10 April 2013

မေမေနဲ့ ဖေဖေတို့ရဲ့ အပြစ်ပါ

"မေမေနဲ့ ဖေဖေတို့ရဲ့  အပြစ်ပါ"

သားညိုကြီး အသားမည်းတာ
မေမေနဲ့ ဖေဖေတို့ရဲ့ အပြစ်
သားညိုကြီး လူမှား အသတ်ခံရလည်း
မေမေနဲ့ ဖေဖေတို့ရဲ့ အပြစ်ပဲ
မေမေနဲ့ ဖေဖေတို့ကမှ
အသားဖြူအောင်
လူမှား အသတ် မခံရအောင်
မွေး မပေးခဲ့ဘဲကိုး
တစ်ကမ္ဘာတည်း နေထိုင်ကြသူအချင်းချင်း
ဘာသာ၊ အသားအရောင် ကွဲပြားမှုအပေါ်မူတည်ပြီး
ဘာလို့ အချင်းချင်း မုန်းတီး သတ်ဖြတ်နေကြတာလဲ မေမေနဲ့ ဖေဖေ
လင်ကွန်းမတိုင်မီခေတ် အမေရိကန်မှာ သားညိုကြီး လူဖြစ်ခဲ့ရင်
အသားမည်းလို့ဆိုပြီး ကျွန်ဖြစ်ရင်ဖြစ်
ကျွန် မဖြစ်ရင်လည်း အသတ်ခံရတဲ့အထဲ
သားညိုကြီး ပါသွားခဲ့မှာပဲ မေမေနဲ့ ဖေဖေ
ဟစ်တလာခေတ် ဂျာမနီမှာ သားညိုကြီး လူဖြစ်ခဲ့လို့ ဂျူးဖြစ်နေရင်
(သားညိုကြီးက ကလေးငယ်လေးဖြစ်နေပစေ)
ဂျူးဖြစ်လို့ဆိုပြီး အသတ်ခံခဲ့ရမှာပဲ မေမေနဲ့ ဖေဖေ
အသားအရောင်နဲ့ ဘာသာတရား ရန်ပွဲစစ်ပွဲတွေအကြား
အင်အားကြီးတဲ့သူဘက်က သတ်ဖြတ်ခြင်းကို
သားညိုကြီး ခံစားရဦးမှာလား မေမေနဲ့ ဖေဖေ
အသားမည်းရခြင်းမှာ ရင်နာတယ်
အရေပြားကို ဆုတ်ခွာ၊ အရေပြားကို ရေနွေးပူလောင်းချ
ဆင်ဖြူတွေလို ခရုသင်းစွဲမှ လူတွေက ချစ်ကြမှာလား မေမေနဲ့ ဖေဖေ
မေမေနဲ့ ဖေဖေတို့ ကိုးကွယ်ရာ ဘာသာ
သားညိုကြီး ကိုးကွယ်ခဲ့ရတယ်
အဲဒီဘာသာတရားကို မုန်းတီးတဲ့ နိုင်ငံတစ်ခုခုမှာ လူသွားဖြစ်ခဲ့ရင်
အဲဒီဘာသာတရားပေါ်မူတည်ပြီး
သားညိုကြီး အသတ်ခံရဦးမှာလား မေမေနဲ့ ဖေဖေ
အမုန်းတရားတွေ ဘယ်တော့ငြိမ်းပါ့မလဲ...
သားညိုကြီးနာမည်ကိုတောင်
သားဖြူကြီးလို့ ပြောင်းလိုက်ရတော့မလား
မေမေနဲ့ ဖေဖေ ။ ။

ညိုကြီး
၂၀၁၃၊ ဧပြီ ၅

No comments: