02 December 2011

Life's Light NGO Will Go To Kachin State And Donate to Victims of Civil War

ဘ၀အလင်း ပရဟိတအသင်း
ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား သွားရောက်လှူဒါန်းမည်


From Peace

(၁၊ ဒီဇင်ဘာ၊ ၂၀၁၁) နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က မန္တလေးမြို့၊ ၈၆ လမ်း၊ ၃၈ လမ်းထောင့်ရှိ ကင်းဝန်မင်းကြီးဘုန်းကြီးကျောင်းတိုက်မှာ ဘ၀အလင်းပရဟိတအသင်းမှ ဦးဥတ္တမသာရ (ဖုန်း- ၀၉-၂၀၃၅၉၃၆)က ဦးဆောင်ပြီး "ကချင်ဒေသ စစ်ဘေးဒုက္ခသည်များအား ကူညီလှူဒါန်းရေး" စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ဘ၀အလင်းပရဟိတက ဦးဆောင်ပြီး ကချင်ဒေသ စစ်ဒုက္ခသည်များအတွက် အလှူကောက်ခံနေရာ စုစုပေါင်း ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးနှင့် အ၀တ်အထည်များ၊ ဆေးဝါးများ၊ ကျောင်းသုံးပစ္စည်းများရရှိနေပြီဆိုပါတယ်။

ဘ၀အလင်းပရဟိတအသင်းအနေနဲ့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၃ ရက်နေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့နဲ့အတူ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ စစ်ဒုက္ခသည်များကို ကူညီရန် ထွက်ခွာမှာဖြစ်ပါတယ်။

စစ်ဘေးဒဏ်သင့် ကချင်ပြည်နယ်ရောက်တဲ့အခါ အတူစုပေါင်းခရီးထွက်လာသော ပရဟိတအသင်းများအနေနဲ့ မိမိတို့လှူဒါန်းရန်သတ်မှတ်ထားသည့် အရပ်ဒေသများအသီးသီးသို့ သီးခြား သွားရောက်လှူဒါန်းကြမှာ ဖြစ်ကြောင်း သိရပါတယ်။

ညိုကြီး


------------------------------
From Peace

From Peace

လှူဒါန်းနိုင်သည့် နေရာများ


ဦးဥတ္တမသာရ - 09 2035936
ကင်းဝန်မင်းကြီးကျောင်းတိုက်၊ ဖန်ချက်တန်းကျောင်း၊ မန္တလေး။

ကိုပေါင်ချိန် (ခ) ကိုသက်ဦးမောင် - 09 2023218
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုတာတာ - 09 47133332
စိမ်းရွှင်တောက်ပွဲရုံ၊ ကျောက်ဝိုင်းတိုက်တန်း၊ မန္တလေး။

ကိုဇော်မင်းခိုင် - 09 2002024
စိမ်းနုဝါကျောက်မျက်ရောင်းဝယ်ရေး၊ မန္တလေး။

ကိုမြင့်သန်း - 09 2055755
အကွက်(၂၇၆)၊ ရှမ်းဝိုင်းရပ်၊ မန္တလေး။

30 November 2011

Religions & NGOs From Mandalay Unite For Victims of Civil War

မန္တလေးမြို့၊ ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့
ကချင်ဒေသရှိ သွေးရင်းညီနောင်သားချင်း တိုင်းရင်းသားလူမျိုးများအတွက်
စာနာထောက်ထားမှု မေတ္တာပြဆုတောင်းခြင်း


(၃၀၊ နိုဝင်ဘာ၊ ၂၀၁၁)

From Peace

အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ ရွှေနှလုံးတော် ကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် (၃၀၊ ၁၁၊ ၂၀၁၁) နေ့လည် ၂ နာရီမှ ၄ နာရီကျော်ခန့်အထိ ကျင်းပခဲ့ပါသည်။

From Peace

အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ဆုတောင်းပွဲပြုလုပ်ရခြင်းအကြောင်းတင်ပြခြင်း - ဆရာတော်အရှင်ဦးစိန္တိတ (အာရှအလင်းရောင် ဆရာတော်)
၃။ အစ္စလာမ်မစ်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၎။ ဘဟာအီဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၅။ ဗုဒ္ဓဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၆။ ဟိန္ဒူသာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၇။ ခရစ်ယာန်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၈။ အလှူငွေ လှူဒါန်းမည့်လုပ်ငန်းအစီအစဉ်တင်ပြခြင်း
၉။ အလှူငွေ ကောက်ခံခြင်း
၁၀။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း

မှတ်ချက်။
အခမ်းအနားပြီးဆုံးပါက သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအသီးသီးမှ အမှုဆောင်လူကြီးများ အစည်းအဝေးကျင်းပခြင်း အစီအစဉ် ဆက်လက်ပြုလုပ်ပါမည်။

From Peace

တက်ရောက်သော အဖွဲ့အစည်းများ

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ YMCA၊ ဘဟာအီဘာသာမှ တာဝန်ရှိသူများ၊ မန္တလေးကရုဏာ၊ ပုလဲပရဟိတ၊ မဟာမြိုင် လူမှုကူညီရေးအသင်း၊ ဇနသုခ ရေသန့်အလှူတော်၊ ကရင်နှစ်ခြင်းခရစ်ယာန်၊ ကချင်နှစ်ခြင်းခရစ်ယာန်၊ ယေဇူးရွှေနှလုံးတော်၊ ရခိုင်သဟာရ၊ မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်)၊ YSCM၊ ချမ်းမြမေတ္တာလူမှုကူညီရေး၊ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများ၊ လောကပါလလူမှုရေး၊ ရတနာမွန်သွေးလှူရှင်အသင်း၊ ဗိသုကာလူမှုရေး၊ စိတ္တသုခလူမှုကူညီရေး၊ ဟိန္ဒူဘာသာမှ တာဝန်ရှိသူများ၊ ကလေးချစ်သူများကွန်ယက်၊ လွတ်လပ်သောသူငယ်ချင်းများအင်အားစု၊ ရတနာ့မေတ္တာ၊ မြင့်မြတ်ဧရာဝတီ

အစရှိသည့် မန္တလေးမြို့ခံ ဘာသာသာသနာပေါင်းစုံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းပေါင်းစုံမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ သတင်းထောက်များ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယခုစာရင်းတွင် ဖော်ပြရန်ကျန်ရှိသော ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများလည်း ရှိနိုင်ပါသည်။)

From Peace

စစ်ဒုက္ခသည်များထံ သွားရောက်လှူဒါန်းမည်

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း စစ်မက်ဖြစ်ပွားလျက်ရှိသော ကချင်ဒေသရှိ စစ်ဘေးဒဏ်သင့်ဒုက္ခသည်များကို မန္တလေးမြို့၊ ဘာသာပေါင်းစုံကရုဏာရှင်များအဖွဲ့က အကူအညီများသွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

စစ်ဒုက္ခသည်များအတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်ရပါသည်။

ညိုကြီး

--------------------
Video File

https://www.facebook.com/video/video.php?v=319583231385276


27 November 2011

Nyo Gyi Blog's 4th Year Birthday

ညိုကြီး Blog လေးနှစ်ပြည့် မွေးနေ့ - 26, November, 2011

www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က
"သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်"
ဆိုတဲ့ ပထမဆုံးသော Blog Post တစ်ခု စတင်ဖန်တီးခဲ့တဲ့ ကျွန်တော် ညိုကြီးရဲ့
Blog: Myanmar Political News, Art And Idea
သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်အရောက်မှာ သက်တမ်း (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Blogger အဖြစ် ရှင်သန်နေထိုင်ဖြစ်ခဲ့တဲ့ ဒီ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာ့နိုင်ငံရေးလောကအကြောင်း မြည်းစမ်းခွင့်ရခဲ့ပြီး အတွေးအမြင်တွေ၊ အသိတွေ များစွာတိုးခဲ့ရတဲ့အပြင် ခင်မင်စရာမိတ်ဆွေများစွာလည်း ရရှိခဲ့ပါတယ်။

သတိထားဆင်ခြင်စရာတွေ၊ ရင်ခုန်စရာတွေ၊ စိတ်ညစ်စရာတွေ၊ ထိတ်လန့်စရာတွေ၊ အံ့သြစရာတွေ၊ အာရုံနောက်စရာတွေ၊ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပြီး ခွန်အားတွေ၊ အကြံဥာဏ်တွေ၊ ကူညီမှုတွေ၊ အားပေးမှုတွေ၊ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ပြည်တွင်းက ရေးသားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး Blogger တစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ မသေးလှဘူးဆိုတာကိုတော့ ဋီကာချဲ့ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျဉ်းကတော့ အားလုံးသိတော်မူတဲ့အတိုင်း အခြေအနေ သိပ်မဟန်သေးပါဘူး။ ကျွန်တော်တို့ရဲ့ Blogger နောင်တော်ရဲဘော်ကြီး နေဘုန်းလတ် အပါအ၀င် မင်းကိုနိုင်၊ အရှင်ဂမ္ဘီရစတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်မြောက်သေးဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇာဂနာ၊ ဇေယျာသော် တို့ကတော့ အကျဉ်းသားဘ၀ကလွတ်မြောက်ပြီး လှုပ်ရှားခွင့်ရနေပြီ။ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွား၊ အချင်းများနေတာတွေ မရပ်သေးဘူး။ ဆင်းရဲအသိမဲ့နေတဲ့ ပြည်သူတွေကလည်း ဆင်းရဲအသိမဲ့နေမြဲပဲ။ လူလည်လူရှုပ်တွေကလည်း လည်လို့ရှုပ်လို့ကောင်းနေဆဲပဲ။

ကနေ့ကာလမှာ တွေဝေစရာတွေပိုများလာပြီး ရန်သူမိတ်ဆွေတွေလည်း ပိုရောထွေးလာခဲ့ပါပြီ။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ခဲ့မှုတွေ (ဥပမာ- ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိတာတွေမှာ စစ်အာဏာရှင်တွေကြောင့် သေဆုံး၊ ပျောက်ဆုံး၊ အဖမ်းခံထိ၊ မိသားစုပျက်၊ ဘ၀ပျက်ခဲ့ရမှုတွေ)အတွက် သမိုင်းကြွေးဟာ မကြေသေးဘူး။ သမိုင်းကြွေးကို ဘယ်လိုအကြေဆပ်မလဲ၊ ဘယ်တော့အကြေဆပ်မလဲဆိုတာ သိပ်စိတ်ဝင်စရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

မိုးကုတ်ဦးမြမောင် ဆွေမျိုးတွေအသတ်ခံရတဲ့ ရန်ကုန်၊ ငါးလောင်းပြိုင်လူသတ်မှုတရားခံ ကိုလည်း ကြံ့ ဖွတ် အစိုးရက ခုထိ မဖော်ထုတ်ပြသေးဘူး။

မတရားမှုတွေ၊ အထာမကျမှုတွေဟာ ဗမာပြည်နေရာတိုင်းမှာ ရှိနေဆဲပါပဲ။

တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ !

ညိုကြီး

www.bigbbrown.blogspot.com
www.facebook.com/nyogyi

www.bigbbrown.multiply.com/journal
www.bigbbrown.wordpress.com
www.nyogyi.wordpress.com

24 November 2011

Stop the Civil War! We Want Peace!

မန္တလေး၊ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှ ငြိမ်းချမ်းရေးတောင်းဆိုပွဲ

နိုဝင်ဘာ ၂၄၊ ၂၀၁၁ (ကြာသပတေးနေ့)

From Peace

ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲနှင့် တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များ၏ ငြိမ်းချမ်းရေးတောင်းဆိုပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်းများ ဟောပြောခဲ့ပါတယ်။

From Peace


အခမ်းအနားအပြီးမှာ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များက

၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်

ဟူသော စာတမ်းများကိုင်ဆောင်ကာ

"စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။
ရှုံးသူလည်း ဒုက္ခရောက်၏။
အမြန်ဆုံး ရပ်ပေးပါ။"

ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများရွတ်ဆိုခဲ့ပါတယ်။

ညိုကြီး

From Peace


From Peace


(မနက်ဖြန် (၂၅၊ နိုဝင်ဘာ၊ ၂၀၁၁)၊ နေ့ ၂ နာရီမှ ညနေ ၄ နာရီအထိလည်း အထက်ပါ ကံတက်ကုန်း(မစိုးရိမ်)ကျောင်းတိုက်မှာပင် ကလေးချစ်သူများကွန်ယက်မှ ကြီးမှူး၍ "နယ်မြေလုံခြံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီလှူဒါန်းရန် အလှူငွေလက်ခံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ" ကျင်းပဦးမည်ဖြစ်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။)


Video Clip
https://www.facebook.com/video/video.php?v=316117248398541

23 November 2011

Myanmar-Thabin-Ah-Hla-Sin-Thumyar And Pakokku Flood Victims

"မြန်မာ့သဘင် အလှဆင်သူများ" လည်း ပခုက္ကူရေဘေးဒုက္ခသည်များအတွက် အလှူခံထွက်



မန္တလေးမှ ဇာတ်မင်းသားလေးများ ပေါင်းစည်းတည်ထောင်ထားသော "မြန်မာ့သဘင် အလှဆင်သူများ" အဖွဲ့သည်
"ပခုက္ကူရေဘေးဒုက္ခသည်များအတွက် ပရိသတ်များနှင့် ကျွန်တော်တို့ သူစိမ်းတွေလိုမနေဘဲ ကူညီကြပါစို့။ ကသောလက်ဖြင့် လှူကြမည်"
စာတမ်းများချိတ်ဆွဲထားသော ကုန်တင်ကားကြီးဖြင့် မန္တလေးမြို့ပေါ်တွင် ၂၀၁၁၊ နိုဝင်ဘာ၊ ၂၀၊ ၂၁၊ ၂၂ (၃) ရက်တာမျှ နံနက် ၈ နာရီမှ ည ၈ နာရီတိုင်တိုင် သီဆိုဖျော်ဖြေ အလှူခံထွက်ခဲ့ကြောင်း သတင်းရရှိပါ၏။







(မန္တလေး မြို့မ တူရိယာအသင်းကြီးကလည်း ပြီးခဲ့သော ရက်သတ္တပတ်များအတွင်းက ယခုကဲ့သို့ပင် မန္တလေးမြို့တွင်း လှည့်လည်သီဆိုတီးခတ်ဖျော်ဖြေကာ ပခုက္ကူရေဘေးဒုက္ခသည်များအတွက် အလှူခံထွက်ခဲ့ပါသည်။

မြို့မသတင်းများကို
http://myomamusic.com/ တွင်လည်းကောင်း၊
Facebook ပေါ်က Myo Ma
https://www.facebook.com/pages/Myo-Ma/335176251444
တွင်လည်းကောင်း ဖတ်ရှုနိုင်ပါသည်။)

ညိုကြီး

19 November 2011

Poet Tin Moe's 78th Birthday

၁၉၃၃ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက် ဖွား ကဗျာဆရာကြီး တင်မိုး အမှတ်တရ

ပုံ ၁
ပုံ ၂

From Historic Poems

ဆရာကြီး တင်မိုး၏ မွေးနေ့ အမှတ်တရပွဲတစ်ပွဲကို (၁၈၊ ၁၁၊ ၂၀၁၁) နေ့၌ အမရပူရ၊ တောင်သမန်၊ မယ်ဇယ်ပင်တန်းတွင် မန္တလေးမြို့မှ စာပေသမားအချို့က အကျဉ်းချုံးကျင်းပခဲ့ကြောင်း သိရပါသည်။

(ဆရာကြီး တင်မိုးသည် ၂၀၀၇ နှစ်တွင် LA ၌ ကွယ်လွန်ခဲ့ပါသည်။)

ညိုကြီး

18 November 2011

An Announcement From Masoeyein Monastery About Peace Monks

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

From Monks Ask for Peace in Mdy (Nov, 2011)
၁၆-၁၁-၂၀၁၁ နေ့က ဖြစ်ပျက်ခဲ့သော ငြိမ်းချမ်းရေးဆရာတော်များကိစ္စနှင့် ပတ်သက်၍ သံဃာတော်အချို့က ၄င်းတို့၏ အမြင်များ၊ ခံစားချက်များကို ကဗျာ၊ စာများ အနေဖြင့် မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)တွင်း ရှိ ကြော်ငြာဘုတ် (Facebook မှာဆို မစိုးရိမ် Wall ပေါ့ဗျာ) တွင် ကပ်တင်ဖော်ပြလျက်ရှိရာ မစိုးရိမ်တိုက်ဟောင်း၊ ပါဠိနယူပဒေသကျောင်းမှ ဆရာတော်ကြီး ဘန္ဒန္တ၀ိစိတ္တာဘိဝံသ က အဆိုပါ ကြော်ငြာဘုတ်ဘေးတွင် ဤကဲ့သို့ ရှင်းချက်ထုတ်ပြန်စာ ကပ်ထားပါကြောင်း။
------------------------------------

လျှောက်ထားအပ်ပါသည် အရှင်မြတ်တို့ဘုရား

၁၆-၁၁-၂၀၁၁ ဖြစ်ရပ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက မိမိထံသို့ လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

မိမိတို့၏ ထင်မြင်ယူဆချက်များကို စာရေး၍ ကြော်ငြာဘောတွင်ကပ်ခြင်း စသည်တို့ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

(မှတ်ချက်)။ သက်ဆိုင်ရာ ကျောင်းဘုန်းကြီး၏ ထောက်ခံချက် ယူလာပါရန် ။

ဘန္ဒန္တ၀ိစိတ္တာဘိဝံသ
ပါဠိနယူပဒေသကျောင်း၊ မစိုးရိမ်တိုက်။

16 November 2011

Monks for Peace in Mdy, Masoeyein (16, Nov, 2011)

မန္တလေး၊ မစိုးရိမ်တိုက်(ဟောင်း)က ငြိမ်းချမ်းရေး တရားပွဲ (၁၆၊ နိုဝင်ဘာ၊ ၂၀၁၁)



ယမန်နေ့(၁၅၊ ၁၁၊ ၂၀၁၁)က မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် ဆရာတော် ဦးသောပါက အပါအ၀င် သံဃာငါးပါး ဦးဆောင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆန္ဒပြုပွဲ ဒုတိယနေ့အဖြစ် မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်း သုတ္တန်ကျောင်းဆောင်ရှေ့၌ ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) ကျင်းပဆင်နွှဲခဲ့ပါသည်။

ပရိသတ် ဦးရေ ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁ နာရီက စတင်သည့် အဆိုပါ အခမ်းအနားသည် နေ့လည် ၂ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားကို မေတ္တာသုတ်သံပြိုင်ရွတ်ဖတ်ခြင်း၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအမှတ်တရ မေတ္တာပို့စာသားများ သံပြိုင်ရွတ်ဆိုခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ပါသည်။





အခမ်းအနားအပြီးတွင် "သမ္မတကြီးအားတောင်းဆိုထားသော အချက်သုံးချက်ကို သဘောတူထောက်ခံကြသော ငြိမ်းချမ်းရေးလိုလားသူ သံဃာတော်များနှင့် တကာ၊ တကာမများ၏ လက်မှတ်များ" အား ငြိမ်းချမ်းရေး ဆရာတော်များက ကောက်ခံခဲ့သေးကြောင်း သတင်းရရှိပါသည်။

ညိုကြီး

ဆက်စပ်သတင်းများကို အောက်ပါ link များတွင် ဖတ်ပါ

၁။

"မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်"

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

၂။

"မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ"

http://bigbbrown.blogspot.com/2011/11/latest-news-about-monks-demonstration.html

ဓာတ်ပုံများကို

www.facebook.com/nyogyi
တွင်လည်းကောင်း
https://picasaweb.google.com/116723507462397308445/MonksAskForPeaceInMdyNov2011
တွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။


15 November 2011

Latest News about Monks' Demonstration of Mandalay (9:30 PM, Nov 15, 2011)

မန္တလေးမှ သပိတ်မှောက်သံဃာတော်များနှင့်ပတ်သက်သော နောက်ဆုံးရ သတင်းများ

From Monks Ask for Peace in Mdy (15.11.2011)

ဆွေးနွေးမှုများအရ သပိတ်စခန်းကို မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးမှ မန္တလေး၊ ၈၇ လမ်း၊ ၃၆x၃၇ လမ်းကြားရှိ မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင်ဆရာတော် ဦးသောပါက မှ မိန့်ကြားခဲ့ပါတယ်။

၃း ၂၀ မိနစ်၊ ၁၅၊ နိုဝင်ဘာ၊ ၂၀၁၁

၁။

မန္တလေး သပိတ်မှောက်သံဃာအရေးအခင်းကို သတင်းယူဓာတ်ပုံဗွီဒီယိုရိုက်သော သတင်းထောက်အချို့အား ထောက်လှမ်းရေးဆိုသူများက လိုက်လံချောင်းမြောင်း မှတ်တမ်း တင်ခြေရာခံခြင်းများရှိသည်ဟု အလိုက်ခံခဲ့ရသော သတင်းထောက်တစ်ဦးမှ ပြောကြားပါသည်။

၂။

မန္တလေးမှ သပိတ်မှောက်သံဃာ ငါးပါးသည် ယခုည၌ မန္တလေး၊ မစိုးရိမ်တိုက်ဟောင်း၊ သုတ္တန်ကျောင်းတွင် ကျိန်းစက်မည်ဖြစ်ပြီး မနက်ဖန် နေ့လည် ၁ နာရီမှစ၍ နောက် ၃ ရက်တိုင်တိုင် မစိုးရိမ်တိုက်ဟောင်းတွင်းရှိ နာရီစင်နဘေးတွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားလွှတ်ရေး၊ လွတ်လပ်ရေး တရားများ ဟောပြောတောင်းဆိုမည်ဖြစ်ကြောင်း

သိရသည်။ ၃ ရက်ပြည့်သည့်အခါ တောင်းဆိုချက်များအား ကြံဖွတ်အစိုးရမှ ဖြည့်ဆည်းပေးခြင်းမရှိသေးပါက ယင်းသို့ ဆန္ဒပြ တောင်းဆိုမှုမှာ ၃ ရက်မက ဖြစ်လာ နိုင်ဖွယ်ရှိကြောင်း သိရသည်။

၃။

ယနေ့ မန္တလေးတွင် သံဃာငါးပါး ငြိမ်းချမ်းရေးဆန္ဒပြကာ လူအများစုဝေးခဲ့သည့်အတွက် ယနေ့ည မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် ည (၇)နရီ၌ စတင်ကျင်းပမည့် စာပေဟောပြောပွဲ (သိုက်ထွန်းသက်၊ အော်ပီကျယ်) ကို ကြံ့ဖွတ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ဓမ္မသာလခန်းမလာ ဟောပြောပွဲပရိသတ်များ ခန်းမရှေ့ရောက်မှ လှည့်ပြန်သွားရကြောင်း သိရသည်။

ယင်းစာပေဟောပြောပွဲမှာ ၂၀၁၁၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက တစ်ည စာရေးဆရာ ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် အထက်ပါ နေရာတွင် ကျင်းပခွင့်ရလာခဲ့သော်လည်း ယခု နိုဝင်ဘာ ၁၅ ရက် ည တွင်မှ ယခုလို ပိတ်ပင်ခံခဲ့ရသောကြောင့် စာပေဟောပြောပွဲပရိသတ်များ မချင့်မရဲဖြစ်ခဲ့ကြရသည် ဆို၏။

၎။

‎"Tomorrow 12 AM, old Masoerein campaign will take part in! Please forward" ဆိုသော Message စာသားများ မန္တလေးမှ လက်ကိုင်ဖုန်းကိုင်သူအချင်းချင်း ဖြန့်ဝေနေကြကြောင်း ကြားသိရပါသည်။

ညိုကြီး

သတင်းရေးချိန် - 9:30 PM, 2011, Nov 5


ဆက်စပ်သတင်းကို

"မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်"

http://bigbbrown.blogspot.com/2011/11/monks-ask-for-peace-in-mandalay-nov-15.html

တွင် ဖတ်ပါ။

Monks Ask For Peace in Mandalay (Video and Images) (Nov, 15, 2011)

မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်များ သပိတ်မှောက်

From Monks Ask for Peace in Mdy (15.11.2011)


Nyo Gyi's Video Clips on Facebook
https://www.facebook.com/video/?id=100000008066345



နိုဝင်ဘာ ၁၅၊ ၂၀၁၁ နံနက် ၅ နာရီကျော်ခန့်မှ စတင်ပြီး မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး၊ မဟာဗုဒ္ဓ၀င်ဗိမာန်တော်ကြီးတွင် သံဃာတော်ငါးပါးဦးဆောင်ကာ သပိတ်မှောက်လျက်ရှိသည်။
တောင်းဆိုချက်များကို ဗိမာန်တော်ကြီးအရှေ့ဖက်(လိပ်ကန်ဘက်ခြမ်း)တွင် ချိတ်ဆွဲထားပြီး ၄င်းတို့မှာ-
၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now)
တို့ဖြစ်သည်။



အဆိုပါသံဃာတော်များကို သိန်းစိန်အစိုးရတာဝန်ရှိသူများက မန္တလေးမြို့မှ မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသအစရှိသည့် ဆရာတော်ကြီးများကို ကြားခံထားကာ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

သပိတ်မှောက်သံဃာတော်များက ၄င်းတို့တောင်းဆိုထားသော အချက်များမရမချင်း ထိုဗိမာန်ထဲတွင်သာ ဆက်လက်နေထိုင်တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသံဃာတော်များသည် ၄င်းတို့နှင့်အတူ ရေ၊ ဆန်၊ စားစရာအချို့၊ ထမင်းပေါင်းအိုး၊ မီးစက်များကအစ တစ်ပါတည်းယူဆောင်ထားပြီး သံဃာတော်များ သပိတ်မှောက်သည်ကို လာရောက်အားပေးသော မန္တလေးလူထုကြီးကလည်း ဆရာတော်များလိုအပ်သည်ကို (ဓာတ်ဆီ၊ စားစရာ၊ ရေစသဖြင့်) လှူဒါန်းလျက်ရှိပါသည်။

(နောက်ဆုံးကြားသိရသော သတင်းအရ ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ဖုန်းနှင့်တိုက်ရိုက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြားသိရပါသည်။)

ဦးဆောင်ဆရာတော်အမည်မှာ (အထက်ပါ Photo & Video ထဲက ဟောပြောသည့် ဆရာတော်အမည်မှာ) ဦးသောပါက ဖြစ်ပါသည်။

ညိုကြီး
(သတင်းရေးတင်ချိန် = 11:59 AM, Nov, 15, 2011)

(video 3gp ဖိုင် download လုပ်ရန် link ပေးလိုက်ပါသည်။
http://www.mediafire.com/?yb6pn88w4s7g8m3)

From Monks Ask for Peace in Mdy (15.11.2011)


From Monks Ask for Peace in Mdy (15.11.2011)

သပိတ်မှောက် သံဃာတော်များအား မန္တလေးပြည်သူလူထုက ဆွမ်း၊ ရေ ဆက်ကပ်လှူဒါန်းနေကြစဉ်

12 November 2011

Literature Talk in Sagyin Village, Madayar Township (13.11.2011)

မတ္တရာမြို့နယ်
စကျင်ရွာလုံးဆိုင်ရာ
တတိယအကြိမ်မြောက်
မဟာဘုံကထိန်ပွဲတော်နှင့် စာပေဟောပြောပွဲ ဖိတ်ကြားလွှာ

