06 January 2008

MYANMAR INDEPENDENCE DAY TOPIC

(နယ်ချဲ့များလက်မှ လွတ်မြောက်ကာ ကျွန်တော်တို့မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ် ဇန်န၀ါရီ (၄)ရက်နေ့တွင် ကြေညာအပ်သော “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ကြီးကို ပြန်လည် ဖော်ထုတ် တင်ပြလိုက်ရပါသည်။ ယခုခေတ် မြန်မာပြည်စစ်အဆိုးရ လုပ်ကိုင်ကျင့်ကြံနေပုံများမှာ “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ပါ ရည်ရွယ်ချက်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပုံကို တွေ့ရှိနိုင်ပါသည်။
စာလုံးပေါင်းသတ်ပုံများကို ယခုခေတ်မြန်မာစာလုံးပေါင်းသတ်ပုံများအတိုင်း ပြုပြင်ထားပါသည်။
- ညိုကြီး)

(ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ပုံရယူပါသည်)

“ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”

အောင်စေသတည်း...။

၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော်(၉)ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်၊ တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤ ငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ...။

၂။ ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည် လိုရာမက ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမြတ်မွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါမြတ်အပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း သုံးမကုန်နိုင်သော ပဒေသာအစစ် အနှစ်သာရပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် စသည်ဖြင့် တစ်သွေးတစ်သားတစ်မိဖွားဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြကုန်၏။ တကောင်းသရေခေတ္တရာ ပုဂံ မြင်စိုင်း စစ်ကိုင်း ပင်းယ အင်းဝ ကုန်းဘောင် ထိုနောင် မန္တလေး အထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါတဲ့ပမာသို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအသင်္ချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ ညှိုးလျှော်နွမ်းလျ မထွန်းမပ ဖြစ်သကဲ့သို့ ငါတို့လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးသည်လည်း လွန်ခဲ့သော နှစ်ပေါင်းလေးရာက ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် ဖုံးအုပ်ခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြိုက်ကြုံ တွေ့ဆုံမိ၍ ပထမအင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏ လွတ်လပ်သော ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရဲကာ ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါ လရောင်သည် ပကတိ အသရေကို ပြန်၍ ဆောင်နိုင်လေသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ်ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ...။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေးကောင်းကင် တိမ်တင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်ပါ။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ခေါင်းဆောင်မှူးတို့၏ မဆုပ်မနစ်သော လုံ့လ မလျှော့သော ၀ီရိယ ဆီမီးတန်ဆောင်တို့ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ ၀ရဇိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျှော့မလို ထိုထိုဆိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့်ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူးအာဏာမြတ် ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ...။

၎။ ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ ကောင်းကျိုးချမ်းသာကို မလိုလား...။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ၊ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတစ်ဝှန်းကို တစ်သွေးတစ်သားတည်းဟူသော ကကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကကြိုးထူး ဤအကျိုး(၃)ပါးနှင့် ကမ္ဘာဆုံးတိုင် တည်တန့်ခိုင်မြဲအောင် ရစ်ပါတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ...။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက၄င်း ယခု မျက်မှောက်တွင်၎င်း နေင်လာလတ္တံ့သော အနာဂါတ်ကာလ၌၄င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့ အမွေအနှစ်အပိုင်ပစ္စည်း ကျိုးခံစားရသည် ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူအပေါင်းတို့၏ ပထမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်းတို့၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွမ်းမပြီ ပကတိ သန့်ရှင်းဖြူစင်သော မူလလူဝါဒနှင့် လျော်ညီစွာ စည်းကမ်းဥပဒေ သေချာထင်ရှား ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသော အခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ...။

၆။ သိကြကုန်လော့...ယနေ့ မင်္ဂလာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ...။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်ဆောက်မည်....။ ငါတို့သည် လွတ်လပ်သော နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်ပါမည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်...။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်...။ ဤငါတို့ ကြေငြာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း...။ ။

No comments: