26 November 2008

A Comment Letter From NCGUB

ပြည်တွင်း၊ နိုင်ငံတကာအခြေအနေများနဲ့ ကျွန်တော်တို့

တင့်ဆွေ



အခုတလော ပြည်တွင်းမှာ ဖိနှိပ်မှုတွေက မီးကုန်-ယမ်းကုန်အောင် ဆိုးရွားနေပါတယ်။ အကြမ်းမဖက်နည်းနာတွေကို လာသင်ပေးသူတွေရဲ့ သင်ခန်းစာထဲမှာ ဆန္ဒပြသူတွေရှေ့မယ် အမျိုးသမီးတွေကိုထားပေးရင် နှိပ်ကွပ်မဲ့ ရဲတွေ-လုံထိန်းတွေအဖို့ နှစ်ခါပြန်စဉ်းစားလိမ့်မယ်လို့အကြံပေးတာရှိပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ အမျိုးသမီးလောက်တော့ စာရင်းမသွင်းနိုင်ဖြစ်သွားစေခဲ့တယ်။ သံဃာတော်တွေကို နှိပ်ကွပ်၊ စီးနင်း၊ ဖမ်းဆီး၊ သတ်ဖြတ်တဲ့အခါ ပြည်တွင်း-ပြည်ပ သြချခဲ့ရတယ်။ (နာဂစ်)ဖြစ်လို့ တိုင်းတစ်ပါးကနေ တာဝန်အရရော စေတနာနဲ့ပါ ကူမဲ့-ကယ်မဲ့သူတွေကို တားမြစ်-ဖင့်လေးတာတွေလုပ်ပြန်တော့၊ ကမ်းကုန်ရောလို့ ပြောရပြန်တယ်။ နောက်တခါလာပြန်ပြီဟေ့ဆိုရပါမယ်၊ ဘုန်းကြီးဆွမ်းကြွေးတဲ့သူ၊ လူတွေမသုံး သုံးအောင် အစွမ်းကုန် အားပေး-စီစဉ်ပေးရမယ့် သတင်းနည်းပညာတွေကို သုံးမိသူတို့ စတဲ့သူတွေကို ထောင်ချလိုက်တာ ကြုံဖူးပေါင်-ဂုဏ်ထူးဆောင်လို့ ပြောရပြန်ပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကြောင့် ရှိပြီးသား နိုင်ငံရေးသီအိုရီတွေ၊ နည်းနာတွေ၊ နိုင်ငံတကာဥပဒေတွေ ခေတ်မမီအောင် ဖြစ်သွားရပါတော့တယ်။


နိုင်ငံတကာစင်မြင့်မှာလည်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ဒီနှစ်မှာ ထူးခြားတဲ့ ခံစစ်နဲ့ စစ်အုပ်စုက စတိုက်လာပါတယ်။ ၁၉၉၂ ကတည်းက အများသဘောတူ (ကွန်ဆင်းဆပ်)ဆုံးဖြတ်ချက် ချလာလိုက်တာ ၂၀၀၇ အထိ။ ဒီနှစ် မဲခွဲတဲ့ (ချဲလင့်)ကို စကျင့်သုံးလိုက်ပြီဖြစ်တယ်။ အရင်နှစ်တွေကတည်းက စကားလုံးအားပြင်းတဲ့ ဆုံးဖြတ်ချက် ရချင်ပေမဲ့ မဲခွဲတဲ့နည်းကို သွားရမှာမို့ (ကွန်ဆင်းဆပ်)ဖြစ်အောင် ရေရောပေးခဲ့ရတယ်။ အခု စစ်အုပ်စုက မဲခွဲနည်းကို ရွေးလိုက်ပါပြီ။ မဲမခွဲခင် ဘာမှအရေးမယူရေးအဆို (နိုး-အက်ရှင်-မိုးရှင်း) လုပ်လိုက်သေးတယ်။

(အက်ရှင်)မယူရေးဘက်က တရုပ် နဲ့ ရုရှားတို့ကစကားပြောပြီး (အက်ရှင်)မယူရေးကို ဆန့်ကျင်သည့်ဘက်က နော်ဝေ နဲ့ နယူးဇီလန်တို့က ပြောကြတယ်။ မဲခွဲတဲ့အခါ (အက်ရှင်)မယူရေးကို ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၉၀ မဲ၊ ကြားနေမဲ ၄၃ မဲရလို့ နအဖ-တရုပ်-ရုရှား ၀န်ရိုးတန်းဘက်က ရှုံးသွားပါတယ်။

နောက် ဆုံးဖြတ်ချက်ကို (စပွန်ဇာ)လုပ်တဲ့နိုင်ငံများနဲ့ (အီးယူ)ကိုယ်စား ပြင်သစ်နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံဘို့ စကားပြောသလို မထောက်ခံဘို့ နအဖ ကိုယ်စားလှယ်က စကားပြောတယ်။ (ဘာဘေဒို့ စ်)၊ မြောက်ကိုရီးယား၊ မလေးရှား၊ အီဂျစ်၊ ထိုင်း၊ ဆီးရီးယား၊ အီကွေဒေါနိုင်ငံကိုယ်စားလှယ်တွေက နိုင်ငံတခုချင်းအလိုက်ဆုံးဖြတ်ချက်မျိုးကို မထောက်ခံကြောင်းအပါအ၀င် အဆိုကို ကန့်ကွက်မယ်ဆိုတာပြောကြတယ်။ မဲခွဲတဲ့အခါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေမဲ ၆၃ မဲနဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။ ဘဲလားရပ်၊ ကျူးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့က ကန့်ကွက်မဲထည့်ရခြင်း အကြောင်းပြောပြီး ဂျပန်နဲ့ ဘရာဇီးက ထောက်ခံမဲထည့်ရခြင်းအကြောင်း၊ ကော်စကာရီကာမှ (အက်ရှင်)မယူရေးအဆိုကို ကန့်ကွက်ရခြင်းအကြောင်း ပြောကြားပြီးတဲ့နောက် နအဖ ကိုယ်စားလှယ်က ရုရှားနှင့် အိမ်နီးချင်းများကို ကျေးဇူးတင်စကားပြောပါတယ်။

ဘက်နှစ်ဘက်ကို ခွဲကြည့်လိုက်ရင် နအဖ အလိုတော်ရိနိုင်ငံများစာရင်းထဲမှာ အိမ်နီးချင်းတွေ အကုန်လောက်ပါနေတာ တွေ့ရတယ်။ ဘင်္ဂလားဒက်ရှ်၊ တရုပ်၊ အိန္ဒိယ၊ ဘူတန်၊ လော၊ မလေးရှား၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်တို့က (အက်ရှင်)မယူရေးအဆို ထောက်ခံတဲ့ နိုင်ငံများဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့တော့ ဒီဘက်မှာ ပါပါတယ်။ နီပေါ၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်တို့က ကြားနေခဲ့တယ်။ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်နိုင်ငံများထဲမှာ အယ်လ်ဂျီရီးယား၊ အဇာဘိုင်ဂျမ်၊ ဘင်္ဂလားဒက်ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရူနိုင်း၊ တရုပ်၊ ကို့တ်တီဘွား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျာ၊ မလေးရှား၊ နမီဘီးယား၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ ဆိုမာလီ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ထိုင်း၊ ဗီယက်နမ်၊ ဇင်ဘာဘွေတို့ ဖြစ်ကြပါတယ်။

ပြည်တွင်းနဲ့နိုင်ငံတကာမှာ အဲလိုတိုက်ပွဲတွေကြမ်းနေချိန် ကျွန်တော်တို့အတွင်းထဲမှာလဲ အရှိန်ပြင်းပြင်းနဲ့ အချင်းချင်း ဝေဖန်ရေး(ဘလောကာ)စစ်ပွဲ ဆက်လက်ဆင်နွှဲနေဆဲပါ။ (အင်စီဂျီယူဘီ)နဲ့ ပတ်သက်နေတဲ့ အကြောင်းကိစ္စတွေ ဝေဖန်ကြတာကို ဒီမိုကရေစီကျင့်စဉ်တရပ်ဖြစ်လို့ ကြိုဆိုပါတယ်။

(စီစီ)ကိစ္စလို့ အတိုခေါ်တဲ့ ကုလသမဂ္ဂမှာ ကုလားထိုင်နေရာ(ချဲလင့်)လုပ်တာက နိုင်ငံရေးပေါ်လစီကိစ္စဖြစ်လို့ လေးလေး နက်နက် သိဖို့ -ဆွေးနွေးဖို့လိုပါတယ်။ မီဒီယာမှာပြောရတာမျိုးနဲ့ ဘလော့ခ်မှာရေးရတာမျိုး မတူနိုင်သလို တစ်ချို့ အပိုင်းကို အတွင်းကြိတ်ဆွေးနွေးဖို့ နဲ့တံခါးပိတ်ပြောရတာမျိုးတို့လဲ ရှိနေပါတယ်။ လုပ်သင့်တယ်ဆိုတဲ့ဘက်ကနေ အထောက်အထား၊ အကိုးအကား၊ အလားအလာတွေကို သက်ဆိုင်သူတွေဆီ မျှဝေ-ချဉ်းကပ်မှုတွေလုပ်ပါတယ်။ လုပ်ထုံးအရ တာဝန်ခံလုပ်ရမဲ့သူအနေနဲ့ကလည်း တာဝန်မခံနိုင်ရတဲ့ အကြောင်းတရားတွေကို စာနဲ့ပေနဲ့၊ ပေးသင့်သူများထံ တလေးတစား ရေးသားပေးပို့ ပြန်ကြားထားတာတွေရှိထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား လွန်ခဲ့တဲ့ရက်အနည်းငယ်က သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။ နားလည်မှုတွေ တိုးတက်ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်တွေအကြား မဆွေးနွေးမီ၊ တပ်ပေါင်းစုတွေအကြားမှာလဲ ကျကျနနနည်းပါး ဆွေးနွေးခဲ့ကြပါသေးတယ်။

(စီစီ)ကိစ္စက ပညာပိုင်းရော နိုင်ငံရေးပိုင်းပါ နှစ်မျိုးလုံးစုပြီး၊ အပြန်အလှန်ပြောဖို့လိုတာပါ။ ပညာပိုင်းဆိုတာက လုပ်ထုံး-လုပ်နည်း၊ အလားအလာ၊ သမိုင်းကြောင်း၊ ဥပဒေကြောင်းတွေပါ ပါတယ်။ နိုင်ငံရေးစဉ်းစားချက်ပိုင်းဆိုတာက ကောင်းကျိုး-ဆိုးပြစ်၊ တာဝန်ခံဆောင်ရွက်မည့်သူ စတာတွေ အနည်းဆုံး ပါပါတယ်။ အခုချိန်အထိ အမြင်တွေ ထပ်တူ မကျသေးပေမဲ့ နီးစပ်မှုတွေရှိလာနေပါပြီ။ မတူတဲ့အယူအဆတိုင်းမှာ အားကောင်းတဲ့ငြင်းဆိုချက်တွေ ကိုယ်စီနဲ့ပါ။ တေ့တေ့ဆိုင်ဆိုင်၊ လေးလေးနက်နက် အတူထိုင်ဆွေးနွေးကြတဲ့အခါ (အီမိုးရှင်း)တွေ၊ (ဖရပ်စထွေးရှင်း)တွေကနေ တင်ပြချက်တွေထက် နိုင်ငံရေးအမြင်ဘက်ကို အနိုင်ပေးကြရပါတယ်။ ဆေးခါးကြီးမျိုတာမျိုးလဲ မျိုနိုင်ကြတာကို တွေ့ရပါတယ်။ တချိန်တည်းမှာ အနေအထားတွေကို စိုးရိမ်လွန်းလို့ အပြုသဘောဆောင်တဲ့ အကြံပေးမှုတွေ၊ ကြားဝင်တာတွေကလဲ လေးစားဖို့ကောင်းပါတယ်။ အပြုသဘောဆောင်တာရဲ့အကျိုးက အပေါင်းလက္ခဏာကို ရစေပါတယ်။

ဒီအချက်တွေက ထုတ်နုတ်တာတွေသာဖြစ်ပြီး အကုန်အစဉ်မဟုတ်သေးပါဘူး။ ဆိုချင်တာက မပြည့်မစုံသိရ၊ ကြားရတာလေးတွေနဲ့တော့ အမှန်ကို ကောက်ချက်ဆွဲမရနိုင်ဘူးဆိုတာဖြစ်ပါတယ်။ ဥပမာလေးတခု တင်ပြလိုပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးမှ (အင်စီဂျီယူဘီ)သို့ တိုက်ရိုက်ပေးစာဆိုတာကို (ဘလော့ခ်)တခုမှာ ကံအားလျော်စွာ ဖတ်ရပါတယ်။ “ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေရဲ့အကြောင်းပြချက်က အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက်ပြားနိုင်တယ်လို့ ဆိုပါတယ်” လို့ ပါတဲ့အချက်ဟာ (အမ်ပီယူ) အမြဲတန်းကော်မတီထံ ၃၀-၁၀-၀၈ နေ့ကပြန်ကြားခဲ့တဲ့ (အင်စီဂျီယူဘီ)ရဲ့တရားဝင် အကြောင်းပြချက်တွေနဲ့ အတော်ကြီး ကွဲလွဲနေပါတယ်။ ၃-၁၁-၀၈ နေ့မှာ (အမ်ပီယူ)ကနေ (အင်စီဂျီယူဘီ)ကိုပေးတဲ့စာမှာပါတာတွေနဲ့လည်း ကွဲလွဲ နေပြန်ပါသေးတယ်။ အဲလို အနီးကပ်-အတွင်းကပုဂ္ဂိုလ်များကတောင် ကိုးကားချက်တွေ လွဲနေရင် တခြားလူတွေဆို ပိုပြီး အမှန်ဖြစ်တာ-ရှိတာတွေနဲ့ အလှမ်းဝေးနိုင်တာမျိုးဖြစ်တဲ့အကြောင်းပါ။

၂၁-၁၁-၀၈ နေ့က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရးဆိုင်ရာဆုံးဖြတ်ချက်တုံးက မဲပေးပုံစံကိုလေ့လာလိုက်ရင် (စီစီ)ကော်မတီ ၉ နိုင်ငံအနက် ၃ နိုင်ငံဖြစ်ကြတဲ့(အာဂျင်တီးနား၊ နော်ဝေနဲ့ အမေရိကန်ပြည်ထောင်စု)တို့ဟာ နအဖ ဘက်လိုက်စရာ မရှိပါ။ ကျန် ၆ နိုင်ငံထဲက တရုပ်၊ ရုရှား၊ ဘူတန်၊ ကုတ်-တီဗွာ၊ ဇမ်ဘီယာ တို့ဟာ နအဖ ဘက်သား ဖြစ်နိုင်ပြီး၊ ဘာဘေဒို့စ်က ကြားနေနိုင်ပါတယ်။

၂၀၁၀ဆိုတာကိုလည်း ကွင်းထဲမှာလုပ်နေရသူတွေကတော့ ငြင်းခုံ-ဆွေးနွေး-တိုင်ပင်-ဆုံးဖြတ်မှုတွေ လုပ်ပြီးကြပါပြီ။ ဂွင်ထဲမှာ လုပ်တဲ့သူတွေလုပ်နေကြပြီဖြစ်ပါတယ်။ အလေးအနက်သမားတွေဆိုရင်တော့ ပြည်တွင်းက အဖြစ်ဆိုးတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ နိုင်ငံတကာစဉ်မြင့်မှာ စစ်အုပ်စုရဲ့ ခံစစ်-ထိုးစစ်တွေကို ဘယ်လို အနိုင်တိုက်မလဲဆိုတာမျိုးကို လှုပ်ရှားမှုကြီးကို အပြုသဘောမျက်နှာမူတဲ့ စဉ်းစား-အကြံပြုမှုတွေနဲ့ လက်တွဲ လုပ်ဆောင်သင့်ကြပါကြောင်း တလေးတစား ရေးသားပါရစေ။

တင့်ဆွေ
(အင်စီဂျီယူဘီ)
၂၅-၁၁-၀၈

No comments: