16 February 2011

Bad News For Buddha's Sons and Daughters of Muse District

မူဆယ်ခရိုင်မှာ ဗုဒ္ဓသာသနာ အစော်ကားခံရပြီလော

"မူဆယ်ခရိုင်အတွင်း ရဟန်းသံဃာ၊ သီလရှင်များ လှည့်လည်အလှူခံခွင့်မရှိ၊ အလှူခံချင်လျှင် ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ရှိ" ဟု ဟု မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ထား



မူဆယ်မြို့၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အသိပေးစာတစ်ခု ဖတ်ခဲ့ရသည်မှာ လွန်စွာထူးခြား၏။ မြန်မာ-တရုတ် ၂ ဘာသာဖြင့် ရေးသားထားသော ယင်းအသိပေးစာမှ မြန်မာဘာသာကို ကူးယူဖော်ပြလိုက်ပါသည်။ (ပူးတွဲပါပုံတွင်လည်း ကြည့်နိုင်ပါသည်)



မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာန

အသိပေးစာ

မူဆယ်ခရိုင်၊မူဆယ်မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ မူဆယ်ဒေသအတွင်း မည်သည့်၊ ရဟန်းသံဃာ သီလရှင်များကိုယ်တိုင်ဈေး၊ရပ်ကွက်လူနေအိမ်များတွင်လှည့်လည်အလှူခံယူခြင်းအား ခွင့်မပြု ထားသလို၊ တည်းခိုခန်း၊ လူနေအိမ်များတွင် နေထိုင် ခွင့်မပြုထားပါ။

မူဆယ်မြို့နယ်မှအလှူခံယူလိုသူများကိုလည်း၊ မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ ဒေသအာဏာပိုင်ထံ ခွင့်ပြုချက်ယူ၍ ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ပြုပါသည်။

ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ခရိုင်သာသနာရေးမှူး
မူဆယ်ခရိုင်

(မြန်မာနိုင်ငံမူဆယ်မှ တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ အထွက် နယ်စပ်ဂိတ်။ အသိပေးစာကို အနီဖြင့် ၀ိုင်းပြထားသည်)

စာကို ဖတ်မိပြီး ဗမာနိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စာရေးသူမှာ အလွန်အံ့သြကာ ဗုဒ္ဓသာသာနာအတွက် ရင်လေးမိပါတော့သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် လှည့်လည်ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးခဲ့ပါသည်။

ကြယ်စင်ရေးသားသော "ဘုရားရှင်တို့၏ တူညီသော အချက် ၃၀" https://sandarthuriya.wordpress.com/
တွင် ဘုရားရှင်တို့မည်သည် ဆွမ်းခံကြောင်း ဖတ်ရှုနိုင်သည်။

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://ashinnyanadipa.blogspot.com ရေးသားသော "ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော..." ဆောင်းပါးတွင်လည်း ဆွမ်းခံခြင်းအကြောင်းကို ရှင်းပြထားသည်။

သို့ဖြစ်ရာ ပူးတွဲပါ အသိပေးစာအရ ဗုဒ္ဓသာသာနာတော်မှာ ညှိုးနွမ်းဖွယ်ရာဖြစ်နေပါသည်။ ရက်အကန့်အသတ်ဖြင့် ဆွမ်းခံ(အလှူခံ)လိုလျှင်တောင် ဒေသအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ယူရမည်ဟု ဆိုထားပြန်ရာ ယနေ့ အာဏာရှင်များခေတ်တွင် ဘုရားပွင့်တော်မူလျှင်တောင် ထိုဘုရားရှင်မှာ ဆွမ်းခံ(အလှူခံ)လိုလျှင် ဒေသဆိုင်ရာ အာဏာပိုင်တို့ထံမှ ခွင့်ပြုချက်တောင်းရဦးမည်ကဲ့သို့ ဖြစ်နေပါသည်။

"ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်" ဟုဆိုသေးရာ ဗုဒ္ဓဘုရား၏ သားတော်၊ သမီးတော် ရဟန်းသံဃာ၊ သီလရှင်များအဖို့ ဆွမ်းခံ(အလှူခံ)ဖို့ရာမှာပင် ထောက်ခံချက်မရှိပါက အဖမ်းခံရဖွယ်(အရေးယူခံရဖွယ်)ဖြစ်နေပါသည်။

မူဆယ်မြို့မှ အဆိုပါ အသိပေးစာကား ဗုဒ္ဓဘာသာ၊ သာသနာကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်ဖြစ်ပေသည်။

မူဆယ်ခရိုင်မှာ ဗုဒ္ဓမျက်နှာတော် အိုးမည်းအသုတ်ခံလိုက်ရချေပြီတည်း....။ ။

ဝမ်းနည်းစွာဖြင့်-

ဘ၀ဧည့်သည်တစ်ဦး (ခေတ္တ မူဆယ်)

1 comment:

Anonymous said...

ကိုယ်တော့် အထင်
ဒီကိစ်စ စိတ်ဝင်စားသွားပြီ သေချာစွာစုံစမ်းသင့်တယ် သံဃာတော် သီလရှင်လေးတွေ ဆွမ်းခံတဲ့ကိစ်စလောက်နဲ့ဖြစ်ရင် သာသနာတော်ကို စော် ကားရာရောက်သွားပြီ။
ဒါပေမဲ့ ဆွမ်းခံရုံလောက်မဟုတ်ပဲနဲ့ ငွေ အသပြာတွေလိုက် အလှူခံနေရင် သို့မဟုတ် ဆွမ်းခံချိန်ထက် ကျော်လွန်ရင် တော့ အလှူခံတဲ့ အရှင်တွေများ သာသနာတော်ကို စော် ကားနေသလိုလား လို့ထင်နေပါသည်။