23 February 2015

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက်

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက် 
(၁၆ - ၂ - ၂ဝ၁၅)
၁။ ကျွန်ုပ်တို့သည် ဒီမိုကရေစီစံချိန် စံညွှန်းများနှင့် မကိုက်ညီသည့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံးအား ရိုးသားစွာ အပြည့်အဝ ထောက်ခံခဲ့ကြပါသည်။

၂။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားထုကြီးက တောင်းဆိုထားသော အချက်(၁၁)ချက်အား ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လိုက်လျောလက်ခံပေးခဲ့ကြသည်ကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ ပထမအဆင့်အနေဖြင့် လိုက်လျောလက်ခံပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့က အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ ယခုအခါ သပိတ်မှောက်ဆန္ဒပြချီတက်နေကြသော ကျောင်းသားစစ်ကြောင်းများတွင် လွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရင်း ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် လွှတ်တော်မှ တရားဝင်အတည်ပြု ပြဌာန်းပေးသည့်အချိန်အထိ ဆက်လက်သပိတ်မှောက်ချီတက်သွားမည့် ကျောင်းသားပင်မစစ်ကြောင်းဟူ၍ လမ်းကြောင်းနှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရှိရပါသည်။

၎။ ထိုကဲ့သို့ လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာသော်လည်း ကျောင်းသားထုကြီးသည် အမျိုးသားပညာရေးဥပဒေပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်တစ်ခုတည်းအောက်တွင် တည်ရှိနေကြသည်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် ဆက်လက်သပိတ်မှောက်ချီတက်ကြမည့် ပင်မစစ်ကြောင်းကိုပါ ဆက်လက်၍ အားပေးထောက်ခံမည်ဖြစ်ပါသည်။

၅။ လက်ရှိအချိန်၌ ကျွန်ုပ်တို့သည် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံး၏ လုံခြုံရေးအား အထူးပင် စိုးရိမ်ပူပန်နေမိပါသည်။

၆။ သို့ဖြစ်ပါ၍ ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသော ကျောင်းသားထုကြီး၏ လုံခြုံရေးကို ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုကဲ့သို့ ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်လာသောသူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များကသာလျှင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းကို သတိပေးပြောကြားရင်း ကျွန်ုပ်တို့သည် ကျောင်းသားထုကြီးတစ်ရပ်လုံးအား ဆက်လက်အားပေးထောက်ခံသွားကြမည်ဖြစ်ကြောင်း ရိုးသားစွာ အလေးအနက် ကြေညာလိုက်ပါသည်။

ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ


No comments: