23 April 2013

ကျွန်တော်လား ?


" ကျွန်တော်လား "

လူတွေကို ကယ်တင်ဖို့
လေယာဉ်ပျံနဲ့ ခရီးသွားတယ်
ကောင်းပေ့ဆိုတဲ့ ဟိုတယ်မှာ တည်းတယ်
အရသာရှိပေ့ဆိုတဲ့ ဟိုတယ်စာ စားတယ်
ဈေးကြီးပေ့ဆိုတဲ့ ဟိုတယ်အစည်းအဝေးခန်းမတွေ ငှားတယ်
သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖိတ်ခေါ်
စည်းဝေးတယ်၊ ၀ါ့ရှော့တယ်၊ လက်ချာရိုက်တယ်၊ ဟောပြောတယ်၊ တွေ့ဆုံဆွေးနွေးတယ်
ပွဲတွေ ပွဲတွေမှာ
ငွေတွေကို ပုံအောသုံးတယ်
ပွဲတွေ ပွဲတွေမှာ
အလှူကြီးပေးနေသလို ကျွေးတယ်၊ မွေးတယ်
ဘတ်ဂျက်ပိတ်ချိန်အမီ ချထားပေးတဲ့ ငွေတွေ မကုန်မှာစိုးလို့
မကုန် ကုန်အောင် သုံးတယ်၊ အသုံးပြရတယ်
ချောင်းသာ၊ ပုဂံ
ပုပ္ပားတောင်၊ ဧ၀ရက်တောင်
ဘယ်နေရာမှာဖြစ်ဖြစ် ပွဲတွေ ပွဲတွေ စီစဉ်လို့ရတယ်
ကမ္ဘာ့အလှူရှင်များက ပေးတဲ့ငွေ
မြန်မာ့မြေပေါ်မှာ ပျော်ပျော်ကြီး သုံးကြမယ်
အစိုးရဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ အတူတကွ
ကျွန်တော်တို့ ပျော်ပျော်ကြီး သုံးကြမယ်
လူတွေကို ကယ်တင်ဖို့
ကျွန်တော်တို့ ဇိမ်နဲ့နေမှ ဖြစ်မယ်မဟုတ်လား
လူတွေကို ကယ်တင်ဖို့
ကျွန်တော်တို့ ပျော်နေဖို့ လိုမယ်မဟုတ်လား
လူတွေကို ကယ်တင်ရင်း
ကျွန်တော်တို့ မြတ်အောင်လည်း ကြံရမယ် မဟုတ်လား
လူတွေကို ကယ်တင်ရင်းနဲ့ ကျွန်တော်တို့ ပိုပိုပြီး ချမ်းသာလာတာ
ခင်ဗျားတို့ မြင်စေ့ချင်တယ်ဗျာ
ကျွန်တော်လား...
ခင်ဗျားတို့ သိပါတယ် ။ ။

ညိုကြီး
၂၃၊ ၄၊ ၂၀၁၃

(မှတ်ချက် ။ ။
ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာလည်း ကျွန်တော်တို့လို လူစား အများသားပါတဲ့ ခင်ဗျ။ ထူးဆန်းပေစွ... အိုလောက ။)

No comments: