13 March 2008

MEDIA WEAPON for FREE BURMA

အင်တာနက် အတိုက်အခံများ စွန့်လွှတ် စွန့်မှုကို နိုင်ငံတကာ အသိအမှတ်ပြု


Thursday, 13 March 2008 13:14 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာစစ်အစိုးရက အင်တာနက်ကို တင်းကျပ်စွာ ဆင်ဆာ လုပ်ထားသော်လည်း ရန်ကုန်နှင့် နေရာအနှံ့ရှိ အတိုက်အခံများက အင်တာနက်မှ တဆင့် သတင်းများကို ပြင်ပကမ္ဘာသို့ စွန့်စားစွာ ဆက်လက် တင်ပို့နေကြသည်။

စစ်အစိုးရက အင်တာနက်ပေါ်တွင် လှုပ်ရှားသမျှကို တချိန်လုံး စောင့်ကြည့်နေသည့်အတွက် ဘလော့တခု တည်ဆောက် ရေးသားရသည်မှာ သူတို့ ဘလော့ဂါများနှင့် စစ်အစိုးရတို့ကြား ကြောင်နှင့် ကြွက် ကစားနေရသကဲ့သို့ပင် ရှိသည်ဟု မြန်မာအရေး တက်ကြွလှုပ်ရှားသူတဦးက ပြောဆိုလိုက်သည်။

“အင်တာနက်ပေါ်မှာ ရှိနေတဲ့ တချိန်လုံး လုံခြုံစိတ်ချနေရတဲ့ အချိန်ရယ်လို့ မရှိဘူး။ ကျနော်တို့ လုပ်နေရတာ တကယ့်ကို စွန့်စွန့်စားစား လုပ်နေရတာ” ဟု မဇ္ဈိမကို ပြည်တွင်းမှ ဘလော့ဂါတဦးက ပြောသည်။

မြန်မာ ဆိုက်ဘာ အတိုက်အခံများသည် အင်တာနက်မြန်နှုံးများ အလွန်နှေးကွေးနေရသည့် အထဲတွင် ပရောက်စီ ဆာဗာများ အသုံးပြုကာ အစိုးရ၏ အင်တာနက် အတားအဆီး အကာအရံများကို ကျော်လွှား၍ သတင်းများ ပေးပို့နေရသည်။ ဤအတားအဆီး အကာအရံများဖြင့် စစ်အစိုးရက မြန်မာအတိုက်အခံ ဝဘ်ဆိုဒ်များ၊ နိုင်ငံရေးနှင့် နိုင်ငံတကာ ဝဘ်ဆိုဒ်များသို့ ဝင်ရောက် မကြည့်ရှုနိုင်ရန် စီစဉ် ဆောင်ရွက်ထားသည်။

“အင်တာနက် အမြန်နှုံးတွေက သိပ်နှေးတော့ အိမ်မှာ လုပ်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ဒါနဲ့ ကျနော်တို့မှာ အင်တာနက်ကဖေး သုံးရတယ်၊ အဲဒါက မလုံခြုံဘူး။ ဘယ်နေ့ ခေါ် အမေးခံရမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး” ဟု လုံခြုံရေး အခြေအနေကြောင့် အမည်မဖေါ်လိုသူ အဆိုပါ ဘလော့ဂါက ပြောသည်။

“နိုင်ငံခြားက တယောက်ယောက်နဲ့ ဂျီတော့ပေါ်မှာ ပြောနေတုန်း ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူတွေက ကျနော်တို့ကို စောင့်ကြည့် အကဲခတ်နေတယ်ဆိုတာမှ ကျနော်တို့ မသိနိုင်ဘဲ” ဟု အဆိုပါ အတိုက်အခံကပင် ဆက်ပြောသည်။

မြန်မာပြည်၏ မြို့တော်ဟောင်း ရန်ကုန်မြို့တွင် ရဲများက နာမည်ကြီး ဘလော့ဂါတဦးကို ပြီးခဲ့သော ဇန်နဝါရီလကုန်ပိုင်းက ဖမ်းဆီးလိုက်သည်။ ထိုသူမှာ နေဘုန်းလတ် ဆိုသူဖြစ်ပြီး သူ့ဘလော့တွင် လူငယ်တို့၏ ခံစားချက်များ၊ မျှော်မှန်းချက်များကို ရေးသားဖော်ပြခဲ့သူ ဖြစ်သည်။

သူ့ကို ဗီဒီယိုနှင့် အီလက်ထရောနစ် ဥပဒေအရ စွဲချက်တင်ထားသော်လည်း အမှန်စင်စစ် အင်တာနက်မှတဆင့် ပြင်ပသို့ သတင်းများ ပေးပို့ရာတွင် ကူညီလုပ်ဆောင်ခဲ့သောကြောင့် ပစ်မှတ်ထား အရေးယူခဲ့ခြင်းမှာ သိသာသည်။ ကိုနေဘုန်းလတ်သည် အင်တာနက်ကဖေး ၃ ဆိုင် ရန်ကုန်မြို့တွင် လည်ပတ် လုပ်ကိုင်နေသူ ဖြစ်သည်။

ကမ္ဘာတဝှမ်းနှင့် မြန်မာနိုင်ငံမှ ဆိုက်ဘာအတိုက်အခံများအပေါ် သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် ပဲရစ် အခြေစိုက် မီဒီယာ စောင့်ကြည့်ရေး အဖွဲ့ကြီးတခုက အင်တာနက်ဆင်ဆာ ပြုလုပ်ခြင်းနှင့် အွန်လိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် အရေးဆို တိုက်ပွဲဝင်သည့် အနေနှင့် အွန်လိုင်း လွတ်လပ်စွာ ပြောဆိုခွင့်နေ့ကို ဗုဒ္ဓဟူးနေ့တွင် ပထမဦးဆုံးအနေနှင့် အထိမ်းအမှတ်ပြု ကျင်းပသွားမည်ဟု သိရသည်။

ယူနက်စ်စကို အဖွဲ့ကြီး၏ ကမကထ ပြုမှုဖြင့် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ (RSF) က သူတို့၏ ဝက်(ဘ်)ဆိုဒ်သို့ ဝင်ရောက်၍ ဆိုက်ဘာကန့်သတ် ပိတ်ပင်ခြင်းများကို ဆန့်ကျင်သည့်အနေနှင့် ဖော်ပြထားသော နိုင်ငံ ၉ နိုင်ငံအနက် ကြိုက်ရာတနိုင်ငံကို ရွေးချယ်ကာ သတင်းစကား ခေါင်းစီးစာသားတို့ကို ရွေးချယ်ပေးရန် အားလုံးကို တိုက်တွန်း နှိုးဆော်ထားသည်။

အဆိုပါ ၉ နိုင်ငံမှာ မြန်မာ၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီရီထရီးယား၊ မြောက်ကိုရီးယား၊ တူနီးရှား၊ တာ့ခ်မေနစ် စတန်နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်သည်။

“ဘလော့ဂါတွေကို နှိမ်နင်းဖို့၊ အင်တာနက် ဝဘ်ဆိုဒ်တွေကို ပိတ်ပစ်ဖို့ တနေ့တခြား တိုးပွားလာနေတဲ့ အလားအလာတွေကြောင့် ဒီလိုမျိုး တုံ့ပြန် ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု RSF အဖွဲ့ကြီးက ဖော်ပြထားသည်။

RSF ၏ အဆိုအရ ၎င်းတို့၏ ပြုမူဆောင်ရွက်ချက်များကြောင့် ကမ္ဘာတဝှမ်းလုံးတွင် လတ်တလော ဖမ်းဆီး အကျဉ်းချခံနေရသူ ဘလော့ဂါပေါင်း ၆ဝ ကျော်ရှိသည်ဟု ဆိုသည်။ ထို့ပြင် အစိုးရ၏ ပိတ်ပင်တားဆီးမှုကို ခံခဲ့ရသည့် ဝဘ်ဆိုဒ်၊ ဘလော့နှင့် ဖိုရမ်ပေါင်းက ၂ဝဝ၇ ခုနှစ်တွင် ၂၆ဝဝ ရှိသည်ဟု အဆိုပါ ပဲရစ်အခြေစိုက် အဖွဲ့ကြီးက ဆက်လက် ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အထွတ်အထိပ် ရောက်နေချိန်တွင် မñကံစဖူး ထူးခြားစွာ စစ်အစိုးရက အင်တာနက်အဆက်အသွယ် အားလုံးကို တနိုင်ငံလုံးတွင် လုံးဝ ဖြတ်တောက်ပစ်လိုက်သည်။

ဤသို့ အင်တာနက် အသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းသည် စစ်အစိုးရက ရည်ရွယ်ချက် ၂ ခု နှင့် လုပ်ဆောင်နေသည်ဟု RSF အဖွဲ့ကြီးက ယုံကြည်ယူဆနေသည်။ တခုမှာ ဆက်သွယ်ရေး လုပ်ငန်းကြီးတခုလုံးကို အစိုးရက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်ရန်နှင့် နောက်တခုမှာ အတိုက်အခံ တက်ကြွ လှုပ်ရှားသူများကို ခြေရာခံ ဖမ်းဆီးနိုင်ရန် ဖြစ်သည်။

“အင်တာနက် ကဖေးဆိုင်များတွင် အနီးကပ်စောင့်ကြည့်နေသည်။ ၅ မိနစ်တခါ မော်နီတာမှာ ပေါ်နေသမျှကို ကွန်ပြူတာများက အလိုလျောက် မှတ်တမ်းတင် သိမ်းဆည်းနေသည်” ဟု RSFက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် စစ်အစိုးရ၏ တက်ကြွလှုပ်ရှားသူများအပေါ် စောင့်ကြည့် အကဲခတ် လေ့လာနေမှုများကို ဖော်ပြထားသည်။

အဆိုပါ လွတ်လပ်စွာ အွန်လိုင်းပြောဆိုခွင့်နေ့ ကျင်းပခြင်းနှင့်အတူ RSF က စာအုပ်ငယ်လေးတအုပ်ကိုပါ ဖြန့်ဝေသွားမည် ဖြစ်သည်။ အဆိုပါစာအုပ်ငယ်တွင် ဆင်ဆာကိုကျော်လွှား၍ အမည်မသိ ဘလော့တခု တည်ဆောက်ရန် ကျွမ်းကျင်မှု အကူအညီနှင့် အကြံဉာဏ်များထည့်သွင်းပေးထားသည်။ ထို့ပြင် အဆိုပါ စာအုပ်ငယ်တွင် မြန်မာနိုင်ငံ ဘလော့ဂါများ၏ ကိုယ်တွေ့အတွေ့အကြုံများကိုလည်း ရေးသား ဖော်ပြထားသည်။

ယခုလို ပြောဆိုခွင့်ကို ရန်လို ပိတ်ပင်နေသည့် အစိုးရပေါင်း ၁၅ ဖွဲ့ ရှိသည်ဟု RSF ၏ စာရင်းတွင် ဖော်ပြပါရှိသည်။ အဆိုပါ အစိုးရအဖွဲ့များရှိသည့် နိုင်ငံများမှာ ဘီလာရုစ်၊ မြန်မာ၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆီးရီးယား၊ တူနီးရှား၊ တာ့ခ်မေနစ်စတန်၊ ဥစဘက်ကစ်စတန်၊ ဇင်ဘာဘွေနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည်။

ကမ္ဘာ့အချို့နေရာများတွင် ဖြစ်ပွားလျက် ရှိသော အင်တာနက် လွတ်လပ်ခွင့် ချို့တဲ့ခြင်းများကို မီးမောင်းထိုးပြရန်အတွက် RSF ၏ အွန်လိုင်းကင်ပိန်းတွင် လွန်ခဲ့သောနှစ်က လူပေါင်း ၄ သောင်းနီးပါး ပါဝင် ဆင်နွှဲခဲ့ကြသည်။ ကင်ပိန်း၏ ရလဒ်အဖြစ် အင်တာနက် ကန့်သတ်ထားသော နိုင်ငံများကို အနက်ရောင်နှင့် သင်္ကေတပြု ဖော်ပြထားသည့် ဒစ်ဂျစ်တယ်မြေပုံတခုကို ရရှိခဲ့သည်။ ထိုမြေပုံတွင် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှနိုင်ငံများအထိ ပါဝင်သည်။

No comments: