိုယ်ရေ အာသာဖြေခြင်း" စာသားများ စာအုပ်မှ...)