03 April 2008

VOTE "NO"

ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ်

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား

မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှု့ဆော်တိုက်တွန်းနေကြပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက် ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေအတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။

အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ၊ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထားသလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေ များနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။

ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေးပြဿနာတွေ ကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှုတခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။

အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလိုဆိုထား ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။

ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၄၄၁)မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် မဲပေးသည့်ဆန္ဒမဲ. မဲအများဖြင့် အတည်ပြုပြဌာန်းလိုက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တဝှမ်းလုံး၌ အာဏာတည်သည်။”

ဒီပြဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါ တယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံ့နေတယ် ဆိုတာကို ထုတ်ဖေါ်ပြသ လိုက်တာပါပဲ။

ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။ စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ်(သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်း သားအဖွဲ့တွေ၊ ကိုးကန့်နဲ့ ‘ဝ’ဘိန်းဘုရင်တွေ၊ ကြံဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။

ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်း ကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။

နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူများလေလေ၊ ကန့်ကွက်မဲပေးသူများ လေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှု နေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြု လိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲဝင်နိုင်မှာပါ။

တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း ‘တစ်’က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ်ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံအတည်ပြုလိုက်ကြပါစို့လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။ လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ
(၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့
(၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့
(၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး စုရေးပြဿနာတွေကို ဖြေရှင်နိုင်စွမ်း မရှိလို့ပါ။

ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှုတခုလုံးကိုပါ ကန့်ကွက်တာပါ။ ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ဆွေးနွေးညိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ်လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသားအဖွဲ့အစည်းများကရော နိုင်ငံတကာမိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။

ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။

လေးစားစွာ

အောင်ဒင်
US Campaign For Burma
မတ်လ ၂၈၊ ၂၀၀၈

No comments: