16 November 2008

TODAY MANDALAY = A CHINA TOWN

"ကျွန်တော်တို့မိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်"
အောင်ဘာလေ
( MANDALAY ICON MAGAZINE - http://mandalayicon.com မှ ကူးယူဖော်ပြသည်)


ဟောဒီ မန္တလေးသူ၊ မန္တလေးသားတွေ နေ့တိုင်း နေ့တိုင်း နေလုံးကို ကျောပိုးပြီး မြို့တော်ကြီးထဲ လာကြတယ်။ ဟောဒီမန္တလေးသား၊ မန္တလေးသူတွေ နေ့တိုင်းနေ့တိုင်း နေလုံးကို ကျောပိုးပြီး မြို့တော်ကြီးထဲက ပြန်ကြရတယ်။

* စက်ဘီးတစ်စင်း လူတစ်ယောက်။
* စက်ဘီးတစ်စင်း လူနှစ်ယောက်။
* စက်ဘီးတစ်စင်း လူသုံးယောက်။
* တစ်ယောက်က ဝမ်းကြာတိုက်ထဲမှာပေါ့။

ကိုယ်ပိုင်စက်ဘီးလည်းပါတယ်။ နေ့တွက်နဲ့ ငှားလာတဲ့ စက်ဘီးတွေလည်းပါတယ်။ ခွေတစ်ဘက်ကပ်နေတဲ့ စက်ဘီး။ ခွေတွေ သံချေးကိုက် နေတဲ့ စက်ဘီး။ ဟပ်ဘောတွေ ကျောက်ပေါက်မာထနေတဲ့စက်ဘီး။ စပုတ်တံ မစုံတဲ့စက်ဘီး။ မတ်ဂတ်က သံစုံမြည်နေတဲ့ စက်ဘီး။ ကျွတ်အဖာတစ်ရာ ကွန်ပေါင်း တာယာနဲ့ စက်ဘီး။ ရှေ့ဘရိတ်ပါးပါး၊ နောက်ဘရိတ်အားထားတဲ့စက်ဘီး။ စိန်ပန်းဘီး၊ မြင်းခြံဘီး၊ တရုတ်၊ ကုလား၊ သင်္ဘောကျစက်ဘီးပေါင်းစုံက ဘဝပေါင်းစုံကို တင်ဆောင်ပြီး ဒီဝီဇံတပ်မကြီးတွေအလား အားကောင်းမောင်းသန် လာနေကြတယ်။

လုပ်ငန်းခွင်ကို အချိန်မီရောက်ဖို့။ ငါးမိနစ်နောက်ကျရင် နေ့တွက်ထဲက ကျပ်နှစ်ရာတိတိဖြတ်မယ်တဲ့။ ကျပ်နှစ်ရာကို စာဖွဲ့နေရသူများ မောင်းသန် အားကောင်း နင်းလာနေကြပြီ။

စလင်းဘတ်လွယ်သူ၊ လွယ်အိတ်စလွယ်သိုင်းသူ၊ ခြင်းတောင်း စက်ဘီးလက်ကိုင်မှာ ချိတ်သူ၊ လျှာထိုးဦးထုပ်ဆောင်းသူ၊ ဂျုံရိုး ခမောက်ဆောင်းသူ၊ သံပုရာခွံဦးထုပ်ဆောင်းသူ တက်သုတ်ရိုက်လာနေကြတယ်။

သူတို့ ဦးထုပ်အောက်မှာ အနာဂတ်အတွက် စိတ်ကူးတွေ တစ်လှေကြီး။ မနက်ဖြန်အတွက် အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ပေါ့။ ကြံကောင်း စည်ရာတွေလည်း တနင့်တပိုးကြီး။

ဖာဂူဆင်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်၊ ဖာဂူဆင်ကို အဝါကတ်ပြထားသူတွေလည်း ပါကြတယ်။ စိုင်းစိုင်းခမ်းလှိုင်ကို လည်မှာဆွဲထား သူတွေလည်းပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေကို ဘိန်းစွဲသလို စွဲနေသူတွေလည်း ပါတာပေါ့။

ညောင်ပင်ဈေးပလာဇာက တီရှပ်ဝတ်သူလည်းပါသလို အင်ဂျင်ဝိုင်ကြော်ငြာ ဝတ်ထားသူတွေလည်း ပါတယ်။ နေကြာစေ့ကြော်ငြာ တီရှပ်ဝတ်ထားသူ တွေပါသလို ကော်ဖီမှုန့်တံဆိပ် တီရှပ်လည်းပါတယ်။ တိုင်းရင်းဆေးစွပ်ကျယ် ချိုင်းပြတ်လေးလည်း ပါလိုက်သေးတယ်။

သူတို့ဗိုက်ထဲမှာ ပိစပ်ရွက်တွေရှိလိမ့်မယ်။ သူတို့ဝမ်းထဲမှာ စူလာနဖာရွက်တွေရှိမှာ အသေအချာပဲ။ သူတို့အစာအိမ်ထဲမှာ သံမနိုင် ကျောက်မနိုင် သတ္တုရည်တွေလည်း ရှိနိုင်သေးတယ်။

မြို့သစ်လေးရဲ့ အစပထမသိပ္ပံလမ်းမကြီးရဲ့ လမ်းနဘေးဝဲယာက အဆောက်အဦတွေက သူတို့ကို ဂရုမစိုက်ကြပေမယ့် သူတို့ကတော့ အဲဒီ အဆောက်အဦးတွေကို မမေ့ကြပါဘူး။

အို . . . . . စံပြ

* သိုးခြံ၊ အင်းခရု
* မြရည်နန္ဒာ၊ ကန်သာယာ၊ အောင်ပင်လယ်
* အောင်သာယာ၊ ထန်းကိုးပင်၊ သင်ပန်းကုန်း၊
* စက်မှုမှ ကျွန်တော်တို့ မိတ်ဆွေများ။

လူမှန်ရင် စက်ဘီးတစ်စင်းနဲ့ ထမင်းချိုင့်တစ်လုံးတော့ ပိုင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ မိတ်ဆွေများရဲ့ဘဝကများ ပြဋ္ဌာန်းခဲ့လေသလား။ သိပ္ပံ ဆန်ကိုစားပြီး သိပ္ပံလမ်းမကြီးပေါ်မှာ နေ့စဉ်ရက်ဆက် စက်ဘီးကို အိမ်ထောင်ဖက်လုပ်ပြီး သွားလာဖြတ်သန်းနေကြတဲ့ မိတ်ဆွေများ သိပ္ပံကျောင်းဆိုတာရော ကြားဖူးပါရဲ့လား။

ဟိုက်ဒရိုဂျင်နှစ်ဆနဲ့ အောက်ဆီဂျင်တစ်ဆပေါင်းခဲ့ရင် ရေဖြစ်သတဲ့လေ။ ဒါတွေ ငါတို့မသိ၊ အလုပ်ရှိရင် ရေရှိမယ်။ ရေရှိရင် ထမင်း ရှိမယ်။ အဲဒါပဲ ငါတို့သိတယ်။

အလို . . . . သိပ္ပံလမ်းမကြီးပေါ်မှာ ဝိဇ္ဇာနည်းကျ သြဠာရိကဆရာတွေ၊ ကြွေဗေဒင်ဆရာလည်းပါတယ်။ လက်သမားဆရာ၊ အကြော ပြင်ဆရာ၊ နယ်လှည့်ဓာတ်ပုံဆရာ၊ လေးဘီးဆရာ၊ ပန်းရံဆရာ ၊ ဆိုက်ကားဆရာ၊ အဖျော်ကောင်းတဲ့ တီးဆရာလည်းပါ။ ဆရာ, . . . . . ဆရာ. . . . ဆရာတွေ သူတို့ဘဝတွေကို ဝဇ္ဇာနည်းလည်းမက၊ သိပ္ပံနည်းလည်းမကျ ကြုံသလိုဖြေရှင်းနေကြတယ်။

မိတ်ဆွေတို့ရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး ကစားကွက်မှာ လှေကားကတိုတို၊ အစင်းရေကနည်းနည်း၊ မြွေတွေက ရှည်ရှည်၊ အကောင်ရေက များများ၊ ဘဝအံစာတုံးကို မာရ်နတ်က တစ်တွေချည်း ထွင်းခဲ့ပါလိမ့်။

ကမ္ဘာပြားပြီတဲ့လား။ မဟုတ်သေးပါဘူး။ ရေနီမြောင်းအတက်မှာ ကုန်းကခပ်မော့မော့လေး။ အောင်သာယာလမ်းကွေ့နားမှာ ကျင်းတွေ ချိုင့်တွေချည်း။ ကမ္ဘာပြားပြီဆိုပေမယ့် ညီညီညာညာတော့ ဟုတ်မယ်မထင်ကြသူတွေ။

အို . . . . . စံပြ

* သိုးခြံ၊ အင်းခရု
* မြရည်နန္ဒာ၊ ကန်သာယာ၊ အောင်ပင်လယ်
* အောင်သာယာ၊ ထန်းကိုးပင်၊ သင်ပန်းကုန်း၊
* စက်မှုမှ ကျွန်တော်တို့ မိတ်ဆွေများ။

ဌာနေဟောင်းဖြစ်တဲ့၊ ဇာတိချက်ကြွေဖြစ်တဲ့ ရန်မျိုးလုံ၊ ပြည်ကြီးပျော်ဘွယ်၊ အောင်နန်းရိပ်သာ၊ ချမ်းအေးသာစံ၊ ရတနာဘုမ္မိ၊ ပြည် လုံးချမ်းသာ၊ မောရဂီဝါ၊ မေဃဂီရိ၊ အောင်မြေသာစံ . . . . . . . . ကို လွမ်းဆွတ်သတိရနေကြပြီလား။

* ဌာနေဟောင်းဟာ လွမ်းလို့ကောင်းပါတယ်။
* ဇာတိမြေဟာ လွမ်းဖို့ကောင်းလှတယ်။

နဖူးကချွေး ခြေမကျဖန်များလို့ ခြေထောက်မကျင်တာပေါ့။ ချွေးဆိုတာ ငန်ပျပျအရသာရှိတဲ့အကြောင်း မိတ်ဆွေတို့ အသိဆုံးလေ။

နေ့သစ်တစ်ခုရဲ့ အရုဏ်ဦး ရောင်ခြည်ကို မိတ်ဆွေတို့ အသိဆုံးလေ။ ဟိုးဆင်ခြေဖုံးကနေ မြို့တော်ထဲ။ မြို့တော်ထဲကနေ မိတ်ဆွေတို့ အိမ်အထိ လာရတဲ့ ခရီးအကွာအဝေး မတူကြသလို ပြန်ကြရတဲ့ ခရီးမိုင်တွေ မတူကြပေမယ့် ကျွန်တော့်မိတ်ဆွေတွေရဲ့ နှလုံးခုန်စည်းချက်တွေက တူညီကြတဲ့ အကြောင်းတော့ ကျွန်တော်တို့ သိကြပါတယ်လေ . . . . . .။

အောင်ဘာလေ

( http://mandalayicon.com မှ ကူးယူဖော်ပြပါသည်)

2 comments:

ကိုဖွကြီး said...

ခံစားရတယ်၊ ကိုယ်တိုင် သိပွံလမ်းကို ဘီးနဲ့  စုန်ဆန်ခဲ့ဖူးသူ ဆိုတော့ရင်နင့်သွားတယ်။

tml said...

i love mandalay people, and really, i miss ....