20 August 2009

About Jakarta Conference By Tint Swe

ဂျကာတာ ကွန်ဖရင့်

တစ်ပတ်လောက်အတွင်း (အင်တာနက်)မှာ (ဂျကာတာ ကွန်ဖရင့်)နဲ့ပတ်သက်ပြီး ရေးနေကြတာတချို့ကို ဖတ်ရပါတယ်။ အပြုသဘောတွေကို ကျေးဇူးတင်ရမှာပါ။ တကယ်လို့ “Proposal for National Reconciliation” ဆိုတာကို ထုတ်ပြန်ခဲ့တဲ့ Movement for Democracy and Rights of Ethnic Nationalities ရဲ့ အစည်းအဝေးကိစ္စမှာ မရှင်းတာလေးတွေ ရှိနေပါရင် ကျွန်တော် ဒီလို ပြန်လည်ရေးသား အစီရင်ခံပါရစေ။

(ဂျကာတာ)ကွန်ဖရင့်ပြီးရင် ဥရောပကွန်ဖရင့်တခု ရှိသေးတယ်ဆိုတာကိုတော့ ရိုးရိုးသားသားပြောရရင် ကျွန်တော် အခုထိ မသိသေးပါ။ အဲဒီကွန်ဖရင့်မှာ အန်စီဂျီယူဘီ၊ အန်စီယူဘီ၊ အီးအန်စီ၊ အပြင် တတိယအုပ်စုပါမယ်ဆိုတာလည်း မသိပါ။

အတိအကျ သိတာကိုသာ ရေးပါမယ်။ ဂျကာတာမှာ လုပ်ခဲ့တာက NCGUB, NCUB, ENC, WLB, FDB, SYCB နဲ့ NYF ဆိုတဲ့ ညွန့်ပေါင်းအဖွဲ့ (၇)ဖွဲ့ဖြစ်ကြပါတယ်။ ဒီခုနစ်ဖွဲ့လုံးဟာ သိပြီးဖြစ်တဲ့အတိုင်း ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူ ညီမျှမှု၊ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ ဗျူဟာပိုင်းမှာ တူညီကြပါတယ်။ နောက်ပြီး၊ (ဆန်ရှင်)ကိစ္စမှာလည်း တူကြသလို၊ ၂၀၀၈-၂၀၁၀ မှာလည်း တူကြပါတယ်။ တူတယ်ဆိုတာထက် တွဲလုပ်နေကြတာမို့ နားလည်မှုတွေ အထူးရှိကြတာကို ပြောချင်တာပါ။

တတိယအုပ်စုဆိုတာ ဘယ်ဟာကို ရည်ညွှန်းလဲ တိတိကျကျ မမှန်းတတ်ပါ။ တကယ်လို့ စစ်အုပ်စုမဟုတ်ပေမဲ့ (ဆန်ရှင်)၊ ဖွံ့ဖြိုးရေး၊ ၂၀၁၀ ဆိုတာတွေမှာ ကျွန်တော်တို့နဲ့ မတူသူများကို တတိယလို့ ခေါ်မယ်ဆိုရင်ဖြင့် (ဂျကာတာ)မှာ သူတို့  မပါပါခင်ဗျား။ သိတဲ့အတိုင်း မြန်မာရေဒီယိုတွေက မတူဘူးထင်သူတွေကို တွဲထုတ်ပေးတာ ခေတ်စားနေတာမို့ သူတို့တတွေနဲ့ ရေဒီယိုတွေမှာ အတူတူ စကားပြောချင်ပြောပါမယ်။ ဘုံလုပ်ငန်းတခု ချရေးမှာတော့ သူတို့မပါပါ။ သူတို့လုပ်လည်း ကျွန်တော်တို့ကို ခေါ်မှာ မဟုတ်ပါ။ အတိုက်အခံတွေ မညီညွတ်ဘူးလို့ပြောလဲ ခံနေရဦးမှာပါ။

