11 October 2008

MAY I HELP YOU or WE NEED HELP FROM YOU..?

`` ရူးလို့ပြောတာလို့မှတ်လိုက်ပါ့မယ် ဗိုလ်ချုပ် မောင်ဦး ... ရယ် ´´



အောက်တိုဘာ(၅) ရက်နေ့က နေပြည်တော် မှာပြုလုပ်သွားတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၄၄) နှစ် မြောက် နှစ်ပတ်လည်နေ့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တမူထူးပြီး သွေးရူးသွေးတန်းနဲ့အရှက် မရှိ မဟုတ် တာကို အဟုတ်လုပ်ပြီး မိန့်ခွန်းပြောသွားပါတယ်။

တကယ်တော့ သူပြောခဲ့တဲ့ သူရဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးရဲ့ လုပ်ရပ်တွေဟာ လုံးဝကိုက်ညီမှု မရှိတာ မြန်မာတပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးနဲ့ နိုင်ငံတိုင်းကသိကြပါတယ်။ဒါပေမဲ့ သူကတော့ မသိတဲ့ ပုံနဲ့ တကယ်မသိတာလား.. မသိချင်ဟန်ဆောင်ပြီး နေပြည်တော်က သူအဖေများကျေနပ်အောင် ပြောသွားတာ လားတော့ သူပဲသိမှာပါ။

ဘာပဲဖြစ်ဖြစ် သူကဒီလို မသိချင်ဟန်ဆောင်ပြီး မျက်နှာပြောင်တိုက်ပြီးပြောလာတော့လဲ ကျွန်တော် ကလည်း မသိချင်ယောင်ဆောင်ထားတဲ့ တချို့အကြောင်းလေးတွေကို သူပြောသွားတဲ့ မိန့်ခွန်းနဲ့ညီလားလို့ နှိုင်းယှဉ်ပြချင်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၀င်တွေဟာ ကြက်ခြေနီနဲ့မီးသတ်လောက်တောင် သတ္တိမရှိ၊ အသုံးမကျတဲ့ သူတွေပါ။ အဲဒါကို အရှက်မရှိ မောင်ဦးက `` ပြည်သူလူထု ယုံကြည်လေးစား အားကိုးတဲ့ အဖွဲ့အစည်းကြီး ဖြစ်လာအောင် ဆောင်ရွက်ခဲ့တယ်တဲ့´´ ။ ဘယ်ပြည်သူလူထုကမှ ရဲကို မယုံကြည် မလေး စားကြပါဘူး။ရဲဆိုရင် ဝေးဝေးကရှောင်နေကြတာပါ။ သူတို့နဲ့အပေးအယူတည့်တဲ့ လူနည်းစုကတော့ လေးစားကြမှာပေါ့ဗျာ။ သူတို့ရဲ့ ရဲစခန်းအ၀င်ဝမှာ အရှက်မရှိ ချိတ်ထားတာက ``ကူညီပါရစေ´´ တဲ့ ကူညီပါရစေ ဆိုပြီး ပိုက်ဆံပေးမှ လုပ်ပေးတယ်။ ပိုက်ဆံပေးရင်တော့ အကုန်လုပ်ခိုင်းလို့ရပြီး သေးတဲ့အမှု ကို ကြီးအောင်လုပ်ဖို့ဝန်မလေးသလို၊ ကြီးတဲ့အမှုကို ရူးချင်ယောင်ဆောင်ပြီး ပျောက်အောင် လုပ်တတ် ကြပါတယ်။

ရဲစခန်းမှာ အမှုတစ်ခုဖွင့်တော့မယ် ဆိုရင် ပထမဦးဆုံး စတွေ့ရတာက ဂတ်စာရေးကြီး ၊ သူ့ကို ပိုက်ဆံ အနည်းဆုံးပေးမှ အမှုကို လက်ခံတာ ဒါတောင် တိုင်စာ က သူကိုယ်တိုင်ရေးပေးမှရတာ ။ တိုင်စာ ရေးပေးဖို့ နောက်ထပ် ငွေထပ်ပေးရပါသေးတယ်။တိုင်စာကို သူရေးပေးမှ ဘောင်ဝင်တာတဲ့။ အမှုတစ်ခုမှာ ပိုက်ဆံ ပေးနိုင်တဲ့ လူက အရင်နိုင်ပါတယ်။

လှိုင်သာယာ ရဲစခန်းက စခန်းမှူး ရဲအုပ် ၀င်းထွန်း တို့ဆီမှာ ဖြစ်တဲ့ အမှုတစ်ခုဆိုရင် .. အဲဒီ အမှုရဲ့ တရားခံက ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်တွေနဲ့ပတ်သက်ပြီးတော်တော်လေးကို ပေါက် ရောက်တယ်၊ နောက်ပြီး လှိုင်သာယာ ရဲစခန်းက စခန်းမှူးကအစ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ကိုပါ သူရဲ့ အိတ်ထဲ ထည့်ထား တာ၊ အင်းယားလမ်းမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီး မောင်ဦး အိမ်ကိုလဲ အမြဲ ၀င်ထွက် နေတဲ့လူ ဆိုတော့ တရားခံက တရားလို ဖြစ်သွားပြီး တရားလိုက တရားခံ ဖြစ်သွားပါတယ်။

အဲဒီ ဖြစ်စဉ် အကျဉ်းချုပ်ကတော့ ..

တရားလို က သူရဲ့ငွေ သိန်း(၄၅၀)ကို အပေါ်က လူကြီးတွေနဲ့ပိုင်တာ ကိုအကြောင်းပြပြီး လိမ်သွား တာကို တရားလို ကမကျေနပ်လို့ အမှုဖွင့်ဖို့အတွက် လှိုင်သာယာ ရဲစခန်းကို သွားတိုင်တော့ အဲဒီ ရဲစခန်း မှာရှိတဲ့ဂတ်စားရေးနဲ့စတွေ့ရတယ်။ ဂတ်စားရေးကတိုင်စာရေးပေးမယ် ဆိုပြီး တရားခံရဲ့အမည်၊ မှတ်ပုံတင်၊ နေရပ်အပြည့်အစုံနဲ့ တရားလိုထံမှာ ရှိတဲ့ အထောက်အထားတွေကို တောင်းတယ်၊ တရားလိုကလည်း သူထံမှာရှိတဲ့အထောက်အထားတွေကို ရဲရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းလို့ထင်ပြီး ဂတ်စာရေးကိုပေးလိုက်တယ်၊ နောက်ပြီး တိုင်စာရေးပေးခ ဆိုပြီး လေးသောင်းခွဲ တောက်းတဲ့အတွက် ပေးလိုက်ရပါတယ်။ဂတ်စာရေးက ငွေနဲ့ တရားလိုထံမှာ ရှိတဲ့ အထောက်အထားတွေကို ယူပြီး သူတိုင်စာရေးထားပေးမယ် ဆိုတဲ့ အကြောင်းနဲ့ နောက်နေ့ စခန်းမှူးရှိတဲ့အချိန်လာခဲ့ပါ။ မလာခင် သူဆီကို အရင်ဖုန်းဆက်ပါဆိုပြီး ရဲစခန်းက ဖုန်းနံပါတ် ပေးလိုက်ပါတယ်။

တရားလိုကလည်း သူပြောတဲ့အတိုင်း ဖုန်းနံပါတ် ယူပြီး ပြန်လာခဲ့ပါတယ်။ နောက်နေ့ ရဲစခန်းကို ဖုန်းဆက်ပြီး အမှု လာတိုင်လိုရပြီလားမေးတော့ စခန်းမှူး ဆို၊က၊ရေး၊တီး ပွဲသွားတယ် ဒီနေ့မလာနဲ့အုံး ၊ နောက်နေ့ ထပ်ဖုန်းဆက်တော့ စခန်းမှူး အိမ်သစ်တက်ပွဲ သွားတယ် မလာနဲ့အုံးဆိုပြီး အချိန်အမျိုးမျိုးဆွဲ ထားပါတယ်။

