အတင်းအဓမ္မ ထောက်ခံပွဲလော”
ပင့်ကူ
(ဗမာပြည်ကြီး စစ်ကျွန်ဘ၀က လွတ်မြောက်သွားရင် တွေ့မြင်၊ သုံးစွဲကြရမယ့် ကျပ်ငွေတစ်မျိုး၏ ပုံစံငယ်)
မြန်မာနိုင်ငံထုတ်သတင်းစာကြီးတွေမှာ ၁/၂၀၀၈ ကြေငြာချက်ဆိုပြီးထုတ်ပြန်လာတဲ့သတင်းကတော့ အများသိတော်မူကြတဲ့အတိုင်း ကယ်တင်ရှင်စစ်အစိုးရရဲ့ အနှစ်နှစ်အလလ ကြိုးစားပမ်းစားရေးဆွဲထားတဲ့ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံုံအခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးစီးပြီဖြစ်၍ ရေးဆွဲပြီးစီးသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းအား ၂၀၀၈ မေလ မှာပဲ ပြည်သူ့သဘောထား ဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုမှာဖြစ်ကြောင်း၊ ၂၀၁၀ ခုနှစ်မှာလည်း ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးမည့်အကြောင်း…စသည်…စသည်….များပါပဲ။ ဒီလိုဆိုတော့လည်း… နှစ်ပေါင်း(၂၀)ကျော် ပြည်သူတွေတမ်းတခဲ့တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတစ်ခုအုပ်ချုပ်တော့မှာမို့ ပျော်စရာမကောင်းပေဘူးလား။ “တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်လပျော်ချင် မိန်းမယူ၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်” ဆိုတဲ့အတိုင်း ဘယ်လိုအပျော်မျိုးဖြစ်မလဲဆိုတာ…
ပထမဦးဆုံးအနေနဲ့ ၂၀၀၈ မေလ မှာပြုလုပ်မယ့် အခြေခံဥပဒေမူကြမ်း ထောက်ခံအတည်ပြုပွဲအကြောင်း အအုပ်ချုပ်ခံပြည်သူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်ကြစို့လား…………….။
(၁) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်း
ဘယ်သူတွေက ရေးဆွဲခိုင်းပြီး ဘယ်သူတွေကရေးဆွဲတာလဲ။ အကြောက်တရားနဲ့ရေးဆွဲတာလား။ လွတ်လွတ်လပ်လပ်ရေးဆွဲတာလား။ ဘယ်လိုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံမူကြမ်းလဲ။ လူသားတိုင်းတန်းတူအခွင့်အရေးရှိသည်ဆိုတဲ့ အခြေခံဥပဒေမူကြမ်းမျိုးလား။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ အလွန်ပဲအရေးကြီးလှပါတယ်။ နှစ်ပေါင်းကြာရှည်စွာ အားလုံးကလိုက်နာကြရမယ့် တိုင်းပြည်တပြည်ရဲ့ စည်းကမ်းလည်းဖြစ်ပါတယ်။ အဲဒီတော့……ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းအနှစ်ချုပ်ကို ပြည်သူပြည်သား ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုများ သဘောပေါက်နားလည်အောင် အစိုးရထုတ် သတင်းစာတော်ကြီးတွေကနေတစ်ဆင့် အခန်းဆက်တင်ပြပေးရင်မကောင်းပေဘူးလား။ သူများနိုင်ငံတွေကို ရန်လိုပုတ်ခတ်နေတဲ့စာတွေထက်စာရင် အများပြည်သူက လိုလိုချင်ချင် ဖတ်ရှုချင်ကြမှာ အမှန်ပါပဲ။ ပုဂ္ဂလိကဂျာနယ်တွေမှာလည်း မထည့်မနေရ ၀ါဒဖြန့်ဆောင်းပါးတွေအစား အခြေခံဥပဒေမူကြမ်းကိုပြည်သူအများနားလည်အောင် ရေးခိုင်းထည့်ခိုင်းတာ မကောင်းပေဘူးလား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ အော်နေရုံနဲ့ မရနိုင်ပါဘူး။ ဘာပဲလုပ်လုပ်ပြည်သူကို အသိပေးတဲ့နည်းနဲ့ပဲရနိုင်ပါတယ်။ စေတနာမှန်ရင်တော့ ရောင်ပြန်ဟပ်မှာအမှန်ပါပဲ။
ဘယ်လိုထောက်ခံကြမှာလဲ၊ ဘယ်သူတွေကထောက်ခံကြမှာလဲ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းကို တစ်ကြောင်းမှမဖတ်ဖူးတဲ့သူတွေက ထောက်ခံမှာလား။ အားလုံးကိုဖတ်ဖူးထားတဲ့လူတွေကထောက်ခံမှာလား။ ၀ါးတားတားပဲ သိတဲ့လူတွေကထောက်ခံမှာလား။ ရေးဆွဲတဲ့လူတွေက ထောက်ခံမှာလား။ ရေးဆွဲခိုင်းတဲ့အစိုးရက ထောက်ခံမှာလား။ ဘာပဲပြောပြောကိုယ်ထောက်ခံရမယ့်ဟာကို အထီးမှန်း၊ အမမှန်းတော့ မသိသင့်ပေဘူးလား။ ဒီအချိန်မှာ စာပေလွတ်လပ်ခွင့်တို့၊ လူအခွင့်အရေးတို့ဆိုတာ တော်တော်အရေးကြီးတဲ့ အခန်းကဏ္ဍကိုရောက်လာပြီဆိုတဲ့အကြောင်း ရိပ်မိသိရှိလောက်ပြီပေါ့။ ဟုတ်ပြီ……နောက်အရေးကြီးတာကဘယ်လိုပုံစံမျိုးနဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်မှာလဲ။ ထောက်ခံအတည်ပြုမှာလဲ။ မြန်မာပြည်မှာ လုပ်နေကြနည်းတွေအတိုင်းပဲလုပ်ဦးမှာလား။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ ဝိညာဉ်။ ကလေးကလားလုပ်လို့ မရဘူးဆိုတာလောက်တော့ သိထားသင့်တယ်။ များသောအားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်နေကြတဲ့ ထောက်ခံပွဲတို့၊ ရှုတ်ချပွဲတို့ဆိုတာ အာဏာရအစိုးရရဲ့ သဘောထားတွေသာဖြစ်ပါတယ်။ မသွားမနေရ၊ မလာမနေရ၊ မတက်မနေရဆိုတဲ့ အသုံးအနှုန်းတွေဟာအမိန့်ပေးစေခိုင်းတဲ့ အသုံးအနှုန်းတွေဖြစ်ကြောင်း ကလေးတောင်သိနိုင်ပါတယ်။ ကျွန်တော်တို့ဆီကထောက်ခံပွဲတွေရဲ့ ထုံးစံကတော့ဝန်ထမ်းတို့၊ ကျောင်းသားတို့ဆိုရင် မတက်မနေရဆိုတဲ့နည်းကို အသုံးပြုလေ့ရှိပြီး ကြံ့ဖွတ်တို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးတို့၊ ကြက်ခြေနီတို့၊ မီးသတ်တို့ကတော့ မသွားမနေရဖြစ်ပြီး အရပ်သားအများစုကိုတော့ မလာမနေရနည်းနဲ့ အာဏာသုံးလူစုလေ့ရှိကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြီးခဲ့တဲ့ထောက်ခံပွဲတွေတုန်းက အသုံးပြုခဲ့တဲ့နည်းကိုပြောပြရရင် ရပ်ကွက်ရုံးတစ်ရုံးက ရုံးစေတစ်ယောက်လာမယ်။ ဘာမပြောညာမပြော ချီတက်ပွဲရှိတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းမယ်။ ပြည်သူအများစုကတော့ အေးအေးချမ်းချမ်းနေချင်ကြတဲ့သူတွေ။ ပြသနာ မဖြစ်ချင်တဲ့လူတွေ။ သူတို့အကြောင်းကိုလည်း နောကြေနေတဲ့လူတွေဆိုတော့ ရှေးတုန်းကချစ်တီးတွေဆီ လက်မှတ်ထိုးသလို ထိုးလိုက်ကြတာပါပဲ။ နည်းနည်းလူရည်လည်တဲ့၊ မကြောက်တတ်တဲ့လူတစ်ချို့ကသာ ဘာအတွက်လဲ…….. မထိုးရင်မရဘူးလား…….. မလိုက်ရင်မရဘူးလားဆိုပြီး ပြန်လှန်မေးခွန်းတွေ အရဲစွန့်ထုတ်တတ်ကြပါတယ်။ အဲဒီအခါမှာလည်း ရုံးစေတွေက အိမ်ထောင်စုဇယားအရ တစ်အိမ်တစ်ယောက် စာရင်းပေးသွင်းရမှာဖြစ်ပြီး လူမလိုက်လိုလျှင် ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ ဒဏ်ငွေဟာ လစ်ဟာသွားတဲ့နေရာတွေအတွက် လူစားထိုးအငှားချဖို့ဖြစ်ပါတယ်။ အလုပ်လက်မဲ့လူတစ်ယောက်အဖို့ မနက်စောစောထလမ်းလျှောက်၊ အားကစားကွင်းထဲ(၁)နာရီလောက်ရပ်နေရုံနဲ့ ၂၀၀၀ ကျပ် လောက်ရမယ့်အဖြစ်။ ဆန်ကို တစ်ပြည်ချင်းဝယ်စားနေရတဲ့ ပြည်သူတွေအဖို့တော့ ဒဏ်ငွေဟာ သူတို့မနက်ဖြန်အတွက် ဆန်နဲ့ဆီဖြစ်နေတဲ့အတွက် လူကိုပဲရင်းလိုက်ရတော့တယ်။ မနက်စောစောထ ရပ်ကွက်ရုံးသွား၊ စာရင်းပေး၊ ချီတက်၊ လမ်းတစ်ဝက်ကလှည့်ပြန်၊ ဒီလိုပါပဲ အများလုပ်သလိုလုပ်ကြရတာပေါ့။ ဝန်ထမ်းတွေလည်း အဲဒီအတိုင်းပါပဲ။ ဝန်ထမ်းဆိုတော့ပိုဆိုးတာပေါ့။ သူတို့အလုပ်ကလေး ပြုတ်သွားမှာထက်စာရင် မနက်စောစော လမ်းလျှောက်ရတာ ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ပဲ သဘောပိုက်ရတော့တာပေါ့။ ဒီအဖြစ်အပျက်တွေဟာ ဘာကိုပြနေသလည်းဆိုရင် အာဏာရဲ့အောက်မှာ လူတွေရဲ့ ယုံကြည်ချက်နဲ့ အခွင့်အရေးတွေကို ကြောက်စိတ်က စတေးလိုက်ရခြင်းဆိုတဲ့ အဖြစ်အပျက်ကြီးပါပဲ ။
အခုလဲလာပြန်ပြီ…..အခြေခံဥပဒေမူကြမ်း......ပြည်သူ့ဆန္ဒခံယူပွဲတဲ့……ထောက်ခံအတည်ပြုပွဲတဲ့…………ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ကြမလဲ။ အရင်အတိုင်းပဲ ဘာမသိညာမသိထောက်ခံလိုက်ကြမလား။ အရင်အခါတွေတုန်းက အရေးမပါတဲ့ထောက်ခံပွဲတွေ ရှုတ်ချပွဲတွေဆိုတော့ သိပ်အရေးမကြီးလှဘူး။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖို့ တော့လိုနေပြီ။ ကိုယ်ထောက်ခံရမယ့်အရာကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ထောက်ခံဖို့၊ ငြင်းဆိုဖို့ အခွင့်အရေးတွေ မွေးဖို့လိုလာပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ အကာအရံကြီးအောက်မှာ ကျွန်တော်တို့တစ်သက်လုံး နေကြရမယ်ဆိုတော့ အဲဒီ အကာအရံကြီးရဲ့ ချွတ်ယွင်းချက်၊ အကျိုးအပဲ့၊ အပေါက်အပြဲတွေကို ပြည်သူပြည်သားအားလုံးကဆန်းစစ်ပြီး လက်ခံကြဖို့ အလွန်ပဲအရေးကြီးလှတဲ့ အချိန်တစ်ချိန်ကို ရောက်လာပါပြီ။ ကောင်းနေရင်လည်း ကျွန်ုပ်တို့အတွက်ပဲ။ ဆိုးနေရင်လဲကျွန်ုပ်တို့အတွက်ပဲ။ ဖာထေးစရာရှိတာတွေကို အခုကတည်းက ဖာထေးရလိမ့်မယ်။ လုပ်သမျှ ခေါင်းငုံ့ခံနေရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီအကာအရံကြီးဟာ ကျွန်တော်တို့အပေါ်၊ ခင်ဗျားတို့အပေါ်၊ နောင်လာနောက်သားတွေအပေါ် ပြိုကျဖိစီးလာခဲ့ရင် အားလုံးဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ တာဝန်ကြီးသာဖြစ်ပါတယ် ။
နောင်လာနောက်သားတွေအတွက် အခုကတည်းကသတ္တိရှိရှိ၊ ရဲရဲဝင့်ဝင့်နဲ့ ငြင်းပယ်လိုက်ပါ။ လက်ခံပါ။ တွေဝေနေရမယ့်အချိန်၊ ကြောက်ရွံ့နေရမယ့် အချိန်မဟုတ်တော့ဘူး။ တိုင်းပြည်ချစ်စိတ်ရှိသူတိုင်း ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်မူကြမ်းအတွက် လူတစ်ယောက်ရဲ့ အခွင့်အရေးကို အထိပါးမခံကြပါနဲ့။ လွတ်လွတ်လပ်လပ် ဆန်းစစ် ထောက်ခံကြပါ။ လွတ်လွတ်လပ်လပ် ဆန်းစစ်ဝေဖန်ကြပါ။ တိုင်းပြည်ကောင်းစားဖို့ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ ကြောက်နေစရာမလိုပါဘူး။ သာယာမနေကြပါနဲ့။ ဒီမိုကရေစီဆိုတာ ပြည်သူတွေ လက်ထဲမှာပဲရှိတယ်ဆိုတာသိကြပါ။
မျိုးဆက်တစ်ဆက်မသိရှိခဲ့တဲ့အကြောင်းတွေကတော့ ၁၉၉၀ ပြည့်နှစ် ပြည်သူ့ရွေးကောက်ပွဲမှာ NLD ပါတီနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခွပ်ဒေါင်းအလံဟာအပြတ်အသက်အနိုင်ရခဲ့ခြင်း၊ တပ်မတော်က အာဏာကိုအပ်နှင်းခြင်းမရှိဘဲ လက်နက်အားကိုးသိမ်းပိုက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲခြင်း၊ အမျိုးသားညီလာခံကျင်းပခြင်း၊ သာပေါင်းညာစားတစ်စုနဲ့ အမျိုးသားညီလာခံမှ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီနုတ်ထွက်အောင် ကြံဆောင်ခြင်း၊ ၁၉၉၀ ပြည့် ပြည်သူရွေးကောက်ပွဲ အာဏာတောင်းခံခြင်း၊ ဗိုလ်ချုပ်စိုးဝင်း ခေါင်းဆောင်၍ ဒီပဲယင်းအရေးအခင်းဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသက်ဖြတ်ခြင်း၊ NLD ပါတီဝင်များအားဖမ်းဆီးခြင်း၊ ကျောင်းသားခေါင်းဆောင်များအားဖမ်းဆီးခြင်း စသည်ဖြင့် ပြည်သူကတင်လျှောက်ခဲ့တဲ့ပါတီနဲ့ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်ထိ ထိန်းသိမ်းထားခဲ့တဲ့ ဆိုးညစ်ညစ် အာဏာရူး စစ်အစိုးရရဲ့ သမိုင်းပဲဖြစ်ပါတယ် ။
စစ်အစိုးရဟာ တိုင်းပြည်နှင့်နဲ့လူမျိုးကို တကယ်ချစ်ရင် ၁၉၉၀ ပြည့်နှစ်က အနိုင်ရခဲ့တဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာအပ်သင့်ပါတယ်။ ပြည်သူ့သဘောထားကို လေးစားသင့်ပါတယ်။ ဒီလိုလူမျိုးတွေကပဲ ၂၀၁၀ မှာရွေးကောက်ပွဲလုပ်ပေးဦးမယ်ဆိုတာတော့ စဉ်းစားစရာတွေဖြစ်မနေဘူးလား။ သူတို့ဟာ သူတို့နဲ့ အဆင်မပြေတဲ့ ပါတီတက်လာရင် အာဏာသိမ်းဖို့ အသင့်ပြင်ထားကြသလား။ ဒါမှမဟုတ် သူတို့ရဲ့ ကြိုးဆွဲပါတီကို အာဏာရအောင်လုပ်ပေးကြမှာလား။ တရားမျှတပြီးစစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာဖို့ကော မျှော်လင့်နိုင်ပါသလား။ ၁၉၉၀ တုန်းက အချိုးမျိုး ပြန်မချိုးဘူးလို့ ပြောနိုင်လား။ စစ်မှန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ဆိုရင်တော့ မြန်မာပြည်အတွက် ဒိုင်လူကြီးတစ်ယောက် လောက်လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂလိုဟာမျိုးပေါ့။
စစ်အစိုးရရဲ့ စေတနာတကယ်မှန်တယ်ဆိုခဲ့ရင် ပထမဦးဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သတ္တိရှိရှိနဲ့ NLD ပါတီကိုလည်း ၀င်ပြိုင်ခိုင်းပါ။ (၂)နှစ်လောက်တော့ လွတ်လွတ်လပ်လပ် ပြည်သူကိုစည်းရုံးခွင့်ပေးပါ။ အနှစ် (၂၀)စည်းရုံးထားတဲ့လူတွေနဲ့ ယှဉ်ပြိုင်ဖို့ (၂)နှစ်သာစည်းရုံးခွင့်ပေးလိုက်ပါ။ သူမ မရခဲ့တဲ့သရဖူကိုကာကွယ်ဖို့ အခွင့်အရေးပေးလိုက်ပါ။ ပြည်သူတွေကိုခြိမ်းခြောက် အကြပ်မကိုင်ဘဲ သူတို့ရဲ့ ဆန္ဒသဘောထားအတိုင်း သူတို့ရဲ့ ခေါင်းဆောင်ကိုတင်မြှောက်ခွင့်ပေးလိုက်ပါ။ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါ။ ဒါမှလည်း ၂၀၁၀ မှာ ကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ပွဲဖြစ်လာနိုင်မယ်။ အနှစ် ၂၀ လုံးလုံးစည်းရုံးထားတဲ့ ကြံ့ခိုင်ရေးဆိုတဲ့ သာပေါင်းညာစားအုပ်စုကို ဝင်ပြိုင်ခိုင်းရင်လည်း ခိုင်းပါ။ တရားမျှတတဲ့ရွေးကောက်ပွဲသာ ဖြစ်ပါစေ။ မြန်မာပြည်ရဲ့ လူဦးရေသန်းပေါင်း (၆၀) ကျော်ဟာ အဆင်သင့်ပါပဲ နအဖ ရေ။ ဒါပေမဲ့ အဝါကတ်၊ အနီကတ် ပြမယ့် ဒိုင်လူကြီးမပါရင်တော့မဖြစ်နိုင်ပါဘူး။ ၁၉၉၀တုန်းကလို မဖြစ်ဘူးလို့မပြောနိုင်ဘူး။ အားအားရှိအာဏာတက်သိမ်းချင်တဲ့စစ်တပ်ကို ဘယ်ပြည်သူတစ်ယောက်ကမှ ယုံကြည်မှု မရှိတော့ဘူး ဆိုတာတော့ အသေအချာပဲ ။
ဒီတော့……လူကြားကောင်းအောင် ကယ်တင်ရှင်ကြီးလိုလို အာဏာမမက်တဲ့စစ်တပ်လို မျိုဟစ်ပြီး ကိုယ်ကြိုက်တဲ့ပါတီအနိုင်ရအောင်လုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာကြီးကို ဘယ်ပြည်သူကမျှော်လင့်နေမှာလဲ။ အာဏာရှင်စစ်အစိုးရ အုပ်ချုပ်တဲ့တိုင်းပြည်မှာ လွက်လပ်စွာမဲပေးခွင့်ဆိုတာကော ရှိနိုင်ပါ့မလား ။
တပ်မတော်အနေနဲ့ တိုင်းပြည်ကိုတကယ်ချစ်တယ်၊ ပြည်သူ့သဘောထားကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ပါတီကိုပဲ ၂၀၁၀ ခုနှစ်မှာ သိက္ခာရှိရှိ အာဏာ လွှဲပြောင်းပေးသင့်ပါတယ်။ အဲဒီနည်းနဲ့ပဲ ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့တဲ့ မျိုးချစ်တပ်မတော်ရဲ့ အဖတ်ကိုပြန်ဆယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ထက်ဥာဏ်ရှိတဲ့သူ ကိုယ့်ထက်နိုင်ငံရေးပါးဝတဲ့လူ၊ ပြည်သူကလည်း တကယ်အလိုရှိနေတဲ့သူကို အာဏာအပ်နှင်းသင့်ပါတယ်။
ထောက်ခံပွဲလို့ ဗန်းပြပြီး စစ်အာဏာရှင်ယန္တရားကြီးအဓွန့်ရှည်အောင် လုပ်လာခဲ့ကြတာ အချိန်တွေလည်း ကုန်ခဲ့ပြီ။ တိုင်းပြည်လည်းနာခဲ့ပြီ။ လက်ရှိ မြန်မာပြည်သူပြည်သား အပေါင်းရဲ့ ပြည်သူ့ သဘောထားစစ်စစ်ကတော့ အနှစ် ၂၀ လုံးလုံး ရဟန်းရှင်လူပြည်သူအပေါင်းအပေါ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် ဖက်ဆစ်အစိုးရ-နအဖ ကျဆုံးပြီး ပြည်သူကရွေးချယ်တင်မြှောက်တဲ့ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ရေးသာဖြစ်ပေတယ်။
နှင်းတွေထူထပ်စွာကျနေရင် ပဲပင်လေးအညှောင့်မပေါက်နိုင်ဘူးဆိုတဲ့ “ဗားတော့ဗရက်” ရဲ့ ကဗျာလို နောင်လာမယ့်မျိုးဆက်တွေအတွက် လွတ်လပ်စွာရှင်သန်ခွင့်ပေးလိုက်ပါ။ တံခါးတွေကိုဖွင့်လိုက်ပါ။ မိုးကောင်းကင်မှာရှိတဲ့ကြယ်တွေကို ပြည်သူတွေကပဲ အမည်ပေးကြပါစေ ။
တိုင်းပြည်ရဲ့ အာဏာကိုပြည်သူကသိမ်းပိုက်ပါစေ ။
ပြည်သူ့ သဘောထားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခွင့်ရတဲ့ နိုင်ငံတော်ကြီးဆီသို့ မျှော်လင့်ရင်း…..
ပင့်ကူ
(ပင့်ကူ က ဒီစာမူကို ကျွန်တော့် ပေးထားတာ ကြာပါပြီ။ ကျွန်တော်လည်း မအားတာနဲ့ တင်တာနောက်ကျသွားရတယ်။ -ညိုကြီး)
No comments:
Post a Comment