(ဂျကာတာ)ကနေ ညီညွတ်မှုတစ်ခု ရတာပါ။ အနိမ့်ဆုံးအားဖြင့် နိုင်ငံတကာရောင်းကုန်တစ်ခုကို တညီတညွတ် ထုတ်လုပ်ခဲ့ကြတာပါ။ ၀ယ်တာ၊ မ၀ယ်တာက နောက်မေးခွန်းတစ်ခု ဖြစ်ပါမယ်။ နိုင်ငံရေးစေတနာပါပါ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ (အာစီယံ)ထဲသွားထိုင်ပြီး အသံထွက်ခဲ့ကြတာလည်း ဖြစ်ပါသေးတယ်။ တစ်ဖွဲ့မှာ တစ်ခုစီလောက် (ရုပ်မက်) တို့ အသွင်ကူးပြောင်းရေး အစီအစဉ်ဆိုတာတွေ ရှိနေတဲ့အထဲ၊ (အနည်းဆုံးတော့) ဒီအဖွဲ့အစည်းတွေကဖြင့် တခုထဲ ဒါပါလို့ ပြောနိုင်တဲ့ အဆင့်တခုကို ရောက်ခဲ့တာပါ။

“ကိုယ်မကြိုက်တာတော့ သိတယ် ကိုယ်ကြိုက်တာကိုယ် မသိဘူး” လို့ အထင်ခံနေရာကနေ “ကျုပ်တို့မှာ ဒီအမြင်တွေ အတူတကွ ရှိကြတယ်”လို့ ပြောနိုင်လာတာ ဖြစ်ပါသေးတယ်။ ကျွန်တော်တို့အတွက် သက်သက်မဟုတ် အုပ်စိုးသူများလဲ ပါဝင်နိုင်တဲ့ အစီအစဉ်တရပ်ကို တင်ပြတာမို့ ဒီအဆိုပြုချက်ဟာ အဖြစ်ချင်ဆုံး (အိုင်ဒီးလ်)တွေတော့ မဟုတ်ပါ ခင်ဗျား။

ခုနစ်ဖွဲ့ဟာ “အားလုံး” လို့ မပြောပါ။ ကနေ့ကာလ အခင်းအကျင်းအရ လူဘယ်လောက်များများ တနေရာထဲ စုလို့ရမှာလဲ။ ပြည်တွင်းမှာသာမက အပြင်မှာလဲ အခြေအနေက ပေးတာမဟုတ်ပါ။ (၇)ဖွဲ့ကိုတောင် အချိန်၊ အရင်းအမြစ်နဲ့ သန္နိဋ္ဌာန်တွေ အတော်ကြီး စုစည်းခဲ့ရတာပါ။ ဒီလိုစုစည်းနိုင်တာထက် ပိုကျယ်ပြန့်တာမျိုး ဖြစ်နိုင်ရင် ဘယ်သူကမဆို ကြိုဆိုကြမယ် ထင်ပါတယ်။ (၇)ဖွဲ့ကလဲ ဒို့ချည်းဘဲကွ မဟုတ်ပါ။ ဆက်လုပ်ရာ၊ တွဲလုပ်စရာတွေ တလှေကြီး ရှိပါသေးတယ်။

အခုထိတော့ ထုတ်ပြောလို့ရမဲ့ အဖွဲ့တွေထက်ပိုပြီး တိုင်ပင်ညှိနှိုင်းတာတွေ လုပ်ထားပြီးပါပြီ။ သဘောထားရယူတာတွေ၊ ဖြည့်စွက်ချက်တွေလဲ ပါသွားပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လက အစပျိုးအဖွဲ့အစည်းရဲ့ မူကြမ်းဟာ အခုလောက်ထိ မပြည့်စုံခဲ့ပါ။

နောင်လည်း ပိုပြည့်စုံတဲ့တိုင်အောင် မစွံတဲ့ရောင်းကုန်ဖြစ်ဖို့က အများကြီး ဖြစ်နိုင်ပါတယ်။ စစ်အုပ်စုအပါအ၀င် (စတိတ်-ဟိုးလ်ဒါး) လို့ ခေါ်သူအားလုံး ပါပြီး၊ အတူတူထိုင်ဆွဲတာမျိုးဖြစ်မှ စွန်မှာပါ။ အဲဒီအဆင့် မရောက်နိုင်မီ အတူတကွ ထိုင်နိုင်ကြသူများကနေ အကျယ်ပြန့်ဆုံး အစီအစဉ်တစ်ခုကို တင်ပြလိုက်ကြတာဖြစ်ပါတယ်။

အရင်က မရှိသေးတာတစ်ခုကို စလုပ်တာဟာ သမိုင်းတွင်တယ်လို့ဆိုရင် (ဂျကာတာ)ဟာ သမိုင်းလေးတခုပါ။ အချိန်ကောင်းတော့ ဟုတ်မသွားပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်မှု လုပ်လိုက်တာနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အဆိုပြုချက်ဟာ တစ်ချိန်တည်းဆိုသလို ထွက်ခဲ့ရပါတယ်။ တဖက်က အာဃာတ ကြီးမားဆဲကာလမှာ အပြုသဘောဆောင် တင်ပြချက်လုပ်တာဟာ အားနည်းချက်လို့ မယူဆစေလိုပါ။ ကျွန်တော်တို့ ကံမကောင်းဖြစ်ဆဲပါ။

၂၀၀၃ (ရုပ်မက်)ကလွဲရင် ဘာမှ မရှိတော့ဘူးဆိုသူများ စိတ်ဝင်စားလာစေချင်ပါတယ်။ သိချင်-ဖြည့်ချင်-ပါချင်သူများ ရှိလာရင် တွေ့ဆုံ ဆွေးနွေးရေးတစ်ခု ရလာတာပဲ ဖြစ်ပါမယ်။ ကြားကနေ သွားပြောမဲ့သူများကလည်း တဖက်က “ဒါ” ရှိတယ်လို့ သယ်သွားစေဖို့လည်း မှန်းပါတယ်။

ကိုယ်လုပ်ရမယ့်အလုပ်ကို စိတ်ကောင်းစေတနာ မှန်မှန်နဲ့ မဆုပ်မနစ် လုပ်နေကြသူတွေကို လေးစားပါတယ်ခင်ဗျား။
 
တင့်ဆွေ

---------------------------------------------
Movement for Democracy and Rights for Ethnic Nationalities Website

1 comment:

Unknown said...

ဒေါက်တာတင့်ဆွေခင်ဗျား
ဂျာကာတာကို သတ္တိရှိရှိကာကွယ်လိုက်တယ် မြင်ပါတယ်။
စာရေးကောင်းသူပါပဲ။
အမျိုးသား ရင်ကြားစေ့ရေးဟာ အကြားကောင်းပေမယ့် လက်တွေ့က ခါးသီးပါတယ်။
ခုနှစ်ဖွဲ့ ဘယ်လို ဖွဲ့ခဲ့တယ် ဖွဲ့ဖြစ်ခဲ့တယ်ဆိုတာလည်း သမိုင်းမေးခွန်းကို ဖြေရမှာပါ။
၂၀၀၇ စက်တင်ဘာါအပြီးမှာ ဖုတ်ပူမီးတိုက် ပေါ်လာတယ်လို့ထင်တာပဲ။
တကယ့် ညီညွတ်ရေး ဆိုတာ ဒေါက်တာရဲ့ ဆန္ဒစွဲလား အစစ်အမှန်လား သိချင်ပါတယ်။
တတိယ အုပ်စုဆိုပြီး အမှိုက်က်ချေ ရီဆိုက်ကယ် ထဲ ထည့်လို့ ရပါသလား။
၂၀၁၀၊ ဆိုင်ရှင် ဆိုတာကိုရော တကယ်အာမခံတဲ့ ဂျာကာတာ သေချာရဲ့လား။
ပေါင်းလုပ်ဖြစ်တယ်ဆိုတဲ့စကားနောက်မှာ နိုင်ငံရေးအရလား အကျိုးစီးပွားအရလား မရှင်းဘူးဖြစ်ပါတယ်ဒေါက်တာ။
ကျနော်တို့က လူထုပါ။ ဆရာတို့ကပြည်သူက ရွေးချယ်တဲ့ လွှတ်တော် (အပျိုလေး အော်တာ မဟုတ်ဘူးနော်... ပါလီမန်ခေတ်က သီချင်း) အမတ်တွေပါ။ နိုင်ငံရေး နေမြင့်လေ အရူးရင့်လေ မဖြစ်ပါရစေနဲ့....ခင်တဲ့
တွတ်တွတ် ..