(၂၉၊ ၄၊ ၀၀၈)ရက်နေ့က သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် - ပဓာနစေရ ဆရာတော် မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ ပျံလွန်တော်မူသွားသည့်အတွက် အထူးပင် ၀မ်းနည်းကြေကွဲရပါသည်။
တပည့်တော်တော်တို့ အတွက် တစ်အား လျော့သွားသည် မှန်သော်လည်း အရှင်ဘုရား၏ မျှော်မှန်းချက်များဖြစ်သော စစ်အဆိုးရကြောင့် ညစ်နွမ်းရသည့် ဗုဒ္ဓသာသနာ မြန်မာပြည်တွင် ပြန်လည် ထွန်းကားရှင်သန်စေရေး၊ မြန်မာပြည်သူပြည်သားအပေါင်း စစ်ကျွန်ဘ၀မှ ကင်းလွတ်ကာ လူ့အခွင့်အရင်းစံချိန်စံညွှန်းများနှင့် အညီ နေထိုင်နိုင်ရေး အစရှိသည်တို့ကို တပည့်တော်တို့မှ မြန်မာပြည်သူပြညသားအပေါင်းနှင့်အတူလက်တွဲ၍ စစ်အဆိုးရကို လူထုတိုက်ပွဲဆင်ရင်း ဆက်လက်ဆောင်ရွက်သွားပါမည်ဟု သံန္နိဋ္ဌာန်ချအပ်ပါသည်ဘုရား။
01 May 2008
VERY SAD NEWS
ပြိုင်တူ ခြိမ်းမှ ဟိန်းမယ့် မိုး
(၁) ကျနော်တို့အားလုံး No
ရဲဘော်များ မိတ်ဆွေများခင်ဗျား
၂၀၀၇ ခုနှစ်ရဲ့ သြဂုတ်၊ စက်တင်ဘာလများက အစပြုခဲ့တဲ့ မြန်မာနိုင်ငံပြည်သူများရဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးက ဒီကနေ့အထိ အရှိန်အဟုန်မြင့်မားစွာနဲ့ ချီတက်နေဆဲပါပဲ။ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်တုံ့ပြန်မှုများအောက်မှာ ဒူးမထောက် ဦးမညွတ်ပဲ လမ်းခွဲခဲ့ရတဲ့ရဲဘော်များကို ကြေကွဲစွာ နှုတ်ဆက်၊ အိပ်မက်အသစ်တွေမွေးဖွား၊ အနာဂတ်ကို တည်ဆောက်မဲ့ ခင်ဗျားတို့ရဲ့ လက်များဟာ သန်မာနေဆဲ၊ ခင်ဗျားတို့ရဲ့ ရင်ခုန်သံတွေဟာ ရဲရင့်နွေးထွေးနေဆဲ၊ ခင်ဗျားတို့ရဲ့ မျှော်လင့်ချက်များက လတ်ဆတ် တောက်ပနေဆဲ၊ မြန်မာနိုင်ငံ ဒုတိယလွတ်လပ်ရေးတိုက်ပွဲရဲ့ အောင်ပန်းကို မကြာခင်မှာ ခင်ဗျားတို့ ဆင်မြန်းနိုင်ကြတော့မယ် ....... ကျနော်ယုံကြည်မိပါရဲ့ ..... ။
၁၉၈၈ ခုနှစ်ကစခဲ့တဲ့ အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးဟာ အနှစ် ၂၀ ထဲကို ရောက်ရှိလာသလို လူထုတိုက်ပွဲရဲ့ ပုံသဏ္ဍာန်ဟာလည်း ပြောင်းလဲခဲ့ပါပြီ။ ဒီကနေ့ ဒီအချိန်မှာ ကျနော်တို့ဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးရဲ့ အထွဋ်အထိပ်တိုက်ပွဲကို ရောက်ရှိနေပါပြီ။ စစ်အာဏာရှင်တွေက တိုင်းပြည်ကို ရာသက်ပန်အုပ်ချုပ်နိုင်ဖို့အတွက် သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ စစ်ကျွန်ပြုရေးဥပဒေကို တဖက်သတ်ပြဌာန်း အတည်ပြုဖို့ ကြိုးစားနေပါပြီ။ ဒီပွဲမှာ သူတို့အောင်မြင်ခဲ့ရင် ကျနော်တို့ရဲ့ ၁၉၉၀ ရွေးကောက် ပွဲရလဒ် ထာဝရ ဆုံးရှုံးရတော့မယ်။ စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ တရားဝင် ဖြစ်လာပြီး ကျနော်တို့ပြည်သူတွေ သားစဉ်မြေးဆက် စစ်ကျွန်ဘဝ ရောက်ကြရတော့မယ်။ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားလူမျိုးစုများ အရေးတွေဟာ စစ်ဖိနပ်များအောက် မှာ နာကျင်ကြရတော့မယ်။
စကားတခု ကြားဖူးပါတယ်။ “တိုက်ပွဲပုံသဏ္ဍာန်ကို ရန်သူက ဖန်တီးပြီး တိုက်ပွဲရဲ့အရှိန်အဟုန်က ညီညွတ်မှုကို တည်ဆောက် ပေးတယ်” တဲ့။ ဘယ်သူဘယ်ဝါက ပြောခဲ့သလဲ မမှတ်မိတော့ပါ။ ဒါပေမယ့် ကျနော်တို့အတွက် သိပ်ကိုမှန်ကန်တဲ့ စကားပါပဲ။ နအဖက သူတဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုမယ်လို့ ကြွေးကြော်လိုက်တာဟာ ဒီမိုကရေစီ အင်အားစုများ အတွက် တိုက်ပွဲပုံသဏ္ဍာန်ကို ဖန်တီးပေးလိုက်တာပါပဲ။ “မြန်မာပြည်ကို ရာသက်ပန် အုပ်ချုပ်တော့မယ်ဟေ့”လို့ စစ်ဘီလူးများက ကြွေးကြော်လိုက်တာဟာ မြန်မာပြည်သူလူထုကို စစ်ကြေငြာလိုက်တာပါပဲ။ စိန်ခေါ်လိုက်တာပါပဲ။ ဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်လိုက် ပါတယ်။ စစ်အာဏာရှင်စနစ်ကို လုံးဝ(လုံးဝ) အလိုမရှိဘူးလို့ မြန်မာပြည်သူတွေက ၁၉၉၀ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား ကြေငြာခဲ့ကြသလို၊ အခုလာမယ့် မေလ လူထုဆန္ဒခံယူပွဲမှာလည်း ထပ်မံ ပြတ်ပြတ်သားသား ကြေငြာကြမှာပါ။ နအဖရဲ့ စစ်တပ်အကျိုးပြု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ကန့်ကွက်ကြမှာပါ။
ဒီတိုက်ပွဲကြီးရဲ့ အရှိန်အဟုန်က ကြီးမားလွန်းပြီး ကျနော်တို့တိုင်းပြည်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့် အခြေအနေမျိုးမို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။ ကျနော်တို့အားလုံး ပြည်တွင်းပြည်ပ ဘယ်လောက်ပဲဝေးဝေး။ အရောင်တွေ ဘယ်လိုပဲကွဲကွဲ၊ အဖွဲ့အစည်းတွေ ဘယ်လိုပဲများများ၊ စစ်အုပ်စုရဲ့ မိစ္ဆာချောက်ကမ်းပါးကြီးထဲကို ကျဖို့ တည်းတည်းလေးဖြစ်နေတဲ့ ကျနော်တို့အမိမြေကို ကယ်တင်ဖို့ ကျနော်တို့ ညီညွတ်လာကြပါပြီ။
နှစ်ပေါင်းများစွာ ကျနော်တို့ အားမလိုအားမရ ဖြစ်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ကြီးများကလည်း ဒီအမြင့်မား ဆုံးတိုက်ပွဲမှာ ရဲရဲရင့်ရင့် ရှေ့တန်းကရပ်လို့၊ ၁၉၈၈ နောက်ပိုင်းမှာမှ မွေးဖွားကြတဲ့ လူငယ် ကျောင်းသားကလေးတွေကအစ လက်နှစ် ဖက်ကို ကြက်ခြေခတ်လို့၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ တပ်မတော်သား မိသားစုဝင်များကအစ “No”လို့ တဖွဖွ ရေရွတ်ကြလို့၊ တိုင်းရင်းသားလူမျိုးစုများကလည်း “No”၊ ပြည်ပရောက်မြန်မာများကလည်း “No” ဆရာတော် သံဃာတော်များကလည်း “No”၊ နံမည်ကျော်အနုပညာရှင်များကလည်း “No”၊ ကျနော်တိုဏ္ဍအားလုံးရဲ့ တညီတညွတ်တည်း ကြွေးကြော်သံက “No”၊ စစ်တပ်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း “No”၊ စစ်တပ်ကိုလည်း “No”၊ မတရားတဲ့ အုပ်စိုးမှုမှန်သမျှကိုလည်း “No”၊ ဒီထက်ရှင်းတာ မရှိနိုင်တော့ပါဘူး။
(၂) နအဖရဲ့ ခြေလှမ်းများ
ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ နအဖစစ်အုပ်စုဟာ မတရားမှုများနဲ့ တည်ဆောက်ဖွဲ့စည်းထားတဲ့ မိစ္ဆာတွေပါ။ တချို့က ‘ဗိုလ်သန်းရွှေက ဆန္ဒခံယူပွဲကို သေသေချာချာ တွက်ဆပြင်ဆင်ခြင်း မရှိပဲ ခေါ်ယူလိုက်တာ’လို့ တွက်ဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒ ခံယူပွဲကို ၂၀၀၈ ခုနှစ် မေလမှာ ခေါ်ယူဖို့ ကြေငြာတာနဲ့ တပြိုင်တည်းမှာပဲ ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ မှာ ကျင်းပဖို့ ကြေငြာတာ ဟာဖြင့် ဒီအတုအယောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုဖို့ စစ်အာဏာရှင်များက ပိုင်းဖြတ်ထားကြောင်း သိသာ ထင်ရှားတဲ့ အထောက်အထားပါပဲ။ စစ်အုပ်စုဟာ ၂၀၀၈ မေ ဆနခြံယူပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရအောင် ကြိုးစားမှာပါ။
နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြားမှာ ပြည်သူလူထုကို ထောက်ခံမဲပေးကြဖို့ အကြီးအကျယ် စည်းရုံးနေပါတယ်။ နေရာဒေသ အနှံ့အပြားမှာလည်း ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး ထောက်ခံမဲ ပေးခိုင်းနေပါတယ်။ နအဖရဲ့ ဝန်ကြီးတွေ၊ ဝန်ကလေးတွေ၊ ဗိုလ်ချုပ်တွေ နေရာအနှံ့အပြားကို သွားပြီး ခြိမ်းခြောက်လိုက်၊ လှည့်ဖျားလိုက်၊ လာဘ်ထိုးလိုက် လုပ်နေတာကတော့ မကြားချင်မှ အဆုံးပါပဲ။ တချိန်တည်း တပြိုင်တည်းမှာပဲ ပြည်သူလူထုကို ကန့်ကွက်မဲပေးဖို့ ဦးဆောင်စည်းရုံးနေတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာဖြင့် နအဖ ငှားရမ်းထားတဲ့ ကြေးစားလူမိုက်များရဲ့ တိုက်ခိုက်မှုအောက်မှာ နာကျင်ကြ၊ ဒဏ်ရာရကြ၊ အဖမ်းအဆီးခံကြရနဲ့ .....။
နအဖက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ်လွယ်ကူကူ အတည်ပြုနိုင်ရေးအတွက် လိုအပ်တဲ့ ထောက်ခံမဲ ပမာဏကိုလည်း မြင့်မြင့် မားမား မသတ်မှတ်ထားပါဘူး။ ဒီဖွဲ့စည်းပုံကို နောင်တချိန်မှာ ပြန်ပြင်မယ်ဆိုရင် လွှတ်တော်မှာ ၇၅% ကျော် ထောက်ခံမဲနဲ့ လူထုဆန္ဒခံ ယူပွဲမှာ ၅၀%ကျော် ထောက်ခံမဲ လိုမှာ ဖြစ်ပေမယ့် ဒီဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲမှာ အတည်ပြုဖို့အတွက်တော့ မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၂၅% ကျော်သာ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံလူဦးရေကို ၅၆ သန်းလို့ ခန့်မှန်းပြီး မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းလို့ ခန့်မှန်းတဲ့ အတွက် ဒီဖွဲ့စည်းပုံကို မဲပေးပိုင်ခွင့်ရှိသူ ၈ သန်းကျော်လောက်က ထောက်ခံရုံနဲ့ အတည်ပြုမှာပါ။
ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးမှာ သေချာသလောက်ရှိတဲ့ နိုင်ငံသား တော်တော်များများဟာလည်း မဲပေးခွင့် မရကြပါဘူး။ အခုပြုလုပ်ခဲ့ ပြုလုပ်နေဆဲဖြစ်တဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား အစရှိတဲ့ ပြည်ပနိုင်ငံများမှာရှိတဲ့ မြန်မာသံရုံးများက ကြိုတင်မဲဆန္ဒပေးပွဲများကို လေ့လာ ကြည့်မယ်ဆိုရင် ပြည်ပရောက်မြန်မာနိုင်ငံသား အများစု၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင် တသန်းကျော်ဟာ မဲပေးခွင့် ဆုံးရှုံးနေတာ တွေ့ရပါတယ်။
ပြည်တွင်းမှာလည်း သူတို့ကိုယ်တိုင် ပြဌာန်းထားတဲ့ ဆန္ဒခံယူပွဲဥပဒေကို ချိုးဖေါက်ပြီး ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာနတွေမှာ၊ ဆရာ ဆရာမတွေကို သက်ဆိုင်ရာကျောင်းတွေမှာ မဲရုံဆောက်ခွင့် မရှိပဲ မဲရုံဆောက်ပြီး ကြိုတင်မဲပေးခိုင်းနေတာဟာ ကြီးမားတဲ့ မတရားမှုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်ရင် ထောင်ဒဏ် တသက်တကျွန်း၊ ဆန္ဒခံယူပွဲကို နှောက်ယှက်ရင် ထောင်ဒဏ် ၃ နှစ် စတဲ့ ဥပဒေတွေနဲ့ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး အကာအကွယ် ပေးထားပါသေးတယ်။ ဒါအပြင် နိုင်ငံတကာက တောင်းဆိုတဲ့ နိုင်ငံ တကာအကဲခတ်များ ဆန္ဒခံယူပွဲကို လေ့လာစောင့်ကြည့်ခွင့်ရရေး တောင်းဆိုချက်ကိုလည်း နအဖက ငြင်းပယ်ထားပါသေးတယ်။
အကြီးမားဆုံး လိမ်လည်မှုတွေကတော့ ဆနခြံယူပွဲ ကျင်းပတဲ့နေ့ မေ ၁၀ ရက်နဲ့ နောက်ရက်တွေမှာ ဖြစ်မှာပါ။ နအဖရဲ့ ဆန္ဒခံယူပွဲ ဥပဒေအရ မဲရုံတွေမှာ မဲစာရင်းအနိုင်အရှုံးကို ထုတ်ပြန်ကြေငြာခွင့် မရှိပါဘူး။ ဆိုင်ရာမဲရုံများရဲ့ မဲစာရင်းအနိုင်အရှုံးကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က လက်ခံစုဆောင်းပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်းကော်မရှင်များထံပို့၊ ယင်းတို့မှတဖန် ဗဟိုကော်မရှင်ကို ပို့ပြီး ကြပ်ပြေး နေပြည်တော်မှာ အခြေစိုက်တဲ့ ဗဟိုကော်မရှင်ကမှ ဒီကိန်းဂဏန်းများကို ပေါင်းပြီး အနိုင်အရှုံး ကြေငြာမှာပါ။ အားလုံးသိတဲ့ အတိုင်း ဆန္ဒခံယူပွဲကျင်းပရေး ဗဟိုကော်မရှင်ရဲ့ ဥက္ကဌ ဦးအောင်တိုးဟာ အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မတီရဲ့ ဥက္ကဌ လည်းဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်ရဲဏ္ဍ ဥက္ကဌလည်း ဖြစ်ပြီး၊ ကော်မရှင်အဖွဲ့ဝင်တွေဟာလည်း နအဖက စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတွေပါ၊ ဗဟိုကော်မရှင်က အဆင့်ဆင့် တင်ပြလာတဲ့ မဲစာရင်းများကို ပေါင်းစပ်ရေတွက်ရာမှာလည်း မည်သူကမှ စောင့်ကြပ်လေ့လာနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် အကြီးမားဆုံး လိမ်လည်မှုကြီးဟာ ဆနခြံယူပွဲအပြီး နောက်တပတ်ခန့် အကြာ ကြပ်ပြေး နေပြည်တော် ဗဟိုကော်မရှင်က မဲစာရင်း ထုတ်ပြန်ကြေငြာတဲ့အခါမှာ ဖြစ်ပါလိမ့်မယ်။ ကန့်ကွက်မဲတွေ ဘယ်လောက်ပဲများများ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနိုင်ပေး အတည်ပြုမှာပါ။
ဆန္ဒခံယူပွဲကျင်းပတဲ့နေ့ ညနေဖက် မဲရုံပိတ်ချိန်မှာ မဲရုံမှူးနဲ့အဖွဲ့က မဲပုံးထဲက မဲတွေကို ရေတွက်ပါလိမ့်မယ်။ ဥပဒေအရ မဲရေတွက်တဲ့ အချိန်မှာ အနည်းဆုံး ၁၀ ဦးထက် မပိုတဲ့ မဲပေးခွင့်ရှိသူတွေရှေ့မှောက်မှာ ရေတွက်ရမှာ ဖြစ်ပေမယ့် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေသာ အဲဒီ ၁၀ ဦး ဖြစ်မှာပါ။ ရေတွက်ပြီးတဲ့နောက် မဲစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်ထံ တင်ပို့ရမှာပါ။ ရပ်ကွက်ကျေးရွာ ကော်မရှင်တွေက သူတို့ထံရောက်လာတဲ့ မဲရုံအသီးသီးက စာရင်းတွေကို စုပေါင်းပြီး မြို့နယ်ကော်မရှင်တွေထံ တင်ပြ၊ မြို့နယ် ကော်မရှင်တွေက ကျေးရွာရပ်ကွက်ကော်မရှင်များက တင်သွင်းတဲ့ မဲစာရင်းတွေကို ထပ်ပေါင်းပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်း ကော်မရှင်ကိုတင်၊ ပြည်နယ်တိုင်းကော်မရှင်က သက်ဆိုင်ရာမြို့နယ်များက တင်ပြလာတဲ့ မဲစာရင်းများကို ထပ်ပေါင်းပြီး ကြပ်ပြေး နေပြည်တော်က ဗဟိုကော်မရှင်ကိုတင်။ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က ပြည်နယ်တိုင်းကော်မရှင်များက တင်ပို့လာတဲ့ မဲစာရင်းများကို ထပ်ပေါင်း၊ အဲဒါကိုမှ အရင်ရရှိထားတဲ့ ကြိုတင်မဲများကို ထပ်မံပေါင်းစပ်ပြီး နောက်ဆုံးပိတ် မဲစာရင်းကို ကြေငြာမှာပါ။ ဒါကြောင့် မဲရုံပိတ်တဲ့ညနေက စပြီး မဲရုံမှူးများနဲ့ ကော်မရှင်အဆင့်ဆင့်ရဲ့ လိမ်လည်ပွဲကြီး စပါပြီ၊ မဲရုံမှူးတွေအဆင့်မှာ လိမ်လို့ခက် ရင်တောင်မှ အဲဒီမဲစာရင်းတွေ ကျေးရွာရပ်ကွက်ကော်မရှင်အရောက်မှာ စတင်လိမ်လို့ ရပါပြီ။ အဲဒီနောက် မြို့နယ်ကော်မရှင်တွေက ထပ်လိမ်၊ ပြီးတော့ ပြည်နယှ်တိုင်းကော်မရှင်တွေက ထပ်လိမ်နဲ့ ကြပ်ပြေးနေပြည်တော် ဗဟိုကော်မရှင်က ကြိုတင်မဲများနဲ့ ထပ်ပေါင်း လိမ်လည်ပြီးတဲ့နောက်မှာတော့ နအဖရဲဏ္ဍ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ထောက်ခံမဲ ၁၀၀%၊ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုနိုင်မှာပါ။
(၃) ဒီလိုဆိုရင် ......
အဲဒီလိုဆိုရင် အခု ကျနော်တို့က လူထုကို ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ ကန့်ကွက်မဲတွေ ပေးနေကြတာ ဘာထူးမှာလည်း တချို့က မေးနိုင်ပါတယ်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်မဲပေးဖို့ စည်းရုံးနေတာ၊ မကြောက်မရွံ့ ကန့်ကွက်မဲပေးနေကြတာ၊ အဖမ်းအဆီး အနိုင့်အထက်ပြုမှုများကို ရင်ဆိုင်ရပြီး လှုပ်ရှားနေကြတာဟာ နအဖရဲ့ အဓမ္မအတည်ပြုမှုကို ကန့်ကွက်နိုင်ဖို့နဲ့ နအဖရဲ့ ဖွဲ့စည်းပုံကို အသိအမှတ် မပြုဖို့ အတွက်ပါ။ နအဖက ဒီဖွဲ့စည်းပုံကို ဘယ်လိုပဲ လိမ်လည်အတည်ပြုပြု၊ ပြည်သူလူထုက လက်မခံရင်၊ နိုင်ငံတကာအစိုး ရတွေက လက်မခံရင်၊ ဘယ်လိုမှ ဒီဥပဒေကို အသက်သွင်းလို့ မရနိုင်ပါဘူး။ အခုကစလို့ ဆန္ဒခံယူပွဲလုပ်တဲ့နေ့အထိ လူထုလှုပ်ရှားမှုတွေ ဟာ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ရင်း လူထုရဲ့ လက်မခံမှုတွေကို ထုတ်ဖေါ်ပြသနေတာပါ။ အဲဒီနောက်မှာတော့ နအဖရဲ့ ဖွဲ့စည်းပုံ ကို နိုင်ငံတကာက အသိအမှတ်မပြုရေး ဆက်ပြီး လှုပ်ရှားကြရမှာပါ။
စကတည်းက ကျနော်တို့က ဒီဖွဲ့စည်းပုံကို မကန့်ကွက်ခဲ့ဘူး၊ မငြင်းဆန်ခဲ့ဘူးဆိုရင် ဒီဖွဲ့စည်းပုံ အတည်ပြုပြီးသွားတဲ့အချိန်မှာ ဒီဖွဲ့စည်းပုံ အသက်ဝင်လာမှုကို ငြင်းဆန်ကန့်ကွက်နိုင်တော့မှာ မဟုတ်ပါဘူး။
အခုဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မတရားမှုတွေကို ကျနော်တို့အားလုံးက မြန်မာပြည်သူတွေရော ကမ္ဘာ့ပြည်သူတွေရော အားလုံး သိအောင် ထုတ်ဖေါ်ပြသနိုင်ကြသလို ဒီဖွဲ့စည်းပုံ အတုအယောင်ကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ မြန်မာပြည်သူများရဲ့ဆန္ဒတွေကိုလည်း ကမ္ဘာကသိအောင် ပြနိုင်ကြပါပြီ။ ဆန္ဒခံယူပွဲရက်တောင် မရောက်သေးပါဘူး။ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အင်္ဂလန်၊ ပြင်သစ်စတဲ့ ပြည်ပရောက်မြန်မာများက သူတို့ရဲ့ဆန့်ကျင်မှုကို နိုင်ငံတကာအစိုးရများ၊ ပြည်သူများသိအောင် ထုတ်ဖေါ်ပြသပြီ၊ ပြသနေကြဆဲပါ။ ဒီအရှိန်အဟုန်ဟာ ဆက်လက်မြင့်မားနေပြီး မေ (၁၀)ရက်နေ့မှာတော့ မြန်မာနိုင်ငံတွင်းက ပြည်သူသန်းပေါင်းများစွာရဲ့ လူထုဆန္ဒ ထုတ်ဖေါ်ပြသပွဲကြီး ဖြစ်လာတော့မှာပါ။ နအဖဟာ ဆန္ဒခံယူပွဲရလဒ်ကို လိမ်လို့ရပေမယ့် မြန်မာပြည်သူလူထုရဲ့ ကန့်ကွက်မှု၊ ငြင်းဆန်မှု ကို ဘယ်လိုမှ ဖုံးကွယ်လို့ မရနိုင်ပါဘူး။
တချိန်တည်းမှာပဲ ဆန္ဒခံယူပွဲ ကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မသမာမှုတွေကို ကျနော်တို့ ဖေါ်ထုတ်ခဲ့၊ ဖေါ်ထုတ်ဆဲ၊ ဖေါ်ထုတ်နေကြတာပါ။ မတရားတဲ့ပြစ်ဒဏ်၊ မမျှတတဲ့စည်းရုံးမှု၊ ခြိမ်းချောက်မှု၊ အကြပ်ကိုင်မှု၊ လိမ်လည်မှုတွေအပြင် သန်းပေါင်းများစွာသော ပြည်ပရောက်မြန်မာ နိုင်ငံသားတွေကို မဲပေးခွင့် ကန့်သတ်မှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်မရမှုတွေဟာဖြင့် ဒီဆန္ဒခံယူပွဲဟာ မတရား မမျှတဘူးဆိုတာကို အတိအလင်း သက်သေပြနေတာပါ။
ဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်နှိုက်ရဲ့ မတရားမှု၊ ဆန္ဒခံယူပွဲကျင်းပရေးလုပ်ငန်းစဉ်ရဲ့ မတရားမမျှတမှုနဲ့ လူထုရဲ့ ငြင်းဆန်ကန့်ကွက် မှုတွေဟာဖြင့် နအဖရဲ့ ဖွဲ့စည်းပုံကို မြန်မာပြည်သူများအားလုံးကရော၊ နိုင်ငံတကာအစိုးရများကပါ အသိအမှတ် မပြုကြဖို့ လုံလောက် ခိုင်မာတဲ့ အကြောင်းတရားတွေပါပဲ။ ပြီးတော့ ကျနော်တို့ဟာ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုတည်းကိုပဲ ကန့်ကွက်ငြင်းပယ်တာ မဟုတ်ပါဘူး။ နအဖ စစ်အာဏာရှင်စနစ်ကြီးတခုလုံးကိုပါ ကန့်ကွက်ငြင်းပယ်ကြတာပါ။
(၄)အရှိန်အဟုန်မြှင့်ကြစို့
ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို နောက်တဆင့် တက်ရပါတော့မယ်။ မေလ (၁၀)ရက်ကို ဦးတည်ပြီး ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေ ပေးကြဖို့ စည်းရုံးလှုံ့ဆော်နေကြတာတွေကို မေ(၁၀)ရက် နောက်ပိုင်း နအဖက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကြောင်း တဖက် သတ်ကြေငြာမှာကို ကြိုတင်တုန့်ပြန်မှုတွေနဲ့ ပေါင်းစပ်ပေးဖို့ လိုပါပြီ။ ကျနော်တို့ လုပ်သင့်တာကို မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုထားပြီးပါပြီ။
မတ်လ (၃၁)ရက်နေ့က မြန်မာနိုင်ငံတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ကမ္ဘာတဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များထံ ပန်ကြားလွှာတစောင် ထုတ်ပြန်ပါတယ်။ အဲဒီပန်ကြားလွှာမှာ မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ဦးပူကျင်ရှင်းထန် ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက လက်မှတ်ရေးထိုးထားပါတယ်။ သူတို့က ကမ္ဘာတဝှမ်းက လွှတ်တော်ကိုယ်စားလှယ် တွေကို
၁။ နအဖစစ်အုပ်စုအပေါ် စီးပွားရေး၊ သံတမန်ရေး ဖိအားပေးမှုများ ပြုလုပ်ဖို့ သက်ဆိုင်ရာအစိုးရများအား တိုက်တွန်းပေးရန်၊
၂။ နအဖစစ်အုပ်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြုကြောင်း ကြေငြာရန်နှင့် သက်ဆိုင်ရာအစိုးရများအား အလားတူ တိုက်တွန်းရန်၊
၃။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မလွဲမသွေ လိုက်နာရမည့် ဆုံးဖြတ်ချက်များ ချမှတ်ရေးအတွက် တိုက်တွန်းရန်နှင့် သက်ဆိုင်ရာ အစိုးရများအားလည်း အလားတူ တောင်းဆိုရန်၊
၎။ နအဖစစ်အုပ်စုအား ကမ္ဘာ့နိုင်ငံများမှ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအတွက် တောင်းဆိုရန်နှင့် သက်ဆိုင်ရာအစိုးရများအား လည်း တိုက်တွန်းရန်၊ နအဖစစ်ခေါင်းဆောင်များအပေါ် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုများဖြင့် အရေးယူရန်၊
၅၊ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အခြားနိုင်ငံများနှင့် ပူးပေါင်းမူ အပြုသဘောဆောင်ရွက်ရေးအတွက် တရုတ်အစိုးရ အား ဖိအားပေးရန်နှင့် သက်ဆိုင်ရာအစိုးရများအားလည်း အလားတူ ဆောင်ရွက်ရေး တိုက်တွန်းရန် စသဖြင့် ပန်ကြားထားပါတယ်။
ပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်များက ရဲရဲရင့်ရင့်နဲ့ နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုလိုက် တာပါ။ သူတို့ရဲ့တောင်းဆိုချက်တွေ၊ ပန်ကြားချက်တွေကို ကျနော်တို့က သူတို့ကိုယ်စား ကျနော်တို့ ရောက်ရှိရာ နိုင်ငံတွေက လွှတ် တော်ကိုယ်စားလှယ်များထံ လက်ဆင့်ကမ်း တင်ပြပေးရင်း အဓိက တောင်းဆိုချက်ဖြစ်တဲ့ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ် မပြုရေး ဖိအားပေးကြရမှာပါ။
အမေရိကန်ပြည်ထောင်စုမှာတော့ Rush Holt, Berman, Ros-Lehtinen စတဲ့ အောက်လွှတ်တော် အမတ်များက မြန်မာလွှတ်တော်ကိုယ်စားလှယ်များရဲ့ ပန်ကြားချက်ကို တုန့်ပြန်တဲ့ ဥပဒေမူကြမ်းတရပ် ကို အောက်လွှတ်တော်မှာ တင်သွင်းလိုက်ပါပြီ။ မေ(၁၀) ဆနခြံယူပွဲ မတိုင်ခင် မဲခွဲဆုံးဖြတ်နိုင်မှာပါ။ ဒီဥပဒေမူကြမ်းမှာ အမေရိကန်အောက်လွှတ်တော်အမတ် များက နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြစ်တင်ဝေဖန်ပြီး ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကို နအဖက လူထုဆနခြံယူပွဲရဲ့ရလဒ်အဖြစ် ကြေငြာမယ် ဆိုရင် အသိအမှတ်မပြုဖို့ အမေရိကန်သမ္မတကို တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံမှာလည်း အလားတူ ဥပဒေမူကြမ်းတရပ်ကို တင်သွင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။ အဲဒီလို ဥပဒေမူကြမ်းကို စင်္ကာပူမှာ၊ ထိုင်းမှာ၊ ကိုးရီးယားမှာ၊ မလေးရှားမှာ၊ သြစတြေးလျမှာ၊ ကနေဒါမှာ၊ အိန္ဒိယမှာ၊ ဖိလစ်ပိုင်မှာ၊ အင်ဒိုနီးရှားမှာ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊ နိုင်ငံတကာပါလီမန်တွေမှာ တင်သွင်းနိုင်ကြမယ်၊ အနည်းဆုံး သက်ဆိုင်ရာ ပါလီမန်အမတ်တွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရော ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကိုပါ ပြစ်တင်ဝေဖန်ရှုတ်ချကြမယ်ဆိုရင် မြန်မာနိုင်ငံကို စစ်ကျွန်ပြုရေး ဖွဲ့စည်းပုံဟာ ဘယ်လိုပဲ လိမ်လည်ပြီး အတည်ပြုပြု၊ အသက်ဝင်လာဖို့ အလွန့်အလွန်ကို ခက်ခဲပါလိမ့်မယ်။ နောက်ဆုံးတနေ့ ဒီဖွဲ့စည်းပုံဟာ သမိုင်းရဲ့ အမှိုက်ခြင်းကြီးထဲကို ရောက်သွားဖို့တောင် ရှိပါတယ်။
(၅) ပြိုင်တူရုန်းလျှင် ရွေ့နိုင်ပါသည်။
နအဖက လူထုကို စိန်ခေါ်သလို လူထုကလည်း နအဖကို တုန့်ပြန်ရင်ဆိုင်နေပါပြီ။ ကြပ်ပြေးနေပြည်တော်က ဗိုလ်ချုပ်တွေ အိမ်မက်ဆိုးတွေ မက်နေကြပါပြီ။ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကအစ တပ်မတော်မိသားစုဝင်များအထိ လူထုဖက်က ရပ်တည်ဖို့ ခြေလှမ်း ပြင်နေကြပါပြီ။ ကျနော်တို့ တယောက်လက်ကိုတယောက် ခိုင်ခိုင်မာမာ ချိတ်ဆက်ထားရင် ဖြစ်ပေါ်လာမယ့် အင်အားဟာ ဗိုလ်သန်းရွှေရဲ့ စစ်အုပ်စုကို ကြောက်ဖျား ဖျားစေမှာပါ။ အသက်ကို နက်နက်ရှိုင်းရှိုင်းရူ၊ လက်တွေကို ခိုင်ခိုင်မြဲမြဲဆုပ်၊ နောက်ပြန်မရုပ်တဲ့ခြေလှမ်းများနဲ့ ပြိုင်တူရွေ့လျားကြပါစို့။
အောင်ဒင်
အမေရိကန်ပြည်ထောင်စုမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့
U.S. Campaign for Burma
ဧပြီလ ၂၉၊ ၂၀၀၈
28 April 2008
အကြံကုန် အင်တာနက် ပိတ်
အင်တာနက်ကို အဆင့်လိုက် ဖြတ်တောက်မည်
မဇ္ဈိမသတင်းဌာန
Monday, 28 April 2008 17:33 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ လာမည့် ဆန္ဒခံယူပွဲ အတွင်း သတင်းစီးဆင်းမှု တားဆီးရန်အတွက် အင်တာနက် ဆက်ကြောင်းများအား စီစစ် ဖြတ်တောက်ရန် စီမံမှုများ ပြုလုပ်နေကြောင်း ၀န်ကြီးဌာန သတင်းရပ်ကွက်အရ သိရသည်။
ဖြတ်တောက်မည့် ပုံစံမှာ ဆာဗာများ ခွဲချထားပြီး အလွှာလိုက် ဖြတ်တောက်မည့် ပုံစံ ဖြစ်သည်။
အများပြည်သူသုံး အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းသုံးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း စသဖြင့် အဆင့် ၃ ဆင့် ခွဲကာ ဖြတ်တောက်မှု ပြုလုပ်မည် ဖြစ်သည်ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
အစိုးရဘက်မှ ခွင့်မပြုလိုသော အချက်အလက်များ၊ ဓာတ်ပုံများ အင်တာနက်မှ ထွက်ပေါ်လာသည်ကို စတင် တွေ့ရှိပါက ပထမဆုံး PAC ခေါ် အများပြည်သူသုံး အချက်အလက် စင်တာများအား စတင် ပိတ်ဆို့မည် ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ငန်းနှင့် ရုံးများအတွင်း အင်တာနက်ကို ဖွင့်လှစ်ထားမည် ဖြစ်သည်။
ဆက်လက် ထွက်ပေါ်နေပါက အဆိုပါ စီးပွားရေး လုပ်ငန်းသုံး ဆက်ကြောင်းကို တားမြင့် ပိတ်ဆို့မည် ဖြစ်သည်။ နောက်တဖန် ထွက်လာပါက ခရီးသွား လုပ်ငန်းများ၏ ဆက်ကြောင်းကို ပိတ်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွှေဝါရောင် တော်လှန်ရေးဟု ခေါ်တွင်သည့် သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲ ဖြစ်ပွားစဉ်က သတင်း အချက်အလက်များနှင့် ဓာတ်ပုံများ အင်တာနက်မှတဆင့် နိုင်ငံတကာ သတင်း မီဒီယာများတွင် ပြန့်နှံ့မှု ဖြစ်ခဲ့ပြီးနောက် အလားတူ ဖြစ်ရပ်များ ဖြစ်ပွားလျှင် ပိတ်ဆို့မှုပြုရန် စစ်အစိုးရက ကြိုးစားနေခဲ့သည်။
"ထိုသို့ အဆင့်ဆင့် ပိတ်ဆို့ခြင်းဖြင့် ဘယ်နေရာတွေက သတင်းများ ထွက်ပေါ်နေသည်ကို သိရှိရန်မှာ လွယ်ကူသွားသလို အင်တာနက်အား ပိတ်ဆို့ထားသည် ဟူသော နိုင်ငံတကာ ပြောဆိုမှုမှလည်း လွတ်မြောက်ဖွယ်ရှိရန် စီစဉ်ထားခြင်း ဖြစ်သည်" ဟု စစ်အစိုးရ အင်တာနက် ထိန်းချုပ်ခြင်းကို စောင့်ကြည့် လေ့လာနေသူ ရန်ကုန်ရှိ ကျွမ်းကျင်သူ တဦးက ပြောသည်။
ထို့အပြင် ပိတ်ဆို့ရာတွင် လုံးဝ သုံးမရအောင် ပိတ်ဆို့ခြင်းနှင့် နှေးကွေး လေးလံစွာ သုံးရေရအောင် ဘန်းဝှစ် Bandwidth လျော့ချခြင်း နှစ်မျိုးဖြင့် လုပ်ဆောင်ဖွယ် ရှိကြောင်းလဲ ပြောသည်။
လက်ရှိ အခြေအနေတွင် ရန်ကုန်နှင့် မြန်မာနိုင်ငံ မြို့ကြီးများ၏ အင်တာနက် ကွန်နက်ရှင်သည် ဆက်လက် နှေးကွေးနေဆဲ ဖြစ်သည်။
စက်တင်ဘာ တော်လှန်ရေးတွင် အင်တာနက် ထွက်ပေါက်ကို အစိုးရမှ ပိတ်ဆို့လိုက်ပြီးနောက် မြန်မာပြည်အတွင်း ခရီးသွားလုပ်ငန်း အပါအ၀င် အခြားသော ဆိုက်ဘာ အခြေပြု စီးပွားရေး လုပ်ငန်းများတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့သည်။
23 April 2008
X X X X X X X
"ပြောချင်တာလေး တစ်ခု"
ဒီစာသည် မြန်မာ့ တပ်မတော် အတွင်းမှာ တာဝန်ထမ်းဆောင်နေသော အောက်ခြေ တပ်မတော်သားများ၊ ပညာသင်ကြားဆဲ တပ်မတော်သားများ နှင့် အခြား နအဖ အဖွဲ့ဝင် မဟုတ်သော သာမန် တပ်မတော်သားများကို ရည်ရွယ်ပါသည်။
ကျွန်တော် အားတဲ့ အချိန်တိုင်း အဆိုပါ နအဖက ထောက်ခံရမည် ဆိုသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို အပြန်ပြန်၊ အလှန်လှန် ဖတ်ပါသည်။ ခံစားပါသည်။ တွေးပါသည်။
အဲဒီ အခါ ရှင်းနေသလိုနဲ့ စိတ်ထဲမှာ မရှင်းတဲ့ အချက် တစ်ခုကို တွေ့တယ်။ ဘာ အချက်လဲ ဆိုတော့ ... အခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်လျှင် ဖြစ်ပေါ်လာမည့် အနာဂါတ် တိုင်းပြည်သည် စစ်အာဏာရှင် တိုင်းပြည် တစ်ခု မဟုတ်နိုင်ပါ။ စစ်ခေါင်းဆောင်ပိုင်းက သာ အာဏာ ရယူထားသော .... .....စစ်ခေါင်းဆောင် အာဏာရှင် .... တိုင်းပြည်ဖြစ်လာမှပါ။
ဒါတွေ ဘာကြောင့် ပြောနိုင်ပါသလဲ ... တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိ စိတ်ကြိုက် တပ်မတော်သား ၂၅ % ကို လွှတ်တော်သို့ စေလွှတ်နိုင်ပါသည် လို့ ဆိုထားပါတယ်။ ထိုအချက်မှာ ... တပ်မတော်သားများက ရွေးကောက်တင်မြောက်သော တပ်မတော်သားကိုယ်စားလှယ်မဟုတ်ပဲ ... ကာကွယ်ရေး ဦးစီးချုပ်ကသာ စိတ်ကြိုက် ရွေးချယ်သော ကိုယ်စားလှယ်များသာ ဖြစ်နေသည်ကို သေချာ သတိထားမိမှ မြင်နိုင်ပါသည်။
ထိုအချက်ကြောင့် တပ်မတော် အတွင်း ကာကွယ်ရေး ဦးစီးချုပ်၏ သြဇာအာဏာပိုကြီးထွားလာပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် သူ၏မိသားစု အာဏာကိုသာ ထူထောင်နေခြင်း ဖြစ်ပါသည်။ တပ်မတော်သည် တိုင်းပြည်အတွက်မဟုတ်ဘဲ ... တပ်မတော်နှင့် တိုင်းပြည်သည် ကာကွယ်ရေး ဦးစီးချုပ် အတွက် ဖြစ်နေပါသည်။
အဆိုပါ ၂၅ % ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ စေလွှတ်မည် ဆိုသော အချက်သာ ပါဝင်ပြီး၊ အခြားသော သာမန် တပ်သားများက မည်သည့် အခွင့်အရေး၊ ရပိုင်ခွင့်များ ရနိုင်သည်ဆိုသော အချက်ကို လုံးဝ ပြဌာန်းထားခြင်း မရှိပါ။
ကျဆုံးသွားသော တပ်မတော်သား မိသားစုများကို ကူညီမည်၊ မသန်မစွမ်းသော တပ်မတော်သားများကို ကူညီမည်ဟု ရေးထားသော်လည်း ယခု လက်ရှိအချိန်တွင် အဆိုပါ ကျဆုံးသွားသော တပ်မတော်သား မိသားစုများ၏ ဒုက္ခများ၊ မသန် မစွမ်းသော တပ်မတော်သားများ လမ်းမတွင် တောင်းစားနေရမှုများကို ကိုယ်တွေ့ မြင်နေရပါသည်။
အခြေခံဥပေဒေ အတည်ဖြစ်သွားပြီးလျှင်လည်း လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်နှင့် စီနီယာ တပ်မှူးများကသာ နေရာတွေယူ၊ အခွင့်အရေးတွေ ရယူမည်သာ ဖြစ်သဖြင့် သာမန် တပ်မတော်သားများ၏ ဘဝတွေ ထူးခြားလာနိုင်မည် မဟုတ်ပါ။
လက်တွေ့ မိုးထဲ၊ ရေထဲ၊ နေပူထဲတွင် တာဝန်ထမ်းဆောင်နေသော မြန်မာ့ တပ်မတော်သားများ အနေဖြင့် မိမိတို့၏ အခွင့်အရေး အပါအဝင် နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအတွက် ... တပ်မတော်သည် တိုင်းပြည်အတွက် ... ဟု မှတ်တမ်းတင်မည်လော၊ .... တပ်မတော်နှင့် တိုင်းပြည်သည် ကာကွယ်ရေး ဦးစီးချုပ် အတွက် .... ဟု မှတ်တမ်း တင်မည်လော ဆိုတာ .... လာမည့် ဆန္ဒခံယူပွဲတွင် တပ်မတော်သားများ ပေးမည့် မဲ များမှ အဆုံး အဖြတ်ပေးသွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
ကိုထိုက်
(http://ko-htike.blogspot.com မှ ကူးယူဝေငှပါသည်)
18 April 2008
My Desire is 'NO'
စစ်အဆိုးရကတော့ စစ်သတင်းစာတွေ(မြန်မာ့အလင်း+ကြေးမုံ)ထဲမှာ ပြောင်ပြောင်တင်းတင်းပဲ အခြေခံဥပဒေကို ထောက်ခံမဲပေးကြဖို့ စည်းရုံးရေးဆင်းနေကြပြီ။
သူတို့ပါးစပ်တွေကလည်း ဒီထောက်ခံမဲအတွက်ပဲ တစ်သံတည်း ထွက်နေကြ၊ စည်းရုံးနေကြတယ်။
ကျွန်တော်တို့ စိုးရိမ်တာကတော့ ဘာမှ မသိနားမလည်တဲ့ ကျေးလက်ရွာသူရွာသားတွေပဲ။
တောသူတောင်သားဆိုတာ မီဒီယာရဲ့ အထိအရောက်နည်းတယ်။ သူတို့မှာ နားထောင်စရာ ရေဒီယိုတွေပဲ ရှိတတ်တယ်။ မြန်မာပြည်ဆိုတာလည်း သိတော်မူတဲ့အတိုင်း ရွာသူရွာသား ၇၅ ရာခိုင်နှုန်းလောက်ရှိတာဆိုတော့ ခက်ကပြီ။
မြန်မာပြည် မြို့ကြီးတွေမှာတော့ စစ်အဆိုးရရဲ့ အခြေခံဥပဒေ ဆနခံယူပွဲမှာ ကန့်ကွက်မဲ တွေက အနိုင်ရမှာ သေချာသလောက်ပါပဲ။
မြို့ကြီးတွေမှာက လှုပ်ရှားမှုတွေကလည်း တက်ကြွတယ်။ ကန့်ကွက်မဲအတွက် လှုံဆော်မှုတွေကလည်း အဆက်မပြတ်ဆိုတော့ စိတ်ချရတယ်။ မြို့ကြီးတွေမှာတော့ ကန့်ကွက်မဲအတွက် အခြေအနေကောင်းတယ်။
အဲဒီမှာ ခက်နေတာက
-၀န်ထမ်းတွေရယ်၊
-ကြံဖွတ်ရယ်၊
-စွမ်းအားရှင်တွေရယ်၊
-မိခင်နှင့်ကလေးအသင်းရယ်၊
-အမျိုးသမီးရေးရာရယ်၊
-မီးသတ်ရယ်၊
-စစ်တပ်ရယ်၊
-သာပေါင်းညာစားတွေရယ်....။
အဲဒီအဖွဲ့အစည်းတွေကတော့ ထောက်ခံမဲအထည့်များနိုင်တယ်။ ဘာမှလည်း မသိဘူး။ အမှန်ခြစ်ခြစ်လိုက်ရင် အနရယ်ကင်းတယ်ဆိုတဲ့ အတန်းအစားတွေပါပဲ။
အကြောက်တရားအောက်မှာ ကောက်ခံတဲ့ ဆန္ဒမဲဆိုမှတော့ ဘယ်ကလာ အမှန်တရားနဲ့ နည်းစပ်နိုင်ပါ့မလဲ။
လုပ်ကြပါဦး အရပ်ကတို့ရေ...။ ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ကြပြီ။
-"ညိုကြီး"
(မှတ်ချက်များကို မျှော်လင့်ပါတယ်)
My contact email: bigbbrown@gmail.com
07 April 2008
အမေ လူထုဒေါ်အမာ၏ ဈာပန
MEMORIAL NEWS OF Ludu DAW AH MAR
မန္တလေးမြို့၊ ၃၂ လမ်း၊ ဂုန္တန်ဆေးရိုးဝင်းနေ ဦးထင်+ဒေါ်စု တို့၏ သမီး၊
နဂါးဒေါ်ဦး ၏ ညီမ၊ ဦးလှဖေ+ဒေါ်တင်တင်၊ ဦးကျော်စိန်+ဒေါ်ကြင်ကြင်၊ ဦးမောင်လေး+ဒေါ်ခင်လှမြင့်၊
ဒေါက်တာ ဦးခင်မောင်အေး+ဒေါက်တာဒေါ်ကြည်စိန် တို့၏ အစ်မ၊
ဦးစိုးဝင်း၊ ဦးခင်ဂျက်ဝင်း+ဒေါက်တာ သန်းရင်မာ (ဒေါက်တာမြမဉ္ဇူ)၊ ဦးဖိုးသံချောင်း၊ ဒေါ်တင်ဝင်း၊
ဦးငြိမ်းချမ်း(ညီပုလေး)+ဒေါ်တင်တင်ဝင်း တို့၏ မွေးသမိခင်
မစုစုမာ၊ ကိုဘိုဘို၊ မဖြူပြာ၊ မလင်းလင်းမွန်၊ မောင်အောင်ဘာလေ၊ မရွှေပြည်စိုး တို့၏ အဖွား
လူထုဦးလှ ၏ ဇနီး
လူထုဒေါ်အမာ (၉၃)နှစ် သည်
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း(၂)ရက်၊ ၇-၄-၂၀၀၈ (တနင်္လာနေ့) နံနက် (၀၈း၃၇) နာရီအချိန်တွင်
ဘ၀တစ်ပါးသို့ ကူပြောင်းကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို
၁၃၆၉ ခုနှစ်၊ တန်ခူးလဆန်း (၄)ရက်၊ ၉-၄-၂၀၀၈ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်
အိမ်အမှတ် ၂၆၅၊ ၃၂ လမ်း၊ ၈၃x၈၄ လမ်းကြား နေအိမ်မှ ကြာနီကန် သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည် ဖြစ်ပါ၍
အသုဘရှု လိုက်ပါ ပို့ဆောင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
06 April 2008
NEW WORD FOR BURMA
အခုတလော ရန်ကုန်မှာ လူပြောသူပြောများနေတဲ့ စကားလုံး
တို့မြန်မာပြည်ကြီးမှာ နောက်ဆုံးတော့ "ကျောက်တုံးကြီးတွေ" ပဲ ကျန်ခဲ့တော့မှာပါတဲ့။
ကျောက် = ကြောက်တတ်တဲ့ သူရယ်
တုံး = ငတုံးငအ တွေရယ်
ကြီး = အသက်ကြီးတဲ့ သူတွေရယ်
ANOTHER SEPTEMBER POEM
ဧရာဝတီမြစ်ဘေးမှာ လဲလျောင်းနေတဲ့ သူရဲကောင်းတွေဧရာဝတီမြစ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေ
ဟိုး...တစ်ခါတုန်းဆီက ။
ခုတော့
ဒေါသဟာ မိုးကုတ်စက်ဝိုင်းဖြစ်လို့
မောဟဟာ ရိုးမပတ်လမ်းဖြစ်လို့
သောကဟာ မြို့သစ်ကြီးတွေဖြစ်လို့
ဖြေစရာအဖြေမရှိတဲ့ အဖြစ်က
အငိုက်မိခဲ့တဲ့ လုပ်အားပေး
အဖေက အမေ့ကို လွမ်းလို့ ငိုကြတယ်
အဖေက မိသားစုကို လွမ်းလို့ ငိုကြတယ်
မုဆိုးမရဲ့ အသုဘကို
ဈာပနဖြစ်အောင်လုပ်ဖို့
လက်တို့ပြီးတော့ ငိုရမှာလား ။
စောင့်နေတဲ့ ပြတင်းအဖွင့်
မျှော်လင့်နေတဲ့ ပန်းရနံ့အပွင့်
သွေးကို အလံလို လွှင့်တာ
စက်တင်ဘာ ။
တိုးနှောင်မိုး
05 April 2008
GENERAL AUNG SAN's SPEECH
၄၇ ခုနှစ်ကတည်းက ဗိုလ်ချုပ်က ဒီလိုမှာခဲ့တယ်
ပေးပို့သူ - ဘိုဘို
“လက်ကိုင်တုတ် လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်း မှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။ အဲဒီတော့ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးရေး တရားတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေး တရားတွေ မပေါ်အောင် တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ လုပ်ကတည်းက စီမံထားရလိမ့်မယ်။”
(ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန့်ခွန်းမှ …)
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်
(၁၉၄၇ မတ်လ ၇ ရက် ည ၆ နာရီ ၃၈ မိနစ်အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်စား ဗမာ့အသံမှ ဖတ်ကြားအသံလွှင့်သည့် “လူထုကို တပတ်မရိုက်” မိန့်ခွန်းမှ ကောက်နုတ်ချက်)
ပေးပို့သူ - အောင်ဇေယျ
ကျနော်သည် တိုင်းပြည်ကို တခါဘူးမျှ တပတ်မရိုက်ခဲ့သည်ကို လူထုကောင်းကောင်း သိပါသည်။ အထူးရှင်းပြ နေစရာ မလိုပါ။ ဖက်ဆစ်ဂျပန် လက်ထက်က အသက်စွန့်ပြီး လက်ရုံးရည် သုံးသင့်သည့် အချိန်တွင် တိုင်းပြည် ကို တပတ်ရိုက်ပြီး ခေါင်းမရှောင်ခဲ့ပါ။ ကျနော်ကိုယ်တိုင် လက်နက်ကိုင်ပြီး တော်လှန်ခဲ့သည်။ ကျနော့်အတွက် မှာဆိုလျှင် လက်ရုံးရည်နှင့် နှလုံးရည်သည် ဘာမျှ ထူးခြားခြင်း မရှိပါ။ လူထုလွတ်လပ်ရေး တခုတည်းကိုသာ ရှေ့ရှုပြီး သင့်သလို ကြည့်သုံးသွားမည်။
လူထုလွတ်လပ်ရေးအတွက် လက်ရုံးရည်ကို အသုံးပြုသင့်သည့်အခါမှာ ကျနော်၏အသက်ကို စွန့်ရမှာ ကြောက်ပြီး လူထုကို လမ်းလွဲမပြခဲ့သလို လူထုလွတ်လပ်ရေးအတွက် နှလုံးရည်ကို အသုံးပြုသင့်သည့် အခါမှာ လည်း ပါးစပ်တော်လှန်ရေးသမား၊ စက္ကူတော်လှန်ရေးသမား၊ ဂမူးရှုးထိုးသမားများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ကြောက်လန့် တုန်လှုပ်ပြီး လူထုကို ဂျောက်မတွန်းခဲ့ပါ။
လက်ရုံးရည်ကိုသော်လည်းကောင်း၊ နှလုံးရည်ကိုသော်လည်းကောင်း လူထုလွတ်လပ်ရေးအတွက် အတိအကျ သုံးရန် သင့်သည့်အချိန်အခါတွင် ဘာကိုမျှ မထောက်ထားဘဲ၊ လူထုကို တပတ်ရိုက်မနေဘဲ တော်ဖြောင့်မှန် ကန်စွာ အသုံးပြုသွားမည်ကို စိတ်ချယုံကြည်ကြပါ။
(မိမိကိုယ်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်နေကြသူများ ဆင်ခြင်ဖို့နဲ့ မိမိကိုယ်ကို ဆန်းစစ်ကြဖို့ပါ။ တိုင်းပြည် က လိုအပ်ချိန်မှာ ပြည်သူလူထုက မျှော်လင့်တာ ဗိုလ်ချုပ်ကဲ့သို့ ပုဂ္ဂိုလ်တွေကိုပါ။)
{http://drlunswe.blogspot.com မှ ကူးယူဖော်ပြသည်)
03 April 2008
GOOD TOPIC
၂၀၀၇ လူထုဆန္ဒပြပွဲကာလများက အင်တာနက်၏အစွမ်းကို မြန်မာစစ်ဗိုလ်ချုပ်များ လျှော့တွက်ထားခဲ့ပုံရသည်။ ယခုတော့ သူတို့ သဘောပေါက်နားလည်လာကြပေပြီ။
(ဆောင်းပါးအပြည့်အစုံကို အောက်ပါလိပ်စာတွင် ဖတ်ရှုရန်)
http://www.irrawaddy.org/bur/Articles2008/March/12.html
VOTE "NO"
ပြတ်ပြတ်သားသား ကန့်ကွက်မှ ဖြစ်ပါလိမ့်မယ်
မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား
မကြာခင်ကျင်းပတော့မယ့် နအဖရဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုများအတွင်း၊ ပြည်တွင်းမှာရော ပြည်ပ မှာပါ သဘောထား ၂ ရပ် ကွဲပြားနေတာ တွေ့ရပါတယ်။ တစုက ဒီဆန္ဒခံယူပွဲကို လုံးလုံးလျားလျား သပိတ်မှောက်ရေးဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်မဲမပေးကြဖို့ လှုံ့ဆော်နေကြပါတယ်။ နောက်တစုကတော့ ဒီဆန္ဒခံယူပွဲမှာ လူထုရဲ့အသဲကြားက မဲတပြားကို အကျိုးရှိရှိ အသုံးချဖို့ဖြစ်ပြီး လူထုကို ဆန္ဒခံယူပွဲမှာ သွားရောက်ပြီး ကန့်ကွက်မဲပေးကြဖို့ လှု့ဆော်တိုက်တွန်းနေကြပါတယ်။ အားလုံးရဲ့ တူညီမှုကတော့ နအဖက တဖက်သတ်ရေးဆွဲထားတဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်အသက်သွင်းပြီး မြန်မာပြည်သူတွေကို ရာသက် ပန် စစ်ကျွန်ဇာတ်သွင်းမဲ့ အခြေခံဥပဒေအတုအယောင်ကို ကန့်ကွက်ကြခြင်းပါပဲ။
အခု ကျွန်တော်တို့ နအဖရဲ့ အခြေခံဥပဒေမူကြမ်းကို လေ့လာခွင့်ရပါပြီ၊ သူတို့ ရှေ့က ကြိမ်ဖန်များစွာ ပြောထားသလိုပါပဲ၊ ကျနော်တို့ အားလုံး မျှော်လင့်ထားသလိုပါပဲ၊ ဒီအခြေခံဥပဒေမူကြမ်းဟာ ၁၄ နှစ်ကျော်ကြာ လက်ရွေးစင် ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ပါးစေ များနဲ့ ကျင်းပတဲ့ အမျိုးသားညီလာခံက ချမှတ်ထားတဲ့ အခြေခံမူများ၊ အသေးစိတ်မူများနဲ့ ထပ်တူထပ်မျှပါပဲ။ ဒီအခြေခံမူတွေကိုပဲ ပုဒ်မနံပါတ် တပ်လိုက်တာပါ။
ဒီအခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုဖို့၊ ကာကွယ်ရေးဦးစီးချုပ်ကို အမြင့်ဆုံးအာဏာတွေ ပေးဖို့နဲ့ စစ်တပ်ဆိုတာကို တိုင်းပြည်ရဲ့ အခွင့်ထူးခံလူတန်းစားအဖြစ် ဖန်တီးပြီး ပြည်သူလူထုကို ကျေးကျွန်များအဖြစ် အသက်သွင်းဖို့ ရေးဆွဲထားတယ်ဆိုတာ အထူးပြောဖို့ မလိုတော့ပါဘူး။ ပြီးတော့ ဒီအခြေခံဥပဒေဟာ တိုင်းပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုးစုရေးပြဿနာတွေ ကိုလည်း မဖြေရှင်းနိုင်တဲ့အပြင် ပိုပြီးဆိုးဝါးစေလိမ့်မယ်ဆိုတာကိုလည်း အထူးပြောဖို့ မလိုတော့ပါ။ ဒါပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ နအဖကထပ်ပြီး ဖန်တီးထားတဲ့ ကောက်ကျစ်စဉ်းလဲမှု၊ လှည့်ဖျားမှုတခုကိုတော့ အရေးတကြီး ထောက်ပြချင်ပါတယ်။
အမျိုးသားညီလာခံက ချမှတ်တဲ့ အခြေခံမူများထဲမှာ အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၁)မှာ ဒီလိုဆိုထား ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲဖြင့် အတည်ပြု ပြဌာန်းပြီးသည့်နေ့မှစ၍ နိုင်ငံတော်တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေ ၅၄သန်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရှိတယ်လို့ ခန့်မှန်းထားတဲ့အတွက်၊ နအဖ အနေနဲ့ ဒီဖွဲ့စည်းပုံကို အတည်ပြုနိုင်ဖို့အတွက် အနည်းဆုံး ၁၆ သန်းကျော် ထောက်ခံမဲရဖို့ လိုပါတယ်။
ဒါပေမယ့် ယခု ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရဲ့ အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ(၄၄၁)မှာတော့ ဒီလိုပြောင်းလဲသွားပါတော့တယ်။
“ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး. ထက်ဝက်ကျော် မဲပေးသည့်ဆန္ဒမဲ. မဲအများဖြင့် အတည်ပြုပြဌာန်းလိုက် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တဝှမ်းလုံး၌ အာဏာတည်သည်။”
ဒီပြဌာန်းချက်အရဆိုရင် နအဖဟာ သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုဖို့အတွက် စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများထဲမှ ၅၀% ကျော်က မဲပေးပြီး၊ အဲဒီထဲက မဲအများစုကိုပဲ ရဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူဦးရေ ၃၂ သန်း ရှိတယ်လို့ ခန့်မှန်းထားတာမို့ ၁၆ သန်းကျော်က မဲရုံကိုလာပြီး မဲပေးရင် ဆန္ဒခံယူပွဲ အထမြောက်တယ်၊ အဲဒီထဲကမှ ၈ သန်းကျော်က ထောက်ခံမဲပေးရင် သူ့ရဲ့ဖွဲ့စည်းပုံကို အတည်ပြုတယ်လို့ ဆိုပါ တယ်။ ဒါဟာဖြင့် နအဖအနေနဲ့ သူကိုယ်တိုင် ၁၄ နှစ်ကျော် ရေးဆွဲလာခဲ့တဲ့ အခြေခံမူကို ဖေါက်ဖျက်လိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ အမျိုးသားညီလာခံကို မလွဲမရှောင်သာ တက်ရောက်ခဲ့ရတဲ့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ။ ဒါဟာဖြင့် နအဖဟာ ဆန္ဒခံယူပွဲမှာ ပြည်သူလူထုရဲ့ ကန့်ကွက်မှုကို ဘယ်လောက်တောင် ကြောက်ရွံ့နေတယ် ဆိုတာကို ထုတ်ဖေါ်ပြသ လိုက်တာပါပဲ။
ကျနော်တို့ သတိထားရမယ့် အချက်ကလေးတွေ ထပ်ရှင်းပြချင်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် တရုတ်နဲ့ နအဖစစ်အုပ်စု ဆက်ဆံရေးပြေလည်မှုကြောင့် ယူနန်ပြည်နယ်ကနေ တရုတ်တွေ မြန်မာနိုင်ငံတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတာ အခုဆို ၂ သန်းကျော် ၃ သန်းလောက် ရှိနေပါပြီ။ စစ်အစိုးရက အထူးအခွင့်အရေးတွေ ပေးထားလို့ စီးပွား ဖြစ်ချမ်းသာနေကြတဲ့ ဒီတရုတ်တွေဟာ မန္တလေး၊ လားရှိုး၊ ကျောက်မဲ စတဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဒေသတွေမှာ စုဝေးနေထိုင်ကြပြီး နိုင်ငံသားကဒ်(သို့) ဧည့်နိုင်ငံသားကဒ်တွေ ကိုင်ထားကြပါတယ်။ အခု နအဖရဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေမှာလည်း ထူးထူးခြားခြား ဧည့်နိုင်ငံသားတွေ၊ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားပါတယ်။ ဒီတရုတ်တွေက နအဖ အလိုကျ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးကြမှာ အသေအချာပါပဲ။ အဲဒီလိုပဲ နအဖအလိုကျ ထောက်ခံမဲ ပေးကြမယ့် လက်နက်ချတိုင်းရင်း သားအဖွဲ့တွေ၊ ကိုးကန့်နဲ့ ‘ဝ’ဘိန်းဘုရင်တွေ၊ ကြံဖွံ့တွေ၊ စစ်တပ်မိသားစုတွေ ပေါင်းလိုက်ရင် နအဖဟာ ဆန္ဒခံယူပွဲကို အောင်မြင်စွာ ကျင်းပနိုင်မှာဖြစ်သလို လိုအပ်တဲ့ ထောက်ခံမဲ ၈ သန်းကျော်ကိုလည်း အလွယ်တကူ ရနိုင်မှာပါ။
ဒီတော့ ကျနော်တို့အတွက် ဆန္ဒခံယူပွဲကို သပိတ်မှောက်ခြင်းဟာ ရွေးချယ်စရာ နည်းလမ်းမဟုတ်ပါ။ ကျနော်တို့လူတွေ ဆန္ဒခံယူပွဲကို မသွားလေ၊ နအဖက ကြိုက်လေ ဖြစ်ပါလိမ့်မယ်။ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးခြင်းနဲ့ နအဖရဲ့ မသမာမှုတွေကို ဖေါ်ထုတ်ခြင်း ကသာ နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံချက်ကို အကောင်းဆုံး တိုက်ဖျက်နိုင်မှာပါ။
နအဖကတော့ ကောက်ကျစ်တဲ့နည်းလမ်းများနဲ့ အနိုင်ရဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လည်း မဲပေးတဲ့သူများလေလေ၊ ကန့်ကွက်မဲပေးသူများ လေလေ သူ့အတွက် လိမ်ဖို့ခက်လေ ဖြစ်ပါလိမ့်မယ်။ ပြီးတော့ မဲရုံအားလုံးမှာ ကျနော်တို့ရဲ့ပြည်သူတွေ၊ သံဃာတွေက စောင့်ကြပ်ကြည့်ရှု နေကြမယ်ဆိုရင် ဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ဖေါ်ထုတ်နိုင်မှာပါ။ နောက်ဆုံး နအဖက သူ့ရဲ့ဖွဲ့စည်းပုံကို အတင်းအဓမ္မ အတည်ပြု လိုက်ရင်တောင်မှ ဆန္ဒခံယူပွဲဟာ မတရားလို့၊ မမျှတလို့၊ ဒီဥပဒေကို အသိအမှတ် မပြုကြဖို့ ဆက်ပြီးတိုက်ပွဲဝင်နိုင်မှာပါ။
တချို့လည်း ပြောကြပါတယ်။ လူထုက ကန့်ကွက်လို့ ဒီဖွဲ့စည်းပုံကို နအဖက အတည်မပြုနိုင်ရင်လည်း ‘တစ်’က ပြန်စလိမ့်မယ်။ အစက ပြန်ပြီးရေးဆွဲရင် နောက်ထပ် ၁၄ နှစ်ကြာအုန်းမယ်။ ဒါကြောင့် ဒီဥပဒေကိုပဲ လက်ခံအတည်ပြုလိုက်ကြပါစို့လို့ စည်းရုံးလှုံ့ဆော် နေတာလည်း ရှိပါသေးတယ်။ လုံးဝမှားပါတယ်။ ဒီဖွဲ့စည်းပုံကို လူထုက ကန့်ကွက်တာဟာ
(၁) နအဖက တဖက်သတ်ရေးဆွဲထားတာ ဖြစ်လို့
(၂) လူထုက ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များရဲ့ ပါဝင်မှု မရှိလို့
(၃) တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူမျိုး စုရေးပြဿနာတွေကို ဖြေရှင်နိုင်စွမ်း မရှိလို့ပါ။
ပြီးတော့ လူထုက ဖွဲ့စည်းပုံတခုတည်းကိုသာ ကန့်ကွက်တာ မဟုတ်ပါဘူး။ နအဖရဲ့ စစ်အုပ်စိုးမှုတခုလုံးကိုပါ ကန့်ကွက်တာပါ။ ဒါကြောင့် နအဖက အဆင့်(၁)က ပြန်စလိမ့်မယ်လို့ ယုံကြည်တာ မှားပါတယ်။ ပြန်စရင် တောင်မှ အဲဒီလို ပြန်စမှုဟာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ဆွေးနွေးညိနှိုင်းပြီးမှ ပြန်စတာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို လူထုက ပြတ်ပြတ်သားသား ငြင်းပယ်ပြီးတဲ့ နောက် နအဖကို တဖက်သတ်လုပ်ငန်းစဉ်တွေ ပြန်စဖို့ လူထုကရော တိုင်းရင်းသားအဖွဲ့အစည်းများကရော နိုင်ငံတကာမိသားစုကြီးကပါ ခွင့်ပြုမှာ မဟုတ်ပါဘူး။
နိဂုံးချုပ်အနေနဲ့ ထပ်ပြီးမေတ္တာရပ်ခံချင်ပါတယ်။
ဆန္ဒခံယူပွဲကို သပိတ်မှောက်ရေးဟာ ရွေးချယ်စရာနည်းလမ်း မဟုတ်တော့ဘူး။ ကျနော်တို့အားလုံး တညီတညာတည်း၊ တသံတည်းနဲ့ လူထုကို၊ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ တိုင်းရင်းသားတွေ၊ ကြံဖွံ့တွေ၊ အားလုံးသောလူထုကို ဆန္ဒခံယူပွဲမှာ မဲရုံကိုသွားပြီး ကန့်ကွက်မဲတွေပေးကြဖို့၊ ပြတ်ပြတ်သားသား လှုံ့ဆော်ကြပါစို့။
လေးစားစွာ
အောင်ဒင်
US Campaign For Burma
မတ်လ ၂၈၊ ၂၀၀၈
31 March 2008
29 March 2008
March 29 Fire Case at Mandalay
ည (၉း၁၅) ခန့်တွင် မီးငြိမ်းသွားကြောင်း နှင့် တိုက်တာ/အိမ်ခြေ (၉)လုံး မီးထဲ ပါသွားကြောင်း ၀င်ရောက်မီးငြှိမ်းသတ်ခဲ့သည့် မီးသတ်သမားတစ်ဦးထံမှ သတင်းရရှိသည်။
27 March 2008
MOBILE VOTE
ကျွန်ုပ်တို့၏ ချစ်လှစွာသော ပညာမဲ့ ခေါင်းဆောင်ကြီးများတွင် ရယ်ဖွယ်ကောင်းသော ဖြစ်ရပ်များစွာ ရှိပေသည်။ ထိုထဲတွင်မှ လတ်တလော ပေါ်ပြူလာဖြစ်နေသော ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် (၁၉၉၀)ခု ရွေးကောက်ပွဲကို ကမ္ဘာသိ ကြေညာကာ စနစ်တကျ ဘက်လိုက်မှုမရှိ မှန်ကန်တည့်မတ်စွာ ရွေးကောက်ပွဲလုပ်ပေးခဲ့ပါသည်။ အခြားအသေးအဖွဲကိစ္စ (တကယ့်အသေးအဖွဲပါ) ဥပမာ- ရွေးကောက်ပွဲနိုင်သော ပါတီအား အာဏာမလွှဲခြင်းနှင့် အသိအမှတ်မပြုခြင်းမှတစ်ပါး ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းနှင့်အမှီ ညစ်ပတ်သော ငြင်နှင့် အတူပြုလုပ်ခဲ့ပါသည်။ထို့အပြင် ရွေးကောက်ပွဲဆိုသော စကားရပ်ကိုပင် မှန်ကန်တိကျစွာ သရုပ်ဖော်၍ပင် ပြခဲ့ပါသေးသည်။ ဆိုလိုသည်မှာ ပြည်သူများရွေးပြီးကောက်ထားသော အမည်စာရင်းပါ အမတ်လောင်းများကို မေ့ပျောက်မည်စိုးသဖြင့် တစ်ယောက်ပြီးတစ်ယောက် ရွေးကာ ကောက်၍ သီးသန့်တိုက်ခန်းများတွင် ထည့်သွင်းသိုလှောင်ထားခဲ့ပါသည်။ မှတ်သားနည်းယူဖွယ် ရွေးကောက်ပွဲပါတည်း။
ယခုတဖန် ရွေးကောက်ပွဲလာပြန်ချေပါပြီ။ ယခုရွေးကောက်ပွဲသည်ကား ထို (၉၀)ပြည့် ရွေးကောက်ပွဲနှင့် လားလားမျှ မတူပါ။ တကယ့်ဆန့်ကျင်ဘက်အစစ်ပါပင်။ ရှုလော့ အဆွေ...
ချစ်လှစွာသော ခေါင်းဆောင်ကြီးများ အရေးအခင်းပေါင်းစုံ ငွေကြေးအကုန်အကျခံ အသက်ပေါင်းများစွာ သတ်ဖြတ်ညှင်းပမ်း၊ ချွေးတဒီးဒီးကျအောင် ရိုက်နှက်ကြိုးစားပြီး လူမိုက်ရှာ ရွေးကောက်ထားသော တကယ့်လူမိုက်ထိပ်သီးတို့ကို ထောက်ခံရန်အတွက် ထောက်ခံကြမည့် လူလေလူလွင့် ရပ်ကွက်ထဲတွင် အလုပ်အကိုင်မရှိ၊ နေစရာမရှိ၊ ဟိုယောင်ယောင် ဒီယောင်ယောင် ပညာမဲ့များကို ဟမ်းဖုန်းခါးချိတ်ဆွဲပေးလျက် လူထုမဲကို အဓမ္မ သိမ်းသွင်းဖို့ကြိုးစား၍ နေပေပြီ။ (ပြည်သူလိုလားသော ခေါင်းဆောင်များကိုတော့ အလုံတိုက်များတွင် လေဒဏ်၊ မိုးဒဏ်ကာကွယ်ရန် ထည့်ထားပါသည်)
ကျွန်ုပ်သည် ထိုသို့မဲဆွယ်စည်းရုံးနေပုံ မြင်ရသည့်အခါ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေပုံနှင့် နှိုင်းယှဉ်လေ့လာမိပါသည်။ အမေရိကန် တိုင်းပြည်ကြီးသည်ကား ကမ္ဘာပေါ်၌ ရှေ့တန်းအရောက်ဆုံး၊ နည်းပညာ အထွန်းကားဆုံးဟု လူတွေ ရေးကြ၊ ပြောကြ၊ ကောင်းချီးပေးကြသည်မှာ ရယ်ဖွယ်ကောင်းလေစွ။ ကျွန်ုပ်တို့ချစ်လှစွာသော နိုင်ငံ့ခေါင်းရှောင်ကြီးများကဲ့သို့ ကိုယ့်ထောက်ခံမည့် ပညာမဲ့များကို ဟမ်းဖုန်းပေး၊ ကိုယ့်ဆန့်ကျင်မည့် ပညာတတ်များကို ဒုတ်(တုတ်)စာကျွေး၍ စည်းရုံးရပါမူ မည်မျှ လွယ်ကူပါချိမ့်မည်နည်း။
သြော်...အမေရိက တိုင်းနိုင်ငံကြီးသည်ကား ကျော်သာကျော် လျှော်လှပချေတကား။ ကျွန်ုပ်တို့ ခေါင်းရှောင်များကဲ့သို့ ဟမ်းဖုန်းကို ပန်းကုံးသဖွယ် စွပ်နိုင်ဘိမူကား မည်မျှလွယ်ကူပေချိမ့်မည်နည်း။ ဤကား ဟမ်းဖုန်းရွေးကောက်ပွဲအလိုတည်း။
