ဂေါဏသူ ဂေါဏသားအပေါင်း အို နွားကောင်းတို့...
ယနေ့ (၁၀၊ ဒီဇင်ဘာ)နေ့တွင် မန္တလေးမြို့ အရှေ့စူးစူး နွားလဘို့တောင်ထိပ်ဦး၌ ငါတို့ နွားအပေါင်း သူတော်ကောင်းတို့ သောင်းသောင်းခြိမ့်ခြိမ့် တငြိမ့်ငြိမ့်စုဝေး ဆွေးနွေးတိုင်ပင်ရခြင်းအကြောင်းမှာ ဂေါဏသမဂ္ဂပဋိညာဉ်စာတမ်းကြီးအရ နွားတို့၏ အခွင့်အရေးကို မသိသေးသော နွားကလေးတို့လည်း သိစေ၊ သိပြီးနွားကြီးတို့အားလည်း တိုးပြီးတောင်းရဲစေ သို့ကလို အကြောင်း ဂုဏ်ဟိတ်ဖြင့် ခြုံငုံ၍ ဖိတ်လိုက်ရခြင်း ဖြစ်ပေသည်။
အကြောင်းကို ဆိုရသော် ယခုအချိန် သမယ ဂုဏ်သိမ်ရအောင် လူ့ဘောင်သင်းပင်း ထိုငပျင်းတို့က "ဂေါဏေန ဂေါဏော၊ သမဏေန သမဏော" သဘောဆိုးရွား ဆိုးရိုးစကားတို့ဖြင့် ငါတို့ နွားမျိုးဂုဏ်ကို ချိုးရုံနဲ့ အားမရ ဂျိုကုတ်ရှိရာ ဂျိုထောင်မလာ မသာမယာ ထိုအသုံးဖြင့်လည်း လူ့ငတုံးတို့ကို တင်စားပြောဆိုကြပေပြီ။
အမှန်မူ "၀ဏ္ဏိ တဗ္ဗော ပသံသိ တဗ္ဗောတိ ဂုဏေ ဂုဏော ဘာဝေါ ၀ိယာတိ ဂေါဏော" သဘောဖွင့်ထုတ် ၀ိဂြိုဟ်လုပ်ရပါမူ လူတကာ အပြီးမှန်းတဲ့ ချီးမွမ်းထိုက်သော ဂုဏ်ဟိတ်တို့ဖြင့် ဖိတ်ဖိတ်လက်နေသော သတ္တ၀ါကို ဂေါဏော - နွားမည်၏ ဟု ဆိုရပေခြိမ့်မည်။
တကယ်ထုံးနည်းအရ တစ်ဘို့တည်းရှိသော ဘို့ကိုလည်း အပြစ်ဖို့ကြ၏။ အမှန်မှာ ထိုဘို့လို ဧက ၀စနံ - တစ်ခွန်းတည်းစကားကို ဆိုတတ်၏ဟု အဓိပ္ပာယတ္ထ အနက်ဖွင့်ရမူ လွန်စွာကောင်းပေ၏။ ငါတို့သည် လူတို့ကဲ့သို့ စကားအမျိုးမျိုးမဆို မှန်သော စကားကိုသာဆို၏။ လူတို့ကဲ့သို့ အသားအမျိုးမျိုးကိုမစား ကောက်ရိုးနှင့် မြက်တည်းဟူသော သက်သတ်လွတ်ကိုသာ စား၏။ တစ်ကောင်နှင့် တစ်ကောင် အနိုင်ကျင့်အုပ်ချုပ်ခြင်းလည်း မရှိ။ မိမိကိုယ်သာ မိမိအုပ်ချုပ်စီမံ၏။
ယခုအခါ ငါတို့ မှီတင်းနေထိုင်ရာ ဗမာနိုင်ငံကြီးကို ကြည့်ပါဘိဦး။ လောကနီတိပျို့လာ စကားနှင့် ဆိုရချေသော်
"ဘသာပုံဆောင်၊ ခွေးနှစ်ကောင်သည်၊ တစ်ကောင်ခွေးအား၊ တွေ့လတ်အားမူ၊ အံသွားကြိတ်ခဲ၊ ရှေ့သွားဖြဲ၍၊ ဟိန်းဟဲလျက်သာ၊ ငြူစူပါ၏၊ ယုတ်မာသည့်သူ၊ အမိုက်လူက၊ သူတော်သူကောင်း၊ တွေ့လတ်ရှောင်းသော်၊ ခြိမ်းမောင်းဟိန်းဟောက်၊ အကောက်ပြုလွယ်၊ လွန်ချုပ်ချယ်၏။"
...ဆိုတဲ့ စကားလိုပဲ သူတော်ကေင်း သူမြတ်လောင်းတို့မှာ ဖိနှိပ်၊ ချုပ်ချယ်၊ နှိပ်စက်ညှင်းပမ်းခံနေကြရပေ၏။
အို ဂေါဏအပေါင်း နွားသူတော်ကောင်းတို့
ငါတို့ နွားလောက၌ အုပ်ချုပ်သူ နွားတန်းစားမရှိသဖြင့်၊ ထိုသို့ အနိုင်ကျင့်သူမရှိသဖြင့် လူတို့ထက် တစ်ခွင့်သာပြန်၏။ နောက်တစ်ကြောင်းလည်း နွားဗိုလ်၊ နွားမှူးမတ်မရှိသဖြင့် မူးမတ်တို့ကျင့်သင့်၊ ကျင့်အပ်သော ခွေးကျင့်ခြောက်ပါးလည်း ခေါက်ထားနိုင်ရာ၏။ မူးမတ်စစ်ဗိုလ်တို့ ကျင့်အပ်သော ခွေးကျင့်ခြောက်ပါးကား အဘယ်နည်းဟူမူ-
၁။ မပျင်းမရိ လုံ့လ ၀ီရိယရှိခြင်း
၂။ ကျွေးသမျှ မွေးသမျှနှင့် ခွေးဘ၀ အားလျော်စွာ ရောင့်ရဲရှာခြင်း
(ဤ၌ အထူးကား မူးမတ်စစ်ဗိုလ်များတွင် တစ်သိန်း၊ နှစ်သိန်းစား စစ်ဗိုလ်ဟူ၍ ပုဂ္ဂိုလ်အလိုက် မိုက်သည့် “ဇ” အားလျော်စွာ ရာဇာသခင်က ခန့်ထားပြီးနောက် တစ်ကောင့်တစ်ကောင်နေရာမလုရာ သခင်ကျွေးသမျှ၊ ပေးသမျှနှင့် ရောင့်ရဲရမည်ဟူသော ခွေးများကျင့်တန်း၊ ကျမ်းဂန်မိန့်သောကြောင့် ပေတည်း။)
၃။ ခေါင်းချလျှင် ချခြင်း အိပ်ပျော်လွယ်ခြင်း
၎။ အိပ်ပျော်ရာမှ ပီတိကျ၍ ခဏမကြာ နိုးလွယ်ခြင်း
၅။ ကိုယ့်သခင်ကို ခင်မင်လွန်မင်း ချစ်ခင်ခြင်း
၆။ ရဲရဲရင့်ရင့် ပွဲလယ်တင့်အောင် သခင့်အကြိုက် အကိုက်ခိုင်းလျှင် ကိုက်ခြင်း၊ ဟောင်ခြင်း၊ ဟိန်းခြင်း
အို...သွားတမြုံ့မြုံ့နဲ့ ခေါင်းငုံ့နေကြတဲ့ နွားအပေါင်းတို့
ကျွန်ုပ်တို့နွားအပေါင်းတွင် ဘုရင်မရှိသဖြင့် ထိုခွေးကျင့်တို့ကို ကျင့်ကြံစရာ မရှိပေ။
ထို့ပြင်တစ်ကြောင်း ကျွန်ုပ်တို့ နွားအပေါင်းတွင် စုဆောင်းငွေကြေးနှင့် ဗိုလ်ကတော်လေးတို့လည်း မရှိရကား လစာရိက္ခာ အသပြာလာဘ်လာဘကို အလသဿ အသုံးကြီးမည်ဟု ဖြုန်းတီးပစ်ကြသော ဗိုလ်ကတော်တို့ကဲ့သို့ “ဗိုလ်ကတော် ကျွန်ပုံပေါက်တယ် ခွေးလောက်မကောင်း” ဟူသော ပြစ်တင်ကဲ့ရဲ့သံကိုလည်း မကြားရပြီ မဟုတ်လော။
စားမြုံ့တစီစီနဲ့ ရီပြနေကြသော နွားအပေါင်းသူတော်ကောင်းတို့
အကြောင်းကိုဆိုသော် ဗိုလ်ကတော်တို့ကဲ့သို့ သားငါးမစားသဖြင့် သန်းဝေခြင်း အကျင့်လည်း ကျွန်ုပ်တို့တွင် မရှိ၊
ရာထူးမလိုသဖြင့် ဗူးယိုတို့ အကျင့်အခန့်၊ အမြီးလည်း မနံ့၊
လက်နက်မစွဲကိုင်သဖြင့် ကုလားထိုင်လည်း မလု၊
ပါးစပ်တပြင်ပြင်နဲ့ စားချင်ဝါးချင်ပုံကိုလည်း မပြ (လိုအပ်လျှင် ဗိုက်ထဲမှ အစာကိုထုတ်၍ စားမြုံ့ခတ်နိုင်၏)
အသံတဟိန်းဟိန်းဖြင့် ၀ူးထရိန်း၊ ၀ူးထရိန်း သြဘာပေးနေကြသော နွားအပေါင်းသူတော်ကောင်းတို့
သမိုင်းကြောင်းမအီမသာနဲ့ ရှက်စရာ သတ်ဖြတ်ညှင်းပမ်းခြင်းတွေလည်း မရှိရကား ငါတို့နွားသမိုင်း ရာဇ၀င်သည်ကား စာတင်ရအောင်ပင် လက်မထောင်၍ နေခြိမ့်မည်။ ငါတို့ ဘုံပိုင် မြက်တောကြီးများ ဖြီးဖြီးထနေသဖြင့် စားနပ်ရိက္ခာ၊ နွားကမ္ဘာအတွက် မပူရ၊ ဗိုက်ဝ၍သာ အီတော့သည်။ ထို့ကြောင့် နွားဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများလည်း ထားစရာမလို။ တစ်ကောင်နှင့်တစ်ကောင် မာန်စောင်၊ စားခွက်လုစရာ အလုပ်မဟုတ်သဖြင့် နွားလုံခြုံရေးကောင်စီ ဆိုပြီးလည်း ကြောင်စီစီ ဖွဲ့စရာမလိုတော့ပေ။ နွားလိုနေပြီး နွားလိုသေကြရမည်ဖြစ်သောကြောင့် နွားဂုဏ်သိက္ခာအပြည့်အ၀ဖြင့် နွားကမ္ဘာကြီး သာယာနေပေလိမ့်မည်။
နွားမာန်တင်းတင်းဖြင့် စင်းစင်းကြီး ရပ်နေကြသော နွားအပေါင်းတို့
တစ်နေ့က ငါတို့ အိမ်နီးနားချင်း ခြသေ့င်္မင်းတို့ မင်္ဂလာသဘင် လက်ထပ်ဆင်ယင်၍ သွားသည့်သတင်းကို တီဗွီမှ တစ်ဆင့် အသင့်ကြည့်လိုက်ရသော ကျွန်ုပ်၏ မင် အင်မတန်တဲ့ ချစ်မိတ်ဆွေကြီးသညသ် မပြုံးဘဲနှင့် ၀ါးလုံးကွဲရီသော ဟူ၏။ အကြောင်းကို မေးချေသော် ဒီကောင်ကြီး မင်္ဂလာဆောင်တာ ကောင်းတယ်။ နောက် (၇) ရက်လောက်ကြာရင် ဒီခြင်္သေ့ကောင် ငါတို့လို နွားဖြစ်တော့မှာပဲ လို့မြင်လို့ သဘောကျပြီး ရီတာပါတဲ့။ သို့ကြောင့် မည်မျှ ရာထူးကြီးကြီး တံခိုးထွားထွား၊ မိန်းမယူလိုက်တာနှင့် တစ်ပြိုက်နက်တည်း ကျွန်ုပ်တို့ နွားဘ၀သို့ သက်ဆင်းကြရမည်မှာ မလွဲဧကန်တည်း။
အို သဘောတိမ်တိမ်နှင့် စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြကုန်လင့် နွားအပေါင်းတို့
ဒင်းတို့ နွားဘ၀ သက်ဆင်းလာကြသော်လည်း ကျွန်ုပ်တို့ ဘုံပိုင် မြက်တောကြီးများကိုတော့ ယောင်၍မျှ ကိုင်ကြမည်မဟုတ်ပေ။ နောက်တစ်ထွေလည်း ကျွန်ုပ်တို့ နဂိုထဲက နွားဂုဏ်သိက္ခာ အပြည့်ရှိပြီးဖြစ်လို့မို့ သူတို့လို နောက်ထပ်ဂုဏ်ဆုတ်ယုတ်ဖို့ရာ မလိုတော့။ ထို့ကြောင့် သဘောတိမ်တိမ်နဲ့ မစိုးရိမ်ကြလေနဲ့။
အို သဘော သကာယ အပြည့်အ၀နဲ့ နွားဂေါဏတို့
ကျွန်ုပ်တို့ ယခု နွားအခွင့်အရေးနေ့ အခမ်းအနားကြီး မပြီးဆုံးမီ အစီအစဉ်နောက်ဆုံး၌ အုပ်ချုပ်သူများ သောက်သုံးမကျသဖြင့် ကျဆုံးရရှာသော မြစ်ဝကျွန်းပေါ်နေ နာဂစ်မှာ သေကြေရရှာတဲ့ ကံခေရှာသူ နွားသူ၊ နွားသားများအတွက် အခမ်းအနားမသိမ်းမီ ၀ူးထရိန်း၊ ၀ူးထရိန်း မတွန်ကြဘဲ လွန်စွာမှ ၀မ်းနည်းခြင်းအထိမ်းအမှတ် မိနစ်ဝက် ငြိမ်သက်ခါ “နွားအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ” မေတ္တာပွားရင်း နွားအချင်းချင်း ဂုဏ်ပြုလိုက်ကြပါစို့...လို့ တိုက်တွန်းရင်း ယနေ့ နွားအခွင့်အရေးနေ့ အခမ်းအနား မိန့်ခွန်းကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါကြောင်း နွားအပေါင်းတို့ ။
ဂေါဏသမဂ္ဂ အဖွဲ့ကြီး အဓွန့်ရှည်ပါစေသော်
ဝူးထရိန်း
ဂေါဏသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်
ဂေါဏသမဂ္ဂအဖွဲ့