ဟောကြားမည့် ဆရာများ
၁။ အမျိုးသားစာပေဆုရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်)
၂။ မောင်ကိုကို (အမရပူရ)
၃။ လူရွှင်တော် စာရေးဆရာ ချစ်စရာ

ကထိန်ခင်း - ၁၂၊ ၁၁၊ ၂၀၁၁ (စနေနေ့)
စာပေဟောပြောပွဲ - ညနေ ၅ နာရီမှ ည ၁၀ နာရီ၊ ၁၃၊ နိုဝင်ဘာ၊ ၂၀၁၁
နေရာ - မတ္တရာမြို့နယ်၊ စကျင်ရွာ၊ အထကခွဲကျောင်းဝင်း



23 October 2011

Aung Ba Nyo's Poem For Hla Than

ကဗျာဆရာ လှသန်း
(၁၉၆၃ - ၂၀၁၁)
ရန်ကုန်မြို့မွေးဖွား

၂၂ ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ ခု
ည ၉ နာရီ၊ ၂၀ မိနစ်တွင်
ရန်ကုန်ဆေးရုံကြီး၌
ကွယ်လွန်သည်။
လက်မရွံ့ကဗျာဆရာသို့

မြေ၀သုန်ရေ...
ဂုဏ်ပြုထိုက်တဲ့ ဧည့်သည်တစ်ယောက်ကို
လက်ခံယူပါတော့
ဝီလျှံယိစ်ကို အနားယူလဲလျောင်းစေပါလော့...
(၀ဟ-အော်ဒင်)

ငါတို့ကောင်းကင်ကြီးပြာလွင်ရဲ့လား...?
ကောင်းကင်ကို အရောင်ပြောင်းချင်သူတစ်ယောက်
လူ့ပြည်ကို
လူပီသစွာ ရောက်ခဲ့တယ်။

အမှောင်ထဲမှာ ငါတို့မွေးဖွားခဲ့ကြ
မဆလ တစ်ပါတီအာဏာရှင်စနစ်ဆိုး
ရိုက်ချိုးဖို့
မင်းစိုက်ပျိုးခဲ့တဲ့ ကလောင်
မိုးကြိုးမီးလျှံလို ဂုဏ်ရောင်ပြောင်ခဲ့တယ်။

၈၈-လူထုအရေးအခင်း
ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေ
လူ့အခွင့်အရေးကို ပျက်ရယ်ပြုကြတယ်။
မင်းပုခုံးပေါ်က သမိုင်းတွေ
မင်းတာဝန်ကျေပွန်ပါရဲ့။

ဒီပဲယင်းအရေးအခင်း မင်းရဲ့ကဗျာ
အာဏာရှင်တွေ
သွေးပျက်ခြောက်ခြား
မင်းရဲ့နာမည်ကိုဖျောက်ဖို့
သူတို့ကြိုးစားတယ်။

ရွှေဝါရောင်တော်လှန်ရေး
မင်းလက်မနှေးပါဘူး လှသန်း
အနက်ရောင်ကတ္တရာလမ်းမပေါ်က
သင်္ကန်းရောင်သွေးတွေ
မင်းလက်မောင်းသွေးလို နီစွေးစေတယ်
နာဂစ် မွှေတော့
မင်းလည်း မနေနိုင်ပါဘူး။
ငါတို့တစ်တွေဟာ မြစ်ဝကျွန်းပေါ်
ဒုက္ခသည်တွေကို ဖေးမကူညီကြတော့
မင်း... မျက်ရည်ဝေေ၀ အံကိုကြိတ်
ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရတယ်
လူပီသတဲ့ ကဗျာဆရာလေ။
လှသန်း
မင်းကိုသူတို့ အငြိုးနဲ့မုန်းကြတယ်
လှသန်းကိုသတ်တော့
နိမိတ်ထွန်းသန်း
နိမိတ်ထွန်းသန်းကိုသတ်တော့
..........................................
..........................................
ကြည်မောင်သန်း
ကြည်မောင်သန်းကိုသတ်တော့
လှသန်း
လှသန်း
မင်းဟာဖိနစ်ငှက်လိုလှပစွာ မီးလျှံထဲက
ရှင်သန်ထမြောက်ခဲ့တယ် မဟုတ်လား။

လှသန်း
မင်းဟာ လက်မရွံ့ကဗျာဆရာ...။
လှသန်း
မင်းဟာ တော်လှန်စိတ်နဲ့သွေးဆူနေတဲ့
ကဗျာဆရာ...။
လှသန်း
မင်းဟာ ပြည်သူထဲမှာမွေး
ပြည်သူ့သွေးနဲ့ရေးတဲ့ ကဗျာဆရာ...။
လှသန်း
မင်းဟာ လူ့သမိုင်းကို
မရိုင်းအောင် ပြုပြင်လိုတဲ့ ကဗျာဆရာ...။
လှသန်း
မင်းဟာ ဟောင်းမြင်းတဲ့ အစဉ်အလာတွေ
ရိုက်ချိုးတဲ့ ကဗျာဆရာ...။
လှသန်း
မင်း ရန်ကုန်မှာဆုံးတော့
ငါက အဝေး မန္တလေးမှာ
ငါ့နှလုံးသားကို စတေးပြီး
မီးပူဇော် ဦးညွှတ် အလေးပြုလိုက်ရဲ့။
လှသန်း
မင်းဟာ ဘယ်တော့မှမသေတဲ့
မဟာအမတကဗျာရှည်ဖြစ်တယ်။

(၂၂ ရက်၊ အောက်တိုဘာ
ည ၉ နာရီ၊ ၂၀ မိနစ်မှာ
ကွယ်လွန်သွားတဲ့
ကဗျာဆရာလှသန်းသို့ ...)

အောင်ဘညို
23.10.2011
ခေတ္တ
i-mass
မန္တလေးတက္ကသိုလ်

22 October 2011

Poet Hla Than (or) Kyi Maung Than's Latest Poem, Speech and Profile

မော်ဒန်ကဗျာဆရာအကျော်အမော် လှသန်း (ခေါ်) ကြည်မောင်သန်း ကွယ်လွန်

၂၂.၁၀.၂၀၁၁၊ စနေနေ့ည၊ ကိုးနာရီ မိနစ် ၂၀ ခန့်က ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (ခေါ်) နိမိတ်ထွန်းသန်း (ခေါ်) စံသိုက် (ခေါ်) လိပ်ပြာသန့်သန့် (ခေါ်) ရန်မခ (ခေါ်) မောင်သီးသန့်သည်
ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါသည်။

2011, နိုဝင်ဘာလထုတ် Idea Magazine ပါ ကဗျာဆရာ လှသန်း၏ "မုဆိုးမ စစ်တမ်း" ကဗျာ

(ကဗျာဆရာ လှသန်း၏ Magazine ပါ နောက်ဆုံးကဗျာများထဲမှတစ်ပုဒ်)

From Hla Than

သူ၏ နောက်ဆုံးကဗျာစကားနှင့် ကိုယ်ရေးရာဇ၀င်အကျဉ်း
(ဒုတိယအကြိမ်၊ မန္တလေးခေတ်ပေါ်ကဗျာဆု၊ ၂၀၁၀ လက်ကမ်းစာရွက်ကို Scan ဖတ်ဖော်ပြသည်)

ကဗျာတွေ ရှင်ချင်ရင်
ကဗျာဆရာတွေ သေဖို့သာပြင်လို့
အရင်က ရေးခဲ့ဖူးပါတယ်
ခုတော့ သေဖို့ အသင့်ပြင်ထားရင်း
ရှင်မဲ့ ကဗျာတွေ ရေးဖြစ်ပါတယ် ။

လှသန်း
14/3/2011

From Hla Than


From Hla Than

ကျွန်တော့် ဘလော့ဂ်တွင် ဖော်ပြခဲ့ပြီးသော ကဗျာဆရာ လှသန်း ၏ ကဗျာများ

From poems photo

From Historic Poems

ညိုကြီး

20 October 2011

Myanmar Poem Lover Fan Club

မြန်မာပြည် ကဗျာချစ်သူများအဖွဲ့ မန္တလေး၌ စတင်တည်ထောင်၊


ပထမဆုံးအစီအစဉ်အဖြစ် အမရပူရ၊ တောင်လေးလုံးကျောင်းတွင် ကထိန်ခင်းမည်






မြန်မာပြည် 'ကဗျာချစ်သူ၊ ကဗျာရေးသူများ' စုပေါင်းစီစဉ်ဆောင်ရွက်သော
ကဗျာချစ်သူများ Poem Lover Fanclub ကို ၁၀၊ ၁၀၊ ၂၀၁၁ ရက်နေ့တွင် မန္တလေးအခြေစိုက် ကဗျာဆရာများ၊ ကဗျာဝါသနာရှင်များ၊ ကဗျာချစ်သူများစုပေါင်းကာ စတင်စုပေါင်းတည်ထောင်လိုက်ကြောင်း သိရှိရသည်။

မြန်မာပြည် "ကဗျာချစ်သူများအစီအစဉ်"အကောင်အထည်ဖော်ရန် (၁၀၊ ၁၀၊ ၂၀၁၁) နေ့နှင့် (၁၃၊ ၁၀၊ ၂၀၁၁)နေ့များတွင် မန္တလေးမြို့၌ ကဗျာစိတ်ဝင်စားသူများ တွေ့ဆုံစည်းဝေးကြပြီး အချက်(၇)ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၎င်း အချက် (၇)ချက်မှာ

၁။ ကဗျာချစ်သူများ အစီအစဉ်ကို ကဗျာချစ်သူ၊ ကဗျာရေးသူများက ညီတူညီမျှ ၀ိုင်းဝန်း၍ Member များ စုစည်းဆောင်ရွက်သွားကြပါမည်။
၂။ ယခုအစီစဉ်ကို ကဗျာဆရာများဟု မသုံးစေဘဲ "ကဗျာချစ်သူ၊ ကဗျာရေးသူများ" ဟုသာ မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် ကုသိုလ်အရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်သွားကြရန်။
၃။ ပါဝင်ဆောင်ရွက်သူများသည် အနုပညာရေး၊ ဘာသာရေး၊ လူမှုရေးကိစ္စများကိုသာ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ပြီးသူဖြစ်ရမည်။
၎။ အစီစဉ်သစ်တစ်ရပ် ဆောင်ရွက်မည်ဆိုပါက "ဗျို့ဟစ်နည်း" နှင့်သော်လည်းကောင်း ဖိတ်ကြားမည်ဖြစ်ပါသောကြောင့် Member များအနေဖြင့် တွေ့ဆုံမည့် သတင်းကြားပါက ဖိတ်ကြားစာ မရောက်သော်လည်း အမြဲဖိတ်ကြားထားပြီးဖြစ်ကြောင်း မှတ်ယူကြရပါမည်။
၅။ အစီအစဉ်သစ်တစ်ရပ် ညှိနှိုင်းဆောင်ရွက်ရန် အတည်ပြုပါက အနည်းဆုံး Member (၁၀)ဦးပြည့်မှသာ အတည်ပြု ဆုံးဖြတ်နိုင်ရမည်။
၆။ ကဗျာချစ်သူများ၏ ဆောင်ရွက်ကြမည့် အစီအစဉ်များကို ပုံသေ သတ်မှတ်ထားခြင်းမရှိပါ။
ဥပမာ- ကဗျာဆရာကြီးများ၏ သက်ကြီးပူဇော်ပွဲကျင်းပခြင်း၊ ကျန်းမာရေး၊ လူမှုရေး၊ နာရေးကိစ္စများအတွက် စီစဉ်ခြင်း၊ ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းလှူခြင်း၊ ကဗျာဆရာကြီးများ၏ အမှတ်တရပွဲများ ကျင်းပခြင်း... စသည်တို့ကိုလည်း Member များ သဘောတူညီချက်နှင့် ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်နိုင်ပါမည်။
၇။ ဤအစီအစဉ်သို့ စေတနာရှင်များက ပါဝင်လှူဒါန်းကြသော ရငွေ/အသုံးပြုငွေစာရင်းကို (၃)လတစ်ကြိမ် ရှင်းတမ်းထုတ်ပြန်ကြရပါမည်။

(မကြာမီ ကာလတွင် ဤအစီအစဉ်ကို website လွှင့်တင်၍ စာရင်းရှင်းတမ်းများကိုလည်း အဆိုပါ website တွင် ၀င်ရောက်ကြည့်နိုင်အောင် စီစဉ်ထားပါမည်)

ကဗျာချစ်သူများ၏ ပထမဦးဆုံး အစီအစဉ်အဖြစ် ၂၀-၁၁-၂၀၁၁၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ အမျိုးသားနေ့တွင် အမရပူရမြို့၊ တောင်လေးလုံးကျောင်းတိုက်၌ ကထိန်ခင်းမည်ဖြစ်ကြောင်းသိရှိရသည်။

ကထိန်အလှူတော်အချိန်အခါမှာ နံနက်(၈)နာရီမှ (၁၁)နာရီအထိဖြစ်ပြီး ကထိန်ပွဲသို့ ကဗျာချစ်သူမည်သူမဆို တက်ရောက်ကုသိုလ်ယူပါဝင်ဆင်နွှဲနိုင်ကြောင်း ကြားသိရသည်။

ကဗျာချစ်သူများ Poem Lover Fanclub
တွင် ပါဝင်လိုသူများ (သို့မဟုတ်) သို့ အလှူတော်ငွေထည့်ဝင်လိုသူများ (သို့မဟုတ်) နှင့် ပူးပေါင်းဆောင်ရွက်လိုသူများ (သို့မဟုတ်)
အကြောင်း အသေးစိတ်သိရှိလိုသူများ အနေနှင့်

ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော်
ဖုန်း - 09 43090162
ကဗျာဆရာ၊ အယ်ဒီတာ မော်မင်းသန်း
ဖုန်း - 09 91005096
Shade (မန်းတောင်ရိပ်)ဂျာနယ်အယ်ဒီတာ ကိုသာဇော်
ဖုန်း - 09 2011968

တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

ကဗျာချစ်သူများအဖွဲ့၏ ဘဏ္ဍာရေးမှူးအဖြစ် မန္တလေးမှ ထွန်းဦးစာပေဖြန့်ချိရေးပိုင်ရှင် ဦးထွန်းဦးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြားသိရပါသည်။


13 October 2011

Interview with U Thondara (Political Prisoner)



၁၉၈၉ ခုနှစ်၊ မတ်လ၊ ၁၅ ရက်မှစ၍ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရကာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၊ ၁၂ ရက်က မန္တလေး၊ အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော
ဆရာတော် ဦးသုန္ဒရ၀ံသ (၁၉၈၈ အရေးအခင်း မြင်းခြံ သပိတ်ဥက္ကဌ)
နှင့် အင်တာဗျူး ဗွီဒီယိုဖိုင်

https://www.facebook.com/video/video.php?v=293824550627811

09 October 2011

Myit Sone, The Endless Story

စိမ်းရောင်စို ACTIVITIES နှင့် Eco dev တို့ ပူးပေါင်းကျင်းပသည့်

ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ
မပြီးဆုံးသေးသော မြစ်ဆုံ

ဟောပြောပွဲ

From Sane Yaung So Activities, Burma


၉၊ အောက်တိုဘာ၊ ၂၀၁၁၊ တနင်္ဂနွေ။
နေ့လည် (၁)နာရီမှ ညနေ (၆)နာရီထိ



ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်
၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

From Sane Yaung So Activities, Burma



ဦးဝင်းမျိုးသူ (Eco dev) နှင့်
စာရေးဆရာ၊ အယ်ဒီတာ ကိုတာ


တို့က ဧရာဝတီနှင့် သဘာဝပတ်ဝန်းကျင်ရေးရာများ၊
မပြီးဆုံးသေးသော မြစ်ဆုံရေကာတာစီမံကိန်းများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါတယ်။

From Sane Yaung So Activities, Burma


ဟောပြောပွဲလာ ပရိသတ်များကို ကိတ်မုန့်၊ လက်ဖက်ရည်တို့နှင့် ဧည့်ဝတ်ပြုခဲ့ပါတယ်။ အခမ်းအနားမှာ စိမ်းရောင်စို အင်္ကျီနှင့် save the ayeyarwady အင်္ကျီများကိုလည်း ရောင်းချပေးခဲ့ပါတယ်။

From Sane Yaung So Activities, Burma


ဟောပြောမှုများပြီးဆုံးတဲ့အခါ တက်ရောက်လာတဲ့ ပရိသတ်အချို့၏ မေးခွန်းများကို ဦးဝင်းမျိုးသူနှင့် ကိုတာတို့က ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ပါတယ်။

From Sane Yaung So Activities, Burma