တကယ်တော့ တရားခံက သူတို့ လူကြီးတွေနဲ့ ပါတ်သက်နေတဲ့လူ ဖြစ်နေတဲ့အတွက် အမှုမဖွင့် နိုင်အောင် အချိန် ဆွဲထားတာပါ။နောက် တပတ်လောက်လဲကြာရော တရားလိုကို လှိုင်သာယာရဲစခန်းက အာမခံ မရတဲ့ ပုဒ်မ တပ်ပြီးလာဖမ်းပါတယ်။တရားလို က ဘာဖြစ်လို့ဖမ်းတာ လဲမေးရော လူကြီးတွေနဲ့ ပိုင်တဲ့ တရားခံထံက ငွေတွေယူပြီးပြန်မပေးလို့ ဖမ်းတာတဲ့။ တရားလို ငွေယူတယ်ဆိုတာ မှန်ပါတယ်။ သူငွေ သူပြန်ယူ တာပါ။ ဒါပေမဲ့ တရားခံက သူဆီက ငွေလက်ခံ ရရှိကြောင်းလက်မှတ်ထိုးပေးပါဆိုလို သဘောရိုး ထင်ပြီး ထိုးပေးလိုက်ပါတယ်။အဲဒီ ငွေလက်ခံ ဖြတ်ပိုင်း လေးကို ကိုင်ပြီး တရားခံက အမှု ဖွင့်တာ ။ အဲဒါကို အာမခံ မရတဲ့ ပုဒ်တပ်ပြီး ဖမ်းတာပါ။ တရားလိုက သူဆီမှာရှိတဲ့ အထောက်အထားတွေ ကဂတ်စာရေးထံမှာ ရှိတဲ့ အကြောင်းပြော တာကို ဂတ်စာရေးက ငြင်းတယ်။ တကယ်တော့ အဲဒီဂတ်စာရေးက လူကြီးတွေနဲ့ ပိုင်တဲ့ တရားခံကို ငွေသိန်း (၂၀) နဲ့ရောင်းလိုက်တာပါ။နောက်ပြီး တရားလိုကို ရဲစခန်းက နေ့မကူးဘဲ တရားရုံးမှာ ရမန် ယူပြီး ချက်ခြင်း အင်းစိန်ထောင် ပို့ လိုက်ပါတယ်။

အဲဒီ ဖြစ်စဉ်လေးဟာ ဘယ်လောက်ရင်နာစရာကောင်းလဲ .. ရဲကို ယုံကြည်လို့ တရားလိုဘ၀ ကနေ တရားခံ ဖြစ်သွားရတာပါ။ ဒီလို တရားလို ဘ၀ကနေ တရားခံဘ၀ ဖြစ်အောင် ဘယ်သူလုပ်တာလဲ..

အဖြေက ရှင်းရှင်းလေးပါ ရဲလုပ်တာပါ။

အဲဒီလို ဖြစ်စဉ်မျိုး မြန်မာ နိုင်ငံမှာရှိတဲ့ ရဲစခန်းတိုင်းမှာ ဖြစ်နေပါတယ်။``လူခင်ရင် မူပြင်တယ် ၊ လူမုန်းရင် မူသုံးတယ်´´ဆိုတဲ့ စကားဟာ ရဲစခန်းတိုင်းမှာ ချိတ်ထားတဲ့ ``ကူညီပါရစေ´´ ဆိုတဲ့ စာသားနေ ရာမှာ ချိတ်ရမဲ့ စာသားပါ။

မောင်ဦး အနေနဲ့ ဒီဖြစ်စဉ် တွေကို မသိလို့ အရှက်မရှိ ရှောက်ပြောနေတာလား။ရဲ မကောင်း ကြောင်း ရေးရင်တော့ အများကြီးပါ။`` ပြည်သူလူထု ယုံကြည်လေးစား အားကိုးတဲ့ အဖွဲ့အစည်းကြီး ဖြစ်လာအောင် ဆောင်ရွက်ခဲ့တယ်´´ ဆိုတဲ့ အဖွင့် စကားတောင် အပေါ်က ဖြစ်စဉ်နဲ့ယှဉ်ကြည့်ရင်တောင် မညီတာတွေ့ရတယ်.. အဲဒီတော့ နောက်ထပ်ပြောတဲ့ …

``ရဲလုပ်ငန်းများ ပိုမို သွက်လက် ထက်မြတ်အောင် ပြုလုပ်ရေး´´

``ရဲတပ်ဖွဲ့ဝင်တိုင်း စာရိတ္တ ဖြောင့်မတ်ရမည်၊စိတ်ထားဖြူစင်ရမည်၊လုပ်ရပ်မှန်ကန်ရမည်´´

``ရဲတပ်ဖွဲ့ဝင်တိုင်းသည် ဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်´´စသည်ဖြင့် မောင်ဦး ပြောခဲ့ ဒီဆောင်ပုဒ်တွေ အမှန်ဘူးဆိုတာ ထောက်ပြဖို့ ကျုပ်တို့မှာ သက်သေ အထောက်အထားတွေ အများကြီးရှိပါတယ်။

ဗိုလ်ချုပ် မောင်ဦးတို့အနေနဲ့ မဟုတ်ဘူးလို့ငြင်းမယ်ဆိုရင်တော့ ထပ်ပြီးဖော်ပြပေးပါမယ်။

နောက်ဆုံးအနေနဲ့ ခင်ဗျားတို့ကို ပြောချင်တာကတော့ အပေါ်က ခင်ဗျား မိန့်ခွန်းထဲမှာ ပြောသွား သလို ပြည်သူလူထု အပေါ်မှာရင်ဝယ်သားလိုကောင်းပြစရာမလိုပါဘူး၊ ကောင်းလဲ ကောင်းမှာမှ မဟုတ်တာ။

ခင်ဗျားအနေနဲ့ မြန်မာနိုင်ငံမှာ နေပြီး အမှန်တရားကို လက်ကိုင်ထား ဆောင်ရွက်မယ်ဆိုရင် ဒါမှမဟုတ် ခင်ဗျားတို့ ရဲ့ ဥပဒေကြီးကို ပြည်သူတွေအတွက် နေရာတကျ အသုံးချမယ်ဆိုရင် တော်တော် သတ္တိရှိပြီး ဘယ်လူကြီးနဲ့ ပတ်သက်လို့၊ငါ့ဆွေမျိုးမို့လို့၊ဘယ်သူ့သားမို့လို့ စသဖြင့် မကြောက်မှ ဖြစ်မှာ။

အမှန်တရားအတွက် ရဲရဲဝင့်ဝင့် ဖော်ထုတ်ခဲ့တဲ့ ကျုပ်တို့ရဲ့ နောင်တော် သူရဲကောင်းတွေကတော့ အမှန်တရားကို လက်ကိုင်ထားလွန်းလို့ထောင်ထဲကကို မထွက်ရပါဘူး။အမှန်တရားအတွက် လုပ်နေတဲ့လူ တွေကို နည်းမျိုးစုံနဲ့ ပုဒ်မတပ်ပြီး ထောင်ထဲထည့်နေမှတော့ ခင်ဗျားတို့ဆီမှာ အမှန်တရား မရှိဘဲ အမှားတွေ ဘဲရှိနေမှာပေါ့။

ခင်ဗျားတို့ တကယ်ပြည်သူလူထုအပေါ်မှာ စေတနာထားပြီး သတ္တိရှိရှိဆောင်ရွက်မယ်ဆိုရင် မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ အဖြစ်အပျက်အားလုံးကို အမှန်အတိုင်းဖော်ထုတ်ပြောကြားနိုင်ပြီး ထောင်ထဲမှာရှိနေတဲ့ ကျုပ်တို့ရဲ့နောင်တော်တွေရဲ့ တရားခွင်ကို အများပြည်သူ နားထောင်လို့ရအောင် လုပ်ပေးသင့် တာပေါ့။ ကျုပ်ပြောတာတွေကိုမှမလုပ်ပေးနိုင်ရင်လဲခင်းဗျား မိန့်ခွန်းပြောခဲ့တာတွေကို တာတွေကို ရူးလို့ပြောတာလို့ မှတ်လိုက်ပါမယ်။

၈၈ ကျောင်းသားဟောင်း

No comments: